ပြီးတော့မှ လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်တယ်။
"ဟေ့. တစ်ယောက်ယောက်၊ အဲဒီငမူး ကို ဆွဲထုတ်သွားကြစမ်း၊ သူ ကျုပ်ပွဲကို ဖျက်နေတယ်"
ပရိသတ် ကလည်း ၀ိုင်းအော်တယ်။
"ဟုတ်တယ်၊ ဆွဲထုတ်၊ ငမူးကို ဆွဲထုတ်"
အဖေ ဘယ်လောက် စိတ်ထိခိုက်သွားမလဲ။ သူကိုးကွယ်တဲ့ အဆိုတော်က သူ့ကို ငမူးတဲ့။ သူက စင်ပေါ်ကို လက်ညှိုး ထိုးပြီး ပြောလိုက်တယ်။
"ဒီမယ် မစ္စတာ ဖူမူလာနီ၊ ကျွန်တော် ဒီနေရာကို တရားဝင် ရောက်လာတာပါ။ မာလာဝီလူမျိုးတိုင်း ဟာ သူတို့ ရဲ့ လွတ်လပ်ရေးနေ့ကို ဂုဏ်ယူပြီး ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ နောက်တစ်ခုက ခင်ဗျား ရဲ့ တာဝန်ဟာ ပရိသတ်ကို သီဆို ဖျော်ဖြေဖို့ မဟုတ်လား"
ရဲတွေ နဲ့ လူငယ်တစ်ချို့က အဖေ့ကို ၀ိုင်းတားလိုက်ကြတယ်။ အဖေက သူတို့ကို ကြည့်ပြီး
"မစ္စတာဖူမူလာနီ၊ ကျွန်တော်က အေးအေးဆေးဆေး ကချင်တာပါဗျာ၊ ခင်ဗျားက ကျုပ်ကို ဆွဲထုတ် ခိုင်းတယ် ဟုတ်လား။ ကဲ့ လာကြ၊ တွေ့ကြသေးတာပေါ့ကွာ"
အဖေ့ကို တိုက်ခိုက်တဲ့ လူတွေဟာ အဖေ့လက်သီးချက်နဲ့ အတုန်းအရုန်း လဲကုန်ကြတယ်။ သူတို့တွေကို အဖေ ကောင်းကောင်းထိန်းနိုင်တယ်။ ရဲတွေ တစ်ယောက်ပြီးတစ်ယောက် ကားခနဲ ကားခနဲ ဂျုံအိတ်တွေလို တဖုန်းဖုန်း နဲ့။ ထလိုက်လာ ပြန်လဲကျက်လိုက်နဲ့။ ပရိသတ်က လက်ခုပ် သြာဘာသံတွေနဲ့ အဖေ့ဘက် ရောက်လာ ကြပြီ။
အဲဒီမှာ "ဘုန်းကြီး" ဟာ လူလယ်ခေါင်မှာ လက်သီးနှစ်ဖက် မြှောက်မြှောက်ပြီး စိန်ခေါ်တော့တာပဲ။
"ကဲ့လာလေ၊ ဘယ်သူ ထွက်ဦးမလဲ"
နောက်ဆုံး မှ အဖေက အဖမ်းခံဖို့ သဘောတူလိုက်တယ်။
"ကျုပ်က ဥပဒေကို ရိုသေတဲ့လူပါဗျ" လို့ ပြောတယ်။ ပြီးတော့ ထောင်ထဲမှာ တစ်ညအိပ်လိုက် တယ်။ အဖမ်းမခံခင် ကောင်လုံးကင် ကို တ၀ကြီး လွေးလိုက်သေးတယ်။ ပြီးမှ လက်ဆေးပြီး ရဲတွေ နောက် လိုက် သွားတာ။
အဲဒါကတော့ လူဆယ့်နှစ်ယောက်ကို အလဲထိုး အနိုင်ယူခဲ့တဲ့ အဖေ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းဟာ တစ်နယ်လုံး ပြန့်သွားပြီး ဘုန်းတော်ကြီးလည်း နာမည်ပိုကြီးသွားပါတော့တယ်။ ဘီယာဆိုင်တွေထဲမှာ ပွဲရုံတွေ ထဲမှာလည်း အလားတူပဲ။ ဒီတော့ အဖ့အလုပ်အကိုင် လည်း ပိုကောင်းလာတယ်။ တစ်ပြိုင်တည်းမှာ ဈေးထဲ က သူခိုးတွေ၊ ဓားမြတွေကပါ သူ့ကို မျက်စိကျလာ ကြတယ်။ သူတို့နဲ့ ပူးပေါင်းပြီး စွားပွားရှာဖို့ စည်းရုံးလာကြတယ်။
အဖေက လုံးဝ လက်မခံဘူး။ သူက သမ္မာအာဇီဝသမားလေ။ သူက အလုပ်ကို ကြိုးကြိုးစားစား လုပ်ပြီး ကားလ်စ်ဘတ် ဘီယာ ကို အ၀ သောက်ဖို့ပဲ အာရုံရှိတဲ့လူ။ ဒါပေမဲ့ သူ့ကိုတော့ သွားမထိနဲ့။ ယင်နားမခံဘူးဆို တဲ့ လူစားမျိုး။
အပေါင်းအသင်းတွေ မရိပ်မိဘဲ ဘုန်းတော်ကြီးက ကောင်မလေးတစ်ယောက်ကို မျက်စိကျနေ တယ်။ ဈေးထဲမှာ အဖေက သူကလေးကို နေ့တိုင်း တွေ့တယ်။ ဒါပေမဲ့ လူအုပ်ထဲမှာ လှစ်ခနဲ ပျောက်ပျောက်သွားတယ်။ တစ်ခါတစ်လေ ဂျုံအိတ် ကို ထမ်းလိုဖြစ်ဖြစ်၊ ဟင်းသီးဟင်းရွက်ဗန်း ရွက်လို့ ဖြစ်ဖြစ် ပေါ်လာတတ်တယ်။ ပြီးတော့ တောင်ကြားလမ်းအတိုင်း ရွာကို ပြန်သွားတယ်။
တွေ့လိုက်ရ တဲ့ တဒင်္ဂအချိန်ကလေးတွေဟာ အဖေ့အတွက် သိပ်အရေးကြီးတဲ့ ခဏငယ်ကလေး တွေပေါ့။ သူတို့ အချင်းချင်း စကားတစ်ခွန်းမျှ မပြောဖူးပေမယ့်၊ အဖေ့အသံ တစ်ခါမျှ မကြာဖူးပေ မယ့် ကျွန်တော့် အမေ ဖြစ်လာမယ့် အဂ္ဂနက်စ် က ရိပ်မိကောင်း ရိပ်မိနေပါလိမ့်မယ်။
ကျွန်တော်အဖေက ပရိယာယ်ေ၀၀ုစ်တွေ နားလည်တဲ့လူမျိုး နားလည်တဲ့လူမျိုး မဟုတ်တော့ အမေက ရိပ်မိ တာပေါ့။ သူ စိုက်စိုက်ကြည့်နေပုံက ကြက်ခြံကို ငေးကြည့်နေတဲ့ ခွေးကလေးလိုပဲ တဲ့။ ဘာဆက်လုပ် ရမှန်းမသိဘဲ ငေးရုံငေးနေတဲ့ အကြည့်မျိုး ဖြစ်မှာပေါ့။ အမေက အဖေ့သတင်း တွေ ကြားပြီး ဘာကြောင့်မှန်း မသိ စိတ်တွေ လှုပ်ရှားနေတယ်။ သူ့အမေ ဈေးမလွှတ်တဲ့ နေ့ဆိုရင် အမေတစ်ယောက် နေမထိ ထိုင်မသာ ဖြစ်နေတယ်။ ဈေးထဲကို ရောက်သွားပြီဆိုရင် ငယ်ငယ် တုန်းက ကခဲ့ဖူးတဲ့ ဗုံသံတွေလို၊ ရင်ထဲမှာ တဒုန်းဒုန်း တဒိုင်းဒိုင်း ဖြစ်နေတတ်တယ်။ ဒါပေမဲ့ အမေက အညှာလွယ်တဲ့ မိန်းကလေးတော့ မဟုတ်ဘူး။
အဖေကလည်း လနဲ့ချီပြီး အမေ့ကို စောင့်စောင့်ကြည့်နေသည်။ ဒီလူရှေ့တစ်လှမ်း တိုးပါ့မလားဆိုပြီးတော့ အမေ က တွေးစပြုလာတယ်။ သူဒါလောက် သန်မာတယ်၊ သတ္တိကောင်းတယ်ဆိုပြီး ဘာလို့ငါ့ကို ကြောက်နေ ပါလိမ့်ပေါ့။ (အဖေက ဒီအကြောင်း ကျွန်တော့်တို့ကိုပြောပြတယ်။ သူက ငါနဲ့ သိပ်အလှမ်း ဝေးနေသလိုပဲ၊ ဒီတော့ငါလန့်တာပေါ့ကွ တဲ့)။
နောက်ဆုံး မှာ ခန္ခာကိုယ် အတ္တဘောကြီးပိုင်ရှင် ဒီလူကို ကျွန်တော့်အမေက စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။
တစ်နေ့မှာ အမေ ဈေးထဲဝင်လာတာ အဖေမြင်လိုက်တယ်။ ပြီးတော့ နေ့တိုင်းလိုပဲ ပျောက်သွားတယ်။ ဒါပေမဲ့ ဒီနေ့တော့ အမေက တစ်မျိုးစီစဉ်ထားတယ်။ တခြားလမ်းက ပတ်လာပြီး အဖေရှိရာ တည့်တည့် လျှောက်လာတယ်။
ကျွန်တော့်အဖေ ဗလကြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေပြီ။ ဒါပေမဲ့ဒီနေ့ အခွင့်အရေးကို အရယူ၊ မဟုတ်ရင် ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူးလို့ တွေးလိုက်တယ်၊ ဒါပေမဲ့ ဘယ်ကဘယ်လို စရမှန်း သူမသိဘူး၊ စဉ်းစားဖို့လည်း အချိန်မရှိတော့ဘူး၊ စက္ကန့်ပိုင်းအတွင်း သူအနားရောက်လာတော့မယ်။ အမေ့ကို ခမှ သူအနီးကပ် မြင်ဖူးတာ၊ အမေ့ရဲ့အသားအရေ နုညက်ညက်ကို တွေ့လိုက်ရတော့ အဖေရူးမတတ် ဖြစ်သွား တယ်။ လန့်ပြီးထွက်ပြေးဖို့ စိတ်ကူလိုက်သေးတယ်။
ဒါပေမဲ့ အတင်း ရဲဆေးတင်လိုက်သည်။ ပစ္စည်းတွေ တင်ထားတဲ့ ခုန်ကို ကျော်လွှားပြီး ဖြတ်လျှောက်သွားတဲ့ အမေ့ ကို အော်ပြောလိုက်တယ်။
'မင်းဟာ ကိုယ်တွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ အလှဆုံးပဲ'
အမေ က ချာခနဲ လှည့်ကြည့်တော့ မျက်လုံးချင်းဆုံတယ်။
' ကိုယ် မင်း ကို ချစ်နေတာ ကြာပြီ။ မင်းကို ကိုယ်လက်ထပ်ပါရစေလား'
ကြိုးစားပြီး ဣနြေ္ဒဆည်ရင်း အမေက ပြန်ပြောလိုက်တယ်။
' ကျွန်မစဉ်းစားရဦးမှာပေါ့'
ပြောပြီး အမေလှည့်ပြေးထွက်သွားတယ်။
အဲဒီ အခါ ကတော့ အဖေက အချိန်မပေးတော့ဘူး၊ အဲဒီညနေမှာပဲ အမေတို့အိမ်လိုက်သွားပြီး ထပ်မေး တယ်။ နောက်တစ်နေ့တစ်ခါ ထပ်သွားတယ်၊ အမေ့အစ်ကို ဘာဘီလီက အဖေ့အကြောင်းတွေပြောပြီး အမေ့ ကို သတိပေးတယ်။
''နင့်လူက တစ်ချိန်လုံး အရက်ဆိုင်မှာ အချိန်ကုန်ပြိး လူတကာနဲ့ ရန်ဖြစ်နေတဲ့လူပဲ။ နင်စဉ်းစားနော်။ အမေ က ကြက်ခေါင်းဆိတ်မခံ ပြန်ပြောသည်။
ကိစ္စမရှိဘူး၊ သူဟာ ခွန်အားကြီးမားတယ်၊ ကျွန်မ သူ့ကို ချစ်တယ် ။
ဒီလိုနဲ့ ဘာဘီလီက မိဘတွေကို ပြောပေးရတော့ပေါ့။ ကျွန်တော့်အဘွားရို့စ်က အတော့်ကို မာတဲ့ အဘွားကြီး၊ အိမ်မှာ သူ့လက် သူ့ခြေချည်းပဲ၊ တင်းတင်းမာမာ အုပ်ချုပ်စီမံတယ်၊ အဘိုး က ဈေးထဲမှာ အပ်ချုပ်ဆိုင် ဖွင့်ထားတယ်။
အဘွားဟာ အိမ်မှာ မီးဖိုလုပ်တာတောင် ကိုယ်တိုင်အုပ်စီ၊ သရွတ်ကိုင်းပြီး လုပ်တာ၊ ဘယ်မိန်းမမှ မလုပ်နိုင် တဲ့ အလုပ်မျိုး။
သတင်း လည်း ကြားရော အဘိုး နဲ့ အဘွား မိုးမီးလောင်တော့တာပဲ။
ကဲ ပြောစမ်းပါဦး၊ ညည်းက ဒီကောင့်ကို သိပ်အထင်ကြီးနေသလား။
ဟုတ်တယ်၊ အရမ်းအထင်ကြီးတယ်၊ အဖေတို့ ထင်တာထက် နှစ်ဆအထင်ကြီးတယ်။
အဘိုး နဲ့အဘွားတုန်းကလည်း ဒီလိုပါပဲတဲ့၊ ရွာအက ပြိုင်ပွဲ မှာ အဘွားက ၀င်ပြိုင်နေတုန်း အဘိုးနဲ့ တွေ့တာ။
သူ 'က' နေတာမြင်တော့ ငါကြွေ သွားတာပေါ့ကွာ၊ မရရအောင် ယူမယ်လို့ ငါဆုံးဖြတ် လိုက်တယ်'
စကားပြောချင် တဲ့ အကြောင်း ရွာထဲက ကောင်မလေးတစ်ယောက် က တစ်ဆင့် ပြောခိုင်း လိုက်တယ်။ တွေ့တော့ အဘွားက ကောပါလေရောတဲ့။
'ရှင်ဘာပြောချင် လဲ၊ ပြောလေ၊ ရှင်ဘာလိုချင်လို့လဲ မေးတော့'
'မင်းကို ငါလက်ထပ်ချင်လို့' ဆိုပြီး စွတ်တင်လိုက်တယ်တဲ့။
ခုတော့ အဘိုးနဲ့အဘွားဟာ သူတို့သမီးအလှည့်မှာ ဘယ်လို ဆုံးဖြတ်ကြမှာပါလိမ့်။
ခြောက်လကြာမှ သဘောသူသတဲ့။ အဖေနဲ့အမေ လက်ထပ်ပြီး တစ်နှစ်အကြာမှာ ကျွန်တော့်အစ်မ အင်နီ ကို မွေးပါတယ်။ အဲ့ဒီအချိန်အထိ ကျွန်တော့်အဖေကို လူတွေက ဘုန်းတော်ကြီးလို့ ခေါ်ကြတုန်းပါပဲ။
ဒါပေမဲ့ အဖေက အသောက်တော့ မလျှော့ဘူး။ အရက်နံ့ တထောင်းထောင်းနဲ့မူးမူးပြန် လာတာကို ကြာတော့ အမေက စိတ်ပျက်လာတယ်။ မကြာခဏ စကားများကြတယ်။ ခေတ်ကြီးက ကြာလေ ဆိုးလေ ဖြစ်လာတယ်။ အဖေရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ထောင်ထဲမှာ သေတဲ့လူတွေ သေကုန်တယ်။ တချို့ ဘယ်ရောက် သွားမှန်း မသိဘဲ ပျောက်သွား ကြတယ်။
အဖေ့သူငယ်ချင်း ကာဖူးတစ်ယောက် ကာလသားရောဂါ ရလာတယ်။ အရက်ဆိုင်တကာမှာ တွေ့နိုင်တဲ့ လမ်းပေါ် က မိန်းကလေးတွေဆီက ရတဲ့ရောဂါ။ မကြာခင် ကာဖူးသေသွားတယ်။ နောက်တစ်ယောက်က အရက်ဆိုင်မှာ မိန်းမကိစ္စနဲ့ အရိုက်ခံရပြီး သေသွားတယ်။
'ဒိုဝါ' မှာ နာမည်ကျော် ဓမ္မဆရာဂျေဂျေချီကန်စီနိုရှိတယ်။ ဆရာဂျေဂျေက အဖေ့ဆိုင်မှာ ၀ယ်နေကျ ဖောက်သည် အဖေ့ဆီမှာ ဆန်လာဝယ်ရင် နှစ်ယောက်သား စကားပြောဖြစ်ကြ တယ်။ တစ်နေ့မှာ အဖေ့ မျက်နှာ ကို စိမ်းစိမ်းကြည့်ပြီး ဓမ္မဆရာက ပြောတယ်။
'ကမ္ကြမ္ဘာ'
'ဟုတ်ကဲ့၊ အမိန့်ရှိပါ ဆရာ'
'ဘုရားသခင်က မောင်ရင့်လို ချစ်တယ်ဆိုတာ သိလား၊ ကိုယ်တော် အရှင် စိတ်ပျက်အောင် မောင်ရင်လုပ်နေတယ်။ ဘုရားသခင်က မောင်ရင့်ကို လက်ခံဖို့ အသင့်ပဲ။ သူ့ဘက်ကို မျက်နှာမူဖို့ ကိုယ်တော်အရှင် မျှော်လင့်တော် မူနေတယ်'
'ကျေးဇူးတင်ပါတယ် ဆရာ၊ ခုလို ပြောဖော်ရတဲ့အတွက်'
အဖေက ၀တ်ကျေဝတ်ကုန် ပြန်ပြောလိုက်ပါတယ်။
ဒါပေမဲ့ အဖေက အရက်ဆိုင်သွားမြဲ၊ မူးမြဲပါပဲ။ တစ်နေ့မှာ သူ့ကိုစိန်ခေါ်တဲ့ လူတစ်ယောက်နဲ့ တိုက်ခိုက်ရာ မှာ သူလက်လွန်သွားတယ်။ ဟိုလူက မသေရုံတမယ် ခံလိုက်ရတယ်။ အဲ့ဒီမှာ အဖမ်းခံရတယ်။
'ဟိုလူ သေမလား ရှင်မလားမသိဘူး။ ခင်ဗျားကို မဖမ်းလို့ မဖြစ်တော့ဘူး' လို့ ရဲက ပြောတယ်။
မစ္စတာကာဘီဆာလို့ ခေါ်တဲ့ အဖေ့ဆိုင်မှာ ၀ယ်နေကျ အသင်းတော်က အရာရှိတစ်ယောက် အချုပ်ခန်းထဲ ရောက်လာပြီး ပြောတယ်။
'ခင်ဗျားဗျာ၊ ကျွန်တော်အကြိမ်ကြိမ်သတိပေးပါရက်နဲ့၊ တစ်နေ့မှာ ခင်ဗျား လူသတ်မှု ဖြစ်လိမ့်မယ်၊ ဒါမှ မဟုတ်ခင်ဗျား အသတ်ခံရလိမ့်မယ်၊ ခင်ဗျားကို ကျွန်တော်ခင်တယ်၊ ခင်ဗျားကို ကျွန်တော်မဆုံးရှုံးပါစေနဲ့ဗျာ၊ ခင်ဗျားအမှုကို ရုံးတင်ကြမှာ၊ ရှုံးရင်ထောင်ကျမှာ၊ ဇာလီကာ ထောင်အကြောင်း ခင်ဗျားသိတယ်နော်၊ ခင်ဗျား အသက်နဲ့ကိုယ် အိုးစားမကွဲ ပြန်ထွက်လာဖို့ လမ်းမမြင်ဘူး'
ဓမ္မဆရာ ဂျေဂျေလိုပဲ မစ္စတာ ကာဘီဆာက အဖေ့ကိုစိုက်ကြည့်နေတယ်။ သူ့နှလုံးသား တစ်နေရာက အညစ်အကြေး တွေကို ရှာဖွေခိုင်းတဲ့အတိုင်းပဲ။ ပြီးတော့ သူစကားဆက်တယ်။
'ခင်ဗျား ကို ထောင်မကျစေရဘူး။ ကျွန်တော် ဒီအမှုကို တတ်နိုင်သမျှ လိုက်ပေးမယ်၊ နိုင်အောင် လုပ်ပေးမယ်၊ ဒါပေမဲ့ ခင်ဗျား ကတိတစ်ခု ပေးရမယ်'
'ဟုတ်ကဲ့၊ ပေးပါမယ်'
'ဘုရားသခင်ဘက်ကို ခင်ဗျား မျက်နှာမူပါ'
အဖေက ကတိပေးလိုက်တယ်။ အမှုနိုင်တော့ ထောင်ထဲမ၀င်ရတော့ဘူး။ ကာဘီဆာကို ပေးထားတဲ့ ကတိအကြောင်းတွေးပြီး အဖေ ဇဝေဇ၀ါဖြစ်နေတယ်။ စိတ်ရှုပ်နေတယ်။
အဲ့ဒီညမှာ သူ အိပ်မက်မက်နေတယ်။ အိပ်မက်ထဲမှာ အရာတိုင်းကို အမှောင်ထုကြီးက ဖုံးလွှမ်းထားတယ်။ အရမ်းကြောက်လာပြီး အိပ်ရာက နိုးအောင်လုပ်လို့လဲ မရဘူး။ ဘာမှ မမြင်ရတော့ မျက်စိတွေ ကန်းသွားပြီ လို့ ထင်လိုက်တယ်။ အဲဒီမှာ ကောင်းကင်က အသံထွက်လာတယ်။ 'သင့်ပတ်ဝန်းကျင်က သင့်ကို ဖျက်ဆီး နေတယ်။ ငါဘုရားသခင်ကို အာရုံပြုလော့အသင်လူသား'
နိုးလာတော့ အဖေက ကြောက်လွန်းလို့ ငှက်ပေါက်စကလေးတစ်ကောင် လို တဆတ်ဆတ် တုန်နေတယ်။ ဒီအိပ်မက် နဲ့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းကြားခဲ့ရတဲ့ ဘာသာရေးအဆုံးအမတွေကို သူ မျက်ကွယ် မပြုနိုင် တော့ဘူး။ အမေ့ကို ချက်ချင်းနှိုးပြီး ပြောတယ်။
'အဂ္ဂနက်စ်၊ ငါဘုရားဖတ်တာ့မယ်၊ ငါ့ကို နိမိတ်တွေ ပြနေပြီ။ အချိန်ရောက်ပြီထင်တယ်'
အဲ့ဒီနေ့မှာ ဈေးကို တန်းမသွားဘဲ ဘုရားကျောင်းဝင်ပြီး ဓမ္မဆရာ ဂျေဂျေနဲ့ တွေ့တယ်။
'ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ ဆရာ'
အမေ မယုံနိုင်လောက်အောင် အဖေ ပြောင်းလဲသွားပါတော့တယ်။ ပိုက်ဆံပိုရှာလာတယ်။ အိမ်ကို ပို ဂရုစိုက် လာတယ်၊ ကလေးတွေကိုလည်း ပိုဂရုစိုက်လာတယ်။ အမေက မယုံကြည်နိုင် သေးဘဲ အဖေ အိမ်ပြန် လာတိုင်း 'လာစမ်းပါဦး' လို့ ခေါ်ပြီး ပါးစပ် ကို နမ်းကြည့်သေးတယ်။
ဆက်ရန်
.

1 comment:
ဖတ်ပြီးကြောင်းပါ။
Post a Comment