Wednesday, March 2, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၁၇)

အခန်း (၅)

ကြူမြင့် သီခေါင် ရီမှောင်ညှိုဆိုင်း မှိုင်းမှိုင်းမှုံပြာသည့် သေလာတောင်တန်း ဟေ၀န်နန်းမှာ၊ စိမ့်စမ်းရေတံခွန် ထွေသွန်စီးဖြာ၍ သာရကာ ငှက်ပေါင်းက သောင်းသောင်းညံညံ၊ မ-ဖိုသံပေး ဟစ်ကြွေးခေါ်ထူး ကြည်နူးနေ ကြသည်။

တသုံသုံတဖြူးဖြူး၊ ဆော်မြူးတိုက်ခတ်လာသော လေသည် တောအထပ်ထပ်ကို ဖြတ်ကျော် လာခဲ့သော် ငြားလည်း၊ သူဖြတ်သန်း တိုက်ခတ်လာရာ ခရီးတလျှောက်မှ တောပန်းတောင်ပန်းတို့၏ ရနံ့ကို သယ်ဆောင် လာခဲ့သည်ဖြစ်ရာ၊ နက်ခေါင်သည့် တောတောင်အတွင်း ရောက်ရှိနေကြသော မောင်တင်ဦး နှင့် မောင်တင်အုံး တို့အဘို့ အေးမြလတ်ဆတ်၍ သင်းပျံ့သော လေပြေ လေအေးကို ရှူရှိုက်လိုက်ရသော အခါ အမောပြေ သလိုပင် ဖြစ်သါားကြသည်။

သူတို့ နှစ်ယောက်သည် ဟုမ္မလင်းမြို့၏ အနောက်မြောက်ဆီသို့ ဦးတည်လာခဲ့ကြသည်။ မောင်တင်အုံး အဖေ၏ မိတ်ဆွေ လေတပ်ဗိုလ်မှူး၏ ပြောစကားအရ သူတွေ့မြင်လာခဲ့ရသော တောင်ကြားသည် ဟုမ္မလင်းမြို့၏ အနောက်မြောက်ဘက်၊ အိန္ဒိယနယ်စပ် နှင့် အလွန်နီးကပ်စွာရှိမည်ဟု ခန့်မှန်းရသည်ဟူ သော စကားကို အတည်ပြုပြီး၊ သူတို့နှစ်ယောက် လာခဲ့ကြခြင်းဖြစ်သည်။

သူတို့ နျစ်ယောက်သည် အားခွန်ဗလ ကောင်း၍ သန်မာသည့် လူရွယ်များဖြစ်သည့်အလျောက်၊ တကိုယ် လျှင် မိုးကာတထည်၊ ကာဘိုင်တလက်၊ ကျည်ဆန်တရာ၊ ထူထဲသောနိုင်လွန် ဘောင်းဘီ အင်္ကျီတစုံ၊ ဆွယ်တာ တထည်၊ ဓါးရှည်တချောင်း၊ ဓါးမြောင်တလက်၊ ရေဘူးတခု၊ လိုအပ်သည့် ဆေးဝါး ပစ္စည်း၊ တခါ စားလျှင် တနေ့လုံးအတွက် ဆာလောင်ခြင်းမဖြစ်တော့ဘဲ၊ အစားခံအောင် အထူးစီမံပြုလုပ် ထားသည့် စစ်သားသုံး ရိက္ခာအခြောက် တလစာ စသည့် ပစ္စည်းများကို နိုင်နိုင်နင်းနင်းပင် သယ်ယူလာနိုင် ခဲ့ကြသည်။ အရပ် လေးမျက်နှာ ကို မှန်မိနိုင်အောင် အိမ်မြှောင်က တယောက်တခုစီပါသည်၊ တောထဲမှာ တွေ့သည့် စားကောင်းသော သီးနှံများကို ခူးဆွတ် စားသောက်ခြင်းဖြင့် ယူဆောင်လာအောင် ရိက္ခာကို ချွေတာခဲ့ ကြသည်။

