ယခုလို ရွက်သစ်လောင်း၍၊ ရွက်ဟောင်းညှာကြွေ၊ လေရူးထွေသည့်၊ ခါနွေအပြောင်း၊ မိန်တပေါင်းဆိုလျှင် အဖေသည် ထူးထူးခြားခြား ငေးငိုင်းနေတတ်သည်ကို မောင်တင်ဦးသည် သူ လူလားမြောက်သည့် အချိန် မှ စ၍ သတိပြုလာ မိခဲ့သည်။
ယခုဆိုလျှင် မောင်တင်ဦ၏ အသက် သည် နှစ်ဆယ့်သုံးနှစ်ကျော်၍ လေးနှစ်ထဲကိုပင် ချဉ်းနင်း ၀င်ရောက် နေပြီ ဖြစ်ရာ ယခုလိုအချိန်မှာ အဖေသည်ယခုလို ငေးငိုင်နေသည်ကို မောင်တင်ဦး သတိပြုမိ လာသည်မှာ ဆယ်နှစ်ကျော်လေပြီ။ သူတို့သားအဖ ကို ကျောခိုင်းစွန့်ခွာ၍ ရုပ်ခန္ဓာက မဟာပထ၀ီ မြေကြီးထဲ မှာ အေးငြိမ်းစွာ လဲလျောင်းနေပြီဖြစ်သောအမေ့ကို သတိရ လွမ်းဆွတ်ခြင်းဖြင့် အဖေ ငေးငိုင် နေသလားဟု ထင်မှားလောက်အောင်ကလည်း အမေကွယ်လွန်ခဲ့သည်မှာ ငါးနှစ်ကျော်ကျော်ပင် ရှိခဲ့လေပြီ။
အ မေ ကွယ်လွန်သည်မှာလည်း ယခုလို နွေဦးပေါက်ချိန်ပင်ဖြစ်သည်။ ထို့ကြောင့် နွေဦးပေါက်ချိန် နွေမိန်တပေါင်း မှာ ရှေးဖြစ်ဟောင်းတခုခုကို ပြန်မြောင်းတွေးတော ဆွေးမောနေဟန်တူသော အဖေ သည် အမေ ကွယ်လွန်ပြီးသောအခါ ပိုပြီး ငေးငိုင်လာသည်။ တွေးတော ဆွေးမောခြင်းမှာ ပိုပြီး နစ် မြောလာသည်။
အမေမရှိတော့သည့် နောက်မှဆိုလျှင် မောင်တင်ဦးသည် ဖခင်ကို ပိုပြီးဂရုစိုက် ပြုစုလုပ်ကိုင် ပေးသည်။ အပြေးအလွှား ရေတွက်မှ လောကကြီးတခုလုံးတွင် ခင်တွယ်စရာ ဤအဖေနှင့် ဤသား သာလျှင် သာအဖ နှစ်ခု ချိုးဥ ပမာဏ ရှိတော့သည်မဟုတ်လော။ သို့သော် ချွင်းချက်နှင့် ပြောရမည် ဆိုလျှင် အဖေ့အဘို့ရာ ခင်တွယ်စရာ မောင်တင်ဦးသာ ရှိသည်မှန်သော်လည်း မောင်တင်ဦးအဘို့ ခင်တွယ်စရာကား အဖေအပြင် တဦး ရှိနေပါသေးသည်။ ထိုတဦးကား ကျောင်းနေဘက် ငယ်သူငယ်ချင်း ကြည်ကြည်နွဲ့ဖြစ်သည်။
