Saturday, April 9, 2011

ပန်းသတင်း (မောင်သန်းဆွေ (ထားဝယ်))

ပုခန်းကြီး စုဖုရားကြီး၏အမွေမှု
စာရေးသူ - မောင်သန်းဆွေ (ထားဝယ်)

မင်းတုန်းမင်းတရားကြီးနှင့် လောင်းရှည်မိဖုရားတို့တွင် သားတော်၊ သမီးတော် ၄ ပါးထွန်းကား ခဲ့သည်။ သမီးတော် အကြီးဆုံး(ပထမ) ချွန်းတော်မြို့စား၊ (နောက်) မိုင်းကိုင်းမြို့စား မင်းသမီး သုသီရိပဘာဝတီ မှာ အသက်(၈)နှစ် အရွယ်ကပင် ကံကုန်တော်မူသွားသည်။ ဒုတိယသမီးတော်၊ ပထမ မိုင်းကိုင်းမြို့စားမင်းသမီး သုသီရိ ရတနာဒေ၀ီ ကို မောင်တော် သီပေါမင်း လက်ထက်တွင် ပုခန်းကြီးမြို့စား ပေး၍ မိုင်းကိုင်းမြို့ကို ထီးမိုးရည် ခံပေးခဲ့သည်။ သို့ဖြစ်၍ ပုခန်းကြီးစုဖုရားကြီးဟု တွင်သည်။ (ပုခန်းကြီး ဆိုသည်မှာ ဧရာဝတီမြစ် နှင့် ချင်းတွင်မြစ်ဆုံ အထက် မြင်းခြံမှ ၁၃ မိုင်အကွာတွင် ရှိသည်။) တတိယ သားတော်မှာ ပထမ ပင်းယမြို့စား နောက် သီပေါမြို့စားမင်းသား သုသီရိ မဟာဓမ္မရာဇာ (နောင်အခါ ခမည်းတော် မင်းတရားကြီး ၏အရိုက်အရာကို ဆက်ဆံ၍ သီပေါမင်းတရားဖြစ်လာသူ) ဖြစ်သည်။

စတုတ္ထနှင့် အထွေးဆုံး သမီးတော်မှာ ပထမပြောင်းပြာမြို့စားမင်းသမီး သီရိသုရုဇာဝတီကို နောင် တော် သီပေါမင်း လက်ထက် တွင် မိတ္ထီလာမြို့ကို မြို့စားပေး၍ ပြောင်းပြာမြို့ကို ထီးမိုးရည်ခံခဲ့သည်။ သို့ဖြစ်၍ မိတ္ထီလာ စုဖုရားကလေး ဟု တွင်သည်။

ပါတော်မူစဉ်က အစ်မတော် ပုခန်းကြီးစုဖုရားကြီးသည် အသက် ၂၉ နှစ်ရှိပြီး ညီမတော် မိတ္ထီလာ စုဖုရား ကလေး မှာ အသက် ၂၆ နှစ်ရှိပြီဖြစ်သည်။ ပါတော်မူစဉ်က သီပေါမင်း၏အစ်မတော် ပုခန်းကြီး စုဖုရားကြီး နှင့် ညီမတော် မိတ္ထီလာ စုဖုရားကလေးတို့သည် မန္တလေးတွင် ကျန်တော်မူခဲ့သည်။ ဗြိတိသျှအစိုးရက အတူလိုက် မလိုက် မေးတော်မူသေးသည်။ "မလိုက်လို" ဟု ဆို၍ ထားခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်အစိုးရ ကလည်း မင်းသမီးနှစ်ပါး ကို မန္တလေး တွင် ဆက်နေခွင့်ပြုထားသည်။ အခြားမိဖုရား၊ မင်းသား၊ မင်းသမီး များကဲ့သို့ နယ်ပြောင်း မခံကြရပေ။ နိုင်ငံရေးပင်စင် ခံစားခွင့်ပြုရာတွင် အထက်မြန်မာနိုင်ငံ နေ မင်းဆွေ မင်းမျိုး ပင်စင်ရ၊ ပထမတန်းစား မင်းသမီးများ အဖြစ် သတ်မှတ်ခံရပြီး တစ်လ ရူပီငွေ ၁၅၀ ရသည်။ ၁၉၀၁ ခုနှစ်မှစ၍ ရူပီငွေ ၃၀၀ စီ ခံစားကြရသည်။ အစ်မတော် ပုခန်းကြီး စုဖုရားကြီး နှင့် ညီမတော် မိတ္ထီလာ စုဖုရားကလေး တို့မှာ ပါတော်မူစဉ်က တစ်ကိုယ်ရည်အပျိုစင် မင်းသမီးများဖြစ်ကြ သည်။

