အခန်း (၇)
ရန်ကုန်ပြန်ရောက်ကြသောအခါ မောင်တင်ဦး၏ အိမ်မှာပင် သုံးယောက်လုံးစုနေကြသည်။ မောင်တင်အုန်း သည် သံရုံးသို့သွားကာ၊ အကျိုးအကြောင်း သင့်လျော်သလိုပြောပြသည်။ သူ့အဖေထံကိုလည်း နေရေး ထိုင်ရေး အဆင်ပြေသည့် အတွက် ဗမာပြည်မှာပင် နေအုံးမည်ဖြစ်ကြောင်း၊ စိတ်မပူဘဲ ယုံကြည်စိတ်ချရန် အကြောင်း စာရေးအကြောင်းကြားလိုက်သည်။
ထိုအချိန်အခါ၌ သုံးယောက်လုံး ဗမာလို ၀တ်ဆင်နေကြလေသည်။ ပင်ကိုယ်ကချောမောလှပသည့် မာလာ ဒေ၀ီသည် သူနှင့် လိုက်ဖက်သော အဆင်အသွေးကို ပုံပန်းကျစွာချုပ်၍ ၀တ်ဆင်ထားသော အင်္ကျီထမီနှင့် များစွာ ကြည့်ကောင်းနေသည်။
နေလုံမိုးလုံ အိမ်ထဲမှာ ဗမာသနပ်ခါး မွှေးမွှေးကို ဖွေးဖွေးကလေး လိမ်းပြီး နက်မှောင်ရှည်လျား များပြားသော ဆံပင်တို့ကို ဗမာအမျိုးသမီးလို ထုံးထားသည်ဖြစ်ရာ မာလာဒေ၀ီ၏ ရုပ်ဆင်းသဏ္ဍန်မှာ မြင်ရ သူ ငေးကြည့် ရ လောက်အောင်ပင် လှပချောမော လွန်းပေသည်။
မောင်တင်အုံးသည် မာလာဒေ၀ီကို စွဲလမ်းချစ်ခင်သောစိတ်ဖြင့် သူ့မွေးရပ်ဌာနေ သူ့တိုင်းပြည်ကိုပင် မပြန်နိုင်ဘဲ မောင်တင်ဦးတို့အိမ်မှာ သောင်တင်နေပုံကို မောင်တင်ဦးက ကောင်းကောင်းကြီး ရိပ်မိသည်။
ထို့ကြောင့် အိမ်ကို ပြုပြင်သုတ်သင်ခြင်း၊ သုံးယောက်လုံးအတွက် အိပ်စက်ရန် နေရာပြင်ရခြင်း၊ စားရေး သောက်ရေး စီမံရခြင်း၊ မာလာဒေ၀ိအတွက် အ၀တ်အထည် ၀ယ်ယူချုပ်လုပ်ရခြင်း စသည့် ကိစ္စများက ဆယ့်ငါးရက် ကျော်ကျော် ကြာသွားသည်။
အားလုံး နေသားတကျ ဖြစ်သောအခါ မောင်တင်ဦးတွေးထင်သည့် အတိုင်းပင် မောင်တင်အုန်းက ဖွင့်ဟ ပြော လာသည်။
" ခင်ဗျားနဲ့ ကျွန်တော်ကလဲ ညီအကို အရင်းလိုဖြစ်နေတော့ မမြင်ကွယ်ရာမှာ မာလာကို ဘာမှ မကျူးလွန် ချင်ဘူးဗျာ၊ ဒါကြောင့် ပွင့်ပွင့်လင်းလင်း ပြောတာဘဲ၊ မာလာကို ကျွန်တော် လက်ထပ်ပါရစေ"
မောင်တင်အုံး က ဖွင့်ပြောသည်။
ဗုဒ္ဓ၀င်ရာဇ၀င်နှင့်ချီပြီး ကြီးကျယ်သောအတ္ထုပ္ပတ္တိဇာတ်လမ်းကြီးဖြစ်ခဲ့ရသော သာကီဝင် မဟာဆွေတော် မျိုးတော်တို့ အကြောင်းကို လူသိမခံလိုတော့သော မာလာဒေ၀ီက သူ့နာမည်ကို ဒေ၀ီဖြုတ်ပြီး မာလာ ဟူ၍ပင် ခေါ်ပါဟု ပန်ကြားထားခဲ့သည့်အတွက် မောင်တင်အုံးက မာလာဟူ၍ သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။
