Tuesday, December 21, 2010

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁ဝ)


စိန့်ဖရန်စစ် က ပီလွန်၊ ပက်ဘလို နှင့် ဂျီးဆပ်စ်မေရီယာ တို့အား 
သက်သာသော အပြစ်ဒဏ်ပေးခြင်း

မွန်းလွဲပိုင်း သည် တဖြည်းဖြည်းချင်း ကုန်ဆုံးသော ညနေပိုင်းသို့ ရောက်လာသည်။ ပျော်ပျော်နေတတ်သော လူ တစ်ယောက် ထံသို့ သူ မသိလိုက် မမြင်လိုက်ဘဲ အသက်ကြီးမှုတည်းဟူသော ဇရာကျရောက်လာပုံနှင့် တူလှ၏။ နေရောင် တွင် ရွှေရောင်ဝင်လာသည်။ ပင်လယ်ကွေ့ေ၇ပြင်သည် အပြာရောင်သမ်းလာသည်။ ကမ်းခြေဆီမှ တိုက်ခတ်လာနေသော လေအရှိန်ဖြင့် ထလာနေသည့် လှိုင်းဂယက်များသည် လူးလွန်ပပြေးသွား လျက်ရှိကြ၏။

ဒီရေ တက်သည့် နေရာများ၌သာ ငါးအဟပ်များသည်ဟု ယုံကြည်ကြသော ငါးဖမ်းလုပ်သားများ သည် သူတို့ ယူထား သည့် မူလနေရာ ကျောက်ဆောင်များကို စွန့်ခွာသွားကြသည်။ ထိုအခါ ဒီရေကျသည့် နေရာ များ၌သာ ငါးအဟပ် များသည်ဟု ယူဆထားကြသော ငါးဖမ်းလုပ်သားများက ထိုနေရာများသို့ ရောက် လာကြပြီး နေရာ ယူကြလေသည်။

သုံးနာရီထိုးသောအခါ ပတ်ဝန်းကျင်တွင် တိုက်ခတ်လျက်ရှိသော လေသည် လေကြောင်းပြောင်းသွားသည်။ ပင်လယ်ကွေ့ ရေပြင်ပေါ်မှ ဖြတ်သန်း တိုက်ခတ်လာနေသည့် လေနှင့်အတူ ပင်လယ် ကျောက်ကပ်ပင် များ၏ အနံ့အသက်များ သည် လိုက်ပါ လာလျက်ရှိ၏။ မွန်ထရေးမြို့တွင်းရှိ အဆောက်အအုံမဲ့ သော မြေကွက်လပ် များ ပေါ် ၌ ပိုက်ဖာနေကြသော ငါးဖမ်းလုပ်သားများသည် လူတို့ပိုက်များအတွင်းမှ ချည်ငင်ရစ်တံ များကို ဘေးချကာ ဆေးလိပ်များ လိပ်ကြသည်။

မြို့တွင်းရှိ လမ်းမများပေါ်တွင် ၀က်မျက်စိများနှင့်တူသော မျက်လုံးများပိုင်ရှင် မိန်းမ ၀၀ကြီးများသည် ပျားပန်းခပ် မျှ သွားလာနေကြသော မော်တော်ကားများ၏ ကြားမှ ဖြတ်ကာ ဒဲလ်မွန်တီ ဟိုတယ် ဘက်သို့ လက်ဖက်ရည် နှင့် ဂျင်အရက်သောက်ရန် သွားလျက်ရှိကြသည်။ အယ်လ်ဗာရေးဒိုးလမ်းပေါ်ရှိ စက်ချုပ်သမား ဟူးရိုးမားချာဒိုးသည် သူ့ဆိုင်တံခါးပေါ်တွင် " ငါးမိနစ်အကြာတွင် ပြန်ရောက်မည် " ဟူသော ဆိုင်းဘုတ် ကို ချိတ်ဆွဲပြီး အိမ်သို့ပြန်သည်။ ထင်းရှူးပင်များသည် လေယူရာတိမ်းကာ ယိမ်းနွဲ့လှုပ်ရှားလျက် ရှိ ကြ၏။ ရာပေါင်းများစွာသော ကြက်ခြံများဆီမှ ကြက်မများ၏ မြည်သံများသည် သောသောညံ လျက် ရှိလေသည်။

ပီလွန်၊ ပက်ဘလိုတို့သည် တော်ရဲလီဆိုင်ရှေ့ဝင်းထဲရှိ ကတ်စတီလီနှင်းဆီမြိုင်ရိပ် ကို ခို၍ အေးအေး ဆေးဆေး ထိုင်ကာ ၀ိုင်ကို ဇိမ်ခံ၍ သောက်ရင်း ဆံပင်များ ဖြည်းဖြည်းချင်း ရှည်လာ သကဲ့ သို့ ဖြည်းဖြည်းချင်း ကုန်ဆုံး သွားနေသော မွန်းလွဲပိုင်း ကို စောင့်ဆိုင်းနေကြသည်။

