ကိုတင်မြင့် က သပြေညိုရောင် မာစရိုက်လုံချည်ကလေးနှင့် တက်ထရွန် အဖြူလက်စက ရင်ဖုံးအင်္ကျီ ကို ရိုးရိုးကလေး ၀တ်ဆင်ကာ နိုင်လွန်အနက်ကြိုးနှင့် လတ်ပတ်နာရီကလေး တလုံး အပြင် အလှအပ မှုန်းချယ် ထားခြင်း မရှိသော အညိုအား ကရုဏာမျက်လုံးများဖြင့် ဂရုတစိုက် ကြည့်ရှုနေ နေမိသည်။
ဖွားလေး သီလရှင်ကြီး ဒေါ်စန္ဒီမှာ လိမ္မော်ရည်ခွက်ကို ချထားခဲ့ကာ ၀ရံတာကို သွားရောက်ထိုင်နေ ၏။ အတန်ငယ်ကြာ မှ အညိုကပင် စကားပြန်ဆက်သည်။
"အညို့မှာ မိဘနှစ်ပါးဆုံးသွားတော့ အညို တတ်ထားတဲ့ ၁၀တန်းပညာကလေးနဲ့ အိမ်ကလေး တလုံးရယ်၊ လက်ဝတ် လက်စား ကလေး နဲနဲရယ်ဘဲ ကျန်ရစ်ပါတယ်၊ ဆွေမျိုးရင်းချာဆိုရင်လဲ မေမေရဲ့ အဒေါ်အရင်း ဖြစ်တဲ့ ဟောဒီဖွားလေးဘုရားဘဲ ရင်းရင်းနှီးနှီး နီးနီးနားနားမှာ ရှိပါတယ်၊ ရပ်ဝေးက ဆွေမျိုးတွေကိုတော့ အညို ကလဲ သိပ်မခင်ဘူး၊ အညို့ကိုလဲ သူတို့က မခင်ကြပါဘူး။
"ဒါနဲ့ အညိုက ကိုယ်ပိုင်ဇရပ် မရှိ ရှာလို့ သူများနဲ့ ရောနေရတဲ့ ဖွားလေးသီလရှင်အတွက်လဲ နေရာ ထိုင်ခင်း ရပြီး ပြုစုလုပ်ကျွေးနိုင်အေင် အညိုလဲ တနေ့မှာ သီလရှင် ၀တ်ရအောင်ဆိုတဲ့ ရည်မှန်းချက် နဲ့ တိုက်အုပ် တိုက်ပိုင် ဆရာဘုရားဆီမှာ ခွင့်ပန်ပြီး မြို့ထက အညို့အိမ်ကလေးကို ဒီကျောင်းတိုက် ထဲ ရွှေ့ဆောက် လိုက်ပါတယ်၊ အခု ဒီကျောင်းတိုက်လို့ ၅-နှစ်လောက်ရှိလာတဲ့ထိ သီလရှင် မ၀တ်နိုင်သေးတာကတော့ အညို့ ရဲ့ သတ္တိကြောင်မှု ညံ့ဖျင်းမှုပါဘဲ"
"ဒီလိုလဲ မဟုတ်သေးပါဘူးလေ ... ကိုမြင့်တော့ အညိုကို သီလရှင်တယောက်လို့ဘဲ အသိအမှတ် ပြုပါတယ်"
"အင်း ..."
အညိုက ယောင်အမ်းအမ်း ပုံသွင်နှင့် ကိုတင်မြင့်အား မော့မော့ကလေး ကြည့်နေသည်။ ကိုတင်မြင့်က ကြည်ကြည် ရွှင်ရွှင် ပြုံးကာ ပြောလိုက်၏။
"တကယ်ဆိုတော့ လူတွေမှာ ရှိသင့်တဲ့ အခြေခံသီလက ငါးပါးထဲရယ်ပါ ၊ သူ့အသက်မသတ်နဲ့၊ သူ့ဥစ္စာမခိုးနဲ့၊ သူ့ အိမ်မယား မမှားနဲ့၊ မလိမ်နဲ့၊ အရက်သေစာ မသောက်စားနဲ့၊ ဒါဘဲ မဟုတ်လား အညို၊ ဒါတွေကို ကျူးလွန် ရင် ငရဲရောက်လိမ့်မယ်၊ သီတာ ဆိုတာ၊ ကတာ၊ အမွှေးနံ့သာ လိမ်းကျံတာ၊ ညစာစားတာ အစရှိတဲ့ ပြုလုပ်မှု ကလေးတွေကတော့ ချိုးခြံနိုင်ရင် ရှောင်ကြဉ်နိုင်ရင် ကောင်းတယ်၊ ကုသိုလ်ရတယ်၊ မရှောင်ကြဉ်နိုင်ရင်လဲ ငရဲမကြီး တတ်ပါဘူး ... မှုတ်ဘူးလား၊ အဲဒီတော့ ကံငါးပါးကို လုံခြုံတယ်ဆိုရင် အညိုလဲ သီလရှင် ကိုမြင့်လဲ သီရှင် ဘဲပေါ့ ..."