မယ်တော် လောင်းရှည်မင်းသမီးမှာလည်း ကံကုန်တော်မူသွားပြီးဖြစ်သဖြင့် နောင်တော်ဘုရင် ရွှေနန်းရှင် ကိုသာ အားကိုးအားထား ရှိသည်။ သို့ပါလျက် နောင်တော်နှင့်အတူ တစ်ပြည်တစ်ရွာသို့ လိုက်ပါမသွားခြင်း မှာ အကြောင်း ရှိသည်။ (ဤအကြောင်းကို စာရေးသူရေးသည့် ကုန်းဘောင်အလွန် ပထမစာအုပ် မှ "ပါတော်မူစဉ် ကျန်တော်မူသည့် စုဖုရားနှစ်ပါး"အခန်းတွင် ဖော်ပြထားသည်။) ယောင်းမတော်အရှင် နန်းမတော် ဘုရား (စုဖုရားလတ်) နှင့် ဆက်ဆံရေး ခပ်ကင်းကင်းဖြစ်၍ ကြောက်ရွံ့ပြီး လိုက်ပါ မသွားကြခြင်း ဖြစ်သည်။

ကျန်ခဲ့သော နှမတော်နှစ်ပါးအနက် မိတ္ထီလာစုဖုရားကလေးသည် သူမ၏အပျိုတော် ခင်လေးပု ၏မောင် သီရိသာခမဟာသာလ ဘွဲ့ရ သူကြွယ်ဦးမှုံကြီး၏ သား မောင်ကျော်လှိမ့် ဆိုသူနှင့် နီးစပ်ခါ လက်ဆက် ခဲ့သည်။ အစ်မတော် ပုခန်းကြီးစုဖုရားကြီးသည် သီပေါစော်ဘွားကြီး စောခွန်ဆိုင်နှင့် လက် ဆက်ခဲ့သဖြင့် သီပေါမဟာဒေ၀ီ ဖြစ်သွားသည်။ ရှမ်းပြည်နယ်သို့ မလိုက်ရဘဲ မန္တလေးမြို့ဆိုင်းတန်းရပ်၌ စော်ဘွား တော်ကြီး က အုတ်တိုက်တော်ကြီး တည်ဆောက်ပေး၍ အခြွေအရံများနှင့် တခမ်းတနား စံရသည်။ ပုခန်းကြီး စုဖုရားကြီး သည် သီပေါစော်ဘွားကြီး နှင့် သားသမီးရတနာ မထွန်းကားပါ။

မိတ္ထီလာ စုဖုရားကလေးကမူ မြောက်သားတော်ဦးကျော်လှိမ့်နှင့် သားတော်၊ သမီးတော်လေးပါး ထွန်းကား သည်။ (၁)သမီးတော်ကြီး၊ (၂)သမီးတော်လတ်၊ (၃)သားတော်ကြီး၊ (၄)သမီးတော်ကလေးဟု အမည်နာမ အ သီးသီး ပေးထားသည်။ မိတ္ထီလာစုဖုရားကလေး သည် ငယ်ငယ်ရွယ်ရွယ် သက်တော် ၃၆ နှစ်တွင် ၂၉ လမ်းထောင့် ကျောက်သွေးတန်း နေအိမ်တော်တွင်ပင် ကံကုန်တော်မူသည်။ ကျန်ရစ်သည့် သားတော်၊ သမီးတော် များကို မိကြီးတော် ပုခန်းကြီးစုဖုရားကြီး ကပင် ကြည့်ရှုစောင့်ရှောက်ခဲ့ပြီး ဆိုင်းတန်းရှိ အစ်မ တော် ဘုရားဝင်း အုတ်တိုက်တော် သို့ ခေါ်ယူထားခဲ့သည်။

သီပေါစော်ဘွားကြီး စောခွန်ဆိုင် ကံကုန် တော်မူသွားသောအခါ ပုခန်းကြီး စုဖုရားကြီးသည် တူ တော်၊ တူမတော် များကို အမွေစား အမွေခံ မွေးစားတော် မူခဲ့လေသည်။ သမီးတော်ကြီးဆိုသူမှာ မြို့အုပ် ဦးမောင်ကလေး နှင့် လက်ဆက်သည်။ သားသမီးမထွန်းကားပေ။ သမီးတော်လတ် မှာ ထိပ်တင်ဦးကြီး ဆိုသူ နှင့် လက်ဆက်သည်။ ဆွေတော်မျိုးတော် အချင်းချင်း လက်ဆက်ခြင်းဖြစ်၏။ (လောင်းရှည်မိဖု ရား၊ မောင်တော်ရင်း၊ ခေါင်းတုံမြို့စားမင်းသားနှင့် နံတည်မြို့စားမင်းသမီးတို့ လက်ဆက်ရာ၊ အင် တောက်သာ မြို့စား မင်းသမီး ဖွားမြင်သည်။ ထိုအင်တောက်သာ မြို့စားမင်းသမီးသည် သံတော်ဆင့် ဦး မောင်မောင်သင် နှင့် လက်ဆက် ရာမှ ထိပ်တင်ဦးကြီးကို ဖွားခြင်းဖြစ်သည်။)

