ဤအခက်အခဲ နှစ်ခုကြားမှာ ဦးနှောက်တွေ ခြောက်သယောင်းကာ အက်ကွဲလုလု ဖြစ်လာပြီဟု ထင်မှတ်ရ သော အချိန်တွင် ဦးဖေတင်အား သတိရမိလိုက်ခြင်းကိုတော့ သူ့ကိုယ်နှင့်သူပင် ကျေးဇူးတင်ရမလို ဖြစ်နေ၏။
သို့တိုင်အောင် ကြာရှည် ဆိုင်းငံ့ဖင့်နွှဲ၍ မနေသာတော့ဘဲနှင့် အေး၏ အပါးမှ ချွတ်နင်းပြီး ထလာခဲ့ရသည်။
သို့တိုင်အောင် အရှည်ကို မတွေးတတ်သေးသော ခလေးငယ်တယောက်၏ ကြောင့်ကြမဲ့စွာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံ ကလေးကပင် ဖမ်းစား ညို့ယူထားသည်မို့ မကြာခဏ ဆိုသလို ကြင်နာမြတ်နိုးလှစွာ ပြန်လည် လှည့်ကြည့်နေမိသေး၏။
ခြေထောက်များက တံခါးဝဆီသို့ ရောက်လာတော့မှသာ စိတ်ကို ယတိပြတ်ဖြတ်ကာ တဖက်သို့ ချာကနဲ လှည့်ပြီး တံခါးသို့ အသာအယာ ပြန်တွန်းလျက် စေ့ထားလိုက်သည်။
ပြီးတော့ သွေးရူးသွေးတန်း ခေါ်နိုင်လောက်အောင်ပင် သူ့ခြေထောက်များကို အားကုန်နှင်ခဲ့မိလေတော့၏။
" ဟော မောင်အောင်နိုင် ... ကိစ္စရှိသလား၊ အလည်ဘဲလား "
အောင်နိုင်တယောက် ဦးဖေတင် အိမ်ဝင်းဝသို့ ရောက်ခဲ့သည်တွင်မူ ရေဒီယိုမှ မြန်မာပိုင်း အစီအစဉ်ပြီးဆုံး၍ အင်္ဂလိပ်ဘာသာ အသံလွှင့် အစီအစဉ်များပင် စတင်နေပေပြီ...။
အောင်နိုင်သည် မာလီလည်းဖြစ်၊ ညစောင့် ဒရ၀မ်လည်းဖြစ်သော ကုလားအဖိုးကြီးကိုပင် အတော်ကြီး ရှင်းပြကာ ၀င်းတံခါးကို ဖွင့်စေခဲ့ရ၏။
ယခု တဖန် ဧည့်ခန်းတံခါးကို ဦးဖေတင် ကိုယ်တိုင် လာဖွင့်ကာ သူ့အား အကဲခတ်သလို ပြုံးပြုံးကြီး ကြည့်ပြီး နှုတ်ဆက် လိုက်သည်တွင်မူ အောင်နိုင်မှာ ရုတ်တရက်အားဖြင့် ဘာစကားတခွန်းကိုမျှ ပြောဆိုနိုင်ခြင်း မရှိ တော့ဘဲ ကြက်သေ သေကာ ဖြစ်နေမိတော့သည်။
" ကဲ ... အထဲကို ၀င်ပါကွာ ... ဦးလဲ အေးကို သွားခေါ်လာကာ ဒီနေ့ဘဲ ရန်ကုန်က ပြန်ရောက်တယ်"
အေးအေး ဆေးဆေး တည်တည်ငြိမ်ငြိမ် ပြောဆိုနေသော ဦးဖေတင်၏ အမူအရာကြောင့် အေးတယောက် ဘာတွေ ဖန်တီးပြုလုပ်နေသည်ကို မသိသေးဟန်မှာဖြင့် ထင်ရှားလှသည်။
