Saturday, February 12, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၂၄)

နောက်တစ်လလောက်ကြာတော့ ကျွန်တော့်အခန်းထဲကို မီးသွယ်ဖို့ ကျွန်တော် ပြင်ဆင်ပါတော့တယ်။ သွယ်မယ် ဆိုရင် ကြိုးလိုမှာပေါ့။ ကြိုးဖိုး ကျွန်တော့်မှာ မရှိတော့ အကြံအိုက်ရပြန်ပါတယ်။ နောက်နှစ်ရက် ကြာတော့ ကျွန်တော်နဲ့ ဂီးလ်ဘတ်၊ ရွာထဲလျှောက်ပတ်ရင်း ချာရတီတို့ အိမ်ဘက် ရောက်သွားတယ်။ သူတို့ အိမ်မှာ ကျွန်တော် လိုချင်နေတဲ့ မီးကြိုးတွေကို အ၀တ်တန်းလုပ်ထားတာ သွားတွေ့ပါတယ်။ အခန်းထောင့် မှာလည်း ကြိုးတွေ အခွေလိုက် ချထားတယ်။

"ဟေ့ ချာရတီ၊ ငါက ဒီကြိုးတွေ အသေအလဲ ရှာနေတယ်။ မင်းတို့အိမ်က အ၀တ်ကြိုးတန်းလုပ်ထား တယ်။ အံ့ပါကွာ၊ မင်း ဘယ်က ရတာလဲ"
သူ့ဦးလေး ကားသမားတစ်ယောက်က ရတဲ့အကြောင်း ချာရတီက ရှင်းပြပါတယ်။ အလုပ်ကူလုပ်ပေး လို့ သူ့ဦးလေး က ပေးလိုက်တာတဲ့။ ကျွန်တော် လိုချင်ရင် ဈေးပေါပေါနဲ့ သူ ရောင်းပေးပါ့မယ်တဲ့။
"အေး၊ အရမ်းလိုချင်တာပေါ့ကွာ။ ကူလီအလုပ်တစ်ခု ရှာလုပ်လိုက်ဦးမယ်" လို့ပြောတော့ ထုံးစံ အတိုင်း ဂီးလ်ဘတ် က ငွေတစ်ရာ ထုတ်ပေးတယ်။ အဲဒီလိုနဲ့ မီတာသုံးဆယ် ကြိုးခွေကို ချိုချိုချောင်ချောင်နဲ့ ကျွန်တော် ရခဲ့တာ။

"ငါ မင်းကို ပြန်ပေးပါ့မယ် ဂီးလ်ဘတ်။ ဒါဆို ငါ့အခန်း မီးလင်းပြီကွ"
"မင်းအခန်း မီးလင်းအောင်သာ လုပ်ပါကွာ၊ ငါ့ကို ပြန်ပေးဖို့ မလိုပါဘူး"
ဂီးလ်ဘတ် ဟာ ကျွန်တော့်ရဲ့ တကယ့်ကျေးဇူးရှင်ပါပဲ။

ကြိုးခွေကို ပိုက်ပြီး အိမ်ပြန်ပြေးလာခဲ့ပါတယ်။ လေရဟတ်တွေလည်နေတာ တွေ့ရင် ကျွန်တော် မောရမှန်း မသိတော့ ပါဘူး။
အိမ်ရောက်ရောက်ချင်း တိုင်းပယ် ထွာဟယ် ဖြတ်ဟယ် တောက်ဟယ် နဲ့ အလုပ်ရှုပ်သွားပါတယ်။ ပြီးတာနဲ့ စင်ပေါ်တက်၊ ဒိုင်နမို မှာ ကြိုးဆက်ပါတယ်။ ကြိုးနှစ်ချောင်း မထိအောင် ဂရုစိုက်ပြီး ဆက်ပါ တယ်။ ပြီးတာနဲ့ ပြန်ဆင်းပြီး အခန်းထဲ ကို မီးသွယ်ပါတယ်။ ကျွန်တော့်အခန်းက သက်ငယ်မိုးပါ။ အမှုန်တွေ မကျအောင် ပလတ်စတစ်ကို မျက်နှာကျက်လုပ်ထားတာမို့ မီးသွယ်တဲ့လုပ်ငန်းဟာ ခဏလေးနဲ့ ပြီးသွားပါတယ်။ ပလတ်စတစ် ကို ဖောက်ပြီး ထုတ်တန်းကနေ မီးလုံးကို တွဲလောင်းချ ထားလိုက်ရုံပါပဲ။

