Wednesday, January 26, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၁ဝ)

အခန်း (၅)

အဲဒီလို အကျပ်အတည်း ဖြစ်နေချိန်မှာ စက်ဘီးက ဒိုင်နမိုအကြောင်း ကျွန်တော် လေ့လာခွင့် ရခဲ့ပါ တယ်။ ဘီးမှာ တပ်ထားတဲ့ သတ္တုဘူးကလေးကို ကျွန်တော် တွေ့ဖူးနေတာ ကြာပါပြီ။ ဒါပေမဲ့ သိပ်ဂရု မစိုက် ခဲ့မိပါဘူး။ တစ်ညမှာ အဖေ့ဆီ စက်ဘီးနဲ့ ဧည့်သည်တစ်ယောက် ရောက်လာပါတယ်။ မီးလင်းနေ တဲ့ စက်ဘီး ဟာ အိမ်ရှေ့ရောက်လို့ သူ ခုန်ဆင်းလိုက်တာနဲ့ ငြိမ်းသွားပါတယ်။
"ဦးလေး၊ ဘာလို့ စက်ဘီး မီးငြိမ်းသွားတာလဲ" လို့ ကျွန်တော် မေးတော့ "ဒိုင်နမိုမီးလေကွာ၊ ဘီးရပ်သွားတော့ ငြိမ်း သွားတာပေါ့" လို့ ဧည့်သည်က ရှင်းပြပါတယ်။

သူ အိမ်ထဲဝင်သွားတာနဲ့ စက်ဘီးပေါ် ခုန်တက်ပြီး ကျွန်တော် နင်း ကြည့်ပါတယ်။ မီတာနည်းနည်း သွားမိတာ နဲ့ မီးလင်းလာပါတယ်။ စက်ဘီးပေါ်က ဆင်းပြီး မီးလုံးနောက်က ၀ိုင်ယာကြိုးကလေးကိုင်ပြီး လျှောက်စမ်းပါတယ်။ ဘီးမှာ တပ်ထားတဲ့ ဒိုင်နမိုကလေးမှာ ကြိုးက ဆုံးသွားပါတယ်။ ဒိုင်နမိုထိပ်မှာ လည်း သတ္တု ဘီးကလေး တစ်ခု ပါသေးတာကို။ အဲဒီဘီးကလေးနဲ့ စက်ဘီးတာယာ ပွတ်ပြီး လည်တာ ပါလား။ ခြေနင်း ကို ကျွန်တော် လက်နဲ့ လှည့်ကြည့်ပါတယ်။ စက်ဘီးက ဘီးလည်သလို ဒိုင်နမိုက ဘီးကလေးလည်း လိုက်လည်နေပါတယ်။ မကြာခင် မီးလင်းလာတာ တွေ့ရပါတယ်။

ဒီကိစ္စ ကျွန်တော့်ခေါင်းထဲက မထွက်တော့ပါဘူး။ ဘီးလည်တာနဲ့ ဘာလို့ မီးလင်းလာတာလဲ။ မကြာပါ ဘူး။ တွေ့သမျှ လူကို ဒိုင်နမိုရဲ့ ဂုဏ်သတ္တိအကြောင်း ကျွန်တော် မေးတော့တာပါပဲ။
"ခင်ဗျား စက်ဘီးနင်း လိုက်တာ နဲ့ ဘာပြုလို့ မီးလင်းလာတာလဲ"
"ဒိုင်နမို လည် လို့ မီးလင်းတာပေါ့ကွ"
"ဒိုင်နမို လည်တာ ကျွန်တော် သိပါတယ်။ ဘာကြောင့် မီးလုံးလင်းလာတာလဲ၊ ဘာလျှို့ဝှက်ချက် ရှိလို့လဲ"
"အဲဒါတော့ ငါလည်း မသိဘူး"
"ကျွန်တော် စမ်းကြည့်မယ်နော်"
"လုပ်လေ"

