Thursday, March 17, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၃ဝ) ဇာတ်သိမ်း

အခန်း (၈)

မောင်တင်အုံးနှင့် မာလာဒေ၀ီတို့ အဆင်ပြေနေသော်ငြားလည်း မောင်တင်ဦး တယောက်မှာမူ စုံနံ့သာမြိုင် ရှာပုံတော်ကြီး ဖွင့်နေရလေသည်။ အသက်မွေး ၀မ်းကျောင်းအတွက် အလုပ်ရှာရသည်က တဖက်၊ ချစ်ရသူ ကြည်ကြည်နွဲ့သတင်း စုံစမ်းရသည်က တဖက်ဖြစ်နေသည်။

ဤအချိန် အတွင်းမှာ ဖက်ဆစ်တော်လှန်ရေး အချိန်က ဦးအောင်နှင့်အတူ လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သော ပုဂ္ဂိုလ်ကြီး တယောက်နှင့် ကံအားလျော်စွာ သွားတွေ့သည်။ ရာထူးကြီးကြီးမားမား တနေရာ တာဝန်ယူရ သော ထိုပုဂ္ဂိုလ်က သူ့ဌာနမှာ လိုနေသော အထက်တန်းစာရေး တနေရာကို ခန့်ထားပေးသဖြင့် မောင်တင်ဦး အဘို့ ၀မ်းရေးပြဿနာက အဆင်ပြေသွားသည်။
" ခင်ဗျားရတဲ့ လခလေး ခင်ဗျား မိန်းမယူဘို့ စုသာထားပါ။ ကျွန်တော့် အဖေ ထားခဲ့တဲ့ငွေ တော်တော်များ များ သံရုံးမှာ ကျန်နေသေးတာ ကျွန်တော် သွားထုတ်လာခဲ့ပြီ။ အိမ်စားစရိတ်  ပူမနေနဲ့၊ သံရုံးမှာ အလုပ် တနေရာ ကျွန်တော်ဝင်ဘို့ ပြောထားခဲ့တယ်။ ဒက်ဒီဆီကိုလဲ အကြောင်းစုံ စာရေးလိုက်ပြီ"

မောင်တင်အုံးက တာဝန်ယူသော စကားဖြင့် အားပေးသည်။ သူ့ဖခင်လာရန် မှာကြားထားကြောင်း သူ့ဖခင် ရောက်လာမှ မြင်သူငေးအောင် ချောမောလှပသော ချစ်သူ မာလာဒေ၀ီ၏ စင်ကြယ် မြင့်မြတ်သော အမျိုး အနွယ် နှင့် မေဂျာဝှိုက်တို့ ဇာတ်ကြောင်း ပြန်ပြောပြပြီး သူ့ဖခင်ရှေက မျက်နှာစုံညီမှာ မာလာဒေ၀ီကို လက်ထပ် ယူမည်ဖြစ်ကြောင်း ပြောပြသည်။  ထို့ကြောင့်မောင်တင်ဦးက နောက်ကြောင်းပူစရာမရှိဘဲ ကြည်ကြည်နွဲ့ အကြောင်းကိုသာ စုံစမ်းနေသည်။ မေးပါများ စကားရ ဆိုသည့်အတိုင်း မောင်တင်ဦး သတင်း ရလေပြီ၊ ရသော သတင်းကလည်း စိတ်ချမ်းသာဖွယ် မရှိချေ။
ဦးသာညွန့်နှင့် ဒေါ်ကြည်တို့ မြို့လယ်ခေါင်က နှစ်ထပ်တိုက်ကြီးတလုံးကို တသိန်းဖြင့်ဝယ်လိုက်ကြသည်။

ဦးသာညွန့်နှင့်အတူ သောက်ဖော် သောက်ဖက်တယောက်၏ ဆက်သွယ်ဆောင်ရွက်ပေးမှုကြောင့် သူတို့ အလုပ်သမား အသိုက်အ၀န်းထဲမှ လူတယောက်၏သား ၀ိဇ္ဇာဘွဲ့ရပြီးသူ အငယ်တန်း အရာရှိကလေး တယောက် နှင့် ဦးသာညွန့် ဒေါ်ကြည်တို့က လက်ထပ်ပေးရန် စီစဉ်သည်။ ကြည်ကြည်နွဲ့သည် ချစ်သူ မောင်တင်ဦး အပေါ် သစ္စာမဖျက် ချင်သည့်အတွက် မိဘပေးစားသည်ကို မယူဘဲ ကန်တော်ကြီးထဲ ခုန်ချ သတ်သေ သွားကြောင်း စိတ်မချမ်းသာစရာ သတင်းကိုသာ ကြားရလေတော့သည်။