ဤနေ့ကား နှစ်ဆယ့်ခြောက်ကြိမ်မြောက် တော်လှန်ရေးနေ့ဖြစ်၍ ရုံးပိတ်သည်။ မောင်တင်ဦး သည် ဖခင်၏ဝေယျာဝစ္စနှင့် သူတို့ သားအဖနှစ်ယောက်စာ ထမင်းဟင်းချက်ပြုတ်ပြီးစီးပြီ ဖြစ်သော် လည်း အခြား လူပျိုလူရွယ်ကလေးများကို ပျော်ပျော်ပါးပါးလည်ပတ်သွားလာရန် စိတ်မကူးနိုင်ရှာ ချေ။ လျှော်ဖွတ်စရာ တွေကို စုဆောင်း လျှော်ဖွတ်နေရသည်။ ရက်သတ္တတပတ်လုံး ရုံးတက်ရုံးဆင်း ၀တ်လာသည့် အင်္ကျိလုံချည် တွေရော၊ အဖေ့င်္ကျီလုံချည်တွေရော သမီးမိန်းကလေးသဖွယ် သေသေသပ်သပ် ဖွတ်လျှော်နေသည်။ ဖွတ်လျှော်ပြီး သောအခါ ရေချိုးအ၀တ်အစားလဲ၍ သားအဖနှစ် ယောက်စာ ထမင်းပြင်ရပြန်လေသည်။ ထမင်း ပြင်ပြီးသော အခါ အိမ်ရှေ့ခန်းကလေးတွင် ထုံးစံအတိုင်း ငေးငိုင်သော အဖေ့ ကို ထမင်းစားရန် ရိုရို သေသေ သွားခေါ်သည်။
'အဖေ အိပ်ပျော်နေလား'
ပက်လက်ကုလားထိုင်ပေါ်မှာ မျက်စိမှိတ်ပြီး ငြိမ်နေသောအဖေက မျက်စိဖွင့်ကြည့်၏။
'မအိပ်ပါဘူး သားရယ်၊ အိမ်ရှေ့အိမ်က စစ်ချီသီချင်းတွေ ရေဒီယိုကလွှင့်တာ ဖွင့်နေလို့ နားထောင် နေတာကွဲ့၊ ဒီသီချင်းတွေဟာ အဖေတို့ ဂျပန်ခေတ်က စိတ်နဲ့မာန်နဲ့ဆိုခဲ့တဲ့ သီချင်း တွေပေါ့... '
'ဟုတ်တယ်အဖေ၊ ဒါဂျပန်ခေတ်က သီချင်းဟောင်းတွေတဲ့၊ အဲဒီ အချိန်ကတော့ ကျွန်တော်လဲ လူမဖြစ် သေးပါဘူး' မောင်တင်ဦးက ထောက်ခံပြောဆိုသည်။
'အေးကွဲ့ အခုလို နွေဦးပေါက်ချိန် ဖက်ဆစ်တော်လှန်ရေး ကာလာရောက်ပြီဆိုမှဖြင့် ရှေးဖြစ် ဟောင်းကို ပြန်ပြောင်းအောက်မေ့ပြီး လွမ်းလှသကွယ် သားရယ်၊ အော်...နှစ်ပေါင်းကလဲ နှစ်ဆယ် ကျော်ခဲ့ပြီဘဲ...၊ အင်း...တမျိုးစီပေါ့လေ...၊ သူ့မေတ္တာလဲတမျိုး မင်းအမေ့ မေတ္တာလဲ တမျိုးပေါ့'
အဖေက လွမ်းလွမ်းတတ ပြောသည်ကို မောင်တင်ဦး စိတ်ထဲတွင် ထူးဆန်းနေသည်။ အဖေသည် ငေးငိုင် တွေးတောဆွေးမော နေတတ်သော်လည်း ယခုကဲ့သို့ အစွန်းအစထွက်သော စကားမျိုးကို မည်သည့်အခါမှ မပြောခဲ့ဘူးချေ။ မောင်တင်ဦး စိတ်ထဲမှာ အဖေ့ထံတွင် သူမသိရသေးသော ကြောင်းအရာတွေ ရှိနေ လိမ့်မည် ဟု တွေးကာ သိလိုစိတ်ပေါ်လာသည်။ သို့သော် ထမင်းစာချိန် လွန်သွားလျှင် သူ့အဘို့ လူငယ် ဖြစ်၍ အရေးမကြီးသော်လည်း အသက်အရွယ်ထောက်လာသည့် ပြင် ကျန်းမာရေးပါ ချို့ယွင်းနေသော ဖခင်အဘို့ စားသောက်ချိန်မှာ မစားရလျှင် ဝေဒနာတခု တိုးမည်ကိုတွေးတော စိုးရိမ်မိသည်။ ထို့ကြောင့် ထမင်းစားပြီး မှ အချိန်ရ၍ အေးအေးဆေးဆေး မေးတော့မည်ဟု စိတ်ဆုံးဖြတ်လိုက်၏။
'ကဲ... ထ, အဖေ၊ ကျွန်တော့ကို အားပြုနော်'
မောင်တင်ဦးက ပြောပြောဆိုဆို ဖခင်၏ခါးကို ဖက်ပြီး မတ်တတ်ရပ်နိုင်ရန် ဖေးမလိုက်၏။
'အေးကွယ် အဖေ က ညာဘက်လက်ကလဲ အရင်းကပြတ် ဘယ်လက်ကလဲ လက်သန်းနဲ့လက်သူ ကြွယ်က မရှိတော့ ဘာမှအသုံးမကျ ဘဲ အပိုသက်သက် ဖြစ်နေရတာပေါ့ သားရယ်၊ ငါ့သားကိုလဲ အဖေ အားနာ ပါတယ်'
အဖေ က ကြေကွဲလှိုက်လှဲသော အသံဖြင့် ပြော၏။
'အဖေ ဘာမှ အားမနာနဲ့၊ အဖေ့ လက်တွေဟာ ကျွန်တော်တို့ တိုင်းပြည်၊ ကျွန်တော်တို့ တိုင်းရင်းသား တွေ ကို ဖက်ဆစ်ရန်က လွတ်ကင်းအောင် ကာကွယ်ခဲ့တဲ့ လက်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် စတေးခံ အဆုံးခံ ရတဲ့ လက်တွေဖြစ်လို့ ကြေနပ်စရာ ကောင်းတယ်။ ကျွန်တော့ အနေနဲ့လဲ ဖက်ဆစ်ဂျပန် တော်လှန်ရေးမှာ အသက် ပေးပြီး တာဝန်ယူခဲ့တဲ့၊ တိုက်ပွဲပြန်တော်လှန် ရေး တပ်သားဟောင်းကြီး ဗိုလ်အောင် ရဲ့ သားရယ် လို့ ဂုဏ်ယူပါတယ် အဖေ'
မောင်တင်ဦးက သူ့အဖေကို စိတ်အားတက်ကြွဖွယ် အားပေးစကားပြောပြီး ထမင်းစားသည်။ ထမင်း စားသောက်ပြီး သောအခါ မောင်တင်ဦးက ပက်လက်ကုလားထိုင်နားသို့ လာပြီး
အနား ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး'အဖေ ထမင်းမစားခင်က အဓိပ္ပါယ် ကဘာလဲအဖေ' 'ဘာများလဲကွဲ့ သားရယ်' မောင်တင်ဦး၏ ဖခင်က အမှတ်မရ ပြန်မေး၏။
'ဟိုလေ... သူ့မေတ္တာလဲ တမျိုး၊ မင်းမေတ္တာ ကလည်းတမျိုးဆိုတာ အဖေ ပြောခဲ့တယ်လေ' မောင်တင်ဦး၏ ဖခင်က အမှတ်ရသွားသည်။