စက်ဘီးဒေါက်ကို အားပြုပြီး တစ်ဖက်ကို စောင်းရင်း ခြေနင်းကို လက်နဲ့ လှည့်ကြည့်ပြန်ပါတယ်။ ပြီးတော့ မီးလင်းလာပုံ ကို စောင့်ကြည့်ပြီး အတွေးနက်နေမိပါတယ်။
တစ်နေ့မှာ အဖေ့မိတ်ဆွေရဲ့ စက်ဘီးရဲ့ ဆော့နေရင်း မီးလုံးကို ၀င်တဲ့ ၀ိုင်ယာကြိုးကလေး အပြင် ထွက် နေတာ သတိထားလိုက်မိတယ်။ ကျွန်တော်ခြေနင်းကို လှည့်နေတုန်း အဲဒီကြိုးစကလေးဟာ စက်ဘီး လက်ကိုင် နဲ့ ထိပြီး  မီးပွင့်နေတာ မြင်လိုက်ရပါတယ်။ ဟုတ်ပြီ။ နောက်တစ်ဆင့် တွေးစရာ ရပြီ။

တစ်ရက်မှာ အဲဒီစက်ဘီးကိုပဲ ငှားပြီး ကျွန်တော်နဲ့ ဂျက်ဖရီ ဆော့ကြပြန်ပါတယ်။ စက်ဘီးကို ပြောင်းပြန် လှန်ပြီး အဖိုနဲအမ ကြိုးစကို ဖြုတ်လိုက်တယ်။ ပြီးတော့ ရေဒီယိုမှာ သူ့နေရာနဲ့သူ တို့ထားလိုက်တယ်။ ဓာတ်ခဲ အစားပေါ့။ ခြေနင်းကို လှည့်ကြည့်တော့ ဘာမှမဖြစ်ဘူး။ ဒါနဲ့ ကြိုးပြန်ဖြုတ် ပြီး ဒိုင်နမိုရဲ့မီးလုံးနဲ့ ဆက်တယ်။ ခြေနင်းကိုလှည့်တယ်၊ မီးလင်းလာတယ်။ ရေဒီယိုထဲက ထုတ်ထားတဲ့ ဓာတ်ခဲတွေကိုစီပြီး ဟိုဘက်ထိပ် ဒီဘက်ထိပ် မှာ ၀ိုင်ယာစတို့ပြီး မီးလုံးကို တို့ကြည့်တော့ လင်းတယ်။

ဟေ့ ဂျက်ဖရီ၊ ဒိုင်နမိုရဲ့ မီးလုံးဟာ သူတို့အလုပ် သူတို့ လုပ်တယ်ကွ။ ဘာလို့ ရေဒီယိုမှာ အလုပ် မလုပ် တာလဲ။
မသိဘူးလေကွာ၊ ဒီနေရာနဲ့ ဆက်ကြည့်ပါလား။
သူညွှန်ပြန် တဲ့ နေရာကို ကျွန်တော် ကြည့်လိုက်တယ်။ အေစီလို့ရေးထားတဲ့ ပလပ်ပေါက်။ အဲဒီ အပေါက်ထဲ ကို ကြိုးစ ထိုးထည့် လိုက်တော့ ရေဒီယို အသက်ဝင်လာတယ်။
အဲဒီမှာ ခြေနင်းကို ကျွန်တော် တအားလှည့်လိုက်တယ်။ ရေဒီယိုတူးက ဘီလီကွန်ဒါ ရဲ့ ဂီတသံကို ကြည်ကြည် လင်လင်ကြားလိုက်ရတယ်။ အဲဒီမှာ ဂျက်ဖရီ ထ ကတော့တာပဲ။

''ဟေ့...၀ီလျံ၊ မရပ်နဲ့ ဆက်လှည့်နေ''
ဂျပ်ဖရီ က အော်တယ်။
'' ဟေ့ ငါလည်း ကခင်တာပေါ့ကွ''
''အေးပါ မင်းအလှည့် လာမှာပေါ့။ ငါ လှည့်ပေးပါ့မယ်''
မထင်ဘဲ နဲ့ အေစီ ရဲ့ ခြားနားချက်ကို ကျွန်တော်တို့ တွေ့လိုက်တာပါ။ ဒါပေမဲ့ အဓိပ္ပါယ်ကိုတော့ နောက်နှစ်များစွာ ကြာ မှ ကျွန်တော် သဘောပေါက်လာတာပါ။

