မနေ့က သည်းထန်စွာ ရွာသွန်းနေသော မိုးကြောင့် ချုံကြီးထိပ်မှ စီးကျလာသော မိုးရေကို သူတို့ ရေဘူးကလေး ဖွင့်ပြီး ခံထားလိုက်ကြသောကြောင့်သာ သောက်ရေအတွက် စိတ်အေးသွားကြရသည်။
ရေဘူး ကို ဖွင့်ကာ အနည်းငယ်စီ သောက်လိုက်ကြပြီး အသံပေါ်ထွက်လာရာကို စူးစမ်းလိုက်ကြသည်။ အသံ ထွက်ပေါ် လာရာကား တောင်ကုန်းထိပ် အိမ်စုဆီကဖြစ်၏။ နှစ်ယောက်လုံး ထိုနေရာကို အာရုံစိုက် ကြည့် နေဆဲဝယ် နောက်သံတချက်က ထွက်ပေါ်လာသည်။
မကြာမိမှာပင် အသက်ရှင်နေသေးလား၊ သေနေပြီလား မသိရသော လူ့ခန္ဓာကိုယ်တခုကို လူတစုက ကြိုးဖြင့်ချည်ကာ ဒရွတ်ဆွဲလာကြသည်။ ချောင်းကမ်းပါး ရေဆိပ်လုပ်ထားသော နေရာနှင့် အိမ်စုရှိရာ တောင်ကုန်း ခြေအတိုင်း ဖြူးနေသော လူသွား လမ်းကလေးတလျှောက် ဆွဲလာကြခြင်းဖြစ်သည်။ ဒရွတ်တိုက် ပါလာသော ခန္ဓာကိုယ်ကား သွေးတွေရော၊ ရွှံ့တွေ မြေကြီးတွေရော ပေလူးကာ လူရုပ်ပင် မပေါ်တော့ချေ။
သူတို့နှစ်ယောက် ကြားလိုက်ရသော သေနတ်သံသည် ဤလူကို ပစ်သတ်ခြင်းပင်ဖြစ်သည်ဟု မောင်တင်ဦး ရော မောင်တင်အုန်းပါ သိလိုက်ကြသည်။ နှစ်ယောက်သား တုတ်တုတ်ပင်မလှုပ်ရဲပေ။ ဆိတ် ငြိမ်စွာသာ ကြည့် နေကြဆဲဝယ် ခန္ဓာကိုယ် တခုကို ဒရွတ်တိုက်ဆွဲလာသော လူတစုက ချောင်းကမ်းပါးသို့ ရောက်လာကြသည်။ ရေဆိပ်အောက်ဖက်ဆီသို့ ရှေ့ရှုသါားကြ၏။ ချောင်းရေကား မနေ့ကလောက် အရှိန် အဟုန် မပြင်းထန်တော့သော်လည်း မိုးရာသီဖြစ်သည့် အလျောက် ရေအားကမူ ကောင်းနေသည်၊ ကြမ်းကြုတ် ခက်ထန်ဟန် ထင်ထင်ရှားရှားပေါ်နေသော လူတစုသည် သူတို့ဆွဲယူလာသော မလှုပ်မရှက် တော့သည့် ခန္ဓာကိုယ်ကြီးကို ခပ်စောက်စောက် ကမ္ဘားထိပ်မှ ချောင်းထဲသို့ ကန်ချလိုက်ကြသည်။ ရေယက် ရေပန်း တွေဖြာာတက်သွားပြီး အလောင်းကြီးက မြုပ်သွားလေသည်။ ချောင်းရေအတိုင်း စုန်မြောသွားသည့် ဤအလောင်းကြီး ကား မည်သည့်နေရာမှာ သွားပေါ်မည်နည်းဟု ချုံထဲမှ ငြိမ်သက်နေကြရသည့် သူငယ်ချင်း နှစ်ယောက်က တွေးလိုက်သည်။
ကိစ္စပြီးသောအခါ ထိုလူင်းးသည် ခြေလှမ်းသွက်သွက်ဖြင့် အပြေးကလေး ပြန်သွားကြသည်။ ချုံထဲက သူငယ်ချင်း နှစ်ယောက်ကား မလှုပ်ဝံ့သေးချေ။
