Thursday, March 17, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၁၅)

အခန်း(၁၃)
အမိုးဖွင့်ကားထဲက လူ

    ကျွန်တော့်မှာ ကင်ဆာရောဂါရှိနေကြောင်း ဆေးစစ်ချက်များအရ သိရှိပြီးနောက် တစ် ခုသော နံနက် တွင် ကျွန်တော်အီးမေးလ် တစ်စောင်ရသည်။ ကာနက်ဂီမယ်လွန်တက္ကသိုလ်မှ ရော့ဘီကိုဆက်က ပို့လိုက်ခြင်း ဖြစ်သည်။ ထိုအမျိုးသမီးမှာ တက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ပါသည်။ ကျွန်တော်ထံကြို တင်၍ ပို့လိုက်သော ကြေးနန်းတွင် သူကဤဇာတ်လမ်းကလေးကို ပြောပြပါသည်။

    လွန်ခဲ့သည့်သူသည် ကားမောင်းပြီး အိမ်ပြန်လာသည့်အခါ သူ့ကားသည်အမိုးကို ဖွင့်နိုင် ပိတ်နိုင်သည့် ကားတစ်စီး ကို မောင်းနေသည့်လူ၏ နောက်မှာ ရောက်နေကြောင်း တွေ့ရပါသတဲ့။ နွေဦးကျစ နွေးထွေး လှပသော ညနေခင်းတစ်ခုမှာ ကားမောင်း သူဟာ ကားအမိုးကို ချထားပြီး ပြတင်းပေါက်တွေကိုလည်း အောက်သို့ နှိမ့်ချထားပါသတဲ့။ ထိုလူ သည် သူ့လက်မောင်းကို ယာဉ်မောင်းထိုင်သည့် ထိုင်ခုံ၏ဘေးမှ တံခါးပေါက် သို့တင်ထားသည်။ လက်ချောင်းကလေးတွေက ရေဒီယိုကလာနေသော ဂီတသံအတိုင်း စီးချက် လိုက်နေသည်။ သူ့ဆံပင်များကို လေကဝှေ့နေစဉ်ခေါင်းကို လည်း တညိတ်ညိတ် တဆတ်ဆတ် လှုပ်နေသည်။

    သို့ဖြင့် ရော်ဘီက ယာဉ်သွားလမ်းကို ပြောင်းယူလိုက်ပြီး ရှေ့ကယာဉ်နှင့် ကပ်မိသွား အောင် လိုက်မောင်း လိုက်သည်။ ဘေးဘက်က ကပ်၍ ကြည့်လိုက်သောအခါ ထိုလူ၏မျက်နှာပေါ်တွင် ပြုံးပန်း တစ်ပွင့် ကိုလည်း မြင်ရပါသတဲ့။ ပြုံးပုံမှာ လူတစ်ယောက်သည် သူ့အနီးအနား၌ မည်သူမည်ဝါမှ မရှိဘဲ တစ်ကိုယ်တည်း ရှိနေစဉ် စိတ်လွတ်ကိုယ်လွတ် ပြုံးလိုက်သည့်အပြုံးမျိုး ဖြစ်သည်။ ကိုယ့်အတွေး နှင့် ကိုယ်ပျော်ပြီး ပြုံးနေပုံမျိုး ဖြစ်သည်။ ရော်ဘီက တွေးတောင် တွေးမိ လိုက်သေးပါသတဲ့။ ဒါကတော့ ဒီလို အချိန်ကလေး ကို သဘောကျလှတဲ့ လူတစ်ယောက်ရဲ့ အကောင်းဆုံးနမူနာ ပြယုဂ်ပေါ့လေ..။

    အမိုးဖွင့်ကားသည် လမ်းထောင့်တွင် ကွေ့လိုက်သည့် ထိုအခါတွင်မှ ရော်ဘီသည် အမိုးဖွင့် ကားထဲက လူ၏ မျက်နှာ ကို အပြည့်အ၀ မြင်ရသည်။ ထိုအခါတွင် အလိုးလေးတော်၊ လက်စသတ်တော့ ရန်ဒီပေါက်ရှ် ကိုး ဟု ရေရွတ်မိပါသတဲ့။