" ငါတို့အနေနဲ့ ဒင်နီဆီကို ၀ိုင်နှစ်ဂါလန် ယူမသွားတာ ကောင်းတယ်ကွ" ဟု ပီလွန်က ပြောသည်။ " ဒီအကောင် က အရက်သောက်တဲ့ နေရာမှာ အတိုင်းအဆ မရှိအောင် သောက်တတ်တဲ့ကောင် "
ပက်ဘလိုက ထောက်ခံသည်။ " ဒင်နီကြည့်ရတာ အတော့်ကို ကျန်းမာပုံရတယ် " ဟု သူက ပြောသည်။ " ဒါ ပေမယ့် နေ့စဉ်လိုလို အရက်သောက်လွန်ပြီး သေလုမြောပါး ဖြစ်ဖြစ်သွားတဲ့ လူတွေအကြောင်း မင်းလည်း ကြားဖူး နေတာပဲ မဟုတ်လား၊ မင်းပြောတဲ့ ရူးဒေါဖိုးကဲလင်းကို ကြည့်၊ ပြီးတော့ ဟိုမိန်းမ အန်ဂျီလီနာဗတ်စ်ကွက်ဇ်၊ သူတို့အဖြစ်က အတူတူပဲ"

" ရူးဒေါ့ဖိုးက ပစိဖိတ် ဂရို့ရွာ အထက်နားက ကျောက်ကျင်းကြီးထဲကို အရက်မူးပြီး လိမ့်ကျလို့သေတာ၊ အန်ဂျီ လီနာ ကတော့ မူးမူးရူးရူးနဲ့ မကောင်းတဲ့ ငါးသေတ္တာဘူးထဲက ငါးတွေကို စားမိလို့ အဆိပ်မိပြီး သေရတာ၊ ဒါပေမယ့် မင်းပြောတဲ့ အဓိပ္ပာယ်ကို ငါ ကောင်းကောင်း နားလည်ပါတယ်ကွ၊ ဒါတွေ အားလုံးဟာ အရက် မူးပြီး ဖြစ်ရတာတွေပဲ၊ အရက်သောက်လွန်လို့ သေရတဲ့ လူတွေ အများကြီးရှိနေတာပဲ"
မွန်ထရေး မြို့သူမြို့သား အားလုံး သည် မကြာမီ ရောက်လာတော့မည့် ညအတွက် လိုအပ်သော ကြိုတင်ပြင်ဆင် မှုများကို ပြုလုပ်လျက်ရှိကြလေသည်။

မစ္စက် ၈တ်ဂီးရက်စ်သည် ငရုတ်ချဉ်ရည်လုပ်ရန် ငရုတ်သီးစိမ်းများကို ခပ်ပါးပါး လှီးလျက်ရှိ၏။
အရက်ရောင်းသမား ရူပတ်ဟိုဂန်သည် သူ့အရက်များတွင် ရေရောကာ ညသန်းခေါင်ကျော် မှ ရောင်းရန် သီးသန့် ဖယ်ထားသည်။ ပြီးတော့ ညဦးပိုင်းရောင်းမည့် ၀ီစကီတွင် ငရုတ်ကောင်းမငန့် အနည်းငယ် ထောင်း ၍ ထည့်ကာ သမသွားအောင် ပုလင်းအားလုံးကို လှုပ်ပေးလျက်ရှိသည်။

အယ်လ်ပါးဆိုး ကပွဲရုံတွင်မူ ဘူးလက်ရိုဆင်ဒေးလ်သည် ဘီစကွတ်မုန့် တစ်ကာတွန်းထုပ် ကို ဖြေ၍ ပန်းကန်ပြား ကြီးများ ထဲတွင် မြင်သူများ၏ မျက်စိထဲတွင် လှနေအောင် စီ၍ထည့်နေသည်။
ရွှေနန်းတော် ဆေးဝါးကုမ္ပဏီသည် အဆောက်အအုံ၏ ဘေးတစ်ဖက်၌ ချထားသော အဖီတဲကို ပြန်၍ သိမ်းနေပြီ။

စာတိုက်ရှေ့၌ ထိုင်၍ ညနေခင်း အပန်းဖြေနေကြသော ယောက်ျားတစ်စုသည် လမ်းသွားလမ်းလာများထဲမှ သူတို့ မိတ်ဆွေသူငယ်ချင်းများ ကို လှမ်း၍ နှုတ်ဆက်နေကြသည်။ ထို့နောက် သူတို့လူစုသည် ဆန်ဖရန်စစ္စ ကို မြို့မှဆိုက်ရောက်လာမည့် ဒဲလ်မွန်တီ အမြန်ရထားကို ကြည့်ရန် ဘူတာရုံဆီသို့ သွားကြသည်။

ငါးစည်သွတ်စက်ရုံများ တည်ရှိရာ ကမ်းခြေများ၌ အစုလိုက် အပုံလိုက် ရှိနေသည့် ငါးရိုးများဆီမှ အီလံနေအောင် စားသောက်လာခဲ့ကြသော ပင်လယ်စင်ရော်များသည် သူတို့၏ အသိုက်များတည်ရှိရာ ကျောက်ဆောင်များဆီသို့ ရှေးရှုပျံသန်းသွားနေကြလေပြီ။ ငှက်ကြီးတုံးစပ်များသည် တစ်ညတာ မျှ နားခိုရန် အတွက် ရေပြင်ပေါ်တွင် သူတို့နှင့် သင့်ရာနေရာများကို အားကြိုးမာန်တက် လိုက်လံရှာဖွေလျက်ရှိကြ၏။