ဇောက်ထိုးမိုးမျှော် လုပ်တားတဲ့ စက်ဘီးခြေနင်းကို လှည့်နေရင်း ကျွန်တော့်လက်မောင်းတွေ အောင့်လာပြီး လက်အံ သေလာတော့ ရေဒီယိုသံ တဖြည်းဖြည်း ပျောက်သွားပါတော့တယ်။ ကျွန်တော် စဉ်းစားရပါပြီ။ ကျွန်တော် တို့ နှစ်ယောက်စလုံး က နိုင်အောင် ဘာလုပ်ရပါ့မလဲ။

ဒိုင်နမိုကနေ လျှပ်စစ်ဓာတ်ရဲ့ အရိပ်အယောင်ကို ကျွန်တော်လှစ်ခနဲ မြင်လိုက်ရတာပါ။ ဘယ်လိုလုပ်ပြီး ကျွန်တော့်လက် နဲ့ လျှစ်စစ် ကို ဖန်တီးရပါ့မလဲ။ မာလာဝီမှာ လူဦးရေရဲ့ နှစ်ရာခိုင်နှုန်းသာ လျှပ်စစ်သုံး စွဲခွင့် ရကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လျှစ်စစ်ဓာတ်အားဟာ အကြီးမားဆုံး ပြဿနာကြီးပါ။ လျှစ်စစ် ဓာတ်အား မရတော့ မီးမရ။ မီးမရတော့ ညအခါမှာ ကျွန်တော်ဘာမှလုပ်လို့ မရပါဘူး။ ကျောင်းစာလည်း မကျက်နိုင်ဘူး။ ရေဒီယိုလည်း မပြင်နိုင်ဘူးပေါ့။ ကြမ်းပေါ်မှာ လျှောက်သွားနေတဲ့ ကြွက်တွေ၊ နံရံမှာ တွယ်တက်နေတဲ့ ပိုးဟပ်တွေကိုလည်း မမြင်ရဘူး။ လမရှိတဲ့ညတွေမှာဆိုရင် နေ၀င်သွားတာနဲ့ လူတွေ သွားတိုက်ပြီး အိပ်ရာဝင်ကြတော့တာပဲ။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ အာဖရိကတိုက်သား အများစုဟာ ခုနစ်နာရီ ထိုးတာနဲ့ အိပ်တတ်ကြပါတယ်။

ရေနံဆီမီးခွက် ထွန်းကြပေမယ့် ရေနံဆီဈေးကြီးလို့ ဘယ်သူမှ ကြာကြာမထွန်းနိုင်ကြပါဘူး။ ရေနံဆီမီးခွက် ဆိုတာ ကလည်း မှိုင်းတွေတလူလူနဲ့မို့ ခဏထွန်းတာနဲ့ မျက်စိတွေ ကျိန်း၊ ချောင်းတွေဆိုး ဖြစ်လာတတ် ပါတယ်။ မှန်အိမ် က ပိုလင်းပြီး မှိုင်းမတက်ပေမယ့် ဈေးကြီးလို့ မ၀ယ်နိုင်ကြပါဘူး။