    ရော်ဘီသည် ကျွန်တော့်ကို မြင်လိုက်ရသဖြင့် အံ့သြထိတ်လန့်သွားသည်။ ကျွန်တော်၏ ကင်ဆာရောဂါ သည် သိပ်မဟန်လှဘူးဆိုသည်ကို သူသိထားပြီး ဖြစ်သည်။ သူ့အီးမေးလ်ထဲတွင် ဖော်ပြထားသော အချက်အရ ဆိုလျှင် ကျွန်တော် အလွန်ကျေနပ်နေပုံကိုတွေ့၍ ရော်ဘီအတော်ပင် တုန်လှုပ်မိသွားသည်ဟု ဆိုပါသည်။ ကျွန်တော်တစ်ယောက်တည်း ကားမောင်းထွက်လာသည့် ဤအချိန်ကလေးအတွင်းမှ ကျွန်တော် သည် စိတ်ဓာတ်တွေ မြူးကြွနေမည်မှာလည်း အမှန်ပင် အထင်အရှားတွေ့နေရပါလိမ့်မည်။ ရော်ဘီ က သူ၏အီးမေးလ်ထဲ၌ ဤသို့ရေး၏။

    ရန်ဒီကို မြင်လိုက်ရတဲ့ အချိန်ကလေးဟာ ကျွန်မ အတွက် ဘယ်လောက် အဖိုးတန်တဲ့နေ့ ဖြစ်သွား အောင် လုပ်ပေးလိုက်နိုင်တယ် ဆိုတာ၊ သြော် ဘ၀ဆိုတာ ဒီလိုပါကလားရယ်လို့ သတိရအောင် လုပ်ပေးလိုက် နိုင်တယ်ဆိုတာ ကို ရန်ဒီကတော့ သိမယ်မဟုတ်ပါဘူး..။
    ကျွန်တော်သည် ရောဘီ၏ အီးမေးလ် ကို အခေါက်ခေါက်ဖတ်မိပါသည်။ ကျွန်တော်သည် ထိုအီးမေးလ်ကို ကျွန်တော့်အား ဝေဖန်အကြံပေးနေသော အကြံပေး ညွှန်ကြားချက်တစ်ခု အဖြစ် ကြည့်နေမိခဲ့ခြင်း ဖြစ် ပါသည်။

    ကျွန်တော့် ကင်ဆာရောဂါ အတွက်ပေးသည့် ခီမိုသာရာဖီကုသမှု ကို အကောင်းဘက်က မြင်ပြီး ခံယူဖို့ ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ပါ။ လူတွေမှာ ဆိုးရွားလှသော ဆေးဝါးကုသမှု နှင့် ပတ်သက်သည့် ပြဿနာဟူ၍ ကြုံလာသည့်အခါ စိတ်ပိုင်းဆိုင်ရာအရ တကယ်တမ်းအားဖြင့် ဘယ်မျှ အောင်မြင်မှု ရနေပြီမရဟူ၍ သိနိုင်ဖို့အင်မတန် ခက်ပါသည်။ ကျွန်တော်သည် တခြားလူ များနှင့် အတူရှိနေသည့်အခါ ကျွန်တော့်ကိုယ့် တစ်စိတ်တစ်ပိုင်းသာ သို့နှယ် သဏ္ဌာန်လုပ် သရုပ်ဆောင် မိခဲ့လေရော့သလားဟု စဉ်းစား မိပါသည်။

ကျွန်တော်သည် ကြံ့ခိုင်လျက်ပင်ရှိသည့် အနာဂတ်အတွက် မျှော်လင့်ချက်အပြည့် ရှိသည်ဟူသော လက္ခဏာ မျိုး ပေါ်လာအောင် တစ်ခါတစ်ရံ ကျွန်တော့်ကိုယ်ကို ကျွန်တော်အတင်းလုပ်ခိုင်းနေခြင်းလည်း ဖြစ်ချင် ဖြစ်ပါမည်။ ကင်ဆာရောဂါ သည် အများအပြားသည် ရဲရဲရင့်ရင့် ရင်မဆိုင်၍ မဖြစ်၊ ရင်ဆိုင်မှ ဖြစ်မည်၊ ရင်ဆိုင်ရဲကြောင်းပြရမည် ဟူသော စိတ်မျိုးရှိလာကြရသည်။ ကျွန်တော်ကလည်း အများနည်းတူ ထိုသို့ ပြုနေခြင်းပါလော။

