Monday, January 10, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၂၇)

''ကျုပ် မူလစိတ်ကူး တာက ကျုပ်က သေလူဆိုတော့ မထူးဘူး၊ ရာဇ၀တ်ဘေးက လွတ်အောင် ပြေးတော့ မယ်၊ လူကလေးအမေ ပန်းဝါကိုသာ ဒီပစ္စည်းတွေ ထားခဲ့တဲ့နေရာ ပြောပြီး ကျုပ်ရှမ်းပြည် နယ် ဘက် ရှောင်သွားမယ်ကြံတာပေါ့၊ ဒါပေမယ့် ကျုပ်ရွာမရောက် ပါဘူး၊ ကျုပ်ထက်ပါး တဲ့ ကုလားတွေ က ရွာ ၀ိုင်းထားတော့ ပက်ပင်းပါတိုးပြီး ကျုပ်တို့ ကစဥ့်ကလျားပြေးရတာပေါ့။
အဘ၏ အသံမှာ တုန်ယင်လာ၏။

ကျုပ် ၀ရမ်းပြေးအဖြစ် နှစ်နှစ်နေခဲ့ရပြီ ကုလားအမိခံရတယ်၊ ပန်းဝါကို ကျုပ်ကျွန်းမကျခင် ပစ္စည်းနေရာ ပြောခဲ့ သေးတယ်၊ နှစ်ကလည်းကြာ၊ မိန်းမသားဆိုတော့လည်း ထိထိရောက်ရောက် မရှာတတ်၊ ငရွှေလွန်း ကလည်း အသုံးမကျ ...၊ နောက်ဆုံး ကျုပ်ကျွန်း ကပြန်လာတော့မှ ဆက်ရှာတယ်၊ မြေအနေအထား ကလည်း ပြောင်း၊ သစ်ပင်ချုံနွယ်တွေ ကတည်းဖုံးဆိုတော့ မတွေ့ဘူး၊ ဇွဲမလျှော့ဘဲ ကျုပ်အကြံနဲ့ ကျုပ် ဆက်ရှာ တာပဲ၊ ဒီတော့ လူတွေကတောင် ကျုပ်ကို တောထဲသွားဥစ္စာစောင့်တွေ နဲ့ ညားနေတယ်လို့ ပြောကုန်ကြ တယ်၊ တစ်နည်းအားဖြင့် ဒီလိုပြောကြတာ ကျုပ်အကြံလူမရိပ်မိတော့ ကောင်းတာပေါ့လေ၊ ဒါပေမယ့် ပစ္စည်းလည်းမတွေ့ဘူး၊ ဒီခြတောင်ပို့ကြီးအောက် ရောက်နေမယ်ဆိုတာလည်း မစဉ်းစားမိဘူး၊ ပန်းဝါ လည်း ဆင်းဆင်းရဲရဲနဲ့ ဆုံးသွားရပြီ...။
အဘ ၏ မျက်လုံးများ၌ မျက်ရည်ဝဲနေသည်။ ကျွန်တော်ပါ ငိုချင်လာ၏။

အခုတော့ ကံတိုက် လို့ လူကလေးက ကြံကြံဖန်ဖန် ပြန်တွေ့ခဲ့ပြီ၊ ဒီတော့ ဒီပစ္စည်းတွေဟာ လူကလေး အတွက် ပဲ၊ ကျုပ်ကတော့ ဒီခွေးကုလားဖြူတွေ ပြန်လာရင် ကျုပ် ပြန်ခြေချုပ်ဖြစ်ဦး မှာပဲ၊ ခြေချုပ်အဖြစ်တော့ မခံဘူး
အဘသည် ပြောရင်း ဒေါသကြီးလာသည်။

''မင်းတို့က လွတ်လပ်ရေးတော်လှန်ရေးစကားတွေ သုံးကြတယ်...ငါနားလည်တာကတော့ သူ့ကျွန်မခံဘူး၊ ဘယ်သူ့ ကျွန်မှ မခံဘူး၊ မောင်အုန်းဖေနဲ့သခင်သိန်းပြောတဲ့ မဟာမိတ် ဆိုတဲ့ ခွေးကောင် အင်္ဂလိပ်တွေကို မယုံဘူး၊ မင်းတို့ ဆရာကြီး တွေဆိုတဲ့ သခင်သန်းထွန်းတို့ သခင်စိုးတို့ ဆိုတာတွေလည်း ငါမသိဘူး၊ သိတောင် မှလည်း မင်းတို့ ဆရာကြီးတွေ ပြောသလို အင်္ဂလိပ်ကောင်တွေဆီ လက်နက်ချပြီး ပူးပေါင်း ဆောင်ရွက် ရမယ်ဆိုရင် မင်းတို့ ဆရာကြီးတွေကို ငါတွေ့ရာမှာ သတ်မယ်၊ မောင်မြင့်ဦးလိုပဲ ငါကတော့ အင်္ဂလိပ်ကောင် တွေကို ဆက်ချမယ်‘‘
ကျွန်တော် သည် ဘာမျှ နားမလည်သဖြင့် ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိသည်။ အဘဘာစကားတွေ ပြော နေသနည်း။ ကျွန်တော်တောင်ပို့ဖြိုနေခိုက် ဘာတွေဖြစ်ခဲ့ကြ သနည်း။

မျက်မှန်ထူထူနှင့် သခင်သိန်းဆိုသူက စ၍ စကားပြန်သည်။ ယက် ရှရှားတပ်နီတော်ရဲ့ အောင်မြင်ချက် တွေကို ကျွန်တော်တစ်ညလုံး ပြောပြခဲ့ပြီးပြီ၊ အင်္ဂလိပ်တွေဟာ ဆိုဗီယက် ရဲ့ မဟာမိတ်ပဲ ….၊ ဆိုဗီယက်ရဲ့ မဟာမိတ်ပဲ… ၊ ဆိုဗီယက် ရဲ့ မဟာမိတ်က ကျွန်တော်တို့ရဲ  မဟာမိတ်ပဲဖြစ်ရမယ် ၊ မဟာမိတ်တွေကို ဆက်လက် တော်လှန်ရင် တော်လှန်သူဟာ ဗမာ့တော်လှန်ရေးကို သစ္စာဖောက်တဲ့သူတွေပဲ…‘‘

ကိုမြင့်ဦး သည် ၀ုန်းကနဲ နေရာမှထသည်။ သူသည်လည်း ဒေါသကြောင့် တုန်ယင်နေသည်။
‘‘ဘယ်သူလဲ ကျုပ် တို့ကို သစ္စာဖောက်လို့ပြောတာ၊ ခင်ဗျားဆရာကြီး သန်းထွန်း နဲ့ သခင်စိုး ကလား‘‘
ကိုမြင့်ဦး သည် သခင်သိန်းနား ကပ်သွားသည်။ သို့ရာတွင် ဆရာက ၀င်တားသည်။

‘‘မောင်မြင့်ဦး မင်းအရမ်းတွေမလုပ်နဲ့၊ သခင်သိန်းပြောတာ လမ်းကျတယ်‘‘
‘‘ဘာ… လမ်းကျတယ်‘‘
‘‘ဟုတ်တယ်….မင်းရယ် ဦးလေးရယ် ပြီးတော့ မင်းတို့ ဗိုလ်အောင်ဆန်းရယ် အားလုံးဟာ မျက်ကန်း မျိုးချစ် တွေပဲ၊ တော်လှန်ရေး ဆိုတာဟာ မင်းတို့လို သေရဲသတ်ရဲရုံနဲ့ လုပ်လို့ မရဘူး နားလည်လား‘‘
ကိုမြင့်ဦး ၏ မျက်လုံးများ၌ မီးဝင်းဝင်းတောက်သွားသည်။ သူသည် လျင်မြန်စွာ သူ့သေနတ်ကို ကောက်ကိုင် လိုက်၏။ ဆရာကလည်း သူ့သေနတ် ကို မောင်းတင်လိုက် သည်။
သမီးယောက်ဖ နှစ်ဦး သည် ကျားနှင့်ခြင်္သေ့ပမာ တစ်ဦးကိုတစ်ဦး စောင်ရပ်နေကြသည်။ နောက် တစ်ကစက္ကန့် ဆိုလျှင် ဘာဖြစ်မည်မသိ…။

ကျွန်တော် သည် ထိတ်လန့်တကြားထ၍ သူတို့နှစ်ဦးကြား ၀င်ရပ်လိုက်သည်။
‘‘ကိုမြင့်ဦး ဆရာ့ ကို ဘာလို့ သေနတ်နဲ့ချိန်ရတာလဲ၊ ဆရာကကော ဘာလို့ ကိုမြင့်ဦးကို သတ်ရမှာလဲ‘‘
ကိုမြင့်ဦး နှင့် ဆရာ၏ မျက်လုံးများသည် ထိတ်လန့်ခြင်းနှင့် ၀မ်းနည်းမှုရောသော မျက်နာပေါ် ရောက်လာ ကြသည်။ နောက် …သူတို့ သေနတ်များကို ပြန်ချကြသည်။
ထိုအခါကျမှ ဌာနပိုင်ကြီးက ၀င်ဖြန်ဖြေသည်။

‘‘ဟုတ်တယ်ဗျာ… ခင်ဗျားတို့တွေ သဘောကွဲလွဲတာ စောလွန်းသေးတယ် ထင်တယ်၊ အချိန်ယူကြပါဦး၊ ဘယ့်နှယ့် လဲ ဗိုလ်စောလင်း‘‘
ဗိုလ်စောလင်း သည် ဌာနပိုင်ကြီးကို ထောက်ခံသည်။
‘‘ဟုတ်တယ်ဗျာ စောလွန်းတယ်…. ဒီလိုလုပ်ပါ ဆွေးနွေးကြတာပေါ့၊ ဆွေးနွေးတဲ့နေရာမှာ စကားပြော ဆင်ခြင် စေချင်တယ် …၊ ကိုအုန်းဖေ နဲ့ သခင်သိန်းကလည်း ဗိုလ်ချုပ်အောင်ဆန်း ကို မပုတ်ခတ်နဲ့ဗျာ ကိုမြင့်ဦး နဲ့ ဦးလေး ကလည်း သခင်သန်းထွန်း တို့ကို မထိနဲ့၊ ကျွန်တော်တို့ တရေးတမော အိပ်ကြရအောင် …. ‘‘
စကားဝိုင်းမှာ ပြတ်သွားသည်။ သို့ရာတွင် ကျွန်တော် မှ တစ်ပါး မည်သူမျှ အိပ်ပုံမပေါ်။

မေ့ကနဲ အိပ်ပျော်သွားသော ကျွန်တော့်မှာ လေယာဉ်ပျံသံကြောင့် နိုးလာသည်။
ဂူပြင် သို့ ကျွန်တော်ထွက်လာခဲ့သောအခါ  မိုးစင်စင်လင်းနေပြီ။
လူကြီးတစ်သိုက် သည် တောင်စွယ်မှ မျှော်ကြည့်နေသည်။
လေယာဉ်ပျံနှစ်စင်းသည် ကျွန်တော်တို့ ရွက်တစ်ဝိုက်ဝဲကာဝဲကာ ပျံနေ၏။

‘‘ဒီလေယာဉ်ပျံတွေလာတာ သုံးခါရှိပြီ ‘‘
အဘ က မှတ်ချက်ချသည်။
‘‘ဒီတစ်ခါ သူတို့ မပြန်တော့ပါဘူး‘‘
ဗိုလ်စောလင်းက ထပ်မှတ်ချက်ချသည်။
‘‘ဘာဖြစ်လို့….‘‘
‘‘ပြန်ဖို့မလိုဘူးလေ စောင့်ကြည့်ပေါ့‘‘

ဗိုလ်စောလင်း ပြောသည်မှာ မှန်သည်။ လေယာဉ်နှစ်စီး သည် မပြန်ရုံမက နောက်ထပ် လေးစီး ထပ် ရောက်လာ သည်။
နာရီဝက်ခန့်ကြာသောအခါ တောနှင့်တောင်တို့ကို ပဲ့တင်ဟည်းစေသော အသံကြီးများ ပေါ်လာ၏။
ကျွန်တော်တို့အားလုံး ထိတ်ထိတ်ပျာပျာဖြင့် အသံများလာရာ လှမ်းကြည့်မိကြသည်။

အဝေးလယ်ကွင်းများကို ကန့်လန့်ဖြတ်လျက် တောတန်းလေးတစ်ခုရှိနေသည်။ တောတန်း လေး၏ ၀ဲယာ ဆီမှ တစ်ခဲနက်ချီလာသော မဲမဲရှည်ရှည် အရာကြီးများ (နောက်မှ တင့်ကားဟု သိရသည်) ကိုတွေ့ရသည်။ တစ်ပြိုင်နက် မှာပင် ပေါင်းတလည် ပေါက်ခေါင်းကားလမမ်းထက်၌ အပြင်းမောင်းလာသော အစိမ်းရောင် မော်တော်ကားကြီး များကို မြင်ရသည်။
ဘယ်ချောင် တွေ အိပ်ပျော်နေရာမှ ထလာသည်မသိ။ ဦးလေးပုကြီးလည်း ပေါ်လာခဲ့၏။

