အဲဒီအတွက် ရွာသားတွေ သုံးရက်တိတိ အောင်ပွဲခံတယ်။ လူသတ်ကောင်ကြီးကို အောင်နိုင်တဲ့အတွက် သည်အောင်ပွဲ ကို အနယ်နယ် အရပ်ရပ်က လာပြီး ပါဝင်ကြတယ်။ ပျော်ပွဲရွှင်ပွဲ အထွတ်အထိပ် ရောက်နေချိန် မှာ အကြီးအကဲက မွာစီကို တောင်ထိပ်ခေါ်သွား ပြီးသူအုပ်ချုပ်တဲ့ နယ်မြေကို ပြတယ်။ အဲဒီ တောင်တန်းကြီး ကို မာလ၀ါညဉ်ဂျီ လို့ခေါ်တယ်။ အဓိပ္ပာယ်က စားလို့ရတဲ့ ယင်ကောင်များ ရဲ့ ကျောက်ဆောင် လို့ အဓိပ္ပာယ် ရတယ်။
အဲဒီကျောက်ဆောင်ပေါ်မှာ ရပ်ပြီး အကြီဲးအကဲက အောက်ဘက် လွင်ပြင် တစ်နေရာကို လက်ညှိုး ညွှန်ပြတယ်။ မြက်ခင်းစိမ်းစိမ်းတွေ တပြန့်တပြော နဲ့ ဧရာမလွင်ပြင်ကျယ်ကြီး။
ငါတို့တွေကို ဒုက္ခပေးနေတဲ့ သတ္တ၀ါကြီးရဲ့ ရန်ကို နှိမ်နင်းပေးတဲ့အတွက် မင်းကို ငါဆုချမယ်။ တောင်တန်း ရဲ့ အဲဒီမြေ ကို မင်းအုပ်ချုပ်ပေတော့။
မွာစီက လီလွန်းဂွေကို ပြန်လာပြီး မိသားစုတွေကို ခေါ်လာခဲ့တယ်။ သိပ်မကြာခင်အတွင်း မွာစီဟာ အင်အား တောင့်တင်းပြီး ချမ်းသာကြွယ်ဝ တဲ့ နယ်ကြီးတစ်ခုဖြစ်လာခဲ့တယ်။ ပြောင်း နဲ့ တခြား ကောက်ပဲ သီးနှံ တွေ အလျှံပယ် ထွက်တဲ့ နယ်ကြီးတခုဖြစ်တယ်။ သူ့လူမျိုးတွေဟာ သန်မာ ထွားကျိုင်း ကြတယ်။ သူ့စစ်သား တွေဟာ အားကောင်းမောင်းသန်တွေချည်းမို့ အခြားလူမျိုးစုတွေ က ကြောက်ရွံ့ကြ ရတယ်။
အဲဒီအချိန်လောက်မှာပဲ တောင်ဖရိကဘက် က ဇူလူးဘုရင် ရဲ့ နယ်နိမိတ်ထဲမှာ ပြဿနာတွေ ရှုပ်လာ တယ်။ ဇူးလူးဘုရင် ရဲ့ ဆာခါစစ်တပ်ကြီးဟာ သွေးချောင်းစီးတိုက်ပွဲတွေ ဆင်ပြီး အခြားလူမျိုးစုတွေကို တိုက်တယ်။ အဲဒီမှာ လူတွေ အထိတ်တလန့်ဖြစ်ပြီး သန်းနဲ့ချီထွက်ပြေးခဲ့ကြတယ်။ အဲဒီလူမျိုးစုထဲမှာ ''ငိုနီ'' တွေပါတယ်။
ငိုနီတွေဟာ လနဲ့ချီပြီး ထွက်ပြေးခဲ့ကြရတယ်။ ချီဝါနယ်ထဲရောက်မှ သူတို့ရပ်ပြီး အခြေချကြတယ်။ ချီဝါ တစ်နယ်လုံး က မြေသြဇာကောင်းတယ်၊ မြေကြီးမှာ အမြဲတမ်းအစိုဓာတ်ရှိနေတယ်။ ဒါပေမဲ့ သူတို့တတွေ ဟာ တစ်နေရာ ထဲမှာ အတည် တကျ နေတတ် တဲ့ လူတွေ မဟုတ်တဲ့ အတွက် မကြာခဏ အငတ်ဘေး နဲ့ ကြုံရတယ်။ အဲဒီအခါ မွာစီအကြီးအကဲဆီမှာ အကူအညီတောင်းတယ်။ မွာစီကလည်း သူတို့ကို စောင့်ရှောက် တယ်။ ဆိတ်တွေ၊ ပြောင်းဆန်တွေ ထောက်ပံ့တယ်။
အဲဒီလို ပေးကမ်းစွန့်ကျဲတဲ့ နေ့တစ်နေ့မှာ ငိုနီအကြီးအကဲက သူ့လူတွေကို မေးတယ်။