ချက်ခြင်းပြန်လည် အဖြေပေးခြင်းမရှိဘဲ အတန်ကြာ ၏။ မောင်တင်ဦးကလည်း ဖခင် မျက်နှာကို စူးစိုက် ကြည့်ကာ ပြောအံ့သောစကားကို နားစွင့် နေသည်။ အတန်ကြာမှ မောင်တင်ဦးကလည်း ဖခင် မျက်နှာကို စူးစိုက်ကြည့်ကာ ပြောအံ့သော စကားကို နားစွင့်နေသည်။ အတန်ကြာမှ မောင်တင်ဦး ၏ ဖခင် က ပြန် မေး၏။
'အဖေ့အကြောင်း အမေ့အကြောင်းကို သားဘယ်လောက်သိထားသလဲကွယ်။ အဖေ့ကို ပြန်ပြော ပြစမ်းပါအုံး'
မောင်တင်ဦး စိတ်ထဲမှာ အနည်းငယ် ထူးဆန်းသွားသည်။ သို့သော် တစုံတရာ စောဒကမတက်ဘဲ သူ့အဖေ စိတ်ကြေနပ်အောင် ပြောပြလိုက်သည်။
'အဖေ့ နာမည်က မောင်အောင် ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်၊ ဖက်ဆစ် တော် မှာ ပါဝင်ခဲ့တယ်။မောင်တင်ဦးသည် အဖေ ဘာစိတ်ကူးပေါက်ပြီး နောက်ကြောင်းတွေ မေးနေပါလိမ့် ဟုတွေးရာမှ သူ့အမေအကြောင်းကို သူ သိသမျှပြောပြပြန်သည်။
'အမေလဲ ဖက်ဆစ်တော်လှန်ရေးမှာ တတ်နိုင်သလောက်တာဝန်ယူခဲ့ဘူးတဲ့ အမျိုးသမီးတယောက် နာမည် က မသစ်ဆွေ၊ အဖေ့ကို မငြိုမငြင်လုပ်ကြွေးလာခဲ့ ဇနီး၊ လင့်တာဝန် သားတာဝန်ကို ပင်ပန်းကြီးစွာ ရုန်းကန်ရင်း လွန်ခဲ့တဲ့ ငါးနှစ်ကျော်-ခြောက်နှစ်ကျော်လောက်က ကွယ်လွန်သွားခဲ့ တယ် အဖေ'
မောင်တင်ဦးသည် ပြောရင်းကပင် လေသံကတိမ်ပြီး ပြတ်သွားသည်။ သူ့အမေ ဒေါ်သစ်ဆွေကို များစွာ လွမ်းဆွတ်တမ်းတသောစိတ် ပေါ်လာသည်။ ဒေါ်သစ်ဆွေသည် သေသည့်တိုင်အောင် လင်နှင့်သားကို ငြိုငြင်သော စိတ် မပေါ်ခဲ့ဘဲ သူ့စွမ်းအားဖြင့် တတ်နိုင်ဆုံး ပြုစုလုပ်ကျွေးသွားရှာ သည်ကို မောင်တင်ဦး စိတ်မှာ မြင်ယောင် လွမ်းဆွတ်လာသည့်နည်းတူ ဦးအောင်၏ စိတ်အာရုံမှာ လည်း ချစ်ကြင်နာဖွယ် ကောင်းသော ဇနီးကို မြင်ယောင်လွမ်းဆွတ်မိသည်။ သားအဖနှစ်ယောက် အဆွေးကိုစီဖြင့် အတန်ကြာ တိတ်ဆိတ် နေရာမှ မောင်တင်ဦးက စကားဆက်လိုက်သည်။