ပိုက်အကြီးစားများ နှင့် ပင်လယ်ပြင်သို့ ထွက်သွားခဲ့သော ငါးဖမ်းမော်တော်များပေါ်မှ အီတလီ ငါးဖမ်းလုပ်သား များသည် သူတို့၏ ပိုက်ကြီးများ ကို လိပ်၍ သိမ်းနေကြလေပြီ။
အသက် ကိုးဆယ် ရှိနေပြီဖြစ်သော မစ္စအယ်လ်ပါအဲဗားရက်ဇ်သည် သူပြုနေကျ နေ့စဉ် ၀တ္တရား အတိုင်း ရေမွှေး ပန်းစည်းတစ်စည်း ကို ရင်ခွင်တွင် ပိုက်ကာ ဆန်ကာလိုစ် ဘုရားရှိခိုးကျောင်း ဆီသို့ သွားလျက် ရှိသည်။

ပစိဖိတ်ဂရို့ရွာ နှင့် ရွာအနီးအနား ပတ်ဝန်းကျင်ရှိ ရပ်ကွက်များအတွင်းမှ မက်သဒစ် ဘာသာဝင် များသည် သူတို့ ၏ ရိပ်သာခန်းမ တွင် ဆွေးနွေးပွဲ ပြုလုပ်နေကြသည်။ ဆွေးနွေးပွဲ တွင် အမျိုးသမီးငယ် တစ်ဦးက မွန်ထရေး မြို့အတွင်း ရှိ ပြည့်တန်ဆာလုပ်ငန်းနှင့် ယင်းလုပ်ငန်း၏ ဆိုးရွားယုတ်မာမှုများ အကြောင်း ကို ရှင်းလင်း တင်ပြလျက် ရှိရာ အားလုံးက စိတ်ဝင်တစားနားထောင်နေကြ၏။

အမျိုးသမီးငယ် က ဖြစ်ပေါ်နေသည့် အခြေအနေများ မည်မျှလောက် ကြောက်စရာ ကောင်းသည်ကို လက်တွေ့ သဘောပေါက် နားလည်စေရန် ကော်မတီဝင်များ ကိုယ်တိုင် ကိုယ်ကျ သွားရောက်ကြည့်ရှုဖို့ လိုသည် ထင်ကြောင်း ပြောပြနေသည်။ တကယ်တော့ သူတို့သည် ထိုနေရာများကို မကြာခဏ သွားရောက် ၍ ကြည့်ရှု လေ့လာ ခဲ့ဖူးကြပြီ။ သို့သော်လည်း သူတို့အနေဖြင့် အချက်အလက် အသစ်များကို ထပ်မံရရှိရန် သွားရောက် သင့်သည် ဟု သူက ဆို သည်။

နေမင်းသည် အနောက်အရပ်သို့ ဦးတည်၍ ရွှေ့လျားသွားလျက် ရှိရာ အရောင်အဆင်းလည်း လိမ္မော်ရောင် သို့ ဖြည်းဖြည်းချင်း ကူးပြောင်း လျက်ရှိ၏။ တော်ရဲလီဆိုင်ရှေ့ ၀င်းထဲရှိ နှင်းဆီပင်ရိပ်များတွင် ၀င်၍ သောက်နေကြ သော ပက်ဘလို နှင့် ပီလွန်တို့သည် ၀ိုင်တစ်ဂါလန်ကို လက်စသတ်ပြီးကြလေပြီ။ တော်ရဲလီး သည် သူ့အိမ်ထဲမှ အပြင်သို့ ထွက်သွားသည်။ ပီလွန်နှင့် ပက်ဘလိုတို့သည် မွန်ထရေးမြို့ဘက်သို့ သွားနေသော တော်ရဲလီ ကို သူတို့မျက်စိအောက် မှ ပျောက်ကွယ်သွားသည်အထိ လိုက်၍ ကြည့်နေ ကြသည်။ ထို့နောက် သူတို့သည် အိမ်ထဲသို့ ၀င်ခဲ့ကြပြီး မစ္စက်တော်ရဲလီကို နည်းပရိယာယ် အမျိုးမျိုးသုံးကာ တစ်ပတ် ရိုက်ကာ ညစာ ကို စားကြ သည်။ သူတို့သည် မစ္စက်တော်ရဲလီ၏ ဖင်ကို ရိုက်ကြသည်။ " ထောပတ်ဆီ ရစ်နေသော ဘဲမကြီး" ဟု ခေါ်ကြ သည်။

ယဉ်ကျေးဖွယ်ရာသော အမူအရာဖြင့် လွတ်လွတ်လပ်လပ် ၀ိုင်း၍စကြ ပြောင်ကြ ကိုင်ကြတွယ်ကြ သည်။ နောက်ဆုံးတွင် မစ္စက်တော်ရဲလီတစ်ယောက် သွေးနားထင်ရောက်အောင် ၀ိုင်း၍ မြှောက်ပင့်ပြောဆိုပြီး လစ်သွားကြ လေသည်။

