"ဒါဟာ ကျွန်တော်တို့ ထုတ်လုပ်ခဲ့တဲ့ လယ်ယာထွက်ပစ္စည်းတွေက မတရားဈေးတင်ပြီး ခင်ဗျား ဘာလို့ ကျွန်တော် တို့ကို ငတ်သေအောင် လုပ်နေတာလဲ" လို့ ၀ိုင်းပြောတော့ သူက ဒီလို ပြန်ပြောပါ တယ်။
"အဲဒါ ကျုပ်အပြစ် မဟုတ်ဘူး။ တန်ဇန်းနီးယားလယ်သမားတွေက နှစ်ဆတင်ရောင်းနေတာ၊ ကျုပ်က ဒါထက် ဈေးလျှော့ရောင်းရင် မွဲသွားမှာပေါ့။ ကျုပ် မွဲသွားရင် မနက်ဖြန် ခင်ဗျားတို့အတွက် ဘာမှ ရှိတော့မှာ မဟုတ်ဘူး"
တန်ဇန်းနီးယားက နှစ်ဆတင်ရောင်းတာဆိုတာတော့ အမှန် ဖြစ်ပါတယ်။ မပေးဘဲ အတင်းယူစားကြ ပါတယ်။ သူတို့မှာ ပေးစရာပိုက်ဆံ မရှိကြဘူးလေ။ အမေ အရုပ်ကြိုးပြတ်ပုံစံနဲ့ အိမ်ပြန်လာပါတယ်။ အမေက ဝေစု ကို အနည်းဆုံး ယူတာတောင် အဲဒီည ကျွန်တော်တို့ ခါတိုင်းထက်နည်းပြီး စားကြရပါ တယ်။ အမေက ကျွန်တော် တို့ ကို စားနည်း သင်ပေးပါတယ်။
"တစ်လုတ်စားပြီးတိုင်း ရေသောက်၊ အဲဒါ ဗိုက်ပြည့်လွယ်တယ်"
ကြာတော့ ညီအစ်မတွေ အချင်းချင်း သဘောကွဲလာတယ်။ ဆာလွန်းတော့ ဒေါရစ်က အခွင့်အရေး ပို ယူချင် လာတယ်။ ဝေစုနဲ့ ပတ်သက်ပြီး ရို့စ်နဲ့ ရန် ဖြစ်ကြပါလေရော။ တစ်ယောက်မျက်နှာ တစ်ယောက် ကုတ်ဖဲ့ ရိုက်ပုတ တဲ့ အထိ ဖြစ်လာတာပါ။ အမေက ရှိသမျှ အင်အားကလေးနဲ့ သူတို့ နှစ်ယောက်ကို ဆွဲဖျင်ပြီး အော်ပြော ပါတယ်။
"တော်ကြစမ်း၊ အရေးထဲမှာ နင်တို့က တစ်မျိုး၊ နင်တို့ကို ထိန်းဖို့ ငါ့မှာ အားမရှိတော့ဘူး"
အဲဒီညမှာ ဆာလောင်မှုရဲ့ဒဏ်ကို တစ်အိမ်သားလုံး အလူးအလဲခံကြရပါတယ်။
မာလာဝီတစ်နိုင်ငံလုံး ရိက္ခာပြတ်သွားပါပြီ။ အစိုးရက ဘာမှ လုပ်မပေးပါဘူး။ တစ်နိုင်ငံလုံးရဲ့ အငတ် ပြဿနာ ကို အစိုးရက ဘယ်လိုများ ဖြေရှင်းပေး မလဲလို့ ကျွန်တော်တို့ တစ်ချိန်လုံး ရေဒီယို ကို နားကမခွဲဘဲ နားထောင် ကြပါတယ်။ တစ်ခွန်းတစ်ပါဒတောင် မဟပါဘူး။ ဆာလောင်မှုဒဏ် ကြောင့် လူတွေ စိတ်ကစဥ့် ကလျား ဖြစ်ကုန်ကြပါတယ်။ ကောလာဟလတွေလည်း အမျိုးမျိုး ပျံ့လွင့်နေပါတယ်။
"သူတို့တွေ အရံပြောင်းဆန်ကို ရောင်းစားလိုက်ပြီ။ ဘာတွေ ဆက်ရောင်းဦးမလဲ မသိဘူး"
