Wednesday, March 16, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၁၄)

အပိုင်း(၃) 
စွန့်စားမှုများနှင့် ရရှိသောသင်ခန်းစာများ
အခန်း ၁၂
ဥယျာဉ်ကိုည၈နာရီအထိ ဖွင့်ထားသည်

ကျွန်တော်၏ဆေးပညာဆိုင်ရာ စွန့်စားခန်းမှာ ၂၀၀၆ခုနှစ်တွင် စခဲ့သည်။ ထိုစဉ်ကမူ ကျွန်တော်သည် ပထမ နည်းနည်း နာသလို ခံစားရသည်။ ဘယ်လိုနာသည်ဟူ၍လည်း ရှင်းမပြတက်။ ကျွန်တော့် ၀မ်းဗိုက် အထက်ပိုင်း တွင် နာသလို ကျဉ်သလိုဖြစ်နေခြင်းဖြစ်၏။ နောင်တွင် ကား အသားတွေဝါ။ မျက်လုံးတွေ ၀ါလာသည်။ ဆရာဝန်များက အသည်းရောင်ရောဂါ ဖြစ်သလားဟု သံသယဖြစ်သြည်။ တကယ်တော့ ထို အတွေးမှာ အကောင်းဘက်က ဖြစ်ချင်ရာကို တွေးကြခြင်းသာဖြစ်ကြေင်းကို စီတီစကင်ဆွဲကြည့်မှ အဖြေ ပေါ်တော့သည်။ ကျွန်တော့်မှာ ပန်ကရိယ ကင်ဆာ ဖြစ်နေပြီကိုး။ ကျွန်တော်သည် ဤရောဂါမှာ ဘယ်မျှ ဆိုးကြောင်း ကို ဂူးဂဲလ်မှာ ၁၀မိနစ်မျှ ရှာကြည့်ရုံနှင့် သိရပါတော့သည်။

ကင်ဆာရောဂါဟူသမျှတွင် ပန်ကရိယကင်ဆာသည် သေနှုန်းအများဆုံးကင်ဆာ ဖြစ်သည်။ ပန်ကရိယာ ကင်ဆာ ဖြစ်နေသည်ဟု အဖြေပေါ်သူလူနာ တစ်ဝက်သည် ခြောက်လအတွင်း သေကြသည်။ ကျန်တစ်ဝက် ၏ ၉၆ရာခိုင်နှုန်းမှာ ငါးနှစ်အတွင်း သေသည်။

ကျွန်တော်သည် ကျွန်တော်၏ရောဂါကို ကုသပုံကိုလည်း သိပ္ပံပညာရှင်တစ်ယောက် အနေဖြင့် အခြားသော ဆရာ များကို ချဉ်းကပ်လေ့လာခဲ့သကဲ့သို့ပင် ချဉ်းကပ်လေ့လာခဲ့၏။ ထို့ကြောင့်ကျွန်တော်သည် အချက် အလက် စုဆောင်းရှာဖွေသည့် မေးခွန်းမျိုး အမြောက်အမြား မေးကြည့်ခဲ့သည်။ ထိုအခါကျွန်တော်သည် ကျွန်တော့်ဆရာဝန်များနှင့်အတူ ကိုယ့်ကိုယ်ကို စိတ်ညှို့ယူနေကြောင်းတွေ့ရသည်။ ကျွန်တော်သည် ဆရာဝန် များနှင့် ကျွန်တော် အပြန်အလှန်ပြောဆိုချက်များကို အသံသွင်းထားခဲ့သည့် အတွက် သူတို့၏ ရှင်းလင်း ပြောပြချက်များကို ကိုယ့်အိမ်မှာ သေသေချာချာ နားထောင်ကြည့်နိုင်၏။ အဓိပ္ပာယ်နားလည်ရန် ခက်သည့် ဂျာနယ်ဆောင်းပါးများကိုပါ ဆရာဝန်များနှင့် တွေ့ရန် ရှိသည့်အခါ တပါတည်း ယူသွားသည်။