ပုခန်းကြီးစုဖုရားကြီး သည် ဆိုင်းတန်းရှိ တိုက်အိမ်တော်တွင် ခရစ်နှစ် ၁၉၁၁ ခု၊ မတ်လ ၁ ရက် နေ့တွင် ကံကုန် တော်မူသည်။ သက်တော် ၅၅ နှစ်ကျော် ၅၆ နှစ်အ၀င်တွင် ဖြစ်သည်။ နယ်ချဲ့အစိုးရက မသာတော် အတွက် ရူပီငွေ ၅၀၀၀ ပို့ခွင့်ပြုရန် နယ်ချဲ့အစိုးရကို အကြောင်းကြားသည်။ ဘုံဘေဘုရင်ခံ က ထိုရူပီငွေ ၅၀၀၀ ကို သီပေါမင်း၏လစဉ်ထောက်ပံ့ငွေတော်မှ အလီလီပြန်ပေးဆပ်ရန် အမိန့်ချပြီး ခွင့်ပြုလိုက်သည်။ သီပေါမင်းက
"ကျွန်ုပ်၏ အစ်မတော်ရင်းသည် မန္တလေးတွင် မတ်လ ၁ ရက်နေ့တွင် ကံကုန်၍ မတ်လ ၁၅ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်သည်။ သူသည် ကျွန်ုပ်၏တစ်ပါးတည်းသော အစ်မတော်ရင်းဖြစ်သည်။ ကျွန်ုပ်သည် သူ့ကို မြင်နိုင်တော့မည် မဟုတ်သကဲ့သို့ သူမ မသာတော်ကိုလည်း သွားရောက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ပို၍ ၀မ်းနည်း ရပါသည်။

မြန်မာတို့၏ ဘာသာရေးထုံးတမ်းအရ သေဆုံးသူတစ်ဦးသည် ချမ်းသာသည်ဖြစ်စေ ဆင်းရဲ သည်ဖြစ်စေ၊ ၎င်း၏ မသာကို အလှူငွေကူရပါသည်။ ကန့်သတ်ရံပုံငွေမှ ထုတ်ယူလိုပါသည်။ ကျွန်ုပ်၏ လစဉ် ထောက်ပံငွေ မှ ဖြတ်တောက်ခြင်းဓလေ့သည် မကောင်းပါ။ နဂိုက မလောက်ငရသည့် အထဲတွင် ယခုကဲ့သို့ အကြိမ်ကြိမ် ဖြတ်တောက် နေလျှင် ပို၍မလောက်ငရုံသာဖြစ်မည်။ သို့ပါ၍ မသာတော်အကူ ငွေ ရူပီ ၅၀၀၀ ကို လစဉ် ထောက်ပံ့ငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ အမိန့်ချမှတ်ပေးရန်" ဘုံဘေဘုရင်ထံ စာရေးသည်။

အိန္ဒိယဘုရင်ခံချုပ်က ဤကိစ္စကိုသိသောအခါ ဘုံဘေဘုရင်၏ အမိန့် ကို ပယ်ဖျက်၍ အခွင့်တစ်ရပ် အနေဖြင့် ခွင့်ပြုလိုက်သဖြင့် သီပေါမင်းမှာ အစ်မတော် ပုခန်းကြီး စု ဖုရားကြီး၏ မသာတော်အတွက် ရူပီငွေ ၅၀၀၀ ထောက်ပံ့တော်မူခဲ့ရလေသည်။

ထိုအချိန်က အဝေးရောက်မင်းတရားကြီး၏ ကိစ္စတော်အ၀၀ကို ဆောင်ရွက်ရန် ကိုယ်စားလှယ် တော်များ အဖြစ် ချွန်းတောင်ထိပ်ခေါင်တင် (မင်းတုန်းမင်းတရားကြီး၏သမီးတော်၊ လှေသင်းအတွင်းနှင့် ၀က်မစွတ် ၀န်ထောက် တို့က ဆောင်ရွက်ရသည်။ ပုခန်းကြီး စုဖုရားကြီး ကံကုန်တော်မူ၍ စုဖုရားကြီး၏ ကျန်ရစ်သော အမွေပုံ နှင့် ပတ်သက်၍ အမွေမှု မန္တလေး၌ဖြစ်သည်။ မောင်တော်ရင်း သီပေါမင်းတရား က တစ်ဖက် ကိတ္တိမသမီး ဆိုသူ သမီးတော်ကြီးနှင့် ခင်ပွန်း ဦးမောင်ကလေးတို့က တစ်ဖက်ဖြစ်၏။ သီပေါ မင်းတရား ကိုယ်စား ချွန်းတောင်ထိပ်ခေါင်တင်၊ လှေသင်းအတွင်းဝန်နှင့် ၀က်မစွတ်ဝန်ထောက်တို့က ဆောင်ရွက် ရသည်။ သို့ရာတွင် လှေသင်းအတွင်းဝန်သည် ကွယ်လွန်သွား၏။ ထိုသို့ ကွယ်လွန်သွားကြောင်း ချွန်တောင်ထိပ်ခေါင်တင် နှင့် ၀က်မစွတ်ဝန်ထောက်တို့က အပါးတော်မြဲ အတွင်းဝန် ဦးစံရွှေမှ တစ်ဆင့် မင်းတရားကြီး ထံ အောက်ပါအတိုင်း စာရေးသားအကြောင်းကြားစာ ဆက်သလိုက်၏။