    သို့ရာတွင် ရော်ဘီက ကျွန်တော်စိတ်လွတ်ကိုယ်လွတ် ဖြစ်နေချိန်တွင် ကျွန်တော့်အား တွေ့သွားခြင်း ဖြစ်သည်။ သူသည်ကျွန်တော့်အား အရှိအတိုင်းပင် မြင်သွားစေချင်ပါသည်။ သူသည် ထိုညနေခင်း ထို အခိုက်အတန့် ၌ရှိနေသော ကျွန်တော်၏ ပကတိအခြေအနေအတိုင်း မြင်တွေ့ သွားခြင်းသာ ဖြစ်လေ သည်။

    ရော်ဘီ၏ အီးမေးလ်သည် စာတစ်ပိုဒ် မျှသာ ဖြစ်ပါ၏။ သို့ရာတွင် ကျွန်တော့်အတွက်ကား အဓိပ္ပာယ် အများကြီး ရှိပါပေသည်။ ရော်ဘီသည် ကျွန်တော့အား ကိုယ့်ကိုယ်ကို ပြန်ကြည့်နိုင်မည့် ပြတင်တစ်ပေါက်ကို ပေးလိုက်ခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်သည် ဘ၀မှာနေနေဆဲ ဖြစ်ပါ၏။ ဘ၀ဟူသည် ကောင်းသော အရာဖြစ်ကြောင်း ကိုလည်း ကျွန်တော်သိထားဆဲပင် ဖြစ်ပါသည်။ ကျွန်တော်သည် အဆင်ပြေ နေဆဲ ဖြစ်ပါသည်။
အခန်း (၁၄)
မထောက်မညှာပြစ်တင် ပြုပြင်ပေးသူ

    ကျွန်တော့်ကို သိသည့်လူတိုင်းက ကျွန်တော်သည် ကိုယ့်ကိုယ့်ကိုယ်နှင့် ကိုယ့်အရည် အချင်းများ ကို ကောင်းစွာသိသူ ဟု ဆိုကြလိမ့်မည်။ ကျွန်တော်သည် ကျွန်တော်တွေးသည့်အတိုင်း၊ ကျွန်တော် ယုံကြည်သည့် အတိုင်းသာ ပြောလိုသည်။ ကျွန်တော်သည် အရည်အချင်းမရှိ ဖြစ်ရမှာမျိုး ကို သည်းခံနိုင်သူ မဟုတ်ပေ။

    ဤ၀ါသနာအထုံကလေးများသည် ကျွန်တော့ကို အတော်ပင် ကောင်းကျိုးပြုသည်။ သို့ရာတွင် ယုံချင်မှသာ ယုံကြပါရော့၊ ကျွန်တော် အ ခဲ့၊ ထုံ ခဲ့ သည့်အခါမျိုးလည်း ရှိခဲ့ပေသည်။ ထိုသို့သော အခါမျိုး ကား ကိုယ့်ဘာသာကိုယ် ကိုယ့်အရည်အချင်းကို ပြန်လည်တိုင်းတာထက်သူများအဖို့ အလွန် အရေးကြီး သော အချိန်မျိုး ဖြစ်ပေသည်။

    ကျွန်တော်အစ်မ တမ်မီသည် အရာရာ အကုန်သိ အကုန်တက် လုပ်တတ်သည့် မောင်ဖြစ် သူ ကျွန်တော့် အား မညည်းမညူဘဲ သည်းခံရှာသည်။ ကျွန်တော်သည် အမြဲသဖြင့် သူ့ကိုဘာလုပ်ပါ လား၊ ညာလုပ်ပါလား နှင့် ပြောနေတတ်သည်။ ကျွန်တော်က သူ့နောက်မှ မွေးလာခြင်းသည်ပင် လျှင် အစီအစဉ်မှားနေ၍ အမှန်အတိုင်း ပြင်ယူရန် ကြိုးစားနေဘိသကဲ့သို့ ရှိတော့သည်။

