အခန်း(၁)
ဒါးလက်စ်
အရှေ့ပိုင်းစံတော်ချိန် ၁၁း၃၀နာရီ
ဒါးလက်စ်
အရှေ့ပိုင်းစံတော်ချိန် ၁၁း၃၀နာရီ
ပထမတွင် ဂျိန်း ဘာဖြစ်မှန်း မသိလိုက်။ ဘာဖြစ်တာပါလိမ့်။ လက်မောင်းတွင် သတင်းထောက် လက်ပတ် အတု နှင့် အီယန်ဖလင်းမင်း၏ ၀တ္ထုထဲမှ ဇာတ်လိုက်မင်းသမီး၏ နာမည်ကို ယူထားသည့် ဂျိန်းဂရက်ခ်ျသည် သမ္မတကနေဒီ ၏ တက်ဆက်စ်ခရီးစဉ်တွင် သတင်းနှင့် ပြန်ကြားရေး ဘတ်စ် ကား ပြတင်းပေါက်ဘက် ရှေ့ဆုံးတန်း မှ ထိုင်လိုက်လာခဲ့ခြင်း ဖြစ်၏။
ခရီးစဉ် ရှည်လျား ရှုပ်ထွေးမှုကြောင့် သူတို့ကားမှာ သမ္မတ၏ ကားနှင့် အဝေးကြီးပြတ်ကျန်ခဲ့သည်။ လမ်းနံဘေး တစ်ဖက်တစ်ချက်မှ ကျိုးတိုးကျဲတဲ ပရိသတ်ကို ဂျိန်း ငေးလိုက်လာခဲ့၏။ သူတို့ဆီမှ ပြည်နယ် အုပ်ချုပ်ရေးမှူး ထက် အပုံကြီး ပို၍ ချစ်စရာကောင်းသည့် သမ္မတကို တိုးဝှေ့ ကြည့်ရှုနေ ကြသည်။ ထိုစဉ်တွင် မော်တော်ကား အိတ်ဇော ပေါက်သံလိုလို ကြားလိုက်ရခြင်း ဖြစ်၏။
နေရောင်ကာ ကပ်ထားသည့် မှန်ပြတင်းမှ ဂျိန်း အပြင်ဘက်ကို မြင်နေရပုံက အသံတိတ်ကားထဲမှ မြင်ကွင်းနှင့် တူနေ၏။ လူအုပ်ကြီးထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ အချို့ကားလမ်းကို ကျောခိုင်းပြီး ဦးတည်ရာ သို့ ထွက်ပြေးနေကြသည်။ အမျိုးသမီးငယ် တစ်ဦးက သူ့ကလေး နှစ်ယောက်ကို ပလက်ဖောင်း ပေါ် ဆွဲလှဲပြီး ကိုယ်လုံးနှင့် ဖိထားလိုက်၏။ ဒီယာလေပလာဇာ အဆောက်အအုံရှေ့မှ ခုံးကျော် တံတား အောက် သို့ ကားဝင်လိုက်သဖြင့် နေ့ခင်းကြောင်တောင် အလင်းရောင်မှာ ရုတ်ခြည်း မှောင်သွားသည်။
အိုဝင်ကာဆယ် ထိုင်နေသည့် နောက်ဘက်တန်းကိုလှည့်ပြီး ဂျိန်း မေးလိုက်သည်။
"ဘာဖြစ်တာလဲဟင်"
အိုဝင်ကာဆယ်မှာ သည်တစ်ပတ်အတွက် ဂျိန်း၏ အတွဲ ဖြစ်၏။ အရပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့်။ အလုပ် လုပ်စရာ ရှိလျှင် တစ်နေကုန် ကျွဲလို နွားလို ကျုံးလုပ်ပြီး ညပိုင်းတွင်မူ မြာကလေးတွေ နှင့် ခပ်ပွေပွေ နေတတ်သူ။
သူက အပြင်ဘက်မှ မြင်ကွင်းကို ပို၍ သဲသဲကွဲကွဲ မြင်ရအောင် မတ်တတ်ထပြီး ရှေ့သို့ ကြည့်သည်။
"သမ္မတ ကား မောင်းထွက်သွားတယ်၊ တအား မောင်းချသွားတာ"
အိုဝင်က ဂျိန်း ဘက်ကို လှည့်ကြည့်ပြီး အထိတ်တလန့် ပြောသည်။ စောစောက အသံကို အိုဝင်လည်း ကြားလိုက်သည်။ သူက သေနတ်သံဟု ထင်လိုက်၏။ သို့သော် မဖြစ်နိုင်ဟုလည်း တစ်ဖက်မှ တွေး လိုက်သည်။ ဘယ်လို ဖြစ်နိုင်ပါမည်လဲ။ ဒါ ကိုရီးယားနိုင်ငံက ယာလူး မြစ်ကမ်း နဖူးမှ မဟုတ်တာ၊ ဒါ အမေရိကန်ပဲ။
