ကျမ ကတော့ ငွေမရှိသူ၊ ကားမရှိသူဖြစ်သော်လည်း ငွေကုန်ကျရမှုများအတွက် ကုန်ပြီးလျှင် သောကမ ဖြစ်တော့ပါ။ ကျမရောဂါကြောင့် ချိနဲ့ရသည်အထဲ လူအင်အားကုန်ခန်းစိတ်မောရခြင်းကိုသာ စိတ်ညစ် ၏။ ဒုတိယ စိတ်ညစ်ခြင်းမှာ ''ကုသိုလ်စင်ကြယ်စွာ မရခြင်းပါပင် ပင်တည်း။''
ပညာရှိသူတော်စင် တို့ မျက်မှောက်တွင် ဘယ်လိုမြင်သည်မသိ၊ ကျမရင်ထဲတွင်တော့ ကျမသည် ဖေဖေ့ အား နေ့စဉ်၎င်း၊ ရောဂါဖြစ်တိုင်း၎င်း တာဝန်ယူပြုစုခဲ့သော်လည်း ကျမတွင် ကုသိုလ်စင်ကြယ်စွာမရ၊ ပြောမရ၊ ဆိုမရသော ဖေဖေ့အပြုအမူများကြောင့် ဒေါသနှင့်ယှဉ်၍ရသော ကုသိုလ်ကို အလွန်ကြောက်၏။
တခါက မေမေက ပြောဘူးပါသည်။
''မေမေ လူမှန်းသိတတ်ကတည်းက ချမ်းသာတယ်... သမီးကလဲ တဦးတည်းသော သမီးဖြစ်ခဲ့တယ်၊ သမီးတို့ အရွယ် မရောက်ခင် အထိ မေမေချမ်းသာခဲ့သေးတယ်၊ မိဘရဲ့ငွေတင်မဟုတ်ဘူး... မေမေ့နံမယ် နဲ့ အိုင်ရာလန် ထီ ငါးသောင်း ပေါက်တဲ့အပြင် ဆုငွေနှစ်ထောင် သတ်သတ်ရခဲ့သေးတယ်၊ ဟိုတုံးကငွေ ဟာ ဘယ်လောက် တန်ဘိုး ရှိသလဲ၊ သမီးတို့အသိ... ဒါပေမင့် စိတ်ဟာ ဘယ်တော့မှလွတ်လပ်ပြီး ချမ်း သာမှု့ မရခဲ့ဘူး၊ အဲဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘ၀တုံးက ဒါနကုသိုလ်ပြုရာမှာ မစင်ကြယ်ခဲ့ဘူး၊ သမီးတို့ ဘာကုသိုလ် ဘဲ လုပ်လုပ် လောဘ ဒေါသ မောဟနဲ့ မယှဉ်စေနဲ့၊ တမလွန်မှာ အကျိုးပေးမစင် မကြယ်ဖြစ်တတ်တယ်''
မေမေ့စကားများကို ကြားယောင်တိုင်း သံသရာကို၎င်း၊ လက်ရှိဘ၀ကို၎င်း အလွန်ကြောက်၏။ တခါတ ရံ ဘုရားရှေ့တွင် ၀တ်ပြု၍ဆုံးသောခါ မျက်ရည်ဖြိုင်ဖြိုင်ကျမိ၏။ ''ကုသိုလ်တွေပြု၍ ကုသိုလ်တွေရသ လောက် ဖေဖေ့အပေါ်ဖြစ်ခဲ့ရတဲ့ ဒေါသတွေဟာ သံသရာမှာ ငါ့နောက်ကိုလိုက်တော့မယ်၊ သံသရာက လွတ်မြောက်အောင် ကျင်တဲ့ မဂ်တရားဖိုလ်တရားတွေမှာကော အနှောက်အယှက်ဖြစ်တော့မှာလား...'' ကျမ သေခါနီး ထိုဇောကြီး က လိုက်၍ယှဉ်၍ ကပ်လာမှာကိုကြောက်၏။