အညိုက နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။
"ဒါထက် ဗုဒ္ဓစာပေနဲ့ ပတ်သက်လို့ ကိုမြင့်ဘာတွေ သင့်ခဲ့ဘူးသလဲဟင် ..."
"ဟိုး ၅နှစ်ကျော် ၆နှစ်လောက်တုန်းကတော့ ကြီးကြီးဘုရားဆီမှာဘဲ သင်္ဂြီုဟ်ကုန်လို့ သဒ္ဒါတောင် ဆက် တက် ခဲ့ဘူးပါတယ် ...၊ အခုဆိုရင်ဖြင့် တ၀က်တပျက်လောက် မေ့ကုန်ပြီလား မသိဘူး ..."
"မေ့တာက ပြန်နွှေးလိုက်ရင် လွယ်ပါတယ်၊ အခု ဘာဆက်သင်မလဲ၊ အညိုသဒ္ဒါကြီး တက်ပေးမယ် လေ ..."
"အညို သဘောကျတာ ကိုဘဲ သင်ပေးပါ၊ ဒါထက် အညိုကကော ဘယ်အဆင့်ထိ သင်ခဲ့ဘူးပါသလဲ ..."
"အညို ပထမ ငယ်အာင်ပါတယ်၊ အလတ်တန်းဆက်တက်မယ့် ဆဲဆဲမှာ နမိုးနီးယားဖြစ်ပြီး နှစ်လ လောက် ဆေးကု ယူလိုက်ရတာနဲ့ ဒီနှစ် စာဆက်မသင်ဘဲ အနားယူနေရပါတယ် ..."
"ဟုတ်ကဲ့ ဒီလိုဆိုရင် နက်ဖန်ကစပြီး ကိုမြင့်လာမယ်၊ ဥပုသ်နေ့ကလွဲလို့ ရုံးဆင်းချိန်တိုင်း ဒီတန်းလာ ပြီး ကျောင်းဝင်း တံခါး မပိတ်မီလောက်မီမှာ ပြန်နိုင်ရင် တော်ပါပြီ ..."
"ဟုတ်ကဲ့ ဖြစ်ပါတယ် ..."
"ဒါဖြင့် ကိုမြင့် ပြန်မယ်နော် ... ဟောဒီက ဖွားလေးဘုရားလဲ ကိုမြင့် ကို တူလို သားလို တပည့် တယောက်လို အမှတ် ထားစေချင်တယ်"
ကိုတင်မြင့်က အညိုကို နှုတ်ဆက်ပြီးလျှင် ဖွားလေးဘုရားကိုပါ တဆက်တည်း ၀တ်ပြု နှုတ်ဆက် လိုက်သည်။ ဖွားလေးကို ပြုံး၍ ခေါင်းညိတ်လိုက်၏။
"ဖွားလေး ဘုရားက ခင်မင်တတ်ပါတယ်၊ ဒါပေတဲ့ သိပ်အေးတယ် ကိုမြင့်ရဲ့၊ စကားလဲနဲပါတယ်"
အညိုက ဖွားလေးဘုရားအတွက် ၀င်ပြောပေးသည်။ ကိုတင်မြင့် ဆင်းသွားသောအခါ အညိုသည် တအောင့်မျှ ရပ်ကြည့်နေ၏။ ခဏကြာလျှင် ကျောင်းတိုက်ကြီးဆီမှ ထွက်သွားသော ဂျစ်ကားအဖြူ ကလေးကို တွေ့လိုက်ရလေသည်။

(၂)
မိုးသည် သဲသဲမဲမဲကြီး ရွာချ၍ နေ၏။ မိုးခြိမ်းသံ တဟီဟီ လျှပ်နွယ်တ၀င့်ဝင့် ဖြစ်နေသည့်ပြင် လေကပါ သည်းသည်း ထန်ထန် တိုက်နေပြန်သောကြောင့် အညိုတို့ မြေးအဖွားမှာ တံခါးအလုံပိတ် ကာ ငြိမ်ကုတ်၍ နေကြရ၏။ အညို၏ လက်မှ နာရီကလေးကတော့ ညနေ၅နာရီခွဲဆီသို့ ပြညွှန်၍ နေပေပြီ ...။