ထိုအခိုက်မှာပင် သုံးဆယ်ကျော်မျှ ရှိမည်ထင်ရသော လူတစုသည် သေနတ်ကိုယ်စီဖြင့် ချောင်းကမ်းစပ် ရေဆိပ်ဆီ ဆင်းလာကြသည်။ ရေဆိပ် ရောက်သောအခါ လူတချို့က ချောင်းထဲဆင်းကြသည်။ ကမ်းခြေ နားကပ်ပြီး သစ်ကိုင်းတွေ ရေထိအောင် ညွှတ်ကျ အုပ်ဆိုင်းနေသော သစ်ပင်ကြီးတပင် အောက် ၀င်သွား ကြ၏။ ဆယ်မိနစ်မျှ ကြာသောအခါ ခိုင်ခန့် တောင့်တင်းသော လှေလေးစင်းကိုလှော်ပြီး သစ်ပင်အုပ် အောက် မှ ပြန်ထွက်လာကြသည်။
လှေလေးစင်းပေါ်သို့ လူတွေခွဲပြီးတက်ကြသည်း။ အားလုံးကို ခေါင်းဆောင် အမိန့်ပေးနေသူကား မနေ့ညက အရှိန် အဟုန်ပြင်းစွာ စီးဆင်းနေသော ချောင်းရေကို ကြည့်ကာ တမ်းတမ်းတတ ငိုနေသော မိန်းမချောကို ကြမ်းတမ်းစွာ ဆွဲခေါ်သွားသူပင် ဖြစ်ကြောင်းသေချာ မြင်ကြရသည်။ ထိုလူစုသည် လျေပေါ်သို့ တက်ကာ ရေစုံကို လှော်ခတ်သွားကြသည်။ လှော်အားအရှိန် ကြောင့်လည်းကောင်း၊ ရေစီးအရှိန် ကြောင့် လည်းကောင်း၊ လှေလေးစင်းသည် လျင်မြန်စွာ ရွေ့လျားဝေးကွာ ကာချောင်းကွေ့ကလေး အလွန်ဝယ် ပျောက်ကွယ် သွားကြသည်။
" ရွာတခုခုသွားစီးပြီး သတ်ကြ ဖြတ်ကြမလို့လား ဓါးပြသွားတိုက်ကြတာလားတော့ မသိဘူး၊ သူတို့ သါားတာ အကောင်းသွားတော့ မဟုတ်ဘူးနော် ကိုတင်အုံး"
မောင်တင်ဦးက လေသံဖြင့် ပြော၏။
" လူကောင်းတွေတော့ မဟုတ်ဘူး ဒါပေမဲ့ ကျွန်တော် တခုစဉ်းစားမရတာရှိနေတယ်"
မောင်တင်အုံးက တွေးတွေးဆဆ ပြောသည်။
" ဘာများလဲဗျာ"
" ဒီလိုလက်နက်ကိုင် အလုပ်ကို လုပ်နေရက်နဲ့ သူတို့နေရာတောင်ကုန်းပတ်ဝန်းကျင်မှာ ဘာကြောင့် ကင်းစောင့် မထားသလဲ။ သူတို့ထွက်သါားတာ လူကုန်ဟုတ်မယ် မထင်ဘူး"
" အင်း စဉ်းစားစရာပါဘဲ။ ဒါပေမဲ့ ကင်းစောင့် မထားတာက သူတို့နေရာကို အနားကပ် မလာနိုင်အောင် လုံခြုံစိတ်ချ ရတဲ့ အရံအတားတခုခု လုပ်ထားလို့သာ လူအပင်ပန်းခံ ကင်းစောင့်နေရတဲ့ အလုပ်ကို မလုပ်ဘဲ လွှတ်သား တာဖြစ်လိမ့်မယ်"
" ဘယ်လို အရံ အတားမျိုးလဲ"
ထိုအခါ ဗမာ့တပ်မတော်သား စစ်ဗိုလ်တယောက်၏ သားဖြစ်သော မောင်တင်ဦးက ဖခင်ဦးအောင် ပြောခဲ့ ဘူးသော စကားကို သတိထားမိသည့်အတိုင်း ပြောပြသည်။