ဆုတောင်းဆိုသည်မှာတော့ ဆု တောင်း၍ရ၏။ ''နိဗ္ဗာန်မရမှီစပ်ကြား သံသရာကျင်လည်ရ၍ သူတပါးကို ပြုစုရမည့် ကုသိုလ်ပါသည်ဖြစ် ငြားအံ့၊ ကြီးသူကို ပြုစုရသည်ဖြစ်စေ၊ ငယ်သူကို ပြုစုရသည်ဖြစ်စေ၊ ဆင်းရဲ နှင့် ငရဲ ကင်းရပါလို၏''ဟူ၍ အစဉ်ဆုတောင်း၏။ သို့သော်... ဆုတောင်းထက် လက်ရှိဘ၀တွင်ပြုသော ကုသိုလ် များကို လောဘ ဒေါသ မောဟနှင့်ယှဉ်မိမှာစိုးလွန်း၍ အလွန်သတိပြုရ၏။
တခါကလည်း ဘုန်းကြီးဆွမ်းကျွေးနေစဉ် ပဉ္စင်းလေးတပါးမှာ ဘုန်းပေး၍မပြီးခင် ၁၂နာရီထိုးပြီဆို၍ ဆွမ်းပွဲ ကို အတင်းဝင်သိမ်းသောကြောင့် ဖေဖေနှင့်အကြီးအကျယ်ဖြစ်ခဲ့ရသည်။
ယခုတော့ သေသေချာချာ တွေးကြည့်လျင် အလွန်ဝမ်းနည်းစရာကောင်းသည် ဗြောင်ပင် စာရေးပြထား ရသည်။
''ဖေဖေပြုချင် တဲ့ ကုသိုလ်ရှိရင် ဆွမ်းကျွေးချင်တာဘဲဖြစ်ဖြစ် သမီးတို့အစအဆုံးလုပ်ပေးမယ်၊ သမီးတို့ ဆွမ်းကျွေး တဲ့ အခါမှာလဲ တရားနာခါနီးမှ ဆွမ်းကပ်တဲ့နေရာကို ဖေဖေလာခဲ့ပါ၊ အဲဒီလို မလိုက်နာနိုင်ဘူး ဆိုရင်တော့ သမီးဘယ်တော့မှ ဖေဖေ့အိမ်မှာ ဆွမ်းမကပ်ဘူး''ဟူ၍ အတိအကျပင် ရေးပြရပါသည်။
စင်စစ်တော့ ကုသိုလ်ဒါနတခုကို သားအဖနှစ်ယောက်ယှဉ်၍ ရေစက်ချကုသိုလ်မပြုရခြင်းသည် အလွန် ၀မ်းနည်း စရာ ပါပင်တည်း၊ သို့သော်... ဤကဲ့သို့ ရေးပြပြီးသောအခါမှပင် ကျမမှာ ဘုန်းကြီးကို ဆွမ်း အေးအေး ကျွေးရပါတော့သည်။
အဖြစ်က ဘယ်လိုအဖြစ်ပါလိမ့်။
မြရတနာဆေးတိုက်မှ ဆင်းလာသောအခါ ဒေါက်တာဘပုက တလလမ်းမလျှောက်ရသေး။ အိမ်မှာနား နေရအုံးမည်ဟု ဆိုပါသည်။ ဆေးရုံကအဆင်းတွင် နုနုနှင့်မောင်ကြည်ဆွေ့အိမ်သို့ ခေတ္တလိုက်နေပါ သည်။ ဆရာဝန်၏စကားကို ဖေဖေနားထောင်သည်ဟု ထင်ပါသလား... နားမထောင်ပါ၊ တလ မှ မကြာခင် နုနု ကျောင်းသွားတက်စဉ် သူ့ဖာသာ လမ်းလျှောက်ထ၍ ကျင့်ရာ သံမံသလင်းပေါ်ပြန်လဲကျပြန် သည်။
ယခုတကြိမ်တွင်မူ မောင်ကြည်ဆွေက မင်္ဂလာဒုံစစ်ဆေးရုံသို့ တင်ပို့ပေးသော်လည်း ဆရာဝန်များက ကုသ၍မရတော့ပါဆိုသောကြောင့် ပြန်လာခဲ့ရတော့သည်။
လမ်းမလျှောက်နိုင်တော့ဘဲ ဖင်ရွေ့ဖင်ရွေ့သွားရ၏။ ကျမ၏ခင်ပွန်းမှာ မှော်ဘီဗိုလ်သင်တန်း ကျောင်း သို့ ပြောင်းရွေ့ သွားရ၏။ မှောဘီမှအပြန် သို့မဟုတ် အသွားကြုံတိုင်းလိုလို နုနုတို့အိမ်သို့ဝင်၍ ကျမ ဖေဖေ့ ကိုတွေ့၏။