    ကျွန်တော် က ခုနစ်နှစ်သား၊ တစ်မီ က ကိုးနှစ်သမီး အရွယ် တစ်ခါတုန်းမှာ ကျွန်တော်တို့ သည် ထုံးစံ အတိုင်း ကျောင်းကား ကို စောင့်နေကြစဉ် ကျွန်တော်သည် အော်ကြီးဟစ်ကျယ် အဆက် မပြတ် ရေရွတ် ပြောဆိုနေသည်။ သူသည် သည်ထက် သည်းမခံနိုင်တော့ဟု ပိုင်းဖြတ်ကာ ကျွန်တော့ ထမင်းဘူးကို ဆွဲယူ၍ ရွှံ့နွံထဲသို့ ပစ်ချလိုက်သည်။ ဘတ်စ်ကား ထိုးဆိုက်လာချိန်မှ ထိုသို့ပြုလိုက်ခြင်းဖြစ်သည်။ ကျွန်တော့်အစ်မ သည် ကျောင်းအုပ်ဆရာကြီးရုံးသို့ ရောက်သွားသည်။ ကျွန်တော့ကိုတော့ ကလေးများကို ထိန်းသိမ်း စောင့်ရှောက် ရသည့် ဆရာမထံ လွှတ်လိုက်သည်။ ဆရာမက ရွံ့တွေပေနေသော အသားညှပ်မုန့် ကိုထုတ်ယူ လွှင့်ပစ်ကာ ကျွန်တော့ ထမင်းဘူးကို ဆေးကြောသန့်စင်ပေးသည်။ ကျွန်တော်နေ့လယ်စာ ၀ယ်စား ဖို့မုန့်ဖိုး လည်းပေးပါသည်။

    ကျောင်းအုပ်ကြီးက သူ ကျွန်တော်တို့ အမေကို ဖုန်းဆက်ထားကြောင်း တမ်မီအား ပြောပြသည်။ ဒီပြဿနာ ကို မင်းတို့အမေကိုပဲ ဆရာကြီး ဖြေရှင်းခိုင်းမယ် ဟု ကျောင်းအုပ်ကြီးက ပြောသည်။ ကျောင်းဆင်း ၍ ကျွန်တော်တို့ အိမ်ပြန်ရောက်ကြသည့်အခါ မေမေက ပြောသည်။ ဒီပြဿနာကို မေမေ မင်းတို့ ဖေဖေ ကို ဖြေရှင်းခိုင်မယ် ကျွန်တော့်အစ်မသည် သူ ဘာအပြစ် ပေးခံရလေမလဲဟု တစ်နေ့လုံး တွေးစောင့်ရင်း စိတ်ချောက်ချားနေသည်။

    အလုပ်ပြီး၍ ဖေဖေပြန်ရောက်သော် ဖေဖေသည် ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီး လျှင် ကျွန်တော့် ဖခင် က အားရပါးရ ပြုံးလေသည်။ ကျွန်တော့်ဖခင်က တမ်မီကို ဘာအပြစ် မှ မပေးပါ။ ကျွန်တော့်အစ်မကို ချီးကျူး လေသည်။ ကျွန်တော်သည် အခုလို ထမင်းဘူး ရွံ့အိုင်ထဲပစ် ချပေးဖို့လိုအပ်သည့်ကလေးဟု ဆိုလေသည်။ ဒီလိုလည်း လုပ်ပေးဦးမှဟု ပြောသည်။ ထိုအခါတွင် မှ တမ်မီသည် အလုံးကြီးကျသွားသည်။ ကျွန်တော့် ကိုလည်း ကျွန်တော့်နေရာ သို့ ပို့လိုက်သည်။

သို့ရာတွင် ကျွန်တော်ထိုနေ့က ရရှိခဲ့သော သင်ခန်းစာကိုကား အပြည့်အ၀သဘောမပေါက် ခဲ့သေး ပါ။
    ကျွန်တော် ဘရောင်းတက္ကသိုလ် သို့ ရောက်ရှိလာချိန်တွင် ကျွန်တော့မှာ တချို့သော အရည်အချည်းများ ရှိလာခဲ့ပေပြီ။ လူတွေကလည်း ကျွန်တော် တော်မှန်း တတ်မှန်း သိကြသည်။ ကျွန်တော် တက္ကသိုလ် ကျောင်းသား ဘ၀ မှာ တွေ့ခဲ့ရသည့် ကျွန်တော့သူငယ်ချင်းကောင်း စကော့ ရှားမန်းက ယခုအခါ ပြန်ပြောင်း သတိရကာ ပြော၏။ ကျွန်တော် ထိုစဉ်က အလွန်းသူ ထုံသူဖြစ်ပြီး အခုမှတစ်ခါသာ တွေ့ဖူးသူ ကိုလည်း တိုက်ခိုက်စော်ကားဖို့ မနှေးသူ အဖြစ် အားလုံးက နားလည်လက်ခံ ထားသူဖြစ်ကြောင်း ပြန်ပြောင်း သတိရ ပြောပြပါသည်။

    ကျွန်တော်သည် ကိုယ့်ဘာသာကိုယ် ဘာဖြစ်နေမှန်း သတိမပြုမိဘဲ ရှိတက်ခဲ့ပါသည်။ ထိုသို့ ဖြစ်ခြင်း မှာလည်း တစ်ကြောင်းမှာ ကျွန်တော်သည် ပညာရေး အရလည်း အောင်မြင်မှု ရကာ အားလုံး ဟန်ကျ နေပုံရနေခြင်းကြောင့် ဖြစ်သည်။ ထိုကျောင်း၏ဒဏ္ဍရီ သူရဲကောင်း ကွန်ပျူတာ ပါမောက္ခကြီး အင်ဒီ ဗန်ဒမ်း က ကျွန်တော့်အား သူ၏သင်ကြားရေး လက်တောက်အဖြစ် ခန့်ထား သည်။ သူသည် တေင်းဆိုမှု အလွန်များသူ ဖြစ်၍ လူအများက သူ့အား အင်ဒီဗန်ဒမ်း ဟုမခေါ်ဘဲ အင်ဒီဗိုလ်တောင်းဟု ခေါ်ကြသည်။ ထိုအင်ဒီဗိုလ်တောင်း သည် ကျွန်တော့ကို သဘောကျ၏။

ကျွန်တော်သည် ဘယ်အရာတွင်မဆို စိတ်အားသိပ်ထက်သန်လွန်း၏။ ၀ါသနာကောင်းဟု ဆိုရပါ မည်။ သို့ရာတွင် မျးစွာသော လူများကဲ့သို့ပင် ကျွန်တော့မှာ ရှိသော အားများကလည်း ချို့ယွင်းချက် များ ဖြစ်နေပါသည်။ အင်ဒီ၏ အမြင်တွင် ကျွန်တော်သည် အမှားကိုလည်း တုန်လှုပ် ရမှန်းမသိ၊ ကိုယ့်ကိုယ်ကိုယ် ယုံလွန်းသူ ဖြစ်၏။ သူများနှင့်မတူ၊ ကိုယ်ထင်ရာကို အလျှော့ မပေးချင် သူဖြစ်၏။ ထို့ပြင် ကျွန်တော်သည် အမြဲ သဖြင့် ထင်မြင်ချက်တွေ ကို သွန်ထုတ်နေသူ ဖြစ်သည်ဟု အင်ဒီက မြင်ပါသည်။

    တစ်နေ့သ၌ အင်ဒီသည် ကျွန်တော့အား လမ်းလျှောက်ခေါ်သွားသည်။ သူသည် ကျွန်တော့်ပခုံးကို ဖက်လျက် ပြောသည်။ ရန်ဒီ၊ လူတွေက မင်းကိုသိပ် ဘ၀င်မြင့်တဲ့ကောင် လို့ ထင်နေတာ ရှက်စရာ ကောင်းတယ်ကွ၊ ဘာပြုလို့လဲဆိုရင် အဲဒီလိုကိုယ့်ကိုယ်ကိုယ် အထင်ကြီး ခြင်းဟာ မင်းဘ၀မှာ မင်းအများကြီး အောင်မြင်ပေါက်မြောက်အောင် လုပ်နိုင်ကိုယ်နိုင်မယ့် အရည် အချင်းကို ကန့်သတ် ပေးထားသလို ရှိနေလို့ပဲ

