Friday, March 25, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၂၂)

ဖေဖေသည် အလုပ်မှ ပြန်လာပြီဆိုလျှင် ကစားစရာလေး တစ်ခုခုဖြစ်စေ၊ ချိုချဉ်လို ချောကလက် လို စားစရာ တစ်ခုခု ဖြစ်စေ ယူဆောင်လာတတ်သည်။ ထိုပစ္စည်းများကို ပေးသည့်အခါ သူက လွမ်းမောဖွယ် ဇာတ်လမ်းမျိုးကို တည်ဆောက်ပြီးမှ ဇာချဲ့၍ ပေးတတ်သည်။ ကျွန်တော်တို့မှ အထဲက ပစ္စည်းကိုရ၍ ပျော်ရ သည်ထက် သူအဲဒီလို ပေးပုံမျိုးကြောင့် ပျော်ရသည်က ပိုလေသည်။ ယခုလည်း ဖေဖေ စက္ကူအိတ်ကိုင် ထားသည့် ဓာတ်ပုံကို ကြည့်ပြီး သူ ကျွန်တော်တို့အား လျှို့ဝှက်သည်းဖိုဆန်ဆန် လက်ဆောင်ပစ္စည်း ပေးခဲ့ပုံ များကို စိတ်ထဲမှာ ပြန်လည် သတိရမိသည်။

ကျွန်တော့်ဖခင်သည် စာရွက်တွေ တစ်ထပ်ကြီးကိုလည်း စုဆောင်းထားခဲ့သည်။ သူ ၏ အာမခံလုပ်ငန်းနှင့် ပတ်သက် သည့် ပေးစာ ပြန်စာများ သူ၏အခမဲ့ လှူဒါန်းပေး ကမ်းခြင်း လုပ်ငန်းစီမံကိန်များနှင့် ဆိုင်ရာ စာရွက်စာတမ်း များ စသည်တို့ဖြစ်ပါသည်။ ထိုစက္ကူထပ်ကြီးအောက်တွင် ဖေဖေ စစ်တပ်တွင် အမှုထမ်း နေစဉ် ၁၉၄၅ ခုနှစ်က ထုတ်ပြန်သည့် ဂုဏ်ပြုမှတ်တမ်းစာရွက် တစ်ခုကိုလည်း တွေ့ရသည်။ ထိုဂုဏ်ပြု မှတ်တမ်း မှာ အမှတ် ၇၅ ခြေမြန်တပ်မ၏ တပ်မှုးကြီးက ဖေဖေ၏ သူရသတ္တိရှိသော စွမ်းဆောင်မှုအတွက် ထုတ်ပြန် သော ဂုဏ်ပြုမှတ်တမ်းဖြစ်ပါသည်။

၁၉၄၅ ခုနှစ် ဧပြီလ ၁၁ရက်နေ့တွင် ဖေဖေတို့၏ ခြေမြန်တပ်ခွဲကို ဂျာမန်တပ်များက တိုက်ခိုက်သည်။ တိုက်ပွဲ စစချင်းလောက်မှာပင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကြသ ဖြင့် ရဲဘော်ရှစ်ဦး ထိခိုက်ဒဏ်ရာ ရကြသည်။ ထိုဂုဏ်ပြု မှတ်တမ်းစာတွင်း အနီးဝန်းကျင်၌ ကျည်ဆန်များ မိုးသီးမိုးပေါက်ပမာ တဖွဲဖွဲ ကျရောက်နေသည့် ကြားမှာ ပင် တပ်သားပေါက်ရှိသည် မိမိ၏အသက်အန္တရယ်ကို ပဓာနမထားဘဲ မိမိ အကာအကွယ် ယူထားသည့် နေရာမှခုန်ထွက်ကာ ဒဏ်ရာရစစ်သားများကို ပြုစုပေးနိုင်ခဲ့ပေ သည်။ ဤစစ်သားကောင်း က ဆေးကုသစောင့်ရှောက်မှုကို အောင်မြင်စွာ ဆောင် ရွက်ပေးနိုင်ခဲ့ခြင်း ကြောင့် သာလျှင် ဒဏ်ရာရစစ်သားများကို ပြုစုပေးခဲ့ခြင်းဖြစ်သည် ဟူ၍ ဖော်ပြထားပေသည်။

