Tuesday, January 11, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၂၈)

အပိုင်း (၄)
စိမ်းလေဦးမည့် ကျွန်တော့်မြေ
၁၆. ပြန်လည်တွေ့ဆုံသော်
၁၇. ကြယ်တွေ လတွေ စုံသောည၀ယ်
၁၈.နောက်ဆုံးအိပ်မက်
၁၉. မုန်းမိသဲတိုင်
၂၀. တောပုန်းကြီးခုံလုံ
၂၁. သံသာလေကမ်းတိုင်
အခန်း (၁၆)
ပြန်လည်တွေ့ဆုံသော်

ဂျပန်တော်လှန်ရေးကြီးသည် မြန်မာ့သမိုင်းတွင် အဓိကမှတ်တိုင်ကြီးဖြစ်၍ တော်လှန်ရေး ကြီး နောက်ပိုင်း တွင် မြန်မာပြည်၌ ရာဇ၀င်ပြောင်မြောက်သော ပြောင်းလဲမှုများ ဆင့်ကာ ပေါ်ခဲ့သည်။
ထိုနည်းတူ စွာပင် တော်လှန်ရေးအပြီး၌ ကျွန်တော့်ရွာနှင့် ကျွန်တော်ကိုယ်တိုင်အတွက်ပင် ထူးခြားသော ပြောင်းလဲမှု များ ကို ကြုံတွေ့သည်။

တော်လှန်ရေးကြီးအပြီး၌ ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နှင့် ဖ-ဆ-ပ-လ  အဖွဲ့ကြီး၏ ဂုဏ်သတင်းသည် တစ်ပြည်လုံး တွင် ထင်ရှားရေပန်းစားသကဲ့သို့ ကျွန်တော့်ရွာတွင်လည်း ထင်ရှားရေပန်းစားသည်။ ကျွန်မြူနစ် နှင့် ဆိုရှယ်လစ်ပါတီတို့ကို လည်းကောင်း၊ ထိုပါတီ၏ ၀ါဒရေးရာတို့ကိုလည်းကောင်း၊ ကျွန်တော်တို့ ရွာ သည် သိခဲ့ပြန်သည်။ ကွန်မြူနစ်ဦးစီးသော တောင်သူလယ်သမား သမဂ္ဂနှင့် ဆိုရှယ်လစ် ဦးစီး သော တောင်သူလယ်သမား အစည်းအရုံတို့သည် ကျွန်တော်တို့ရွာ၌ စင်ပြိုင်လူစု စည်းရုံးခြင်း များပြုသည်။

အဘ သည် သူ့သန္နိဋ္ဌာန်အတိုင်း ရဲဌာန၌ ခြေချုပ်အဖြစ် သွားလက်မှတ်မထိုး၊ လက်မှတ်မထိုးသည့်အပြင် မြို့နယ် ဖ-ဆ-ပ-လ လူကြီးအဖြစ် နိုင်ငံရေး ကို ပြောင်ပြောင် ထင်ထင်လုပ်သည်။ မြို့နယ် တောင်သူလယ်သမား အစည်းအရုံး ဥက္ကဋ္ဌအဖြစ် သြဇာလည်း ကြီးလာသည်။
ကျွန်တော် စိတ်မချမ်းသာဆုံးမှာ အဘနှင့် ဆရာတို့ တစ်ဦးနှင့် တစ်ဦး ရန်သူပမာ ဆက်ဆံ လာကြခြင်း ဖြစ်သည်။ ရန်သူပမာ ဖြစ်လာရသည်မှာလည်းမဆန်း။ ဆရာသည် အဘတို့နှင့် ပြိုင်ဘက်ဖြစ်သော မြို့နယ် တောင်သူလယ်သမား သမဂ္ဂ၏ အတွင်းရေးမှူး ဖြစ်နေသည်။