(၁၂၇၃ ခု ၊ဝါခေါင်လဆုတ် ၁၁ရက်နေ့ ညဥ့် ၂နာရီအချိန် လှေသင်းအတွင်းဝန်မင်း နေရင်းဆောင် အိမ်ပေါ်တွင် ခွေးရူးတက်ရောက်ကိုက်ခဲ့သည်နှင့် ခွေးရူးမပြန် လွတ်ပျောက်ကင်း စေတတ်သည့် ဆေးအမျိုးမျိုး ကို နေ့စဉ်ရက်ဆက် စားသောက်ကုခဲ့ရာ ကိုက်ခဲရင်း ယာဘက်လက် ဖမိုး ၊ဝဲဘက်လက်မ အနာ များ ပျောက်ကင်းသည့်နောက် သတင်းကျွတ်လဆန်း  ၇ ရက်နေ့ ခွေးရူးပြန်မြဲ လက္ခဏာ ထင်ရှား ပေါ်ပေါက်လာသည် နှင့် ကောင်းရာကောင်းကြောင်း ဆေးအမျိုးမျိုး တို့ဖြင့် ၊ကုသပါသော်လည်း ချမ်းသာခွင့် မရ။

လဆန်း ၉ ရက်နေ့ အတွင်းဝန်မင်းမှာ ထားခဲ့ရင်းအတိုင်း အလောင်းကို ထုံးစံရှိရာ အခမ်းအနား အခင်းအကျင်း များနှင့် လုပ်ဆောင်ခင်း ကျင်းပြီးလျှင် သက်စေ့ပင့်ရန် သံဃာတော်များအနက် မန္တလေး ဘက် ဆရာတော် သံဃာတော် ၂၆ ပါးနှင့် ဂေါဝိန် ဥယျာဉ်ဝင်းအတွင်း ၎င်းလဆန်း ၁၃ ရက်နေ့၊ သရဏဂုံ တင်ပြီး လျှင် အလောင်းကို သင်္ဘောနှင့် တင်ဆောင်၊ စစ်ကိုင်းမြို့ ၀ါချက်ရွာ ရောက်ယူပြီးလျှင် ၎င်းလဆန်း ၁၄ ရက် နံနက် ကျန်စစ်ကိုင်းဘက် သံဃာတော် ၄၄ ပါးတို့နှင့် သရဏဂုံတင်၍  ဂူသွင်းနှံ သဂြိုင်္လ်သည့် အကြောင်း။

သည်ကဲ့သို့ စိတ်စေတနာ သဒ္ဓါတရားအားဖြင့် ကျေှးဇူးသစ္စာတော်ကို စောင့်သိရိုသေစွာ ဥာဏ်၊ ဝီရိယ၊ လုံ့လ၊ အင်ခွင်နှင့် ပြည့်စုံသူအတွင်းဝန်မင်း ပျက်စီးဆုံးပါးရခြင်းကို အထူးအားဖြင့် နှမြောတသ ဝမ်းနည်းခြင်း ဖြင့် နှလုံးမချမ်းသာများစွာ ဖြစ်ကြရသော်လည်း အရှင်နှစ်ပါး အလို တော်မြတ်ရှိရာ ထမ်းဆောင်ခွင့် ရှိသမျှကို ကျွန်ုပ်တို့ ဆက်လက်ထမ်းဆောင်ကြမည်ပင်ဖြစ်၍ ရွှေနားတော်မြတ်ကြား တင်လျှောက်မည့် အကြောင်း ရေးသားလိုက် ရပါသည်။

အတွင်းဝန်မင်း ရှိစဉ်က အစ်မတော် ပုခန်းကြီးမြို့စား စုဖုရာကြီး၏ သင်္ဂြိုလ်စရိတ်၊ ကြွေးမြီး ရှင်းလင်း ဆပ်ပေးရန် များအတွက် ကိုယ်စားလှယ်တော် စာသနားတော်မြတ်ခံရသည့်အတိုင်း မန္တလေး ဒိစတြိတ် တရားသူကြီး ထံ ရှေ့နေငှားရမ်းစာ တင်သွင်းပြောဆိုရှိသည့်အတိုင်း သမီးတော်ကြီး ငှားရမ်း သူရှေ့နေ ဦးမောင်ကလေး ဆိုသူက ငှားရမ်းသည့် ရှေ့နေများနှင့် ပထမတရားသူကြီးထံ သွင်းကြရာ တရားသူကြီးက စစ်ဆေးမေးမြန်းသင့်ရာ မေးမြန်းပြီးလျှင် မည်သူကိတ္တိမမြောက်သင့်သည်ကို ထုံးစံ နည်းလမ်းအတိုင်း စစ်ဆေးရန် အနည်းဆုံး သုံးနှစ်ခန့်ကြန့်ကြာမှ အမှုပြီးပြတ်ရန်ရှိသည်တစ်ကြောင်း၊ အမွေပစ္စည်းများလည်း တစ်စစ ပျောက်ပျက်ယွင်းပါးရန် ရှိသည်တစ်ကြောင်း၊ သမီးတော်ကြီးကို အမွေ ထိန်းစေရလျှင် လျင်မြန်စွာ ပြီးပြတ်နိုင်ရန် ရှိသည်ဖြစ်၍ အမွေထိန်းစေလျှင်သင့်မည်-