'အမေ ပင်ပန်းကြီးစွာ လုပ်ကိုင်ပြီး ပညာသင်သွားလို့- ကျွန်တော် ဆယ်တန်းအောင်ခဲ့ပြီး အခုလို နိုင်ငံခြား သံရုံးမှာ အလုပ်ကလေး ရခဲ့တယ်။ ကျွန်တော်တို့ သားအဖနှစ်ယောက် တ၀မ်းတခါးကို ကြွေးကင်းမြီးကင်း ကလေး နေနိုင်ခဲတယ်နော် အဖေ၊ ဒါတွေကို တွေးမိလေ၊ အမေ့ ဂုဏ်ကျေးဇူးကို သတိရလေဘဲ အဖေရယ်'
'ဟုတ်တယ် သားရယ်၊ အင်း... မသစ်ဆွေ၊ မသစ်ဆွေ'
ဦးအောင်က တမ်းတမ်းတတ ပြောလိုက်သည်။
'အဖေတို့ နောက်ကြောင်း ရာဇ၀င်မှာ သားမသိသေးတဲ့အကြောင်းတွေ အများကြီးရှိသေးတယ်'
'ပြောပါအဖေ၊ ကျွန်တော် သိပ်ပြီး သိချင်ပါတယ်။ ကျွန်တော့် မိဘအရင်းအချာတွေအကြောင်း ကျွန်တော် သိကောင်း ပါတယ်နော် အဖေ'
မောင်တင်ဦးက ဖခင်၏ဒူးကို လက်နှစ်ဖက်ဖြင့် သိမ်းဖက်ပြီး တောင်းတောင်းပန်ပန် ပြောသည်။
'ပြောပါ့မယ် သားရယ်၊ တနေ့နေ့မှာ ဒီအကြောင်းကို အဖေ ပြောပြမယ်ဆိုတဲ့ ရည်ရွယ်ချက်လဲ ရှိခဲ့ပါတယ်။ မသစ်ဆွေ တော့ သိမသွားရှာဘူးပေါ့ကွယ်။ သူ့ကိုတော့- အဖေ ပြောပြချင်တဲ့စိတ် သိပ်မရှိခဲ့ဘူး။ ဘာ့ကြောင့်လဲ ဆိုတော့- အင်္ဂါမစုံတဲ့ လင်ဒုက္ခိတကြီးကို လုပ်ကျွေးပြုစုနေရာမှာ ပင်ပန်းဆင်းရဲခံရှာတဲ့ သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါဘဲ၊ မိန်းမဆိုတာ မသိနိုင်ဘူး ဟုတ်လား'
'ဟုတ်ပါတယ် အဖေ' မောင်တင်ဦးက ထောက်ခံသည်။
ဦးအောင်သည် စကားမဆက်သေးဘဲ ပက်လက်ကုလားထိုင်ကို မှီကာ မျက်စိကိုမှတ်ပြီး ရှေးဖြစ် ဟောင်းကို ပြန်တွေးနေလိုက်သည်။ မှိတ်ထားသော ဦးအောင်၏ မျက်စိအာရုံဝယ် နုနယ်ပျိုမြစ် သော အသက် နှစ်ဆယ်ကျော် ချစ်စဖွယ် ကောင်းသည့် မသစ်ဆွေ၏ ပုံသဏ္ဍာန်က ပေါ်လာသည်။ မသစ်ဆွေနှင့် မျက်နှာချင်း ဆိုင်တွင် ပေါ်လာသော သဏ္ဍာန်ကား နုနယ်ပျိုဖြစ်သော မသစ်ဆွေနှင့် ရွယ်တူ ဗမာ့ တပ်မတော်သား တဦးဖြစ်သည့် ဗိုလ်လေး ဗိုလ်အောင်ဖြစ်၏။
ဗိုလ်အောင် က မသစ်ဆွေကို တမိုးအောက်တယောက်ဟု ထင်မြင်ယူဆကာ စွဲလမ်းမြတ်နိုးသည်။ သူ၏ အတိုင်းအဆ မရှိသော ချစ်မေတ္တာကို ဖေါ်ထုတ်လှစ်ဟကာ ဘ၀ကြင်ဖေါ်အဖြစ် ခွင့်ပြုပါရန် ပန်ကြား၏။ သို့သော် မသစ်ဆွေ က...
