တယောက်ကိုတယောက် ညီအကိုအရင်းလို ခင်မင်တွယ်တာနေကြပြီဖြစ်၍ တယောက်သဘောကို တယောက် က လိုက်လျောအလျော့ပေးပြောနေကြသည်။ သို့ဖြင့် နှစ်ဦးသဘောတူစွာ ထိုနေရာကို အရောက် သွားပြီး စုံစမ်း အကဲခတ်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ထိုနေရာသည် သူတို့စိတ်ထင် မိုင်နှယ်ဆယ် ကျော်ကျော် ကလေးမျှရှိမည်ဟု ခန့်မှန်းမိကြသော်လည်း ဂနိုင်ပိတ်ဆီးတောကြီးဟေမာ သေလာတောင်စောင်း ချောင်းမြောင်းလျှိုမြှောင်တွေကို ခက်ခဲစွာ ဖြတ်ကျော် ပြီး ကိုယ့်လမ်းကိုယ်ထွင် သွားနေကြရသည်ဖြစ်ရာ ဆယ့်ရှစ်ရက်တိတိကြာမှ ထိုနေရာကို ရောက်ကြလေ သည်။ ထိုနေရာကို ရောက်သည်ဆိုသော်လည်း နီးနီးကပ်ကပ်ကြီး သွားနေ၀ံ့သည်မဟုတ်၊ သူတို့ တွေးခဲ့သည့် အတိုင်း မိုးထိနီးပါး မြင့်မားလှသော တောင်ကြီး၏ အခြေပေငါးဆယ်မျှအမြင့်ရှိသော တောင်ကုန်း ငယ်လေးထိပ်ဝယ် ကောက်ကွေ့ချွန်ထက်သော ဆူးတွေ တင်းကြမ်းပြည့်နေသော ကြခတ်ဝါးရုံ ကြီးတွေ ထူထပ်စွာ ကာရံထားသည့် အတွင်းမှာ လူတချို့တဲငယ်များ ဆောက်လုပ်နေထိုင်လျှက် ရှိသည်ကို တွေ့ ရသည်။
မောင်တင်ဦး စတင်တွေ့ရှသည့် အခြေအနေမှာ သူတို့ နှစ်ယောက်အိပ်သည့် သစ်ပင်ကြီးရှိရာ မြေအနေ အထားက ဤတောင်ကုန်းငယ်ထက် မြင့်သည်တကြောင်း၊ သစ်ပင်ထက်က အပေါ်စီးကြည့်ခဲ့ရသည် ဖြစ်၍ တကြောင်း၊ မျန်ပြောင်းလဲမှာ ပေါ်လာသရွေ့ မထင်မရှား ၀ိုးတ၀ါး မြင်ခဲ့ကြရသော်လည်း ယခုလက်တွေ့ တွင်ကား သူတို့နှစ်ယောက်သည် တောင်ကုန်းငယ်အနား ရုတ်တရက် မကပ်ဝံ့သေးဘဲ တောင်ကုန်းငယ်နှင့် အတန်ငယ်ကွာလှမ်းသည့် ချောင်းငယ်တခု၏ ကမ်းပါးပေါ်ဝယ် ထူထပ်သိပ်သည်းသော ဆူးချုံကြီး တခု ထဲမှာ ငြိမ်သက်စွာ ခိုအောင်းပြီး အရိပ်အခြေ ကြည့်နေကြလေသည်။
သူတို့နှစ်ယောက် ဤနေရာသို့ ရုတ်တရက် မလာဝံ့ကြသေးပေ။ သစ်ပင်အုပ်ထူရာမှာ ပုန်းကွယ်နေပြီး ညမှောင်မျဤချောင်းကမ်းပါးအရောက် လာခဲ့ကြရခြင်းဖြစ်သည်။
" သူတို့ ဒီချောင်းရေကို အားကိုးနေရတာ သေချာတယ် ကိုတင်အုံး၊ ကြည့်ပါလား ချောင်းကမ်းပါးမှာ ရေဆိပ် လုပ်ထားတယ်၊ ရေဆိပ်နဲ့ တောင်ကုန်းကလေးမှာ လူသွားခြေလမ်းကလေးဖြူးလို့ တွေ့လား"
မောင်တင်ဦး က ညွှန်ပြပြောဆိုသည်။
" အင်း ဟုတ်တယ် ... ဘယ်လိုလူတွေလာတယ်ဆိုတာစောင့်ကြည့်အုံးမှ"
မောင်တင်အုန်းက ထောက်ခံ၏။ သူတို့နှစ်ယောက်လုံး၏ ရေဘူးထဲတွင်ကား ရေနှစ်ခါသောက်စီသာ ရှိတော့သည်။ သူတို့ယူလာခဲ့သော စစ်သုံးရိက္ခာ အခြောက်များမှာ ကုန်သင့်သလောက် ကုန်လာခဲ့ပြီဖြစ်၍ ယခု သူတို့ ကျောပိုးအိတ်ထဲတွင် နှစ်ယောက်စလုံးပေါင်း ပိုင်ဆိုင်သမျှ ရိက္ခာမှာ ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော မှုံ့ခြောက်အမှုန့်တအိတ် နှင့် အသားခြောက်အမှုန့်တအိတ်သာ ကျန်တော့သည်။
ချွေချွေ တာတာစားလျှင် သုံးရက်စာလောက်တော့ လုံလောက်သေးသည်။ ဤမျှ ကျန်နေသေးသည်မှာ သူတို့ နှစ်ယောက်သည် တောထဲမှာတွေ့သည့် စားကောင်းသော အသီးအနှံမှန်သမျှ ခူးဆွတ် စားသောက်ခဲ့ခြင်းဖြင့် ရိက္ခာကို ချွေတာလာ၍ ဤမျှကျန်နေခြင်းဖြစ်သည်။ တလစာသာ မှန်းပြီးယူလာသော အစာ သည် ယခုသူတို့နှစ်ယောက် ခရီးထွက်လာခဲ့ကြသည့် ရက်ကို တွက်လျှင် သုံးလပြည့်ရန် ကိုးရက် သာလိုတော့သည်။
မိုးရာသီရောက်ပြီဖြစ်၍ တောတောင်အလုံးညိုမှိုင်းမှုံဝေကာ မိုးသက်လေက ပြင်းပြင်းပင် တိုက်နေသည်။ ထက်ကောင်းကင် အာကာတခိုမှာ ပြိုတော့မည့်အသွင် မင်ရောင်မိုးသားတို့က ဂဠုနဂါးလိုက်သလို လေတိုက်ရာ လျှင်မြန်စွာ ရွေ့သဖြင့် မကြာခင်မှာပင် တမိုးလုံးပြည့်သွားသည်။ မိုးသက်လေနှင့်အတူ မိုးက သည်းထန်စွာ ရွာသွန်းချလိုက်သည်။
ထူထပ်သောချုံကြီးမှာ လေဒဏ်ကို ကြံ့ကြံ့ခံနိုင်သော်လည်း သည်းထန်စွာရွာသွန်းသော မိုးရေကိုကား လုံခြုံရန် မစွမ်းနိုင်ရှာချေ။ သူငယ်ချင်းနှစ်ယောက် ပါလာသောပစ္စည်းကလေးတွေကို ကိုယ်စီ ရင်ဝယ် ပိုက်ကာ ကိုယ့်မိုးကာကိုကိုယ့်တကိုယ်စာလုံအောင် ဂရုစိုက် ချုံသိုင်းပြီး ခြုံကြီးထဲမှာ ကုပ်နေကြရသည်။ တနေ့လုံး သဲသဲမဲမဲ ရွာသွန်းနေသော မိုးက မောဟိုက်သွားဟန်ဖြင့် ညနေလေးနာရီ လောက်တွင် စဲ သွားသည်။ မိုးစဲသွားသော်လည်း ချောင်းငယ်၏ ပြင်းထန်သော အဟုန်ဖြင့် စီးဆင်းနေသော ရေအလျင်ကား မစဲ သေးချေ။ တောင်ကျချောင်းလည်းဖြစ်၊ မတ်စောက်သော ကမ်းပါးဖြင့် ကျယ်သည်ဟု မဆိုသာသော ဤချောင်းရေ သည် ကြောက်မက်ဖွယ်ကောင်းအောင်ပင် အဟုန်ပြင်းစွာ စီးဆင်းနေသည်။
" မိုးမရွာခင်က ချောင်းရေ ဒီလောက်မကြမ်းဘူး၊ သူက မိုးရွာမှ အစွမ်းပြတာနဲ့တူတယ်"
မောင်တင်အုံးက ကမ္ဘားထိပ်ချုံဖုတ်ကြီးထဲက စီးကြည့်၍ ကောင်းစွာမြင်နေရသော ချောင်းရေကို ကြည့်ပြီး ပြော၏။
" ကျွန်တော်တို့ ဗမာပြည်တောတောင်ထူရာမှာရှိတဲ့ ချောင်းတွေ မြောင်းတွေကတော့ ဒီအတိုင်းဘဲ ကိုတင်အုံး၊ မိုးရာသီမှာ ကြောက်စရာကောင်းလောက်အောင် ရေတွေရှိနေပေမဲ့ နွေရာသီဆိုရင် ချောင်းဆို တာ ယုံနိုင်စရာမရှိအောင် ရေတစက်မှ မရှိတော့ဘူး။ သဲသောင်ပြင်ကြီးဖြစ်တဲ့ ချောင်းကဖြစ်၊ ရေရှိတယ် ဆိုရုံ ကလေး ဖြစ်နေတဲ့ ချောင်းကဖြစ် အဲ ... မိုးကျလာပြီဆိုရင်တော့ အခုမြင်တဲ့ အတိုင်းဘဲ"
မောင်တင်ဦးက ရှင်းပြသည်။
" ဒါဖြင့် သည်ချောင်းတွေ နွေမှာသုံးမရဘူးပေါ့၊ ဒီလိုဆိုရင် ဒီရွာကလူတွေ နွေဘက်ရေငတ်ကြမှာဘဲ"
မောင်တင်အုံးက စဉ်းစဉ်းစားစားပြောသည်။
" မဟုတ်သေးဘူး ကိုတင်အုံးရ၊ သဲသောင်ပြင်ကြီး ဖြစ်နေပေမဲ့ သဲအောက်မှာ ရေကရှိနေတယ်။ သဲကို လက် နဲ့ ယက်လိုက်ရင် ရေက စိမ့်ထွက်လာရော။ အဲဒီ လက်ယက်တွင်းက ထွက်တဲ့ရေကမှ တကယ်သန့်ရှင်း ကြည်လင် တာ၊ ရေစစ်ပြီးသား သဘောမျိုးဘဲ"
" အဲဒီရေ ကျွန်တော် သောက်ချင်လိုက်တာဗျာ"
မောင်တင်အုံးကဆိုသည်။
ထိုအခိုက် ရွာရှိနေရာ တောင်ကုန်းဘေး သစ်ပင်အုပ် ထူထူနေရာမှ လူသဏ္ဍာန်တခု ထွက်လာသည်ကို တွေ့ရ ၍ သူငယ်ချင်းနျစ်ယောက် စကားပြောခြင်းရပ်ကာ တယောက်ကို လက်တို့၍ ဆိတ်ငြိမ်စွာ ကြည့်လိုက် ကြသည်။
မိုးစဲသွားပြီဖြစ်၍ ကောင်းကင်မှာ မိုးသားတွေကင်းစင်ပြီး အနောက်ဖက် မိုးကောင်းကင်ဆီမှ ၀င်လုဆဲဆဲ နေခြည်ဖျော့ဖျော့အရောင်က မိုးရေကြောင့် စွတ်ဆိုနေသော သစ်ပင်ချုံနွယ်တွေကို စိန်ရောင်ဝင်းသလို လင်းလင်း လက်လက် တောက်ပနေစေသည်။ သည်းထန်စွာ ရွာသွန်းသောမိုးကြောင့် သစ်ပင်သစ်ကိုင်းရှိရာ အသိုက်ရှိရာမှာ ဆိပ်ငြိမ်စွာ ခိုနေခဲ့ကြသော ကျေးငှက်တွေက ညံညံစီစီ အော်မြည်ဟစ်ကြွေးကာ မိုးရေစိုသော တောင်ပံကို ခါသည့်နှယ် လူးလာပျံသန်းနေကြ၏။ လေမိုးငြိမ်သောအခါ သာယာသော ကျေးငှက် သာရကာ တို့၏ အသံကို ဖေါက်ထွင်း၍ ပေါ်လာသော ချောင်းရေစီးသံက တဟဲဟဲ တဝေါဝေါ မြည်နေသည်။
လှပသာယာသော ဆည်းဆာအချိန် တိမ်ရောင်ကွန့်မြူးတောက်ပနေသော ဤအခါဝယ် သစ်ပင်အုပ် ထူထူစီ မှ ထွက်ပေါ်လာသော လူ သဏ္ဍာန်ကား ရွှင်မြူးကြည်လင်ဟန် မပေါ်ဘဲ၊ ပူပုံပန်းအမူအရာဖြင့် ချောင်းထိပ် ကမ္ဘားဆီပြေးလာသည်။ မောင်တင်ဦးနှင့် မောင်တင်အုံးတို့ ခိုလှုံနေရာ ဆူးချုံကြီးနှင့် ပေသုံးဆယ် မျှ အကွာသို့ ရောက်လာသောအခါ ဦးခေါင်းပေါ် ခြုံသိုင်းထားသော အ၀တ်သည် ရုတ်တရက် တိုက်ခိုက် သော လေညှင်းကြောင့် နောက်ဘက်သို့ လန်ကာ လျှောကျသွားသည်တွင် ... ထိုသူသဏ္ဍာန်ကား မိန်းမရွယ် တယောက်ဖြစ်ကြောင်း မြင်တွေ့ကြရသည်။ ၀တ်ထားသော အ၀တ်မှာ ထမီ မဟုတ်၊ ဆာရီ မဟုတ်၊ အ၀တ်တခုကို ခါးမှာလုံအောင် ပတ်ထားသည့် အသွင်မျိုး တွေ့ရသည်။
အင်္ကျီကမူ ယောက်ျားဝတ် ရှပ်အင်္ကျီလိုလို လက်တိုအင်္ကျီမျိုးကို ခါးဝတ်လဲထည့်ဝတ်ထားသည်။ မဲနက်တောက်ပြောင် သောဆံပင်တွေက ကျောပေါ်ဖြာကျနေသည်။ အသားအရေနှင့် မျက်နှာသွင်ပြင်မှာ အိမ်တွင်ပုန်း ဟိန္ဒူ အမျိုးသမီးအဆက်အနွယ်ဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။ မည်သို့ပင် ဖြစ်စေ၊ ပူပုံပန်းဟန်မူရာဖြင့် အဟုန် ပြင်းစွာ စီးဆင်းနေသော ချောင်းကို ကြည့်ကာ လက်ကို ဆန့်တန်းငိုကြွေးနေသော ထိုမိန်းမရွယ်ကား တော် တော်ပင် ချောမောလှပသူဖြစ်ကြောင်း ထူထပ်သော ဆူးချုံကြားထဲက ချောင်းကြည့်နေသော သူငယ်ချင်း နှစ်ယောက်လုံး သဲကွဲစွာမြင်နေရသည်။
မိန်းမငယ်၏ ငိုကြွေးပုံမှာ အူအသည်း ကြွေပြုန်းလုမျှ ကြေကွဲလှိုက်လှဲလှသည်။ နှုတ်မှ မတိုးမကျယ် ရေရွတ် တမ်းတနေသော စကားတွေကိုကား ချုံထဲက သူငယ်ချင်းနှစ်ယောက်ကြားတချက် မကြားတချက်ပင်၊ သို့သော် ကြားရသည့် စကားလုံးကလည်း သူတို့ နှစ်ယောက်လုံး နားလည်အောင် မသဲကွဲချေ။ ချောင်းရေ ထဲ ကိုများ ခုန်ချတော့လေမည်လားဟု သူငယ်ချင်း နှစ်ယောက်လုံး စိတ်ပူစွာ တွေးမိကြ၏။ သို့သော် အကြောင်းရင်း အမှန်မသိဘဲနှင့် စိတ်မှန်းကာရမ်းပြီး ကယ်တင်မည်ဟူ၍ ချုံထဲကထွက်ရန်ကား မည်သည့် နည်း နှင့်မှ မသင့်လျော်ကြောင်း တွေးမိ၍ သူငယ်ချင်းနှစ်ယောက် ငြိမ်သက်စွာပင် ကြည့်နေကြရသည်။
ဤအခိုက်ဝယ် ရွာဆိမှ လူတယောက် အဆောတလျင် ပြေးထွက်လာသည်။ ကာကီရောင် ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်နှင့်ဖြစ်သည်။ ခါးတွင် ခြောက်လုံးပြူးသေနတ်နှင့် ကျည်ဆန်အိတ်တပ်ထားသော ခါးပက်ကို ပတ်ထားကြောင်း ဆူးချုံထဲက သူငယ်ချင်းနှစ်ယောက်က ကောင်းစွာမြင်လိုက်ကြ၏။ ထိုလူသည် ချောမော လှပသော မိန်းမရွယ်အနားရောက်ပြီး မိန်းမရွယ်ကို ပုခုံးဖက်ကာ ဆွဲခေါ်သည်။ ထိုလူ၏ ကြမ်းတမ်းခက် ထရော် သော မျက်နှာဝယ် မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေက ရွံရှာဖွယ် တွန့်လိန် ရှည်လျားရှုပ်ထွေးစွာ ရှိ နေသည်။ တထွာမျှ ဆံပင်တိုတွေက မွဲခြောက်ခြောက်အရောင်ဖြင့် မျက်နှာပေါ် ဖို့ယို့ဖားလျားကျနေသည်။
သူ ဆွဲခေါ်သည်ကို မိန်းမရွယ်က ရုတ်တရက်မလိုက်သေးဘဲ အရှိန်ကောင်းစွာ စီးဆင်းနေဆဲဖြစ်သော ချောင်းရေအလျဉ်ကို ကြည့်မြဲကြည့်ကာ ငိုမြဲငိုနေသည်။
သရဲရုပ် ပေါက်နေသော ထိုလူက ဒေါသ ထွက်ဟန်ဖြင့် စကားတခွန်းမျှပြောကာ မိန်းမရွယ်ကို ကြမ်းတမ်းစွာ ဆောင့်ဆွဲခေါ်ယူသွားလေသည်။ သူတို့ နှစ်ယောက်လုံး မျက်စိအောက်က ပျောက်ကွယ်သွားမှ သူငယ်ချင်း နှစ်ယောက် တိုးတိတ်စွာ ပြောလိုက်ကြသည်။
" အခုတင်ကလူ ကြည့်ရတာ လူကောင်းမဟုတ်ဘူး၊ ဒမြဂိုဏ်းဖွဲ့နေတဲ့ လူလား၊ တောခိုသောင်းကျန်းလား တခုခုဘဲ"
မောင်တင်ဦးက ပြောသည်။
" မီဇိုသူပုန်ထဲကနဲ့တူတယ်"
မောင်တင်အုံးက ထင်မြင်ချက်ပေး၏။
" ဖြစ်နိုင်တယ် ကိုတင်အုံး၊ ဘာဘဲဖြစ်ဖြစ်လေ သူတို့အမြင် အတွေ့ကို ခံလို့တော့မဖြစ်ဘူး၊ ဒီလိုလူစားမျိုးက လူကောင်း သူကောင်းတွေ့ရင် ချမ်းသာပေးတတ်တဲ့ လူစိတ်မှ မရှိတာ၊ ကျွန်တော်တို့ရှာနေတဲ့ နေရာက လူတွေရဲ့ ပုံပန်းသဏ္ဍာန်ရုပ်ရည်မျိုးမှ မဟုတ်ဘဲ၊ ကျွန်တော်တော့ ဒီအတိုင်းမှန်းဆမိတာဘဲ၊ ခင်ဗျားရော"
မောင်တင်ဦး က သူ့ယူဆချက်ကို ပြောပြပြီးမေးလိုက်၏။
"ကျွန်တော်လဲ ဒီအတိုင်းဘဲ ယူဆပါတယ်၊ ကျွန်တော်တို့ရှာနေတဲ့ နေရာမဟုတ်မှန်းလဲသိတယ်၊ ဒီလူတွေနဲ့ ဘယ်နည်းနဲ့မှ မဟတ်စပ်ဘူးဆိုတာလဲတွေးမိတယ်၊ သို့သော် သိမ်သိမ်မွေ့မွေ့ အမူရာမျိုးတွေ့ရရင် မေးစမ်း ကြည့်မလားလို့ ရည်ရွယ်မိပါတယ်။ ဘယ်လို ကြမ်းတမ်းခက်ထန်တာတွေ တွေ့နေမှန်းမသိဘူး"
မောင်တင်အုံး က ထောက်ခံပြောဆို၏။
" တခုတော့ ကျွန်တော် စဉ်းစားမိပါတယ် ကိုတင်အုံး"
" အင်း ... ဆိုစမ်းပါအုံး "
" အခုတင်က ပူပုံပန်းမိန်းမရွယ်ကို ခင်ဗျား သေသေချာချာ ကြည့်လိုက်မိတယ် ဟုတ်လား"
" ကြည့်လိုက်တယ်လေ ... မိန်းမက ချောချော လှလှဘဲ။ အသက်ကတော့ ခင်ဗျားထက်ရော ကျွန်တော့် ထက်ရော ကြီးပုံရတယ်၊ ခင်ဗျား ခန့်မှန်းလိုက်မိလား"
" ဟုတ်ပါတယ် ကျွန်တော်တို့ထက် ကြီးမယ်ဆိုတာတော့ မှန်းမိတယ်၊ ဒီ မိန်းမရွယ်ကို ကျွန်တော် သတိပြုမိ လိုက်တာ တခုရှိတယ်ဗျ"
" ဘယ်လိုလဲ"
" ခင်ဗျား ဒက်ဒီ ပြောသွားတယ်ဟုတ်လား၊ မေဂျာဝှိုက် တွေ့ခဲ့ရတဲ့ လူတွေရဲ့ ရုပ်လက္ခဏာဟာ ယောက်ျားတွေရော မိန်းမတွေပါ လှတယ် ဆိုတာလေ"
" အင်း "
" အခု ဒီမိန်းမရွယ်ကလှတယ်၊ နောက်ပြီး ... အခုတင်က ဆွဲခေါ်သွားတဲ့ သတ္တ၀ါကြီးနဲ့ ဘယ်လိုမှ အပ်စပ်တဲ့ ရုပ်ရည် မဟုတ်တော့ ဒီ လူဆိုးအုပ်စုထဲက မိန်းမတော့ ဘယ်နည်းနဲ့မှ မဟုတ်နိုင်ဘူး၊ ဒီ အကောင်စား မျိုးတွေက တောအနှံ့တောင်အနှံ့လျှောက်သွားခိုက် ဟိုနေရာရောက်လို့ တွေ့ပြီး ဆွဲလာတာ လားမှ မသိတာ"
" အိန္ဒိယနယ်ထဲက ဟိန္ဒူအမျိုးသမီးတယောက်ကို ဆွဲလာရင်ကောဗျာ"
" ဖြစ်တော့ ဖြစ်နိုင်တယ်လေ ... ဒါပေမဲ့ ဒီ မိန်းမရွယ်ချောင်းရေကို ကြည့်ပြီး တမ်းတမ်းတတ ငိုကြွေးတာကတော့ ထူးခြားတဲ့ အကြောင်းတခုရှိရမယ်ဗျ"
" ဒါလဲ ခင်ဗျား ပြောသလို ဖြစ်နိုင်တယ်၊ ကဲ မှောင်လာပြီဗျ၊ ကျုပ်တို့ ရှိတာကလေးအသင့်စားပြီး ဖြစ်သလို အိပ်လိုက်ကြအုံးစို့၊ ဒီည မိုးမရွာပါစေနဲပ ဆုတောင်းရမှာဘဲ"
မောင်တင်အုန်းက ပြောသည်၊ သူငယ်ချင်း နှစ်ယောက် စားသောက်ပြီးကြသောအခါ မိုးကာကို လုံလုံခြုံပြီး အိပ်လိုက်ကြလေသည်။
တောဆင်ရိုင်း တိရစ္ဆာန်တကောင်၏ အော်သံကဲ့သို့သော အသံတသံကို ခပ်ဝေးဝေးဆီမှ ကြားလိုက်ရ သလိုလို ကြောင့် မောင်တင်ဦးနှင့် မောင်တင်အုန်းတို့ ပြိုင်တူနိုးလာခဲ့ကြသည်။ အကျင့်ရပြီး ဖြစ်နေကြ၍ နှစ်ယောက် စလုံး ဦးခေါင်းထောင်နားစွင့်လိုက်ကြသည်။ ရန်မူမည့် တောတိရစ္ဆာန်ဖြစ်မည်ဟု ထင်ခဲ့ကြ သော်လည်း အသေအချာ ဂရုစိုက်နားထောင်သောအခါ တောတိရ္စဆာန်အသံမဟုတ်ဘဲ လူတဦး တယောက် ၏ အသံဖြစ်ကြောင်း သတိပြုမိကြသည်။
အသံသည် အဓိပ္ပါယ်မဲ့အော်ဟစ်နေခြင်း မဟုတ်ဘဲ အမိန့်ပေးနေသည့် သဘောမျိုး သက်ရောက်ကြောင်း စဉ်းစားမိကြသည်။ သူငယ်ချင်း နှစ်ယောက် လဲလျောင်းနေရာမှ ညင်သာစွာ ထလိုက်ကြသည်။ သူတို့ နှစ်ယောက်သည် ညအခါမှာသာ စိတ်ချ လက်ချ အညောင်းဆန့်ခြင်း၊ ချုံအစပ်ဆီသို့ အပေါ့အပါးသွားရန် ထွက်ခြင်း ကို ပြုလုပ်ဝံ့ကြပြီး နေ့အခါတွင်ကား ငြိမ် နိုင်သမျှ ငြိမ်စွာ အထူးသတိထား နေကြရသည်။ မည်ကဲ့ သို့သော လူတွေမှန်းမသိရသည့် လူတွေနေရာက တောင်ကုန်းထိပ်အမြင့်၊ သူတို့နေရာက အနိမ့်ဖြစ်၍ လေမတိုက် ဘဲ ချုံကြီးလှုပ်နေလျှင် သူတို့အဘို့ တွေ့ရမည့် ဘေးဒုက္ခကို စဉ်းစားမိကြသည်။ ထို့ကြောင့် နေ့အချိန် မှာ လေတိုက်မှ လေနှင့်ရော ပုံမှားရိုက်ပြီး ခြေလက်ဆန့်ဝံ့ကြသည်။ လေငြိမ်လျှင် သူတို့ပါ ငြိမ် နေကြရ၏။

ဆက်ရန်
.
1 comment:
မဝင်းမြင့် ၏ ပဏ္ဍုသေလာ လာဖတ် သွားတယ် မမရွှေစင်။ နှစ်သက်တယ်။ ဇာတ်သိမ်းမှာ ဘယ်လို ဖြစ်မလဲ သိပ် သိချင် နေမိတယ်း)
Post a Comment