မွန်ထရေးမြို့၏ ညပိုင်းဖြစ်သည်။ တစ်မြို့လုံးမီးများဖြင့် ထိန်ထိန်လင်းလာသည်။ ပြတင်းပေါက်များသည် ခပ်ဖျော့ဖျော့ မီးရောင်များဖြင့် ၀င်းလက်လာကြသည်။ မွန်ထရေးဇာတ်ရုံ၏ ရှေ့ဘက် မျက်နှာစာရှိ " ငရဲပြည်မျှ ကလေးသူငယ်များ" ဟူသော နီယွန်ဆလိုက်မီး ကြော်ငြာစာတန်းသည် ပေါ်လာလိုက် ပျောက်သွားလိုက်။ ညပိုင်းတွင် ငါးအဟပ်များသည်ဟု စွဲစွဲညမဲမြဲ ယုံကြည်နေကြသည့် အယူသီးသော ယောက်ျားတစ်စုသည် အလွန်အေးစက်နေသည့် ပင်လယ်ကျောက်ဆောင်များပေါ်သို့ ရောက်လာကြသည်။ မြူများသည် လမ်းများပေါ်တွင် လူးလိမ့်ပြေးသွားလျက် ရှိကြသည်။ မီးဖိုခေါင်းတိုင်များ၏ ပတ်ပတ်လည်တွင်လည်း ရစ်သိုင်း လာကြသည်။ ထင်းရှူးသား များကို မီးလောင်သော အနံ့များသည် လေ နှင့် အတူ လိုက်ပါလာလျက် ရှိ၏။

ပက်ဘလိုနျင့် ပီလွန်သည် နှင်းဆီချုံ ဆီ သို့ ပြန်ကာ မြေကြီးပေါ်၌ ထိုင်ကြသည်။ သူတို့အနေဖြင့် လုပ်ချင်တာ လုပ်ခဲ့ပြီးကြပြီ ဖြစ်သော်လည်း အားရကျေနပ်ခြင်း မရှိသေး။ " ဒီနေရာ မှာ အေးတယ်ကွာ" ဟု ပီလွန် က ပြောကာ နွေးထွေးသွားစေရန် ၀ိုင်တစ်ခွက် သောက်သည်။
" လုံလုံခြုံခြုံ နဲ့ နွေးနွေးထွေးထွေး ရှိတဲ့ ကိုယ့်အိမ်ကိုယ် ပြန်သွားရင် ကောင်းမယ် " ဟု ပက်ဘလိုက ပြော သည်။

" ဒါပေမယ့် အိမ် မှာ မီးလှုံစရာ ထင်းမှမရှိဘဲ "
" ဖြစ်ပါတယ်" ဟု ပက်ဘလိုက ပြောသည်။ " မင်းက ၀ိုင်ပုလင်းကို ယူပြီး ရှေ့ကသွားနှင့်၊ ငါက မင်းနဲ့ လမ်း ထောင့် မှာ လာပြီးဆုံမယ်" ပက်ဘလို မှာ လိုက်သည့် အတိုင်း နောက်နာရီဝက် ခန့် အကြာ တွင် ပီလွန် သည် လမ်းထောင့် မှ ရပ်၍ စောင့်နေသည်။

ပီလွန်သည် ပက်ဘလို ရောက်အလာကို စိတ်ရှည်လက်ရှည် စောင့်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ သူငယ်ချင်း များသည် မရှောင်သာမလွှဲသာ၍ ကြန့်ကြာရသည့် အရေးပေါ်ကိစ္စမျိုးနှင့် ကြုံရတတ်သူ တစ်ဦး ဖြစ်သည် ကို ကောင်းစွာ သိနေသောကြောင့်ပေတည်း။ ပက်ဘလိုကို စောင့်မျှော်နေရင်းမှာပင် သူသည် စောစော က တော်ရဲလီ ထွက်သွားရာဘက်သို့ တစ်ဖက်သော မျက်စိဖြင့် မျက်ခြည်မပြတ် စောင့်ကြည့် နေသည်။ တော်ရဲလီ သည် လူတစ်မျိုးဖြစ်၏။

တဇွတ်ထိုး တဇောက်ကန်းသမားဖြစ်သည်။ ပြဿနာရှိလာလျှင် အလွယ် လက်ခံတတ်သူမဟုတ်။ ထို့ပြင်လည်း တော်ရဲလီ သည် အီတလီ လူမျိုးပီပီ လင်မယား ဆက်ဆံရေးနှင့် ပတ် သက်လာလျှင် ပုံကြီး မချဲ့သင့်သည်ကို ချဲ့တတ်သော အကျင့်ရှိသည်။ ရူးကြောင်ောကာင် တွေးချင်တတ်သော စိတ် သဘောထား လည်း ရှိ၏။ ပီလွန်သည် တော်ရဲလီ ပြန်လာမည်ကို စိုးရိမ်သော စိတ်ဖြင့် စောင့်ကြည့် နေသော်လည်း ပြန်လာသည် ကို မတွေ့ရ။ နောက်တစ်ခဏမျှ အကြာတွင် ပက်ဘလို ရောက်လာ သည်။ သူ့လက်ထဲ တွင် တော်ရဲလီ ၏ ထင်းရှူးသား ထင်းပုံထဲ မှ လစ်လာသည့် ထင်းတစ်ပွေ့ပါလာသဖြင့် ၀မ်းသာ အားရ ဖြစ်နေမိလေသည်။