ခင်ဗျားမှာ ပိုက်ဆံတွေ အများကြီးရှိရင်တော့ မီးရနိုင်ပါတယ်။ ကီလိုမီတာ တစ်ရာကျော်ဝေးတဲ့ လီလွန်းဂွေ ကိုသွား၊ အစိုးရလျှစ်စစ်ဌာန မှာ လျှောက်လွှာတင်၊ လျှောက်လွှာဖိုးချည်း ထောင်ချီကုန် ပါတယ်။ သူတို့ လာကြည့် ဖို့ မြေပုံဆွဲပေးရတယ်။ အဲ့ ခင်ဗျားကံကောင်းရင် သူတို့  လိုင်းဆွဲပေးလိမ့်မယ်။ အဲဒီတိုင်ဖိုးတွေ၊ ကြိုးဖိုး တွေ ခင်ဗျား ကျခံရမယ်။
အဲ့ မီးရပြီဆိုတော့ ပျော်ရမယ် ထင်သလား။ ညဆယ်နာရီ အထိရေဒီယိုဖွင့်ပြီး ကမယ် စိတ်ကူးသလား၊ အစိုးရ က ညညမီးဖြတ်ထားတတ်ပါတယ်။ ဒီတော့ ဘယ်သူမှ မကြိုးစားတော့ဘူး။ ဒီတော့ ခုနစ်နာရီမှာ အိပ်ရာဝင် တာပဲ မကောင်းဘူးလား။

တိုင်းပြည်အတွက် ပိုဆိုးတာက လျှစ်စစ်မီး မပေးနိုင်တော့ သစ်တောတွေ ပြုန်းတဲ့ကိစ္စပါ။ ကျွန်တော်တို့ လူမျိုး တွေ လူမွေးမပြောင်တာ အဲဒီကိစ္စအဓိကပါ။ ကျွန်တော့်အဘိုး ပြောဖူးတယ်။ မာလာပီဟာ သူတို့ ငယ်ငယ်က မွန်းတည့်ချိန်မှာတောင် နေကိုမမြင်ရတဲ့ တိုင်းပြည်တဲ့။ မြေပြင်ကို နေပြောက်မထိုးတဲ့ တိုင်းပြည် တဲ့။ ခုတော့ ၀င်ဘီတစ်ဝိုက်မှာ သစ်တောဆိုတာ မရှိသလောက် ဖြစ်နေပါပြီ။ ဟိုအဝေးက တောင်တန်း တွေ လည်း အားလုံး ကတုံးချည်းပါပဲ။

သစ်ပင်တွေ မရှိတော့ မိုးရွာတဲ့အခါ ရေမနေတော့ဘဲ မိုးက မြေဆီတွေ၊ သတ္တုဓာတ်တွေကို တိုက်စား သွားပါတယ်။ မြေဆီလွှာဟာ အမှိုက်သရိုက်တွေရဲ့ တွန်းအားနဲ့အတူ ရှိုင်ယာမြစ်ထဲကို ပါသွားပါတော့တယ်။ ပြီးတော့မကြာခဏ မိုးခေါင်လာတယ်။ လူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ ဆုံးရှုံးလေ၊ ထင်းပိုခုတ်လေ၊ သစ်ပင် တွေ ရှားလာလေနဲ့ နောက်ဆုံးမှ အာဖရိကဟာ သဲကန္တာရ တိုင်းပြည်တွေ ဖြစ်ခါနီးလာတော့တာပဲ။

ကျွန်တော်တို့ရွာနားက ဖြတ်သွားတဲ့ ဓာတ်အားလိုင်းကနေပြီး ဂီးလ်ဘတ်တို့အိမ်ကို မီးသွယ်ထား ပါတယ်။ သူ့အဖေ က အကြီးအကဲကိုး။ သူတို့က တိုင်းဖိုးကြိုးဖိုး တတ်နိုင်တယ်လေ။ ကျွန်တော် ငယ်ငယ်က သူတို့အိမ် သွားလည်ရင်း ဂီးလ်ဘတ်က နံရံကို ထိလိုက်တာနဲ့ မီးလင်းလာတာကို မှတ်မိနေတယ်။ ခုမှ မီးခလုတ်ဆိုတာ ကျွန်တော် သိလာတာ။
ကျွန်တော် ကကော သူ့လို နံရံကခလုတ်ကို ဖိလိုက်ရုံနဲ့ မီးလင်းအောင်ဘာလို့ မလုပ်နိုင်ရမှာလဲ။ ဘာလို့ အမှောင်ထဲ မှာ ချည်း အချိန်ကုန်ပြီး မီးခြစ်လိုက်လိုက်စမ်းနေရာမှာလဲ။