ကြည်ကြည်နွဲ့ သေဆုံးခြင်းကို အကြောင်းပြု၍ ဦးသာညွန့်နှင့် ဒေါ်ကြည်တို့၏ သေးသိမ်ညံ့ဖျင်းသော စိတ်သဘောထား သည်လည်းကောင်း၊ မောင်တင်ဦးကို ရိုက်နှက်သတ်ဖြတ်ရန် ရှိုထားသော လူမိုက်နှစ် ယောက် အား မောင်တင်ဦးလည်း ပျောက်ကွယ်၊ ကြည်ကြည်နွဲ့လည်း သေဆုံးသွားပြီဖြစ်၍ ငွေပေးရန် မလို တော့ကြောင်း စကား ကပ်ပြောသောအခါ ထိုလူနှစ်ယောက်က မကျေမနပ်ဖြစ်ကာ လျှောက်ပြော သည့် သတင်း တွေက ပြန့်ပြီး ဦးသာညွန့်တို့ ဇနီးမောင်နှံအား ရဲဘက်မှ စစ်ဆေးမေးမြန်းခြင်းကို ခံလိုက်ရ၍ ဂုဏ်သိက္ခာ ထိခိုက်သည်ကိုလည်းကောင်း၊ လူအများ မကြားချင်အဆုံး ဖြစ်နေသည်။ ထိုအခါမှ သမီး ဆုံးသွားသောကြောင့် အပူသောက တွေ့ကြုံရသော ဦးသာညွန့်နှင့် ဒေါ်ကြည်တို့မှာ စိတ်ကောင်း ၀င် လာသည်။ နောင်တစိတ် ပေါ်လာသည်။ ရှက်ရ ကြောက်ရမှန်း သိလာသည်။ ယခင် ဦးသာညွန့် ဒေါ်ကြည် မဟုတ်ကြ တော့ချေ။

ရုံးအားရက် တနင်္ဂနွေနေ့မှာ စိတ်မချမ်းသာ လှသောကြောင့် ဘယ်မှ မထွက်ဘဲ အိမ်ရှေ့ ၀ရံတာကလေးမှာ ပက်လက် ကုလားထိုင် တလုံးဖြင့် ချစ်သူ ကြည်ကြည်နွဲ့၏ သစ္စာစောင့်ထိန်းသည့် မြဲမြံ ခိုင်မာလှသော အချစ် ကို တွေးကာ ကြည်ကြည်နွဲ့ကို လွမ်းဆွတ်တမ်းတစွာ ငေးငိုင်နေသော မောင်တင်ဦးအနားကို မာလာဒေ၀ီ က ရောက်လာသည်။
" မောင်ငယ်ရယ် မှိုင်နေဆွေးနေလို့လဲ သေသူက ပြန်မလာ နိုင်တော့ပါဘူး အစားအသောက်ကို မှန်မှန် စားသောက်ပြီး ကိုယ်ရောစိတ်ရော ကျန်းမာအောင် ချမ်းသာအောင် ကြိုးစားဖြေသိမ့်ပါလားကွယ်။ ဟော ဒီမှာ၊ မောင်ငယ် ထမင်းမစားလို့ နွားနို့ ကို မလိုင် တက်အောင် မမကျိုပြီး ယူလာခဲ့တယ်၊ သောက်မယ် မဟုတ်လားနော် မောင်ငယ် "

မာလာဒေ၀ီက ခုံကလေး တခုပေါ်တွင် နို့ပန်းကန်ကို တင်ပြီး မောင်တင်ဦးနဖူးကို ယုယကြင်နာစွာ ကိုင်စမ်း ပြီးချော့၏။ ထိုအချိန်မှာ မောင်တင်အုံးက သူ့ဖခင် ရောက်လာမည်ဟု အကြောင်းကြားချက်အရ သူတို့နိုင်ငံ ဆိုင်ရာ သံအမတ်ကြီးအိမ်သို့ သွားနေသဖြင့် အိမ်မှာမရှိချေ။ မောင်တင်ဦးသည် သူ့အိမ်ရှေ့လမ်း၏ ဟို တစ် ဘက်ဘေးမှာ ရှိနေသော အရိပ်အာဝါသ အေးမြလှသည့် ဘန်ဒါပင်ကြီး တပင်အောက်မှာ ညှိုးညှိုးငယ်ငယ် ထိုင်နေ`၇ှာသော သူတောင်းစားမလေးကို ငေးကြည့်နေရာမှ မာလာဒေ၀ီကို မော်မကြည့်ဘဲ ငေးမြဲတိုင်းပင် ငေးနေသည်။