"ဒီနေ့ ကိုမြင့်လာမှလာနိုင်ပါ့မလား"
အညိုသည် ညနေ ၄နာရီလောက်မှ စတင်ကာ မျှော်လင့်ဝံ့စားသော စိတ်ဖြင့် တွေးမိနေသည်မှာ ၃-၄ကြိမ် မက တော့ပေ။
ကိုတင်မြင့် တယောက် အညို့ထံ စာသင်နေသည်မှာလည်း ကဆုန်လဆန်းရက်မှ စတင်ကာ ယခု ၀ါခေါင် လကုန် လုနီးသို့ပင် တိုင်လေပြီ။ သည်အတွင်းမှာ ကိုတင်မြင့်သည် စာသင်ရက် ၂ရက်မျှသာ ပျက်ကွက် ခဲ့ဘူး၏။ သူလာပြီဆိုတော့လည်း လက်ချည်းသက်သက်ဟူ၍ လာခဲ့သည်။
ပထမ စလာသောနေ့မှာ ရေခဲဓာတ်ဘူးတလုံး ယူလာသည်။ ဖွားလေးဘုရားနှင့် အညိုတို့လို ညစာ မစား သူများ အဖို့ သစ်သီးအဖျော် သောက်သည့်အခါ၊ ရေခဲအေးအေးလေးနှင့် သောက်သုံးရန် လိုအပ် ပါလိမ့်မည် ဟု ဆိုကာ အညို ငြင်းဆန်သည့် ကြားမှ အတင်းထားခဲ့သည်။
နောက်ထပ် တကြိမ်မှ နှစ်ကြိမ်ထိအောင် ဖွားလေးဘုရားလိုရာ သုံးရန် ဟူ၍ ငွေ ၂၀ိ မျှစ ကန်တော့ ပြန်သည် တွင်ကား ... အညို့အတွက် နှုတ်ငြိမ်၍ မနေသာတော့ပေါ။
"ဒါတခုကိုတော့ အညို ကန့်ကွက်ပါရစေ ကိုမြင့်၊ အညိုလေ သူများ ပေးစာ ကမ်းစာကို စားရမှာ အင်မတန် ၀န်လေး တတ်ပါတယ်၊ အခု ကိုမြင့်က အညိုကို တိုက်ရိုက်ပေးကမ်း ထောက်ပံ့တာ မဟုတ်ပေတဲ့ ဖွားလေး ဘုရား ကို လုပ်ကျွေးသမှု ပြုစုရမယ့်တာဝန်ကို အညိုက ယူထားတာပါ။ အညို့ရဲ့ ဖွားလေးဘုရားကို အညို သာ တတ်နိုင်သမျှ ပြုစုချင်ပါတယ်။ အညို့ဆီက တာဝန်ကို ခွဲဝေ ပေးရတဲ့ သဘောမျိုးတော့ အညို မကြည်ဖြူနိုင် ပါဘူး ကိုတင်မြင့်ရယ်၊ အညို စိတ်ဆင်းရဲပါတယ်"
သည်လိုဆိုတော့လည်း ကိုတင်မြင့်မှာ မျက်စိမျက်နှာ ပျက်သွားရှာသည်။
"ကိုမြင့် အနေနဲ့ကတော့ ပြုရိုးပြုစဉ် တခုသာပါ အညို ...၊ ဘိုးဘွားရိပ်သာနဲ့ သက်ကြီးရွယ်အိုတွေကို ကြုံကြိုက်တဲ့အခါတိုင်း ကိုမြင့်စေတနာ ညွတ်နူး လှူဒါန်းတတ်ပါတယ် ...၊ ဒါကို အညိုက စိတ်ဆင်းရဲ ပါတယ် ဆိုပြီး ပိတ်ပင်တာကိုတော့ ကိုမြင့်လဲ စိတ်ဆင်းရဲပါတယ် ..."