ဆရာဝန်များသည် ကျွန်တော့်အား မနှစ်မြို့ဟန်ကားမပြကြ။ အမှန်မူဆရာဝန်အများစုက ကျွန်တော်သည် အရာရာတိုင်း တွင် အလုပ် တွေများနေသူဖြစ်သဖြင့် ခပ်ဆန်းဆန်းလူနာတစ်ဦးဟူ၍ ယူဆကြသည်။ (ထိုဆရာဝန်များ သည် ကျွန်တော့်ကိုယ်စားပြောဆိုပေးမည့် သူများကို ခေါ်သွားခြင်းကိုပင်လျှင် ဘယ်လိုမှ သဘောထား ကြပုံမရပါ။  ဆရာဝန်များနှင့် တွေ့ရမည့်အခါတွင် ကျွန်တော့အတွက် အထောက် အကူ ကိုရော ဆေးဘက်ဆိုင်ရာ သတင်းအချက်အလက်များကို စူးစမ်းရှာဖွေရာတွင် သူ၏ ထက်မြက် ကောင်းမွန် လှသော သုတေသန စွမ်းရည်များကိုပါ ပေးနိုင်ရန်အတွက် ကျွန်တော်၏ မိတ်ဆွေ လည်းဖြစ်၊ လုပ်ဖော် ကိုင်ဖက် လည်းဖြစ်သူ ဂျက်ဆီကာ ဟော့ဒ်ဂင်းကို ခေါ်သွားခဲ့ဖူးသည်)

ကျွန်တော်က ဆရာဝန်များကို ဤသို့ပြောပြပါသည်။ ကျွန်တော့်မှာ ရည်မှန်းချက်တစ်ခု ရှိပါသည်။ ဂျေးနှင့် ကလေးများ အတွက် အသက်ရှည်နိုင်သမျှရှည်ရှည် ကျွန်တော်နေချင် သေးပါသည်။ ထိုရည်မှန်းချက် ရှိနေခြင်း ကြောင့် ဆရာတို့ ခွဲစိတ်ကုသည့် အခါကြုံရမည် ဘယ်သို့သော အရာမျိုးကိုပင် စိတ် ထက်ထက် သန်သန် နှင့် ခံပါမည်။ ဆရာတို့၏ ဆေးဗီရိုထဲက ဘယ်ဆေးဝါးမျိုးကို မဆို ၀ါးမျို ပါမည်။ သို့နှယ် ပြောပြ ပါသည်။

ပစ္စဘတ်မှ ဆရာဝန်ကြီးဟာ့ဘ်ဇေနှင့် ပထမဦးဆုံးအကြိမ် တွေ့တော့လည်း ဤသို့ပြောပါသည်။ "ရှင်းရှင်း ပဲ ပြောပါရစေ ဆရာ၊ ကျွန်တော့်ရည်မှန်းချက် ကတော့ အသက်ရှင်နေသေးပြီး ၁၀နှစ်အတွင်းမှာ ဆရာရဲ့ စာစောင် ကလေးမှာကျွန်တော် ပါနေဖို့ပါပဲ"

ဝှစ်ပဲလ်အော်ပရေးရှင်းဟု ခေါ်သောကုထုံး၏ အကျိုးကို ခံစားရသည့် လူနာအနည်းစု အတွင်းမှာ ကျွန်တော် ပါနေ ပါသည်။ ၁၉၃၀ပြည့်လွန်နှစ်များအတွင်းက ဤရှုပ်ထွေးလှသော ကုထုံးကို ဖန်တီး ပေးခဲ့သည့် ဆရာဝန်ကြီးကိုအစွဲပြု၍ ၀ှစ်ပဲလ်အော်ပရေးရှင်း ဟု အမည်ပေးထားခြင်း ဖြစ်ပါ၏။ ၁၉၇၀ပြည့်လွန် နှစ်များ တိုင်အောင် (ရောဂါကြောင့်မဟုတ်ဘဲ) ခွဲစိတ်မှုကြောင့် သက်သက် ဖြင့် သေဆုံးသူ လူနာ ၂၅ရာခိုင်နှုန်း ရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်သို့ရောက်သည့်အခါ တွင်မှုခွဲစိတ်မှုကို အတွေ့အကြုံရှိ ၀ါရင့်ဆရာဝန်ကြီးများက ပြုပါလျှင် သေဆုံးသူ ရာခိုင်နှုန်းသည် ငါးရာခိုင်နှုန်း အောက်သာ ရှိတော့ပါသည်။ သို့ပင်ဖြစ်လင့်ကစား ကျွန်တော့်မှာ အတော့် ကို ဆိုးသည့်အချိန်အတွင်း၌ ကျရောက်နေဆဲဖြစ်သည်။ ခွဲစိတ်ကုသရုံနှင့် မပြီးသေး။ ခွဲစိတ်ပြီးလျှင် နောက်က လိုက်ရမည့် အရာများက ရှိသေးသည်။ အလွန်တရာ အခံရဆိုးသည့် မီခိုသာရာဖီခေါ် ဆေးရည် သွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ပေးခြင်း (ဓာတ်ကင်ခြင်း) တို့ကိုဆက်လက်ခံယူရသေး သောကြောင့် ဖြစ်လေသည်။