''ဒီလို စားကောင်းသောက်ဖွယ်တွေ အမြဲတမ်းရနေအောင် တို့ဘယ်ကို လုပ်ကြမလဲ''
’ချီဝါ တွေကို ရှင်းပစ်ပေါ့  လို့ တစ်ယောက်က အကြံပေးတယ်။
ဒီလိုနဲ့ ငိုနီလူမျိုးစုကို အကြီးအကဲ ''န၀မ်ဘီ''က ခေါင်းဆောင်ပြီး' စားလို့ရတဲ့ ယင်ကောင်များရဲ့ ကျောက်ဆောင်' ကို သိမ်းပိုက်ဖို့စီမံတယ်။ ဒါပေမဲ့ အကြီးအကဲမွာစီက မှော်အတတ်မှာ တစ်ဖက်ကမ်း ခတ်တယ်ဆိုတာ သူတို့မသိဘူး။
တစ်နေ့ မနက်ခင်းပိုင်းမှာ ငိုနီ တွေက တိရစ္ဆာန်အရေတွေ ခြုံပြီး ဒိုင်တွေ လှံတွေ ကိုယ်စီနဲ့တောင်ပေါ်ကို ချီတက် လာကြတယ်။ ဒါပေမဲ့ မွာစီရဲ့စစ်သားတွေက သူတို့ကို အဝေးကြီးက လှမ်းမြင်နေရတယ်။ တောင်ပေါ် လည်း သူတို့တက်လာရော ချီဝါစစ်သား တွေရော မွာစီလူတွေပါ အားလုံးမြက်ပင်တွေဖြစ်သွား ကြတယ်။ အနားရောက်လာမှာ ကျူးကျော်လာသူတွေကို ဓားတွေ လှံတွေနဲ့ တစ်ယောက်မကျန် သတ်ပစ် လိုက်ကြတယ်။ အဲဒီကစပြီး ''စားလို့ရတဲ့ ယင်ကောင်များရဲ့ကျောက်ဆောင်''ကို ''နူဂုယာန၀မ်ဘီ'' လို့ နာမည် ပြောင်းလိုက်တယ်။ အဓိပ္ပာယ်က ''န၀မ်ဘီ သေချင်းဆိုးနဲ့ သေတဲ့နေရာ''ပေါ့။ သည်တောင် တန်း ဟာ ဒီနေ့ ကျွန်တော်တို့ရွာနားက ကာစန်ဂူမြို့ကို အရိပ်ထိုးနေတဲ့ တောင်တန်းပေါ့။
ဒီဇာတ်လမ်းဟာ ရာစုနှစ်ပေါင်းများစွာ တည်နေမြဲနေခဲ့တယ်။ ကျွန်တော်အဖေကလည်း သူ့ဘိုးဘွားတွေ ဆီက ကြားဖူးခဲ့တာပေါ့။ ကျွန်တော်အဖေရဲ့အဖေ၊ ကျွန်တော်အဘိုးဟာ အသက်ကြီးပြီ။ သူဘယ်နေ့မွေး တယ်ဆိုတာ မမှတ်မိတော့ဘူး။ သူ့အသားအရေဟာ ခြောက်ကပ်ရှုံ့တွနေပြီ။ သူ့ခြေထောက်တွေဟာ ကျောက်တုံး တစ်တုံး ကို ဆောက်နဲ့ထွင်းထားသလိုပဲ။ သူ့ကိုယ်ပေါ်က ကုတ်အကျီင်္နဲ့ ဘောင်းဘီဟာ သူ့ထက် အသက်ကြီးတယ်။ ဒီတော့ အဖာတစ်ရာနဲ့ ဖြစ်နေပြီ။ အဲဒီအ၀တ်အစား တစ်စုံဟာ သူ့ကိုယ်ပေါ် မှာ သစ်ပင်ကြီးတစ်ပင် ရဲ့အခေါက်တွေလိုပဲ။ အဘိုးက ပြောင်းဖူးဖက်ထဲ ဆေးရွက်ကြီး ဖွာပြီး ပြောင်းဖူးအ ရက် သောက်တယ်။ သိပ်ပြင်းတဲ့အရက်ပေါ့။ ကိုယ်ခံအားနည်းတဲ့လူတွေသောက်ရင် မျက်စိကန်းသတဲ့။
အဘိုးက ကျွန်တော်ဆီကို တစ်လ တစ်ခေါက်၊ တစ်ခါတလေ နှစ်ခေါက် ရောက်လာတတ်တယ်။ ဒီ ဦးထုပ်နဲ့၊ ဒီကုတ်အကျီကြီးနဲ့ပါပဲ ။ ပါးစပ်ထဲ ကိုက်ထားတဲ့ ဆေးပေါ့လိပ်ကြီးက မီးခိုးတလူလူ နဲ့။ သူ သစ် တောထဲက ထွက်လာရင် သစ်ပင်ကြီးတစ်ပင် ခြေထောက်ပေါက်ပြီး လမ်းလျှောက်လာသလိုပဲ။
အဘိုးက သူ့ငယ်ဘ၀အကြောင်းတွေ ပြန်ပြောပြတတ်ပါတယ်။ အချိန်ကာလ အမျိုးမျိုး၊ နေရာဒေသအမျိုး မျိုး နဲ့ နောက်ခံဇာတ်လမ်းတွေကို ကျွန်တော်တို့ နားထောင်ရတတ်ပါတယ်။ သစ်တောတွေကို အစိုးရက မခုတ်ခင်ပေါ့။ အစိုးရ ပြောင်းခင်းတွေ၊ ဆေးခင်းတွေ မပေါ်ခင်ကပေါ့။ အဲဒီတုန်းက သစ်တောတွေ ဘယ် လောက်နက် သလဲဆိုရင် လူတွေ တောထဲရောက်သွားတဲ့အခါ အရှေ့အနောက် တောင်မြောက်ပျောက် ကွယ်သွားပြီး မျက်စိလည်တတ်ကြတယ်တဲ့။ ဒီတော့ နေပြောက်မထိုးအောင် မည်းမှောင်နေတော့တာပေါ့။ တောဟာ တိရစ္ဆာန်တို့ရဲ့ ပိုင်စားမြေပဲ။ သမင် ဒရယ် ချေငယ် စိုင် ဆိတ်တွေ ကျားသစ်တွေကလည်း ပေါမှ ပေါ။ သူတို့ ကတော့ သိပ်ကြောက်စရာကောင်း တဲ့ တောရိုင်းတိရစ္ဆာန်တွေပေါ့။
အဘိုးငယ်ငယ်ကလေးမှာ သူ့အဘွား ခြင်္သေ့ကိုက်ခံရပါတယ်။ တောစပ်က ယာတောထဲမှာ အလုပ်လုပ် နေတုန်း ခြင်္သေ့ဝင်ဆွဲတာပါ။ မျောက်တွေကို ခြောက်ရင်း လှန့်ရင်း ပျိုးနုတ်နေတုန်း ခြင်္သေ့မက ခုန်အုပ်ပြီး ဆွဲသွားတာ။ အဘွားအော်သံကြားတော့ ရွာသားတွေ စည်တွေ၊ သံပုံးတွေ တီးတယ်။ ဒါပေမဲ့ ချက်ချင်း လှုပ်ရှားတာ မဟုတ်ဘူး။ လူစုရသေးတယ်။ ပြီးတော့ စည်းနဲ့ဝါးနဲ့ တီးကြတာ။ ကကြခုန်ကြရဦးမှာကိုး။ ပထမ နရီစည်းမျိုး၊ နောက်မှ စည်းသွက်နဲ့ ဗုံချက် မြန်လာတယ်။ ဒီတော့မှ အရေးပေါ်တီးကွက်ဝင်လာ တယ်။ ဒါကို ''မဆဒါသွေ''တီးကွက်လို့ ခေါ်တယ်။ ''ဘာမှမမေးနဲ့၊ မြန်မြန်ထွက်ကြ''ဆိုတဲ့ အဓိပ္ပာယ်။ ၉၁၁ ဆိုတဲ့ နံပါတ်ကို ဖုန်းဆက်တာနဲ့ အတူတူပဲ။ ဒါပေမဲ့ ရဲတွေရောက်မလာဘူး။ ရွာသားတွေ ထွက်လာကြတယ်။
အဲဒီတော့မှ ကလေးတွေပါမကျန် မြားတွေ၊ လှံတွေ၊ ဓားတွေနဲ့ ရောက်လာကြတယ်။ ဒါပေမဲ့ သိပ်နောက် ကျသွားပြီ။ ခြင်္သေ့ ကို သူတို့လှမ်းမြင်လိုက်ကြတယ်။ နွားမတစ်ကောင်လောက် ရှိတယ်တဲ့။ ခြင်္သေ့က အဘွား ကို ဆူးခြုံတွေထဲ ဆွဲယူသွားပြီး အပေါ်ပစ်တင်လိုက်တော့ အဘွားရဲ့ခန္ဓာကိုယ်ဟာ ကြွက်ကလေး တစ်ကောင် လို မြောက်တက်သွားတယ်။ အကောင်ကြီးက နောက်ကလိုက်သွားတဲ့ လူတွေကို ထီမထင်တဲ့ ပုံစံနဲ့ သွားဖြဲပြီး ထိတ်လန့်တုန်လှုပ်ချင်စရာ အသံကြီးနဲ့ ဟိန်းဟောက်သွားသေးတယ်။ ပြီးမှ သားကောင် ကို ပြန် ကောက်ချီပြီး တောထဲဝင်သွားတယ်။ အဘွား ရဲ့ အလောင်း မပြောနဲ့၊ အရိုးအရေတောင် ရှာလို့ မတွေ့ရတော့ဘူး။