"အညိုကလဲ ရင်ထဲ စိတ်ထဲမှာ ရှိနေတဲ့အတိုင်းကို ပြောပြရတာပါ၊ ကိုမြင့်ကို အားလဲနာပါတယ်၊ စိတ်လဲ မဆင်းရဲ စေချင်ပါဘူး ..."
"ဒီလိုဆိုရင်ဖြင့် အညိုလဲ စိတ်မဆင်းရဲအောင် ကိုမြင့်လဲ စိတ်မဆင်းရဲရအောင် ကြားချပြီး မျှမျှတတ ကျင့်သုံး ကြရုံပေါ့ အညို ..."
နောက်ပိုင်းတွင်တော့ ကိုတင်မြင့်သည် ငွေကြေးပစ္စည်းဟူ၍ မည်မည်ရရ ယူမလာတော့ပေ။ မုန့်ထုပ်၊ သကြားထုပ် စသည်တို့သာ တခါတရံ ပါလာတတ်၍ အများအားဖြင့်မှု ဇီဇ၀ါ၊ စပယ်၊ ယုဇန၊ ငွေပန်း စသည့် ပန်းအမျိုးမျိုး တွေကိုသာ အပွင့်လိုက် အခိုင်လိုက် တပွေ့တပိုက်ကြီး ယူ ယူ လာတတ်သည်။
သည်မျှကိုမြင့် အညိုကာ မငြင်းမဆန်သာ လက်ခံ ယူငင်ရလေသည်။ အညိုတို့ ဘုရားစင်ကလေးမှာ ပန်းမျိုးစုံ တို့ဖြင့် လန်းဆန်းဝေမြိုင်နေသောအခါ၊ ဖွားလးဘုရားနှင့်တကွ အညိုရော၊ ကိုမြင့်ပါ စိတ်ချမ်းမြေ့ ရွှင်ကြည် ကြရသည်။
သစ်ခွပန်းမျိုးစုံ တွေကို တပွေ့ကြီး တထွေးကြီး ကိုမြင့် ယူလာသော နေ့ကဖြင့် အညိုတို့ မြေးအဖွား မှာ အားရ လွန်းစွာ ရွှင်မြူးနေကြသည်။
"ဖွားလေဘုရားဖြင့် ... ဒီပန်းမျိုးတွေကို ဒီတခါဘဲ မြငဘူးပါတယ်ကွယ် ..."
စကားနဲ့လှသော ဖွားလေးဘုရားကပင် ပြုံးပြုံး ပြုံးပြုံှးနှင့် ပြောရှာသည်။
"အညိုလဲ ဒီသစ်ခွပန်းမျိုးတွေကို စုံအောင် မတွေ့မိပါဘူး၊ ကိုမြင့်တို့ခြံကြီး က ပန်းမျိုးစုံနဲ့ ဝေမြိုင်ပြီး သိပ် ပျော်စရာ ကောင်းတာနော် ဒီသစ်ခွပန်းတွေရဲ့ နာမည်တွေလဲ ပြောပြစမ်းပါအုံး"
"အား ... ဒါတော့ ကိုမြင့်လဲ မသိဘူးအညိုရဲ့၊ ကိုမြင့်ရဲ့ ညီမထွေးကလေး တင်တင်စိုး သာ မရ ကုပ်ကပ်ရှာ ၀ယ်ရတာ နဲ့ ဟိုလူဒီလူ အပူကပ်ပြီး တောင်းရတာနဲ့ အလဲအလှယ် လုပ်ရတာနဲ့လို့ နေတာဘဲ၊ နေအုံးလေ ... တနေ့ မှ ညီမလေးစိုး နဲ့ အညိုကို တွေ့ပေးပါဦးမယ်"
တနေ့တော့ ကိုတင်မြင့်သည် သူ၏ကတိ အတိုင်းပင် သူ့ညီမလေးကို ခေါ်လာမိတ်ဖွဲ့ပေးလေသည်။
သဇင်ခက်ကလေးကို ဖြူဖြုသွယ်သွယ်နှင့် ချစ်စရာကောင်းနေကာ ညီမလေးစိုးအား အညိုက ခင်တွယ် ရပြန်၏။