ဤစွမ်းဆောင်ချက်ကို အသိအမှတ်ပြုသည့်အနေဖြင့် ထိုစဉ်က အသက်၂၂ နှစ်သာ ရှိသေးသော ကျွန်တော့် ဖေဖေ သည် သူရသတ္တိဆိုင်ရာ ကြေးတံဆိပ်ကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ကျွန်တော့် မိဘများ၏ အနှစ်ငါးဆယ် အိမ်ထောင်သက်ကာလအတွင်း ဖေဖေနှင့် ကျွန်တော့်သည် အကြိမ်ပေါင်း ထောင်သောင်း စကားပြောခဲ့ဖူးပါ၏။ သို့ရာတွင် ဤဆုတံဆိပ်အကြောင်း တစ်ကြိမ်တစ်ခါမှ စကား မဟခဲ့ဖူးခဲ့။ ဖေဖေ ကွယ်လွန်ပြီး နောက် သီတင်းနှစ်ပတ် သုံးပတ်ကြာခါမှ ဖေဖေ့ထံမှ ကျွန်တော် သင်ခန်းစာ တစ်ခုကို ရလိုက်ပြန်ပါသည်။ ထိုသင်ခန်းစာမှာ စွန့်လွှတ် အနစ်နာခံခြင်း၏အဓိပ္ပာယ် သည် အဘယ်နည်း၊ နှိမ့်ချနိုင်စွမ်းရှိမှု၏ အဓိပ္ပာယ်သည် အဘယ်နည်းဟူသော သင်ခန်းစာပင် ဖြစ်ပါသတည်း။

ကျွန်တော်က ဂျေးအား မေးပါသည်။ ကျွန်တော့်မှာ ဘာရောဂါရနေသည် ဟူသော အဖြေကိုသိရပြီး နောက်ပိုင်း တွင် သူဘာတွေကိုများ သိခဲ့ရပါပြီလဲ ဟူသော အမေး ဖြစ်ပါ၏။ ထိုအခါမှာ သိရတော့သည်။ "နောက်ဆုံး ဟောပြောချက်ကို မေ့ပစ်လိုက် ပါ။ ဒီဟာမှ တကယ့်ဖြစ်ရပ်ဇာတ်လမ်းပါ" ဟူသော စာအုပ် တစ်အုပ် ကို ရေးနေနိုင်ပါ တဲ့။

ကျွန်တော့်ဇနီးသည် စိတ်ခိုင်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ကျွန်တော်သည် သူ၏တုတ်ထိုး အိုပေါက် ပြောတတ်မှု၊ သူ၏ရိုးသားမှုနှင့် ကျွန်တော်အား ပြောင်ပြောင် ရှင်းရှင်းပြောလိုသည့် သူ့ဆန္ဒတို့ကို ကျွန်တော် တို့၏ အိမ်ထောင်ရေးသည် နောင် ဆယ်စုနှစ်တွေနှင့်ချီပြီး ကြားရှည်တည်နေကြဦးမည်ကဲ့သို့ အရာရာသည် ဘာမှမဖြစ် ဘဲ နဂိုပုံမှန်အတိုင်း ရှိနေဘိသကဲ့သို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးလိုက်၊ သဘော မကျ စိတ်ဆိုးလိုက်၊ အရူးအမူးဖြစ်သည့်အခါ ဖြစ်လိုက်နှင့် ကျွန်တော်တို့ သည် ကျွန်တော်တို့ဘ၀ကို ဖန်တီး ယူကြသည်။

ဂျေးက သူု ကျွန်တော့်ကိစ္စကို ဘယ်လိုလုပ်ရပါ့မလဲဟု စဉ်းစားနေဆဲဖြစ်ကြောင်း ပြောသည်။ သို့ရာတွင် ယခုတော့ သူက ကျွန်တော့်ကိစ္စအတွက် လုပ်နေပြီ ဖြစ်ပါ၏။
"ရန်ဒီ၊ မောင်က အမြဲတန်း သိပံ္ပပညာရှင် ဖြစ်နေသူပဲ"ဟု ဂျေးက ပြောသည်။ "မောင် သိပံ္ပပညာကို လိုချင် သလား၊ ကျွန်မပေးမယ်" သူသည် ကျွန်တော့်အား သူ့မှာ တစ်ခုခုအတွက် "ပုံမှန်မဟုတ်တဲ့ စိတ်လှုပ်ရှားမှုကို ခံစား နေရတယ်"ဟု ပြောလေ့ရှိ၏။ ယခုသော်ကား သူသည် ကျွန်တော့်ထံသို့် စာရင်းနှင့် ကိန်းဂဏန်းတွေ ယူလာခဲ့ လေပြီ။