အိုဝင်သည် အဖေဖြစ်သူ ရဲမှုခင်းသတင်းထောက်ထံမှ ရခဲ့သည့် အခြေခံဖြင့် သတင်းစာလောကထဲ သို့ ၀င်ခဲ့ပြီး လျှမ်းလျှမ်းတောက် သတင်းထောက် တစ်ယောက်အဖြစ် ၀န်းခနဲ တက်လာခဲ့သူ ဖြစ်နေပြီ။ သတင်း မဂ္ဂဇင်း လောကတွင် သတင်းမုဆိုးဟု နာမည်ကြီးနေသူ ဖြစ်၏။ သတင်းနောက် ကို တကောက်ကောက် လိုက်၏။ မဂ္ဂဇင်း၏ ထိပ်တန်း သတင်းမှန်သမျှ သူ့လက်ရာတွေချည်း ဖြစ် ၏။ ယခု သမ္မတ၏ တက်ဆက်စ် ခရီးစဉ် သတင်းမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်ဦးမည်မုချ။
တက်ဆက်စ် ပြည်နယ် ဒီမိုကရက်တစ်ပါတီတွင်း တိုက်ပွဲမှာ အပြင်းအထန် ထိန်းမရ သိမ်းမရ ဖြစ်နေ၍ သမ္မတ ကိုယ်တိုင် ဆင်းလာခဲ့ရခြင်း ဖြစ်သည်။ အားလုံးက မသွားဖို့ သမ္မတကို ၀ိုင်းတား ကြသည်။ အန္တရာယ် ရှိနိုင်ကြောင်းလည်း သတိပေးကြ၏။ နိုင်ငံရေးသမားများကိုရော၊ နိုင်ငံရေးကို ပါ မုန်းတီး ပါသည်ဆိုသော မြင်သူငေးရလောက်အောင် လှသည့် သမ္မတကတော်က လင်တော်မောင်နှင့် ခြေဖ၀ါး ထက်ကြပ်မကွာ လိုက်ပါ လာခဲ့၏။
ဒါးလက်စ်သည် အိုဝင့်ကို ရှေ့တစ်ဆင့် တွန်းပို့မည် သတင်း ဟင်းလေးအိုးကြီး တစ်အိုး ဖြစ်လာပါ ပေဦး တော့မည်။
ခုံးကျော်တံတားအောက်မှ ဘတ်စ်ကားထွက်လာတော့ ရဲသားတစ်ယောက် မော်တော်ဆိုင်ကယ်ကို လမ်းဘေး တွင် ထိုးရပ်ပြီး ခုန်ဆင်းထွက်ပြေးသွားသည်ကို လှမ်းမြင်ကြရ၏။ သူ့လက်က သေနတ် ဆွဲထုတ် နေပုံကိုလည်း ရိပ်ကခနဲ မြင်လိုက်၏။
ဘတ်စ်ကား ရုတ်ခြည်း ထိုးရပ်သွား၏။ ကားပေါ်မှ သတင်းထောက်တစ်ယောက် ခုန်ဆင်းပြီး ရဲသား နောက် သို့ ပြေးလိုက်သွားသည်။ ထို့နောက် သမ္မတမိန့်ခွန်းပြောမည့် ကုန်သွယ်ရေး အဆောက် အအုံဆီသို့ ကားဘီး ဆက်လှိမ့်သည်။
"တစ်ခုခုတော့ တစ်ခုခုပဲ၊ ဥသြဆွဲသံတွေလည်း ကြားတယ်၊ ရဲတွေ၊ စုံထောက်တွေ ချက်ချင်း ပြည့်လျှံလာလိ့မ်မယ်၊ ကားမောင်းလို့ ရတော့မှာ မဟုတ်ဘူး"
အိုဝင် မှတ်ချက်ချခြင်း ဖြစ်၏။ စောစောက ကြားရသည့်အသံကိုတော့ မော်တော်ဆိုင်ကယ် အိတ်ဇောသံဟု သူ ထင်နေဆဲ။ သည်အသံကို သမ္မတ၏ ကားသမားလည်း ကြားမည်။ "နောက်မှ စဉ်းစား၊ ချက်ချင်းလှုပ်ရှား" ဟု လေ့ကျင့် ထားသည့်အတိုင်း သူ့ခြေထောက်က အလိုအလျောက် လီဗာပေါ်ကို ရောက်သွားခြင်း ဖြစ်မည်။ ကုန်သွယ်ရေး အဆောက်အအုံရှေ့တွင် ကားထိုးဆိုက် တော့ အိုဝင်က သူ့နေရာမှ ခုန်ထွက်ပြီး ဂျိန်း ဘက်လှည့် ၍ "လက်ပတ်ကို မမေ့နဲ့နော်၊ အဲဒီအတိုင်း လှုပ်ရှား" ဟု တပ်လှန့်လိုက်သည်။