ခွဲစိတ်ခြင်းလုပ်ငန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဒေါက်တာဇေ သည် အကျိတ်ကိုခွဲထုတ် ရုံမက ကျွန်တော် ၏ သညည်းခြေအိတ်၊ ပန်ကရိယ သုံးပုံတစ်ပုံ၊ အစာအိမ်သုံးပုံတစ်ပုံနှင့် အူသိမ်ပေ အတော်များများကိုလည်း ခွဲထုတ် ပစ်ခဲ့သည်။ ကျွန်တော်သည် ဟူစတန်မြို့မှာ အမ်ဒီအင်ဒါ ဆန်ကင်ဆာဌာနတွင် နှစ်လကြာနေခဲ့ရပြီး အလွန် အဆိပ်ပြင်းသည့် ခီမိုဆေးသွင်းမှုများကို ခံယူခဲ့ရ သည်။ ကျွန်တော်ဝမ်းဗိုက်ကို အလွန်ပြင်းသည့် ဓာတ်ရောင်ခြည် ပေးခြင်းကိုလည်း ခံယူရသည်။ ကျွန်တော် ၏ကိုယ်အလေးချိန်သည်လည်း ၁၈၂ပေါင်မှ ၁၃၈ပေါင် အထိ ကျသွားသည်။ အဆုံးတွင်ကား ကျွန်တော်သည် လမ်းတောင် မလျှောက်နိုင်တော့ လောက်အောင် ဖြစ်သွားသည်။ ဇန်န၀ါရီလ ၌ ပစ္စဘတ်မှ ကျွန်တော်အိမ်သို့ပြန်လာခဲ့သည်။ စီတီစကင် များတွင် ကင်ဆာမတွေ့ရတော့ပေ။ ကျွန်တော်လည်း တဖြည်းဖြည်း အားပြန်ပြည့်လာသည်။

သြဂုတ်လတွင် ကျွန်တော် အမ်ဒီအင်ဒါဆ်သို့ ပြန်လာရသည်။ သုံးလတစ်ကြိမ် ပြန်လည် စစ်ဆေးမှု ခံယူရမည့် အချိန်စေ့လာ၍ ဖြစ်သည်။ ဂျေးနှင့် ကျွန်တော်သည် ကလေးများကို အိမ်မှာ ကလေးထိန်း နှင့် ထားရစ်ခဲ့ပြီး ဟူစတန်သို့ လေယာဉ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော် တို့သည် ထိုလေကြောင်း ခရီးကို ချစ်သူနှစ်ဦး အိမ်ကထွက်ပြေးလာသလိုမျိုး သဘောထား ကြသည်။ ကျွန်တော်တို့သည် ထို အရင်ရက်က ရေပေါ်တွင် ဆော့ကစားနိုင်သော ရေဥယျာဉ် တစ်ခုသို့ပင်သွားခဲ့ကြသေးသည်။ (ကျွန်တော် က ဘယ်ဆီထွက်ပြေးပြီး အချစ်ခရီး ဆန့်ရမည် ဟူသောစိတ်ကူးမျိုးရှိထားသူ ဖြစ်ပါသည်။)

ကျွန်တော်သည် ထိုရေဥယျာဉ်တွင် အရှိန်မြင့်သည့် လျှောကိုတောင်စီးခဲ့သေးသည်။ အောက်သို့ လျှောဆင်း လာစဉ်အတွင်း တပြုံးပြုံးနှင့် ဖြစ်ပါ၏။
၂၀၀၇ခုနှစ် သြဂုတ်လ ၁၇ရက် ဗုဒ္ဓဟူးနေ့တွင် ဂျေးနှင့် ကျွန်တော်သည် အမ်ဒီအန်ဒါဆန်သို့ ရောက်ကြ သည်။ ကျွန်တော် ၏ ကင်ဆာပါရဂူရောဘတ်ဝုဖ်နှင့် နောက်ဆုံးရရှိထားသော စီတီစကင် ရလဒ်များကို ပြန်လည် စစ်ဆေးရန်အတွက် ဖြစ်ပါသည်။

ကျွန်တော်တို့အား စမ်းသပ်စစ်ဆေးသည့် အခန်းတ်ခုထဲသို့ ခေါ်သွားသည်။ သူနာပြုတစ်ဦးက အခန်း တစ်ခုထဲသို့ ခေါ်သွားသည်။ သူနာပြုတစ်ဦးက မေးရိုးမေးစဉ် မေးခွန်းအချို့ကို မေးပါသည်။ "ကိုယ်အလေးချိန် အပြောင်းအလဲ များရှိသလား ရန်ဒီ၊ ရှင်အခုအရင်စားလက်စ ဆေးဝါးကိုပဲ စားနေတုန်းပဲ မဟုတ်လား" ဟူသောမေးခွန်းများဖြစ်ပါသည်။ သူနာပြုဆရာမသည် အခန်းထဲမှ ထွက်မည်ပြုစဉ် ကောင်းပြီ၊ ဆရာဝန် မကြာ ခင်လာပြီး ရှင့်ကိုတွေ့လိ့်မယ်နော်ဟု ပြောရင်းတံခါးကိုပိတ်ပြီး ထွက်သွားရာ ဂျေးက သူ၏ ပျော် ရွှင်နေပုံရသည့် အသံ၊ သီးချင်း ဆိုသလို ချိုနေသော အသံကို မှတ်သားထားလိုက် သည်။