ဥပမာ သာဓကအားဖြင့်ဆိုရသော် ကျွန်တော်တို့သည် ယခု ခရစ္စမတ်လွန်လျှင် ကျွန်တော့်ဘက်က မိသားစု ထံသို့ သွားရောက် လည်ပတ်ကြမည်။ သို့ရာတွင် သူတို့ တစ်အိမ်သားလုံး တုတ်ကွေးရောဂါ ကူးစက်ခွင့် ရှိနိုင်မည့် နေရာမျိုးမှာ မရှိစေချင်၊ မရောက်စေချင်ပါ။ ကျွန်တော်က သွားမည့်ကိစ္စကို သွားလိုက်တာ ကောင်းမည်၊ သွားသင့်သည်ဟု ထင်သည်။ ကျွန်တော်သည် ကျွန်တော့်မိသားစုနှင့် နောက်ထပ် တွေ့နိုင်မည့် အခွင့်အလမ်းမျိုး နောက်ထပ် များများစားစား ရှိတော့မည်မဟုတ်။
"တို့ ခပ်ဝေးဝေး က နေမှာပေါ့ကွာ၊ ဒါဆို ဘာမှဖြစ်မှာ မဟုတ်ပါဘူး" ဟု ကျွန်တော်က ပြောသည်။

ဂျေးက သူ့မှာ ကိန်ဂဏန်းအချက်အလက် ရဖို့လိုမည်ဟု ဆိုသည်။ သူသည် သူငယ်ချင်း သူနာပြု တစ်ယောက် ထံ ဖုန်းလှမ်းဆက်သည်။ လမ်းထဲမှာနေသည့် ဆရာဝန်နှစ်ဦးထံသို့လည်း ဖုန်းဆက်သည်။ ထို ဆရာဝန်များ ထံမှ ဆေးဘက်ဆိုင်ရာ အကြံဥာဏ်ကို ရယူသည်။ ဆရာဝန်များက  ကလေးတွေကို ခေါ်သွား၍ ကား သင့် မည် မဟုတ်ကြောင်းပြောသည်။ "ကျွန်မ ဆန္ဒစွဲမရှိတဲ့၊ တတိယလူ အနေအထားမှာ ရှိတဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဖုန်းဆက်လို့ရတယ်၊ ဟောဒီမှာ သူတို့ရဲ့ ပြောဆိုချက်ပဲ"ဟု ဂျေး က ပြောကာ ကိန်းဂဏန်း အချက်အလက်များကို ပေးပါ သည်။ ကျွန်တော်မငြင်းသာ၊ သဘောတူ လိုက်ရ လေသည်။

ကျွန်တော်သည် ကျွန်တော့်မိသားစုထံ ကတိုက်ကရိုက် သွားလိုက်ရသည်။ ဂျေးမှာမူ ကလေးများနှင့် အိမ်မှာ နေရစ် သည်။ (ကျွန်တော် တုတ်ကွေးလည်း မမိခဲ့ပါ။)
စာဖတ်သူများ ဘာတွေးနေမည်ကို ကျွန်တော်သိပါသည်။ ကျွန်တော့်လို သိပံ္ပပညာ ရှင်များသည် အမြဲသဖြင့် သိပံ္ပပညာ အတိုင်း နေထိုင်ဖို့မှာ မလွယ်ကူပါ။
ဂျေးသည် ကျွန်တော့်ကိစ္စကို ကိုင်တွယ်ရာ၌ ပွင့်ပွင့်လင်းလင်းနည်းကို သုံးလေသည်။ ကျွန်တော်က လမ်းလွဲ သွားသည့် အခါမျိုးတွင် သူက ကျွန်တော်လမ်းလွဲနေ ကြောင်းသိအောင် ပြောပြသည်။ သို့မဟုတ်ပါလျှင် သတိပေး စကား ပြော၏။ "ကျွန်မ ကို တစ်ခုခုက စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတယ်၊ ဘာရယ် လို့တော့ မသိဘူး၊ ကျွန်မ စဉ်းစားလို့ ရတဲ့အခါ မောင့်ကို ပြောပါမယ်"ဟု ပြောတတ်သည်။