မသင့်မည် ညှိနှိုင်း မေးမြန်းရာ အတွင်းဝန်မင်းလည်း ခွေးကိုက်သည်ဖြစ်၍ လိုက်မပါနိုင်သည်နှင့် အတွင်းဝန်မင်း ကို ညှိနှိုင်း တိုင်ပင်ပြီးမှ ပြန်ပြောပါမည်။ ပြောဆိုရရင်း ရှိသည့်အတိုင်း ၎င်းအမှုကို သီတင်းကျွတ် လဆုတ် ၁၃ ရက် နေ့ ထပ်မံသွင်းရန် တရားသူကြီးက နေ့ရက်ချိန်းချိတ် သည် ဖြစ်သောကြောင့် ၎င်းအမှုအကြောင်းအရာ အမှုတွဲများနှင့်တကွ အတွင်းဝန်မင်း မောင်စံရွှေက အမိန့်တော်မြတ် ခံသာအောင် အတွင်းဝန်မင်းရှိစဉ် ရတနာဂီရိမြို့သို့ ပို့သလိုက်ရာ မည်သို့ အလိုတော်မြတ် ရှိသည်ကို ပြန်စာမရောက်သေးသည်ဖြစ်၍ နှလုံးတော်မြတ်ချမ်းသာရာကို အရင်းပြုပြီး အမိန့်တော်မြတ် ခံကာ အလျင်အမြန် စာပို့ရောက်စေလို ကြောင်း။

ရေးသားဆက်သလိုက်လေသည်။ နောက်စာတစ်စောင်တွင်မူ- "အစ်မတော် ပုခန်းမြို့စား စုဖုရားကြီး အမွေထိန်းမှုအကြောင်းအရာများနှင့် လွန်ခဲ့သည့် အောက်တိုဘာလ ၇ ရက်၊ မြန်မာသတင်းကျွတ်လဆန်း ၅ ရက်နေ့ ချွန်းတောင်ထိပ်ခေါင်တင်ဘုရား နှင့် ကျွန်ုပ်တို့နှစ်ဦး တွဲဖက်၍ ဦးစံရွှေထံ စာပို့သ လိုက်သည့် နောက် အောက်တိုဘာလ ၂၀၊ သတင်းကျွတ်လဆုတ် ၁၃ ရက်နေ့ တရားသူကြီးထံ ထပ်မံအမှုသည် ရှေ့နေတို့ အစုံအညီသွင်းကြ ရာ မေးမြန်းပြီးလျှင် သမီးတော်ကြီးနှင့် ကိတ္တိမတစ်ဦးဆိုသူ မောင်ကလေး တို့မှာ ကိတ္တိမကြောင်း တစ်ခန်းပြောဆိုကြရမည်။

အမွေထိန်းပေးရန်မှာ သီပေါဘုရင်မင်းမြတ်က ကိုယ်စားလှယ်တော် လွှဲထားသူ ချွန်းတောင် ထိပ်ခေါင်တင် နှင့် ၀တ်မစွတ်ဝန်ထောက် ကိုသာ အမွေထိန်းစေသင့်သည်ဖြစ်၍ နိုဝင်ဘာလ ၁၀ ရက်၊ တန်ဆောင်မုန်း လပြည့်ကျော် ၅ ရက်နေ့ ချိန်းချိတ်ပြီးလျှင် အမွေထိန်းပေးသည့်သူတို့ကို မပေးထိုက် အောင် ငြင်းချက် ထုတ် ခွင့် ရရှိလျှင် ထုတ်ကြရမည်။ တရားသူကြီးက အမိန့်ချမှတ်ချိန်းချိတ်ရှိသည့်အရ အမွေထိန်းမှုအတွက် အလိုတော်မြတ် အတိုင်း နေ့ရက်မရှည် ပြီးပြတ်နိုင်ပါမှအကြောင်းအခွင့် ညီညျွတ်တော့မည်ဟု မှတ်ယူရန် ရှိသည်ဖြစ်၍ ရွှေနားတော်မြတ်ကြားသိတော်မူသာအောင် လျှောက်ထားမိန့်တော်မြတ်ခံပြီးလျှင် အကြောင်း အရာ ရှိသည်များကို စာပို့သစေလိုကြောင်း"
ဝက်မစွတ်ဝန်ထောက်မင်းက အပါးတော်မြဲအတွင်းဝန် ဦးစံရွှေထံ ထပ်မံစာရေးသား၍ မင်းတရားကြီး ကို ဆက်သ စေပြန်သည်။

ချွန်းတောင်ထိပ်ခေါင်တင်နှင့် ၀က်မစွတ်ဝန်ထောက်မင်းတို့က အပါးတော်မြဲအတွင်းဝန် ဦးစံရွှေ ထံ ထပ်မံ စာရေးသား ၍ မင်းတရားကြီးကို ဆက်သစေပြန်သည်။
ချွန်းတောင်ထိပ်ခေါင်တင်နှင့် ၀က်မစွတ်ဝန်ထောက်မင်းတို့က အပါးတော်မြဲအတွင်းဝန် ဦးစံရွှေ ထံ ပေးစာ၊ နောက်ထပ်တစ်စောင်ကို တွေ့ရ၍ အမှုအကြောင်းကို သိရပြန်ပါသည်။ စာမှာ အောက်ပါအတိုင်း ရေးသား ထား၏။