" ကျွန်တော့်အဖေ ဂျပန်တွေကို တိုက်ထုတ်စဉ်က ဗမာ့တပ်မတော်သားတွေက နဲနဲနဲ့ ကျဲကျဲဝိုင်းခဲ့ ကြတယ်ဗျ၊ တပ်စခန်း ချထားတဲ့နေရာကို ရန်သူ လာမလာ စောင့်ကြည့်ဘို့အတွက် လူအင်အား ပြည့်ပြည့် စုံစုံ မရှိတဲ့အခါဆိုရင် တပ်စခန်းပတ်ဝန်းကျင် သင့်လျော်တဲ့ အကွာအဝေးမှာ မိုင်းဗုံးတွေ မြှုပ်ထားရတယ်တဲ့၊ အဲဒီခေတ်က ဗမာ့တပ်မတော်က မြှုပ်တဲ့ မိုင်းဗုံးက ပေထုပ်သဘောမျိုးပေါ့၊ ဒါပေမဲ့ ပေ ထုပ်ကပြင်းတော့ နင်းမိလို့ ပေါက်ကွဲရင် မသေတောင်မှ ဒဏ်ရာလဲရ တပ်မတော်သားတွေကလဲ ရန်သူလာပြီ ဆိုတာ သိရတယ်လေ၊ အဲဒီလို သူတို့တောင်ကုန်းပတ်လည်မှာ ဗုံးမြှုပ်ချင်မြှုပ်ထားမှာပေါ့ "
မောင်တင်အုံး က ဦးခေါင်းညိတ်ထောက်ခံလိုက်သည်။
" ဖြစ်နိုင်တယ်၊ သူတို့စခန်း အနေအထားကိုလဲ ကြည့်လေ ဒီတဘက်က ချောင်းဆိုတော့ ရန်သူလာရင် ချောင်းကို ကူးနေရတာနဲ့ သူတို့မြင့်မယ်၊ ဒီတော့ ချောင်းရှိတဲ့ဘက်က မမြှုပ်ရင်တောင် ဟိုဘက်ကတော့ မြှုပ်ချင်မြှုပ်ထားမှာ"
" ကျွန်တော် တို့ အခုနေရာ ချုံဖုတ်နဲ့ သူတို့စခန်းတောင်ကုန်းနဲ့က ပေတထောင်ကျော်လောက် ကွာနေတယ်၊ ဒီကြားမှာ မိုင်းမရှိဘူးလို့ ပြောနိုင်မလား"
" ဟုတ်တယ်လေ"
" ဘာဘဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ ဘယ်လိုမှ အကူအညီမရနိုင်တဲ့ ဒီနေရာက မြန်မြန်ခွာတာ ကောင်းတယ်၊ ညဘက် ထွက်ကြ ရအောင်လား"
" ကောင်းပါတယ်၊ သွားတာပေါ့"
သူငယ်ချင်းနှစ်ယောက် ညအမှောင်ကိုအားကိုးပြီး ထွက်ခွာရန်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်း နေ ကြသည်။ နံနက်ပိုင်းက မိုးသားများ အုံ့မှိုင်းနေသော်လည်း မိုးကမရွာခဲ့ချေ။ ညနေ နားနာရီ လောက်တွင်မှ တနေ့လုံး ငြိမ်နေခဲ့သမျှ လေရော မိုးရော ပြင်းထန်စွာ ရွာသွန်းချလေတော့သည့် ချောင်းရေ အလျဉ်သည် ကြည့်နေရင်း ပင် ကြောက်မက်ဘွယ်ရာ အရှိန်အဟုန်ပြင်းထန်လာသည်။ လေနှင့်မိုးသည် မနေ့ကထက် ပြင်းထန် သည်ဖြစ်ရာ ချောင်းရေထဲတွင် ရေညာဘက်မှ ကမ်းပြို၍ပေလား၊ လေဒဏ်ကြောင့် ပေလားမသိ၊ ကြီးမား သော သစ်တုံးကြီးတွေ အမြစ်က ကျွတ်လဲသော သစ်ပင်ကြီးတွေမှာ ချောင်းမျက်နှာပြင် ပြည့်မျှ ရေစီး တွင် မြောပါလာကြသည်။