'စစ်ကြီးဖြစ်နေတဲ့အချိန်မှာ စစ်သားကိုဘ၀ကြင်ဖေါ်လုပ်ရမှာ ကြောက်စရာကောင်းလှပါတယ် ကိုအောင် ရယ် သစ်သစ်မုဆိုးမဘ၀နဲ့ ခံစားရမဲ့ စိတ်ဒုက္ခကို ရင်ဆိုင်ရဲအောင် သတ္တိမရှိပါဘူး'
ဟူသောစကားကိုသာ တုံ့ပြန်ခဲ့သည်ဖြစ်ရာ ဗိုလ်အောင်သည် မသစ်ဆွေကို ချစ်မေတ္တာမလျော့ပါး သော်လည်း ထပ်မံကြိုးစားခြင်းမပြုတော့ဘဲ စစ်တပ်ပြောင်းရွေ့ရာ လိုက်ပါခဲ့လေတော့သည်။
'မသစ်ဆွေစိတ်က တွေးနေရာမှ ဦးအောင်က မှိတ်ထားသော မျက်စိကိုဖွင့်ကာ ပြောလိုက်သည်။
'ဘယ်လိုစိတ်လဲအဖေ'
မောင်တင်ဦးက မေး၏။
'အေးကွယ်သူ့စိတ်ထားက ထူးခြားတယ် ဆိုနိုင်တာပေါ့။ ကြည့်လေ အဖေ ခြေလက်အင်္ဂါအပြည့်အ စုံရာထူးလက်ရှိဘ၀နဲ့ သူ့မေတ္တာကို တောင်းခံတော့ လုံးဝမဖြစ်နိုင်ပါဘူးလို့ ခါးခါးသီးသီးငြင်းခဲ့ တယ်၊ ဟောအဖေ စစ်ပြန်ဒုက္ခိတရဲဘော်ဘ၀နဲ့ ပြန်တွေ့တော့ တိုင်းပြည်နဲ့လူမျိုးအတွက် အနစ်နာခံသူရယ်လို့ နှလုံးပိုက် ကြင်နာပြီး ကြည်ကြည်ဖြူဖြူ လက်ထပ်တယ်၊ သူကစပြီး ကိုအောင် မေတ္တာစေတနာ မပျက် သေးရင် သူပြုစုလုပ်ကျွေးပါရစေလို့ လာပြောတယ်သားရဲ့'
'အဲဒီတော့ အဖေ သိပ်ဝမ်းသာသွားမှာဘဲနော်'
မောင်တင်ဦးက ပြော၏။ ဦးအောင်က ရုတ်တရက်ပြန်မဖြေသေးဘဲ ငေးနေပြန်သည်။ ထို့နောက် သက်ပြင်းချပြီး ဆက်ပြော၏။
'၀မ်းသာလှတယ်တော့ မဟုတ်ပါဘူး အဖေ့လို ဒုက္ခိတကြီးတာဝန်ကို သူတသက်လုံး ယူသွားနိုင်မ လား ဆိုတဲ့ သံသယစိတ် ရော၊ နောက်ပြီး အဖေ့အနေနဲ့ သစ္စာမဲ့ရာ ကျမလားဆိုတဲ့ အတွေးရောပေါ့'
'အဖေက စော်ကားတာမှ မဟုတ်ဘဲ အဖေရယ်'
'အေးလေ၊ မင်းအမေကိုတော့ အဖေမစော်ကားပါဘူး ဒါပေမဲ့'
ဦးအောင်က စကားတပိုင်းတစနှင့် ဖြတ်ပြီး ငေးနေပြန်သည်။ မောင်တင်ဦးသည် ဖခင်အမူအရာကို အကဲခတ် လိုက်၏။
'အမေ့ကိုတော့ မစော်ကားဘူးဆိုရင် ဘယ်သူ့ကိုများ အဖေစော်ကားခဲ့လို့လဲ အဖေရယ်'
'မောင်တင်ဦး က မေးသည်။'