မာလာဒေ၀ီက မောင်တင်ဦး ကြည့်ရာကို လိုက်ကြည့်သောအခါ သူတောင်းစားမလေးကိုမြင်သည်။ ညစ်နွမ်း သော အ၀တ်၊ လွယ်အိတ်စုတ်စုတ်တလုံး။ အရောင်အသွေးမပေါ်တော့သော အ၀တ်ကို မျက်ခုန်းအုပ်အောင် ခေါင်းမှာ ပတ်ထားသော သူတောင်းစားမလေး၏ မျက်နှာဝယ် နေပူစပ်ခါး သွားလာ တောင်းရမ်း ရလွန်း၍ ထင်သည်။ ပါးနှစ်ဖက်နှင့် နှုတ်ခမ်းတွင် ညိုမဲသော တင်းတိပ်တွေ စွဲနေသည်မှာ ရွံစရာ ပင် ကောင်းနေ တော့သည်။

" ဟောဟို သူတောင်းစားမလေးဟာ နေ့တိုင်းလာတယ် မောင်ငယ် "
မာလာဒေ၀ီ က ပြော၏။
" ကျွန်တော် သတိမထားမိလို့လားမသိဘူး၊ အခုမှ မြင်မိတယ်မမ "
" တောင်းရမ်း လာရာက မောရှာတယ် ထင်ပါရဲ့၊ ဒီသစ်ပင်ရိပ်မှာ အမြဲနားလေ့ရှိတယ် "

မောင်တင်ဦးက ဘာမှ ပြန်မပြောဘဲ ငေးမြဲတိုင်း ဆွေးမြဲတိုင်း ...
" ကဲ မနက်ကလဲ ထမင်းစား သိပ်နဲတယ်၊ နွားနို့လေးသောက်လိုက်ပါကွယ်။ မမ ဘ၀မှာ အားကိုးစရာ မောင်ငယ် ဘဲ ရှိတယ်မဟုတ်လား၊ အခုလို မောင်ငယ် မကြည်လင် မရွှင်လန်းရင် မမပါ စိတ်ပင်ပန်းရ စိတ်ညစ် ရပါတယ် မောင်ငယ်ရယ် ... "

မာလာဒေ၀ီက ပြောသောအခါ မောင်တင်ဦးက သူ့အမကို သနားလာသည်။ ထို့ကြောင့် ညိုးသော မျက်နှာ ကို လန်းဆန်းရွှင်ကြည်စွာ ပြုပြင်ပြီး ပြုံးရယ်ကာ ပြောလိုက်၏။
" အမလေး မမတော့ စိတ်မညစ်လိုက်ပါနဲ့ဗျာ၊ ကျွန်တော်ကလဲ တယောက်ထဲ ရှားရှားပါးပါး ရှိနေတဲ့အမကို သိပ်ချစ် ပါတယ်၊ မမ စိတ်မကောင်းအောင် မလုပ်ပါဘူး၊ ပေး နွားနို့ကျွန်တော်သောက်မယ် "
မောင်တင်ဦးက ရယ်ရယ် မောမော ပြောသောအခါ၊ မာလာဒေ၀ီ၏ ရှုမောလှပသော မျက်နှာက ရေစင်တွေ့ သော ကြာပန်း လို လန်းဆန်းရွှင်ကြည်လာသည်။ ချစ်စရာ ကောင်းလှသော အပြုံးဖြင့် နို့ပန်းကန်ကို ယူပေးသည်။ ချစ်ခင်ယုယနေသော မောင်နှမ နှစ်ယောက်သည် ဘန်ဒါပင်ရိပ်မှ တချွင်ချွင်မြည်သော စည်းသံနှင့်အတူ သူတောင်းစားမလေးက သီချင်းဆိုလိုက်သည်ကို နားထောင်လိုက်မိကြ၏။

" ပဏ္ဍုသေလာ ကွယ်ကာပျောက်ကာမှ သွေကာ ဖေါက်မယ်ပ အို ... သက်လျာ ... ဆိုဘူးသည့်တာ။
ကျန်သစ္စာပျက်တယ်လေး၊ ယွင်းတွေကွက်ရှာ ... "