ဒါပေမဲ့ ကျွန်တော့်အိမ်မှာ မီးလင်းဖိုဆိုတာ စက်ဘီးဒိုင်နမိုနဲ့ လက်နှိပ်ဓာတ်မီးထဲက မီးသီးလင်းအောင်ပဲ လုပ်နိုင် ပါလိမ့်မယ်။ ဒါတောင် ကျွန်တော့်အဖေဟာ စက်ဘီးတစ်စီး မ၀ယ်နိုင်လို့ မဖြစ်နိုင်သေးပါဘူး။
ဒါတွေကို မစဉ်းစားသေးပါဘူးလို့ စိတ်လျှော့ပြီး အဓိကလုပ်ရမယ့် လောလောဆယ်ပြဿနာကိုပဲ အာရုံစိုက် ဖို့ ကြိုးစား ရပါတယ်။ အဲဒါကတော့ မူလတန်းပြီးအောင် လုပ်ဖို့ပါပဲ။
စက်တင်ဘာလမယ်မှာ စာမေးပွဲတွေ ပြီးသွားပါတယ်။ ဆရာတွေက ကျွန်တော်တို့ကို ကံကောင်းပါစေ လို့ ဆုတောင်းပေးပြီး နှုတ်ဆက်ကြပါတယ်။ ပြီးခဲ့တဲ့ ခုနစ်လလုံးလုံး ရေနံဆီခွက်ကလေးနဲ့ ကျွန်တော် ကြိုးကြိုး စားစား စာကျက်ခဲ့ပါတယ်။ ရှစ်တန်းစာတွေလည်း ကျွန်တော် ကြိုပြီး ဖတ်နေပါပြီ၊ ပြည်သူ့နီတိ၊ စိုက်ပျိုးရေး၊ အထွေထွေသိပ္ပံ နဲ့ နိုင်ငံရေးသိပ္ပံ တွေအပြင် အင်္ဂလိပ်စာကိုလည်း အပြင်းအထန် လေ့လာခဲ့ပါတယ်။

ဒီကြိုးစားမှုတွေအတွက် အစိုးရအထက်တန်းကျောင်းကို ကျွန်တော်ဝင်ခွင့်ရခဲ့ပါတယ်။ ကျောင်းစရိတ်က ကြီးလို့ မာလာဝီ မှာ အထက်တန်းကျောင်းကို တက်တဲ့လူ သိပ်မရှိပါဘူး။ ကျွန်တော့်အစ်မ အင်နီဆိုရင်  အထက်တန်း မပြီးခဲ့ပါဘူး။
အထက်တန်းကျောင်းမှာ ဘောင်းဘီတို မ၀တ်ရလို့ ကျွန်တော်တစ်ယောက် ဘောင်းဘီရှည်နဲ့ဘာနဲ့ စမတ် ကျကျ ဖြစ်တော့မှာပါ။ ကျောင်းမတက်သေးခင် တစ်နေ့မှာ အားနေတာနဲ့ ကျွန်တော်နဲ့ ဂီးလ်ဘတ် တောလည် ထွက်ခဲ့ကြပါတယ်။