" ခင်ဗျား တကယ်ဘဲ မမကို မြတ်နိုးလို့လား "
မောင်တင်ဦးက မေး၏။
" မြတ်နိုးလို့သာ ကျွန်တော့်တိုင်းပြည် မပြန်နိုင်ဘဲ ခင်ဗျားတို့နဲ့ နေတာပေါ့ဗျာ"
" ဘာသာချင်းမတူဘဲ ဖြစ်နိုင်မလား ကိုတင်အုံး "
" ဒါက မခဲယဉ်းပါဘူးဗျာ၊ ကိုယ်ယုံကြည်ရာကိုယ်ကိုးကွယ်ပေါ့၊ တယောက်နဲ့တယောက် ကြင်နာဘို့သာ အေ၇းကြီး ပါတယ်... "
" ဒါက ပြောရမယ်လေ ကိုတင်အုံးရဲ့၊ ခင်ဗျားတို့လက်ထပ်တော့ ဘယ်ဘာသာထုံးစံဓလေ့နဲ့ လက်ထပ် မှာလဲ"
" ကျွန်တော် မာလာ့ကို သိပ်ချစ်တယ်၊ သူစိတ်ချမ်းသာစေမဲ့ ထုံးစံဓလေ့နဲ့ လက်ထပ်မယ် "
" နောက်ပြီး ခင်ဗျားတိုင်းပြည်ပြန်သွားတော့ ကျွန်တော့် မမ ဘယ်လိုဖြစ်မလဲ"
မောင်နှမ အရင်းဖြစ်လာပြီကြောင့် မောင်တင်ဦးက စေ့စပ်သေချာစွာ မေးရတော့သည်။
" ကျွန်တော် မပြန်ဘူး၊ ဒီ မြန်မာပြည်သားအဖြစ် ခံယူပြီး မာလာနဲ့ မခွဲမခွာ နေမယ်"
" ခင်ဗျား စိတ်နိုင်မှလုပ်နော်၊ တော်တော်ကြာ မထွေးနိုင် မမျိုနိုင်နဲ့ စိတ်ဆင်းရဲမှု ဖြစ်လာတော့ မကောင်းဘူး "
"ာဗျာ ... ကိုတင်ဦးကလည်း ကျွန်တော် တခုခု လုပ်တော့ မယ်ဆိုရင် စိတ်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီးမှ လုပ် တာဘဲ။ ဒါောကာင့် ဒက်ဒီ ပြန်သွားတာ မလိုက်ဘဲ နေရစ်ပြီး မေဂျာဝှိုက်ကိစ္စကြီးစုံစမ်းလို့ အခုလို တိမ် မြှုပ်နေတဲ့ အကြောင်းတွေပေါ်ပေါက်ပြီး ခင်ဗျားတို့ မောင်နှမ ပြန်တွေ့ကြရတယ်မဟုတ်လား ... "
သူတို့နှစ်ယောက် ပြောဆိုနေကြသည့် အနားတွင် မာလာဒေ၀ီက ရှိနေပါသည်။ သို့သော် မောင်တင်ဦးနှင့် မောင်တင်အုံးက ဗမာစကားဖြင့် ပြောနေကြသည်ဖြစ်ရာ ဗမာစကား မတတ်ရှာသော မာလာဒေ၀ီက ချစ်စရာ ကောင်းသော မျက်နှာကလေးဖြင့် အငေးသား ကြည့်နေရှာသည်။
မောင်တင်အုံး ၏ ခိုင်မာသော စိတ်ဓာတ်ကို သိပြီးဖြစ်သော မောင်တင်ဦးက သူ့အမေကို တချက်မျှ လှမ်းကြည့်ကာ -