အသံက ကောင်းလွန်းသည်၊ ချိုလွန်းသည်မဟုတ်သော်လည်း ရင်ထဲအသဲထဲက ခံစားချက်ကို လှိုက်လှိုက် လှဲလှဲ ဖော်ထုတ်လိုက်သည့် အသံမျိုးဖြစ်၍ နားထောင် နေကြသော မောင်နှမ နှစ်ယောက်အနက် မာလာဒေ၀ီ မှာ နားမလည်၍ ထူးထူးခြားခြားမဖြစ်သော်လည်း မောင်တင်ဦး၏ ရင်ထဲမှာကား အနာဟောင်း တခု ကို ဆွလိုက်သလို နာကျင်ဆို့ကျပ်သွားလေသည်။
" ပဏ္ဍုသေလာ ကွယ်ကာပျောက်ပါစေတော့၊ နွဲ့တယောက်အပေါ် ဘယ်အခါမှ ကိုဦး မေတ္တာမပျက်ပါဘူး ဆိုတာ စိတ်ချလက်ချ ယုံပါနွဲ့ရယ်" ဟူ၍ ချစ်သူ ကြည်ကြည်နွဲ့ကို သူပြောခဲ့ဘူးသည်၊ သူကလည်း သစ္စာ မပျက်၊ နွဲ့ကလည်း သစ္စာမပျက်ခိုင်မြဲသော မေတ္တာဖြင့် ချစ်ကြပါသော်လည်း ကံကြမ္မာ ဖန်လာသည့် အရေး ကြောင့် ဤဘ၀မှာ မည်သို့မျှ မတွေ့နိုင်သော ဝေးခြင်းမျိုးဖြင့် ဝေးကြလေပြီဟု တွေးရင်း ဆွေးစိတ်က ပိုလာ တော့သည်။

သူတောင်းစားမလေးကား စည်းကို တချွင်ချွင် တီးကာ ဆိုခဲ့ပြီးသည့် ဘောလယ်အပိုဒ်ကိုပင် ပြန်ကျော့နေ လေသည်။
" တော်ပြီ မမရယ်၊ ကျွန်တော် ဆက်မသောက်ချင်တော့ဘူး"

နွားနို့ပန်းကန်ကို မာလာဒေ၀ီအားပေးပြီး မောင်တင်ဦးသည် အိမ်ပေါ်မှ ဆင်းလာခဲ့သည်။ တိုက်ဆိုင်လှစွာ ဤဘောလယ်ကိုမှ ဆိုသော သူတောင်းစားမလေးအား အသေအချာကြည့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ဘန်ဒါပင်ရိပ်သို့ လာခဲ့သည်။ သို့သော် သူတောင်းစားမလေးကား မောင်တင်ဦးလာနေသည်ကို မြင်သော အခါ ဆိုလက်စသီချင်းကို တပိုင်းတစဖြင့် ဖြတ်ပြီး သစ်ပင်ရိပ်မှထွက်ခွာရန် ဟန်ပြင်လိုက်သည်၊ မောင် တင်ဦး စိတ်ထဲမှာ သံသယဖြစ်လာသည်။ ထို့ကြောင့် လျင်မြန်သော ခြေလှမ်းကျဲကြီးဖြင့် မှီအောင် သွားကာ သူတောင်းစားမလေး ခြေလှမ်းနေသော ရှေ့ကပိတ်ရပ်လိုက်၏။ သူတောင်းစားမလေးက ဦးခေါင်း ငုံ့ကာ ရှောင်ထွက်သည်။

" နေပါအုံး ညီမလေးရဲ့၊ မင်းဆိုတဲ့သီချင်းကောင်းလွန်းလို့ မုံ့ဘိုးပေးမယ်လို့ပါ...ရော့ ... "
မောင်တင်ဦးက အိတ်ထဲမှ ငါးကျပ်တန်တရွက်ကို ထုတ်ပေးသော်လည်း သူတောင်းစားမလေးက မယူဘဲ ဦးခေါင်းသာ အတွင်ငုံ့နေသည်၊ ငုံ့နေသောမျက်နှာတွင် မျက်ရည်တွေက ဖြိုင်ဖြိုင်ကျနေသည်။
မောင်တင်ဦးစိတ်ထဲက သံသယသည် ခိုင်သည်ထက် ခိုင်လာသည်။ ထို့ကြောင့် မျက်ခုံးအုပ်အောင် ပေါင်း ထားသော အ၀တ်ညစ်ကြီးကို လျင်မြန်စွာ ဆွဲဖြုတ်လိုက်လေသည်။ ခေါင်းပေါင်း ကျွတ်သွားသောအခါ ပါး နှစ်ဖက် နှင့် နှုတ်ခမ်းပေါ်တွင် တင်းတိပ်နှင့်တူအောင် အိုးမဲရောင်ဖျော့ဖျော့ပွတ်ထားသော်လည်း ကြည်ကြည်နွဲ့ အစစ် အမှန်ဖြစ်ကြောင်း မျက်နှာက ထင်ရှားစွာပေါ်လာသည်။
" နွဲ့ ... နွဲ့ ... အမလေး၊ ကိုဦး သံသယဖြစ်လို့ ဆင်းလာတာ။ အသံကြားကထဲက နွဲ့အသံဘဲထင်ပြီး လာခဲ့ ရတာ ၀မ်းသာလိုက်တာ နွဲ့ရယ်၊ နွဲ့မသေဘူးနော်၊ လာနွဲ့ အိမ်ပေါ်ရောက်မှ စကားအစုံပြောရအောင် "