"မာလာဝီဘဏ်ထဲမှာ ဘာမှ မကျန်တော့ဘူးတဲ့"
"တို့မသိဘဲ သူတို့ဘာတွေ လုပ်နေကြသလဲ"
တိုင်းပြည် အခြေအနေ မကောင်းတော့ဘူးဆိုတာ သိတာနဲ့ တောင်သူလယ်သမားတွေက သူတို့ စုထားတဲ့ ငွေစ ကလေးတွေ ထုတ်ဖို့ ကာစန်ဂူဘဏ်ကို ပြေးကြပါတော့တယ်။ အဲဒီအထဲမှာ ကျွန်တော့် အဖေလည်း ပါပါတယ်။ ဗိုက်ထဲမှာ အစာမရှိဘဲ မိုးရေထဲမှာ လူတွေ နာရီပေါင်းများစွာ ရပ်ပြီး တန်းစီးနေကြတာပါ။
ဘဏ်အဆောက်အအုံထဲရောက်တော့ ဘဏ်စာရေးက ထပ်ပြီး စောင့်ခိုင်းပြန်ပါတယ်။ သူတို့ ဗိုက်ထဲမှာ ဒေါသ နဲ့ ကြောက်ရွံ့ခြင်းက လွဲပြီး ဘာမှ မရှိတော့ပါဘူး။ ဒီတော့ မထူးဇာတ်ခင်းဖို့ တောင်သူတွေ ပြင်ဆင်ကြပါတော့တယ်။ တစ်ယောက်တစ်ပေါက် အော်ဟစ် ဆူညံကြပါတော့တယ်။
"တို့ပိုက်ဆံ တို့ထုတ်တာ၊ ဘာလို့ ဒါလောက် ကြာနေတာလဲ။ မင်းတို့ ဘာလုပ်ထားလဲ။ တို့ သည်းမခံ နိုင်တော့ဘူး"
သည်လို ပွဲကြမ်းမယ်လုပ်တော့မှ ထုတ်ပေးလာတယ်။ အဖေ တစ်သက်လုံး စုထားတဲ့ ငွေကလေး တစ်ထောင် လောက် ပြန်ရခဲ့ပါတယ်။ ပြောင်းဆန်တစ်ပုံး ၀ယ်ပြီး စက်ရုံမှာ သွားကြိတ်ပါတယ်။ တချို့ စားပြီး တချို့ ရောင်းပါတယ်။ ဒီလိုနဲ့ နောက်တစ်ပတ်စာ ကျွန်တော်တို့ အဆင်ပြေသွားပါတယ်။
ဒီ အနီဋ္ဌာရုံ တွေ ကြားထဲကနေပြီး ကာချိုကိုလို အထက်တန်းကျောင်းကို ဇန်န၀ါရီလယ်မှာ တက်ဖို့ ကျွန်တော် စဉ်းစားရပါသေးတယ်။ ဘောင်းဘီရှည်နဲ့ တက်ရမှာပါ။ ဘယ်လိုလုပ်ပြ ၀ယ်နိုင်မှာလဲ။ ဂီးလ်ဘတ် နဲ့ ကျွန်တော်ဟာ လူကြီးတွေလို ဘ၀ထဲကို တိုးဝင်ရပါတော့မယ်။ ကျောင်းအကြောင်း စဉ်းစားတော့ ဒုက္ခ ကိုပဲ ကြိုမြင်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းမှာ ဆာတာက အိမ်မှာဆာတာ ထက် ခံသာမယ် ထင်ရ တာပဲလေ။
အဓိကကတော့ ကျွန်တော့်အတွက် ကျောင်းဝတ်စုံပါပဲ။ အနက်ရောင် ဘောင်းဘီရှည်နှစ်ထည် တော့ ရှိပါရဲ့။ ဒါပေမဲ့ ကျောင်းအုပ်ဆရာကြီး ရောင်းတဲ့ အဖြူရောင်အင်္ကျီကို ကျွန်တော့်မိဘတွေ မ၀ယ်နိုင်ပါဘူး။ အမေ က ဈေးမှာ အ၀တ်ဟောင်းဆိုင်က ၀ယ်ဖို့ အကြံပေးပါတယ်။
''အတူတူပါပဲ သားရယ်၊ အဖြူရောင်ဆို ပြီးတာပဲ''တဲ့။