" ခင်ဗျား ပြောခဲ့တဲ့ အတိုင်းဆိုရင်တော့ ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ မမစိတ်သဘောက ဘယ်လိုလဲ မသိဘူး၊ သူကိုယ်တိုင်လဲ ကြည်ဖြူနှစ်သက်မှလဲ ကောင်းမယ်မဟုတ်လား၊ အဲဒီတော့ ခင်ဗျားတို့ ချင်း အကျေအလည် ဆွေးနွေးကြပေါ့ဗျာ၊ ကျွန်တော်လဲ ကျွန်တော့်ကိစ္စသွားစုံစမ်းလိုက်ဦးမယ်"
ဟု တချက်ခုတ် နှစ်ချက်ပြတ် စကားပြောကာ အိမ်မှ ရှောင်ထွက်လာခဲ့သည်။
မောင်တင်အုံး ပြောသည့်အတိုင်းဆိုလျှင် ကန့်ကွက်စရာမရှိသည်တကြောင်း၊ မာလာဒေ၀ီအဖို့ သူ့ဘ၀ လုံခြုံမှုရသွား၍ စိတ်အေးရမည် တကြောင်းတို့ကို တွေးပြီး မောင်တင်ဦးက ရှောင်ပေးလိုက်ခြင်းဖြစ်သည်။
အိမ်ပေါ်မှ ခြေလှမ်းသွက်သွက်ဖြင့် ဆင်းသွားသော မောင်တင်ဦးကို လှမ်းကြည့်ပြီး -
" မောင်တင်ဦး ဘယ်ကိုသွားတာလဲ" ဟု မာလာကမေး၏။
" မာလာနဲ့ ကျွန်တော် လွတ်လွတ်လပ်လပ် တိုင်ပင်ဘို့ ရှောင်သွားတာ "
မောင်တင်အုံးက ဖြေသည်။
"လွတ်လွတ်လပ်လပ် တိုင်ပင်ဘို့ဟုတ်လား၊ ဘာကိစ္စလဲ မောင်တင်အုံး "
မာလာဒေ၀ီက အံ့သြဟန်ဖြင့် မေး၏။
" ဒီလိုလေ ကျွန်တော် မာလာ့ကိုချစ်တယ်။ လက်ထပ်ချင်တယ်၊ အဲဒါ မာလာနဲ့ လွတ်လွတ်လပ်လပ်ပြောဘို့ ကိုတင်ဦးက ရှောင်သွားတာ "
မောင်တင်အုံး က သွယ်ဝိုက်မနေတော့ဘဲ တည့်တည့်ပင်ပြောသည်။
" သြော် "
မာလာဒေ၀ီက မောင်တင်အုံးမျက်နှာကိုကြည့်ပြီး အံ့သြသွားသည်။
" မာလာ ဘယ်လိုသဘောရသလည်း
မာလာဒေ၀ီက သက်ပြင်းချပြီးပြောသည်။
" ဖြစ်နိုင်ပါ့မလား မောင်တင်အုံး။ မမက မောင်တင်အုံးထက် အသက်ကြီးတယ်၊ ပညာ အရည်အချင်း လည်းဘာမှမရှိဘူး၊ မောင်တင်အုံးနဲ့ တွေ့ရမြင်ရသိရတဲ့ အချိန်ကာလလဲ ကြာတာမှုတ်ဘူး၊ နောက်ပြီး မမက အပျိုစင် မဟုတ်တော့ဘူးဆိုတာ မောင်တင်အုံးသိပြီးပြီဘဲ၊ မမလို မိန်းမကို လက်ထပ်ချင်တယ်ဆိုတာ မောင်တင်အုံး အနေနဲ့ သိပ်ပြီး ရှုံးတယ်၊ နာတယ်၊ အရှည်တွေး စဉ်းစားပါကွယ်"
သူ့ဘ၀ ဖြစ်ခဲ့ရသည့် အခြေအနေကို ဖော်ပြကာ ကျေးဇူးပြုဘူးသူအား ငဲ့ညှာထောက်ထားသော စကားကို ပြန်ကြားသော မာလာဒေ၀ီကို မောင်တင်အုံးက စိတ်မပျက်သည့်အပြင် ချစ်စိတ် သနားစိတ်တွေ ပိုလာ သည်။