စမ်းသပ်စစ်ဆေးသည့် အခန်းထဲ၌ ကွန်ပျူတာ တစ်လုံးရှိသည်။ သူနာပြုဆရာမသည် ကွန်ပျူတာကို ပိတ် မသွားကြောင်း ကျွန်တော်သထိပြုမိလိုက်သည်။ ကျွန်တော်၏ ဆေးမှတ်တမ်း အချက်အလက်များသည် ဖန်သားပြင် ပေါ်တွင်သည်အတိုင်းပင် ရှိနေသည်။ ကျွန်တော်သည် ကွန်ပျူတာနှင့် ပတ်သက်၍ လုပ်နိုင်သည့် နည်းလမ်းများကို သိသူဖြစ်ပါ၏။ သို့ရာတွင် ကွန်ပျူတာ မှ အချက်အလက်ကိုမူ ခိုးယူစရာ လုံးဝမလိုပါပေ။ ကျွန်တော့်လူနာမှတ်တမ်း ဇယားသည် ကွန်ပျူတာပေါ်တွင် အထင်းသားပေါ်နေပါသည်။

"တို့ကြည့်ကြည့်ရအောင်လား"ဟု ကျွန်တော်က ဂျေးအားပြောလိုက်ပါသည်။ ယခုကျွန် တော်လုပ်မည့် ကိစ္စ အတွက် ကျွန်တော့်မှ မလုံမလဲ လုံးဝမဖြစ်မိပါ။ ဤမှတ်တမ်းများသည် ကျွန်တော့်မှတ်တမ်းများပင် မဟုတ် ပါလော။

ကျွန်တော် မောက်စ်ကိုနှိပ်၍ လှည့်ကြည့်လိုက်ရာ ကျွန်တော်၏ သွေးအလုပ်လုပ်ပုံ မှတ်တမ်းကို တွေ့ ရသည်။ ဘာအဓိပ္ပာယ် ဟူ၍ မိသိရသော သွေးတန်ဖိုး ၃၀မျှပြထားသည်။ သို့ရာတွင် ကျွန်တော် လိုက်ရှာနေသော ဖော်ပြချက်တစ်ခုကိုမူ ကျွန်တော်သိသည်။ အကျိတ်၏ အမှတ်သားပြ စီအေ ၁၉-၉ ကို တွေ့ပြီး ကိန်းဂဏန်းကို ကြည့်လိုက်ရာ ကြောက်လောက်စဖွယ် ၂၀၈ဖြစ်နေ၏။ ပုံမှန်တန်ဖိုးမှာ ၃၇အောက် ရှိရပေသ်။ ကျွန်တော်သည် ထိုဖော်ပြချက်မှတ်တမ်းကို တစ်စက္ကန့်မျှလောက်သာ လေ့လာ မိလိုက်တော့သည်။

    "သွားပါပြီကွာ၊ ကိုယ့်ရည်မှန်းချက်တော့ အားလုံးပျက်စီးပါပြီ"ဟု ကျွန်တော်က ဂျေးအား ပြောလိုက်သည်။
    "ဘာကို ဆိုလိုတာလဲ မောင်"
    ဂျေးက ပြန်မေးပါသည်။

ကျွန်တော်က စီအေ ၁၉-၉၏ တန်ဖိုးကို သူ့အားပြောပြသည်။ ဂျေးသည်လည်း ကင်ဆာကုထုံးအကြောင်းကို သိနိုင် လောက်သည့် ပညာတတ်တစ်ဦး ဖြစ်ပေရာ ၂၀၈ဆိုသည်မှာ ကင်ဆာကျိတ်တွေ ပြန့်နေပြီ ဖြစ်ကြေင်း ပြနေသော ဂဏန်းဖြစ်သည်။ ကင်ဆာကျိတ်များ ခန္ဓာကိုယ် အနှံ့ပြန့်သွားပြီဆိုလျှင် သေမိန့် ချလိုက်ခြင်း နှင့် မခြားတော့ပေ။
"ဒါရယ်စရာ မဟုတ်ဘူးမောင်၊ ပြက်လုံးတွေ ထုတ်မနေပါနဲ့"ဟု ဂျေးကပြောပါသည်။