ကိုမြင့်ဦးကမူ ရန်ကုန်ဆင်းသွားပြီး ပြန်မလာတော့။ ထိုစဉ်က တစ်ပြည်လုံးသိကြသော ကန္နီစာချုပ်အပြီး ထပ် ဖွဲ့စည်းသည့် စစ်တပ်တွင်း ၀င်သွားသည်ကြားရ၏။
ကျွန်တော့်ဘ၀သည်လည်း မမျှောလင့်သောနည်းနှင့် ပြောင်းလဲခဲ့ရသည်။
ဌာနာပိုင်ကြီး ဦးထွန်း သည် အင်္ဂလိပ် ပြန်ဝင်လာသောအခါ အသစ်ထွင်သော ရာထူးဖြစ်သည့် ''ဌာနာ-အင်စပက်တော်'' ရာထူး နှင့် ပေါင်းတလည်တွင် ခေတ္တနေရသည်။ သို့ရာတွင် မြို့နယ်ရှိ တော်လှန်ရေး သမားဟောင်း၊ နိုင်ငံရေးလုပ်သူတို့နှင့် သင့်တင့်သော ပြစ်မှုကြောင့် မကြာမီပင် ရာထူးလျော့၍ ပေါင်းတည် မြို့သို့ သာမန်ရာဇ၀တ်အုပ် ကလေးအဖြစ်ရွှေ့ပြောင်းခံရသည်။
အဘ သည် ကျွန်တော့်ကို စာသင်ရန် ဌာနာပိုင်ကြီးထံအပ်၍ ပေါင်းတည်သို့ ထည့်လိုက်သည်။

ဤသို့ဖြင့် ချစ်စွာသော ရွှေဂူရွာနှင့် ခွဲ၍လာခဲ့ရသည်။ ရွှေဂူရွာနှင့်အတူ မယဉ်နွယ်နှင့်လည်း ခွဲခွာခဲ့ရသည်။ ကျွန်တော် အထူး စိတ်မကောင်း သည်မှာ ပေါင်းတည်မြို့သို့ ကျွန်တော် ထွက်လာစဉ်အထိ မယဉ်နွယ် ရွာပြန် မရောက်သေး။ သူကြီးဦးသာဇံမှာ သူကြီးအဖြစ် ရွာပြန်ရောက်နေပြီ၊ ကျေးရွာတစ်ဝိုက် အခြေအနေ မြုငိမ်သက် သေး၍ ဒေါ်မိုးနှင့် မယဉ်နွယ် ကိုပြန်၍ထားခဲ့သည်ဟု ကြားရ၏။
မယဉ်နွယ် ကိုယ်စား သူ့သမှည့်သီးဆွဲကြိုးလေးနှင့် လက်ကိုင်ပုဝါလေးတော့ ကျွန်တော့်ထံ ပါခဲ့သည်။

ကျွန်တော် ပေါင်းတည်ရောက်ချိန်၌ ပေါင်းတည်မြို့ နိုင်ငံတော်မူလတန်း ကျောင်းကြီးမှာ ပြန်ဖွင့်ရန် ပြင်နေသည်။
ကျောင်းဝင်မည့် ကျောင်းသားများ၌ ကျောင်းထွက်လက်မှတ်များမရှိကြ။ အခြား ဘာအထောက်အထားမှလည်း မရှိ။ ထိုအခါ စမ်းသပ်စာမေးပွဲများ ကျင်းပရန် ကြေညာသည်။
ဦးလေးထွန်း (ဌာနာပိုင်ကြီး) သည် ကျွန်တော့်ကို ဖြတ်လမ်းမှ အင်္ဂလိပ်စာနှင့် သင်္ချာသင် ပေးသည်။ ထို့နောက် ဆဋ္ဌမတန်းအတွက် စမ်းသပ်သောစားမေးပွဲကို ၀င်ဖြေရသည်။

ကျွန်တော်ပင် တော်၍လော....၊သုံးနှစ်သုံးမိုး ပညာသင်ပျက်ခဲ့သော ကလေးတို့ကို စာစစ်ဆရာတို့က ညှာ၍ လော မသိ၊ ကျွန်တော် စာမေးပွဲအောင်၍ ဆဋ္ဌမတန်းသို့ တက်ခွင့်ရသည်။
ကျွန်တော်သည် ရွှေဂူရွာကိုချစ်သကဲ့သို့ ပေါင်းတည်မြို့ကို ချစ်သည်။ အထူးသဖြင့် ပေါင်းတည် ကျောင်းကြီး ကို ချစ်သည်။ အကြောင်းမှာ ဤပေါင်းတည်ကျောင်းကြီးနှင့် ကျောင်းမှ ဆရာဆရာမများသည် ကျွန်တော့်ဘ၀ ကို အရောင်ထွက်အောင် အမွှမ်းတင်ပေး လိုက်သောကြောင့် ဖြစ်ပါသည်။