ဒါပေမဲ့ အမေက ကျင့်သားရသွားအောင်ဆိုပြီး ကျွန်တော့ကို ကျောင်းမဖွင့်ခင် ကျောင်းဝတ်စုံဝတ် ခိုင်း ပါတယ်။ အဲဒီမှာ အင်္ကျီအဖြူစွန်းထင်းကုန်တော့တာပါပဲ။ လျှော်လည်း သိပ်မပြောင်တော့ပါဘူး။
ကျောင်းစဖွင့် တဲ့ နေ့မှာ ကျွန်တော်နဲ့ ဂီးလ်ဘတ်အတူတလျှောက်သွားကြပါတယ်။
ကျွန်တော်က
''သူငယ်ချင်း ဂီးလ်ဘတ်၊ တို့အကြာကြီးစောင့်နေခဲ့တဲ့ နေ့ကိုရောက်လာပြီနော်''
''ဒါပေါ့''
''ကျောင်းမှာ ဗရုတ်ကျဖို့ မင်းစိတ်ကူးရှိသလား''
''ရှိတာပေါ့။ ဘယ်သူနဲ့ အရင်တွေ့မလဲ''
''ငါစဉ်းစားထားတာရှိတယ်။ တို့ကို လာစရင် ဗလသိပ်မကောင်းတဲ့ကောင်နဲ့ ပထမ ရင်ဆိုင်ရမယ်''
''အေး မဆိုးဘူး။ တို့နိုင်ရင် ကျန်တဲ့ကောင်တွေ ဖြုံသွားလိမ့်မယ်''
''ဒါပေါ့ကွ''
တောင်ကုန်းတွေ၊ စိုက်ခင်းတွေကိုဖြတ်ပြီး ကျောင်းကိုရောက်အောင် မိနစ်လေးဆယ်လျှောက်ရပါ တယ်။ ကျောင်း ရောက်ရောက်ချင်း ယူကလစ်ပင်ရိပ်မှာ ကျောင်းသူကျောင်းသားတွေကို ဆရာကြီး ဖီရိက မိန့်ခွန်း ချွေပါတယ်။ (ကျွန်တော်တို့ရွာက မှော်ဆရာလူသန်ကြီးနဲ့ ဆွေမျိုးမတော်ပါ) အလွန် အားရစရာကောင်းတဲ့ မျက်နှာသစ် တွေကို မြင်ရတဲ့အတွက် သူအားတက်ကြောင်းက စပြောပါတယ်။
''ဆရာ တို့ ကာချို ကိုလိုက မင်းတို့ကို တိုင်းပြည်ချစ်တတ်အောင်၊ မင်းတို့ကိုယ် မင်းတို့ ဂုဏ်ယူတတ် အောင် သင်ကြားပေးမယ်''
ကျွန်တော်တို့အားလုံး တက်ကြွတဲ့စိတ်နဲ့ တုန်တုန်ယင်ယင်ဖြစ်နေကြပါတယ်။ ကျွန်တော့်ဘ၀အတွက် အလွန် အမင်း အရေးပါတဲ့ နေ့ပါပဲ။ ကျွန်တော်တို့အားလုံး ပြုံးနေကြတယ်။
'''ဒါပေမဲ့ တခြားကျောင်းတွေလိုပါပဲ။ ဆရာတို့ကျောင်းမှာ လိုက်နာရမယ့်စည်းကမ်းတွေရှိတယ်။ အ ချိန် မှန် ရမယ်၊ သတ်မှတ်ထားတဲ့ ကျောင်းဝတ်စုံကို သေသေသပ်သပ်ဝတ်ရမယ်။စသည် စသည်ပေါ့။ အဲ့ စည်းကမ်း ဖောက် ရင်တော့ ချက်ချင်းအပြစ်ပေးခံရမယ်'' ဆရာကြီး သြ၀ါဒပေးပြီးလို့ လူစုခွဲလိုက် တော့ ကျွန်တော်နဲ့ ဂီးလ်ဘတ် က စာသင်ခန်းတွေဆီကို လျှောက်လာခဲ့ကြပါတယ်။
လမ်းမှာ ဆရာကြီးက ကျွန်တော့ပခုံးပုတ်ပြီး မေးပါတယ်။