အောင်နိုင် က ခေါင်းငုံ့လျှိုးကြီးနှင့် ၀င်လိုက်သွားကာ ဦးဖေတင်နှင့် ခပ်လှမ်းလှမ်းမှ ကုလားထိုင်တွင် ၀င်ထိုင် လိုက်ရသည်။
ပြီးတော့ ... တံတွေးကို ဂလုကနဲ မျိုချလိုက်ကာ မျက်လွှာကို ပင့်ပြီး မရဲတရဲမော့ကြည့်လိုက်သည်။
ဦးဖေတင် ၏ အခွင့်အရေးပေးဟန် မျက်နှာထားခပ်ပြုံးပြုံးကို မြင်ရတော့မှ ခေါင်းကိုငုံ့ထားလိုက်ကာ မပြောလျှင် မရတော့သော စကားများကို စတင်ရလေ၏။
" ကျွန်တော့်မှာ ဦးကို ပြောစရာစကား အထူးတွေ ရှိနေတယ်၊ ကျွန်တော့်စိတ်ထဲမှာ ဖြစ်နေသမျှကိုလဲ မချွင်း အကုန်အစင် ပြောပြချင်ပါတယ်၊ ဒီကိစ္စမှာ ဦးဟာ သိထိုက်ဆုံး ဖြစ်နေတဲ့ပြင် ကျွန်တော့်မှာလဲ ဦးကလွဲလို့ အကောင်း ဆိုသလို အကုန်လုံး သွန်ချပြီး ဖွင့်ဟတိုင်ပင်တဲ့လူ မရှိခဲ့ပါဘူး၊ ဒါကြောင့် ... "
" အင်း ... တိတိလင်းလင်းဘဲ ဆိုစမ်းပါလေ"
ဦးဖေတင်က စိတ်ပါဝင်စားဟန်ဖြင့် ကိုယ်ကို ကုလားထိုင်ပေါ်မှ ရှေ့သို့ အနည်းငယ် ကိုင်းလာရင်း ထောက်ပေးလိုက်သည်။
" ဟုတ်ကဲ့ ... အခု အေး ကျွန်တော့်ဆီမှာ ရောက်နေတယ်ဦး ... "
" ဟေ ... ဟုတ်နိုင်ပါ့မလားကွာ "
အောင်နိုင်မှာ သူတို့၏ အရေးတော်ပုံကို စကားပြောဖြစ်သမျှ ပြေပြစ်အောင် ကြိုးစား၍ ရှင်းလင်းပြောပြရန် အားယူသည့် အထဲမှပင် ဦးဖေတင်၏ တိတိလင်းလင်း ပြောကြား အထောက်အခံပေးမှုကြောင့် တိုက်ရိုက်ကြီး ပြောထွက်ဖြစ်သွားတော့လေသည်။
ဤသည်နှင့် တပြိုင်နက်မှာပင် မမြှော်လင့်သည်ကို ကြားရသော ဦးဖေတင်ထံမှလည်း အံ့အားသင့်ခြင်းနှင့် မယုံကြည်ခြင်း တို့ဖြင့် ရောနှောက်နေသော အသံကလေးက ကတိုက်ကရိုက်ထွက်ပေါ်လာပေသည်။
ပြီးတော့ အောင်နိုင့်စကားပြန်ကို မစောင့်နိုင်သေးဘဲ တဆက်တည်းမှာပင် ဦးဖေတင်က "မစောရေ ... သမီး သူ့အခန်း မှာ အိပ်နေတယ် မဟုတ်လားကွယ်"ဟု အိမ်နောက်ခန်းသို့ အော်ပြောနေလေသည်။
" ဟုတ်ကဲ့ အကိုကြီး ဘာဖြစ်လို့လဲ" ဟူသော အသံနှင့်အတူ ဒေါ်ဒေါ်စောလည်း အိမ်နောက်ခန်းမှ ထွက်လာ ပြန်လေသည်။