ကာလပျက်ပြီးစ... အစစပျက်နေသော လူငယ်တို့ကို ပြုပြင်ယူသည်မှာ မလွယ်။ အထူးသဖြင့် ခေါင်းထဲ၌ ဘာစာမျှမကုန်အောင် အခြေခံနည်းသူတို့အား မြေတောင်မြှောက် ပေးရခြင်းကား......ခက်လှစွာ၏။
ကျောင်းအုပ်ဆရာကြီး၏ နာမည်မှာ တန်ဖိုးသိန်းဟု ခေါ်သည်။ ဆရာကြီးတန်ဖိုးသိန်းသည် အသက်အရွယ် အိုမင်းပြီဖြစ်၍ ခေတ္တသာလုပ်ပြီး အနားယူသွားသောအခါ ဆရာကြီးဦးထူးရွှေ ပြောင်းလာသည်။
ကျွန်တော့်တို့အတန်း၌ အင်္ဂလိပ်စာ၊ မြန်မာစာပြသူမှာ ဆရာကြင် ဖြစ်ပါ၏။ ဆရာကြင်သည် အင်္ဂလိပ်စာ အလွန်အပြကောင်းသည်။ အပြကောင်းရုံမက အပြောလည်း အလွန်ကောင်းသည်။ ခြောက်တန်းတွင် တက် နေသော်လည်း အင်္ဂလိပ်စာ ဘာမျှမတတ်သော ကျွန်တော်တို့ကို အခြေခံမှ စသင်ပေးရသော်လည်း မညည်း မညူ။ အလွန်စိတ်ရှည်သည်။

ဆရာကြင် စိတ်ရှည်သကဲ့သို့ သဘောကောင်းသူမှာ ဆရာဦးခင်မောင် ဖြစ်သည်။ ဆရာဦးခင်မောင်က သချာင်္၊ ပထ၀ီဝင်နှင့် အထွေထွေသိပံ္ပပြသည်။ ကျွန်တော်တို့ အတန်းပိုင်ဆရာလည်း ဖြစ်သည်။
နှစ်တစ်ဝက်တွင် ဆရာဦးခင်မောင် ဘာကြောင့်မသိ အလုပ်မှ ထွက်သွားသည်။ သူ့နေရာသို့ ဆရာ ဦးစိန်ထွန်း ရောက်ရှိလာသည်။
ဆရာဦးစိန်ထွန်းကား.... ကျွန်တော့်ဘ၀တွင် ဆရာကိုအုန်းဖေကဲ့သို့ မမေ့နိုင်သူ ဆရာတစ်ဦးဖြစ်သည်။ ကျွန်တော့် ပေါ်လည်း ကျေးဇူးကြီးလှသည်။

ဆရာသည် ဖြူဖြုဝင်းဝင်းနှင့် ခန့်သမျှချောသည်။ ကျောင်းသားကျောင်းသူများ စာသင်ရင်း မပျင်းအောင် ရယ်မောဖွယ်ရာ ပြောတတ်၍ သူ့ကိုချစ်ကြသမျှ စည်းကမ်းထိန်းသိမ်းရာတွင် သူ့လက်ဝါး ဖောင်းဖောင်း ပြည့်ပြည့်ကြီး များဖြင့် နားရင်းတီးသည်အထိ တင်းကျပ်သော ကြောင့်ကြောက် လည်း ကြောက်သည်။
ကျွန်တော့်မှာ အင်္ဂလိပ်စာနှင့် သချာင်္ ညံ့တုံးပင်ဖြစ်သည်။ အခြားဘာသာ၌ ထူးချွန်သမျှ ဤနှစ်ဘာသာ၌ ကျွန်တော်ညံ့ရသော အကြောင်း ဆရာစုံစမ်းသည်။ ကျွန်တော့်ပညာရေး အခြခံမှုမှန်သရုပ်ကို နားလည် သည် နှင့် တစ်ပြိုင်နက် ဆရာသည် အပြစ်တင်ရိုက်နှက်ခြင်း မပြုဘဲ စာဖိသင်ပေးသည်။

စနေ၊ တနင်္ဂနွေနေ့များတွင် ဆရာ့အိမ်၌ ဝေယျာဝစ္စ ၀ိုင်းကူလုပ်ပေးရင်း၊ ကျွန်တော်သည် အခမဲ့ ကျူရှင် ယူရသည်။
ဆရာ့တစ်အိမ်လုံးမှာ စာအုပ်တို့ဖြင့် ပြည့်နေသည်။ သားမယားမရှိသေးသော ဆရာသည် သူရသမျှလခကို စာအုပ်ဖိုး အဖြစ် အကုန်အသုံးပြု၍ အစဉ်ဘိုင်ကျနေတတ်၏။ သူဝယ်သမျှ စာအုပ်များမှာ ပညာရေးနှင့် ပတ်သက် သမျှချည်း ဖြစ်သည်။

''ဆရာဆိုတာ...စာဖတ်ရတာကွ၊ မဖတ်ရင် တုံးသွားမယ်၊ အချို့ဆရာတွေက ဓားသွေးကျောက်နဲ့ အလွန် တူတယ်၊ မင်းတို့ကျောင်းသားလေးတွေက သံမဏိဓားလေး တွေပေါ့၊ ဓားလေးတွေကတော့ ထက်ထက် သွားတယ်၊ ကျောက်တုံးကြီးကတော့ ပွန်းပွန်းပြီး ပါးပါးကျန်ရစ်တယ်၊ ငါကတော့ အပွန်းအပါး မခံဘူး၊ ဘာပြုလို့လဲဆိုဆိုတော့ ငါကိုယ်၌က ဆရာမဟုတ်ဘူး ထာဝရ ကျောင်းသားကြီးကွ၊ င့ါကိုယ်ငါလည်း အမြဲ သွေး နေတာပဲ''
ဤသည်မှာ ဆရာပြောလေ့ရှိသော စကားဖြစ်သည်။

ဆရာသည် ကျွန်တော့်အား သင်ရိုးသင်္ချာ၌ ကျေအောင်မသင်ပေ။ သင်္ချာဆိုသော သိပ္ပံ ပညာ၌ စိတ်ဝင်စား အောင် သာ သင်ပေးသည်။
"သင်္ချာဆိုတာ ဘာမှ မဟုတ်ဘူးကွ။ ပြဿနာ ဖြေရှင်းတာ၊ လောကကြီးမှာ ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေ အများကြီး ရှိတယ်။ အဖြေထုတ်လို့ မရတဲ့ သင်္ချာတွေလည်း အများကြီး ရှိတယ်။ သင်္ချာမှာ အဖြေရဖို့ အရေး မကြီးဘူး။ စနစ်တကျ တွေးခေါ်တတ်ဖို့က အရေးကြီးတယ်"

ဆရာ ကျွန်တော့်ကို သင်္ချာပြပေးတိုင်း အဖြေဘယ်လောက်လဲဟု မမေး။ ဤအဖြေ ဘယ်ကဲ့သို့ ရလာသည် ကို စစ်စစ်ပေါက်ပေါက် မေးတတ်သည်။ ရရှိသော  အဖြေအစား အခြားအဖြေ ရနိုင်မရနိုင်။ ပုစ္ဆာ ပေးထားချက် ကို မည်သို့မည်ပုံပြင်လျှင် မည်သို့ အဖြေထွက် လာမည် စသည်ကိုသာ ဆွေးနွေး ညွှန်ပြ တတ်၏။

အင်္ဂလိပ်စာ သင်ရာ၌လည်း မြန်မာအင်္ဂလပ် အဘိဓာန်ကို မကိုင်ခိုင်း။ အင်္ဂလိပ်၊ အင်္ဂလိပ် အဘိဓာန် အလွယ်စားကို ကိုင်ခိုင်းသည်။ အင်္ဂလိပ်ကဗျာများကို အသံနေ အသံထား မှန်ကန်စွာဖြင့် နှုတ်တက်ရအောင် ကျက်ခိုင်း သည်။ အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသည့် သတင်းစာနှင့် မဂ္ဂဇင်းများကို မဖတ်မနေရခိုင်းသည်။ ကျွန်တော့် ကို စကားပြောလျှင် အင်္ဂလိပ်လိုသာပြော၍ ကျွန်တော်ကလည်း ပီပီ ... မပီပီ ...  မှန်မှန် ... မမှန်မှန် အင်္ဂလိပ် ဘသာနှင့်ပင် ပြန်ပြောရ၏။

ဆရာ့ကျေးဇူးကြောင့် ကျွန်တော် ခြောက်တန်းစာမေးပွကို အခက်အခဲမရှိ အောင်မြင်သည်။ နွေကျောင်းပိတ်ရက်၌ ဦးလေးထွန်းက အဘနှင့် တိုင်ပင်၍ ကျွန်တော့်ကို ရွာမပြန်စေဘဲ ဆရာ့ထံ၌ အပ်၍ အနားမပေးဘဲ စာဆက်သင်စေသည်။
ကျွန်တော့်အနေနှင့်မူ ရွာကို ပြန်ချင်လွန်း၍ တစ်ပိုင်းသေနေသည်။ ရွာမှထွက်လာစဉ် မတွေ့ခဲ့ရသော မယဉ်နွယ်ကိုလည်း အောက်မေ့လှသည်။