''မင်းနာမည် ဘယ်သူလဲကွ''
''၀ီလ်ံ ကမ္ကြမ္ဘာပါခင္ဗ်ာ''
''ဟုတ်ပြီ။ ဒီမယ် ၀ီလျံ၊ မင်း ကျောင်းဝတ်စုံက သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်မ၀င်ဘူးကွ''
သိပ်မဖြူတော့တဲ့ ကျွန်တော့အင်္ကျီက အကွက်အစွန်းတွေကို ဆရာကြီး သတိထားမိသွားပါပြီ။ ဆရာကြီးရှေ့ကနေ ထွက်ပြေးသွားပြီး တစ်နေရာရာမှာ သွားပုန်းနေလိုက်ချင်ပါတယ်။ ဆရာကြီးက ခြေထောက်ကို လက်ညှိုးထိုးပြပြန်ပါတယ်။
''တို့ကျောင်းမှာ ခြေညှပ်ဖိနပ်လည်း စီးခွင့်မပြုဘူးကွ၊ အဲဒီတော့ မင်းအိမ်ပြန်ပြီး လဲလိုက်ပါ''
နောက်မြီးတိုနေပြီဖြစ်တဲ့ ကျွန်တော့်ခြေညှ်ဖိနပ်စုတ်ကို ငုံ့ကြည့်လိုက်ပါတယ်။ အိမ်မှာလည်း ကျွန် တော့်ကိုယ်ပိုင် ရှူးဖိနပ်မရှိပါဘူး။ အပြေးအလွှား အကြံထုတ်ရပါတော့သည်။
''ဟုတ်ကဲ့ ဆရာကြီး။ နောက်နေ့ ကျွန်တော်လဲဝတ်ခဲ့ပါမယ်။ ခုပြန်လဲဖို့ မလွယ်ပါဘူး ခင်ဗျာ၊ ကျွန် တော်က ၀င်ဘီ က လာတက်ရတာပါ။ မိုးတွေကလည်း ရွာ၊ ချောင်းနှစ်ချောင်းကိုလည်း ဖြတ်ကူးရမှာ မို့ အမေက ရှူးဖိနပ် စီးမသွားနဲ့ဆိုလို့ပါ ခင်ဗျာ''
ဆရာကြီးက မျက်နှာရှုံ့ပြီး စဉ်းစားနေပါတယ်။ ကျွန်တော်ကတော့ ဘုရားတနေရတာပေါ့။
''ဒါဆို ဟုတ်ပြီလေ၊ မိုးကုန်တာနဲ့ မင်းရှူးဖိနပ်နဲ့ ကျောင်းတက်ရမယ်''
ကျွန်တော့်မိဘတွေဟာ ရှူးဖိနပ်ဝေးလို့ ကျောင်းစာအုပ်ကိုတောင် ၀ယ်ပေးနိုင်ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ ခေတ်ကောင်းစဉ်ကာလမှာတောင်မှ ကျောင်းသားတိုင်း စာအုပ်မ၀ယ်နိုင်ကြပါ ဘူး။ စပ်တူ ၀ယ်ပြီး လှည့်ဖတ်ကြရတာပါ။ ကျွန်တော့အတွက် ဒီနေရာမှာတော့ ကံကောင်းသွားပါ တယ်။ ဂီးလ်ဘတ် က ၀ယ်နိုင်လို့ပါပဲ။
ကျွန်တော်တို့ဘ၀ဟာ မူလတန်းမှာကတည်းက ဆိုးရွားခဲ့တာပါ။ စာသင်ခန်းတွေမှာ ပြည့်ကျပ်နေလို့ သစ်ပင်အောက်မှာ ထွက်သင်ကြရပါတယ်။ မိုးရွာရင် အမိုးကမလုံပါဘူး။ စာသင်ခန်းသုံးခုမှာ နံရံ တွေပြိုကျ နေပါတယ်။ ခြပေါလွန်းလို့ ဘယ်သစ်သားမှ ကြာကြာမခံပါဘူး။ အိမ်သာတွေက အန္တရာယ် များလှပါတယ်။ ကြမ်းပြင်တွေကို ချစားထားတော့ အိန်ဂျလာဆိုတဲ့ ကောင်မလေး အိပ်သာတွင်းထဲ ပြုတ်ကျလို့ မနည်းဆယ်ယူရပါတယ်။ ကံကောင်းလို့ မသေတာပါ။ သူ့ခမျာ ရှက်လွန်းလို့ ကျောင်း ဆက်မတက်တော့ပါဘူး။
အထက်တန်းကျောင်း ကို အထင်တကြီးနဲ့ ကျွန်တော်တို့ရောက်လာကြတာပါ။ မူလတန်းကျောင်းနဲ့ သိပ်မထူး လှပါဘူး။ အတန်းပိုင်ဆရာ မစ္စတာတင်မ်ဘိုက ကျွန်တော်တို့ကို ကြမ်းပြင်ပေါ်မှာ ထိုင်ခိုင်း ပါတယ်။ အစိုးရ ဆီက စားပွဲထိုင်ခုံဖိုး မရဘူးထင်ပါတယ်။ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် ပြင်ဖို့ လိုနေတာချည်းပါပဲ၊ အခန်းလယ် မှာလည်း အပေါက်ကြီးဖြစ်နေပါတယ်။ ကျွံမကျအောင် သတိထား လျှောက်ကြရပါတယ်။ ဗုံးပေါက် ထားတဲ့အတိုင်းပါပဲ။
ကျောင်းစဖွင့်တဲ့နေ့မှာပဲ သမိုင်း သင်ရပါတယ်။ တရုတ်၊ အီဂျစ်နဲ့ မက်ဆိုပိုတေးမီးယားက အစော ပိုင်းယဉ်ကျေးမှုတွေ သင်ရပါတယ်။ ပြီးတော့ အက္ခရာသင်္ချာဟာ ကျွန်တော့်အတွက် သိပ်ခက်နေပါ တယ်။ ဂျီသြမေတြိလည်း စသင်ရပါတယ်။ ထောင့်တွေ ဒီကရီတွေကိုတော့ ကျွန်တော်အရမ်းစိတ်ဝင် စားတယ်။
တစ်နေ့မှာတော့ ပထ၀ီသင်နေရင်း ဆရာတင်မ်ဘို ကမ္ဘာမြေပုံကြီးကို ဆွဲဖြန့်လိုက်တယ်။ အာဖရိက တိုက်ကြီး ကို အထင်းသားတွေ့ရပါတယ်။
ဆရာက
''ကဲ့ မာလာဝီကို ဘယ်သူရှာနိုင်သလဲ''
ကျွန်တော်တို့အပြေးအလွှားသွားပြီး လက်ညှိုးနှင့် ထိုးပြကြပါတယ်။
လတ်စသတ်တော့ ကမ္ဘာကြီးထဲမှာ ကျွန်တော်တို့မာလာဝီက သေးသေးမြှောက်မြှောက်ကလေးပါ လား။ မာလာဝီရေကန်ကြီး က တိုင်းပြည်ရဲ့သုံးပုံတစ်ပုံလောက်ကို နေရာယူထားတယ်။ သည်တိုင်းပြည် ကလေး မှာ လူဆယ့်တစ်သန်းနေတယ်ဆိုတာ တကယ့်အံ့ဖွယ်သုတပါပဲ။ အဲဒီလူတွေထဲက အများစုဟာ တ ဖြည်းဖြည်း ချင်း ငတ်နေကြပါတယ်။
ဆာလောင်ခြင်းနဲ့ ပတ်သက်လို့ ကျွန်တော်ထင်တာတွေ လွဲပြန်ပါတယ်။ အတန်းထဲမှာ ဆာတဲ့ဒဏ် ဟာ ကွင်းထဲ မှာ ဆာတဲ့ဒဏ်ထက် ပိုဆိုးပါတယ်။ ကြမ်းပြင်ပေါ်ထိုင်နေရင် ကျွန်တော့်ဗိုက်ထဲမှာ ဆူ ညံလို့ နေပါတယ်။ ဒီအခါမှာ ဦးနှောက်ကကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဆရာသင် တာကိုလည်း အာရုံ မစိုက်နိုင်တော့ လို့ နားမလည်တော့ပါဘူး။