" မဟုတ်ပါဘူးခင်ဗျာ - စောစောအိပ်ချင်ယောင်ဆောင် အလစ်မှာ ထွက်လာခဲ့တယ်လို့ ပြောပါတယ်၊ မယုံရင် မေးကြည့်နိုင်ပါတယ်၊ အခု အေး ကျွန်တော့်အိမ်မှာပါ"ဟု အောင်နိုင်က ထပ်မံပြီး ပြောရပြန်၏။
မောင်နှမနှစ်ယောက် ဘ၀မျာတော့ ဘာမှပြန်မပြောနိုင်တော့ဘဲ ယုံရအခက် မယုံရအခက် ဆိုသလို ထိတ် ထိတ်ပျာပျာ ဟန်မျိုးဖြင့် အေး၏ အခန်းရှိရာသို့ ခပ်လောလောထွက်သွားပြန်သည်။
ခဏအတွင်းမှာ ပြန်ထွက်လာကြသည်တွင်ကား မျက်နှာများကာ အကြီးအကျယ် စိတ်မကောင်းလှသည့် အသွင် မှာ ပြန်ဆည်ကာ ဟန်ဆောင်ဖုံးဖိထားကြသည့်အထဲမှပင် ပွင့်ထွက်၍နေကြသည်။
ဦးဖေတင်က သူမူလထိုင်သည့် ကုလားထိုင်မှာ လေးလေးကြီး ထိုင်ချ၍ ပြန်ထိုင်လိုက်မှ "အင်း... ဦးတို့တော့ တကယ် မသိကြတာ အမှန်ဘဲ မောင်အောင်နိုင် ... " ဟု စိတ်ထိခိုက်ကာ တုန်ရီအက်ကွဲလုသော အသံမျိုး ဖြင့် ညည်းညည်းညူညူ ပြောလိုက်သည်။
ဒေါ်ဒေါ်စောကလည်း " အို ... ဒီကောင်မလေး ... ဒီကောင်မိုက်လိမ့်မယ်လို့ကို ကျမ မတွေးခဲ့မိဘူး"ဟု ဒေါသ အနည်းငယ် စွက်ထားသော ၀မ်းနည်းသံကြီးဖြင့် ပြောကာ စိမ့်စိုလာသော မျက်လုံးအိမ် နှစ်ဖက်ကိုပင် အင်္ကျီ လက်ဖျားစဖြင့် တို့သုတ်နေတော့လေသည်။
" အဲလေ ... အခုလို လက်လွန်ပြီးမှ ဆိုတော့လဲ ... "
တခဏတာမျှ ငြိမ်သက်နေကြပြီးမှ ဦးဖေတင်က အောင်နိုင့်ကို မျက်လွှာတချက်ဝင့်ကြည့်လိုက်ကာ စကား တပိုင်း တပြတ်ကြီး ပြောပြီး ရပ်တန့်ထားလိုက်သည်။
သက်မကြီး တချက်ကို ရှိုက်ချလိုက်ကာ လက်ဖျားချင်းပွတ်နေပြီး ငိုင်ကျသွားသည့်မို့လည်း ဖခင် တဦး အနေ နှင့် မည်မျှ ရှင်းလင်းအောင် ဖြစ်နေရမည်ကို ရိပ်မိနိုင်လောက်သည်။
" အခု အခြေအနေက ထိန်းမရနိုင်လောက်အောင် အလွန်အကျွံတော့ မဟုတ်သေးပါဘူး ဦးရယ် ... "