မီးလင်းလာတာနဲ့ တံခါးကို ကျွန်တော် ပြေးပိတ်လိုက်ပါတယ်။ အခန်းထဲမှာ လင်းထိန်နေပြီး တိုလီမိုလီ တွေ အားလုံး ထင်းထင်းကြီး မြင်နေရပါတော့တယ်။ ကျွန်တော့်ကိုယ်ပိုင် အခန်းထဲမှာ ကိုယ်ပိုင်အလင်းရောင် ရပြီပေါ့။
မိန်းကလေးတွေ ပြေးလာပြီး တံခါးကို ထုကြပါတယ်။
"ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ" လို့ အော်မေးကြတယ်။
"သိချင်ရင် အထဲဝင်ကြည့်ကြလေ" လို့ ပြောပြီး တံခါးဖွင့်ပေးလိုက်ပါတယ်။

အိပ်ရာထဲ လှဲပြီး မီးလုံး ကလေးကို ကျွန်တော် စိုက်ကြည့်နေပါတယ်။ ညီမတွေရော၊ အဖနဲ့အမေပါ အခန်းထဲ စုပြုံ ရောက်လာကြတယ်။
အဖေက "၀ီလျံကို ကြည့်ကြစမ်း၊ သူ အမှောင်ခွင်းပြီး အလင်းဆောင်နေပြီ"
အမေ ကလည်း ၀မ်းသာအားရ ပြောရှာတယ်။
"ဂုဏ်ယူပါတယ် သားရယ်၊ အမေတို့ အခန်းတွေကိုလည်း လင်းအောင် လုပ်ပေးနော်၊ လုပ်ပေးမယ် မဟုတ်လား"
ကျွန်တော်က အရွှန်းဖောက်လိုက်ပါတယ်။

"အရူးလေး တစ်ယောက်လုပ်တာ တကယ် ယုံကြလို့လား"
အမေ က ပြုံးပြုံးကြီးနဲ့
"သား မရူးဘူးဆိုတာ သက်သေပြလိုက်ပြီပဲ။ အမေက သားကို ရူးတယ် မထင်ပါဘူး၊ သားရယ်၊ သားအတွက် စိတ်ပူ တာပါ"
"လေမတိုက် ရင် ဘယ့်နှယ်လုပ်မလဲ"
ရို့စ် က ၀င်မေးပါတယ်။

"မီးငြိမ်း သွားမှာပေါ့။ ခုတော့ ဒီအဆင့်မှာပဲ ရှိသေးတယ်။ နောက်အမြဲ ထိန်လင်းနေအောင် ငါ စဉ်းစား ပြီးသားပါ။ ဘက်ထရီတော့ လိုမှာပေါ့"
ဝိုင်ယာကြိုး တွေ ရှိမယ်၊ ဘက်ထရီ ၀ယ်နိုင်မယ်ဆိုရင် လျှပ်စစ် ဓာတ်အားကို သိုလှောင်ထားနိုင်တဲ့ အကြောင်း၊ တစ်အိမ်လုံးလင်းအောင် လုပ်နိုင်တဲ့အကြောင်းတွေ ကျွန်တော်က မိသားစု ကို ရှင်းပြရပါ တယ်။

"ဒါက အစပဲ ရှိသေးတာ၊ မကြာခင် ရေစုပ်လို့ ရအောင် လုပ်မယ်၊ အိမ်က စားပင်တွေရော၊ ကွင်းထဲ ကိုပါ ရေ အလျှံပယ် ဖြန့်နိုင်မယ်။ တို့ ဘယ်တော့မှ မငတ်တော့ဘူး"
အဲဒီ ည မှာ တစ်အိမ်လုံး အိပ်သွားမယ့် ကျွန်တော် မအိပ်သေးပါဘူး။ ရူပဗေဒ ရှင်းလင်းချက်ကို လင်းလင်း ချင်းချင်း ထိုင်ဖတ်နေပါတယ်။
 