စိတ်ကစားတတ်သော လူပျိုပေါက်အရွယ် ရောက်ခဲ့သဖြင့် မယဉ်နွယ်ကို သတိရတိုင်း ရင်၌ ခုန်မိသည်။ နှလုံးသွေးသည် ဒိုင်းခနဲဒိုင်းခနဲ ဆောင့်၍ ဘ၀င်မှာ စိမ့်ကနဲအေးကနဲ ဖြစ်လာ သည်။
ပေါင်းတည် ကျောင်း၌ ကျွန်တော့်အချစ်ဆုံး သူငယ်ချင်း ခုနှစ်ဦး ရှိသည်။ မောင်စန်း၊ အုန်းကျော်၊ တင်မြင့်၊ ခင်လှိုင်၊ ခင်ရွှေ၊ ထွန်းမြင့်၊ တင်ညွှန်တို့တည်း။

ကျွန်တော်တို့ အားလုံး ဘောလုံးကန်ကြသည်။ ဘောလုံးကန်ကြသည်ဆိုသည်မှာ ... မနက် မရှောင်၊ နေ့လည် မရှောင်၊ ညနေမရှောင်၊ နွေရော ... မိုးရော ... ဆောင်းရော တကယ်ကန် ကြခြင်း ဖြစ်သည်။
မိုးအခါဆိုလျှင် မြက်ခင်းစိမ်းစိမ်းနှင့် ကျွန်တော်တို့၏ ဘောလုံးကွင်းကြီးသည် အလွန် သာယာ၏။ အရှေ့ဘက် ပဲခူးရိုးမကြီးကို မိုးမြူတို့အကြား၌ လွမ်းဆွတ်ဖွယ် မြင်နိုင်သည်။
ဘောလုံးကန်ပြီးလျှင် ညနေစောင်းသော်လည်း မပြန်ကြသေး၏။ မြက်ခင်းပေါ်၌ ၀ိုင်းထိုင်၍ တွေ့ကရာ ရှစ်သောင်း ပြောကြလေ့ရှိသည်။
အများဆုံးပြောကြသည်မှာ ကောင်မလေးများအကြောင်း ဖြစ်သည်။

ကျွန်တော်တို့အားလုံးမှာ "နှုတ်ခမ်းမွှေးလေး ပေါက်စ စုတ်ပြတ်ပြတ်နဲ့ လူကလေးတွေက ငယ်တော့ ...၊ စိတ်ကများကြတယ်" ဟု ဆရာ ဦးစိန်ထွန်း သမုတ်လေ့ရှိသည့်အတိုင်း ... ကြီးကောင်ဝင်စ စိတ်များ ကောင်းတုန်း အရွယ် ဖြစ်သည်။

သူငယ်ချင်းအားလုံး၌ ရည်းစားမရှိသေး။ ရည်းစားတော့ အလွန်ထားချင်နေကြသည်။ မောင်စန်းမှာ တင်မြင့် နှမ ရွှေကုန်သည်သမီး ပေါင်းတည်မြို့၏ အလှထိပ်တင်တစ်ဦးဖြစ်သော ကြည်ကြည်လေးကို ပိုးတုန်းဖြစ်သည်။ ခင်လှိုင်က ကျွန်တော်တို့ကျောင်းမှ အလှဆုံး ဖြစ်၍ "ကြူကြူဝင်း" ဘွဲ့ရ မလှမြိုင်ကို ရူးမလောက် တစ်ဖက်သတ် ကြိုက်ကောင်းတုန်း ဖြစ်သည်။ ကျန်လူများမှာ လက်ကိုင်မရှိသေး။ မိုးဦးက ကျွတ်များ သို့ လန်းလန်းလန်းလန်း နှင့် ဟိုတွယ်ချင်၊ သည်တွယ်ချင် တကယ်ပင် သောကများဆဲ  ဖြစ်သည်။