နုနုကွယ်ရာတွင် ကျမကိုကိုင်ကာ ''ဖေဖေ့ကို ဘယ်တော့ပြန်ခေါ်မှာလဲဟင်''ဟူ၍ ခလေးငယ်တ ယောက်၏ မျက်နှာဟန် နှင့် မေးတတ်သည်။
တနေ့ နုနုရော ကျမရော မောင်ကြည်ဆွေရော ဆုံကြသည်တွင် ကျမကပြောပြပါသည်။
''ဖေဖေ က မမယုလာတိုင်း သူ့ကိုပြန်မခေါ်တော့ဘူးလားလို့ချည်း မေးမေးနေတယ် ခေါ်သွားရမှာလား''
နုနု သည် ကျမထံသို့ ဖေဖေပြန်လိုက်ချင်ပါသလားဟူ၍ စာရေးပြလိုက်၏။
''အောင်မယ်... ငါကမလိုက်ချင်ပါဘူး၊ သူကချည်းလာလာခေါ်နေတာ''ဟု ပြောပြန်သောကြောင့် ကျမ တို့မှာ ၀ိုင်း၍ ရယ်ရပါတော့သည်။
နောက်တပတ်တွင်မူ အကိုကြီးသည် မှော်ဘီမှအပြန် ကားကြုံနှင့် ဖေဖေ့အား ခေါ်ယူခဲ့ပါသည်။
ဂွတ္တလစ် အိမ်ပြန်အရောက်တွင် သူ့အားပြုစုဘို့ အလှိုင်ဆိုသော မိန်းခလေးတယောက် အပိုခေါ်ထားရ ၏။ ခြေထောက်မကောင်းတော့ပြီဖြစ်၍ အိပ်ခန်းထဲတွင် ငြိမ်သက်စွာနေသည်ဟုထင်ပါသလား။
မနေပါ ဖင်တရွေ့ရွေ့နှင့်ပင် မီးဖိုချောင်ကို နေ့တိုင်းဝင်ကာ သူကြိုက်သော ဟင်းတခွက်ကိုချက်၏။ ဟင်းမချက် ရလျှင် ခလေးမလေး မအေးသင်ဈေးခြင်းတောင်းချသည့် နှင့် တပြိုင်နက် အတင်းဆွဲယူကာ ပါ လာသော ဟင်းသီးဟင်းရွက်များ ကို ထွင်စရာရှိသည်ကို ထွင်သည်၊ လှီးစရာရှိသည်ကို လှီးသည်။
တနေ့တွင် ကျမစာရေးနေသော စာဖတ်ခန်းထဲသို့ အကိုကြီးဝင်လာ၏။ ကျမက မှော်ဘီမှ သူ ရုတ်တ ရက် ပြန်လာသည်ကို မသိ၊ အနားရောက်မှ မော်ကြည့်မိ၏။
''ဟင်... ဘဲ့နဲ့လဲ ဘာကိစ္စရှိလို့လဲ''
''ကိစ္စကတော့ ရန်ကုန်ထဲမှာရှိတာပါ၊ ခဏအိမ်ကိုဝင်လာတာ၊ ခင်ဗျားတို့ဖေဖေကြီးက ခင်ဗျားတို့စားဖို့ သွေးနဲ့ ချွေးနဲ့ရင်းသည့် ဟင်းချက်နေပါရောလား၊ မီးဖိုချောင်သွားကြည့်ပါအုံး''
ကျမသည် ရေးလက်စကလောင်ကိုချကာ မီးဖိုချောင်သို့ပြေးဝင်သွား၏။ မီးဖိုထဲတွင် ခလေးမလေးက ကြက်သားကိုင်ကာ ဖေဖေကမူ စားပွဲပေါ်တွင် ကြက်ဟင်းခါးသီးလှီးနေသည်။ မည်သည့်လက်ချောင်း ကို ဓားထိသွားသည်မသိ၊ ကြက်ဟင်းခါးသီးဖတ်များတွင် သွေးများနှင့် လိမ်းကျံနေ၏။
''ဘုရားရေ...''