'' အစ်မတော် ပုခန်းကြီးမြို့စား စုဖုရားကြီး ၊ အမွေထိန်းမှုအကြောင်း အရာနှင့်စပ်၍ သက္ကရာဇ် ''(၁၂၇၃) ခု ၊ တန်ဆောင်မုန်းလဆုတ် (၆)ရက်နေ့စွဲပါစာကို အမိန့်တော်မြတ်ခံသာအောင် အပါးတော် အမြဲအတွင်းဝန် မောင်စံရွှေထံသို့ ပို့လိုက်သည့်နောက် တရားသွင်းရန် ချိန်းချက်သည့်နေ့ရက်သို့ ဆိုက်ရောက်၍ သက္ကရာဇ် (၁၂၇၃) ခု ပြာသိုလဆုတ် ၉ရက်နေ့ တရားသူကြီးထံ တရားသွင်းရာ အထက်တန်ဆောင်မုန်းလ ပေးပို့ရာစာ တွင် ပါသည့်အတိုင်း ကိုယ်စားလှယ်တော်တို့ကို အမွေထိန်းမပေးထိုက်အောင် ငြင်းချက်ထုတ်နိုင်လျှင် ထုတ်ရမည်၊ တရားသူကြီးက ပေးရင်း အမိန့်အရ တူမတော်ကြီး ရှေ့နေ ချယ်မယ်ဂျီ က ဘုန်းတော်ကြီးလှသော ဘုရားနှင့်စပ်၍  အစိုးရမင်းတို့က ပညတ်ပိုင်းခြား ပြဌာန်းထားသည့် သီးခြား ဆာကြူလာ ဥပဒေဆို၍ တရားသူကြီးထံ စာအုပ်နှင့်တကွ တင်သွင်းသောကြောင့် -

တရားသူကြီးက ပညတ်ပိုင်းခြားချက် ဥပဒေများကို ကြည့်ရှုပြီးလျှင် ဥပဒေတွင် ပါရှိသည်မှာ သီပေါ ဘုရင်မင်းမြတ် ကို အခြားသူတို့က မည်သည့်အကြောင်းအရာနှင့် မဆိုပစ္စည်းဥစ္စာ မှုနှင့် စပ်၍ တောင်းခံစွဲဆိုခြင်း မပြုနိုင်ကြောင်းနှင့် ဥပဒေတွင် ထင်ရှားပါရှိသည်ဖြစ်၍ အစ်မတော်ပုခန်း ကြီးမြို့စား စုဖုရားကြီး၏ သင်္ဂြိုလ်ရန်အတွက် ကုန်ကျစရိတ်ငွေကြေးမြီဆပ်ပေးရန် ငွေများအတွက် ကိုယ်စားလှယ်တော် တို့ကို အမွေထိန်းခန့်ထားသည်ဖြစ်က သီပေါဘုရင်အလိုတော်ရှိရာ ကိုယ်စား လှယ်တော်တို့က ရွက်ဆောင်ရမည်ဖြစ်သောကြောင့် တရားဝင်အမွေစားတို့က ပစ္စည်းဥစ္စာမှုနှင့် တောင်းခံခွင့်မရှိကြောင်း ပိုင်းခြားရင်း ဆာကြူလာ ဥပဒေ အရ တောင်းခံနိုင်ခွင့် မရှိဖြစ်သောကြောင့် ကိတ္တိမဖြစ်လိုသူ သမီးတော်ကြီး ကို ပစ္စည်းအဘိုးတန် ခံဝန်သူကောင်းဟူ၍ အမွေထိန်းခန့်ထားမှ၊ ဆပ်ပေးရန် ကြွေးမြီ၊ သဂြိင်္ုလ်စရိတ်များ အတွက် ပြီးပြတ်နိုင်ရန်ရှိမည်ဖြစ်သည့်အတိုင်း -

သမီးတော်ကြီးကို အမွေထိန်းခန့်ထားရန် တရားသူကြီးက ဆုံးဖြတ်သေချာရှိကြောင်း၊ သို့ဖြစ်၍ သမီးတော်ကြီးလက်သို့ အမွေထိန်းစာ ဆိုက်ရောက်ခန့်ထားပြီးကာလ ဆပ်ပေးရန်၊ ကြွေးမြီးများနှင့် သဂြုင်္ိလ်ရာ ကုန်စရိတ်များကို လွှဲအပ်ရင်း ကိုယ်စားလှယ်တော်နှစ်ဦးတို့နှင့် လှေသင်း အတွင်းဝန်ကတော် တို့က တရားလိုပြုလုပ်၍ ထပ်မံတရားစွဲဆို ခွင့်ရှိကြောင်း။ သို့ဖြစ်၍ ဆပ်ပေးရန် ကစီပက် အကြွေးတော် များနှင့် သဂြိုလ်ကုန်စရိတ်ငွေများကို သမီးတော်ကြီးက တစ်စုံတစ်ရာပယ်ဖျက် ငြင်းဆန်သည်ဖြစ်စေ ၊ဆပ်ပေးနိုင်ရန် အချိန်ကာလ ကြန့်ကြာအောင် စဉ်းလဲကောက်ကျစ် ပြုလုပ်သည်ဖြစ်စေ ၊ကျွန်ုပ်နှင့် ချွန်းတောင် ထိပ်ခေါင်တင်ဘုရားတို့က အထူးအားထုတ်၍ ပြောဆိုမည့် အကြောင်းအရာ၊ ကိတ္ထိမ လုပ်သူ သမီးတော်ကြီး ကလည်း အမွေထားခန့်ထားပြီးနောက် ကိတ္ထိမ၏ ခိုင်ခန့်ရာခိုင်ခန့်ကြောင်း ပြောဆိုသည့်အခါ အထက်ကာလ ဦးထိပ်တက်ဆင်ရွက်ရသည့် အမိန့်တော်မြတ်ရင်းအတိုင် ကိတ္တိမ မြောက်ရန် အကြောင်းအင်္ဂါနှင့် ညီညွှတ်ပြည့်စုံခြင်းမှ ကင်းလွတ်မည့်အကြောင်းအရာများကို သိတော်မူ သာအောင် အမိန့်တော်မြတ်ခံပြီးလျှင် ဦးထိပ်တက်ဆင် ရွက်ရသမျှ အမိန့်တော်များကို ပြန်စာပေးပို့ လိုက်စေ လိုကြောင်း။

သက္ကရာဇ် ၁၂၇၃ ခု၊ ပြာသိုလဆန်း (၁၀) ရက်နေ့ ၁၃-၁-၁၉၁၂ ခု "၀က်မစွတ်ဝန်ထောက်တော်မင်း၊ မင်းထင်မဟာစည်သူဘွဲ့ခံ ဦးလတ်၏ ရတနာဂီရိ ပေးစာ၊ ပြန်စာ လက်ခံ" များမှ အထက်ပါစာများကို တွေ့ရခြင်းဖြစ်သည်။ သီပေါမင်းတရားထံမှ ပြန်စာများကိုမူ မတွေ့ရပါ။ ရှိတော့ရှိပေမည်။ မဖော်ပြထား၍ မတွေ့ရခြင်းဖြစ်လေသည်။ အထက်ပါနောက်ဆုံးစာနှင့် ပတ်သက်၍လည်း သီးပေါမင်းတရားထံမှ ပြန်စာ တစ်စုံတစ်ရာ ထပ်မံမတွေ့တော့၍ ပုခန်းကြီးစုဖုရား ကြီး ကံကုန်တော်မူပြီးနောက် မင်းတရားကြီး ကိုယ်စားလှယ် တော်များ (ချွန်းတောင်ထိပ်ခေါင်တင်နှင့် ၀က်မစွတ်ဝန်ထောက်) တို့က တစ်ဖက်နှင့် မိတ္ထီလာ စုဘုရားကလေး၏ သားတော်၊ သမီးတော်များ ကိုယ်စား သမီးတော်ကြီးဆိုသူနှင့် ၎င်း၏ခင်ပွန်း ဦးမောင်ကလေး တို့ကတစ်ဖက် အမွေမှုသည် သမီး တော်ကြီး၏ ရှေ့နေတင်ပြသော-
"သီပေါဘုရင်မင်းမြတ်ကို အခြားသူတို့က မည်သည့်အကြောင်းအရာနှင့်မဆို ပစ္စည်းဥစ္စာမှုနှင့် စပ်၍ သီပေါ ဘုရင်မင်းမြတ် ပိုင် ပစ္စည်းများကို တောင်းခံစွဲဆိုခြင်း မလုပ်နိုင်ကြောင်း၊ သီပေါဘုရင်မင်းမြတ်က လည်း အခြား သူတို့ထံ ပစ္စည်းဥစ္စာမှုနှင့်စပ်၍ တောင်းခံစွဲဆိုခြင်း မပြုနိုင်ကြောင်း"

ဆိုသည့် သီးခြားဆာကြူလာ ဥပဒေအရ သမီးတော်ကြီးတို့ဘက်မှ အနိုင်ရရှိသွားပုံရသည်။ အမှန်မှာ မိတ္ထီလာ စုဖုရားကလေး ၏ သားသမီးများကို ပုခန်းကြီးစုဖုရားကြီးက အမွေစားအမွေခံ မွေး စားထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်၊ သီပေါမင်းတရားထံမှ ၎င်းကိစ္စနှင့် ပတ်သက်၍ ပြန်စာတစ်စုံတစ်ရာ ထပ်မံ မတွေ့ရတော့ခြင်း ဖြစ်သည်။
ထိုသို့ သီပေါမင်းတရားနှင့် နှမတော် မိတ္ထီလာစုဖုရားကလေး၏ သားသမီးများသည် ပုခန်းကြီး စုဖုရားကြီး၏ အမွေမှု ကြောင့် တစ်ဖက်နှင့်တစ်ဖက် တင်းမာသွားပြီး ကင်းကွာသွားကြပုံရသည်။ သို့သော်၊ သီပေါမင်း တရား နတ်ရွာစံပြီးနောက် အရှင်နန်းမတော်ဘုရား (စုဖုရားလတ်) မြန်မာပြည်သို့ ပြန်လာ၍ စံနေတော် မူသော အခါတွင် ပြန်၍ အဆက်အသွယ်ရှိသွားကြပုံရပါသည်။ အဘယ့်ကြောင့် ဆိုသော် အရှင်နန်းမတော် ဘုရား က အပျိုတော် ပင်းယမင်းသမီးကို မြွက်ကြားတော်မူဖူး၏။