ညီမလေးစိုးက သူ့တို့ခြံကြီးသို့ လိုက်လည်ရန် ပူဆာတော့လည်း အညိုက အလိုလိုက်ကာ လည် ပတ် ရသေး သည်။
ထိုမျှမက ညီမလေးစိုးက နာမည်ကျော် ရုပ်ရှင်ကားကောင်းတစ်ခုကို ကြည့်ရှုလို၍ သူနှင့်မမညို အတူ ကြည့်ရန် ကြိုတင် လက်မှတ် ၀ယ်ထားကြောင်း၊ တနင်္ဂနွေနေ့တွင် ၃ နရီခွဲပွဲအမှီ လာခေါ် မည်ဖြစ်ကြောင်းပါ မှာကြား လိုက်သေးသည်။
ဥပုဒှ်နှင့်တနင်္ဂနွေ တိုက်ဆိုင်နေသောကြောင့် ကိုတင်မြင့်လည်း ထိုနေ့မှာ စာသင်ပေးရမည် မဟုတ်ပေ။
အညိုမှာ အားနာပါးနာနှင့် ခေါင်းညိတ်ခဲ့ရပြန်လေ၏။
ရုပ်ရှင်ကြည့်ရမည့်နေ့တွင်တော့ ညီမလေးစိုးနှင့် ကိုတင်မြင့်တို့က အညိုအား ကားနှင့်လာခေါ် သည်။ သို့ရာတွင် ကိုတင်မြင့်မှာ ညီမလေးစိုးနှင့် အညိုကို လိုက်ပို့ လာကြိုသည်မှ လွ္ဂဲ၍ ရုပ်ရှင်အား ကြည့်ခြင်း မပြု ခဲ့ပေ။
"ကိုကိုဟာ ယောက်ျား တယောက်ပေမဲ့ သိက္ခာစောင့်စည်းတယ် မမညို .... မမ၀င်းနဲ့ကိုကိုဆိုရင် လူကြီးချင်း ကြည်ဖြူ၊ သူတို့ချင်းလဲနှစ်သက်လို့ စေ့စပ်ထားတာဘဲ၊ ဒါပေမဲ့သူတို့ဟာ နှစ်ယောက် ချင်း တွဲပြီး သွားလားလာလား မရှိဘူးကြပါဘူး၊ ဒီခေတ်ထဲမှာဆိုရင် ကိုကိုရဲ့ နေပုံထိုင်ပုံ မျိုးဟာအ လွန်ရှားပါတယ်၊ မမ၀င်း ဆိုရင်လဲ သူ့အလုပ်နဲ့ သူ့ပညာအတွက်သာ ကြိုးစားနေတာပါဘဲ"
တင်တင်စိုး က သူ့အကိုနှင့် သူ့ယောင်းမလောင်း မ၀င်းဝင်း၏ အကြောင်းကို ရုပ်ရှင်ရုံထဲမှာ ပြောပြခဲ့ လေသည်။
ထိုနေ့က အညိုတို့ ရုပ်ရှင်မှ ပြန်လာသောအခါ ကျောင်းဝင်းတံခါးပိတ်ချိန်ကို မမှီမှာ စိုး၍ အညို တယောက် အတော် သောက ရောက်ရလေသေးသည်။
သီရိမာလာ ကျောင်းတိုက်မှာ အတော်ပင် စည်းစနစ်ကြီးပေသည်။ ည၇နာရီတွင် ကျောင်းဝင်းတံခါး ပိတ်ကာ အထွက် အ၀င် လုံးဝ ရပ်စဲရလေသည်။
အရေးတကြီး ကိစ္စမျိုး ရှိပါမှသာ ဆရာဘုရားထံ ခွင့်ပန်ကာ အချိန်တောင်းယူလေ့ ရှိ၏။
"တကယ်လို့သာ ကျောင်းတံခါးပိတ်ချိန်ကို မမှီလိုက်ဖူး ဆိုရင်တော့ ဆရာဘုရား ရှေ့မှောက်မှာ အညိုဟာ ရှက်စရာကြီး ဖြစ်နေတော့မှာပါဘဲ၊ ကိစ္စကလဲ ရေးကြီးခွင်ကျယ် မဟုတ်ဘဲ ရုပ်ရှင် ကြည့်တာ ဖြစ်နေတော့ လျှောက်လဲ ပေးရမှာ မလွယ်ကူလိုက်တာ ..."