ကျမရင်ထဲတွင် ထိတ်လန့်သွား၏။ သူ့အနားသို့ တိုးကပ်သွားသည့်တပြိုင်နက်-
''သွား... သွား... အနားလာမကပ်နဲ့၊ ထုံးသာယူပေး''ဟု ထုံးစံအတိုင်း အော်ပြန်သည်။
''ကဲ.မသင်... ထုံးဘူးသွားယူစမ်း... ငါရင်တွေတုံလိုက်တာ၊ ခက်တော့တာဘဲနော်...''
''ဈေးခြင်းတောင်းချကတည်းက အတင်းဆွဲယူပြီးလှီးနေတာ...''
မအေးသင်သည် ပြောပြောဆိုဆို ထုံးဘူးနှင့်ပတ်တီးယူလာ၍ ဖေဖေ့ရှေ့မှာ ချထားရ၏။
''မမယု သွားလေ... ရင် ပိုပြီးတုံလာအုံးမယ်...''
ကျမသည် စာဖတ်ခန်းသို့ပြန်လာ၏။
''တွေ့ခဲ့ပြီးလား... ဘာမှတော့ မပြောနဲတော့၊ ကိုယ်စိတ်ချမ်းသာအောင်သာ ကြည့်နေ... သွေးနဲ့ရင်းသော ကြက်ဟင်းခါးသီးဟင်းတော့ တို့များ မစားပါရစေနဲ့၊ ကဲ... ကိုကြီး မြို့ထဲသွားတော့မယ်''
ကိုကြီး သည် ရယ်စရာလိုပင်ပြောခါ စာဖတ်ခန်းထဲမှ ထွက်သွားတော့သည်။
ယခင်က သွေးထွက်သံယို ဒဏ်ရာများကို ကျမကြည့်ရဲ၏။ ဘယ်သူပင် ထိခိုက်၍ ဒဏ်ရာဘယ်လိုကြီး ကြီး ဆရာဝန် ထံ မရောက်ခင် ကျမကိုယ်တိုင် ဆေးထည့် ပတ်တီးစီး၍ ပြုလုပ်ပေးရဲ၏။ ယခု ဖေဖေ့သွေး စ များကို မြင်ရုံနှင့် ရင်ထဲမှာ ပိုခုံလာကာ ခေါင်းထဲက နောက်ကျိကျိဖြစ်လာ၏။
စာရေးပြရပေါင်း လည်း များခဲ့ပေပြီ။ ဖေဖေကတော့ မလျှော့၊ မီးဖိုချောင်ကို ဖေဖေမ၀င်အာင် ဘယ်လို များ လုပ်ရပါ့၊ ယခုတခါ ထပ်မံစာရေးပြ၍ကော ဖေဖေသည် ကျမဆန္ဒကို လိုက်ရောပါမည်လား၊ ရေး လိုက်ရသည့် စာများကလည်း တခါကအဖြစ်တခုကို ပြောပြရလျှင် ယုံစရာတောင် ရှိမည်မဟုတ်ပေ။
တနံနက်တွင် ခလေးမလေးက ဈေးခြင်းတောင်းချ၍ ကျမအားပေါင်မုံ့ လှမ်းပေး၏။ ပေါင်မုံ့ထုတ်ထား သောစက္ကူ မှာ ဗလာစာရွက်ဟောင်းတခုဖြစ်သည်။ ကျမက စက္ကူကို ဖြေလိုက်သောအခါ စက္ကူပေါ်တွင် လက်ရေး စာလုံး သုံးလေးကြောင်းတွေ့ရသည်။ စာရွက်ကို စာဖတ်ခန်းထဲသို့ ကျမယူသွား၏။ မအေး သင် ကလည်း လိုက်လာသည်။
''ဒီလက်ရေးဟာ ငါ့လက်ရေးနဲ့တူလိုက်တာဟယ်...''