တစ်ချိန်တည်းမှာပင် ကျွန်တော်၏ ရောဂါတွေ့ရှိချက် ဘယ်လိုပင် ရှိစေ သူ့အနေနှင့် ထိုကိစ္စကို မေ့ပစ် ထားတတ် အောင် လုပ်နေသည်ဟု ဂျေးက ပြောပါသည်။ ကျွန်တော်တို့၏။ အတိုင်ပင်ခံ ဆရာဝန် ဒေါက်တာရီးစ် က ပေးလိုက်သောအကြံ ဥာဏ်ဖြစ်ပါသည်း။ ဒေါက်တာရီးစ်သည် အိမ်ထောင်ရှင် မောင်နှံ နှစ်ဦးတွင် တစ်ဦးဦး က ကုမရသောရောဂါမျိုးရရှိနေပါက မိမိတို့၏ အိမ်ထောင်ရေးဘ၀ကို ပြန်လည်တိုင်း တာ သတ်မှတ်ချက်များ ပြုတတ်အောင် ကူညီပေးနိုင်သော အရည်အချင်းကောင်းရှိ သူ ဖြစ်၏။ ကျွန်တော် တို့လို အိမ်ထောင်ရေးများသည် ပုံမှတ်သစ်သို့ပြန်ရောက် အောင် ပြုပေးနိုင်သော နည်းလမ်းများကို ရှာဖွေ သွားကြရမည်ဖြစ်သည်။

ကျွန်တော်သည် ပစ်စလက်ခတ်နေထိုင်သူ တစ်ဦးဖြစ်သည်။ ကျွန်တော့် အ၀တ်အစား များသည် ၀တ်ပြီး တာရော မ၀တ်ရသေးတာပါ (အသန့်ရော အပေတွေပါ) အိပ် ရာခုတင်ဘေးတွင် ပြန့်ကျဲနေသည်။ ထိုအခါမျိုး တွင် ဂျေး အရမ်းစိတ်ညစ်ဒေါပွတော့ သည်။ ကျွန်တော် ယခုလို မကျန်းမမာမဖြစ်ခင်ကဆိုလျှင် ဂျေးသည် ကျွန်တော့်အား မြည်တွန်မြဲဖြစ်သည်။ ဒေါက်တာရီးစ်က ထိုကဲ့သို့သော အသေးအဖွဲ့ ကိစ္စ ကလေးများ ကြောင့် အများပြုမိတာမျိုး မဖြစ်ပါစေနဲ့ဟု ဂျေးအား အကြံပေးပါသည်။

ကျွန်တော်ကလည်း သန့်သန့်ရှင်းရှင်း နေတတ်အောင် ကြိုးစားရမည်ကား အထူးဆို ဖွယ်မရှိတော့ပေ။ ထင်ရှား နေပြီး ဖြစ်တော့သည်။ ကျွန်တော်သည် ဂျေးအား အကြိမ် ကြိမ် တောင်းပန်ခဲ့ရသူ ဖြစ်သည်။ သို့ရာတွင် သူ့စိတ်မှာ အနှောင့်အယှက် ဖြစ်စရာ အသေးအဖွဲ ကိစ္စကလေးများကို ပြောခြင်းမျိုးကို ဂျေး မပြု တော့ချေ။  နေရသမျှ နောက်ဆုံး လပိုင်းအချိန်ကလေးများကို ကျွန်တော်တို့သည် ဘောင်းဘီတွေကိုလည်း ချိတ် မထားဘူ၊ ဟိုနေရာ သည်နေရာ ပုံထားပြန်ပြီ စသော ကိစ္စများအတွက် ငြင်းခုန်နေရင်းဖြင့် ကုန်လွန် သွားစေချင်ပါသလော။ မည်သူမျှထိုသို့ မဖြစ်စေလိုပါပေ။ ထို့ကြောင့် ယခုတော့ ဂျေးသည် ကျွန်တော့် အ၀တ်အစား များကို ထောင့်တစ်ထောင့်ထဲ ကန်ပို့လိုက်ကာ လုပ်စရာ ရှိတာကိုသာ ဆက်လုပ်တော့ပေပြီ။

ကျွန်တော် တို့ မိတ်ဆွေတစ်ဦးက အကြံပေး၏။ ဂျေးသည် နေစဉ်ဘယ်နေ့က ဘာဖြစ်သည် စသည်ကို မှတ်သား ထားသည့် မှတ်တမ်းဂျာနယ်တစ်ခု ထားပါလား ဟူ၏။ ဂျေးကလည်း ထိုအကြံ မဆိုးဘူး ဟုပြောသည်။ ဂျေးသည် ထိုနေ့စဉ်မှတ်တမ်း ဂျာနယ်စာအုပ်ထဲ၌ ကျွန်တော်နှင့် ပတ်သတ်၍   သူ့စိတ်နှင့် မတွေ့သော အကြောင်း အရာများကို ရေးမှတ်သည်။     တစ်ညတွင် ယနေ့ည ရန်ဒီသည် စားပြီး ပန်းကန်ကို ပန်းကန်ဆေး ဇလုံထဲသို့ မထည့်၊ စားပွဲပေါ်တွင်သာ ပစ်ထားခဲ့ပြီး သူ့ကွန်ပျူတာဆီ ထွက်သွားသည် ဟူသော မှတ်သားချက်မျိုးကို ရေးသားသည်။ ကျွန်တော်သည် အင်တာနက်မှနေ၍ ကျွန်တော် ရောဂါ အတွက် ပြုပေးနိုင်သော ဆေးဝါးကုသမှုမျိုး ရှာ ဖွေနေခြင်းဖြင့် ကျွန်တော်မှာအလုပ်ရှုပ်နေကြောင်း ဂျေး သိသည်။ သို့ပင်ဖြစ်သော် လည်း စားပွဲပေါ်မှ စားပြီးပန်းကန်ကို သည်အတိုင်းတွေ့လိုက်တော့ သူ့စိတ်မှာ အနှောင့်အယှက် ဖြစ်သည်။ ထို့ကြောင့် ထိုသို့ရေးခြင်းအတွက် ကျွန်တော် သူ့ကို အပြစ်မဆိုသာ။ သူ ထိုသို့ ရေးလိုက် ရသည့်အခါ သူ့စိတ်မှာ ဖြစ်နေသော ခံစားမှု သက်သာသွားသည်။ ကျွန်တော်တို့နှစ်ယောက် အချီအချ ငြင်းခုန်ပြောဆိုခြင်းလည်း မပြုရတော့ပေ။

ဂျေးသည် ရှေ့ဖြစ်မည့် မကောင်းသောအရာတွေကို စဉ်းစားနေခြင်းထက် တစ်နေ့ ချင်းကိစ္စကိုပဲ အာရုံ စိုက်ဖို့ ကြိုးစားသည်။ "နေ့တိုင်း နေ့တိုင်းကို မနက်ဖြန် တွေးကြောက်ရင်းနဲ့ ကုန်စေရမယ်ဆိုရင် ဘယ် ဟုတ်တော့ ပါ့မလဲ "ဟု သူက ပြောပါသည်။

 သို့ပင်သော်လည်း ဤနှစ် နောက်ဆုံး နှစ်သစ်ကူးအကြိုနေ့၌ ကျွန်တော်တို့အိမ်တွင် အလွန် စိတ် လှုပ်ရှားဖွယ်ရာ နှင့် ပျော်စရာရော ကြေကွဲစရာကောင်းသည့် ဖြစ်ရပ်မျိုးနှင့် ကြုံခဲ့ကြရသည်။ ထိုနေ့က ဒီလန် ၏ မွေးနေ့ ဖြစ၏။ ထို့ကြောင့် သူ၏ ခြောက်နှစ်မြောက် မွေးနေ့ပွဲလေး ကျင်းပနေသည်။ ကျွန်တော် သည် နှစ်သစ်သို့ အရောက်လှမ်းနိုင်ခြဲ့ပီဖြစ်၍လည်း ကျွန်တော်တို့ သည် ကျေးဇူးတင်နေရသည်။ သို့ရာတွင် ကျွန်တော်တို့ လာမည့် နှစ်သစ်ကူး အကြိုနေ့ကို ကျွန်တော်ပါနိုင် တော့မည်မဟုတ်ဟူသော အခန်း ထဲမှ ဆင် အကြောင်း ဆွေးနွေးခြင်းကိုကား မပြုနိုင် ခဲ့ကြပါပေ။

ထိုနေ့က ကျွန်တော်သည် ဒီလန်အား ရုပ်ရှင်ကြည့်ရအောင် ခေါ်သွားသည်။ မစ္စတာ မာဂိုရီယမ်၏ အံ့ဖွယ် ဆိုင်ကြီးဟူသော ရုပ်ရှင်ကားကို ကြည့်ရန်ဖြစ်ပါသည်။ ထိုကား မှာ ကစားစရာပစ္စည်း ထုတ်လုပ်ရောင်းချသူ တစ်ဦး အကြောင်း ရိုက်ထားသော ရုပ်ရှင်ကားဖြစ်သည်။ ကျွန်တော်သည် ဤကားအကြောင်းကို အင်တာနက် ပေါ်တွင် ဖတ်ဖူးသည်။ သို့ရာတွင် ထိုဖတ်ဖူးသော စာ၌ မစ္စတာ မာဂိုရီယမ်သည် သူသေရ တော့မည့် အချိန်စေ့ပြီဆိုကာ သူ့ဆိုင်ကြီးကို လက်သင်အလုပ်သမားလေးတစ်ဦးအား လွှဲပေးခဲ့သည် ဟူ၍တော့ ကား ဖော်ပြမထားပါ။ ထားပါတော့။ ကျွန်တော်သည် ရုပ်ရှင် ရုံထဲ၌ ဒီလန်လေးအား ရင်ခွင်ပေါ် မှာ တင်ထားရင်းကြည့်နေရာ ဒီလန်ကလေးက မစ္စ တာ မာဂိုရီယမ် သေခါနီးပုံကိုကြည့်ပြီး ငိုနေလေသည်။ (ဒီလန်သည် ကျွန်တော်မှာ ကင်ဆာရောဂါရှိမှန်း မသိပါ။)

အကယ်၍သာ ကျွန်တော့်ဘ၀သည် ရုပ်ရှင်ဇာတ်ကား တစ်ခုဆိုပါလျှင် ယခုလို အကြောင်းရိုက်ထားသည့် ရုပ်ရှင် ကိုကြည့်နေသည့်အခန်း သည် အနာဂတ်မှာ ဖြစ်မည့်အရာကို အလွန်အကျူးဖွဲ့လွန်းသည်။ အတိဿယ ၀ုတ္တိ ဆန်လွန်းသည်ဟု ဝေဖန်ရေးဆရာများ အကြီးအကျယ် အပြစ်တင် ဝေဖန်ကြပေလိမ့် မည်။ သို့ရာတွင် ရုပ်ရှင်ကားထဲ၌ပြောသွားသော စကားတစ်ခွန်းသည် ယခုတိုင် ကျွန်တော့်စိတ်ထဲ၌ စွဲနေသည်။ အလုပ်သင်ကလေး နာတာလီ ပေါ့တ်မန်း က ကစား စရာထုတ်လုပ်သူ (ဒက်စတင်း ဟော့ဖ်မန်း) အား သူဌေးကြီး မသေနိုင်သေးပါဘူး၊ နေရဦးမှာပါ ပြောသည့်အခါ ကစားစရာထုတ်လုပ်သူ သူဌေးကြီးက ပြန်ပြော၏။ "ငါ နေပြီးပြီပဲ"တဲ့။

ဆက်ရန်
.

4 comments:

Anonymous said...

ဒီနေ့ပို့စ်လေးဖတ်တာ စိတ်မကောင်းဘူး မမရာ.....ကလေးလေးက အဖေ့ကိုယ်ပေါ်ရုပ်ရှင်ကြည့်ရင်း ရုပ်ရှင်ထဲကလူကြီးဆသတော့မှာမို့ ငိုတာလေး.....
အနော်။

Anonymous said...

မရွှေစင်ဦး ရေ
စာလာဖတ်သွားပါတယ်ခင်ဗျာ..

ခင်တဲ့
မောင်မောင်

Angelhlaing(May everybody be happy and healthy! said...

မမရေ မပျက်မကွက် အားပေးစောင့်မျှော်လျှက်
ကောင်းသောနေ့လေးဖြစ်ပါစေ။

Anonymous said...

Thanks, Sis.


Ray