ဗေဒင်ပညာ ကို အနည်းအကျဉ်းလိုက်စားထားသူဖြစ်သည့်အတိုင်း၊ စိတ်ကျဉ်းကြပ်လွန်း၍လာသော အခါ ''ငါက ကုမ်လပ်ပေကိုး၊ ကုမ်လပ်ရဲ့ ပင်ကိုယ်သဘာဝ ကို က ရေထမ်းသမားသဘာဝ၊ ရုပ်ပုံအားဖြင့် တင်ပြထား ပုံကိုကလဲ ရေအိုးလေးကို ပုခုံးပေါ်ထမ်းပြီး မြေကြီးပေါ် ရေသွန်ချပြနေတဲ့ရုပ်ပုံ၊ ကျိုးပန်းသမျှ ပင်ပန်း သမျှ သဲထဲရေသွန်သလို ဖြစ်ရမှာပေါ့လေ''ဟု ကိုယ့်ထွက်ပေါကိုယ့်ဟာကိုရှာပြီး စိတ်ဖြေရ၏။ ''ဒါပေမင့် ငါလုပ်တာ တရားတယ်မဟုတ်လား၊ ဒီအလုပ်မှာ ငါ့ကိုယ်ကျိုး ငါ့အမြတ်ထွက်ဖို့ သူများကို ဒုက္ခ ပေးတာရယ် လို့ တခုမှ မပါပါဘူး၊ ဘယ်သူက စွတ်စွဲစွဲ အပြစ်တင်တင် ငါ့စိတ်ထဲမှာ ငါ့ဟာ ငါရှင်းနေ တဲ့ အတွက် သတ္တိရှိရမယ်လေ''ဟူ၍ ကိုယ့်ကိုကိုယ်ပင် အားပေးရ၏။
သို့သော် မေမေက မှတ်ချက်ချပါသည်။ ဆွေစုမျိုးစုများတဲ့ လူအုပ်ဟာ ဒီလိုဘဲ သမီးအဝေဖန်ခံရ၊ ဒါချည်းဘဲ တကယ်သွေးစပ်ကြစို့ဆို သူတို့ကဆွေမျိုးလောက်တော်ဒါပါ၊ သမီးမှာက အဖေအရင်းခေါက် ခေါက် အဖေကို ဘယ်သူ က သတ်မတဲ့လဲ၊ တို့များ ဒီလိုလက်ပိုက်ကြည့်နေရင်း သူသေသွားပြီး ဆိုကြပါစို့၊ သမီးမှာ ဥာဉ်ကလေး တခုရှိတယ်၊ အတိတ်က လုပ်ခဲ့ပြီး ဒါကိုလဲ နောင်တဖြစ်တတ်ပါဘိသနဲ့၊ တော် ကြာ ငါမကုမိလို့ ငါ့အဖေ သေရလေခြင်း လို့ ဖြစ်အုံးမယ်၊ ဘာဘဲဖြစ်ဖြစ်ပေါ့လေ၊ ကံ,ကံ၏အကြောင်း တရားဆိုဒါရှိပါတယ်၊ သေချင်မှလဲ သေမှာပါ မတော်တဆ သေသွားပြီဆိုကြပါစို့၊ သမီးကို တရားခံလို့ ဘယ်သူက စွတ်စွဲမှာလဲ၊ အပြစ်ရှာပြီး စွတ်စွဲတယ်ဆိုတဲ့ လူတွေက သမီးရဲ့ဖေဖေ့ဝေဒနာကို တညတလေ လာကြည့်ဘူးပါသလား၊ အကြပ်အတည်း ရောက်နေ ဒါကလေးကို အသက်ရှူပေါက်ကလေး ရအောင် အားပေးကူညီခဲ့ဘူးပါသလား၊ ကိုယ့်ကိစ္စ အတွက် ကိုယ်ဟာကိုယ်လုံးပမ်းယင်းကူသွား ဒါက လေးတွေရှိလေမလားတော့ မသိပါဘူးကွယ်။
တော်ပါသေး၏။ ကျမဆုံးဖြတ်ချက်၏နောက်တွင် မေမေတယောက်လုံးရှိနေပေသေးသည်။ ကျမသည် တခါတရံ ကိုယ့်ကိုကိုယ် အယုံအကြည်ရှိချင်မှ ရှိတတ်သော ပြော့ညံ့ချက်အကွက်ကလေးရှိတတ်၏။ မေမေ သာ နောက်ပိုင်းက ရပ်မပေးလိုက်လျှင် ရဲရဲဝံ့ဝံ့စွန့်စွန့်စားစားလုပ်မည့် မိန်းခလေးတယောက် မဟုတ်ပါပေ။