ကျမက ပြောပြောဆိုဆိုနှင့် ကောက်၍ဖတ်လိုက်သောအခါ ကျမလက်ရေးမှ ကျမလက်ရေးအစစ်၊ ရေးထားသောစာကလည်း-
''ဖေဖေ ညဘက်ဆီးသွားတဲ့အိုးကို မလှိုင်ဆေးလိမ့်မယ်၊ ဖေဖေကိုယ်တိုင် မဆေးပါနဲ့...''ဟူသတည်း။
ကျမသည် စိတ်မညစ်နိုင်၊ ရယ်မိ၏။ မိအေးသင်က စာလာဖတ်ခါ စုံထောက်ဦးစံရှားစတိုင်နှင့် ပြောပြ၏။
''အဲဒါ... ဘယ်လိုဖြစ်တာလဲသိလား... မမယုရေးသမျှ စာရွက်အကြမ်း အတိုအစတွေကို ဘဘကြီးက စုထားရော တလပြည့်တော့ သတင်းစာအဟောင်းနဲ့ အတူ ကုလားကို ရောင်းလိုက်ရော၊ အဲဒီကုလားက တခါ ပေါင်မုံ့သည်ကို ရောင်းလိုက်ရော၊ ပေါင်မုံ့သည်က ဒီစက္ကူနဲ့ မုံ့ထုတ်ပြီး ကျမတို့ကို ရောင်းလိုက် ရော... ဒီတော့ ကျမတို့အိမ်ပြန်ရောက်လာရော...''
မအေးသင်က စာဝင်္ဂဘာ ၏ အကြောင်းကို ရှင်းလင်းပြောပြ၏။
ယခုလည်း မီးဖိုချောင်ကို မ၀င်စေချင်သောကိစ္စကို ဘယ်လိုလုပ်၍ပြောပြရပါမည်နည်း၊ ကိုယ့်စိတ်ကူး နှင့် ကိုယ် ငိုင် ၍တွေးနေဆဲတွင် နောက်ဖေးဘက်က အော်သံကိုကြားရပြန်၏။
''ငါ့ ချီးမှဘဲ... ငါ့ကို ၀ယ်မပေးချင်လို့ တမင်ပြောတာ... မောင်ထော်လေးလမ်းနဲ့ ဖရေဇာလမ်းဒေါင့်မှာ ကွ၊ ကမ္ဘာလုံး တံဆိပ်ဆိုင် တဲ့ရှိတယ်၊ မင်းတို့ ဘာကောင် လဲ... ငါလိုချင်တာကိုရအောင် ၀ယ်မပေးချင် ဘူး၊ ဒီနေ့လဲ ငါဆိတ်သားစားချင်တာ ဟိုကောင်မလေး က ၀ယ်မရဘူးဆိုပြီး ကြက်သားဝယ်လာတယ်၊ မင်းတို့က ငါ့ ကို မစားစေချင်ဘူး...''
ကျမသည် မီးဖိုထဲသို့ ထမသွားတော့၊ စာဖတ်ခန်းထဲမှာပင် ထိုင်နေသည်။ ချက်ခြင်းလိုပင် မောင်ကံ ညွန့် သည် စာဖတ်ခန်းဝသို့ရောက်လာ၏။
''ဘဘကြီး ဆူနေပြန်ပြီ...''
''ငါသိပါတယ်လေ...''
''တခြားကြောင့်မဟုတ်ဘူး သူလိုချင်တာတွေကို ကျွန်တော်တို့ဝယ်မပေးချင်လို့လို့ ထင်နေတယ် အမှန် တော့ ဘဘကြီးပြောတဲ့ ဆိုင်တွေက ဖရေဇာတန်းမှာ မရှိတော့ဘူး၊ တက္ကသိုလ်သမ၀ါယမမှာ သူဝယ် ခိုင်းတဲ့ ဆေးတွေကလဲ မရှိဘူး၊ တက္ကသိုလ်သမ၀ါယမ ဖျက်လိုက်တဲ့အကြောင်း ဘဘကြီးကို မမယု စာရေးပြပါအုံး...''
မောင်ကံညွှန့်စကားဆုံးလျှင် ကျမသက်ပြင်းချမိ၏။
''ဒီမှာဟေ့ ဗမာပြည်မှာ စက္ကူစက်တည်ပြီး ထွက်သမျှ စက္ကူတွေအပေါ်မှာ ငါတယောက်ထဲ ရေးပြီးပြ လို့... အဲဒီ စက္ကူတွေသာ ကုန်ချင်ရင်ကုန်မှာ နင်တို့အဘကတော့ ပြောရမှာမဟုတ်ပါဘူးဟာ''
ကျမက ငြီးတွားရင်း ထုံးစံအတိုင်း စာတရွက်ပေါ်တွင် အခြေအနေအရပ်ရပ်ကို ရေးပြ၍ မီးဖိုဘက်သို့ ထွက်လာ၏၊ သူ့အနား ရပ်သည့်တပြိုင်နက် ကျမအပေးကိုပင်မစောင့် ကျမလက်ထဲမှ စာရွက်ကိုဆွဲယူ ကာ အစိတ်စိတ် အမွှာမွှာ ဆွဲဆုတ်ပစ်လိုက်၏။
''ပြောချင် ပါးစပ်နဲ့ပြော နင့်စာကို ငါမဖတ်ဘူး''
ဒေါနှင့် မောနှင့်ပြောကာ အိမ်ထဲသို့ ဖင်ရွေ့ဖင်ရွေ့နှင့်ဝင်သွားတော့သည်။
''ကဲ... စနစ်သစ်ကတော့ ထုတ်ပြန်ဘီ၊ ငါသာ ဒီအကြောင်းတွေကို ဖေဖေကြားအောင် ခုနှစ်သံနဲ့ အော် ပြောရရင် မောလို့သေလိမ့်မယ် ပြောရမဲ့အကြောင်းတွေကလဲ အရှည်ကြီး၊ ပြောရတဲ့လူကဲ သာမာန်လူ ပြောသလို လေသံနှုန်းနဲ့ ပြောရမှာမဟုတ်ဘူး၊ သူအထင်လွဲချင်လဲလွဲ မတတ်နိုင်ဘူး ကဲသူဝယ်ခိုင်းတဲ့ စာရင်းတွေက ဘာတွေလဲ...''
''နိုင်ငံခြားဖြစ်တွေ မမယုရဲ့... အပြင်ဆိုင်တွေမှာမှ ၀ယ်မရတော့တာ ခံတပ်ကြီးဆေးတခုဘဲရတယ် ဒါ တောင် တက္ကသိုလ်သမ၀ါယမ ဖျက်လိုက်ပေမဲ့ ဦးဘငြိမ်ဆိုင်က ကျွန်တော်ဝယ်လာတာ ပြီးတော့ ကိုးလ်ဂိတ် တို့ ဆဲပင်အိုကလော့မုတ်ဆိပ်ရိပ်ဒါး တို့က မှောင်ခိုဈေးမှာဘဲရှိတာ သူပေးလိုက်တဲ့ ပိုက်ဆံ က အရင် သူ ဖရေဇာ မှာ လမ်းလျှောက်ရင်းဝယ်ရတဲ့ ဈေးနှုန်းအတိုင်းပေးလိုက်တာ''
မောင်ကံညွန့်က နိဂုံးချုပ်၏။
မအေးသင်က နိဒါန်းစ၏။
''မနက်ကလဲ အစောကြီး ဘုရားခန်းရောက်နေလို့ မကြားရတာ ဆိတ်သားက ဒီနေ့ ရန်ကင်းဈေးမှာ မရ လို့ ကြက်သား ၀ယ်လာတာ အဲဒါ သူ့ကို ဆိတ်သားဝယ်မကျွေးချင်လို့တဲ့ ပြီးတော့ ကြက်ဘယ်ဈေးလဲဆို တော့ ရှစ်ကျပ် လို့ ပြောတာ နင်အလကားပြောတာ နှစ်ကျပ်ဈေးတဲ့...''
ကျမ က လက်ကာရပြန်၏။
''တော်ကြပါတော့... တော်ကြပါတော့ ၀ယ်ရသမျှကို ၀ယ်ပေး မရတော့လဲ မတတ်နိုင်ဘူး၊ ရေလည် အောင် ပြောပြဖို့က နင်တို့ရှေ့မှာဘဲ ငါရေးပြတဲ့စာရွက်ကို ဆုတ်ပြစ်လိုက်ပြီ ပါးစပ်ကတော့ ငါမပြောပြ နိုင်ဘူး ကဲ... သွားကြတော့...''
ကျမသည် စာဖတ်ခန်းသို့မသွားတော့ဘဲ အိပ်ခန်းဆီသို့ လှမ်းလာ၍ အိပ်ယာပေါ် ခြေပြစ်လက်ပြစ် လှဲ နေမိသည်။
ရာဇ၀င်ဆရာတို့ ရေးဟန်မျိုးနှင့် ခပ်ကြီးကြီး ကျယ်ကျယ်ရေးရလျှင် ကျမတို့သားအဖနှစ်ယောက်၏ အ ရေးအခင်းကား တဖြေးဖြေးတင်းမာလာ၏။ သားအဖနှစ်ယောက်ဆက်ဆံရေးသည် စာရွက်ပေါ်မှာတည် ၏။ ယခင်ကပြောချင်သမျှ စာနှင့်သာရေးပြရ၏။ ဒီစာ ယခုမဖတ်တော့ဘူးဆိုတော့ ကျမကလည်း ခပ် ပေပေရေး၍မပြတော့ပေ၊ သူမေးသမျှကိုလည်း ဘာမှမဖြေတော့ဘူး၊ စင်စစ်ကျမတွင် ဖြေနိုင်သောအင် အားလည်း မရှိတော့ပေ... ဖေဖေ့ကို ခုနှစ်သံနှင့်ရှည်လျားစွာပြောဖို့ မဆိုထားနှင့် ညီအကိုမောင်နှမ သာမာန်အသံနှုန်းနှင့် စကားပြောရင်းမှာပင် စိတ်ပါလက်ပါ ပြောလာသောအခါ ကျမအသံများသည် ပြောင်းသွား၏။
အောက်မေးသည် လေးလာကာ စကားလုံးများကို ပီသစွာရွတ်ဆိုမရသလို ဖြစ်လာ သည်။ စကားလုံး မသဲကွဲဆိုလျှင် ပိုမှန်၏။ စကားလုံးများကို ပီသအောင် တလုံးစီ အားယူ၍ပြောရသော အခါ... ရင်ထဲမှာ မောလာ၏။ ညာဘက်လက်ဖ၀ါးများမှာ တင်း၍ယောင်လာတတ်သည်၊ ခေါင်းထဲမှ အ သံတခုမြည်လာကာ မျက်လုံး များ စင်းလာတော့သည်။ ချက်ခြင်းလိုပင် အိပ်ယာပေါ်လှဲ၍ အနားယူရ၏။ ဆက်လက်ပြောနေပါက ခြေလက်များ အေးစက်လာသည်မှာ လူသေများကဲ့သို့ပင်တည်း...။
ထို့ကြောင့် ကျမသည် စကားပြောဖို့ကို တတ်နိုင်သမျှရှောင်၏။ စာရေးဆရာများ စကားပြောဟောဖို့ ဖိတ်ခေါ် သော အခါတွင်လည်း ကျမ လက်မခံခဲ့ပေ။
တနေ့တွင်မူ မှော်ဘီကိုလိုက်သွား၍ ကျမခင်ပွန်းသည်အား ထမင်းချက်ကျွေးရန် ငရုပ်သီးထောင်းနေဆဲ ပေါင်ထဲမှ တဖြေးဖြေးနာလာ၏။ နာလာသည်မှာ အတော်ကို အခံရခက်လာသည်မက ရင်ထဲကလည်း အသက်ရှုရကြပ်လာသည်။ ကျမလည်း တယောက်တည်းဖြစ်၍ ကိုယ့်ဟာကိုယ် ဘာလုပ်ရမှန်းမသိ အံ့ အားလည်းသင့်၏။ ညာဘက်လက်က ငရုပ်သီးထောင်းသည်နှင့် ပေါင်ထဲက နာရသည်မှာ ကြားရသူအ ဖို့ ရယ်စရာလိုဖြစ်နေသည်၊ သို့သော် ကျမသည် လုံးဝ ထမရတော့ပေ။
တော်ပါသေး၏။ အကိုကြီးမှာ ထမင်းစားပြန်လာချိန်နှင့်ကြုံကြိုက်နေ၍ ကျမအဖြစ်ကို အံ့သြနေသည်။
ဆက်ရန်
.

4 comments:
ခင်နှင်းယု ရေးပြထားသလို.. ဖေဖေ့ကိုပဲ မြင်ယောင်နေမိတယ်..
ဖေဖေတိုပလို လူကြီးတွေဟာ ပြောမရဆိုမရနဲ့ တခုခုဖြစ်ရင် အိမ်ကမိသားစုတွေပဲ ဒုက္ခရောက်ရတယ်။ ပိုက်ဆံမရှိရင်ပိုစိတ်ဆင်းရဲရတယ်ဆိုတော့ ဆရာမခင်နှင်းယုကို ကိုယ်ချင်းစာမိပါတယ်။
တော်သေးတာက ကျနော့် ဖေဖေက ကျန်းမာရေးဒေါင်၂မြည်သလို နားလည်းကောင်း မျက်စိလဲကောင်းပါတယ်။ အစားကို လိုတာထက်ပိုစားပီး အစားလဲသောင်းကျန်းမို့ အသက်ကြီးလာတော့ အိမ်သားတွေ စိတ်ညစ်ရပါတယ်။ လမ်းလဲသလားတော့ ပိုဆိုးပါတယ်။ ပြောမရလို့ လွှတ်ထားရတာ တွေ..အိမ်သားတွေက နောက်ကနေလိုက် ကြည့်ရှူပေးရတာတွေဟာ.. တွေးကြည့်ရင်တော့ လွယ်ပေမဲ့ လက်တွေ့မှာတော့ ဒုက္ခများပါတယ်။ ဖေဖေက အခုဆို အသက် ၇၀ပြည့်ပါပီ။
အင်း....
အသက်ကြီးလာတော့ လည်း ဒီလိုပါပဲလေ။
အဖေတို့ အမေတို့  အရွယ်တွေက နေဝင်ချိန် ဆိုတော့ 
ကျန်တဲ့ အချိန်လေးတွေမှာ အရာရာကို အားမလိုအားမရ
ဖြစ်နေမယ်လို့  တွေးမိပါတယ်။ တစ်ချို့  မိသားစုတွေမှာ
ဆိုရင် သူတို့ ကို အရာတောင်မသွင်းတတ်တော့ ပဲ
တဖြည်းဖြည်း ဘေးကို ဖယ်လာတတ်ပါတယ်။
ဒီအချိန်တွေကတော့  ငယ်သူတွေအဖို့  အထူး ဂရုပြု
ရမဲ့  အချိန်ပဲဖြစ်ပါတယ်။ ကိုယ်လဲ တစ်နေ့  ဒီအရွယ်
ရောက်ပြီး ဒီလိုပဲ ဖြစ်လာမှာပါပဲ။ ကျွန်တော်လည်း အရိပ်
ရှိစဉ်တုံးက အရိပ်ကို သတိမပြုမိပေမဲ့  အရိပ်မရှိတော့ မှ
အရိပ်ရဲ့  အကြောင်းတွေ တန်ဘိုးတွေ သိလာမိတယ်။
ငယ်ငယ်ထဲက အကြိမ်ကြိမ်ဖတ်ခဲ့ဖူးပေမယ့် ပြန်ဖတ်တိုင်း မရိုးနိုင်ပါ...
ချွေးနဲ့ သွေးနဲ့ရင်းတဲ့ ကြက်ဟင်းခါးသီးဆိုတာကို မြင်ယောင်ရင်း ရင်ထဲမှာ မောသွားရတာလဲ အကြိမ်ကြိမ်ပါ... စိတ်ရှည်လက်ရှည် စာပြန်ရိုက်ပြီး ဝေမျှပေးတာ ကျေးဇူးနော်...
သက်ကြီးရွယ်အို ဘိုးဘွားမိဘတွေနဲ့ နေခဲ့ဖူးသူတွေကတော့ ဒေါ်ခင်နှင်းယု ဖြစ်ပုံကို စာနာ နားလည်နိုင်မှာပါ။
လူကြီးတွေကို အနီးကပ် ပြုစုလုပ်ကိုင်ပေးရလို့ ကုသိုလ်ရသလို တခါတလေ စိတ်ပူရ စိတ်တိုရတာမျိုးတွေလဲ ဖြစ်တတ်တာပဲ။
ကျမလဲ အဘိုးတွေ အဘွားတွေနဲ့ အတူ နေလာခဲ့ရတာမို့ ကိုယ်ချင်းစာတယ်။
ကိုယ်လဲ တနေ့ အိုရအုံးမှာပဲ ... ကိုယ် အိုမင်းမစွမ်းချိန်မှာ အဲဒီလိုဖြစ်မှာလဲ စိုးရိမ်မိတယ်။
Post a Comment