ပက်ဘလို ကတော့ သူ၏ စွန့်စားခန်း အကြောင်းကို အိမ်ပြန်ရောက်ချိန်အထိ တစ်ခွန်းမျှ မဟချေ။ ထို့နောက် အတန်ကြာမှ ဒင်နီ၏ လေသံနှင့် ဒင်နီသုံးခဲ့သည့် စကားလုံးများအတိုင်း ဖောက်သည်ချသည်။
ပီလွန် က ခေါင်းညိတ်ပြပြီး ဒဿနိက ပညာရှင်လေသံဖြင့် ပြန်ပြောသည်။ " လူတစ်ယောက်အနေနဲ့ ကိုယ်လို ချင် တဲ့ အရာအားလုံးကို ဆိုကြပါစို့ရဲ့ကွာ၊ ၀ိုင်ရယ်၊ အစားရယ်၊ အချစ်ရယ်၊ ထင်းရယ်၊ အဲဒါတွေအားလုံးကို တစ် နေရာတည်းက ရဖို့ဆိုတာ အလွန်ဖြစ်နိုင်ခဲတယ်ကွ၊ ဒီမယ် သူငယ်ချင်းပက်ဘလို။ ငါတို့အနေနဲ့ တော်ရဲလီကို တော့ မေ့ပစ်လို့ မရဘူး။ ငါတို့အမြဲသတိရနေသင့်တဲ့ လူတစ်ယောက်ပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ သူ့ကို ငါတို့က လက်ဆောင်လေး တစ်ခုခုလောက်တော့ ပေးမှဖြစ်မယ် "

ပီလွန် က ပက်ဘလို ခိုးလာသော ထင်းများဖြင့် မီးဖိုသည်။ ပြီးတော့ နှစ်ယောက်သား ကုလားထိုင်များကို မီးဖို များသို့ ဆွဲလာပြီး ထိုင်သည်။ ၀ိုင်အိုးကိုလည်း အနည်းငယ် ပူနွေးသွားစေရန် မီးဖိုရှေ့၌ ချထား လိုက်သည်။ ပက်ဘလိုသည် သူဝယ်လာသော ဖယောင်းတိုင်ကို သူတော်စင် စိန့်ဖရန်စစ်ကိုအား ရည်စူး၍ ထွန်းညှိ ပူဇော်သည်။ ဤသို့ဖြင့် သူတို့နှစ်ယောက် သည် ယနေ့ညအဖို့ မီး နှင့် ဘာ နှင့် ဇိမ်ကျလျက်ရှိ၏။

အမြတ်တနိုးထား၍ စီမ့ထားသော အစီအစဉ်မပြီးမြောက်မီ သူ့စိတ်သည် တစ်စုံတစ်ခုသော အကြောင်း ကြောင့် ပျံ့လွင့်လျက် ရှိသည်။ ပင်လယ် ခရုခွံတစ်ခုအတွင်း၌ စိုက်ထားသော ဖယောင်းတိုင် မီးစာသည် လှပစွာ တောက်လောင်လျက်ရှိ၏။ ဖယောင်းတိုင်မီးရောင်ဖြင့် နံရံပေါ်တွင် ကျရောက်လျက်ရှိသော ပက်ဘလို နှင့် ပီလွန်တို့၏ အရိပ်များသည် ယိမ်းကလျက် ရှိကြလေသည်။
" ဂျီးဆပ်စ်မေရီယာဆိုတဲ့ကောင် ဘယ်များ သွားနေပါလိမ့်" ဟု ပီလွန်က ရေရွတ်သည်။

" သူ ပြန်လာမယ်လို့ ကတိပေးသွားတာပဲလေကွာ" ဟု ပက်ဘလိုက ပြောသည်။ " ဒီအကောင်ဟာ ယုံကြည် စိတ်ချရတဲ့ လူတစ်ယောက် ဟုတ်မဟုတ်တော့ ငါလည်း မသိဘူး "
" တစ်ခုခု ဖြစ်နေလို့ ကြာနေတာနဲ့ တူပါတယ် ပက်ဘလိုရာ၊ မုတ်ဆိတ်မွှေးနီနီနဲ့ တစ်ဖက်သားအပေါ် သနား တတ်တဲ့ ဂျီးဆပ်စ်မေရီယာဟာ မိန်းမတွေနဲ့ တွေ့ရင် အမြဲတမ်း ဒုက္ခရောက်တတ်တယ်ကွ"
" သူပ ဦးနှောက်က ကျိုင်းကောင်တစ်ကောင်ရဲ့ ဦးနှောက်နဲ့ အတူတူပဲကွ သိလား " ဟု ပက်ဘလိုက ပြော သည်။ " ဒီကောင်က သီချင်းဆိုမယ်၊ ကစားမယ်၊ ခုန်မယ်၊ ပေါက်မယ်၊ ဒါပဲ သိတာ၊ သူ့အနေနဲ့က ဘာကိုမှ အလေးအနက်ထားတာ မဟုတ်ဘူး "