ဤအသိုက်ထဲတွင် မယဉ်နွယ်၏ပါးကို နမ်းဖူးသော ကျွန်တော်သည် ၀ါအရင့်ဆုံး ဖြစ်နေ၏။
သူတို့အားလုံးသည် တော်လှန်ရေးဖြစ်စဉ်က ကျွန်တော်၏ စွန့်စားခြင်းများကို တအံ့တသြ နားထောင်လေ့ ရှိကြသည်။ ထိုထက် ... မယဉ်နွယ်နှင့် ကျွန်တော် ချိန်းတွေ့ခန်းများကို သွားရည်တများများ နားထောင်ရင်း ပို စိတ်ဝင်စားကြသည်။

"မင်း ... ကောင်မလေးပါးနမ်းရတာ ဘယ်နှယ်နေလဲကွ ဟီး ... ဟီး ..."
တင်ညွန့်သည် နှစ်ခြိုက်ပီတိဖြစ်ခြင်းကို မထိန်းနိုင် မသိမ်းနိုင်ဘဲ မေးသည်။
"ငါက ငယ်သေးတော့ သိပ်မမှတ်မိဘူး၊ ကောင်းတော့ ကောင်းတာပဲ"
အုန်းကျော် က စဉ်းစဉ်းစားစားဖြင့် တစ်မျိုးမေးသည်။

"မင်း ... ဟို ... ကိုယ်သင်းနံ့လေး မရဘူးလား ..."
ကျွန်တော်မဖြေရမီ ခင်ရွှေက အ တီး အ တ ကြားဝင်မေးသည်။
"ကိုယ်သင်းနံ့ဆိုတာ ... ဘာလဲ ..."
အုန်းကျော်သည် ကိုယ်သင်းနံ့အကြောင်းကို သူစာ၌ တွေ့သမျှ ရှင်းပြ၏။ လိုအပ်လျှင် ခင်လှိုင်က ၀င်ဝင်ထောက်ပေးသည်။
(အုန်းကျော်ကား ယခု မြ၀တီမောင်ကျော်သာ၊ ခင်လှိုင်ကား ယခု စာရေးဆရာ ကောက်လှိုင်း။)

အုန်းကျော်နှင့် ခင်လှိုင်ကျေးဇူးကြောင့် ကိုယ်သင်းနံ့အကြောင်း ကျန်လူများ သဘော အလွန်ပေါက် သွားကြသည်။ ထွန်းမြင့် ကသာ ကက်သီးကတ်သတ် ၀င်ကွန့်၏။
"မင်းတို့ပြောတဲ့ ကိုယ်သင်းနံ့ဆိုတာ ... ချွေးနံ့ဖြစ်မှာပါကွာ"
ထိုအခါ တင်မြင့်က ထွန်းမြင့်ကို ထောက်ခံသည်။
"ဟုတ်တယ် ... ချွေးနဲ့ သနပ်ခါးနံ့ ရောနေတာပဲ ဖြစ်ရမယ်"
ဤသည်ကို ခင်လှိုင် က မကျေမနပ်နှင့် ကန့်ကွက်၏။

"ချွေးနဲ့ သနပ်ခါးနံ့တော့ ဘယ်မိန်းကလေးနားကပ်ကပ် ရတာပဲ။ ကိုယ်သင်းနံ့ဆိုတာက သက်သက်"
ငြိမ်နေရာမှ မောင်စန်းသည် ခင်လှိုင့်ဘက်မှ ၀င်ပြောသည်။
"ခင်လှိုင်ပြောတာ မှန်တယ်။ ကိုယ်သင်းနံ့ဆိုတာ သက်သက် ဖြစ်ရမယ်၊ သက်သက် မဟုတ်ရင် ကဗျာဆရာ တွေက စာဖွဲ့ခဲ့ပါ့မလား"
အုန်းကျော် က ၀င်အဆုံးအဖြတ်ပေး၏။

ဆက်ရန်
.

2 comments:

Anonymous said...

ကိုယ်သင်းနဲ့ နှင့် ချွေးနံ့ နှင့် ...
မြက်ခင်းနံ့ နှင့် သေးနံ့ နှင့် ...

မေဓာဝီ said...

ဒါဖတ်ပြီး မင်းလူဝတ္ထုသွားသတိရတယ်။
အာခံတွင်းက ကြာညိုနံ့သင်းတယ် ဆိုတာကို ကြာညို့နံ့ လို့ ပြောတယ်ဆိုတာ .... အင်းလေ ... တကယ်တော့ ကြာညိုနံ့က ဘယ်လိုမှန်းမှ မသိဘဲ။ ကြာညို့နံ့ ကိုသာ ဟင်းချက်ရင် ထည့်လို့ သိနေတာ။ :)