အဘိုးက ပြောတယ်၊ လူသားစားဖူးတဲ့ ခြင်္သေ့ဟာ လူသားကလွဲပြီး ဘာမှမစားချင်တော့ဘူး၊ တစ်ရွာလုံး ကုန်လိမ့်မယ်တဲ့။ နောက်တစ်နေ့မှာ အဲဒီတုန်းက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဗြိတိသျှအစိုးရကို အဘိုး သွား အကြောင်းကြားတယ်။ အစိုးရက စစ်သားတွေလွှတ်လိုက်ပြီး ခြင်္သေ့ကို ပစ်ခိုင်းတယ်။ ရတော့ ရွာလယ်ကောင် ကွက်လပ် မှာ အများမြင်နိုင်အောင် ပြထားတယ်တဲ့။
အဲဒီနောက် မကြာခင်မှာ အဘိုးတစ်ယောက်တည်း အမဲပစ်ထွက်တယ်။ တောလည်တယ်ပေါ့။ အဲဒီမှာ မြွေဟောက် အပေါက်ခံလိုက်ရတဲ့ လူတစ်ယောက်နဲ့ သွားတွေ့တယ်။ မြွေက သစ်ပင်ပေါ်မှာ ပုန်းနေတာ၊ လူက ဖြတ်လျှောက်သွားတော့ ခေါင်းတည့်တည့်ကို ပေါက်ချလိုက်တာတဲ့။ သူ့တစ်ကိုယ်လုံး ချက်ချင်း ပြာသွားတယ်။ ပြီးတော့ ချက်ချင်း သေသွားတယ်။ အဘိုးက အနီးဆုံးရွာက လူတွေကို သွားအကြောင်း ကြားရတာပေါ့။ ရွာသားတွေက နတ်ဆရာ ကို ပင့်ပြီး လိုက်လာကြတယ်။
နတ်ဆရာက အလောင်းရဲ့ရင် ဘတ်ပေါ်ကို ခြေတစ်ဖက်တင်လိုက်တယ်။ ပြီးတော့ တောထဲကို သူ့ဆေးတွေနဲ့ လှမ်းပက်တယ်။ ခဏနေ တော့ စိုစွတ်စွတ်မြေကြီးပေါ်မှာ မြွေဟောက်တွေရာချီပြီး ထွက်လာ ကြတယ်။ ပြီးတော့ အလောင်းနားမှာ လာစုပြီး နတ်ဆရာရဲ့မန္တန်ကြောင့် စိတ်ညှို့ခံထားရသလို မြွေတွေ ငြိမ်နေကြတယ်။ အဲဒီမှာ နတ်ဆရာက အလောင်းနဲ့ ရင်ဘတ်ပေါ်ကို ထိုင်ချပြီး မန်းမှုတ် စီရင်ထား တဲ့ ထမင်းရည်တွေ ကို မော့သောက်ချလိုက်တယ်။ ထမင်းရည်တွေ သူ့ခြေထောက်ပေါ်အထိ စီးကျကုန်ပြီ အလောင်း ရဲ့ ရင်ဘတ်ပေါ် ဖိတ်ကျကုန်တယ်။ အဲဒီမှာ သေသူ ရဲ့ လက်ချောင်းကလေးတွေ လှုပ်လာတယ်။ ပြီးတော့ လက်တစ်ခုလုံး လှုပ်ရှားလာတယ်။
''ကျွန်တော် ထ ထိုင်ပါရစေ''
သူ အသက်ဝင်လာပြီး ပထမဆုံးပြောတဲ့ စကား။ သူ ထ ထိုင်တော့ အနားမှာ ၀ိုင်းဝိုင်းလည်နေတဲ့ မြွေဟောက် တွေကို တွေရတယ်။