ထို့နောက်ကျွန်တ်ာသည် ကွန်ပျူတာပေါ်တွင် ကျွန်တော်၏ စီတီစကင်ကို ဆွဲတင်လိုက် ပြီး ရေတွက် ကြည့်လိုက် ပါသည်။ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်.......
    ကျွန်တော်သည်  ဂျေး၏အသံတွင် တုန်လှုပ်ချောက်ချားသံကို ကြားနေရသည်။ "အကျိတ် ကို ရေကြည့်နေတာ လို့ မပြောပါနဲ့မောင်"ဟု ပြောပါသည်။ ကျွန်တော်ကလည်း မနေနိုင်။ အသံထုတ်၍ ဆက်လက် ရေကြည့်နေမိသည်။ "ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်၊...." ကျွန်တော် ကွန်ပျူ တာထဲတွင် အကျိတ် အားလုံး ကိုမြင်ရသည်။ ကင်ဆာကျိတ်သည် ကျွန်တော်၏ အသည်းသို့တိုင် ပြန့်နေခဲ့ပြီတကား။

ဂျေးသည် ကွန်ပျူတာဆီသို့ လျှောက်သွားသည်။ အားလုံးကို သူ့ကိုယ်ပိုင် သူ့မျက်လုံးများနှင့် ရှင်းရှင်း လင်းလင်းကြီး မြင်တွေ့လိုက်ရသည့်အခါ ကျွန်တော့်လက်မောင်းပေါ် သို့လဲကျလာ သည်။ ကျွန်တ်ာတို့ နှစ်ယောက် ဖက်၍ငိုကြသည်။ ထိုသို့ ငိုမိကြသောအခါမှ အခန်းထဲ၌ တစ်ရှူးစက္ကူပုံး တစ်ပုံးမှမရှိကြောင်း သိရသည်။ ကျွန်တော်လည်း ခုနကလေးတွင်မှ ငါမကြာခင် သေရတော့မှာပါကလားဟု သိခဲ့ရသည်။ ကိုယ့် ကို အာရုံအစိုက်ခံရသည့် အဖြစ်ကို ရပ်တန့်သွားရန် မစွမ်းသာသော ကျွန်တော်သည် ဤသို့ တွေးမိသော အဖြစ်သို့ ရောက် သွားသည်။ "ဒီလို အခြေအနေမျိုးနဲ့ ကြုံနေရစဉ်မှာ ဒီလိုအခန်းထဲမှာ တစ်ရှူး စက္ကူပုးံကလေး တစ်ပုံး မထားထိုက်ပေဘူးလား၊ ဒါကတော့ အထင်းသား မြင်နေရတဲ့ ချို့ယွင်းချင်းတစ်ခုပဲ"

တံခါးခေါက်သံကြားရသည်။ ဒေါက်တာဝုဖ်သည် လက်ထဲမှ ဖိုင်တစ်ခုပိုက်လျက် ၀င်လာ၏။ သူသည် ကျွန်တော့် ကို ကြည့်လိုက်၊ ထို့နောက်ဂျေးကို ကြည့်လိုက်ပြီး ကွန်ပျူတာပေါ် မှာစီတီစကင်ကို ကြည့်လိုက် သည်။ ကျွန်တော်က ဦးအောင် ပြောမှဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။
"ကျွန်တော်တို့ သိပြီးကြပါပြီ" ကျွန်တော်က ပြောလိုက်သည်။

ထိုသို့ ပြောလိုက်သည့် အချိန်တွင် ဂျေးသည် သွေးဆုတ်သွားလုနီး ဖြစ်သွားပြီး ထိန်း မနိုင်သိမ်းမရ ငိုပါ တော့သည်။ ကျွန်တော်လည်း အမှန်ပင်ဝမ်းနည်းမိပါသည်။ သို့ရာတွင် ကျွန်တော်သည် သူ့ရှေ့မှောက်တွင် ရောက်လာသော မျှော်လင့်အား မရှိလှသည့် တာဝန်ကို ဒေါက်တာဝုဖ် မည်သို့မည်ပုံ၊ ဆောင်ရွက် သွားမည်နည်း ဟူသော အချက်တွင် အထူးစိတ် ၀င်စားလျက်ရှိသည်။ ဆရာဝန်ကြီးသည် ဂျေးနားတွင် ကပ်ထိုင် ၍ နှစ်သိမ့်ပါသည်။ သူသည် ကျွန်တော့်အသက်ကို ကယ်ဖို့ ဆက်လုပ်တော့မည် မဟုတ် တော့ကြောင်း ကိုလည်း အေးအေးကလေးပင်ဂျေအား ရှင်းပြပါသည်။ "ကျွန်တော်တို့ ကြိုးစားကြမှာ ကတော့ ရန်ဒီဟာ ဘ၀ရဲ့အမြင့်မားဆုံး အရည်အသွေးကို ရရှိခံစားသွားနိုင်အောင် သူ့ နေဖို့ ကျန်နေသေး တဲ့ အချိန်ကလေး ကို ဆွဲဆန့် ပေးဖို့ပါပဲ။