    ယခုပြန်ကြည့်ရသော် အင်ဒီ၏ စကားသည် အလွန်မှန်ပေသည်။ တကယ်တော့ သူကျွန်တော့် ကို ပြောခဲ့သည်မှာ "ရန်ဒီ၊ မင်းဟာ တလွဲတွေ လုပ်နေတဲ့ အသုံးမကျတဲ့ကောင်ပဲ"ဟူ သည်နှင့်မခြားပါပေ။ သို့ရာတွင် သူသည်သူ၏ ပြစ်တင်ဝေဖန်မှုကို ကျွန်တော် လက်ခံနိုင်သည့် နည်းမျိုးဖြင့်ပြောခဲ့သည်။ ကျွန်တော် အထင်ကြီး လေးစားသူတစ်ယောက်က ကျွန်တော် ကြားနာဖို့ လိုမည့်စကားမျိုး ပြောနေသည်ကို ကျွန်တော် နားထောင်နိုင်မည့် နည်းမျိုးဖြင့် ပြောခဲ့ခြင်းသာ ဖြစ်ပေသည်။ Dutch uncle ဟူသော စကား ရှိသည်။ မထောက်မညှာ အပြစ်ပြအကြံပေးသူ ဟူ၍ အဓိပ္ပာယ်ရသည့် စကားဖြစ်သည်။ ယနေ့ခေတ် အခါတွင်ကား ထိုသို့ မထောက်မညှာ ပြောဆို ဝေဖန်သူမျိုးက ရှားသွားပေပြီ။ ထို့ကြောင့် ထိုစကားပင် တိမ်ကော သလောက် ဖြစ်သွားလေပြီ။ (အင်ဒီ ကိုယ်တိုင်က Dutch လူမျိုးတစ်ဦး ဖြစ်နေခြင်းမှာ အကောင်းဆုံး ပါပေတည်း။)

    ကျွန်တော၏ နောက်ဆုံးဟောပြောချက်သည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားပြီးနောက် ပိုင်း၌ ကျွန်တော့် မိတ်ဆွေ တစ်ယောက် နှစ်ယောက် မက တို့က ကျွန်တော့အား စိန့်ရန်ဒီ ဟု ခေါ်ကာ နောက်ပြောင် ရယ်မောကြ၏။ တစ်ချိန်တစ်ခါတုန်းကလည်း ကျွန်တော်သည် အခြားသော နည်းများဖြင့် အမျိုးမျိုး ပြောဆို ခံခဲ့ရဖူးသည်များ ရှိခဲ့ကြောင်းကို သူတို့က သတိပေးနေကြသလို ရှိပါပေ၏။
    သို့ရာတွင် ကျွန်တော့် မှာ ချို့ယွင်းချက် တွေရှိသည်ဆိုလျှင် ထိုချို့ယွင်းချက်များသည် ကိုယ်ကျင့် စာရိတ္တနှင့် မဆိုင်လှဘဲ လူမှုရေးနှင့်သာ ဆိုင်သည့် ချို့ယွင်းချက်များသာ ဖြစ်မည်ဟု ကျွန်တော် ထင်ပါသည်။ ကျွန်တ်ာကုန်လွန်ခဲ့သော နှစ်ကာလများအတွင်း အင်ဒီလိုပုဂ္ဂိုလ်များ ကြောင့် ကျွန်တော့် မှာ အမြတ်ထွက် ခဲ့သည်မှာ ကံကောင်းသည်ဟု ဆိုရပါမည်။ အင်ဒီ ကား ကျွန်တော့အား ဂရုတစိုက် နှင့် ဇိကုတ် ၍ နတ်ပြည် တင်ပေးခဲ့သူပါပေတည်း။

ဆက်ရန်
.

3 comments:

Angelhlaing(May everybody be happy and healthy! said...

အင်းနော် ကင်ဆာရောဂါသည် တစ်ယောက်အတွက်
တော်တော်လေး အားတက်မိမှာပါပဲ...အဲဒီနေရာမှာ
ညိမလေးသာဆို....
မမရေ ဆက်ရန်ကိုစောင့်မျှော်အားပေးနေလျှက်..
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

မောင်မောင် said...

မရွှေစင်ဦးရေ
အပိုင်း ၁၄ လာဖတ်သွားပါတယ်ခင်ဗျ..
ဒီနေ့ စာရိုက်ရမှာပျင်းလို့ မနက်ဖြန်မှ ကျွန်တော်
တင်ပေးပါ့မယ်ဗျာ..

ခင်တဲ့
မောင်မောင်

အဖြူရောင်နတ်သမီး said...

အကြွေးလာဆပ်သွားပါတယ်..မကြီးရေ...