အောင်နိုင် ကသာ မချိပြုံးတချက် ပြုံးလိုက်ကာ စကားဆက်နေရ၏။ ဦးဖေတင်က အောင်နိုင့် စကားအတွက် သဘော မပေါက်နိုင်သေးဟန် ခပ်ကြောင်ကြောင် ပြန်ကြည့်နေသေးသော်လည်း ထိုစကားအတွက် မြှော်လင့်ချက် အရိပ်အယောင်သန်းသွားသလို မျက်နှာ အနည်းငယ် ကြည်လင် လာသော ဒေါ်ဒေါ်စောကတော့မူ "ကဲ ဖြစ်ပုံကိုဘဲ ရှင်းအောင် ပြောစမ်းပါအုံးကွယ်"ဟု ဆိုကာ သူ့ကုလားထိုင်ကိုပင် အောင်နိုင်ရှေ့သို့ အနည်းငယ် တိုးရွှေ့လိုက်သည်။
" အေးရယ် အချိန်မတော် ရောက်လာတော့ ကျွန်တော်က ဦးတို့ စိတ်ပူနေကြလိမ့်မယ်၊ ပြန်ပို့ပေးမယ်လို့ ပြောပါတယ် ... အေးက သူပြန်သွားဘို့ လာတာ မဟုတ်ဘူးဆိုပြီး တိတ်တိတ်ထွက်ပြေးလာကြောင်းကို ပြောပါတယ်... "
မောင်နှမ နှစ်ယောက်သားမှာ တယောက် မျက်နှာကို တယောက် ဖျတ်ကနဲ ကြည့်မိသွားကြ၏။ အောင်နိုင် က အပြောရခက်သလို တအောင့်မျှ ရပ်တန့်နေပြီးမှ အားယူပြီး ဆက်လိုက်ရပြန်သည်။
" အေးက ဒီလိုဇွတ်ပြောနေတော့ ကျွန်တော့်မှာ အတော်ကြီး အခက်အခဲ တွေ့နေရပါတယ် အမှန်ကို ဆိုရင် အေး အပေါ်မှာ ကျွန်တော်ထားတဲ့ မေတ္တာကလဲ ထုထည် မသေးလှပါဘူး ... "
အောင်နိုင်က သူပြောမိသော စကားအတွက် သိပ်ပြီး စိတ်မလုံနိုင်ဟန်ဖြင့် ဦးဖေတင်တို့ မောင်နှမသို့ ကွက်ကနဲ ကြည့်လိုက်မိသေးသည်။ မောင်နှမ နှစ်ယောက်သားမှာ အတွင်းစိတ်ကို သိုသိပ်နိုင်ကြပြီးမို့လား တော့မသိ၊ ဘယ်လို ထူးခြားချက်မှ မဖြစ်သလို သူ့စကားကို နားစိုက်မြဲ စိုက်ထားနေကြတော့မှ ဆက်ပြော ရပြန်၏။
" ဒါကြောင့်လဲ ကျွန်တော်ဟာ ... မရှုမလှဆိုသလို နစ်မွန်းနေရတဲ့ ကျွန်တော့် ဘ၀ထဲမှာ အေးကို ဆွဲမနှစ်ရက် နိုင်တာမို့ စိတ်ပင်ပန်းခဲ့ရပါတယ် ဒါပေမယ့် တဖက်ကနေ စဉ်းစားပြန်တော့လဲ မိန်းကလေး တယောက် အနေနဲ့ အဆမတန် စွန့်စားလာရတဲ့ အေးမေတ္တာကို ရှောင်လွှဲဘို့ရာ ခက်နေပြန်ပါတယ်... နောက်တော့ ဒီလို အခက်အခဲနှစ်မျိုးနဲ့ ရင်ဆိုင်နေရတာကို အခိုက်အတန့်ဘဲဖြစ်စေ ရှောင်ဖယ် နိုင်ပါစေတော့ လို့ ကျွန်တော် ထမင်းတအိုး သွားချက်လိုက်ပါတယ်" " ဘာရယ် ... ကွဲ့"ဟု ဒေါ်ဒေါ်စောက ခပ်ကြောင်ကြောင် နှင့် ဖြတ်မေးသည်။