သူတို့အနေဖြင့် ဂျီးဆပ်မေရီယာ ရောက်လာသည်အထိ စောင့်နေဖို့ အချိန် မရှိတော့ပေ။ ဤသို့ဖြင့် ဂျီးဆပ်စ်မေရီယာ ဒယီးဒယိုင်ဖြင့် အိမ်တွင်း သို့ ၀င်လာသောအခါ သူတို့နှစ်ယောက်သည် ဒုတိယ ၀ိုင်တစ်ဂါလန် ကို စတင်၍ သောက်နေကြပြီဖြစ်၏။ ဂျီးဆပ်စ်မေရီယာသည် သူ့ကိုယ်သူ လဲကျ မသွားစေရန် တံခါး ပေါင်များ ကို ကိုင်ထားသည်။ သူ့ရှပ်အင်္ကျီ တစ်ထည်လုံးမှာ ရစရာ မရှိအောင် စုတ်ပြဲလျက်ရှိပြီး သူ့မျက်နှာ တွင် သွေးချင်းချင်း နီလျက်ရှိ၏။ မျက်လုံးတစ်ဖက်သည် ညိုမည်း ဖူးရောင်လျက်ရှိပြီး တလှုပ်လှုပ်ဖြစ်နေသော မီးရောင် အောက်တွင် အခြေအနေ မကောင်းကြောင်းကို ဖော်ပြလျက်ရှိလေသည်။

ပက်ဘလိုနှင့် ပီလွန်တို့က သူ့ထံသို့ အပြေးအလွှားသွား၍ တွဲကြသည်။ " ဟာ တို့သူငယ်ချင်း ဘာဖြစ်တာ ပါလိမ့်၊ ဒဏ်ရာလည်း ရလာတယ်။ ချောက်ကမ်းပါးထိပ်က လိမ့်ကျတယ် ထင်တယ်။ ဒါမှတဟုတ် ရထား နဲ့များ တိုက်မိလာသလား" သူ့ သူငယ်ချင်းများ၏ စကားတွင် ပြောင်လှောင်လိုသည့် အသံ နည်းနည်းလေး မှမပါ။ သို့သော်လည်း ဤစကားများသည် သူ့ကို သရော်၍ ပြောနေမှန်းတော့ ဂျီးဆပ်စ်မေရီယာက သိနေသည်။ သူသည် သူ့ သူငယ်ချင်းနှစ်ယောက်ကို ကောင်းနေသော မျက်လုံးတစ်ဖက်ဖြင့် ပြူး၍ ကြည့်နေသည်။

" မင်းတို့ နှစ်ယောက်စလုံးရဲ့ အမေတွေဟာ နို့အုံမရှိတဲ့ နွားမကြီးတွေပဲ" ဟု သူက လှမ်းပြောသည်။
သူ့ သူငယ်ချင်း များက သူ ဆဲသံကြောင့် အလန့်တကြားဖြစ်ကာ နောက်သို့ ဆုတ်သွားကြသည်။ " တို့ သူငယ်ချင်း တော့ စိတ်မမှန်သေးဘူး ထင်တယ် "
" သူ့ ခေါင်းခွံက အရိုးတော့ ကျိုးလာပြီနဲ့ တူတယ်ကွ "
" ၀ိုင်နည်းနည်း တိုက်လိုက်စမ်းကွာ ပက်ဘလို "

ဂျီးဆပ်စ်မေရီယာသည် မီးဖိုဘေးတွင် သုန်သုန်မှုန်မှုန် ထိုင်ကာ ၀ိုင်အိုး ကို လက်ဖြင့် ကိုင်တွယ် ပွတ်သပ် နေသည်။ သူငယ်ချင်း နှစ်ယောက်ကမူ သူကြုံခဲ့ရသည့် စိတ်မကောင်းစရာ ဖြစ်ရပ်ကို ပြောပြ လိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် စိတ်ရှည်လက်ရှည် စောင့်စားနားစွင့်နေကြသည်။ သို့သော်လည်း ဂျီးဆပ်စ်မေရီယာ ကတော့ မတုန်မလှုပ်၊ သူငယ်ချင်းနှစ်ယောက်ကို ဘာမှအသိ မပေးဘဲ ထားရသည့် အတွက် ကျေနပ် နေဟန်ရှိ၏။

ပီလွန်က အကြိမ်ပေါင်းများစွာ ချောင်းဟန့်ပြီး သတိပေးသည်။ ပက်ဘလိုကလည်း ဂျီးဆပ်စ် မေရီယာ၏ မျက်ခွက်ကို နားလည်မှု အပြည့်ရှိသော မျက်နှာထားဖြင့် ကြည့်ကာ ကြုံခဲ့ရသည့် အဖြစ်ကို ပြောပြ စေလိုသော ဆန္ဒ ဖော်ပြနေသည်။ သို့သော်လည်း ဂျီးဆပ်စ် မေရီယာသည်။ မျက်နှာမကြည် မသာဖြင့် ထိုင်ကာ မီးဖိုကို ကြည့်လိုက်၊ ၀ိုင်အိုးကို ကြည့်လိုက်၊ ဖယောင်းတိုင်ကို ကြည့်လိုက်လုပ်လျက်ရှိ၏။ နောက်ဆုံး တွင် သူ၏ နှုတ်ဆိတ်မှုကြောင့် ပီလွန် သည် စိတ်မရှည်ဘဲ ဖြစ်လာသည်။
" စစ်သား တွေ နဲ့ ထပ်တွေ့နဲ့ ထပ်တွေ့လာလို့လား" ဟု ပီလွန်က မေးသည်။