'အေးလေ အဖေက မင်းအမေ တသက်လုံး တာဝန်ယူသွားရမှာကို သနားပြီး လွယ်လွယ်နဲ့ မလိုက်လျော ခဲ့ပါဘူး။ ဒါပေမဲ့ ဆုံဆည်းလာပုံက မသစ်ဆွေအဖို့ သူ့ခဲအိုနဲ့ နေလို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တဲ့ အခြေအနေ ရောက်လာတယ်။ အဲဒီတော့ အဖေနေတဲ့အိမ် အခု ဒို့နေတဲ့အိမ်ပေါ့၊ မသစ်ဆွေက ရောက်လာပြီး မပြန်တော့ဘဲနေလိုက်တော့ အဖေလဲ သူ့စိတ်ဆန္ဒအတိုင်း လိုက် လျောရတာပေါ့ကွယ်'
'ဒီအိမ် က အဖေ အမွေရထားတဲ့ အိမ်နော်'
'ဟုတ်တယ် နောက်ပြီး အဖေ့မှာက မျိုးချစ် ဗမာ့တပ်မတော် ဗိုလ်အဖြစ်နဲ့ ရလာတဲ့ လခငွေ တွေက တော်တော်များများကလေးပါလာတယ်လေ။ မသစ်ဆွေက အဲဒါအရင်းတည်ပြီး ဒို့သား အဖကို မသေမချင်း လူနဲ့သူနဲ့ တူအောင်လုပ်ကျွေးပြုစုသွားတာပေါ့ကွယ်။ မင်းအမေကို တခု ချီးကြူးရမှာက သူ့ရုပ်ရည်၊ သူ့အရွယ် နဲ့ ခြေလက်အင်္ဂါစုံစုံ ကျန်းမာသန်စွမ်းတဲ့ သင့်သင့်တင့်တင့် လူကို ရနိုင်ပါရက်သားနဲ့ တိုင်းပြည် နဲ့လူမျိုး အတွက် ဆောင်ရွက်ခဲ့လို့ ဒုက္ခိတဘ၀ရောက်ရတဲ့ အဖေ့ကို ကြင်နာတယ် ဆိုတာ တနည်း အားဖြင့်တော့ မျိုးချစ်စိတ်ရှိသူ တိုင်းပြည်သားကောင်း တယောက်ကို တန်ဘိုးထားသူလို့ ယူဆချီးကြူး စရာပေါ့သားရယ်'
'မုဆိုးမ ဖြစ်ရမဲ့ဒုက္ခကို ရင်မဆိုင်ဝံ့ပေမယ့် ဒုက္ခိတလင်ယောင်္ကျားကို ၀တ္တရားမပျက်လုပ်ကျွေးပြုစု သွားတဲ့ အမေ့စိတ်ထား ကတော့ ချီးကြူးဘို့ကောင်းပါတယ်' 'ဟုတ်တယ် သားရဲ့'
ဆက်ရန်
.

2 comments:
အင်း...
သံမဏိနှင့် တူသော အမျိုးသမီး....။
မမရွှေစင်... ရို့စ်က ဆရာမ မ၀င်းမြင့်ရဲ့ စာဖတ် ပရိသတ်ပါ။ အခုလို အချိန်ပေးပြီး စာတွေ ရိုက်တင်ပေးတဲ့ မမရွှေစင်နှင့် အဖွဲ့သားများကို ကျေးဇူးတင်ပါတယ်။ ဆန့်တငဲ့ငဲ့ ဖြစ်မှာ စိုးလို့ အစ်မ ရိုက်တင်ပြီး တော်တော် ခရီး ရောက်တဲ့ အထိ စောင့်နေပြီး အခုမှ အားလုံး အစကနေ သေချာ ဖတ်ပါတယ်။
Post a Comment