အညိုက ညည်းညည်းညူကလေး ပြောမိသောအခါ ကိုတင်မြင့်က ကားကို ခပ်ပြင်းပြင်းကလေး မောင်းနှင် ပေးလေ သည်။
"နောက်ကိုဆိုရင် ၁၂နာရီခွဲပွဲဘဲ ကြည့်တော့ပေါ့ အညို"
ကိုတင်မြင့်က သည်မျှသာ ပြောသော်လည်း တင်တင်စိုးကမူ ပါးကလေးကို အရစ်နှစ်စင်း ထင်သွားအောင် မဲ့ လိုက်သည်။
"အင်း မမညိုနေရတာကလဲ ထောင်ကျနေသလိုကြီးဘဲ"
"သြော် ... ဒီလိုလဲ ဘယ်ဟုတ်မလဲ စိုးလေးရယ်"
အညိုက အပြုံးယဲ့ယဲ့ကလေးနှင့် ပြန်ပြောသည်။
သို့သော် သူတို့သည် ကျောင်းတံခါး မပိတ်မီ ကလေးတွင် အချိန်မီ ရောက်ရှိသွားကြသည်မို့ ပြုံးနိုင် ရယ်နိုင် ဖြစ်သွား ကြလေသည်။
အညိုသည် မိုးသံလေသံ တဗြုန်းဗြုန်း တအုံးအုံးထဲတွင် နောက်ကြောင်းပြန်၍ အတွေးကောင်းနေ မိလေ၏။
"ဟဲ့ ဟဲ့ ကားဟွန်းသံမဟုတ်လား အညို ..."
ဖွားလေးဘုရား က အော်ပြောတော့မှာပင် အညိုသည် ကားဟွန်းသံကို သဲ့သဲ့ကို ကြားမိတော့သည်။
"ဟုတ်ပါတယ် ဖွားလေးဘုရား၊ ကိုမြင့်လာနေပြီ ..."
အညိုသည် ခပ်သွက်သွက်ကလေး ထသွားကာ တံခါးဖွင့် ပေးလိုက်လေ၏။
ကိုတင်မြင့်သည် ခေါင်းစွပ်နှင့် မိုးကာအင်္ကျီကို ခြုံလွှမ်းကာ လက်ကိုင်အိတ်ကြီးကို ဆွဲ၍ ကားထဲမှ ဆင်း လာသည်။
"ကိုမြင့် နောက်ကျသွားတယ် အညို ...၊ ရုံးက စာရေးတယောက်ရဲ့ ခလေးကလေး အပြင်းဖျားနေ လို့တဲ့၊ သူ့မိန်းမ က ရုံးကို ဖုန်းဆက်ပြီး အကူအညီတောင်းတာနဲ့ ကိုမြင့် လိုက်သွားပြီး ဆေးရုံတင် ပေးနေရလို့ပါ ..."
ကိုတင်မြင့် က မိုးကာ အင်္ကျီကြီးကို ချွတ်ထားကာ ရောက်ရောက်ချင်းပင် ခွင့်ပန်စကား ဆိုလေသည်။
"ဟုတ်ကဲ့ အချိန်ရသလောက်ပေါ့ ကိုမြင့်ရယ် ... မိုးကလဲ အေးလိုက်တာ ... ရေနွေးပူပူလေး သောက်လိုက် ပါအုံးလား"
အညိုက လဘက်ရည် ကရား ထည့်ထားသော ကျိန်ခြင်းကလေးကို ချပေးလိုက်သည်။
ကိုတင်မြင့်က ရေနွေးကြမ်းတခွက်ကို ငှဲ့သောက်လိုက်၏။ ခနနေတော့ ကိုတင်မြင့်က လက်ကိုင် သားရေအိတ်ကြီး ထဲမှ စာအုပ်ကို ထုတ်ယူဖြန့်ကြည့်လိုက်သည်။
"ကဲ စကြပါစို့ အညို ..."
"စတာပေါ့၊ မနေ့ကတတ်ထားတဲ့ စာကိုဘဲ ဆိုပြပါအုံး"
ကိုတင်မြင့်က စာအုပ်ကို ကိုင်ကြည့်နေရာမှ ပိတ်လိုက်ပြီး အလွတ် ရွတ်ဆိုပြလိုသည်။
နအံမှိ-အံမှိ၊ အံ ၀ံဘတ်ကြောင့် သ၀ိဘတ္တီနံဝိဘတ်နှင့်တကွ ဖြစ်ကုန်သော တုမှမှာကံ တုမှအမှ သဒ္ဒါတို့၏ တေမေ-တေအပြု မေအပြုတို့သည်၊ နဟောတိ-မဖြစ်ကုန်။
ပုံစံစကား ပသေယျံတံ ၀ဿသတံ အာရောဂျံ သောမံ မြ၀ီတိ၊ အစရှိသည်တည်း။
အဟံ-ငါ သုတသောမ မင်းမြတ်သည်၊ တံ-သင် ပေါရိသာဒကို၊ ၀ဿသတံ-နှစ်ပေါင်း တရာပတ်လုံး၊ အာရောဂျံ - အနာမရှိသည်၏အဖြစ်ကို ၀ေဿယျံ မြင်လိုပါ၏။
"ဟုတ်ပါပြီ ... တံကို ရုပ်တွက်ကြစို့၊ ကိုမြင့် လိုက်ဆိုပြီး ရေးမှတ်ပေါ့၊ အညိုချပေးမယ် ..."
တံကိုတုမ့ သဒ္ဒါသည်။ ကို ဟူ၍ အနက်ပေးသောကြောင့်၊ ကံ အနက်ကို အလိုရှိရကား ... ယံကရောတိ တံကမ္မံ ဟူသော သုတ်ဖြင့် တုမှ သဒ္ဒါကို ကံမည်မှည့်၊ ကမ္မတ္ထေ ဒုတိယ ဟူသော သုတ်ဖြင့် ကံ အနက်၌ ဒုတိယာဧက၀ုစ်အံဝိဘတ်သက်၊ တေမေက ၀စနေသုစ ဟူသော သုတ်ဖြင့် နောက် အံဝိဘတ် နှောင်းသောကြောင့်၊ ၀ိဘတ်နှင့်တကွ အလုံးစုံသော တုမှ သဒ္ဒါကို တေပြုလို လတ်ရှိသော် နအံမှီ ဟူသော ဤသုတ်ဖြင့် မြစ်သောကြောင့် မပြုစေရာ။ တံ မမံမှိ ဟူသော သုတ်ဖြင့် နောက်အံဝိဘတ်နှောင်း သောကြောင့်၊ ၀ိဘတ်နှင့်တကွ အလုံးစုံသော တံမှ သဒ္ဒါကို တံပြု၊ တံပြီး၏။
"ဒါကို ဖျက်ပြစ်ပြီး ကျေအောင် ပြန်တွက်ပေတော့"
"နေ့ပါအုံး အညိုရယ် ... နက်ဖန်တာ့ အားလုံးကျေအောင် ကိုမြင့် လုပ်လာပါ့မယ်၊ မိုးသံလေသံတွေ ထဲမှာ အော်ပြော နေရတာ အညိုလဲ ပင်ပန်းလှပါတယ်၊ သိန္နေ တဖြေးဖြေးဘဲ ထားလိုက်ကြပါစို့ ..."
အကယ်ပင်လည်း မိုးသံလေသံတို့က ပြင်းထန်လှပေသည်။ သွပ်မိုးပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ကျနေ သံမှာ ဆူညံလှသောကြောင့် သူတို့တတွေမှာ အသံတဆိုးလောက်နီးနီး အော်ပြောနေကြရလေ သည်။
သည်တော့လည်း အညိုက အကြည်အသာ ခေါင်းညိတ်လိုက်ရသည်။ ဖွားလေးဘုရားမှာ သူတို့ အပါးတွင် သင်ဖြူး တချပ် ခေါင်းအုံးတလုံးနှင့် တုံးလုံးလှဲ ပုတီးစိပ်နေ၏။
အညို က အခန်းထဲမှ ဂွမ်းစောင်တထည်ကို သွားယူလာကာ ဖွားလေးဘုရားကို ခြုံပေးထားလိုက် သည်။
"သြော် ... ကိုမြင့် မေ့နေလိုက်တာ အညို ..."
ခဏနေတော့ ကိုတင်မြင့်သည် မိုးကာအင်္ကျီကြီးကို ခြုံလွှမ်းကာ ကားဆီသို့ ရေးကြီးသုတ်ပျာ ထွက်သွား ပြန်လေသည်။ သူပြန်ရောက်လာသောအခါ ပလပ်စတစ် စက္ကူပါး အိတ်ကြီးနှင့် ထည့်ယူ လာသော စပယ်ပန်း တွေ ပါလာသည်။
"ရော့အညို ... အလုပ်လုပ်ပေတော့ ..."
အညိုက အပ်ဘူးထဲမှ အပ်ချည်စများကို သွားယူကာ ဘုရားတင်ရင် ပန်းကုံးများ ကုံးသီနေလေ သည်။ ကိုတင်မြင့်မှာ ဆိတ်ဆိတ်ငြိမ်ငြိမ် ထိုင်နေ၏။ အတော်ကြီးကြာမှ မိုးအား လေအား လျော့ပါး သွားတော့ သည်။
"စောစောတုန်းက ကိုမြင့်တို့ ဆိုနေကြတဲ့ သုတသောမဇာတ်ကို ငါးရာ့ငါးဆယ် ဇာတ်တော်ကြီးထဲ မှာ ကိုမြင့် ဖတ်ဘူးတယ် အညို ..."
"အသီတိ နိပါတ်ထဲမှာပေါ့"
ဖွားလေးဘုရား ၀င်ထောက်ပေးသည်။
"ဟုတ်ပါတယ်၊ ဖွားလေးဘုရား၊ ဒီဇာတ်တော်ထဲမှာ လူသားစားနေတဲ့ ပေါရိသာမင်းဟာ မင်းပေါင်းတရာရဲ့ အသက် ကို သတ်ဘို့ဆဲဆဲမှာ ခုခေတ်အခေါ်နဲ့တော့ လက်ထောက် နည်းပြ ဆရာခေါ်မလားမသိ၊ ဇာတ်တော် ထဲမှာတော့ ဆရာစောင် ဆိုတာပါဘဲ၊ အဲဒီ ... သူရဲ့ ဆရာစောင် ဖြစ်ဘူးတဲ့ သုတသောမ မင်း ကိုတော့ ဆရာဖြစ်ဘူးတဲ့ ကျေးဇူးကို ထောက်ထားပြီး ... အသက်ကို မသတ်ရုံမက ဆုလေးပါးကိုတောင် ပေးတယ်လို့ ... တွေ့ရဘူးပါတယ်"
"ဒါဟာ လူတွေမှာ ထားရှိသင့်တဲ့ သစ္စာတရားဘဲပေါ့ ... ကိုမြင့်ရဲ့ ..."
အညိုက ၀င်ပြောလိုက်သည်။
"ဟုတ်ကဲ့ ကိုမြင့်ကလဲ ဆရာဖြစ်တဲ့ အညို့ပေါ်မှာ တသက်လုံး သစ္စာစောင့်သိရမယ် ဆိုတာကို တွေးမိလို့ပါ ..."
ကိုတင်မြင့်က မပြုံးမရယ် ခပ်တည်တည် ပြောသော်လည်း အညို ကတော့ ခပ်ရွှန်းရွှန်းကလေး ပြုံးလိုက် သည်။
"ဒီလိုဆိုရင် အညိုက သာဓု ခေါ်ရမှာဘဲပေါ့ ..."
တခဏမျှ ဆိတ်ငြိမ်ဟန် ပြနေရာမှ လေရော မိုးပါ ထန်သည်းလာပြန်သည်။
ဆက်ရန်
.
1 comment:
အပိုင်း ၁ ဖတ်ပြီး စိတ်ဝင်စား စရာ ကောင်းလို့ နောက်အပိုင်းလည်း လာဖတ်သွားတယ် အစ်မရွှေစင်။ စာကောင်းပေမွန်တွေ ရိုက်တင်ပေးတဲ့ အစ်မရွှေစင်ကို အမြဲ ကျေးဇူးတင်လျက်း)
Post a Comment