ပထမပတ်တုန်းက တက်ကြွခဲ့တဲ့ ကျောင်းသားရဲ့စိတ်ဓာတ်ဟာ သုညအထိကျဆင်းသွားပါပြီ။ ကျောင်းသား တိုင်း ရဲ့မျက်နှာတွေက ပါးချောင်နားချောင်ကျလာတာကို ကျွန်တော်သတိပြုမိပါတယ်။ ကျောင်းစဖွင့် တဲ့ ရက်ပိုင်းက တွေ့ရတဲ့မျက်နှာအချို့ မတွေ့ရတော့ပါဘူး။ ဆပ်ပြာမ၀ယ်နိုင်ကြတော့ လူတိုင်းဟာ ပိုပို ညစ်ပတ်ပေရေလာပါတယ်။ ကြာလေ ကြာလေ တစ္ဆေတွေနဲ့ တူလာလေပါပဲ။
တစ်နေ့ အတန်းနားချိန်မှာ ကောင်းလေးတစ်ယောက်က ပြောတယ်။
''ငါ မနေ့က ပြောင်းရိုးစားနေတဲ့ လူတွေကိုတွေ့ခဲ့တယ်။ အချို့ ရေမရသေးတဲ့ ပြောင်းပင်ငယ်က လေးတွေကို နှုတ်ပြီးစားနေကြတာ။ သူတို့တစ်တွေ တစ်ခုခုဖြစ်မှာ သေချာတယ်''
နောက်တစ်ယောက်က
''သူငယ်ချင်းတို့ရေ မင်းတို့နဲ့နောက်မှပဲ တွေ့တော့မယ်။ မနက်ဖြန်က စပြီး ငါကျောင်းမတက်တော့ ဘူး။ ဒီခရီးကို ငါ မလျှောက်နိုင်တော့ဘူးကွာ''တဲ့။
သည်လိုနဲ့ လကုန်သွားပါလေရော။ ဆရာကြီးက မနက်စုံညီစုဝေးပွဲမှာ ကြေညာပါတယ်။
''တိုင်းပြည် အခြေအနေ ကို ဆရာတို့အားလုံးသိကြပါတယ်။ ဆရာကိုယ်တိုင်လည်း ခံစားနေရတာပါပဲ ဒါပေမဲ့ ကျောင်းသားအချို့ ကျောင်းလခမပေးကြသေးဘူး။ မနက်ဖြန်နောက်ဆုံးထားပြီး ပေးသွင်း ကြပါ''
ကျွန်တော် ဗိုက်ထဲကအသံတွေ ပိုကျယ်လာပါတော့တယ်။ မပေးရသေးမှန်း ကျွန်တော်သိတာပေါ့။ ဘယ်လို လုပ်ပြီး အဖေ့ဆီမှာ ပိုက်ဆံတောင်းရက်ပါ့မလဲ။ ကျောင်းလခက ထောင့်နှစ်ရာပါ။ တစ်နှစ် ကို သုံးခါ ကောက်ပါ တယ်။
အိမ်အပြန်လမ်းမှာ ဘာလို့ကျွန်တော်စိတ်ကူးယဉ်ပြီး ကျောင်းတက်မိပါလိမ့်ဆိုပြီး ကျွန်တော့်ကိုကျွန် တော် ကျိန်ဆဲ မိပါတယ်။ အဖေနဲ့ အမေကကော ဘာလို့ကျောင်းတက်ခွင့်ပေးရတာလဲ။
သူငယ်ချင်းကို ဖွင့်မေးရပါတော့တယ်။
''ငါ ဘာလုပ်ရမလဲ ဂီးလ်ဘတ်၊ အိမ်မှာ ရေဒီယိုဖွင့်ပြီး သီချင်းနားးထောင်နေတာ ကောင်းမယ်ထင်ပါ တယ်ကွာ''
''စိတ်မလျှော့ပါနဲ့ဦးကွာ၊ အခြေအနေ စောင့်ကြည့်ပါဦး''
ရွာပြန်ရောက်တော့ အဖေ့ကို ကွင်းထဲမှာ တွေ့ရပါတယ်။