အတိုင်းမသိသော ၀မ်းမြောက်ခြင်းဖြင့် မောင်တင်ဦးက ကြည်ကြည်နွဲ့ လက်မောင်းကို ဆွဲခေါ်သည်။ သို့သော် ကြည်ကြည်နွဲ့က မလှုပ်မယှက် ခြေခိုင်ခိုင်ရပ်နေရာမှ အိမ်ပေါ် ၀ရံတာတွင် နွားနို့ ပန်းကန် ကိုင်လျက် သူတို့ကို လှမ်းကြည့်နေသော မာလာဒေ၀ီကို လှမ်းကြည့်လိုက်သည်။
" နွဲ့ လိုက်လို့ မဖြစ်တော့တဲ့ အခြေအနေဆိုလဲ မလိုက်တော့ပါဘူးရှင် "
မောင်တင်ဦးက အဓိပ္ပာယ်ကောင်းကောင်း နားလည်သွားသည်။

" အဲဒါ ... ကိုဦးအမအရင်း၊ မမြှော်လင့်ဘဲ ပြန်တွေ့ရပြီး အတူတူနေတာ၊ မမကလဲ သူ့ချစ်သူနဲ့ လက်ထပ် တော့မဲ့ ဆဲဆဲ ပါနွဲ့ရယ် "
မောင်တင်ဦးအတိုတိုနှင့် အဓိပ္ပါယ်ပေါ်အောင် ရှင်းပြသည်၊ ထိုအခါမှ ကြည်ကြည်နွဲ့က မျက်ရည်သုတ်ပြီး မယုံမရဲ လိုက်လာသည်။ အိမ်ပေါ်ရောက်သောအခါ မောင်တင်ဦးက ဆပ်ပြာခွက်၊ ရေခွက်၊ မျက်နှာသုတ်ပုဝါ ပေးပြီး မျက်နှာသစ်ခိုင်းလိုက်သောအခါမှ ချစ်စရာကောင်းသော ကြည်ကြည်နွဲ့၏ ပင်ကိုယ် မျက်နှာကလေးက ပေါ်လာသည်။

" ဒါ မောင်ငယ်ပြောတဲ့ ချစ်သူလား "
မာလာဒေ၀ီက မေးသည်။
" ဟုတ်တယ် မမ ... "
မောင်တင်ဦးက ဖြေ၏။ မာလာဒေ၀ီသည် ၀မ်းမြောက်ရွှင်လန်းစွာဖြင့် သူ့အင်္ကျီလုံချည်တွေ ထုတ်ပေးသည်၊ ကြည်ကြည်နွဲ့ ကိုယ်ပေါ်က အ၀တ်တွေ မကောင်းသဖြင့် ရေချိုးသနပ်ခါးလိမ်း ပြင်ဆင်ပြီး အင်္ကျီလုံချည် အကောင်း များကိုလဲ ၀တ်စေသည်၊ အင်္ဂလိပ်စကား ပြောတတ်သူတွေ ဖြစ်၍ ဆက်ဆံရေးမှာ ခက်ခဲခြင်းမရှိ ချေ။ ကြည်ကြည်နွဲ့သည် ရေချုးဖီးလိမ်းပြင်ဆင်ပြီး မာလာဒေ၀ီ၏ အင်္ကျီလုံချည်တွေကိုလဲဝတ်လိုက်၏။