"သည်နှစ် စုဖုရားရဲ့ မွေးနေ့အလှူတော်ဟာ ထူးတယ်လို့ဆိုရမည် ပင်းယရဲ့။ ခါတိုင်းနှစ်တွေ ထက် လှူဖွယ် ပစ္စည်းစုံ သလို အလှူပါဝင်ကြသူများကလည်း စုံလှတယ်။ မန္တလေးက မိတ္ထီလာစုလေးရဲ့ သမီးနှစ်ယောက် ကတောင် လှူဖွယ်ပို့တယ်။ ပုခန်းကြီးမမ လွန်ပြီးစက ပုခန်းကြီးအမွေစုနှင့် ပတ်သက် ပြီး ဘုန်းတော်ကြီး ဘုရားနဲ့ မိတ္ထီလာစုလေးရဲ့သမီးတွေ၊ အမှုဆိုင်မလိုဖြစ်ကြရသေးတယ်။ ဒီတုန်းက ဘုန်းတော်ကြီး ဘုရား အတွက် ချွန်တောင်မမ နဲ့ ၀က်မစွတ်ဝန်ထောက်တို့က မန္တလေးရုံးမှာ ရင်ဆိုင်ပေး ကြတယ်။ နောက်တော့ ဘုန်းကြီးဘုရားက ကလေးတွေနဲ့ဖက်ပြီး မပြောတော့ပါဘူးလို့ ဆိတ်ဆိတ်နေ လိုက်တယ်။ ဒီနောက်တော့ မိတ္ထီလာစုလေးရဲ့ သားသမီးတွေနဲ့ ဘုန်းတော်ကြီးဘုရားဟာ ကင်းကွာ သွားကြတယ်။ စုဖုရား ခုလို ရန်ကုန်မှာ စံတော်မူတဲ့အခါမှာတော့ ပြန်ပြီး အဆက်အသွယ်ရှိလာတယ်။ သင်းတို့လေး တွေက ခုလို တရိုတသေ သတိရရှိလို့ စုဖုရားဝမ်းမြောက်တော်မူတယ် ပင်းယရယ်" ဟူ၍ ဖြစ်ပါသည်။ သို့ကြောင့် နောက်ပိုင်းတွင် သီပေါမင်းတရား ၏ သမီးတော်များနှင့် မိတ္ထီလာ စုဖုရားကလေး တို့၏ သမီးတော်များသည် ခင်မင်မပျက် ဆွေမျိုးဆက်ကြပုံရသည်။

သီပေါမင်းတရား၏ တတိယ သမီးတော်နှင့် စတုတ္ထသမီးတော်တို့ မန္တလေးတွင် စံနေကြစဉ်က မိတ္ထီလာ စုဖုရားကလေး ၏ သမီးတော်များဖြစ်သော သမီးတော်လတ်၊ သမီးတော်ကလေးတို့နှင့် ၀မ်းကွဲ ညီအစ်မ တော်များ ချင်းချင်း အဆက်အသွယ်ရှိကြသည်ဆိုပါသည်။ ယခုတိုင် မြေးတော်များ အချင်းချင်းလည်း အဆက် အသွယ် မပြတ်ကြပါ။ စာရေးသူအား ရန်ကုန်တွင်ရှိသော သမီတော်လတ်၏ သမီး "သမီးတော်" ဆိုသူထံ တော်တော် (တော်ဘုရားကလေး)တို့ ဇနီးမောင်နှံက ခေါ်ဆောင်သွားပြီး မိတ်ဆက်ပေး၍ မိတ္ထီလာ စုဖုရာကလေး၏ တစ်ပါးတည်းသာ ကျန်တော့သည့် (မြေးတော်) သမီးတော် ဆိုသူနှင့် စာရေးသူတို့ တွေ့ဆုံ သိကျွမ်းရခြင်းဖြစ်ပါသည်။ "သွေး" ဆိုသည်မှာ မပြတ်စကောင်းပါ။

စာရေးသူ - မောင်သန်းဆွေ (ထားဝယ်)
ကလျာမဂ္ဂဇင်း ဧပြီလ ၂ဝ၁၁ ခုနှစ်
.

3 comments:

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်နော် ဘယ်လောက်ပဲ ဝေးဝေး သွေးက နီးနီးလေးလို့ ကြားဖူးသလို အရေးကြိးရင် သွေးနီး ရမယ်လေးလဲ အမှတ်ရ နေမိရင်း..
မမရေ..ကျေးဇူးပါနော်..
ကောင်းသောနေ့လေးဖြစ်ပါစေ။

Anonymous said...

Interesting article.!!

Thanks.

Ray

Mon Petit Avatar said...

Thank you for sharing Ma Ma!