" ဟုတ်ကဲ့ ... ဒီလိုပါ ဒေါ်ဒေါ် ... အေး ရောက်လာတော့ ကျွန်တော် ထမင်းမစားရသေးပါဘူး စားချင်စိတ် လဲ မရှိတော့ပါဘူး ... ဒါပေမယ့် တယောက်ထဲ လွတ်လွတ် လပ်လပ် စဉ်းစားဆုံးဖြတ်ချင်တာနဲ့ ထမင်းဆာလို့ ထမင်းချက် စားရအုံးမယ်လို့ ... အေးကို ပြောပြီး သွားချက်လိုက်တာပါ"
" ထမင်းချက်ရင်းနဲ့ ကျွန်တော် အချိန်ယူပြီး ... စဉ်းစားမိတဲ့ အထဲမှာ ဦးကပြုဘူးတဲ့ ကျေးဇူး တရားတွေနဲ့ ဦးကို သတိရမိလိုက်တော့ဖြင့် ကျွန်တော့်စိတ်ထဲမှာ အတော် ပေါ့သွားပါတယ်... ဒီကိစ္စမှာ မေတ္တာစိတ် တခုထဲကို အဒိက ထားချင်တတ်တဲ့ ကျွန်တော်တို့ လူငယ်တွေရဲ့ အဆုံးအဖြတ်ထက် ဦးတို့လို တာဝန် ရှိနေတဲ့ အုပ်ထိန်းသူများရဲ့ အဆုံးအဖြတ်ကိုသာ ခံယူတင့်တယ်လို့ သဘောရတာနဲ့ ကျွန်တော် လာခဲ့ တာပါဘဲ"
" သြော် ... သြော် ... ဒါကို မရွှေအေးကပါ သဘောတူ လွတ်လိုက်တယ်ဆိုပါတော့ ... "ဟု ဒေါ်ဒေါ်စောကပင် ခပ်ဆတ်ဆတ်နှင့် ဖြတ်မေးလိုက်ပြန်သည်။
" မဟုတ်ပါဘူး ဒေါ်ဒေါ် ဒါက ကျွန်တော် တယောက်ရဲ့ သဘောပါ ... အေးကတော့ ဒါကို သိကိုမသိ ရှာ သေးပါဘူး... ကျွန်တော် ထမင်းချက်နေတုန်းမှာဘဲ အပြင်ဘက်မှာဘဲ သူအိပ်ပျော်နေရှာပါတယ် "
" ဟင် ... ဒီလိုတယောက်ထဲ အိပ်ပျော်နေရစ်တော့ကော စိတ်ပါအုံးမလား... "
" စိတ်မချစရာတော့ မရှိဘူး ထင်ပါတယ် အေးလာတာလဲ ဘယ်သူမှ သိကြမှာ မှုတ်ပါဘူး တံခါးလဲ ကျွန်တော် သေသေချာချာ ပြန်စေ့ပြီး ပိတ်ထားခဲ့ပါတယ်"
" ဟင်... " ဟူသော သက်ပြင်း ချသံနှစ်သံက တပြိုင်နက် ပေါ်ထွက်လာသည်။ သည်တခါ သက်ပြင်း ရှိုက် ရသည်မှာ စိတ်ရှုပ်ထွေး နောက်ကျိကြသောကြောင့်တော့ ဟုတ်မည်မထင်... သည်ထဲမှာ မတင်မကျ ဖြစ် နေသမျှ တွေ အတွက် " အခုမှဘဲ အလုံးကြီးကျသွားတော့တယ် ... " ဟူသော သဏ္ဍာန်မျိုးဖြင့် ရှင်းချ လိုက်ကြဟန် ကို အောင်နိုင် ရိပ်စားမိလိုက်သည်။ ထိုသည်နှင့် တပြိုင်နက်မှာပင် ဦးဖေတင်ကိုယ်တိုင် သူ့ နေရာမှ ထလာခဲ့ပြီး အောင်နိုင့် ပခုံးကို သာသာကလေး ဆုပ်ကိုင်လိုက်သည်။