အခန်း(၁၃)

ရို့စ်ကို ရှင်းပြတဲ့အတိုင်းပါပဲ။ လေမလာရင် လေရဟတ်အလုပ် မလုပ်ပါဘူး။ အဲဒီလို ညမျိုးတွေမှာ မှောင်နှင့် မည်းမည်းထဲ မီးခြစ်ဆံ ရှာရစမြဲပေါ့။ သည်ဒုက္ခက လွတ်အောင် ဘက်ထရီရအောင် ရှာဖို့သာ ရှိပါ တော့တယ်။ ဘက်ထရီ တစ်လုံး ရဖို့ ရှာရင်းဖွေရင်း လေရဟတ်ကို တခြားတစ်နည်း အသုံး ၀င်အောင် လုပ် ဖို့လည်း ကျွန်တော် စဉ်းစားနေပါတယ်။
အမ်ဇူဇူဆိုတဲ့ မြို့မှာနေတဲ့ ဦးလေးဆိုကရေးတီးရဲ့ သမီး၊ ကျွန်တော့်အစ်မ၀မ်းကွဲ ရုသ်တစ်ယောက် တစ်နေ့ မှာ ကျွန်တော်တို့ဆီ အလည်ရောက်လာတယ်။ သူက အိမ်ထောင်နဲ့ပါ။ ချောင်ချောင် လည်လည် ရှိပုံ ရပါတယ်။ လက်ကိုင်ဖုန်း တွေ ဘာတွေ သုံးနိုင်ပါတယ်။ သူက မကြာခဏ ကျွန်တော့် ကို သူ့ဖုန်း အားသွင်းဖို့ ဈေး ကို လွှတ်ပါတယ်။

အိမ်မှာ မီးမရှိတဲ့ လူတွေအတွက် လက်ကိုင်ဖုန်း အားသွင်းပေးတဲ့ အလုပ်နဲ့ ၀င်ငွေဖြောင့်နေတဲ့ ချာတိတ် တွေ ဈေးပိုင်းမှာ ပေါ်လာပါတယ်။ သူတို့က မီးရတဲ့ဆိုင်ကနေ တစ်ဆင့်သွယ်တယ်။ လမ်းဘေးမှာ တစ်ဖက်ရပ် တဲကလေး ထိုးပြီး အလုပ်ဖြစ်နေကြပါတယ်။ ဖုန်းကတ်လည်း ရောင်း တယ်။ စားပွဲပေါ်မှာ လက်ကိုင် ဖုန်းတစ်လုံး ချထားတယ်။ ပြောတဲ့လူက မနည်းဘူး၊ ဒီတော့ သူတို့ အိတ်ဖောင်းနေကြတာပေါ့။ တစ်နေ့ မှာ ကျွန်တော်က အပျင်းထူ ပြီး ရု့သ်ရဲ့ ဖုန်းကို သွားအား သွင်း ပေးဖို့ ငြင်းနေပါတယ်။ အဲဒီမှာ သူက "ဒါဆို နင့်လေရဟတ် က ရတဲ့မီးနဲ့ သွင်းပေးပါလား" လို့ ဆို တယ်။
ကျွန်တော် က ဒီကိစ္စ စဉ်းစားပြီးသား။ ကျွန်တော့် လေရဟတ်က ဗို့အပြည့် မရဘူးလေ။ ကျွန်တော့် ဒိုင်နမို က ၁၂ဗို့ ပဲ ထွက်တာ၊ ဖုန်းအား သွင်းဖို့ က ဗို့ ၂၂၀ လိုတယ်လေ။

လျှပ်စစ် ဆိုတာ ခရီးဝေးသွားရင် အားလျော့ကျသွားတယ်ဆိုတာ ကျွန်တော် သိထားပြီးပါပြီ၊ ဒီပြဿနာကို ကျော်ဖြတ် ဖို့ ထရန်စဖော်မာ လို့ ခေါ်တဲ့ မီးမြှင့်စက် လိုအပ်ပါတယ်။
ထရန်စဖော်မာ ကို ဒီနေ့ တစ်ကမ္ဘာလုံး သုံးနေကြပါပြီ။ လျှပ်စစ်ကုမ္ပဏီကြီးတွေဟာ လျှပ်စစ် ဖြန့်ဖြူးဖို့၊ အဝေး ရောက်အောင် ပို့နိုင်ဖို့ ထရန်စဖော်မာတွေဟာ မရှိမဖြစ် ပစ္စည်း ဖြစ်လာပါတယ်။
မီးမြှင့်စက် ထရန်စဖော်မာ မှာ ကွိုင်နှစ်ထုပ် ရှိပါတယ်။ ပရိုင်မရီကွိုင်နဲ့ စက်ကင်ဒရီကွိုင်လို့ ခေါ်ပါ တယ်။ သည် ကွိုင်တွေ ပတ်ပုံနဲ့ သူတို့ရဲ့ ဂုဏ်သတ္တိကို "ရူပဗေဒကို ရှင်းလင်းခြင်း" စာအုပ်မှာ အသေးစိတ် ရှင်းပြ ထားပါတယ်။

ထရန်စဖော်မာကို ၁၈၃၁ခုနှစ်မှာ မိုက်ကယ်ဖာရာဒေးဆိုတဲ့ ပညာရှင်တစ်ယောက်က တီထွင်ခဲ့တာ ပါ။ သူ့ဓာတ်ပုံ လည်း စာအုပ်ထဲမှာ ပါပါတယ်။ ထရန်စဖော်မာ အခန်းကို ဖတ်ပြီး ကိုယ်တိုင်လုပ်ဖို့ စိတ် ဆုံးဖြတ် လိုက်ပါတယ်။ ပထမဦးဆုံး ပလာယာထက်ထက်နဲ့ သံပြားတစ်ပြားကို Eပုံသဏ္ဍာန် ဖြတ်ပါတယ်။ ပုံကြမ်း ထဲမှာ ပြထားတဲ့အတိုင်းဆိုရင် ၂၄ဗို့ကနေ ဗို့၂၄၀အထိ တင်ပေးနိုင်တယ်တဲ့။ ကွိုင်ပတ်တဲ့ ကြေးဝိုင်ယာ တစ်ပတ်တိုင်း တစ်ပတ်တိုင်း ဗို့အား တိုးတိုးသွားတယ်လို့ သိရပါတယ်။ ပုံထဲမှာ ပရိုင်မရီကွိုင် အပတ်၂၀၀မှာ စက်ဒရီကွိုင် လည်း အများကြီးပါပဲ။ အဲဒီသဘောတရားတွေ ဟာ ကျွန်တော့်ကို သင်ပေးနေတဲ့ ဆရာပါပဲ။ ဒါပေမဲ့ ကျွန်တော် က စိတ်ကူးရှိတဲ့အတိုင်း လျှောက်ပတ်နေပါတယ်။

ဒိုင်နမိုကလာမယ့် ၀ိုင်ယာနှစ်စ ကို ပရိုင်မီရီကွိုင်နဲ့ ဆက်လိုက်ပါတယ်။ စကင်ဒရီကွိုင်က ကြိုးနှစ်စကို ဖုန်းချာဂျာ (အားသွင်းစက်) က အငုတ်ကလေးတွေနဲ့ ဆက်လိုက်ပါတယ်။ လက်နဲ့ကိုင်ပြီး အဲဒီလို ဆက်တဲ့ အခါ နည်းနည်းတော့ ဓာတ်လိုက်ပါတယ်။ ဒါပေမဲ့ အပြင်းအထန် မဟုတ်ပါဘူး။ ပြီးတာနဲ့ ချာဂျာက ထွက်တဲ့ ကြိုးထိပ် က ဂျက်ပင်ကို ဖုန်းအပေါက်ထဲ ထိုးထည့်ဖို့ အသင့် ဖြစ်နေပါပြီ။ ရုသ်က စောင့်ကြည့်နေပါတယ်။

"၀ီလျံရယ်၊ ဟုတ်မှလည်း လုပ်ပါဟယ်။ ထပေါက်နေဦးမယ်"
"ကျွန်တော့်အလုပ် ကျွန်တော် သိပါတယ်ဗျ"

ဂျက်ပင် ကို တယ်လီဖုန်းအပေါက်ထဲ ထိုးထည့်လိုက်ပါတယ်။ မီးခိုးထွက် မလာဘဲ၊ ထမပေါက်ဘဲ ဖုန်းက ဒိုင်ခွက် မီးလေး လင်းလာပါတယ်။
"ကဲ့ ကျွန်တော် မပြောဘူးလား"
ကျွန်တော် အားတက်လာပါပြီ၊ အိမ်မှ ၀ိုင်ယာရင်းတွေ လျှောက်လုပ်ပါတယ်။ ရေဒီယို အပျက်တွေက ဆော့ကတ်ပေါက် တွေ ဖြုတ်တယ်၊ ပလတ်စတစ်ပိုက်ကို ပြားပြီး အပေါက်ဖောက်တယ်။ နှစ်ခုတွဲပြီး နံရံမှာ ကပ်တယ်။ ပလပ်ပေါက် ဖြစ်သွားပြီးပေါ့။ ရေဒီယို ကို အဲဒီ ပလပ်ပေါက်မှာ ထိုးပြီး ဖွင့်တယ်။

ကျွန်တော် လက်ကိုင်ဖုန်း အားသွင်းတဲ့သတင်း ပျံ့သွားတော့ လက်ကိုင်ဖုန်းသမားတွေ ကျွန်တော့် ဆီ ရောက်လာကြတယ်။ တချို့ကလည်း မယုံမရဲနဲ့ပေါ့။ နှစ်လလောက်ကြာတော့ ကျွန်တော်ရှာနေ တဲ့ပစ္စည်း သဲလွန်စ ရပါတယ်။ တစ်ခြား မဟုတ်ပါဘူး၊ ဘက်ထရီအိုး ပါ။ တခြားနေရာမှာ မဟုတ်ပါ ဘူး။ ချာရတီ့ အိမ်မှာပါပဲ။ သူ လမ်းပေါ်က ကောက်ရတာတဲ့၊ ကားတစ်စင်းပေါ်က ကျခဲ့တာ ထင်ပါရဲ့။
လဆိုင်း စနစ် နဲ့ ရောင်းဖို့ ကျွန်တော် သူ့ကို ကပ်ချွဲရတာပေါ့။

ဒီစီ က အေစီ ကို ပြောင်းပုံပြောင်းနည်း ကျွန်တော် လေ့လာထားပြီးပြီ။ စာအုပ်ထဲမှာ အေစီ ဒီစီ အပြောင်း အလဲ လုပ်ပေးတဲ့ ဒိုင်အုတ်ဆိုတဲ့ ပစ္စည်းအကြောင်းလည်း ပါတယ်။ ဒါလေးတွေက ရေဒီယိုတိုင်းမှာ ရှာလို့ ရပါတယ်။ ကျွန်တော့် ရေဒီယို အဟောင်းတစ်လုံးကို ဖွင့်လိုက်တာနဲ့ ဒိုင်အုတ်ကလေး တန်းတွေ့တာပါပဲ။ ခဲဂဟေဆော်တဲ့ ဂေါက်တံမရှိတော့ ထုံးစံအတိုင်း သံချောင်းမီးဖုတ်၊ ဂေါက်တံလုပ်ပြီး လေရဟတ်နဲ့ ဘက်ထရီကြား မှာ ဒိုင်အုတ်ကို ဆက်လိုက်ပါတယ်။ လွယ်လွယ်လေးပါ။ ပြီးတာနဲ့ အေစီ ဖုန်းချာဂျာ ကို ကားပေါ်မှာ စီးကရက်မီးညှိတဲ့ဟာလေးနဲ့ လဲလိုက်ရုံပါပဲ။ အစ်မရုသ် ကျွန်တော့်ကို လက်ဆောင် ပေးထား တာပါ။

ဘက်ထရီ ရပြီဖြစ်လို့ အိမ်မှာ မီးလုံးသုံးလုံး ထပ်သွားပါတယ်။ ပယ်ရယ်လယ် လို့ခေါ်တဲ့ ပြိုင်ဆက် နည်းနဲ့ သွယ်တာပါ။ ကျွန်တော် စက်ဘီး ဒိုင်နမိုကလေးဟာ ကောင်းကောင်း အလုပ်လုပ်နေတုန်း ပါပဲ။ ဒီစီပါဝါ ထုတ်ပေး နေတုန်းပါပဲ။ ဒါပေမဲ့ အများအားဖြင့် အိမ်သုံးမီး တွေက အေစီ နဲ့ သုံးတဲ့မီးလုံး တွေ၊ ဒါနဲ့ ဒါဝတ် ဆိုင် မှာ ကားမီးလုံးတွေ သွားဝယ်ရပြန်ပါတယ်။ ဘက်ထရီအားပြည့်နေရင် လေမလာလည်း အကြောင်း မဟုတ် တော့ဘူး။ သုံးရက်လောက် ကောင်းကောင်းထွန်းရတယ်။

ပလတ်စတစ်ပိုက်တွေ မီးပေးပြားပြီး မီးခလုတ်တွေ လုပ်တယ်။ စာအုပ်ထဲက ပုံအတိုင်း မီးဖြတ်တာ၊ မီးကူး တာတွေ လုပ်တာပေါ့။ အတွင်း ကလီစာ ကလေးတွေကတော့ အကြံအဖန် လုပ်ထည့်ပါတယ်။ မလှပေမယ့် အလုပ်တော့ ဖြစ်ပါတယ်။ အဲဒီအခါမှာ နံရံကို လက်တင်လိုက်ရုံနဲ့ မီးလင်းပြီးပေါ့။

တစ်နေ့ညမှာတာ့ ဧည့်ခန်းထဲမှာ ၀ိုင်းဖွဲ့ပြီး ရေဒီယို နားထောင်နေတဲ့ အိမ်သားတွေဆီကို ကျွန်တော် ၀င်သွားပါတယ်။ သူတို့အားလုံး သတင်းကို စိတ်ဝင်တစား နားထောင်နေကြပါတယ်။ ကျွန်တော်က သတင်း ကြေငြာနေသူ အသံနှင့်တူအောင် လုပ်ပြီး ပြောလိုက်ပါတယ်။

"အခုဆိုရင် ကျွန်တော်ဟာ ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အဖေ မစ္စတာ ကမ်ကွမ်ဘာ ရဲ့ ဧည့်ခန်းထဲကို  ရောက်နေပါတယ်။ ဒီအခန်းဟာ ဒီအချိန်မှာ တစ်သက်လုံး မှိတ်တုတ် မှိတ်တုတ် ရေနံဆီ မီးခွက် နဲ့ နေခဲ့ကြတဲ့ အခန်းပါ။ ခုတော့ သူတို့မိသားစုဟာ မြို့ကြီးသား တွေလို လျှပ်စစ်မီးရောင် အောက် မှာ လင်းလင်းကျင်းကျင်း ပျော်ပျော်ပါးပါး နေနိုင်ကြပါပြီ"
အားလုံး ၀ိုင်းရယ်ကြပါတယ်။ အဖေက သွားတွေ အဖွေးသား ပေါ်အောင် ပြုံးပြီး "မြို့ကလူတွေ ထက်တောင် ပိုပျော် ပါသေးတယ် မောင်ရာ" လို့ ပြောပါတယ်။

ဆက်ရန်
.

1 comment:

Anonymous said...

ဖတ်ရတာ..အရမ်းအားရတာပဲ...
သိပ်အားကျတာပဲ..
မဆုတ်မနစ်ဇွဲလုံ့လရဲ့ ရလာဘ်။

တင်ပေးတဲ့အမကို သိပ်ကျေးဇူးတင်ပါတယ်။ သူလဲ တော့တိုးချန်လိုပါပဲ.. ဖတ်ရတာ..သိပ်ကိုကောင်းတယ်။

မြတ်နိုး