" ဟုတ်တယ် " ဟု ဂျီးဆပ်စ်မေရီယာက ဖြေသည်။ " ဒီတစ်ခါကျတော့ သူတို့ရောက်လာတာက သိပ်စောလွန်း နေတယ်လေကွာ"
" ဒါဆိုရင်တော့ မင်းနဲ့ ဆော်လာတဲ့ စစ်သားအုပ်စုဟာ အနည်းဆုံး လူနှစ်ဆယ်လောက်တော့ ရှိမယ် ထင်တယ်" ဟု ပက်ဘလိုက သူငယ်ချင်းဖြစ်သူ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုသော စေတနာဖြင့် ပြောသည်။ " ရန်ပွဲတစ်ပွဲ ဖြစ်ပြီဆိုရင် မင်း ဘယ်လောက်တော်တယ်ဆိုတာ လူတိုင်းသိနေကြတာပဲ၊ အခု ဟာက လူများလို့ သာ မင်းခံလာရတာပါ "
ထိုအခါ ဂျီးဆပ်စ်မေရီယာ ၏ မျက်နှာသည် အနည်းငယ်မျှ ရွှင်လန်းလာသည်။

" သူတို့က လေးယောက်ကွ" ဟုပြောသည်။ " ဟိုကောင်မ အေရာဘဲလားဂရောစ်က သူတို့ဘက် ၀င်ကူတယ်၊ ကောင်မ က ငါ့ခေါင်း ကို ကျောက်ခဲတစ်လုံး နဲ့ ထုတယ်"
ထိုစကား ကြားသောအခါ ပီလွန်တွင် အလွန်ခံပြင်းသော စိတ်ဖြစ်လာသည်။ " ငါကတော့ မင်းကိုထပ်ပြီး သတိ မပေးချင်တော့ဘူး "ဟု ဒေါသဖြင့် ပြောသည်။ " စည်သွတ်စက်ရုံ က သူ့လို အပေါစား မမျိုးကို ဝေးဝေးက ရှောင်ဖို့ မင်း သူငယ်ချင်းတွေက မင်းကို ဘယ်လောက်အထိ သတိပေးခဲ့တယ်ဆိုတာ မင်း အသိဆုံးပဲ" ပြောမယ့်သာ ပြောနေသည်။ ဤကိစ္စနှင့် ပတ်သက်၍ ဂျီးဆပ်စ်မေရီယာကို သူ သတိပေးခဲ့ခြင်း ရှိမရှိ အသေအချာ ပြန်၍ စဉ်း စားရသေးသည်။ ထိုအခါကျမှပင် သူ သတိပေးခဲ့ဖူးသည်ကို ပြန်၍ သတိရလာသည်။

" သူ့လို အပေါစား လူဖြူ မိန်းမပျက်တွေဟာ အင်မတန်စုတ်ပဲ့ ယုတ်မာတယ် သူငယ်ချင်း " ဟု ပက်ဘလိုက ၀င် ပြောသည်။ " မင်းပေးဖို့ စိတ်ကူးထားတဲ့ ပစ္စည်းကိုကော ပေးခဲ့မိသေးလား "

ဂျီးဆပ်စမေရီယာ၏ လက်သည် သူ့အင်္ကျီအိတ်ကပ်ဆီသို့ ရောက်သွားပြီး အထဲမှ တွန့်လိမ့်ကြေမွနေသော ရေယွန်ပိုးတုပန်းရောင် ဘရာစီယာတစ်ထည်ကို ဆွဲထုတ်လိုက်သည်။ " အချိန်မကျသေးတာနဲ့ မပေးခဲ့ ရဘူးကွ၊ ဒီဘရာစီယာ အကြောင်း ပြောတော့မလို လုပ်နေတုန်း ရှိသေးတယ်၊ ပြီးတော့လည်း ငါတို့ နှစ်ယောက် က တောအုပ်ထဲမှာ မှ မရောက်ကြသေးတာ "
ပီလွန်သည် နှာခေါင်းကို ရှုံ့ပွရှုံ့ပွလုပ်၍ အနံ့ခံပြီးခေါင်းတစ်ခါခါလုပ်သည်။ " မင်း ၀ီစကီ သောက်လာတယ် ထင်တယ်၊ ဟုတ်လား "
ဂျီးဆပ်စ်မေရီယာက ခေါင်းညိတ်သည်။

" အဲဒီဝီစကီကို မင်း ဘယ်ကရတာလဲ "
" အဲဟို စစ်သားတွေဆီကပေါ့ကွ " ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။ " သူတို့က ၀ီစကီပုလင်းကို တံတား အောက်မှာ ၀ှက်ထားတယ်။ အေရာဘဲလားက ၀ှက်ထားတဲ့နေရာကို သိတော့ ငါ့ကို ပြောတယ်၊ ဒါပေမယ့် စစ် သားတွေ က ငါတို့နှစ်ယောက်ကို ပုလင်းနဲ့အတူ လက်ပူးလက်ကျပ် မိသွားတာ"