''ဗြိတိသျှတွေ ပြန်လာပြီ.... ဗြိတိသျှတွေ ပြန်လာပြီ''
ဤသို့ကြွေးကြော်ရင်း ဦးလေးပုသည် တောင်ခြေသို့ အပြေးအလွှား ဆင်းသွား၏။
ကျန်လူများ  အားလုံးငြိမ်နေကြသည်။
အတန်ကြာ မှ သခင်သိန်းက စဆိုသည်။
''ကဲ ...ကျုပ်တို့ရွာပြန်မယ်၊ ဘယ်သူလိုက်မလဲ''
သူ့အနီးသို့ ဆရာကပ်လိုက်သည်။ ဌာနာပိုင်ကြီးသည် ကျွန်တော်တို့အားလုံးဘက် လှည့်ပြော၏။

''ကျွန်တော်လည်း သွားမယ်....ကျွန်တော့်အနေ က မသွားလို့မဖြစ်ဘူး၊ ဗိုလစောလင်းကော...... ''
ကျွန်တော် တို့ အားလုံးက ဗိုလ်စောလင်းကို စိုက်ကြည့်သည်။ ဗိုလ်စောလင်းက ကိုမြင့်ဦးကို တစ်ဆင့် ပြန်ကြည့်သည်။
ကိုမြင့်ဦးသည် ဆရာ့ကို တည့်တည့်စိုက်ကြည့်ပြီး စကားပြန်၏။
''ကျုပ်မလိုက်ဘူး.......ကျုပ် ဗိုလ်ချုပ်ဆီက အတိအကျ အမိန့်မရမချင်း ကျုပ်မလိုက်ဘူး.. ''
ဗိုလ်စောလင်းသည်လည်း ကိုမြင့်ဦးနှင့်အတူ ရင်ပေါင်တန်းရပ်လိုက်သည်။

''ကျုပ် လည်း မလိုက်ဘူး....... ''
အဘ ကမူ မည်သူ့ကိုမျှ အဖက်လုပ်မဖြေ၊ သူ့သေနတ်ကိုလွယ်ကာ ဂူတွင်းဝင်သွားသည်။
ကျွန်တော်က ကိုမြင့်ဦးတို့နှင့်အတူ ရပ်လိုက်၍ အော်ပြောသည်။
''ကျုပ်လည်းမလိုက်ဘူးဗျ....... ''

ဆရာ၊ သခင်သိန်း နှင့် ဌာနာပိုင်ကြီးတို့သည် ကျွန်တော်တို့အား ကျောခိုင်း၍ ရွာဆီပြန်သွား ကြသည်။
မည်သူမျှ စကားမဆိုနိုင်..၊ အားလုံး စိတ်ထိခိုက်နေပုံရသည်။ ကျွန်တော့်အတွက်မူ စိတ်အထိခိုက်ဆုံး ဖြစ်သည်။
ကျွန်တော် ပင်ပင်ပန်းပန်း တူးခဲ့ရသော စဥ့်အိုးကို ကြည့်မိသည်။ ဤအိုးသည် ရွှေထည့်သောအိုးမဟုတ်ဘဲ၊ ခြသံ အစစ်သာ ဖြစ်ပါစေ။ ဤကုလားဖြူတပ်များကို ကျွန်တော်တစ်ယောက်တည်း ချေမှုန်းပြပါမည်။

စင်စစ်မူ ကျွန်တော်၏ ကလေးဆန်သော အတွေးအခေါ် ဖြစ်ပါသည်။ ဤအတွေးအခေါ် သည်ပင် ကျွန်တာ့် အတွက် နောက်ဆုံး ဖြစ်သည့် ကလေးအတွေးအခေါ် ဖြစ်ခဲ့ရပါသတည်း...။

ဆက်ရန်
.

1 comment:

မေဓာဝီ said...

အင်း ... သဘောထား ကွဲလွဲမှုတွေ ... ခေတ်အဆက်ဆက် ရှိနေအုံးမှာပဲနော်။
အဲဒီခေတ်ရဲ့ သမိုင်းနောက်ခံ ဇာတ်လမ်းတွေ ဖတ်လို့ သိပ်ကောင်းတာပဲ။
မင်းကျော်ရဲ့ ငါတို့ခေတ်နှင့်အပြိုင် ရှိရင်လဲ ဖတ်ချင်တယ် အမရွှေစင်ရေ ... ။ ငယ်တုန်းက ဖတ်ခဲ့ဖူးတယ်၊ အီးဘွတ် ပြန်ရှာလို့ မရတော့လို့။ စာအုပ်က တော်တော်တော့ထူတယ်။ ပူဆာရတာ အားနာလိုက်တာ :)