အခုလက်ရှိ အခြေအနေအတိုင်းကတော့ ဆေးပညာ က သူ့အသက်ကို ပုံမှန်သက်တမ်း အတိုင်း နေသွား နိုင်အောင် ဘာမှ လုပ်ပေးလိုက်နိုင်တော့မှာ မဟုတ်တော့ပါဘူး"
နေနေ နေစမ်းပါဦုး ဂျေးက ပြောလိုက်သည်။ ဒေါက်တာ ကျွန်မကို ပြောမယ့်စကားဟာ ဒါပဲလား၊ ကျွန်တော် တို့ ဒီရောဂါကို တိုက်နေပါတယ် ဆိုတဲ့စကားကနေ တိုက်ပွဲတော့ ပြီးသွားပါ ပြီ ဆိုတဲ့စကားကို ရောက်သွား သလို ပါပဲလား၊ အသည်းအစားထိုးကုရင်ကော မရဘူးလားရှင် ဒေါက်တာက ခေါင်းရမ်းသည်။

ကင်ဆာကျိတ်ပြန့်သွားရင်မဖြစ်တော့ကြောင်း ပြောပါသည်။ သူက မီမိုပေးသည်ဆိုသည်မှာ ရောဂါ ပျောက်ဖို့ ပေးသည့် ကုထုံးမဟုတ်ကြောင်း၊ သက်သာမှု့ အတွက်သာ ဖြစ်ကြောင်း၊ လက္ခဏာများကို တန့် သွားစေနိုင်ပြီ လအနည်းငယ်မျှ လောက်တော့အချိန်ဆွဲထားနိုင်ကြောင်း တို့ကိုပြောပြပါသည်။ တစ်နည်း အားဖြင့် ဘ၀နီဂုံး အချိန် နီးလားချိန်၌ ကျွန်တော်သည် ဘ၀ကို  သက်သောင့်သက်သာဖြင့် နေသွား နိုင်အောင် ဖြစ်သည် ဟု လည်း ရှင်းပြပါသည်။

ဒေါကတာဝုဖ်နှင့် ပြောခဲ့သည့်ထိန်လန့်တုန်လှုပ်ဖွယ် အပြန်အလှန်စကားဖလှယ်မှု တစ်ခုလုံးမှာ ကျွန်တော့် အဖို့ သရုပ်မှန်လွန်ပင် ဖြစ်နေပါတော့၏။ မှန်ပါသည်။ ကျွန်တော့်မှာ ဘာပြော ၍ပြောရမည် မသိအောင်ပင် ထိန်လန့် အံ့သြဖြစ်မိပါသည်။ ကျွန်တော့်အတွက်ရော အထူးသဖြင့် အငိုမတိတ်နိုင်သောသည့် ဂျေး အတွက် ပါ ကျွန်တော်ယူကျုံးမရ ဖြစ်မိသည်။ သို့ရာ တွင် သိပ္ပံပညာရှင်ရန်ဒီ၏ နည်းဟန်များတွင် ကျွန်တော် ၏ အင်အားရှိသော အစိတ်အပိုင်းတစ်ရပ်က ကျန်နေဆဲဖြစ်၍ အချက်အလက်များကို စုဆောင်း ခြင်း၊ ဆရာဝန်အား ထင်မြင်ချက်များ မေးမြန်ခြင်းတို့ ပြုနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျွန်တော့်မှာအခြားအစိတ် အပိုင်းတစ်ရပ်ကလည်း ရှိနေသေးပြန်၏။ ထို အစိတ် အပိုင်း ကို ပစ္စက္ခအချိန်ကလေး၏ဇာတ်ပွဲတွင် ပါဝင်ပြလျက် ရှိသော အစိတ်အပိုင်း ပေတည်။ ကျွန်တော် သည် ဒေါက်တာဝုဖ် က ဂျေးအားသိသင့် သောသတင်းပေးနေပုံကို ကြည့်ပြီး အလွန်ပင်လေးစား အထင်ကြီး မိသည်။ (တကယ်လည်း အံ့သြ မိပါ၏) ကျွန်တော် ကိုယ့်ဘာသာ တွေးကြည့်သည်။ "ကြည့်စမ်း၊ သူသတင်း စကား ပြောကြား သွားပုံကို ကြည့်စမ်းပါဘိ၊ သူဟာ အရင်ကလည်း ဒီလိုပဲ အကြိမ်ပေါင်းများစွာ လုပ်ခဲ့မှာ ထင်ရှား သေချာတယ်၊ သြော်-သူဒီနေရာမှာတော့ တကယ်ပဲ တော်ပေတကား၊ သူဟာသေသေချာချာ လေ့ ကျင့် လာခဲ့တာ ဖြစ်ပေမဲ့ သူပြောသမျှတွေဟာ တကယ်ပဲ နှလုံးမှာ ခိုက်သလောက် ဖွယ်ဖြစ်နေပါ ကလား၊ တကယ်ပဲ ခုမှ နှတ်က ရုတ်တရက် ထွက်လာသလို ဖြစ်နေပါကလား"