" ညီမငယ်က မိန်းမချောကလေးဘဲ၊ ဒါကြောင့် မောင်ငယ်က တမ်းတနေတာပေါ့၊ ကဲ ... ဖြစ်ပျက်ပုံကို ပြော ပါအုံးလေ၊ မမ ပါ ကြားရအောင် "
မာလာဒေ၀ီက အမကြီးလေသံဖြင့် တိုက်တွန်း၏၊ မောင်တင်ဦးကား ၀မ်းသာလွန်းသောကြောင့် နှုတ်က ထိုထို ဤဤ ဖွဲ့နွဲ့ မေးမြန်းရန် စကားလုံးပင် မထွက်နိုင်တော့ချေ။ ကြည်ကြည်နွဲ့ ပျောက်သွားမည် စိုးဘိ အလား မျက်တောင် မခတ်စူးစူးစိုက်စိုက်သာ ကြည့်နေသည်။
" ဟုတ်ကဲ့ ... နွဲ့ ပြောပြပါ့မယ် "

ကြည်ကြည်နွဲ့က စကားပလ္လင်ခံပြီး ပြောသည်၊ သူ့မိဘတွေ သဘောတူသူကို မကြည်ဖြူနိုင်ဘဲ ချစ်သူ မောင်တင်ဦးအပေါ် သစ္စာမဖျက်ခင်သောကြောင့် တိုက်အပေါ်ထပ် ၀ရံတာမျ မိဘတွေလစ်ချိန်တွင် ကြိုးဖြင့် ဆွဲပြီး ဆင်းပြေးလာခဲ့ရသည်တိုက်အောက်ထပ် အထွက်အ၀င် တံခါးဟူသမျှ အားလုံးသော့ပိတ်ထားပြီး သံ တိုင်တွေတပ်ထားသော ပြတင်းပေါက်မှ စွန့်စားရခြင်းဖြစ်သည်၊ ညီအမလို ခင်မင်ခဲ့ရသော ကျောင်းနေဘက် သူငယ်ချင်းမတဦးအိမ်သို့ ထွက်ပြေးခိုလှုံနေခဲ့သည်၊ သူငယ်ချင်းမမှာ ကြည်ကြည်နွဲ့လို ဆင်းရဲ ချို့ငဲ့သူမဟုတ်သောကြောင့် တက္ကသိုလ်ပညာကို ဘွဲ့ရအောင်သင်ပြီး ရုံးတရုံးမှာ အရာရှိမတဦးဖြစ် နေသူဖြစ်သည်။ သူငယ်ချင်းမက ကူညီလက်ခံထားသည်။

စိတ်မချမ်းသာသည့် ဘ၀ကို ရေထဲဆင်းပြီး အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း ယုတ္တိရှိရှိ စာတစောင်ရေး၍ ကြည်ကြည်နွဲ့ လက်မှတ်ထိုးသည်၊ စာအိတ်ပေါ်မှာ ဦးသာညွန့်နှင့် ဒေါ်ကြည်တို့၏ နာမည်လိပ်စာ ပြီပြီသသ ရေးသည်၊ ကြည်ကြည်နွဲ့၏ ဘိနပ်တရံ ခေါင်းစီးလက်ကိုင်ပုဝါနှင့်အတူ ထိုစာကို ကန်တော်ကြီး စောင်းတနေရာမှာ သူငယ်ချင်းမက လူသူလေးပါးမမြင်အောင် အမှတ်မဲ့သွားထားသည်၊ ထို့နောက် အမှတ် မထင် တွေ့မြင်ဟန်ဖြင့် ရဲကို အကြောင်းကြားခဲ့သည်။ ဤနည်းဖြင့် ကြည်ကြည်နွဲ့ ဇာတ်မြှုပ်နေခဲ့သည်၊ ဦးသာညွန့်နှင့် ဒေါ်ကြည်တို့ကလည်း သမီးဖြစ်သူအမှန်တကယ် သေပြီဟု ထင်၍ အလောင်းကိုပင် ရှာဖွေ ကြည့်သည်။

ကြည်ကြည်နွဲ့သည် သူတောင်းစားဟန်ဖြင့် ရုပ်ဖျက်ကာ မောင်တင်ဦး အိမ်ရှေ့ကို နေ့တိုင်းလာသည်။ မောင်တင်ဦးတို့ ပြန်မရောက်သေး၍ အိမ်ကြီးကို တံခါးပိတ်လျက် တွေ့သော်လည်း စိတ်မပျက်ချေ။ မောင်တင်ဦးတို့ ပြန်ရောက်လာသောအခါ ချောမောလှပသော မာလာဒေ၀ီပါလာသည်ကိုလည်းကောင်း၊ လူအပိုဖြစ်သူ မောင်တင်အုံးကိုလည်းကောင်းတွေ့သည်၊ မာလာဒေ၀ီသည် မောင်တင်အုံးနှင့် သက်ဆိုင်သူ လား၊ ချစ်သူမောင်တင်ဦးနှင့် သက်ဆိုင်သူလား ဆိုသည်ကို ရှင်းလင်းစွာသိလို၍ အသံမအေး အသိမပေးဘဲ သူတောင်းစား အသွင်ဖြင့်သာ စောင့်ကြည့်နေခဲ့ရာမှ ဤနေ့တွင် မောင်နှမနှစ်ယောက် ၀ရံတာတွင် ကြင်နာ ယုယနေကြပုံကို မြင်ရသောအခါ အထင်မှားမိသည်။ မောင်တင်ဦး ပြောခဲ့သည့် ဂတိသစ္စာစကားကို သတိရကာ စိတ်ထဲမှာ အလွန်အမင်း မကောင်းခြင်း ဖြစ်လာသည်။

" ဒါကြောင့် ပဏ္ဍုသေလာ ဘောလယ်ကလေးကို စိတ်ရှိလက်ရှိ ဟစ်ဆိုလိုက်မိတာဘဲ ကိုဦးရေ ချစ်လွန်းလို့ အထင်မှား မိတာကို မမရော။ ကိုဦးရော ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ် "
ကြည်ကြည်နွဲ့က တောင်းပန်သည်။

" ကိုဦးကို တောင်းပန်နေဘို့ မလိုပါဘူးနွဲ့၊ တကယ်လို့ မိဘတွေကို မလွန်ဆန်ဝံ့ဘဲ နွဲ့တခြားလူကို ယူသွား လဲ ကိုဦးက စိတ်မခာဘဲ ခွင့်လွှတ်မှာပါ။ အခုတော့ ဘယ်အချိန် ဘယ်ကာလမှ ပြန်ရောက်မယ်ဆိုတာ မမှန်း ဆနိုင်အောင် ထွက်ခွာသွားတဲ့ ကိုဦးကို ခိုင်မြဲတဲ့ သစ္စာမေတ္တာနဲ့ ဆင်းရဲခံ စောင့်တာသိရတော့ ပိုပြီး မြတ်နိုး မိပါတယ် နွဲ့ရယ် "
မောင်တင်ဦးက အသဲနှလုံးထဲက ထွက်လာသော အသံဖြင့် လှိုက်လှဲစွာ ပြောသည်။

မာလာဒေ၀ီက ကြည်ကြည်နွဲ့ကို စိုက်ကြည့်ကာ ဦးခေါင်းကို ဖြည်းဖြည်းညိတ်ပြီး ပြော၏။
" ခိုင်မြဲတဲ့ သစ္စာနဲ့မေတ္တာဟာ သိပ်တန်ဘိုးရှိပါတယ် ညီမငယ်။ အဖေနဲ့ အမေဟာ ဤမျှချောမောလှပသော ရုပ်ဆင်းရူပကာ ရှိသည့် မိန်းမကို မတွေ့ဘူးခဲ့ရကား အပျိုစင်မဟုတ်မှန်း သိလျှက်နှင့် သားဖြစ်သူ မောင်တင်အုန်း စွဲလမ်းမြတ်နိုးသည်ကို အပြစ်မဆိုတော့ပေ။

 "ခွင့်ပြုမယ် မဟုတ်လား ဒက်ဒီ"
မောင်တင်အုန်းက ချွေးမလောင်းအား တအံ့တသြ ငေးစိုက်ကြည့်နေသော ဘခင်ကို မေးလိုက်သည်။ အတွင်းဝန်ကြီး က ကြည်လင်သော မျက်နှာ၊ ကြည်ဖြူသော လေသံဖြင့် နှစ်သိမ့်ဖွယ် ကောင်းလှသော စကား ကို ဆိုသည်။ မောင်တင်အုန်းပြောပြ၍ အတွင်းဝန်ကြီးက အကြောင်းစုံသိပြီးဖြစ်၏။

" သမီးရုပ်ရည်ကတော့ စင်ကြယ် မြင့်မြတ်တဲ့ သာကီဝင်သွေးပါသူ မင်းဆွေမင်းမျိုး ပြီသပါပေတယ်။ ဒီလို အံ့သြစရာကောင်းအောင် လျှို့ဝှက် ဆန်းကြယ်တဲ့ အတ္ထုပ္ပတ္တိနဲ့ ဆက်သွယ်နေသူ ထူးထူးခြားခြားပုဂ္ဂိုလ်မျိုး ကို ဒက်ဒီတို့က သိပ် စိတ်ဝင်စားတတ်တယ်။ တန်ဘိုးလဲ ထားတယ်၊ ဒါကြောင့် သားနဲ့ သမီးကို သဘောတူ ခွင့်ပြုပါတယ်။ လက်ထပ်ပြီးရင် ဒက်ဒီတို့ရှိရာကို အလည်လာခဲ့ကြအုံးနော် "
အတွင်းဝန်ကြီး၏ စကားကို ...

" ကျေးဇူးတင်ပါတယ် ဒက်ဒီ။ မာလာရဲ့ ဘ၀ကတော့ ဒက်ဒီရယ်။ ကိုတင်အုန်းရယ်။ ဟောဒီမောင်ငယ် ညီမငယ် တို့ပါ ၀ိုင်းပြီး မေတ္တာရေစင်ဖြန်းမှ လန်းဆန်းရမဲ့ ပန်းနဲ့တူတယ်လို့သာ ဥပမာပေးပါရစေတော့"

မာလာဒေ၀ီက ချစ်စဖွယ် သနားစဖွယ် အသံဖြင့် ပြန်ပြောသည်။ ထိုအခါ မောင်တင်အုန်းကလည်း အားကျ မခံ ဥပမာပြန်ပေးသည်။
" စိတ်ချပါမာလာ ဟောဒီကမ္ဘာမြေကြီး ပျောက်ကွယ်သွားမှ မာလာကို ချစ်တဲ့ ကျွန်တော့် အချစ်လဲ ပျောက် မှာပါ။ ကမ္ဘာမြေကြီး မပျောက်သမျှ ကျွန်တော့် အချစ် မေတ္တာ မပျောက်ပါဘူး။
" ကဲ ... နွဲ့ရေ အန်ကယ်က ဗမာလိုကောင်းကောင်းနားလည်တယ်။ အခုနင်က ဘန်ဒါပင် အောက်ကနေပြီး နွဲ့ အော်ဆိုတဲ့ သီချင်းလေးဆိုပြလိုက်စမ်းပါအုံး။ မမကိုတော့ နောက်မှ ဘာသာပြန်ပြမယ်" ဟု မောင်တင်ဦး က နွဲ့ကို တိုက်တွန်းသည်။

" အေး ... ဆိုပြစမ်း တူမကြီး "
ပျော်ပျော် နေတတ်သော အတွင်းဝန်ကြီးကပါ ၀င်ပြီး တိုက်တွန်းလိုက်၏။ ကြည်ကြည်နွဲ့က ခပ်ပြုံးပြုံး မျက်နှာဖြင့် ယောင်းမ၏ လက်ကို ကြင်နာယုယစွာ ဆုပ်ကိုင်ကာ ရွှင်ာကည်ချမ်းမြေ့သော အသံဖြင့် မတိုး မကျယ် ဆိုပြလိုက်လေသည်။

" ပဏ္ဍုသေလာ ကွယ်ကာပျောက်ကာမှ သွေကာဖောက်မယ် အိုသက်လျာ "...
ဤမျှသာ နွဲ့က ဆိုပြသည်။ ရှေ့ဆက်ရမည့် အပိုဒ်ကို မလိုအပ်ဟု ယူဆကာ ဖြတ်ထားလိုက်သည်။
ဤဆိုပြသမျှ အပိုဒ်ကို မောင်တင်ဦးက ဘာသာပြန်ပြသောအခါ မောင်တင်အုန်းက ...
" ကဲ ... ဒီသီချင်းအဓိပ္ပာယ်က မာလာကို ကျွန်တော် ပြောခဲ့တဲ့သစ္စာ စကားအတိုင်းဘဲ မဟုတ်လား မာလာ"
ဟု မေးသည်ကို ...
" ဟုတ်ပါတယ် ကိုတင်အုန်းရယ် "
ဟု မာလာဒေ၀ီက ချောမောလှပသော မျက်နှာကလေးကို ချစ်စဖွယ် ပြုံးပြီးဖြေလိုက်သည်။
----------------------------

ပြီးပါပြီ
.

2 comments:

Anonymous said...

Thank you thank you thank you

rose said...

အချိန် မရှိတာနဲ့ အစ်မရွှေစင်ရေ... အပိုင်း တစ်ဝက် အထိပဲ ဖတ်ခဲ့တာ။ အခုမှ အဆုံးထိ အားလုံး ပြန်ဖတ်သွားတယ်။ တော်ပါသေးရဲ့ happy ending ဖြစ်လို့။ ကျေးဇူး အစ်မ။