" ဒါတွေအားလုံး ကျွန်တော် သိပါတယ် မာလာ၊ မာလာဟာ အင်မတန် စင်ကြယ် မြင့်မြတ်တဲ့ အမျိုးအနွယ်က ဆင်းသက် လာသူ မိကောင်းဖခင် သမီးတယောက်ပါ။ အဆင်မပြေတဲ့ ဘ၀အခြေအနေကြောင့် အခုလို အစွန်းအကွက် လေးတွေဖြစ်ရတာကို ကျွန်တော် ထည့်မတွေးပါဘူး။ မာလာမှာ တခုထဲ လိုနေတာရှိတယ်။ အဲဒါက စာမသင်ခဲ့ရလို့ စာမတတ်တာတခုဘဲ၊ ကျွန်တော်နဲ့ လက်ထပ်ပြီးရင် အင်္ဂလိပ်စာကို ရေးတတ် ဖတ်တတ် အောင် သင်ပေးလိုက်ရင် မာလာအားလုံး ပြည့်စုံသွား ပြီ၊ အင်္ဂလိပ်စကားကို မာလာ ကောင်းကောင်း ပြောတတ်နေပြီဟာ ဘာမှမလိုတော့ဘူး "
မောင်တင်အုံးက စိတ်အားထက်သန်စွာ ပြောသည်။"
" မောင်တင်ဦး တတ်ထားတဲ့ ဗမာစာနဲ့ ဗမာစကားကိုလဲ မမ မတတ်သေးဘူးလေ "
မာလာဒေ၀ီ၏ စကားကြောင့် မောင်တင်အုံးကရယ်၏။
" ဗမာစကား ကျွန်တော်တတ်တယ်၊ မာလာကို ကောင်းကောင်းသင်ပေးမယ်၊ ဗမာစာကိုတော့ ကိုတင်ဦးကို သင်ခိုင်းပေါ့"
" ၀မ်းသာလိုက်တာ မာလာရယ် "
မာလာဒေ၀ီက ဘာမှ ပြန်မပြောဘဲ မောင်တင်အုံး၏ မျက်နှာကိုသာ ကြည့်နေသည်။
" လက်ထပ်မယ် ဟတ်လား မာလာ "
" မောင်တင်ဦးက ဘာပြောမလဲ မသိဘူး "
" ကျွန်တော် ခွင့်တောင်းပြီးပါပြီ။ အခုတင်က ကျွန်တော်တို့ ပြောနေကြတာ ဒီအကြောင်းအပေါ့။ မာလာက ကြည်ဖြူတယ်ဆိုရင် သူမကန့်ကွက်ဘူးတဲ့၊ မာလာ့အဖို့ တသက်လုံး အေးချမ်းလုံခြုံမှုအားကိုးမှု ရသွားလို့ သူသဘောတူပါတယ်တဲ့ "
" မမ အပျိုစစ် မဟုတ်ဘူးနော် ... "
မာလာဒေ၀ီက စိတ်မချဟန်ဖြင့် သတိပေးသည်။
" ကျွန်တော်သိပါတယ် မာလာရယ်။ သိရက်နဲ့ စိတ်သန့်ရှင်းနိုင် ချစ်နိုင်တယ်ဆိုတဲ့ ကျွန်တော့် မေတ္တာ ပမာဏ ကို မာလာ စဉ်းစားသာကြည့်ပါ "
မာလာဒေ၀ီက သက်ပြင်းချပြီးပြောသည်။
" မမ ဘ၀ကတော့ မောင်ငယ်နှစ်ယောက် ပြုပြင်ရာပါဘဲကွယ် ... "
" အို .. မောင်ငယ်ဆိုတဲ့ စကားကို မာလာ့ မောင်အရင်းကိုတင်ဦးကိုဘဲသုံး၊ ကျွန်တော့်ကို မောင်ငယ်လို့ မသုံးနဲ့ ကိုတင်အုံးလို့ ခေါ်နော် မာလာ "
" ကောင်းပါပြီ မောင်ငယ်"
" ဟော ပြောရင်းဆိုရင်း မာလာ ပြန်ခေါ်ရမယ်"
ကောင်းပါပြီ ကိုတင်အုံးရယ် "
------------------------------------
အခန်း (၈) ဆက်ရန်
.
No comments:
Post a Comment