အိုဝင်က ဘာမှမဖြစ်လျှင်လည်း သတင်းဖြစ်မည့်နေရာကို ပထမဆုံး အရောက်သွားမည်သာ ဖြစ်၏။
ကုန်သွယ်ရေး အဆောက်အအုံ ခန်းမကျယ်ကြီးထဲတွင် စားပွဲတွေ တန်းစီချထားသည်။ သမ္မတ မိန့်ခွန်းပြောမည့် စင်မြင့်ကို အနီ၊ အပြာနှင့် အဖြူရောင် ပိတ်စများဖြင့် ခင်းကျင်းထား၏။ ထိပ်ဆုံး စားပွဲတွင် အ၀ါရောင် နှင်းဆီပန်းအိုး တင်ထားသည်။ တီးဝိုင်သမားများက "တို့ခေါင်းဆောင်ကို အလေးပြု ကြိုဆိုကြစို့" တေးသွား ကို တီးဖို့ အသံညှိနေကြ၏။
အခမ်းအနားအတွက် အားလုံး အဆင်သင့် ဖြစ်နေပြီး တစ်ချိန်တည်းတွင် အားလုံး ရပ်တန့်သွား၏။ ထောင်ပေါင်းများစွာသော တက်ဆက်စ်သူ တက်ဆက်စ်သားတို့သည် နေ့လယ်စာ စားနေရင်း သံပတ်ကုန်သွားသော အရုပ်များလို ငြိမ်သက်သွားကြ၏။ ၀ါးနေသော မေးရိုးများ ရုတ်ခြည်း ရပ်တန့်သွားခြင်း ဇွန်းခက်ရင်းများ၊ ရေဖန်ခွက်များလည်း လေထဲတွင် ရပ်တန့်သွား၏။ အထိတ် တလန့်ဖြစ်ကာ ပြူးကျယ်နေသည့် မျက်လုံးများကို ဂျိန်း လှမ်းမြင်နေရသည်။ အချို့က မယုံကြည် နိုင်စွာ ခေါင်းတွင်တွင် ရမ်းလျက်၊ ကြားရသည့် သတင်းကြောင့် ဟာခနဲ၊ ဟင်ခနဲ ဖြစ်နေကြသည်။
ဝတ်စုံပြည် ၀တ်ထားပြီး ဧရာမ ဦးထုပ်ကြီးဆောင်းထားသူ တစ်ယောက်က ဂျိန်း၏ လက်ပတ်ကို ကြည့်ပြီး လှမ်းမေးသည်။
"အဲဒါ တကယ်လား၊ သမ္မတ သေနတ်ပစ်ခံရတယ်ဆို"
"ရှင်၊ သေနတ်ပစ်ခံရတယ်၊ ဟုတ်လား"
ဂျိန်း ပြန်မေးသည်။ ကျောထဲ စိမ့်သွား၏။ စောစောကလေးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသော လူအုပ်ကြီးကို ပြန်သတိရ လိုက်၏။ အခန်းထဲမှ လူအားလုံး ဆောက်တည်ရာမရ ဖြစ်နေကြသည်။
ဂျိန်း ဘာ မှ ထပ်မပြောနိုင်ခင် အိုဝင်က အတင်းလက်ဆွဲပြီး ပထမထပ် သတင်းခန်းမဆီသို့ တိုးဝှေ့ ပြေးတက်နေကြသည့် အခြားသတင်းထောက်များ ဆီသို့ ဆွဲခေါ်သွားသည်။ သူတို့နှစ်ယောက် အခန်းထဲ ရောက်သည် နှင့် အရာရှိဖြစ်ဟန်ရှိသူတစ်ဦးက တယ်လီဖုန်းချပြီး မျက်နှာဖြူဖပ် ဖြူရော်နှင့် ဆီးပြောသည်။
"သမ္မတ လုပ်ကြံခံရတယ်၊ ခု ပက်လက်လင်းဆေးရုံ ရောက်နေပြီ"
ဆက်ရန်
.
2 comments:
ဒီတစ်ပုဒ် မဖတ်ဖူးသေးဘူး။ ပြီးအောင် စောင့်ဖတ်တော့မယ်။ မြန်မြန်တင်နော်...။
အစဉ်သဖြင့်ကောင်းရာနိုးနိုးတွေမျှဝေပေးလို့ကျေးဇူးပါမမ။
ဆက်ရန်ကိုမျှော်နေမယ်နော်...
ကောင်းသောနေ့လေးဖြစ်ပါစေမမ။
Post a Comment