''အဖေ၊ မနက်ဖြန် ကျောင်းလခသွင်းရတော့မယ်တဲ့။ ပထမအရစ် ထောင့်နှစ်ရာသွင်ရမှာ။ ဆရာကြီး က တောင်း နေပြီ''
အဖေ ခေါင်းငိုက်စိုက် ကျသွားပါတယ်။
''အခြေအနေ မင်း သိသားပဲကွာ၊ ဘယ်လိုလုပ်ပြီး တို့ပေးနိုင်မှာလဲ''
အဖေ့ကို အရမ်းသနားသွားတယ်။ ဆရာကြီးရဲ့အသံကိုလည်း နားထဲမှာကြားလာတယ်။ ကျောင်းလ ခမပေးနိုင်ရင် ကျောင်းမတက်နဲ့ဆိုတဲ့ အဓိပ္ပာယ်။
''စိတ်မကောင်းမဖြစ်ပါနဲ့ အဖေ။ နောက်နှစ်အခြေအနေ ကောင်းလာမှ ကျွန်တော်ပြန်တက်ပါ့မယ်''
အဖေ့မျက်နှာပျက်သွားပုံကို ကျွန်တော်တစ်သက်မေ့နိုင်မှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့ သူ့ထက် စိတ် ဓာတ် ပိုကျသူ က ကျွန်တော်ပါ။
နောက်နေ့ကျ ဂီးလ်ဘတ်က ကျွန်တော့်ကို ကျောင်းသွားဖို့ဝင်ခေါ်ပါတယ်။
''လာလေကွာ၊ သွားကြမယ်''
ကျွန်တော် ငိုချင်သွားပါတယ်။
''ငါကျောင်းထွက်လိုက်ရပြီ ဂီးလ်ဘတ် ၊အိမ်က ကျောင်းလခ မသွင်းနိုင်တော့ဘူးလေ။''
ဂီးလ်ဘတ်ကလည်း မျက်နှာပျက်သွားပါတယ်။ အလွန်အမင်း စိတ်ထိခိုက်သွားပုံပါပဲ။
''နောက်မှ တွေ့တာပေါ့ကွာ''
သူကြာနေမှာစိုးလို့ ကျွန်တော်စကားဖြတ်လိုက်ပါတယ်။ ပြီးတာနဲ့ ဂျက်ဖရီတို့အိမ်ဘက် လျှောက်လာ ခဲ့ပါတယ်။ ကျွန်တော့်ဒုက္ခကို ရင်ဖွင့်လိုက်ရင် ပေါ့သွားမလားလို့ပါ။ ဂျက်ဖရီတစ်ယောက် ကံကောင်း သွားပါတယ်။ တစ်နေ့မှ လေတွေ မိုးတွေကျပြီး မိုးကြိုးပစ်တော့် သူအိမ်နောက်က ယူကလစ်ပင်ကြီး လဲကျ သွားပါတယ်။ နောက်နေ့မနက်မှာ သူက နှစ်ပိုင်းပိုင်းပြီး ခွဲခြမ်းတွေပေါက်တယ်။ ပြီးတော့ လမ်း ပေါ်မှာ လျှောက်ရောင်းတယ်။ သူ့မိသားစုနှစ်ပတ်စာလောက် စားဖို့ရသွားတာပေါ့။
ခုတလော သူက ထင်းခွဲနေ၊ ကျွန်တော်က ကျောင်းသွားနေတော့ လူချင်း သိပ်မတွေ့ဖြစ်ကြဘူး။ ဒါကြောင့် ပြောစရာ တွေတစ်ပုံကြီး ဖြစ်နေတာပေါ့။ သူ့ဆီရောက်သွားတော့ သူက အ၀တ်လဲနေပါတယ်။ ကျွန်တော် ခဏတွေသွားတယ်။ သူ ၀တ်ထားတဲ့ အ၀တ်တွေ သူ့အ၀တ်တွေမဟုတ်ဘူး။ သူ့မျက်လုံးတွေက မျက်တွင်းချောက်ထဲမှာ ချိုင့်ဝင်နေတယ်။ မျက်လုံးထဲက အဖြူသားက ပိုဖြူနေသလိုပဲ။ သူ့ကြည့်ရ တာ တစ္ဆေ တစ်ကောင် လိုလို၊ ၀ိညာဉ်တစ်ခုလိုလိုပါပဲ။ ကျွန်တော့်ဝမ်းကွဲညီအစ်ကိုတော်ဟာ တစ်ချိန် က အလွန် သန်မာဖျတ်လတ် တဲ့ ပုဂ္ဂိုလ် ပါ။ အချိန်တိုအတွင် သူ့နေရာမှာ သူများတစ်ယောက်ရောက် လာသလို ဖြစ်သွား ပါတယ်။
''မင်း ကာချိုကိုလိုမှာ ရတယ်ဆို၊ ကျောင်းမတက်ဘူးလား''
''ဒီနေ့ပဲ ငါ ထွက်လိုက်ရတယ် ဂျက်ဖရီ၊ ကျောင်းလခ မသွင်းနိုင်လို့''
''ဟာ့ ကြားရတာ စိတ်မကောင်းလိုက်တာကွာ၊ တို့အားလုံး ဒုက္ခကိုယ်စီပါလား ၀ီလျံ''
''ဟုတ်တယ်၊ ဟုတ်တယ်''
သူက ကြမ်းပြင်ကို ငုံ့ကြည့်ပြီး ခေါင်းယမ်းတယ်။
''ဘုရားသခင် ကယ်မတော်မူမှပဲ၊ မဟုတ်ရင်''
ဂျက်ဖရီ့ဆီကပြန်လာတော့ ကျွန်တော့်စိတ်ဓာတ်တွေ သုညအောက်ရောက်သွားပါတော့တယ်။ အဲဒီ နေ့မှာ ကျောင်းက ပြန်လာတဲ့ ဂီးလ်ဘတ်က ကျွန်တော့်ကို သတင်းတစ်ခု ၀င်ပေးပါတယ်။
''လူနည်းနည်း လေး ပဲ ကျန်တော့တယ် သူငယ်ချင်း၊ အားလုံးလိုလို ကျောင်းထွက်သွားကြပြီ''
ကျွန်တော် ကျောင်းမတတ်နိုင်တဲ့ကိစ္စဟာ တစ်တိုင်းပြည်လုံးငတ်တော့မယ့်ကိစ္စနှင့်စာရင် သာမန်အ သေး အဖွဲ ဖြစ်သွားပါပြီ။ ကျတ်မှိတ်ခံရုံ မှ တစ်ပါး အခြားမရှိတော့ပါဘူး။
ဆက်ရန်
.

3 comments:
ဖတ်ရတာရင်ထဲမှာနင့်နေအောင်ခံစားရတယ်...တောင်
သူလယ်သမားနင်းပြားတွေရဲ့ဘဝဟာ..လူမဆန်တဲ့အုပ်ချုပ်သူလူတန်းစားတွေ နဲ့ဝိသမလောဘသားတွေရဲ့လက်အောက်ကမလွတ်မြောက်သ၍ဒီလိုအဖြစ်ဆိုးမျိုးတွေနြဲ့ကုံနေကြရမှာဘဲ...
ကမှာနဲ့အဝှမ်းကြုံတွေ့ နေကြရတဲ့ဆင်းရဲမွဲတေမှုနာ
တာရှည်ရောပါဆိုးကြီးဘယ်တော့များမှပပျောက်နိုင်မလဲ..?..ပြိုပီးတော့များဆိုးဝါးလာနေလေရော့သလား..?။
အကြားကြီး တင်မှာလားဟင်
တခြားဟာတွေကော လုပ်အုံးလေ
အင်းပြောမယ့်သာပြောရတာ
ကျတော်လဲ စထားပြီး အဆုံးမသတ်နိုင်တာ ၂ ပုဒ်
ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်..
ချမ်းသာတဲ့သူတွေက ကျိကျိတက်နေကြသလို ဆင်းရဲတဲ့သူတွေကျတော့လည်း ကုန်းကောက်စရာမရှိအောင် မွဲတေနေကြတဲ့ လူတန်းစားမညီမျှမှုက ဘယ်တော့မှ ပျောက်ပျက်သွားမယ် မထင်ဘူး..
Post a Comment