" မောင်အောင်နိုင်ရဲ့ စိတ်ထားကို ဦးတကယ်ဘဲ ချီးကျူးပါတယ် ... လေးစားပါတယ်ကွာ ... ဦးဝမ်းထဲမှာ ရှိသလောက်ကိုလဲ အမှန်အတိုင်းဘဲ ပြောပါရစေ... တကယ်ဆိုတော့ ... ဘာဘဲဖြစ်ဖြစ် အေးအနေနှင့် ဤ လမ်းစဉ်အတိုင်းကို ရေဆုံးဆုံးလိုက်နိုင်ပါသည် ဆိုတော့ကော နောက်ပိုင်းက လူကြီးအနေနှင့် အဘယ်မျှ နစ်နာ ထိခိုက်ကာ ရှက်ဖွယ်လိလိဖြစ်ကျန်ရစ်ရှာပေမည်နည်း။ အေးအား တကယ်တမ်း ထိုက်ထိုက်တန်တန် ပိုင်ဆိုင် ထိုက်သူမှာလည်း မိမိပင်လော၊ မောင်မောင်လွင်ပင်လော။
အတွေးတွေ ချာလည်ဝေ့ကာ ၀ဲလှည့်၍ နေတော့သော အောင်နိုင်မှာ " ကဲ ... မောင်အောင်နိုင် ... " ဟူသော ဦးဖေတင်၏ စကားစကို ကြားလိုက်ရပြန်မှ ဖျတ်ကနဲ သတိဝင်ကာ နားစွင့်ရပြန်သည်။
" အခု ဦးပြောရတာတွေကတော့ ဖြစ်နေတဲ့အတိုင်းကို စကားကုန်ပြောရတာတွေဘဲ၊ မောင်အောင်နိုင့်အဖို့ မှာလဲ ဖြစ်နေသမျှမှာ အနစ်နာခံဘက်ကချည်း ဖြစ်နေရတော့ ဒီကိစ္စမှာဖြင့် ဘယ်လို ဖြစ်သင့်တယ်ဆိုတာကို ဦးတို့ အနေနဲ့ မပြောရက်နိုင်သလောက်ပါဘဲ၊ ဒါကြောင့် မောင်အောင်နိုင် ကိုယ်တိုင် နှိုင်းချိန် ဆုံးဖြတ် လိုက်စေချင်တယ်၊ ဘယ်လို အဆုံးအဖြတ်မျိုးကိုဘဲပေးပေး၊ အဲဒီဆုံးဖြတ်ချက်အတိုင်း အတည်ဖြစ်စေ ရမယ်ဆိုတာတော့ ဦး ကတိပေးထားမယ် ဟုတ်ပလား... "
ပြဿနာကဖြင့် အောင်နိုင့်ထံသို့ပင် ပြန်လည် ဆိုက်ရောက်ရှိလာပြန်ပါချေပြီ။ ဦးဖေတင်သည် အောင်နိုင့် ထံမှ စကားအပြန်ကို ခေါက်တုံ့ခေါက်ပြန် ခပ်ဖြည်းဖြည်း လမ်းထလျှောက် ရင်းနှင့် စောင့်နေ၏။ သူ၏ အပြု အမူ နှင့်တကွ စကားပြောပုံ လေယူလေသိမ်းတို့မှာလည်း နူးညံ့ပြော့ပျောင်းလှပါပေသည်။ ဤမျှ နူးညံ့မှု ကပင် တနည်းအားဖြင့် အနိုင်ယူနေခြင်း ဖြစ်ပေသဘောဟူ၍လည်း ထင်နိုင်စကောင်းပါ၏။
ဆက်ရန်
.

No comments:
Post a Comment