အခန်း ၂
လက်တော့ပ်ထဲက ကျွန်တော့်ဘဝ
လက်တော့ပ်ထဲက ကျွန်တော့်ဘဝ
သင်သည် သင်၏ကလေးဘ၀ စိတ်ကူးများကို မည်သို့မည်ပုံ အတိအကျ စာရင်းပြုစုရေးဆွဲထားပါမည်နည်း။ အခြား သူများသည် ၎င်းတို့၏စိတ်ကူးများနှင့် ပြန်လည်ဆက်မိအောင် သင်မည်သို့ပြုပါမည်နည်း။ သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ကျွန်တော့်အဖို့ ထိုအရာများသည် အပတ်တကုတ် ကြိုးစား ဖြေရှင်းနေရ မည့် ပြဿနာ များ မဟုတ်ပါပေ။
ကျွန်တော်သည် ဗာဂျင်နီယားအိမ်သစ်မှာ ကျွန်တော့်၏ကွန်ပျူတာရှေ့တွင် ထိုင်ကာ ပါဝါပွိုင့် ပရီစင် တေးရှင်း တည်ဆောက်ပြီး ပုံများ၊ ဓာတ်ပုံများကို စတင်ဖတ်သည့်အလုပ်ကို လေးရက်တိုင်တိုင် လုပ်နေ ခဲ့ပါသည်။ ကျွန်တော်က အမြဲသဖြင့် အမြင်အာရုံပိုင်းဆိုင်ရာ အတွေးသမားတစ်ယောက်ဖြစ်ပေရာ ကျွန်တော့်၏ ဟောပြောချက် မှာ စာနှင့်ရေးစီထားသော ဟောပြောချက်စာသားမလိုဟု သိထားပေ သည်။ သို့ရာတွင် ကျွန်တော်သည် ဓာတ်ပုံ ၃၀၀ လောက်ကိုကား အင်နှင့်အားနှင့် စကင် ဖတ်ထားသည်။ ကျွန်တော့် မိသားစု၏ပုံ၊ ကျောင်းသားများ၏ပုံနှင့် လုပ်ဖော်ကိုင်ဖက်များ၏ပုံများကို ဖြစ်သည်။ ထိုပုံများနှင့် အတူ ကလေးဘ၀ စိတ်ကူးအိပ်မက်များကို ညွှန်ပြပေးနိုင်မည့် ဒါဇင်နှင့်ချီသည့် သရုပ်ပြပုံ များကိုလည်း စကင်ဖတ် ထားသည်။ အချို့ပုံများတွင် အကြံပေးချက်လို၊ စကားပုံလို စာများကို စကား လုံးအနည်းငယ်ဖြင့် ဖော်ပြ ပေးထားသည်။ ကျွန်တော်စကားပြောစင်ပေါ် တက်လိုက်သည်နှင့်တစ်ပြိုင် နက် ထိုပုံများက ကျွန်တော် ပြောရမည့် စကားကို နှိုးဆော်သတိပေးလိမ့်မည်။
ကျွန်တော်သည် ဟောပြောချက်အတွက် ထိုသို့ အလုပ်လုပ်နေရင်းမှပင် မိနစ် ၉၀ လောက် ရှိတိုင်း ကုလားထိုင် မှ ထကာ ကျွန်တော့်သားသမီးများနှင့် အပြန်အလှန်ပြောဆိုခြင်းမျိုးကို လုပ်ပါသည်။ ဂျေး သည် ကျွန်တော် ကိုယ့်မိသားစုဘ၀ထဲမှာပင် ရှိနေအောင် ကြိုးစားနေခြင်းကို တွေ့မြင်သွားသည်။ သို့ရာတွင် ကျွန်တော် သည် ဟောပြောချက် အတွက် အချိန်တွေ သိပ်ကုန်လွန်းနေသည်ဟု တွေးထင်ဆဲ ပင် ဖြစ်သည်။ အထူးသဖြင့် ကျွန်တော်တို့ ဤအိမ်သစ်သို့ ပြောင်းရွှေ့ရောက်ရှိလာပြီးကတည်းက ဤ အလုပ်နှင့်ပင် အချိန်ကုန်နေသည်ဟု ဂျေးက တွေးပါသည်။ အိမ်ထဲ၌ ဟိုနေရာ သည်နေရာအနှံ့ သေတ္တာများ အပုံလိုက်ဖြစ်နေကြသည် ကို ဂျေးက ကျွန်တော့်အား ရှင်းလင်းဆောင်ရွက်ပေးစေလိုသည် မှာ သဘာဝကျပါပေ၏။
ပထမသော် ဂျေးက ဟောပြောပွဲသို့ တက်ရောက်ရန် အစီအစဉ်မရှိပါ။ ကလေးတွေနှင့်အတူ အိမ်မှာပင် နေကာ အိမ်ပြောင်းလာသဖြင့် လုပ်ဖို့ကိုင်ဖို့ရှိနေသော အလုပ်တွေ အများအပြားကို လုပ်နေဖို့လိုမည်ဟု သူက ယူဆပါသည်။ ကျွန်တော်ကတော့ "မင်းလည်း ဟောပြောပွဲမှာ ရှိစေချင်တာပေါ့ကွာ"ဟုသာ သူ့ ကို တောက်လျှောက် ပြောနေခဲ့သည်။ အမှန်အတိုင်း ပြောရသော် ကျွန်တော်သည် သူ့ကို ထိုပွဲသို့ သိပ် တက် စေချင်သည်။ ဤသို့ဖြင့် နောက်ဆုံးတွင်ကား ဟောပြောမည့် နံနက်တွင် ပစ္စဘတ် သို့ လေယာဉ် နှင့် သွားကြမည် ဟု သဘောတူခဲ့လေသည်။
သို့ရာတွင် ကျွန်တော်သည် ပစ္စဘတ်သို့ တစ်ရက်စော၍ ရောက်ရဖို့ရှိသည်။
ဂျေး အသက် ၄၁ နှစ်ထဲ ရောက်မည့် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဂျေးနှင့် ကလေး များကို နှုတ်ဆက်၍ လေဆိပ်သို့ ကားမောင်းထွက်လာခဲ့သည်။ ကျွန်တော်တို့သည် သူ့မွေးနေ့ မကျရောက်မီ အရင် ရက်က သူ့အစ်ကို၏အိမ်တွင် မွေးနေ့ပွဲကလေး ကျင်းပခဲ့ကြ၏။ သို့ပင်ဖြစ်သော်လည်း ယခု ကဲ့သို့ ကျွန် တော်ထွက်လာခဲ့ခြင်းမှာ ဂျေးအဖို့ အလွန်စိတ်မချမ်းမြေ့စရာပင် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် သူ့အဖို့ ဤ ၄၁ နှစ်မြောက် မွေးနေ့ကိုလည်း ကျွန်တော်မပါဘဲနှင့် ကျင်းပ ရမည်ဖြစ်ရုံမက နောက် လာမည့် မွေးနေ့များတွင်လည်း ကျွန်တော် ပါနိုင်တော့မည် မဟုတ်သော ကြောင့်ပင်တည်း။
ပစ္စဘတ်သို့ လေယာဉ်ဆင်းရသော် လေဆိပ်သို့ ကျွန်တော့်မိတ်ဆွေ စတိဗ်ဆီးဘို့က လာကြိုသည်။ စတိဗ် သည် ဆန်ဖရန်စစ္စကိုက လေယာဉ်ဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့သည် သည့်အ ရင် နှစ်အတန်ကြာ က မိတ်ဆွေများအဖြစ် သံယောဇဉ်ကြိုး တွယ်နှောင်ခဲ့ကြခြင်းဖြစ်သည်။ ကျွန်တော် အီလက်ထရောနစ်အတ်စ် ကုမ္ပဏီတွင် ဗွီဒီယိုဂိမ်းများ ထုတ်လုပ်သည်။ ထိုကုမ္ပဏီ၏အမှုဆောင် အရာရှိ တစ်ဦး ဖြစ်သည်။ ကျွန်တော်တို့သည် ထိုစဉ်ကတည်းက ညီရင်းအစ်ကိုသဖွယ် ချစ်ကြိုးသွယ်နှောင် လာခဲ့ကြခြင်း ဖြစ်သည်။
စတိဗ်နှင့် ကျွန်တော်သည် အချင်းချင်းဖက်ယမ်းနှုတ်ဆက်ကြပြီးနောက် ကားတစ်စီးငှား၍ မောင်းထွက် ထာကြသည်။ ကားပေါ်၌ ရယ်စရာမောစရာများ ပြောလာကြသည်။ စတိဗ်က မကြာခင်ကမှ သူ့သွား ဆရာဝန် ဆီရောက်ခဲ့သည့်အကြောင်းပြောသည်။ ကျွန်တော်ကတော့ သွားဆရာဝန်ဆီ နောက်ထပ် သွားစရာ မလိုတော့ကြောင်း သူ့ကိုကြွားလုံးထုတ်လိုက်သည်။
ကျွန်တော် တို့သည် အနီးတ၀ိုက်က စားသောက်ဆိုင်တစ်ဆိုင်တွင် ၀င်၍ ညစာစားကြသည်။ ကျွန်တော် က ကျွန်တော့် လက်တော့ပ် ကို စားပွဲပေါ်မှာ တင်ထားသည်။ အခု ပုံ ၃၀၀ မှ ၂၈၀ သို့ လျှော့ချထား သော ပုံများ ကို ပြလိုက်ရာ "အို၊ သေဖို့ အကြာကြီး လိုပါသေးတယ်"ဟု စတိဗ်က ပြောပါသည်။ "ခင်ဗျား၊ အဲဒီဟာတွေကို တင်ပြနေတဲ့ အချိန်လောက်ရောက်ရင်ပဲ လူတိုင်းဟာရှိတော့မှာ မဟုတ်ဘူး၊ သေကုန်ကြတော့မယ်"
အသက်သုံးဆယ်အရွယ် ကိုယ်ဝန် နှင့် စားပွဲထိုး အမျိုးသမီးတစ်ဦး ကျွန်တော့်ကလေးများ၏ပုံများ ကွန်ပျူတာ ဖန်သားပြင်တွင် ပေါ်လာသည်ကို မြင်သွားပြီး ကျွန်တော့်တို့စားပွဲသို့ ရောက်လာသည်။ "ကလေး တွေက လှလိုက်တာ"ဟု ထိုအမျိုးသမီးက ပြောပါသည်။ ကလေးတွေ၏အမည်ကို မေး၍ "ဒါက ဒီလန်၊ ဒါက လိုဂန်၊ ဒါက ချလို"လို့ သူ့ကို ပြောပြလိုက်ပါသည်။ စားပွဲထိုးမကလေးက သူ့သမီး နာမည်မှာလည်း ချလိုဖြစ်ကြောင်း ပြောသဖြင့် တိုက်ဆိုင်လှလေ ဟု ဆိုကာ နှစ်ယောက်သားပြုံးမိပါ သေးသည်။ စတိဗ်နှင့် ကျွန်တော် တို့သည် ပါဝါပွိုင့်ကို ဆက်လက်ပြီး ကြည့်သွားရင်း စတိဗ်က ကျွန်တော့်အား ဖိုးကပ်စ်လုပ်ရာတွင် ကူပေးသည်။
စားပွဲထိုးမလေး ညစာဟင်းလျာများကို လာချသည့်အခါ ကျွန်တော်က သူ့ကိုယ်ဝန်ကိုကြည့်ပြီး "အင်း၊ မင်းကတော့ သိပ်ပျော်နေမှာပဲနော်"ဟု ပြောလိုက်ပါသည်။
"အိုး၊ အဲဒီလိုလဲ အတိအကျ ပြောလို့မရပါဘူး၊ ဒီကိုယ်ဝန်က မတော်တဆရသွားခဲ့တာပါ"ဟု သူက ပြန် ပြောပါသည်။
စားပွဲထိုးမကလေး ထွက်သွားသောအခါ ကျွန်တော်သည် သူ၏ပွင့်လင်းရိုးသားမှုအတွက် လေးစားမိပါ သည်။ သူ အမှတ်တမဲ့ ပြောလိုက်သည့် မတော်တဆဟူသော စကားသည် ကျွန်တော်တို့ လူ့ပြည် လူ့လောက သို့ လူအဖြစ်ရောက်လာခြင်းသည် လည်းကောင်း၊ လူ့ပြည် လူ့လောကမှ သေမင်းနိုင်ငံသို့ ထွက်ခွာ သွားခြင်းသည် လည်းကောင်း၊ မတော်တဆသဘော အခြေခံများကြောင့်ပါကလားဟု သတိရ စရာ ဖြစ်နေလေတော့သည်။ သြော်... ဤအမျိုးသမီးကလေးသည် မတော်တဆ ကလေးတစ်ယောက် ကို ရလာခဲ့ပြီး ထိုမတော်တဆရလာသော ကလေးကိုပင် သူ ချစ်မြတ်နိုးနေဦးပေလိမ့်မည်။ ကျွန်တော့် အဖို့မူ ကင်ဆာ ရောဂါ ကို မတော်တဆ ရလာခဲ့ပြီး ကျွန်တော့်မေတ္တာကို မခံယူရဘဲ လူလားမြောက်ကြရ တော့မည့် သားသမီးသုံးယောက်တို့ကို စွန့်ခွာသွားရတော့မှာ ပါကလား။
နောက်တစ်နာရီကြာသောအခါ ကျွန်တော်သည် ဟိုတယ်ထဲမှ ကျွန်တော့်အခန်းထဲ၌ ကျွန်တော်တစ် ယောက် တည်း ရှိနေသည်။ ကျွန်တော်ဟောပြောမယ့် ဟောပြောချက်များက ပုံတွေကို ဖြတ်တောက်၍ ပြန်လည် စီစဉ်နေခိုက်မှာပင် ကျွန်တော့်ခေါင်းထဲတွင် ကျွန်တော့်ကလေးများက ရှိနေကြသည်။ အခန်း ထဲမှာ ရရှိသည့် ကြိုးမဲ့အင်တာနက် က အစက်အပြောက်တွေ များနေသဖြင့် ကျွန်တော်သည် ပုံတွေကို ကြည့်ရင်း ၀က်ဘ် စာမျက်နှာကို ရှင်းအောင် လုပ်နေရရာ ချွေးပင်ပြန်သည်။ လွန်ခဲ့သည့် ရက်ပိုင်းတုန်း ကမှ ခီမိုကုသမှု ဟု ခေါ်သည့် ဆေးသွင်းခြင်းကို ခံယူထားခဲ့ပေရာ ယခု ထိုဆေးသွင်းဒဏ်ကို စ၍ ခံနေ ရသဖြင့် ပို၍ ဆိုးတော့သည်။ ၀မ်းဗိုက်ကလည်း အလွန်နာ၊ ပျို့အန်ချင်သလိုလည်း ဖြစ်၊ ၀မ်းတွေလည်း သွားနှင့် အတော် အခံရဆိုးသည်။
ကျွန်တော်သည် ညဥ့်သန်းခေါင်တိုင်အောင် အလုပ် လုပ်၊ အိပ်ပျော်သွား။ ထို့နောက် နံနက် ၅ နာရီတွင် စိုးရိမ်ထိတ်လန့်မှုနှင့်နိုးလာသည်။ ကျွန်တော့်မှာ မိမိ၏ဟောပြောချက်သည် အဆင်ပြေပါ့မလားဟု သံသယ ၀င်နေ၏။ ကိုယ့်ဘာသာ ကိုယ်လည်း တွေးမိသည်။ "မင်းရဲ့ ဘ၀ဇာတ်လမ်းတခုလုံး တစ်နာရီ နဲ့အပြီး ပြောပြနိုင် ဖို့ မင်းကြိုးစားနေမှတော့ မင်း ဒါပဲရတော့မှာပေါ့"
ကျွန်တော်သည် ပြင်လိုက်၊ ပြန်စဉ်းစားလိုက်၊ ပြန်ပြီး အစီအစဉ်လုပ်လိုက်နှင့် လုပ်နေခဲ့ရာ နံနက် ၁၁ နာရီ လောက်ရှိသောအခါ ကျွန်တော့်မှာ ပိုကောင်းသော narrative arc တစ်ခု ရလာခဲ့သည်။ ဤအတိုင်း အဆင်ပြေသွားနိုင်သည်။ မွန်းတည့်ချိန်တွင် ဂျေး လေဆိပ်မှရောက်လာ၏။ ကျွန်တော်နှင့် စတိဗ်တို့နှင့်အတူ နေ့လယ်စာစားသည်။ ကျွန်တော်တို့ပြောကြသော စကားများမှာ အလွန်လေးနက်ခိုင် မာသော စကားများဖြစ်ကြသည်။ စတိဗ်က ဂျေးနှင့် ကလေးတွေကို စောင့်ရှောက်သွားပါမည်ဟု ကတိပြုပါသည်။
မွန်းလွဲ ၁ နာရီခွဲတွင် တက္ကသိုလ်ပရိဝုဏ်အတွင်းက ကျွန်တော့်အား ဂုဏ်ပြုထားသည့် ကွန်ပျူတာခန်း ထဲ ရောက်သွားကြသည်။ ဤနေရာသည် ကျွန်တော့်ဘ၀၏အချိန်များစွာကို သုံးခဲ့ရသည့်နေရာ ဖြစ် သည်။ ကျွန်တော်သည် ကျွန်တော့်အမည်ကို လှစ်ပြနေသည်ကို ကြည့်နေမိသည်။ ကျွန်တော့်အမည် သည် တံခါးပေါ်၌ ပေါ်လာသည်။ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကျွန်တော် ကျွန်တော့်ရုံးခန်းတွင်း၌ ရောက်နေသည်။ ကျွန်တော့်မှာ အတော်ကြီး အခံရဆိုးလာပြန်သည်။ ဆေးသွင်းထားသည့်ဒဏ်ဖြင့် အော့အန် ပြန်ကာ လုံးဝမလုပ်ချင် မကိုင်ချင် ဖြစ်နေသည်။ မလိုလား လိုလား ဆောင်လာသည့် လူကြီး သုံး သွားရည်ခံ ကိုတောင် စင်ပေါ်တက်လျှင် ၀တ်ဆင်သွားရလေမလားဟု စဉ်းစားနေမိသည်။
စတိဗ်က ကျွန်တော့်ရုံးခန်းတွင်းရှိ ဆိုဖာပေါ်တွင် ခဏတစ်ဖြုတ် လှဲနေသင့်ကြောင့် ပြောပါသည်။ ထို့ ကြောင့် ကျွန်တော် လှဲနေလိုက်သည်။ သို့ရာတွင် ကျွန်တော်၏ လက်တော့ပ်ကိုကား ကျွန်တော့်ဗိုက် ပေါ်တွင် တင်ထားသည်။ ကျွန်တော်နှိပ်လိုရာ နှိပ်နိုင်အောင် ဖြစ်ပါသည်။ သို့ဖြင့် နောက်ထပ် ပုံ ၆၀ လောက် ဖြတ်ချလိုက်သည်။
မွန်းလွဲ ၃ နာရီခွဲတွင် လူအနည်းငယ်တို့ ဟောပြောပွဲအတွက် စတင်တန်းစီနေကြပေပြီ၊ မွန်းလွဲ ၄ နာရီ တွင် ကျွန်တော်သည် ဆိုဖာပေါ်လှဲနေရာမှ ထ၍ လမ်းလျှောက်ရာတွင် သုံးသည့် ချိုင်းထောက် စသည်တို့ကို ရှာထားသည်။ တက္ကသိုလ် ပရိဝုဏ်ထဲမှ ဖြတ်လျက် ဟောပြောခန်းမသို့ သွားရမည် ကြောင့်ပင်၊ တစ်နာရီ မကြာခင်အတွင်းမှာပင် ကျွန်တော်သည် စင်ပေါ်သို့ တက်ရတော့မည် ဖြစ်ပါ၏။
အခန်း (၃) အခန်းထဲက ဆင် ဆက်ရန်
.
3 comments:
အားပေးသွားလျှက်ပါမမ။
ဆက်ရန်အားမျှော်လင့်လျှက်
ဆက်ဖတ်ချင်နေဘီ.....
အနော်
ဆက်ဖတ်ချင်နေဘီ.....
အနော်
Post a Comment