ကျွန်တော်သည် ဆရာဝန်ကြီး သူ့ကုလားထိုင်ပေါ်မှာ ထိုင်ရင် ကုလားထိုင်ကို နောက်သို့ လှည့်လိုက်ပုံ၊ မေးခွန်း တစ်ခု ကို ဖြေမည်ကြံတိုင်း ထိုမေးခွန်းမှာ သူ့ကို အပြင်းအထန်စဉ်းစား သွား စေသော မေးခွန်းတစ်ခု ဖြစ်လေဘိသကဲ့သို့ သူ့မျက်လုံးကလေးတွေကို မှိတ်လိုက်ပုံ တို့ကို ဂရုပြုမိ လိုက်သည်။  သူ ဂျေး၏ အနားတွင် ကပ်ထိုင်လိုက်စဉ်က သူ၏ခန္ဓာကိုယ်အနေ အထားကိုလည်း သေချာစွာ ကြည့်မိခဲ့သည်။ ကျွန်တော် သည် ထိုကိစ္စကို မတွေးမိတာ ကောင်းသည်ဟုပင် ဖြစ်မိသည်။ အင်းသူ့လက်မောင်းကတော့ ဂျေးရဲ့ ပခုံးကို သွားမဖက်ပါဘူး၊ ဘာကြောင့်မဖက်တာလည်း နားလည်လို့ရတယ်လေ၊ အဲဒီလို လုပ်လိုက် ရင် သိပ်ပြောင်တင်းရာ ကျသွးမှာပေါ့။ ဒါပေမဲ့ သူက မှေးမှေးမှီမှီ ကလေးနဲ့၊ သူ့လက်က ဂျေးဒူးခေါင်းပေါ် ရောက်ေ နပြီ၊ ငနဲကြီးဒီနေရာမှာ တော်တော် တော်သကိုး။

ကင်ဆာရောဂါဗေဒကို သင်ယူရန် စဉ်းစားနေသော ဆေးကျောင်းသား တိုင်းသည် ကျွန်တော် မြင်နေခဲ့ ရသော အရာကို မြင်နိုင်စေချင်သည်။ ဒေါက်တာဝုဖ်သည်အကောင်းဘက်က မြင်သောစကားမျိုးဖြစ်အောင် ဘာသာ စကား ကိုအသုံးပြုတတ်သည်ကို တွေ့ရသည်။ ကျွန်တော်တို့က  မသေခင်ဘယ်လောက် ကြာ နေရ ဦးမလဲ ဟုမေးလျှင် သူကဤသို့ဖြေသည်။ "ဟာ- ခင်ဗျား၊ ကျမ်းမာရေး ကောင်းကောင်းနဲ့ သုံးလက နေခြောက်လအထိတော့ နေနိုင်ပါတယ်" သူ့အဖြေကြောင့် ကျွန်တော်ဒစ္စနေးလန်းတွင် နေခဲ့စဉ်တုန်းက ဖြစ်ရပ် ကိုသတိရမိသည်။ ဒစ္စနေး ဝေါ့လ်မှ အလုပ်သမားများအား "ဥယျာဉ်ခြံက ဘယ်အချိန်ပိတ်သလဲ"ဟု မေးသည့် အခါမျိုးတွင် သူတို့က ဤသို့ဖြေတတ်ကြ၏ ဥယျဉ်ခြံက ည၈နာရီ အထိ ဖွင့်ပါတယ်တဲ့။

တစ်နည်းအားဖြင့်တော့လည်း ကျွန်တော်မှာ သက်သာရာတော့လည်းရပါ၏။ ဂျေးနှင့် ကျွန်တော်သည် ကင်ဆာကျိတ် များ ဘယ်တော့များ ပြန်ပေါ်လာမလဲဟု လပေါင်းများစွာ စောင့်နေခဲ့ကြသည်။ ဟောအခါ သူတို့ ပြန်ပေါ်လာသည့် အခါ အုံနှင့်ကျင်းနှင့် ဖြစ်နေသည်။ စောင့်ရ သည့်အချိန်ကား ကုန်ဆုံးသွားလေပြီ။ ယခုသော် ကျွန်တော်တို့သည် နောက်ထပ် ကြုံရမည့်အရာ ကိုဆက်လက်ရင်ဆိုင်သွားဖို့သာ ရှိတော့သည်။

ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးခန်းအပြီးတွင် ဆရာဝန်ကြီးက ဂျေးကိုဖက်လိုက်ပြီး ကျွန်တော့်အား လက်ဆွဲ နှုတ်ဆက် ပါသည်။ ဂျေးနှင့်ကျွန်တော်တို့သည် အခန်းတွင်းမှ အတူတကွ ထွက်လာကာ ပကတိ အခြေအနေ သစ်အတွင်းသို့ လျှောက်လှမ်းလာခဲ့သည်။

ဆရာဝန်ကြီး၏ ရုံးခန်းမှ ထွက်ခွာလာရင်း ကျွန်တော်သည် (     ) ၌လျှောစီပြီး၍ ပြုံးပျော် မြူးနေကြချိန်တွင် ကျွန်တော် ဂျေးကို ပြောမိခဲ့သောစကားကို ပြန်စဉ်းစားမိသည်။ မနက်ဖန်မှာ စကင်ရလဒ်က မကောင်းဘူး ဆိုရင် အသက်ရှင်နေရသေးတာ၊ ကနေ့ဒီမှာ မင်းနဲ့အတူ အသက် ရှင်လျက်သားနဲ့အတူရှိနေတာဟာ တကယ့် ကို ကောင်းပါတယ်ဆိုတာကိုတော့ မင်းသိစေချင်တယ်။ စကင်တွေနဲ့ပတ်သက်လို့ တို့ ဘယ်လို သတင်းပဲရရ၊ အဲဒီသတင်းကြားတာနဲ့တော့ ကိုယ်သေဦးမှာ မဟုတ်ပါဘူး၊ ကိုယ်ဟာ နောက်တစ်နေ့ မှာလည်း သေမှာမဟုတ်သေးပါဘူး၊ အဲဒီနေ့ရဲ့နောက်နေ့ နောက်နေ့တွေမှာလည်း သေမှာ မဟုတ် သေးပါဘူး၊ ဒါကြောင့်ကနေ့အဖို့ရာမှာတော့ ပျော်စရာနေ့တစ်နေ့ ဖြစ်နေတာပါပဲ၊ ကိုယ့် ဘက်က ဘယ် လောက်တောင် ပျော်နေတယ် ဆိုတာလည်း မင်းသိစေချင်ပါတယ်။   

ကျွန်တော်သည် ထိုစကားများကို ပြန်စဉ်းစားမိ၏။ ဂျေးပြုံးလိုက်ပုံကိုလည်း ပြန်စဉ်းစား မိသည်။ ထိုအချိန် ကပင် ကျွန်တော်သိလိုက်သည်။ ကျန်သေးသည့် ကျွန်တော့်ဘ၀ကို ထိုနည်းဖြင့် နေသွားဖို့ လိုလိမ့်မည် ဖြစ်ကြောင်း သိလိုက်ခြင်းဖြစ်ပါသတည်း။

အခန်း (၁၃) ဆက်ရန်
.

4 comments:

မောင်မောင် said...

မရွှေစင်ဦးရေ..
အပိုင်း ၁၄ လာဖတ်သွားကြောင်းပါနော်
စောင့်မျှော်နေဦးမည်ဖြစ်ပါကြောင်း
ကျေးဇူးတင်လျှက်
ခင်တဲ့
မောင်မောင်

Angelhlaing(May everybody be happy and healthy! said...

မမရေ ညီမလေး လာဖတ်သွားပါတယ်နော်။
စောင့်မျှော်နေလျှက်...
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

Anonymous said...

"ဥယျာဉ်ခြံက ဘယ်အချိန်ပိတ်သလဲ"ဟု မေးသည့် အခါမျိုးတွင် သူတို့က ဤသို့ဖြေတတ်ကြ၏ ဥယျဉ်ခြံက ည၈နာရီ အထိ ဖွင့်ပါတယ်တဲ့။ :) အနော်

Anonymous said...

"ဥယျာဉ်ခြံက ဘယ်အချိန်ပိတ်သလဲ"ဟု မေးသည့် အခါမျိုးတွင် သူတို့က ဤသို့ဖြေတတ်ကြ၏ ဥယျဉ်ခြံက ည၈နာရီ အထိ ဖွင့်ပါတယ်တဲ့။ :) အနော်