အဲဒီမှာ သူတို့နှစ်ယောက် မြွေစွယ်တွေကို စစ်ကြတယ်။ ကိုက်တဲ့အကောင်ကို ရှာကြတယ်။ ထုံးစံအရ နတ်ဆရာ က ကိုက်တဲ့မြွေရဲ့ခေါင်းကို ချက်ချင်းဖြတ်တယ်။ မြွေကိုတွေ့တော့ အလောင်းကောင်ဘ၀က အသက်ပြန်ဝင် လာတဲ့လူက မြွေဟောက် ကို သနားလို့ သူ့အသက်ကို ချမ်းသာပေးဖို့ နတ်ဆရာကို တောင်းပန်တယ်။ ဒါနဲ့ နတ်ဆရာ က မြွေဟောက်ကို မသတ်ဘဲ လွှတ်ပေးလိုက်တယ်။ အဲဒီအတွက် နတ်ဆရာ ကို အင်္ဂလိပ်ငွေ သုံးပေါင် ကန်တော့ကြရတယ်။ အဲဒါဟာ အဘိုးနဲ့မျက်မြင်ကိုယ်တွေ့တဲ့။
အဖေငယ်ငယ်က ကျွန်တော်အဘိုးနဲ့အတူ အမဲပစ်ထွက်ဖူးတယ်။ အဲဒီတုန်းကလည်း တောလည်ရတာ အန္တရာယ် များတာပဲ။ တောထဲ မ၀င်ခင် သက်ဆိုင်ရာ တောပိုင် တောပိုင်တွေကို ပူဇော်ပသရတယ်။ အဖွဲ့နဲ့ တောလည်ရင် တစ်ယောက်ကို ခေါင်းဆောင်တင်ရတယ်။ အဲဒီခေါင်းဆောင်က ဘယ်အချိန်မှာ ဘယ်အရပ် ကို ထွက်ရမယ်ဆိုတာ ဆုံးဖြတ်ရတယ်။ တောကောင်ရလို့ ဝေစုခွဲကြရင် ခေါင်းဆောင်ကို နောက်ပိုင်း တစ်ပိုင်း ပေးရတယ်။ အမြဲတမ်းလိုလို ခေါင်းဆောင်လုပ်ရသူကတော့ ကျွန်တော်အဘိုးပဲ။
တောမလည်ခင် တစ်ရက်မှာ ခေါင်းဆောင်လုပ်မယ့်လူဟာ မိန်းမနဲ့အတူ မအိပ်ရဘူး။ တစ်ခန်း ထဲမှာ တောင် အတူမနေရဘူး။ အဲဒီညမှာ သူကောင်းကောင်း အနားယူရတယ်။ ဒါမှ သူ့စိတ်တွေ ကြည်လင်နေပြီး ခန္ဓာကိုယ် ဖျတ်လတ်နေရမှာကြောင့်ပဲ။ ခေါင်းဆောင်က ပြောင်းဖူးအနီ တွေကို ဆေးမြစ်တွေနဲ့ ရောပြုတ်ပြီး တောလည်မယ့် မနက်မှာ ကျန်တဲ့ မုဆိုးတွေကို ဝေပေးရတယ်။ဒါကလည်း မှော်အတက်တစ်မျိုးပဲ။ ဒီလိုလုပ် မှ အန္တရယ် ကင်းတယ်လို့ အားလုံးယုံကြည်ကြတယ်။
မုဆိုးတွေက သူတို့တောလည်ရာက ပြန်မရောက်မချင်း သူတို့ မိန်းမ တွေကို အိမ်ထဲမှာတင်နေပြီး အပြင် မထွက်ဖို့ မှာခဲ့ကြတယ်။ မိန်းမတွေ အိမ်မှာ အိပ်နေရင် တောကောင်တွေလည်း အိပ်နေတတ်လို့ သူတို့ အယူ ရှိတယ်။ အဲဒီအခါ သားကောင် ကို လွယ်လွယ်ကူကူ ဖမ်းလို့ရတယ်ပေါ့။
တောထဲကို ဖြတ်လျှောက်သွားတဲ့အခါ ကျွန်တော် ဘာမှ မကြောက်ဘူး။ မြွေဟောက်လည်း မကြောက် ဘူး။ ခြင်္သေ့ လည်း မကြောက်ဘူး၊ ဘာပြုလို့လဲ ဆိုတော့ သားရဲတိရစ္ဆာန်တွေ မရှိကြတော့လို့ပါပဲ။ ဒါပေမဲ့ အန္တရာယ် တွေကတော့ရှိနေတုန်းပါပဲ။ ကွင်းပြင်ထဲက သစ်ပင်ကြီးတွေမှာလည်း တစ္ဆေတွေ ရှိနေတုန်းပါပဲ။ သူတို့ အချင်းချင်း ၀မ်းနည်းပက်လက် တီးတိုးစကား ဆိုနေကြသလိုပဲ။ တောထဲမှာ ကျွန်တော် အကြောက်ဆုံး ကတော့ 'ဂူလီဝမ်က လူ' လို့ခေါ်တဲ့ တစ္ဆေကခြေသည်တွေပါပဲ။ သူတို့အဖွဲ့တွေက ထင်ထင် ပေါ်ပေါ် မနေဘူး။