ကဲ... ဖေဖေ့ကို ခွဲစိတ်ကုသတော့မည်ဟူ၍ ဆုံးဖြတ်လိုက်ပြီ။ ထိုဆုံးဖြတ်ချက်မှာ ကျမတို့သားအမိနှစ် ယောက် ခေါင်းဆောင်ပြီး ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်ဖြစ်၏။ ထိုဆုံးဖြတ်ချက်ကို အကောင်အထည် ဖေါ်ဖို့ က လိုသေး၏။
''ရှင့်အနာကို ခွဲစိတ်ကုသဘို့ ဒေါက်တာကြီးပေါက ပြောတယ်၊ မယုက အားလုံးစီစဉ်လာခဲ့ပြီ'' မေမေက လက်ဟန် ခြေဟန်နှင့်ရော စာရေး၍ရော ပြောပြလိုက်၏။
''ဟင့်အင်း ငါ့အနာကို ခွဲမကု နဲ့ တော်ကြာပျောက်သွားမှာ....''
ဖေဖေ သည် ခွဲစိတ်ကုသနည်းဖြင့် ကုသခံရမည်ကို အကြောက်အကန်ပင် ညင်းလိုက်၏။
''အခုတောင် အနာက အနံ့ထွက်နေဘီ၊ သမီးတို့ အခန်းဘက်ကတောင် အနံ့ရတယ်၊ ခွဲစိတ်ကုလိုက်ရ ရင် ခဏကလေး နဲ့ ပျောက်သွားမှာပါ၊ အခုခံလာရဒါ ဘယ်လောက်ကြာဘီလဲ၊ ခုခေတ်ဆေးတွေကလဲ ကောင်းပါတယ်၊ ဒေါက်တာကြီးပေါ ကိုယ်တိုင်ခွဲ မှာ ဘာမှ အားမငယ်နဲ့....''
မေမေ က စာရေးပြရပြန်သည်။
နောက်ဆုံးတော့ ခွဲသည်ဖြစ်စေ၊ မခွဲသည်ဖြစ်စေ၊ အနာကို ဒေါက်တာက ကြည့်လို၍ ဆေးရုံခဏတက် ပြီး ပြပါရန် အနေမျိုး နှင့် ချော့မော့၍ ဆေးရုံတင်ရ၏။
ကျမသည် ညနေတိုင်း ရုံးဆင်းချိန်တွင် ရုံးမှ အိမ်သို့အပြန် ဆေးရုံကြီးထဲသို့ဝင်ပြီး ဖေဖေ့ကို ကြည့်ရ သည်။ ဆရာဝန် ကတော့ ခွဲရမည်ဟု အတိအကျဆုံးဖြတ်လိုက်ပါသည်။ သွေးအားအလွန်နည်းနေ၍ သွေးသွင်း ဘို့လိုကြောင်း လည်း ပြောပြပါသည်။ ထိုစဉ်က ငွေတန်ဘိုးဖြင့် သွေးတပုလင်း သုံးဆယ့်ငါး ကျပ်ဖြစ်သည်။ ကျမ သည် တညနေတွင် ''ခွဲစိတ်ကုသဘို့ အားလုံးအဆင့်သင့်ဖြစ်ပြီးဖြစ်ကြောင်း၊ သွေး ဘိုးငွေ သုံးဆယ့်ငါးကျပ် ကိုလည်း ပေးပြီးကြောင်း၊ သွေးအားကောင်းနေလျှင် ခွဲစိတ်ကုသခံရခြင်းမှာ ကြောက်စရာ မရှိကြောင်း''ကို စာတိုစာရှည်ရေးပြရ၏။ စာကိုဖတ်ပြီး၍ ဆုံးလျှင်...။
''အမလေး သွေးတပုလင်းကို သုံးဆယ့်ငါးကျပ်တဲ့လား''ဟု အော်လိုက်ပါ၏။ ဖေဖေ့အော်သံကြောင့် ဘေးကုတင် က လူနာများနှင့် ဧည့်သည်များသည် ကျမတို့သားအဖ ကို ၀ိုင်းဝန်းကြည့်ကြ၏။
''အေး... ပိုက်ဆံ သုံးဆယ့်ငါးကျပ်ကို နှမြောလို့ အခွဲခံဒါလို့ ဒေါက်တာကို ပြောလိုက်...''
ကျမသည် တဖက်ကိုလှည့်၍ ပြုံးမိသည်။
ဖေဖေ့ကို အောင်မြင်စွာ ခွဲစိတ်၍ပြီးပေပြီ။ အသက်နှင့်တကွ ခွဲစိတ်ခန်းထဲမှ ပြန်ထွက်လာချိန်တွင်မူ ဒေါက်တာကြီးပေါ ရော ကျမတို့ပါ ဟင်း-ချမိကြ၏။
နောက်တပတ် ဆေးရုံကြီးလှေခါးထစ်များမှ အတက်တွင် ဒေါက်တာကြီးပေါက ဟက်ဟက်ပက်ပက် ရယ်မောကာ ကျမကို ဆီးကြို၏။ သူ့အနားတွင် သူနာပြုဆရာမလေးများနှင့် ဖေဖေ၏ငယ်တပည့်ဖြစ်ခဲ့ သူ ဆေးရုံကြီး၏စတီးဝပ်ဖြစ်သူ ဦးစောမောင် ရပ်နေသည်။ ဦးစောမောင်မှာ ၀ါးခယ်မမှာ ပညာသင်စဉ် က ဖေဖေ့ တပည့်ရင်းတယောက်ဖြစ်၍ ရန်ကုန်ဆေးရုံကြီးတွင် ပစ္စည်းထိန်းဖြစ်သည်။ ၀ါးခယ်မက လူနာ ဟူသမျှ ဆေးရုံတက် လျှင် အယုတ်အလတ် အမြတ်မရွေး သူကူညီ၏။
ဖေဖေ့ကုတင် ကို ကြည့်လိုက်သောအခါ ဖေဖေ့ကို မတွေ့ရတော့ပေ။ ကျမထိတ်သွား၏။ သို့သော် လည်း စိတ်မလေးမိပါ။ အကြောင်းမှာ ဆရာဝန်က ရယ်မောပြီး အားလုံးမျက်နှာများက ပြုံးနေကြသည် မဟုတ် ပါလား။ ဤသို့ဆိုလျှင် တခုခုကတော့ တခုခုဘဲ။ လေးလေးတခုခုတော့ မဟုတ်တန်ရာ။ ပေါ့ပေါ့ တခုခုသာ ဖြစ်စရာ ရှိ၏။
''ရော့ဟေ့ မခင်ယု.... မင်းအဖေရဲ့ကဗျာ၊ ကဗျာဆရာကြီးမှန်း ခုမှတို့သိတယ်.... ဆေးရုံက ဆင်းချင်လို့ တဲ့၊ လက်မှတ် ထိုးပြီး သူ့ဖာသာသူ ဆင်းသွားလေရဲ့... တို့များနဲ့ ဆေးရုံကြီးကို နှုတ်ဆက်တဲ့အနေနဲ့ ကဗျာတပုဒ် ရေးပြီး ဆရာမလေးတွေ ကို ပေးသွားလေရဲ့... ဖတ်ကြည့်စမ်း...''
ဒေါက်တာကြီးပေါသည် ရယ်မောရင်း ကျမသို့စာရွက်တရွက်ကို လှမ်းပေးလိုက်ပါ၏။ ဆရာမလေးတွေ မှာ ပါးစပ်ကို လက်ကိုင်ပုဝါနှင့်ပိတ်ခါ ခပ်အုပ်အုပ်ရယ်မောနေကြသည်။
စာရွက်ကိုယူပြီး ဖတ်လိုက်သောအခါ သူတို့နှင့်ရောပြီး ရှက်ရှက်နှင့်ပင် ရယ်မိပါသည်။

ဖေဖေ့ကဗျာကား....
''ယောက်ျားအတိက၊
အောက်နားကြည့်လိုက်တော့၊
မရှိ ဖြစ်ရလေတော့သတည်း....''
ဟူသတတ်။
ဘယ့်လောက်များ ပြောင်မြောက်လိုက်ပါသလဲ၊ သာယာပြေပြစ်လိုက်ပါသလဲ၊ ပွင့်လင်းလိုက်ပါသလဲ၊ ကာရန်နဘေ တို့ ၏ ညီညွတ်မှုရှိလိုက်ပါသလဲ၊ ဘာတွေ ဘာသလဲကို ချီးကျူးဘို့ အချိန်ပင်မရတော့ပါ၊ ကျမ ခေါင်းမဖေါ်ရဲသေးပါ။
''အင်မတန် စိတ်ဆောင်တဲ့ဦးကြီး.... သူများတွေသာဆိုယင် ဒါလောက်ခွဲစိတ်တဲ့ဒဏ်ရာ ပြင်းထန်ယင် ဒါလောက်ရက်နဲ့ အိပ်ယာကတောင် မထနိုင်ကြသေးဘူး။ မင့်ဖေဖေကတော့ ဒေါင်ဒေါင်ပြေးနေတာဘဲ.. တခုခု ဖြစ်ယင်သာ ပြန်လာပြောပေတော့ မခင်ယု.... ခုတော့ အိုကေဘဲ၊ သူများတွေတော့ ခြောက်လ ကြာယင် ပြန်လာပြကြရတယ်... အနာက ကင်ဆာသဘောဆန်ဆန် အနာကွဲ့....''
ဒေါက်တာကြီးပေါ က ရှင်းလင်းပြောပြ၏။
ကျမနှင့် ဦးလေးဦးစောမောင်မှာ ဒေါက်တာနှင့်ဆရာမလေးများကို နှုတ်ဆက်ပြီး ဆေးရုံပေါ်မှဆင်းလာ ကြပါသည်။ ဆီးသွားနိုင်ရန်အတွက် အနာအပေါက်တွင် ပိုက်တခုတတ်ပေးလိုက်သည်ကလွဲ၍ ဖေဖေ့ တွင် ယောက်ျားပိုင် သီးသန့်ပစ္စည်းမရှိတော့ပေ။
ဒေါက်တာကြီးပေါ ခွဲစိတ်စဉ်က ၁၉၄၉ ခုနှစ်လောက်မှာပင် ရှိသေးသည်။ ဖေဖေသည် ထိုရောဂါနှင့်ပက် သက်ပြီး ဒေါက်တာကြီးပေါထံ သို့ ပြန်လည်၍ မသွားရတော့ပေ။
သာသနာတော်သက္ကရာဇ် ၁၅၀၀ ပြည့်နှစ်နှင့် အသက် ၆၆
သာသနာတော် သက္ကရာဇ် ၁၅၀၀ ပြည့်သောနှစ်မှာ ရန်ကုန်မြို့သူမြို့သားများအတွက် ကုသိုလ်လည်း အလွန်ရ၍ ကသိကအောက်လည်း နိုင်သောနှစ်ဟူ၍ ဆိုရပေမည်။
ကမ္ဘာအေး လှိုဏ်ဂူတော်တွင် ရှင်သာမဏေ ၁၅၀၀ ရှင်ပြုပွဲဆင်နွဲသည်သာမက ဗုဒ္ဓ၏သာသနာစည်ပင် ထွန်းတောက်နေသော နှစ်ပေါင်း ၁၅၀၀ ပြည့်သော အထိမ်းအမှတ်ပွဲကိုပါ အထူးတလည်ကျင်းပမည် ဖြစ်ရကား နယ်ကလာသောသူများဖြင့် ရန်ကုန်ရှိ အိမ်တိုင်း၊ အခန်းတိုင်းတွင် အိမ်ရှင်ရော၊ ဧည့်သည် ရော နပမ်းလုံးနေကြရသည်။ ရန်ကုန်မြို့ဆိုသည်ကလည်း အရောင်းအ၀ယ် ဗဟိုကျမှု၊ အုပ်စိုးသူများ၏ အာဏာစက် ထုတ်လုပ်ရာ နေရာဖြစ်သည်ကလွဲပြီး နေရေးထိုင်ရေးတွင် အိမ်ခန်းလေးတွေက အပိုအ လိုမရှိ၊ မိမိအိမ်သားနှင့် မိမိ အတိအကျလိုဖြစ်နေ၍ မြန်မာ့လူနေမှုစနစ်၏ အဓိကဖြစ်သော မြန်မာ့စေတ နာ ဘယ်လိုပင်ရှိသည်ဆိုစေကာမူ ဧည့်သည်များအတွက် နယ်မှာလို ပြေလည်စွာနေနိုင်အောင် နေရာ ထိုင်ခင်း စီစဉ် ပေးဘို့အတွက် မလွယ်ပါ၊ ရန်ကုန်အိမ်ရှင်များသည် ဧည့်သည်များ ကသိကအောက်ဖြစ် နေရသည် ကိုကြည့်ပြီး အတော်မျက်နှာပူစရာဖြစ်ခဲ့ရ၏။
ထိုအချိန်တွင် အစိုးရ၏တိုက်ခန်းဖြစ်သော ဆူးလေဘုရားလမ်းရှိ တိုက်ခန်းတခန်းတွင်ပင် ကျမတို့မိ သားစု နေထိုင်လျက်ရှိသေး၏။ ခြံနှင့် ၀င်းနှင့်မဟုတ်သော်လည်း တိုက်ခန်းမှာ အနံ၂၅ပေ၊ အလျားပေ ၅၀ လောက်ရှိ သဖြင့် ဧည့်သည်များလာလျှင် ၂၅ပေ၊ ပေ၂၀လောက်ရှိသော ဧည့်ခန်းတခုလုံးတွင် လေး ငါး ရှစ်ယောက် လောက် တိုးတိုးကြိတ်ကြိတ် တန်းစီအိပ်ပါက အိပ်နိုင်လောက်ပေသည်။
ဧည့်သည် နှင့်ပက်သက်၍ အကြောင်းတခု ပေါ်လာပါသည်၊ ပွဲတော်ရက်မတိုင်ခင် သုံးလေးရက်တွင် ကျမ ရုံးမှ အပြန် အိမ်ဖေါ်ခလေးမလေး မအေးသင်က ဆီးကြို၍ပြော၏။
''ဘဘကြီးရယ်လေ.... ၀ါးခယ်မကို အခုညနေသင်္ဘောနဲ့လိုက်သွားဘီ၊ သင်္ဘောထွက်ချိန်ရောက်မှ နင့်မမကို ပြောတဲ့၊ နို့မို့ရင် လိုက်တားနေမှာ စိုးလို့တဲ့....''
''တားလဲမတားပါဘူး.... ဘာကိစ္စသွားလဲမသိ....''
''မသိဘူး မမယု ရဲ့ နှစ်ရက်ဘဲကြာမယ်လို့ဆိုတယ်''
''အေးအေး ဖေဖေပြန်လာမဲ့ရက်ကြယင်သာ ဦးစံငွေကို ကြိုခိုင်းဖို့မမေ့ကြနဲ့''
ဦးစံငွေ သည် အိမ်တွင် မော်တော်ယဉ်မောင်းပေးနေသူဖြစ်သည်။
ကျမက ဒါလောက်ဘဲပြောနိုင်ပါသည်။ ထိုစဉ်က ကျမတွင် တတ်နိုင်သမျှကလေးနှင့် ချစ်ချုပ်စုပြီး ၀ယ် ထားသည့် ကားလေး ရှိနေပေသေးသည်။ သို့သော် နောက်နှစ်ရက် ဖေဖေချိန်းဆိုထားသောနေ့တွင် ကားနှင့်သွားကြိုရမည့် ဒရိုက်ဘာဦးစံငွေပင် သူ့နေအိမ်မှ ကျမတို့တိုက်သို့ မရောက်ခင် မနက်အစော ကြီး ဖေဖေနှင့် ကျမတို့ဘကြီး (ဖေဖေ့အကိုဝမ်းကွဲ) ဦးဘိုးဥာဏ်နှင့် ဇနီး ဒေါ်ဖွားခင်တို့ ပါလာကြသည်။ သူတို့သည် ၀ါးခယ်မ တဘက်ကမ်း သော်ကရွာဘက်တွင် နေထိုင်ကြပြီး လွှထောင်လုပ်နေသူများဖြစ် ကြ၏။ ဘုရားခန်းအပါအ၀င် ဧည့်ခန်းတွင် နေရာချထားပြီး ကော်ဖီနှင့် မုံ့များပင် ကျွေးပြီးဖြစ်သည်။
ကျမလည်း မီးဖိုခန်းဘက်မှ မျက်နှာသစ်ပြုပြီး ဘုရားခန်းဘက်သို့ ထွက်လာခဲ့၏။ ဘုရားခန်းဟုသာ ဆို ရသည် သီးသန့်အခန်းမဟုတ်ပါ။ ဧည့်ခန်းခေါ် တိုက်၏ရှေ့ဘက်ပိုင်းအခန်း သီမံတလင်းနှင့်တဆက် တည်း ပါတည်း။ ဘုရားရှိခိုးပြီး အဘတို့နှင့် စကားပြောရ၏။
''အဘဦးဘိုးဥာဏ် နေကောင်းရဲ့လား၊ ကျမဖြင့် ဖေဖေသွားတာလဲ မသိဘူး၊ အဘတို့ဆီသွားတာလဲ မသိဘူး၊ ရုံးကပြန်လာမှ ခလေးမလေးတွေ ဆီးပြောလို့သိတာ''
အဘဦးဘိုးဥာဏ်သည် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အားရပါးရဖွာနေ၏။ သူသည် ဖေဖေ့လို ခပ်၀၀ ပင်ဖြစ်သည်။ ဖေဖေ့လိုတော့ အသားမဖြူ အသားမဲ၏။ သို့သော် စကားပြောလျှင် မောသံပါနေသည်။
''တို့လဲ ဘာမှန်းမသိပါဘူး၊ ဒီသာသနာ ၁၅၀၀ ပြည့်ပွဲကို လာချင်တာတော့ အမှန်ပါဘဲ၊ တနေ့ကညနေ တော့ မောင်ဘ ဖြုံးကနဲ ပေါက်လာတယ် သူကဘာပြေလဲဆိုတော့ ကိုဘိုးဥာဏ် တဲ့ အကိုဟာ (ဦးနု၏ အဖေ ဦးစံထွန်းကို ပြောသည်) အသက်ခြောက်ဆယ့်ခြောက်နှစ်မှာ သေတယ်တဲ့၊ ကျွန်တော် ခင်ဗျား ကို တွက်ကြည့်တော့ ခင်ဗျား ဒီနှစ်ခြောက်ဆယ့် ခြောက်နှစ်ပြည့်တဲ့နှစ်တဲ့၊ ဒီတော့ ခင်ဗျားလဲသေလိမ့် မည့်တဲ့....''
''ဟောတော့'' ကျမမှာ ဖေဖေက စွတ်စွတ်ရွတ်ရွတ်သွားပြောခြင်းအတွက် စိတ်ပျက်အံ့သြမိပါသည်။
''မသေခင် ကုသိုလ်ရအောင် ရန်ကုန်က ဘုရားတွေ ကျွန်တော်လိုက်ပို့မယ်၊ စုံအောင်လိုက်ဖူးပေတော့ ဆိုလို့ ငါနဲ့ ဖွားခင်လဲ လိုက်လာတာဘဲ''
ကျမရယ်မိပါတော့သည်။ ဖွားလေးဖြစ်သူ ဒေါ်ဖွားခင်မှာ ဖြူဖြူပုပုနှင့် ချစ်စရာလေးဖြစ်၏။ စကားအလွန် နည်းပြီး အမြဲပြုံးနေကာ ချစ်စရာကောင်းပေသည်။
''ဖေဖေကတော့ နားမကြားဒါကလွဲလို့ အလွန်မာတာဘဲ၊ တခုတောင်းပန်ပါရစေ ဘဘ... သူပြောတာ တွေကို စိတ်မထိခိုက်လိုက်ပါနဲ့၊ ဘဘ ဦးစံထွန်းက ခြောက်ဆယ့်ခြောက်နှစ်ပြည့်လို့ ဆုံးတာနဲ့ ဘဘ ဦးဘိုးဥာဏ်လဲ ခြောက်ဆယ့်ခြောက်နှစ်ရောက်ရင် ဆုံးရမယ်ဆိုတာ...'' ပြောယင်း ဖေဖေ့ဦးနှောက် သည် ဘာတွေအခြေခံထားတွက်ချက်ပြီး ဘယ်လိုဆုံးဖြတ်လိုက်မှန်းမသိ၊ အဖိုးကြီးလင်မယား အိုးနင်း ခွက်နင်း ဖြစ်လာကြပုံကို ကြည့်ပြီး အူထဲက အလိပ်အလိပ်ထလာသည်ကို ထိန်းယင်း တောင်းပန်ရပြန် ပါသည်။
''ကမောက်ကမတွေ ရှောက်ပြောနေတာ ဘဘ၊ ဖေဖေ ပြောတာတွေ စိတ်ထဲမှာ စွဲမနေနဲ့နော်...''
''အမလေး မစွဲပါဘူးဟယ်၊ သူ့အတွက်သာ စိုးရိမ်တာပါ၊ ဒီလိုလမ်းသလားနေရင်တော့ဖြင့် ဒုက္ခပါဘဲ''
''ကျမတို့တော့ ဖေဖေ့ကို မထိန်းနိုင်ဘူး၊ ဒီအိမ်မှာတော့ ဘဘတို့ပျော်သလိုနေ တောအိမ်လိုတော့ မကျယ်ဝန်းဘူး၊ ဘဘတို့သွားချင်တာရှိလဲ ဦးစံငွေဆိုတာ ကားမောင်းတဲ့လူ ရောက်လာလိမ့်မယ်၊ သွား ချင်ရာ သွားကြ၊ ကျမကိုလဲ ရုံးမှာလာကြိုဘို့ မလိုတော့ဘူး၊ နေရတာတော့ သံမံတလင်းမို့ အားနာပါ ရဲ့...''
''အမလေး... တို့အတွက် ဘာမှမလိုပါဘူး၊ တို့နေတတ်ပါတယ်၊ နင့်ရုံးသာ နင်အေးအေးသွား'' အဘ ဦးဘိုးဥာဏ် သည် ကျမတို့ စိတ်အေးသွားအောင် ပြောရှာပါ၏။
ကျမသည် အိမ်ကိုမှာစရာရှိတာမှာပြီး ရုံးသို့ထွက်သွားပါသည်။ ရုံးရောက်တော့လည်း ဦးစံငွေကို ပြန်မှာ လိုက်၏။
''ဦးစံငွေ ဘဘကြီး ဦးဘိုးဥာဏ်တို့ သွားချင်စရာရှိတာ အကုန်လိုက်ပို့ လိုက်နော်၊ မယုကိုလဲ လာမကြိုနဲ့ တော့ မယုဖြစ်သလိုပြန်လာခဲ့မယ်၊ အကိုကြီးကိုလဲ ပြောလိုက်ပူမနေကြနဲ့တော့...''
ကျမက ဦးစံငွေကို ကားနှင့်ပြန်လွှတ်လိုက်ပါသည်။ ကျမရုံးဆင်းချိန်မှာမမှန် များသောအားဖြင့် နောက် ကျ တတ် ပါသည်။
ကမ္ဘာအေးပွဲတော်မှာ စရက်ဖြစ်၍ လူစည်ကားစဖြစ်ပါသည်။ ၀န်ကြီးချုပ်တို့ ဇနီးမောင်နှံလည်း ငါးနာရီ လောက်ကပင် ကမ္ဘာအေးသို့ ထွက်ခွာသွားကြ၍ ရုံးခန်းတွင် ကျမအားလပ်သွားပါသည်။
ကျမလည်း အိမ်ပြန်ရန်ပြင်ဆင်နေဆဲ ကျမ၏ခင်ပွန်းဖြစ်သူနှင့် သမီး မိ၊ ဦးစံငွေတို့ ကားနှင့်ပေါက်လာ ကြသည်။
''ဟင်... ဘဲ့နဲ့လဲ ကျမကို လာမကြိုနဲ့လို့ ဆိုတာ ဦးစံငွေလာကြိုတယ်၊ မယုဖြစ်သလိုပြန်လာမှာပေါ့၊ အဘ ဦးဘိုးဥာဏ်တို့ ဘယ်ထားခဲ့သလဲ''
ဦးစံငွေက ဘာမှမဖြေဆိုခင် အကိုကြီးက စတင်၍ ''ကဲ.... အလုပ်ပြီးရင် အေးအေးဆေးဆေးသာ ကား ပေါ်တက်၊ တို့များ ကမ္ဘာအေးဘက်ကို ဖြေးဖြေးတပတ်မောင်းကြည့်ရအောင် ခင်ဗျားရဲ့ဘခမည်းတော် ဘုရားကြီး က ဦးစံငွေ အိမ်ပြန်ရောက်တော့ တွေ့တောင် မတွေ့ဘူးတဲ့၊ ဘကြီး ဦးဘိုးဥာဏ်တို့လဲ မရှိ ဘူး၊ ခုထိလဲ ပြန်မလာကြသေးဘူးခင်ဗျ ''
အကိုကြီးပြောသည့်အတိုင်း ကျမသည် ကားပေါ်တက်လိုက်ခဲ့ရသည်၊ အဘ ဦးဘိုးဥာဏ်တို့အတွက် စိတ် တထင့်ထင့် ဖြစ်နေပါသည်။ ကမ္ဘာအေးရောက်လျှင် ကားကို ၀ိသာခါတန်ဆောင်နားတွင် ရပ်ခဲ့ကြ ၏။ ၇-နာရီလောက်တွင် ပြန်ဆုံမည်ဟု ချိန်းကာ ဦးစံငွေအား ပွဲခင်းကို ကြည့်ရန် လွှတ်လိုက်ပါသည်။
ကျမတို့ သားအဖသုံးယောက်သည်လည်း စေတီတော်ဘက်သို့ သွားရောက်ဖူးမြှော်ကြ၏။ စိတ်အေး လက်အေးပင် သိမ်ဘက်၊ ကန်ဘက်များကို လျှောက်ကြ၏။ လှိုဏ်ဂူကြီး ပြင်ဆင်ထားသည်ကိုလည်း အဝေးမှ ကြည့်ကြရင် မိုးချုပ်စ ခြောက်နာရီခွဲလောက်တွင် ၀ိသာခါဇရပ်ဘက်သို့ ပြန်လျှောက်လာကြ သည်၊ ဇရပ်ရှေ့ ခပ်လှမ်းလှမ်း သစ်ပင်တပင်နားအရောက်တွင်မူ မိ က ထ၍အော်ပါသည်။
ဆက်ရန်
.
3 comments:
မရွှေစင်ရေ။ သာသနာ ၂၅၀၀ ဖြစ်လိမ့်မယ်။ နှစ် ၁၀၀၀ လိုနေလားလို့။ ဟီးဟီး။ သာသနာ ၁၅၀၀ ဆို မော်ကော်ကားတောင် ပေါ်သေးဘူး။
သာသနာတော်သက္ကရာဇ် ၁၅၀၀ ပြည့်နှစ်နှင့် အသက် ၆၆
သာသနာတော် သက္ကရာဇ် ၁၅၀၀ ပြည့်သောနှစ်မှာ ရန်ကုန်မြို့သူမြို့သားများအတွက် ကုသိုလ်လည်း အလွန်ရ၍ ကသိကအောက်လည်း နိုင်သောနှစ်ဟူ၍ ဆိုရပေမည်။
ကမ္ဘာအေး လှိုဏ်ဂူတော်တွင် ရှင်သာမဏေ ၁၅၀၀ ရှင်ပြုပွဲဆင်နွဲသည်သာမက ဗုဒ္ဓ၏သာသနာစည်ပင် ထွန်းတောက်နေသော နှစ်ပေါင်း ၁၅၀၀ ပြည့်သော အထိမ်းအမှတ်ပွဲကိုပါ အထူးတလည်ကျင်းပမည် ဖြစ်ရကား နယ်ကလာသောသူများဖြင့် ရန်ကုန်ရှိ အိမ်တိုင်း၊ အခန်းတိုင်းတွင် အိမ်ရှင်ရော၊ ဧည့်သည် ရော နပမ်းလုံးနေကြရသည်။
စာအုပ်ထဲမှာတော့ အဲဒီအတိုင်းရေးထားပါတယ်ဗျာ ပြန်လည် လေ့လာလိုက်ပါအုန်းမယ်
ကျေးဇူးတင်ပါတယ်
ရွှေစင်ဦး
အင်း ... ကျမလဲ အဲဒါဇဝေဇ၀ါ ဖြစ်နေတာ။
မနှစ်က (၂၀၁၀) တုန်းက သာသနာနှစ် ၂၅၅၄ ဆိုတော့ အဲဒီအချိန်တုန်းက ၂၅၀၀ ပြည့်ပဲ ဖြစ်မှာပါ။ စာအုပ်ကို စာစီတာ မှားနေတာထင်တယ်။
Post a Comment