ကျောင်းကကျွေးတဲ့ နံနက်စာကို အရမ်းစားလို့ကောင်းပါတယ်။ အထက်တန်းကျောင်းသားဘ၀မှာ ကျောင်း ပိတ်ရက် တွေဟာ ပျော်စရာ မကောင်းတော့ပါဘူး။ ဘာပြုလို့လဲဆိုတော့ အဖေ့ကို ကူရတာ အရမ်းပင်ပန်း လို့ ပါပဲ။ စိုက်ခင်းအလုပ်တွေက ပြီးတယ်လို့ကို မရှိဘူး။ စပါးစိုက်ရ၊ ဆေးခင်းအတွက် ပျိုးခင်းလုပ်ရ၊ အပင်ကလေး တွေ ပေါက်လာတော့ ရွှေ့စိုက်ရနဲ့ တစ်ချိန်လုံးမနားရပါဘူး။
စက်တင်ဘာလ ထဲ မှာ အလုပ်နည်းနည်း ပါးသွားတာနဲ့ ကျွန်တော်နဲ့ ဂီးလ်ဘတ်ဈေးဘက်သွားပြီး ကျောက်ဒိုး ရိုက်ကြပါတယ်။ ပြီးတာနဲ့ ဂီးလ်ဘတ်တို့အိမ်ဘက် ပြန်လာခဲ့ကြပါတယ်။ လူတစ်ဒါဇင် လောက် သူတို့ အိမ်ရှေ့ ကွက်လပ်သစ်ပင်ရိပ် မှာ စုဝေးနေကြပါတယ်။ သူတို့မျက်နှာတွေက ညှိုးညှိုး ငယ်ငယ်နဲ့ပါ။ မိန်းမ တွေလည်း ပါပါတယ်။ သူတို့ခေါင်းမှာ ပူပူလောင်လောင်အရောင် ခေါင်းပေါင်းတွေနဲ့။ သူတို့အားလုံးရဲ့ လက်ထဲ မှာ ခြင်းတောင်း ကိုယ်စီကိုင်လို့။ ဂီးလ်ဘတ်က လုံးဝအံသြတဲ့ဟန် မပြဘူး။ ကျွန်တော်က ဘယ်သူ တွေလဲ၊ ဘာအတွက် ရောက်နေကြတာလဲ မေးတော့ သူက ဘာမှ မထူးဆန်းသလို ဖြေပါတယ်။

ရွာသားတွေလေကွာ၊ သူတို့မှာ စားစရာမရှိတော့ စားစရာရရ၊ ဗာဟီရအလုပ်ကလေး ရရဆိုပြီး အဖေ့ဆီ လာ တောင်းကြတာလေ။ ဒီကိုရောက်အောင် ရက်ပေါင်းများစွာ သူတို့ လမ်းလျှောက်လာခဲ့ ကြရတာ။
သူတို့ရွာ မှာ သူတို့ မလုပ်ကြဘူးလား။
ဒီနှစ် သူတို့ဆီမှာ ဘာမှ လုပ်စရာ မရှိတော့ဘူးလေ။
အဲဒီတော့ မင်းအဖေက ဘာလုပ်ပေးမလဲ။
စားစရာလေး ဘာလေး ပေးရမှာပေါ့ကွာ၊ သူခေါင်းရှောင်လို့ မရဘူးလေ။ သူက သူတို့ရဲ့ အကြီးအကဲ မဟုတ်လား။

ဟုတ်ပါတယ် ရေကြီးမိုးခေါင်းပြီး နောက်ပိုင်းမှာ ရာသီဥတု လုံးဝ မကောင်းတော့ပါဘူး။ ၀မ်းစာကလေးတွေ ထိုင်းစား ကြတာလည်း ကုန်သလောက် ရှိသွားပါပြီ။ မကြာခင် ဈေးထဲမှာ တီးတိုးသတင်းတွေ ထွက်လာ ပါတော့တယ်။ ရိက္ခာပြတ်တော့မယ်တဲ့။
တစ်နေ့မှာ အဖေခိုင်းလို့ မစ္စတာဘန်ဒါက သူ့ဆိုင်မှာ ဇွန်လဆိုရင် နယ်တကာက ကုန်တွေအပြည့် ၀ယ်လှောင် တဲ့ လူ။ ဒီနှစ်တော့ သူ့ဂိုဒေါင်ထဲမှာ ဟောင်းလောင်း။
ဒီအကြောင်းရော၊ ဂီးလ်ဘတ်အိမ်မှာ တွေ့ခဲ့တဲ့အဖြစ်ကိုပါ အဖေ့ကို ကျွန်တော်ပြောပြလိုက်ပါတယ်။ အဖေ က ပြောတယ်၊ ဒီလိုဖြစ်မယ်ဆိုတာ သူသိတယ်တဲ့။ ဘာမှမပူနဲ့တဲ့။