ဟုမ္မလင်းမှ ထွက်ခွာ၍ နက်ခေါင်သော တောတောင်ရှိရာကို မျက်နှာမူလာခဲ့ကြသည်မှာ ယနေ့ဆိုလျှင် ရက်ပေါင်း နှစ်ဆယ်ကျော်ခဲ့လေပြီ။ သို့သော် သူငယ်ချင်း နှစ်ယောက် စိတ်မပျက်ကြချေ။ တောရိပ်အခြေကို ကြည့်ကာ၊ သတိထားလာခဲ့ကြ၏။ ညအချိန်ရောက်လျှင် ဂွဆုံကောင်း၍ ကြီးမားသော သစ်ပင်ကြီးပေါ်မှာ တယောက် တလှည့် ကင်းစောင့်ပြီး အိပ်ခဲ့ကြရသည်။
ကိုလ်ကံကောင်း၍ ထင်သည်။ ဤမျှလောက် ရက်တွေကြာ၍ ဤမျှနက်ခေါင်သော တောတောင်အတွင်း ရောက်နေသော်လည်း ဘေးဒုက္ခပေးမည့် တောကောင် သတ္တ၀ါဟူ၍ တကြိမ်တခါမှ ရင်မဆိုင်ခဲ့ရဘူး၊ မတွေ့ ကြုံ ခဲ့ရဘူးချေ။ ထို့ကြောင့် တခါတရံ ...

" ဒီသေနတ်နဲ့ ကျည်ဆန်တွေ အလေးခံ သယ်သွားမယ့်အစား သစ်ပင်တပင်ပေါ် မှတ်မှတ်သားသား တင်ထားပစ် ခဲ့ပြီး အပြန်မှယူရင် ကောင်းမယ်"
ဟူ၍ မောင်တင်အုံးက အရွှန်းဖေါက် ပြောတတ်သည်။ မောင်တင်အုံးက မျက်နှာဖြူသွေးပါသူပြီပြီ တောကောင်၊ အကောင်၊ ကြက်ငှက်ကို ပစ်ချင်သည်။ သို့သော် မောင်တင်ဦးက တရားချ၏။
" ကိုယ့်ကို ရန်မပြုရင် မပစ်ပါနဲ့ဗျာ၊ကျွန်တော်တို့သွားနေတဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဆင်းတုတော်ကို ဖူးတွေ့ဘို့ သွားနေတာဘဲ၊ ဗုဒ္ဓက သူများ အသက်သတ်ခြင်းကို ရှောင်ကြဉ်ဘို့ ဟောထားတာဘဲ၊ သူ့စကား နားထောင်မှ သူ့ကို ဖူးမြှော်ခါင့်ရနိုင်မှာပေါ့"
ထိုအခါ မောင်တင်အုန်းက ပြန်ချေ၏။

" ဒီလိုဆိုရင် ၀က်ဝံကြီးတွေ၊ ကျားကြီးတွေ၊ မြွေကြီးတွေက ကျွန်တော်တို့ကို ကိုက်ခဲ သတ်ဖြတ်ရင်ကော သူများ အသက်မသတ်ဘဲ၊ ကျွန်တော်တို့ အသေခံရမလား ကိုတင်ဦး"
" ကိုယ့် အသက်သေကြေပျက်စီးအောင် ရန်မူလာရင်တော့ ဘယ်သူအသေခံနိုင်မှာလဲ၊ ကာကွယ် သတ်ဖြတ် ရမှာပေါ့။ ကျွန်တော်ဆိုလိုတာက ကိုယ့်ကိုရန်မမူရင်၊ ကိုယ်ကလဲ ရန်မမူနဲ့၊ သစ္စာတရား တခုတော့ ထိန်းသင့် ကြောင်း ပြောတာပါ"
မောင်တင်အုန်း သဘောပေါက်သွားသည်။

" ဟုတ်ပြီ ... ဟုတ်ပြီ ... နားလည်ပြီ ကျွန်တော်တို့ကို ဘာမှ မလုပ်ရင် ကျွန်တော်တို့ကလဲ ဘာမှမ လုပ်ဘူး၊ ဗုဒ္ဒ အလိုတော်ကျ သူများအသက်သတ်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သွားမယ်၊ ဟုတ်တယ်နော် ကိုတင်ဦး"
မောင်တင်အုန်းက မေး၏။
" ဟုတ်တယ်၊ အဲဒီအတိုင်းဘဲ"
မောင်တင်ဦးက ပြန်ဖြေသည်။
" နေ၀င်တော့မယ် ကိုတင်ဦးရေ့ သစ်ပင်ကောင်းကောင်း ရှာကြအုံးစို့"
မောင်တင်အုန်းက တောင်မြောက်လေးပါး ကြည့်ရင်းက သတိပေးလိုက်၏။

" ခင်ဗျားက သစ်ပင်ကောင်းရှာ၊ ဟောဟိုက ... လျှိုအနိမ့်ထဲမှာ စမ်းချောင်းလေးတွေလား၊ ကျွန်တော် ရေသွား ခပ်မယ်၊ ခင်ဗျားရေဘူးပါပေးလိုက်"
မောင်တင်ဦးက ပြောရင်း ရေဘူးကိုဆွဲယူလိုက်သည်။
" ရေချိုးချင်လိုက်တာ "
မောင်တင်အုန်းက ပြော၏။
" နေ၀င်တော့မယ် ကိုတင်အုန်း ရေချိုးနေလို့ မဖြစ်ဘူး။ သစ်ပငိကိုသာကြည့်စမ်းပါ"
မောင်တင်ဦးက ပြောပြောဆိုဆို ရေဘူးနှစ်ခုကို ဆွဲကာ စမ်းချောင်းရှိရာ ပြေးဆင်းသွားသည်။ ရေဘူး နှစ်ခု ကို လျှင်မြန်စွာ ရေဖြည့်ပြီး ပြန်ရောက်လာသောအခါ မောင်တင်အုန်းကလည်း သစ်ပင်ကောင်း ကောင်း တပင် ကို တွေ့ထားပြီးဖြစ်၏။

" သစ်ပင်ပေါ် မြန်မြန်တက်၊ အပေါ် ရောက်မှ အစာစား ကိုတင်အုန်းရေ၊ စမ်းချောင်းဘေးမှာ ကျားခြေရာ ရော၊ ဆင်ခြေရာရော တွေ့ခဲ့တယ်။ နေ၀င်ရင် တောကောင်တွေရေလာသောက်တဲ့ စမ်းထင်တယ်။ တက်တက်၊ မြန်မြန်တက်"
မောင်တ်ငဦးက ရေဘူးပေးရင်းပြောသည်။ ထို့နောက်တောစီးဘိနပ်နှင့် ခြေအိတ်ကို ကဗျာကသီချွတ်ကာ ခါးမှာ ကြိုး နှင့် ချည်လိုက်ပြီး သစ်ပင်ပေါ်သို့ လျင်မြန်စွာ တက်လေသည်။ မောင်တင်အုန်းကလည်း အလားတူ ပင် တက်လေသည်။ သစ်ပင်ပေါ် သူတို့ ရောက်သည်ဆိုလျှင်ပင် ထူထပ်သိပ်သည်းသော အမှောင်ထု က တောတောင် တခုလုံးကို ဖုံးအုပ်လိုက်၏၊ နှစ်ယောက်သား မြင့်မားသော ဂွဆုံထက်ဝယ် အစာစားခြင်း ရေသောက်ခြင်း စသည်တို့ကို တိတ်ဆိတ်ညင်သာစွာ ကိစ္စပြီးလိုက်ကြ၏။

စမ်းချောင်းဆီမှ တောကောင်တွေ၏ ရုတ်ရုတ်သဲသဲ အသံတွေကို ကြားရသည်။
" ကျွန်တော်တို့ တောထဲရောက်လာတာ နှစ်ဆယ့်ရှစ်ရက်ရှိပြီနော်။ ဒီလိုတောကောင်တွေ အသံ နီးနီးကပ် ကပ်တခါ မှ မကြားခဲ့ကြရသေးဘူး။ ဝေးဝေးကသာ မထင်မရှား ကြားခဲ့ကြရတယ်။ အခု ပထမဆုံးဘဲ၊ ကျွန်တော် ကြည့်ချင်လိုက်တာဗျာ "
မောင်တင်အုန်း က လေသံဖြင့် ပြော၏။

" ခင်ဗျားအတော် ဆတ်တော့တဲ့လူဘဲ ကိုယ့်အသက်ရန်ရှာမဲ့ သတ္တ၀ါတွေကို ဘာကြောင့် အရိပ်အရောင် ပြ ချင်ရတာ လဲ ငြိမ်ငြိမ်နေစမ်းပါ၊ ဒီသတ္တ၀ါတွေထဲမှာ ကျားသစ်ပါလာရင် ဒုက္ခတွေ့နေအုံးမယ်"
" ကျားသစ်က ပိုဆိုးသလား"
" ကျားသစ်က သစ်ပင်တက်တတ်တယ်ဗျ၊ လူရှိမှန်းသိရင် တက်လာလိမ့်မယ်။ ခင်ဗျားငြိမ်ငြိမ်နေနော်"
မောင်တင်ဦး က သတိပေးမှ လှုပ်လှုပ်ရွရွ ဖြစ်နေသော မောင်တင်အုန်းက ငြိမ်သွားသည်။
" ကဲ ... ခင်ဗျား အိပ်တော့ ဆယ့်နှစ်နာရီအထိ ကျွန်တော် စောင့်မယ်"

မောင်တင်ဦးက ပြောပြီး မောင်တင်အုန်းကို အိပ်ခိုင်းလိုက်သည်။ အလေ့အကျင့် ကောင်းကောင်းရပြီးပြီ ဖြစ်သော မောင်တင်အုန်းက သစ်ကိုင်းမှာ သူ့ခါးနှင့်ခြေထောက်ကို ကြိုးနှင့်ပူးချည်ပြီး အိပ်လိုက်သည်။ လိမ့် မကျ စေရန် မောင်တင်ဦးက ထိန်းထား၏။ ဤနည်းဖြင့် သူတို့တယောက်တလှည့် အိပ်ခဲ့ကြသည်မှာ ကျင့် သားရ နေကြလေပြီ။

မောင်တင်ဦးက သတိကောင်းကောင်းထားပြီး ကင်းစောင့်နေသည်။ ညကြည့်လက်ပတ်နာရီက ဆယ့်နှစ် နာရီထိုးနေပြီဖြစ်သော်လည်း မောင်တင်ဦးသည် အိပ်ချင်စိတ် မရှိ၍ မောင်တင်အုန်းကို မနှိုးတော့ဘဲ ဆက်ပြီး စောင့်မြဲတိုင်းစောင့်နေလိုက်သည်။ မောင်တင်ဦး၏စိတ်သည် ရန်ကုန်ပြန်ရောက်ပြီး ကြည်ကြည်နွဲ့ အိပ်ရာ နားမှာ ရစ်ဝဲနေလေသည်။ ချစ်သူကြည်ကြည်နွဲ့ကို လွမ်းဆွတ်သောစိတ် မိခင်ဘခင်တို့ကို လွမ်းဆွတ် သောစိတ် သူ့ဘ၀ ရှေ့ရေးအတွက် မည်သို့မည်ပုံ နေထိုင်သွားရမည်ကို တွေးတောသောစိတ် ဖြင့် အချိန်ကုန်မှန်း မသိကုန်သွားခဲ့သည်။

သူတို့နှစ်ယောက်ရှိနေရာ သစ်ပင်ကြီးသည် တော်တော်ပင် မြင့်မားလှသည်ဖြစ်ရာ သူတို့နေရာ ဂွဆုံ သည်ပင် မြေပြင်မှ အထက်ပေ ငါးဆယ်ကျော်မျှမြင့်နေသည်ဖြစ်၍ မောင်တင်ဦး သည် မှောင်ထဲမှာ ကျင့်သား ရနေပြီးသော မျက်လုံးဖြင့် အဝေးကို စီးပြီး ကြည့်နိုင်သည့်အလျောက် လှမ်းမြှော်ကြည့်လိုက် သည်။ အချိန် က နံနက်သုံးနာရီခွဲပြီးနေပေပြီ။

မောင်တင်ဦးသည် အဝေး ပတ်ဝန်းကျင်ကို လှမ်းမြှော်ကြည့်နေရာမှ တနေရာတွင် မီးရောင်လိုလို လင်းလင်း လက်လက်အစက်ပြောက်များကို တွေ့လိုက်ရ၏။ ထိုနေရာသည် မြေပြင်အနိမ့်မဟုတ်ဘဲ တောင်စောင်း တခုလိုလို တောင်ကုန်းထိပ်နေရာလိုလို ဖြစ်သောကြောင့် သာလျှင် ပိတ်ဆီးရှုပ်ထွေးနေသော သစ်ပင်များ အကြားမှ ကောင်းစွာ မြင်နေနိုင်ခြင်းဖြစ်၏။ မောင်တင်ဦးက အိမ်မြှောင်ကို ထုတ်ယူပြီး မှောင်ထဲမှာ အား စိုက်ကြည့်လိုက်သည်။ အိမ်မြှောင်မှာ ညကြည့် လက်တံတပ်ထားသည်ဖြစ်ရာ မောင်တင်ဦး မီးရောင်လိုလို မြင်ရသော နေရာသည် သူတို့ ခိုလှုံနေသော သစ်ပင်ကြီးမှ အနောက်ဘက် စူးစူးဖြစ်ကြောင်းသိရသည်။ မောင်တင်ဦးက ထိုနေရာကို အသေအချာ အာရုံစိုက်ကြည့်သည်။ မီးရောင်တွေပင် ဖြစ်မည်ဟု စိတ်ထဲမှာ သေချာ လာသည်။

ထိုအခါမှန်ပြောင်းတလက်လောက်ပါလာလျှင် ကောင်းမည်ဟု တွေးမိ၏။ မောင်တင်အုန်းဆီမှာ ပါကောင်း ပါလေမည်လား ဟု တွေးမိသောအခါ မောင်တင်အုန်းကို ငြင်သာစွာ နှိုးလိုက်၏။
" ဘာလဲ ကိုတင်ဦး အချိန်စေ့ပြီလား "
မောင်တင်အုန်းက သတိထားအိပ်သည့် အလျောက် ချက်ခြင်းပင် နိုးလာပြီးမေး၏။
" အရုဏ်တက်တော့မယ် ကိုတင်အုန်း မနက်သုံးနာရီခွဲပြီးပြီ"
" အို ... ဟုတ်လား၊ ခင်ဗျား ပင်ပန်းနေပြီပေါ့၊ ဘာကြောင့် မနှိုးတာလဲဗျာ"
မောင်တင်အုန်းက ကြင်နာစိတ်ဖြင့် ပြောသည်။

" ကျွန်တော် အိပ်ချင်စိတ် မရှိလို့ မနှိုးတာဘဲ၊ အခုမှ ခင်ဗျားဆီမှာ မှန်ပြောင်းပါလိုပါငြား သတိရပြီး နှိုးတာ"
" ဘာတွေ့လို့လဲ ကိုတင်ဦး မှန်ပြောင်းပါတယ်ဗျ၊ ကျွန်တော်ကလဲ မပြောထားမိဘူး"
မောင်တင်အုန်းက သူ့ကျေပိုးအိတ်ထဲသို့ နှိုက်စမ်းရင်း ပြောသည်။
" ဟောဟို အနောက်ဘက်စူးစူးဆီက မီးရောင်တွေ လိုလို တွေ့လို့"

မောင်တင်ဦးကဖြေသည်။ မောင်တင်အုန်းသည် မွှေးပွအ၀တ်စ တခုဖြင့် ဂရုတစိုက် ထုပ်ထားသော မှန်ပြောင်းကို အထုပ်ထဲမှ ဖြေထုတ်ပြီး မောင်တင်ဦးကိုပေးသည်။
သူတို့ ပြောဆိုနေကြစဉ်မှာပင် နံနက်လေးနာရီထိုးပြီးသွားပေပြီ။ အရှေ့လောကဓါတ်မှ ရောင်နီပင် ပေါ်လာ၍ အလင်းရောင်က အမှောင်ထုကို ဖြိုခွဲရန် ဟန်ပြင်နေပြီဖြစ်၏။
မောင်တင်ဦးက မှန်ပြောင်းဖြင့် သေချာစွာ ကြည့်သည်။ သူမြင်တွေ့ရသည်မှာ အမှိုက်သော်လည်းကောင်း၊ ထင်းပုံ သော်လည်းကောင်း၊ တခုခုကို မီးရှို့ထားဟန်တူသည့် မီးပုံသဏ္ဍာန်မျိုး မှန်ပြောင်းထဲမှာ မြင်နေရသည်။ အရုဏ်ဦး မှိုင်းမှိုင်းမှုံမှုံအလင်းရောင်ဝယ် မီးပုံတွေ့ရသည့် နေရာပတ်ဝန်း ကျင်ကား အိမ်တွေ လိုလို သစ်ပင်အုပ်အုပ်တွေနှင့် ရောထွေး၍ မသဲမကွဲပုံသဏ္ဍာန်များပေါ်နေသည်။

" မီးရောင် ဟုတ်လား - ကိုတင်ဦး"
မောင်တင်အုန်း က စိတ်အားထက်သန်စွာမေး၏။
" မီးရောင်တော့ဟုတ်တယ်၊ လူနေအိမ်ခြေရှိမရှိကို သဲသဲကွဲကွဲမမြင်ရဘူး၊ ခင်ဗျားမှန်ပြောင်းက ဘယ်လောက် အစွမ်းရှိလဲ"
မောင်တင်ဦး က ပြန်မေး၏။

" နည်းနည်းတော့ အားသေးတယ်ဗျ၊ မိုင်နှစ်ဆယ်ပတ်ဝန်းကျင်ဘဲ "
" ဒီလိုဆိုရင် ကျွန်တော့် ခန့်မှန်းချက်အရ ပြောမယ်။ မီးရောင်တွေ့တဲ့နေရာဟာ မိုင်နှယ်ဆယ်ကျော်မယ် ထင်တယ်။ ဘာကြောင့်လဲဆို မှန်ပြောင်းထဲမှာ တွေ့ရတဲ့ မြင်ကွင်းကမှ မသဲကွဲဘဲ"
မောင်တင်ဦး က သေချာစွာကြည့်ပြီး ပြောနေရာမှ မှန်ပြောင်းကို မျက်လုံးမှ ခွာပြီး၊ မောင်တင်အုန်းကို ပြန်ပေး၏။

" ရော့ ... ခင်ဗျား ကိုယ်တိုင် ကြည့်ပါအုံး "
မောင်တင်အုန်းကမှန်ပြောင်းကိုယူပြီးကြည့်သည်။ အရှေ့လောကဓါတ်မှပေါ်လာသော အလင်းရောင်မှာ တဖြေးဖြေးအားကောင်းလာပြီဖြစ်ရာ မောင်တင်အုန်းကြည့်နေစဉ်အချိန်မှာ တောတောင်တခွင်ဝယ် သဲသဲ ကွဲကွဲ မြင်နိုင်အောင်ပင် လင်းလာပြီဖြစ်၏။
မောင်တင်အုံး က တဖြေးဖြေး အားကောင်းလာသော အလင်းရောင်ဖြင့် မောင်တင်ဦးညွှန်ပြရာကို စိတ်အား ထက်သန်စွာ ဂရုစိုက်ကြည့်သည်။

" သဲသဲကွဲကွဲ မဟုတ်ပေမဲ့ ဒီနေရာဟာ လူနေအိမ်ခြေ တခုဘဲဆိုတာတော့ သေချာတယ် ကိုတင်ဦးရေ"
မောင်တင်အုံး က မျက်လုံးမှ မျန်ပြောင်းကို မခွာဘဲ အားရပါးရပြောသည်။
" ဒါပေမဲ့ ကျွန်တော်တို့ ရည်မှန်းတဲ့ရွာတော့ မဟုတ်နိုင်ဘူး"
မောင်တင်ဦး ပြန်ပြောသည်။

" ခင်ဗျားပြောတာ မှန်တယ်။ ကျွန်တော်တို့ရွာက တောင်တွေဆိုင်ကာထားတဲ့ ချိုင့်ဝှမ်းထဲမှာရှိတာဘဲ၊ အခုရွာက တောင်စောင်းတခုလိုလို၊ ခပ်မြင့်မြင့်နေရာမျိုးလို့ မှန်းဆမိတယ်"
မောင်တင်အုံးက ပြန်ပြောသည်။ ထို့နောက် မှန်ပြောင်းကို မျက်လုံးမခွာပြီး ချည်ထားသောသိုင်းကြိုးကို ခိုင်မခိုင် စစ်ဆေးကြည့်ရှုပြီး လည်ပင်းမှာ စွပ်လိုက်သည်။
" ဘာလဲဖြစ်ဖြစ်လေ၊ တောကြီးမျက်မဲထဲမှာ စမ်းတ၀ါးဝါးနဲ့ ကျွန်တော်တို့ ရှာနေကြတာ တလနီးပါးရှိနေပြီ မဟုတ်လား၊ အခုမှလူနေအိမ်ခြေကို တွေ့ရတာ။ အဲဒီ ရောက်အောင် သွားပြီးမေးမြန်းရင် သဲလွန်စလောက် တော့ ရကောင်းရဲ့လို့ မြှော်လင့်ရတာဘဲ"

မောင်တင်ဦးက ပြောသည်ကို မောင်တင်အုန်းက ငြင်းဆန်ခြင်းမပြုသော်လည်း တခုတော့ စောဒက တက် လိုက် သည်။
" အဲဒီမှာ လူတွေတော့ ရှိမှာ အမှန်ပါဘဲ၊ ဒါပေမဲ့ ဒီလူတွေက လူလူချင်း သတ်ဖြတ်တတ်တဲ့ လူရိုင်းတွေဖြစ် နေမယ်ဆိုရင် ဒါမှမဟုတ် ဗမာစကားရော လုံးဝမတတ်တဲ့ လူတွေဖြစ်နေရင် သို့မဟုတ် သူတို့အနီးအနားကို လူစိမ်း သူစိမ်းအလာမခံဘဲ ရန်ပြုနေတတ်တဲ့ လူတမျိုးတွေဆိုရင်"
မောင်တင်အုန်း က စကားအဆုံးမသတ်ဘဲ ဖြတ်ထားလိုက်၏။

" ဒါဖြင့် ခင်ဗျားက အဲဒီနေရာ မသွားချင်ဘူးဆိုပါတော့"
မောင်တ်ငဦးကမေး၏။
" သွားမယ်လေ၊ သို့သော် အခုတင်က ကျွန်တော်ပြောခဲ့တဲ့ လူမျိုးတွေဖြစ်နေရင် ဘယ်လိုရောရမလဲဆိုတာ ကြိုတင်ပြင်ဆင်စီစဉ်မှုလိုလိမ့်မယ်ဆိုတဲ့ သဘောကိုပြောတာ"
" ဒါကတော့ ကိုတင်အုန်းရယ်၊ ဘယ်လိုလူတွေမှန်း မစုံစမ်းဘဲ အရမ်းဝင်ပါ့မလားဗျာ။ သူတို့နေရာနားကို ကွယ်ဝှက်ပြီး အကဲခတ်လေ့လာလို့ ဟန်ပုံပေါ်မှဝင်ရမှာပေါ့။ ဒါပေမဲ့ ခင်ဗျားသဘောပါ။ အဲဒီကိုသွားဘို့ ခင်ဗျား စိတ် က ထက်သန်မှုမရှိဘဲ ကျွန်တော်တို့ဘာသာ ရှာကြသေးတာပေါ့"

ဆက်ရန်
.

1 comment:

Anonymous said...

Thank you