" ညမှောင်တဲ့အထိ မိုးရွာစမ်းပါစေဗျာ "
သူတို့ထွက်လမ်း လွယ်ကူစေရန် မောင်တင်ဦးက ဆုတောင်း၏။
" မိုးမှောင်မျောင်ထဲ မိုင်းထိနေပါအုံးမယ်ဗျာ၊ သတိတော့ အတော်ထားရမှာ "
မောင်တင်အုံးက ဆိုသည်။
သည်းထန်စွာ သည်းသည်းမည်းမည်း ရွာသွန်းတိုက်ခတ်သော မိုးနှင့်လေသည် ည ခုနစ်နာရီလောက်တွင် စဲ သွားသည်။ မိုးစဲသွားသော်လည်း ချောင်းရေကား ကြောက်မက်ဖွယ် စီးဆင်းနေဆဲပင်။
" ထွက်ဘို့ အချိန်တန်ပြီဗျို့"
မောင်တင်ဦးကပြော၏။ ညခုနစ်နာရီ အချိန်သည် မိုးရော လေပါ စဲသွားသည် ဆိုသော်လည်း ကောင်းကင် တပြင်လုံး ပိတ်ဆီးနေသော မိုးသားများကြောင့် အမှောင်ထုက အားကောင်းလှချေသည်။ သူတို့ နှစ်ယောက် အဘို့ ဘေးကင်း ရန်ကင်းထွက်ခွာနိုင်မည်ကို စဉ်းစား၍ မောင်တင်ဦးက သတိပေးခြင်းဖြစ်၏။
" အေးဗျာ လေရော မိုးရောထန်ပြီး ချောင်းရေက ကြောက်စရာ ဖြစ်နေတော့ မနက်က ထွက်သွားတဲ့ သတ္တ၀ါ တွေဒီည ဘယ်နည်းနဲ့မှ ပြန်ရောက်နိုင်မှာ မဟုတ်ဘူး၊ ကျွန်တော် စခန်းထဲ ၀င်စူးစမ်းချင်တဲ့ စိတ်တောင် ပေါ်လာတယ်"
မောင်တင်အုံး က မကျေမနပ်ဆို၏။
" စခန်းစောင့်တော့ ထားခဲ့မှာပေါ့ ကိုတင်အုံးရာ ကြောင့်ကြမဲ့တော့ ဘယ်ပစ်ထားခဲ့မလဲ၊ ဒီလို လူစားတွေဆိ ဇွတ်တိုးသွားရင် ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပေါ့။ ကျွန်တော် သတ္တိကြောင်လို့ ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့က နှစ်ယောက်ထဲ လက်နက်က အငယ်စားတွေ သူတို့က နှစ်ယောက် ထက်တော့ များမှာ သေချာတယ်။ နောက်ပြီး ထွက်လမ်း ၀င်လမ်းမသိဘဲ စမ်းတ၀ါးဝါး သွားလို့မဖြစ်နိုင်ဘူး ကိုတင်အုံး"
" ခင်ဗျားပြောတာ ဟုတ်ပါတယ်။ ကျွန်တော်ကလဲ မိုက်ရူးရဲ မဆံချင်ပါဘူး "