ဇာတ်လမ်းသည် ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာသည်။ ပီလွန်ကတော့ ဇာတ်လမ်းတစ်ခု နားထောင်ရလျှင် ဤပုံစံမျိုးကို သဘောကျသည်။ ဇာတ်လမ်းတစ်ခုလုံး ချက်ချင်း ရုပ်လုံးပေါ်လာပါက အရသာ အလွန်ပျက်သည်။ ဇာတ်လမ်းကောင်းဆိုသည်မှာ ကာယကံရှင်က ပြောပြထားပြီးသည့် အဖြစ်အပျက် တစ်ဝက်ကို နားထောင် သူက မိမိ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ပေါင်းစပ် ဖြည့်စွက်ယူမှ ဇာတ်လမ်းကောင်းဟု ဆိုနိုင်သည်။ သူသည် ဂျီးဆပ်စ်မေရီယာ၏ ရင်ခွင်ထက်မှ ပန်းရောင်ဘရာစီယာကို လှမ်းယူပြီး အပေါ်ဘက်ပိုင်းကို သူ့လက်ချောင်းများဖြင့် အသာအယာ ပွတ်နေသည်။

သူ့မျက်လုံး များသည် တစ်စုံတစ်ခုသော အရာကို အလေး အနက် စဉ်းစားဆင်ခြင်နေကြောင်း ဖော်ပြ လျက်ရှိ၏။ သို့သော်လည်း နောက်တစ်ခဏအတွင်းမှာပင် သူ့မျက်လုံးများသည် ၀မ်းသာ ကြည်နူးခြင်းဖြင့် တလက်လက် တောက်ပ လာသည်။

" ငါ အကြံရပြီ" ဟု အော်ကြီးဟစ်ကျယ် ပြောသည်။ " ဒီဘရာစီယာဒင်နီကိုပေးမယ်၊ ဒင်နီက မစ္စက်မော်ရေး ကို လက်ဆောင်ပေးနိုင်တာပေါ့၊ ဟုတ်လား "
ဂျီးဆပ်စ်မေရီယာမှလွဲပြီး ကျန်လူတစ်စုက ထိုစိတ်ကူးကို ၀ိုင်း၍ သြဘာပေးကြသည်။ ဂျီးဆပ်စ်မေရီယာ ကတော့ သူ့ဘက်က တစ်ဖက်လူနှင့် မယှဉ်နိုင်လောက်အောင်ပင် မဲအရေအတွက် နည်းနေပြီ ဟုထင်သည်။ ပက်ဘလို က အရှုံးဘက်ရောက်နေသော သူ့သူငယ်ချင်း၏ အဖြစ်ကို မားလည်သဖြင့် ဂျီးဆပ်စ် မေရီယာ၏ ဖန်ခွက် ထဲ သို့ ၀ိုင်ထပ် ၍ ထည့်ပေးသည်။

နောက်ထပ် အချိန်အနည်းငယ်မျှ ကုန်လွန်သွားသောအခါ သုံးယောက်စလုံး ပြုံးပြုံးရွှင်ရွှင်ဖြစ်လာကြသည်။ ထိုအခါ ပီလွန် က သူ့အဖေ ကြုံခဲ့ရသည့် အလွန်ရယ်စရာကောင်းသော ဇာတ်လမ်းတစ်ခုကို ပြောပြသည်။ ဤတွင် အားလုံး တရင်းတနှီး ခင်ခင်မင်မင် ပြန်၍ဖြစ်ကာ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြပြီး သီချင်း သံပြိုင်ဆိုကြသည်။ ဂျီးဆပ်စ်မေရီယာက သူရလာသောဒဏ်ရာမကြီးကြောင်း သက်သေပြသည့် အနေဖြင့် ခုန် ၍ပေါက်၍ ကွေးနေအောင် ကပြသည်။ ၀ိုင်သည် တဖြည်းဖြည်း လျော့လာသည်။ သို့သော်လည်း အိုးထဲမှ ၀ိုင်မကုန်ခင် သူငယ်ချင်းသုံးယောက်စလုံး အိပ်ချင်မူးတူး ဖြစ်လာကြ၏။ ပီလွန်၊ ပက်ဘလို တို့သည် ဒယီးဒယိုင် ဖြင့် ထသွားပြီး အိပ်ရာပေါ် ရောက်သွားကြသည်။ ဂျီးဆပ်စ်မေရီယာကတော့ မီးဖို ဘေးရှိ ကြမ်းပြင်ပေါ်တွင် မှောက်သွားလေသည်။

မီးဖိုမီးသည် ဖြည်းဖြည်းချင်း သေသွားသည်။ တစ်အိမ်လုံးတွင် ဟောက်သံများ ဖုံးလွှမ်းလျက်ရှိသည်။ အိမ်ရှေ့ ခန်းထဲတွင် သက်ဝင်လှုပ်ရှားနေသည့် အရာတစ်ခုကတော့ ကျန်နေသေးသည်။ ယင်းမှာ အခြား မဟုတ်။ အလွန် လျင်မြန်စွာ တောက်လောင်လျက် ရှိနေသော ဖယောင်းတိုင်။ လှံသွားနှင့် တူလှသော မီးစာ သည် မြင့်ချည်တစ်ခါ နိမ့်ချည်တစ်လှည့်။

ဆက်ရန်
.

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

၁ကနေပြန်စဖတ်သွားတယ်အစ်မရေ