သူတို့တွေကို အကြီးအကဲက အသုဘအခမ်းအနားတွေကျမှ ဖိတ်တယ်၊ ချီဝါလူငယ်ကလေးတွေ လူပျိုဖြစ်တဲ့ အခမ်းအနား မျိုးတွေမှာ ဖိတ်တယ်။ "ဂူလီဝမ်ကလူ" တွေက ကျွန်တော်တို့ ဘိုးဘွား ဘီဘင်တွေရဲ့ ၀ိညာဉ်တွေလို့ ပြောကြတယ်။ သူတို့ရှင်ပြန် ထမြောက်လာပြီး ကမ္ဘာမြေအနှံ့ လျှောက်သွားနေကြတယ်တဲ့။ သူတို့ ဟာ လူစင်စစ်တော့ မဟုတ်ဘူး။ တိရစ္ဆာန်ကောင်တွေရဲ့ အရေတွေ ခြုံပြီး သူတို့မျက်နှာတွေပါ တိရစ္ဆာန်ရုပ် တွေ ပေါက်လာတယ်။ တချို့က တစ္ဆေရုပ်တွေ၊ တချို့က ငှက်မိစ္ဆာရုပ်တွေ။
သူတို့တစ်တွေ ကပွဲလုပ်ပြီဆိုရင် ဘယ်သူမှ အနားမသွားရဲဘူး။ အဝေးကပဲ ကြည့်ကြရတယ်၊ သူတို့ ဟာ ကြောက်စရာကောင်းတဲ့ အသံမျိုးစုံကို ရင်ကွဲမတတ် အော်ပြီး အကမျိုးစုံ ကကြတယ်။ တစ်ယောက်ဆို သစ်စေးပင်ကြီး အပေါ်ရောက်အောင် ဇောက်ထိုးတက်သွားတာ ကျွန်တော် တွေ့ဖူးတယ်။ ပင့်ကူ တစ်ကောင် အတိုင်းပဲ။ သူတို့ နတ်ပူးပြီး ကပြီဆိုရင် သူတို့တစ်ယောက်စီရဲ့ ကိုယ်ထဲမှာ ၀ိညာဉ် တစ်ထောင် လောက် ၀င်နေသလိုပဲ။
မကတဲ့အချိန်မှာ "ဂူလီဝမ်ကလူ" တွေဟာ တောတောင် လျှိုမြောင်ထဲမှာ လျှောက်သွားနေပြီး လူငယ်လေးတွေ တွေ့ရင် သင်္ချိုင်းကို ခေါ်သွားတယ်တဲ့။ ခေါ်သွားပြီး ဘာလုပ်တယ်ဆိုတာတော့ ဘယ် သူမှ မသိဘူး။ သိလည်း မသိချင်ဘူး။ သူတို့အကြောင်း ပြောရတာကိုက နိမိတ် မကောင်းဘူး။ အကြီးအကဲနဲ့က လွဲပြီး ဘယ်သူနဲ့မှ သူတို့ စကားမပြောဘူး။ ဒီတော့ လူတွေ ပိုကြောက်ကြတာ ပေါ့။ သူတို့ရွာထဲ ၀င်လာပြီ ဆိုရင် မိန်းမတွေ။ ကလေးတွေ လုပ်လက်စ အလုပ်တွေ ပစ်ထားခဲ့ပြီး ထွက်ပြေးကြတော့တာပဲ။
ကျွန်တော် ခပ်ငယ်ငယ်အရွယ်မှာ ကျွန်တော်တို့ ခြံထဲကို တစ္ဆေကခြေသည်တစ်ယောက် ၀င်လာ တယ်။ သူ့ပါးစပ်က ကြက်မ လို တွန်တယ်။ မြွေလိုလည်း တွန်ပြတယ်။ မျက်နှာကို ဂျုံအိတ်စွပ်ထား ပြီး ပါးစပ်နဲ့ နှာခေါင်း နေရာ၊ မျက်လုံးနှစ်လုံး နေရာမှာ အပေါက်ဖောက်ထားတယ်။ အဖေနဲ့ အမေက ယာထဲ ဆင်းနေတော့ ကျွန်တော်တို့ မောင်နှမတွေချည်း အိမ်မှာ ရှိနေချိန်ပေါ့။ မောင်နှမတစ်တွေ ကြောက်ကြောက် နဲ့ တောထဲကို စွတ်ပြေးလာခဲ့တယ်။ အဲဒီ မကောင်းဆိုးဝါး ဘာလုပ်လဲ သိလား။ ကြက်ခြံထဲက ကြက်တွေ ခိုးသွားတယ်။
(မြည်းတွေကတော့ သူတို့ကို မကြောက်ဘူး၊ သူတို့ကို မြင်ရင် သဲသဲမဲမဲ လိုက်ပြီး ကန်တယ်၊ ဘာကြောင့်လဲဆိုတာ ကျွန်တော် မသိဘူး၊ မြည်းတွေ သတ္တိကောင်းတာတော့ အမှန်ပဲ)
ကျွန်တော် မိတ်ဆွေမြည်းတွေလို သတ္တိရှိဖို့ တောထဲ ဖြတ်တိုင်း ကျွန်တော် သတ္တိမွေးပါတယ်။ အန္တရာယ်ကို ရင်ဆိုင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အဲဒီ စုန်းတွေ ကဝေတွေကို သူတို့ရဲ့ ပင်ကို ပုံသဏ္ဍာန်အတိုင်း မမြင်ရတော့ ခက်တာပေါ့။ သူတို့က သူတို့ရဲ့ အတတ်ပညာနဲ့ အမျိုးမျိုး လုပ်ပြ တတ်တယ်တဲ့။ ပေနှစ်ဆယ် လောက်မြင့်တဲ့ ထိပ်ပြောင်ပြောင် လူနှစ်ဆယ်လောက် စုဝေးသွားနေ တာ မြင်ရတဲ့လူတွေ ရှိတယ်တဲ့။ ညညဆို တစ္ကေားတွေ ဖြတ်မောင်းသွးတာလည်း မြင်ရတဲ့ လူက မြင်တယ်။ စက်ကုန်ဖွင့်ပြီး ရှေ့မီးတွေ တအား ထိုးပြီး မောင်းသွားတာတဲ့။ ဒါပေမဲ့ သူတို့ ဖြတ်မောင်း သွားပြီးလို့ လမ်းပေါ်ထွက်ကြည့်ရင် ကားဘီး ရာ မကျန်ရစ်ဘူးတဲ့။ ကားသံတွေကတော့ မနက်မိုးလင်းတဲ့အထိ ဆူညံနေတယ်တဲ့။
သူတို့ လွှတ်ထားတဲ့ ခွေးအတွေ ရွာထဲဝင်လာရင် ဓားထက်ချွန်တဲ့ သူတို့ရဲ့ သွားတွေနဲ့ ဆိတ်တွေ ကို ဆွဲသွားပြီး စုန်းတွေ၊ ကဝေတွေရဲ့ အိမ်တံခါးဝမှာ သွားချထားပေးတယ်တဲ့။ သူတို့ စီးနေတဲ့ ခြင်္သေ့တွေက သူတို့ အကြွေးမဆပ် တဲ့ လူတွေကို ရှာပြီး ကိုက်သတ်သတဲ့၊ မြွေတွေကိုလည်း ကွင်းထဲလွှတ်ပြီး ကြွေးကျန်တဲ့ လူတွေကို ကိုက်ခိုင်းသတဲ့။ မြွေတစ်ကောင် တစ်ကောင် လယ်ထွန် စက်လောက် ကြီးတယ်တဲ့။
စုန်းကဝေအချင်းချင်း မတည့်တဲ့အခါ ပညာပြိုင်တာတွေလည်း ရှိတယ်။ သူတို့ ပြုစုထားတဲ့ ကလေး တွေကို ဟိုဘက်ရန်သူရဲ့ ကလေးတွေနဲ့ ဘောလုံးကန်ခိုင်းတယ်တဲ့။ သူတို့ကန်တဲ့ ဘောလုံးတွေက လူ ဦးခေါင်းတွေ။ နိုင်တဲ့အသင်း ကို လူသားကျွေးသတဲ့။
ပြီးတော့ စုန်းတွေက ကလေးတွေကို ကဝေလေယာဉ်ကြီးတွေနဲ့ ညအခါမှာ ကောင်းကင်ပေါ် ခေါ်သွားပြီး ဇန်ဘီယာတို့၊ လန်ဒန်တို့အထိ တစ်မိနစ်အတွင်း ပို့ပေးတယ်တဲ့၊ သူတို့က လေယာဉ်ပျံ ဖြစ်အောင် အိုးတို့၊ အင်တုံတို့ကို ဂါထာစုတ်လိုက်တာတဲ့။ အဲဒီလို ကလေးတွေကို လေယာဉ်ပျံနဲ့ တင်ခေါ်သွားပြီး သူတို့ရဲ့ ပြိုင်ဘက် စုန်းတွေဆီ ပညာစမ်းတဲ့အနေနဲ့ သတ်ပစ်သတဲ့။ အဲဒီလို ကလေးတွေ သတ်လိုက်ရင် တစ်ဖက်ရန်သူ ဘယ်နှကြိုး အောင်တယ်ဆိုတာ သိနိုင်တယ်တဲ့။
ပီကေဈးသည် နဲ့ ဖြစ်ခဲ့တဲ့ကိစ္စပြီးတော့ နောက်ထပ် သူတို့နဲ့ ပတ်သက်ရမှာ ကျွန်တော် အရမ်း ကြောက်သွားတယ်။ ဒီတော့ ကျွန်တော့်ကိုကျွန်တော် ကာကွယ်ဖို့ စိတ်ကူးရတော့တာပေါ့။ စုန်းတွေ ကဝေတွေဟာ ပိုက်ဆံ ကို ကြောက်တယ်ဆိုတာ ကျွန်တော် သိထားတယ်။ ပိုက်ဆံနဲ့ ထိလိုက်ရင် သူတို့ တန်ခိုးတွေ ပြယ်သွားတယ်တဲ့။ သူတို့ ဖန်ဆင်းထားတဲ့ အရာဝတ္ထုကနေ လူပြန်ဖြစ်သွားရော တဲ့။ လူဖြစ်တာ မှ ကိုယ်လုံးတီးကြီး ဖြစ်သွားတာတဲ့။ ဒါကြောင့် လူတွေက သူတို့ အိမ်တွေ၊ အိပ်ရာ တွေမှာ ပိုက်ဆံတွေ ကပ်ထား တတ်ကြတယ်။
နောက်ကာကွယ်နည်း တစ်နည်းက မအိပ်ခင် အိပ်ရာခြေရင်းမှာရပ်ပြီး ၀ိညာဉ်သန့်ရှင်းအောင် ဘုရားရှိခိုး ရမယ်။ ဒါကိုလည်း ကျွန်တော် မပြတ်လုပ်တယ်။ ဘုရားရှိခိုးတဲ့ အိမ်တွေပေါ်ကို စုန်းလေယာဉ်တွေ ဖြတ် မပျံနိုင်ဘူးတဲ့။
စုန်းလေယာဉ်တွေ ပျံတဲ့အခါ တိမ်မည်းညိုတွေ ဖြတ်ပြေးသလိုပဲတဲ့။
"အဖေ ကျွန်တော့် ကို ပိုက်ဆံနည်းနည်း ပေးပါ။ အိပ်ရာဘေးမှာ ကပ်ထားချင်လို့၊ ညညဆို အိပ်လို့ မရဘူး အဖေ"
အဖေက စုန်းကဝေ ပညာအကြောင်း ကောင်းကောင်းသိတယ်။ ဒါပေမဲ့ လူ့ဘ၀မှာ ဒါတွေကို စိတ်ဝင်စားဖို့ အချိန်မရဘူး။ ဒါကြောင့် သူဟာ ဘယ်သူ့မှ မကြောက်ဘဲ သန်မာထွားကျိုင်းတဲ့ လူကြီး ဖြစ်လာတာ ထင်တယ်။ အဖေနဲ့ အမေက ဘုရားကျောင်း မှန်မှန်တက်တယ်။ ဘုရားသခင် ကို ယုံကြည်ကြတယ်။ အဲဒါဟာ မကောင်းဆိုးဝါးရန်က အကောင်းဆုံး ကာကွယ်နည်းလို့ ပြောကြ တယ်။ ကျွန်တော်တို့ကို လူကြီးသူမ တွေ သင်ကြားထားသလောက်ဆိုရင် စုန်းကဝေဆိုတာ သူတို့ကို ကြောက်ပြီး အရှုံး ပေးလိုက်တာ နဲ့ ကိုယ်တိုင်မသိလိုက်ဘဲ သူတို့ သြဇာအောက်ကို ရောက်သွားရောတဲ့။ ဘူးသွင်းခံလိုက်ရသလိုပဲတဲ့။ ကျွန်တော်တို့ကတော့ အဆောင်တွေ လက်ဖွဲ့ တွေကိုလည်း ယုံတယ်။ ကြောက်လည်း ကြောက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မိသားစု က ခရစ်ယာန်တွေဆိုတော့ ဘုရားသခင်ကို ပိုယုံပါတယ်။
အဖေ ခြံစည်းရိုး ပြင်နေတုန်း ကျွန်တော် သွားပြောတာပါ။ သူ့အလုပ်ကို ခဏရပ်ထားပြီး ကျွန်တော့်ကို အေးအေး ဆေးဆေး ရှင်းပြတယ်။
ဆက်ရန်
.

1 comment:
အစ်မရေ
ဖတ်သွားပြီ
စိတ်ဝင်စားဖို့ကောင်းသလို ဗဟုသုတလည်းရတယ်..
Post a Comment