သူငယ်ချင်း နှစ်ယောက်ပြောကာ ကိုယ့်ပစ္စည်း ကလေးတွေကိုယ်ပြင်ပြီး သတိကြီးစွာထားကာ ချုံထဲမှ ထွက်တော့မည့် ဆဲဆဲဝယ် တောင်ကုန်းအခြေဆီမှ ခပ်သွက်သွက် ပြေးထွက်လာသော မဲမဲသဏ္ဍာန် တခုကို တွေ့ရ၍ တယောက်ကို တယောက် လက်တို့ပြလိုက်ကြသည်။ ချုံထဲမှ မထွက်ဝံ့သေးဘဲ ငြိမ်သက်စွာ စောင့်ကြ့်နေကြ၏။ မှောင်ထဲမှာ မျက်စေ့ ကျင့်သားရပြီးဖြစ်သော သူတို့နှစ်ယောက်လုံးသည် ပြေးလာသော ထိုသဏ္ဍာန် မှာ လူတယောက်ဖြစ်ပြီး ချောင်းထိပ်ကမ်းနဖူးဆီသို့ ပြေးသွားနေကြောင်း တွေ့ရ၏။
" မနေ့ညနေက ငိုတဲ့ မိန်းမချောများဖြစ်နေမလား"
မောင်တင်ဦးက မှောင်ထဲမှ အားစိုက်ကြည့်ရင်း ပြော၏။
" ဟုတ်တယ်၊ ကျွန်တော်လဲ ထင်တယ်"
မောင်တင်အုံးက ထောက်ခံလိုက်သည်။
သူတို့နှစ်ယောက်လုံး၏ ထင်မြင်ယူဆချက်မှန်ကန်ကြောင်းကို ထိုလူသဏ္ဍာန်က အဖြေပေးလိုက်၏။
" ဟော ဟုတ်တာပေါ့၊ ကြည့်စမ်း ကိုတင်အုံး မနေ့က အတိုင်းဘဲ"
မောင်တင်ဦးက ဆိုသည်။ ထိုသဏ္ဍာန်သည် ချောင်းကမ်းထိပ် မနေ့ညက နေရာမှာပင်ရပ်ကာ အဟုန်ပြင်းစွာ စီးဆင်းနေသော ချောင်းရေလျဉ်ကိုကြည့်၍ လက်ကို ဆန့်တန်းပြီး ကြေကွဲလှိုက်လှဲစွာ ငိုကြွေး နေလေ သည်။
" ဒီ မိန်းမကတော့ ဘယ်နည်းနဲ့မှ ကျွန်တော်တို့ကို ဒုက္ခပေးမယ်မထင်ဘူး၊ သူကိုယ်တိုင်က ဟိုလူတွေကိုမှ မနှစ်မြို့ဘဲ၊ ကျွန်တော်တို့ အဲဒီမိန်းမနား သွားကြရအောင်လား၊ ကယ်သင့်လဲ တခါထဲခေါ်လာတာပေါ့"
မောင်တင်ဦး က ပြောသည်ကို မောင်တင်အုံးက သဘောတူသည်။
" ကောင်းပါတယ် သူက မလိုက်နိုင်ဘူး ဆိုရင်တောင် မိတ်ဆွေ ဖြစ်သွားကြရင် ဒီသတ္တ၀ါတွေဟာ ဘာလဲဆိုတာ သိရတာပေါ့ဗျာ"
သူငယ်ချင်းနှစ်ယောက် စိတ်တူကိုယ်တူဖြင့် ချုံထဲမှ ငြင်သာစွာ ထွက်လာခဲ့ကြသည်။ ထိုမိန်းမ ရှိနေရာမှာ အကွယ် အကာ သစ်ပင်ချုံနွယ်ဟူ၍ လုံးဝမရှိချေ။ သူတို့ကို မြင်၍ တောင်ကုန်းထိပ် စခန်းမှရန်မူမည်ဆိုလျှင် မှောင်မှောင် မည်းမည်းထဲမှာဖြစ်၍ ရှောင်နိုင်တိမ်းနိုင်ပေမည်ဟု နှစ်ယောက်လုံးတွေးသည်။ သို့သော် သတိ ကို ကြီးစွာထားကာ ထိုမိန်းမ၏ နောက်သို့ရောက်အောင် လာခဲ့ကြသည်။
ထိုမိန်းမ ငိုကြွေးနေသောအသံကို ကြားရသောအခါ သူငယ်ချင်း နှစ်ယောက်သည် ခပ်ကုန်းကုန်း အနေ အထားဖြင့် ချဉ်းကပ်လာရာမှ ခုန်ပျံလိုက်လုနီးအောင်ပင် အံ့သြခြင်းဖြစ်ကြရသည်။ ထိုမိန်းမကား သူငယ်ချင်း နှစ်ယောက် သူ့နောက်ရောက်နေသည်ကို မသိရှာပေ။
" အမေရေ... အမေ့နောက်ကို အဖေလိုက်လာပြီ၊ သမီးကို လူ့တိရစ္ဆာန်တွေလက်ထဲမှာ မထားခဲ့ပါနဲပ၊ အဖေနဲ့ အမေက မြန်မြန်ခေါ်ပါ"
ဤစကားတွေကို အပူသည်မချောက အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုငိုကြွေးနေခြင်းဖြစ်သည်။ သူငယ်ချင်း နှစ်ယောက် စိတ်ထဲမှာ သနားခြင်း၊ ၀မ်းမြောက်ခြင်းဖြင့် မောင်တင်အုန်းက စတင်အသံပေးလိုက်သည်။ အင်္ဂလိပ် ဘာသာစကားကို တတ်နေသော မိန်းမချောကို အင်္ဂလိပ်ဘာသာစကားဖြင့် ပြော၏။
" မမ ကျွန်တော် တို့ကို မကြောက်နဲ့နော် "
သိမ်မွေ့ ညင်သာစွာ ပြောလိုက်သည့် အသံကြောင့် ငိုကြွေးနေသော မိန်းမချောသည် အံ့အားသင့်ဟန်ဖြင့် သူ့နှုတ်ခမ်းမှ တမ်းတနေခြင်းကို ရပ်ဆိုင်းလိုက်သည်။ အသံထွက်ပေါ်လာရာ နောက်ဖက်ဆီသို့ ဖြေးလေးစွာ လှည့်ကြည့်သည်။ သူ့အမူအယာမှာ ကြောက်ရွံ့ထိတ်လန့်ခြင်း လုံးဝမရှိချေ။ ဘီလူးသရဲ့မာ ကြမ်းကြုတ်ခက် ထန်သော လူတွေ နှင့် အနေကြာသာခဲ့သူအဖို့ သူတတ်သိနားလည်သော ဘာသာစကားဖြင့် သိမ်မွေ့ ငြင်သာစွာ ပြောသံကိုကြားရခြင်းကား အဘယ်မှာ ကြောက်ရွံ့ထိတ်လန့်ပါမည်နည်း။
" အို ... ရှင်တို့ ဘယ်သူလဲ "
မိန်းမချောက ရှိုက်သံဖြင့် မေး၏။
" မမရဲ့ ရန်သူမဟုတ်ပါဘူး၊ မိတ်ဆွေတွေပါ၊ တောထဲမှာ မျက်စေ့လယ်ပြီး ရောက်လာတာပါ"
မောင်တင်အုံးကဖြေသည်။ ထိုအခါ မောင်တင်ဦးက အလျင်စလိုဝင်ပြောသည်။
" မမ ပူဆွေးသောက ဖြစ်တာကို မြင်တယ်။ မနေ့ညက ဟိုလူ့သရဲကြီးက ပြန်ဆွဲခေါ်သွားတာလဲ မြင်တယ်၊ မမ ဒီနေရာမှာ မနေချင်ရင် အခုချက်ခြင်း ကျွန်တော်တို့နဲ့ လိုက်ခဲ့မလား၊ ကျွန်တော်တို့ ဒီနေရာမှာ ကြာကြာ နေလို့ မကောင်းဘူး၊ သူတို့နဲ့ ပစ်ခတ်သတ်ဖြတ် နေရလိမ့်မယ်၊ အခုချက်ခြင်း ကျွန်တော်တို့ သွားတော့မှာ မမ ကို သနားလို့ လာပြောတာ လိုက်မလား"
ဆက်ရန်
.

3 comments:
အခန်းဆက်တွေမို့မပျက်မကွက်အားပေးလျှက်ပါမမ။
ကောင်းသောနေ့လေးဖြစ်ပါစေ။
Thank you
Post a Comment