အစိုးရ မှာ အရံရိက္ခာတွေ ရှိပါတယ်။ ရောင်းပေးမှာပေါ့။ သူများပြောတိုင်း မစိုးရိမ်ပါနဲ့ကွာ လို့အဖေက နှစ်သိမ့် ပါတယ်။
စက်တင်ဘာလနှောင်းပိုင်း တစ်ရက်မှာ အဖေအပြင်က ပြန်လာပြီး အမေ့ကို ပြောနေသံ ကျွန်တော် ကြား လိုက်တယ်။
လယ်သမား နံပါတ်တစ် ဆိုတဲ့ သမ္မတဟောင်း ဘင်ဒါရဲ့ အတိုက်အခံပါတီဖြစ်တဲ့ မာလာဝီကွန်ဂရက် က လူထု အစည်းအဝေး လုပ်တယ်။ လူတွေအများကြီးတက်တယ်။ အဲဒီမှာ လက်ရှိသမ္မ မလူဇီရဲ့ လူတွေက လာ တားတယ်၊ ဒါကို လူထုက ၀င်ပြီး သူတို့ကို တားတယ်၊ အတိုက်အခံပါတီ ဆက်ဟောဖို့ ၀ိုင်းအော်ကြတယ်။ အဲဒီမှာ မူလူဇီရဲ့ လူတွေ လက်လျှော့သွားရတယ်။

ကြားခဲ့ရ တဲ့ သတင်းတွေက မကောင်းဘူး၊ ပြီးခဲ့တဲ့ လတွေတဲမှာ မူလူဇီရဲ့ လူတွေက အရံရိက္ခာတွေကို ထုတ်ရောင်း ပစ်ကြတယ်တဲ့။ ကင်ညာနယ်စပ်ကို ကားကြီးတွေနဲ့ အများဆုံး ပို့ခဲ့တယ်တဲ့။ တိုင်းပြည်မှာ စားစရာ မရှိတော့ဘူး။ အစိုးရက ဘယ်သူ့မှ အရေးမယူဘူး၊ ဒီနှစ် တစ်နိုင်ငံလုံး သရောကြီးခိုင်းလိမ့်မယ် လို့ ပြောနေ ကြတယ်။
အမေ က ပြန်ပြောတယ်။
ဘုရားသခင် ကို ပဲ အားကိုးရမှာပေါ့ရှင်။

မိုးခေါင်လို့ ရိက္ခအထွက် ကျရတဲ့အထဲ ကမ္ဘာ္ဘဘဏ်က မာလာဝီအစိုးရကို ကြွေးတွေဆပ်ဖို့ ဖိအား ပေးလာတယ်။ အဲဒီမှာ အစိုးရက အရံ ရိက္ခတွေကို နောက်ရောင်းလိုက်တာလို့ ပြောသံတွေ ကြားရတယ်။ အစိုးရ နဲ့ နီးစပ်တဲ့ ကုန်သည်ကြီးတွေကလည်း ဒီအရေးတွေ ကြိုမြင်လို့ လယ်ယာ ထွက်ကုန်တွေ အစောကြီး ၀ယ်ထားတယ်၊ ပြီးမှ မတန်တဆ အမြတ်တင်ပြီး ကင်ညာနဲ့မိုဇမ်ဘစ် ကို ရောင်းပြစ်တယ်လို့လည်း ကြားရတယ်။ သူတို့ လက်ထဲမှာ လှောင်ထားတဲ့ လက်ကျန်ရိက္ခာ ရှိရင်လည်း ဘယ်သူမှ ၀ယ်မစားနိုင်တဲ့ ဈေး ကို ခေါ်ကြတော့မှာပေါ့။
အဖေပြောတဲ့အတိုင်းပဲ။ ကျွန်တော်တို့တစ်တွေ အငတ်ဘေးနဲ့ ရင်ဆိုင်ကြရတော့မယ်။ ဘယ်လောက်ထိ ဆိုးရွား မလဲ ဆိုတာသာ မသိကြတာပါ။

ဆက်ရန်
.

No comments: