Wednesday, December 8, 2010

ပဆစ်အိမ် အပိုင်း (၁)

အမှာ

ကျွန်တော်က လွန်ခဲ့သော အနှစ် ၄-၅ ဆယ်လောက်ကစ၍ စာပေသည် နိုင်ငံရေး၏ လက်အောက် ခံဟု ဖော်ပြခဲ့သည်။ ယင်းသဘောတရားအတိုင်း ကျွန်တော်တို့ ပြောင်းလဲလာသော ခေတ်များ တွင် အပြောင်း အလဲ အတိုင်း စာပေသည်လည်း ပြောင်းလဲလာခဲ့သည်သာ။

    ဒဂုန်တာရာ
    ခေတ်ပြိုင်ခံစားမှု
    (ကလျာ၊ ၂၀၀၂၊ မတ်၊ အမှတ် ၂၀၅)


ပဆစ်အိမ်ကို ရေးသားစဉ်က ကျွန်တော်၏အသက်မှာ ၄၀ ၀န်းကျင်ဖြစ်သည်။ ၀တ္ထုအဆုံးသတ်ပါ နေ့စွဲအရ ၈၊ သြဂုတ်၊ ၁၉၇၈ ဖြစ်သည်။ ထို့ကြောင့် ပဆစ်အိမ်ဝတ္ထု၏ သက်တမ်းသည် ယခုအခါ အနှစ် ၂၀ ကျော်ခဲ့ ပေပြီ။ ပဆစ်အိမ်တွင် ၁၉၇၀ ခုနှစ်များ (၇၀-၈၀) ကာလများအတွင်းက လူမှုရေး အကြောင်းတရားနှင့် အငွေ့ အသက် များ လွှမ်းမိုးလျက်ရှိပေသည်။
စစ်စစ် လူမှုရေးအကြောင်းတရား အဖြစ်အပျက်များဆိုသည်မှာလည်း နိုင်ငံရေး အကြောင်းတရား အဖြစ် အပျက် များ၏ လက်အောက်ခံ ဖြစ်စေသည်။

ခေတ်တစ်ခေတ်ဆိုသည်ကာ တမှဟုတ်ချင်း ပြောင်လဲသည် မဟုတ်။ တဖြည်းဖြည်းချင်း ပြောင်းလဲ လျက် ရှိသည်။ ယင်းသို့ ပြောင်းလဲရာမှ အသစ်တစ်ခု ပေါ်ထွန်းလာကာ ခိုင်မာလာနိုင်သည်။ ပြောင်းလဲနေသည့် အချိန် အတွင်း အမှန်းရ ခက်သည်။ ၀တ္ထုတွင်လည်း ထို့အတူပင် ၀တ္ထုအရေး အဖွဲ့များ ပြောင်းလဲနေသည်။ စာပေ သည် နိုင်ငံရေး၏ လက်အောက်ခံဟူသော သဘောတရား အတိုင်း ခေတ်တစ်ခေတ်၏ နိုင်ငံရေး၊ အခြေအနေ ပေါ်တွင်မှီ၍ ပြောင်းလဲတည်ရှိနေသည်မှာ သဘာဝပင်။

    ပဆစ်အိမ်တွင် အဓိကကျသော ဇာတ်ဆောင် ၄ ဦးပါရှိသည်။ ထိုဇာတ်ဆောင် ၄ ဦးတို့ လှုပ်ရှား ကျင်လည်ရသော ဆယ်စု ၃ စုခန့်ကို ၀တ္ထုအမြင်ဖြင့် သမိုင်းတင်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ဘ၀များသည် ယေဘူယျဆန်သော ဘ၀များပင် ဖြစ်သည်။ သူတို့၏ နောက်ခံကာတွင်ကား သမိုင်းရေးစီးသည် စီးဆင်းလျက် ရှိလေသည်။

    ယနေ့ခေတ် ပေါ်ထွန်းနေသော ခေတ်ပြိုင် စာရေးဆရာတို့သည် မည်သည့် အကြောင်းတရားများ ကို ဖွဲ့ခဲ့ သလဲ။ သူတို့သည်လည်း သူတို့ဝန်းကျင်ဖြစ်သော လူ့အဖွဲ့အစည်း အကြောင်းအရာ များကို ဖွဲ့ ပေးသည်။ ယင်းသည် သဘာဝတ္ထတရား။ ၀တ္ထုဆိုသည်က လူ့အကြောင်းဖွဲ့သော စာပေပုံသဏ္ဍာန်။ သို့ဖြစ်ရာ မည်သည့်ခေတ်တွင်ဖြစ်စေ ၀တ္ထုသည် သူ့ခေတ် ရုပ်ပုံကားကို ဖွဲ့ပေ လိမ့်မည်။
    (ယင်း)

    ပဆစ်အိမ်ကို ဖတ်ရသောအခါ ခေတ်ဟောင်း ရုပ်ရှင်ကားတစ်ကားကို ပြန်ကြည့်ရသလို တမ်းဆွတ်ဖွယ်အချို့ကို ပြန်၍ မြင်ကောင်း မြင်နိုင်မည်။သို့မဟုတ် တစ်ခေတ်တစ်ခါ၏ အရိပ် အယောင်၊ အငွေ့အသက်များကို လူမှုရေးရှုတောင့်ဖြင့် မြင်တွေ့ကောင်း မြင်တွေ့ကြရလိမ့်မည်ဟု မျှော်လင့်သည်။ စာပေ သည် နိုင်ငံရေးလက်အောက်ခံ ဆိုပါက ထိုရှုထောင့်များသည်လည်း လူမှုရေးသမိုင်း ရှုထောင့်များ ပင်ဖြစ် ပေလိမ့်မည်။

    တကယ်တမ်းကတော့ ၀တ္ထုသည် သမိုင်းမဟုတ်။ သို့သော် လူမျိုး တစ်မျိုး၊ တိုင်ပြည်တစ်ပြည် ၏ ခေတ်ပေါ် ၀တ္ထုများကို ဖတ်ရင်း ယင်း လူမျိုးတို့၏ တိုင်ပြည်နှင့် သမိုင်းအစအနများကိုတော့ တွေ့နိုင်သည်။ သရုပ်ဖော် စာပေ ဟူသည်မှာ ယင်းအယူအစ ခေတ်ပြကြေမုံဟူသော ဝေါဟာရရှိ သည်။ ၀တ္ထုသည် ခေတ်ပြ ကြေးမုံ။ ၀တ္ထုသည် လူအများ၏ အကြောင်းတရားကို ဖွဲ့နွဲ့ရင်းက လူ၏ပတ်ဝန်းကျင်၊ လူ့အဖွဲ့စည်း အကြောင်း၊ မဖြစ်မနေ ပါလာရတော့သည်။ ယင်းသို့သော နောက်ခံကား၊ လူတို့၏ လှုပ်ရှားမှုများကို ဖတ်လျှင် ယင်းခေတ်အခြေအနေကို တွေ့နိုင်သည်။ ယင်းသဘောသည် သမိုင်းသဘော။
                                        (ယင်း)

    ကျွန်တော်သည် ပဆစ်အိမ်ထဲမှ အရေးပါသော ဇာတ်ဆောင် ၄ ဦးကို သူတို့ရောက်ရှိနေ သော ပစ္စက္ခ ကာလယန္တယား (၁၉၇၀ ခုနှစ်များ)တွင်သာ ထားရှိခဲ့သည်။ စိတ်ကူးယဉ်ဆန်ဆန် အနာဂတ္တိ ဇာတ်သိမ်း မျိုးဖြင့် ဇာတ်သိမ်း မပေးခဲ့ချေ။ အကြောင်းမူ သူတို့သည် ရှေ့က သမိုင်းရေစီး ကြောင်းထဲတွင် ဆက်လက် စီးမျော ကူးခတ်ရဦးမည့်သူများဖြစ်နေ၍ပင်။
    နိုင်ငံတကာ စာပေအစည်းအဝေးများတွင် ဖတ်ကြားသော စာတမ်းများကိုကြည်လျှင် ယင်းလူမျိုးတို့၏ ၀တ္တု များတွင် မည်ကဲ့သို့သော ယဉ်ကျေးမှု၊ မည်ကဲ့သို့သော လှုပ်ရှားမှုမျိုး ပါဝင်သည်၊ မပါဝင်သည်ကို ရှာဖွေ ဖော်ပြတတ်သည်ကို တွေ့ရှိနိုင်ပေသည်။ ခေတ်ပြိုင် ခံစားမှု မဖော်ပြသော ရသစာပေများတွင်ကား ယင်း သမိုင်း အစအနများကို တွေ့နိုင်မည် မဟုတ်ချေ။
မောင်သိန်းဆိုင်
15 Aug 2002

ပဆစ်အိမ်

    ပဆစ်ကစားနည်းဆိုတာ "ပဆစ်ကြီး" နဲ့ "နိဗ္ဗာန်ပဆစ်" ရယ်လို့ နှစ်မျိုးရှိတယ်။ လူလေး ယောက်ပြည့်မှ ပဆစ် တစ်ဝိုင်း လို့ခေါ်နိုင်ပြီး နှစ်ယောက်တည်းနဲ့လဲ ပစ်လို့ရတဲ့ ကစာနည်းပဲ။
    ပဆစ်တစ်ဝိုင်းကို စတင်ပြီး ကစာတော့မယ်ဆိုရင် ကြွေပန်ကန်ထဲက ကြွေခြောက်လုံးကို တစ်ဦးနဲ့တစ်ဦး အပြိုင်ပစ် ကြရတယ်။ အဲဒီလို ပစ်ကြတဲ့အခါမှာ အပွင့်သာအောင် ပစ်နိုင်တဲ့သူက ဒီဝိုင်းမှာ ကြွေကို စတင် ပစ်ကစား နိုင် တဲ့ အခွင့်အရေးကိုရတယ်။

    ကြွေကိုင်ပြီး ပန်းကန်ထဲကို ပစ်လိုက်တဲ့အခါ ကြွေအားလုံးပန်းကန်ထဲ မရောက်ဘဲ အပြင် ဘက် တစ်လုံး တစ်လေ ထွက်သွားတာကို "ကြွေအန်" တယ်လို့ခေါ်ပါတယ်။ (ဒါကြောင့် "ကြွေအန် ကစားနည်း"လို့ ခေါ်ကြတယ်။) ကြွေခြောက်ပွင့် အနက် ငါးပွင်က မှောက်ပြီး တစ်ပွင့်ကလန်နေ တာကို "တစ်ဆယ်" လို့ခေါ်တယ်။ နှစ်ပွင့်လန်တာကို "ပါ"၊ သုံးပွင့်လန်တာကို "သုံး"၊ လေးပွင့်လန် တာရင် "လေး" လို့ပဲ ခေါ်တယ်။ ငါးပွင့် လန်တာကို "တစ်စိတ်" လို့ခေါ်ပြီး ခြောက်ပွင့်လုံးလန်ရင် "တစ်ဗာယာ" လို့ခေါ်တယ်။ ခြောက်ပွင့်လုံး မှောက်နေတာကိုတော့ "တစ်ခြောက်" လို့ခေါ်ပြန် တယ်။
    ၁၂ ကို ပါဠိလိုခေါ်တာ "ဗာရဿ" တဲ့။ ကြွေခြောက်လုံးလန်အောင်ပစ်နိုင်ရင် "တစ်ဗာယာ" ပဲ။ ပဆစ်ကွက် ကို ၁၂ ကွက်တိတိ ရွေ့တက်နိုင်တဲ့ အခွင့်အရေးကို ရထားတာကိုး။ ဒီတော့ ဗာရဿကနေပြီး တစ်ဗာယာ လို့ ပါဠိက ရွေ့လျားလာတဲ့ စကားတစ်လုံးများ ဖြစ်နေမလားလို့ တွေးကြတယ်။

    ပြီးတော့ မောင်ကြီးတို့ ငယ်ငယ်က အဖိုးတို့ ခြံထဲမှာလာနေတဲ့  ဟိန္ဒူ အဖိုးကြီးတစ် ယောက်ရှိသတဲ့။ အဲဒီအဖိုးကြီးက ငယ်ငယ်က ကိုရင်တွေ ဘာတွေ ၀တ်ဖူတော့ မြန်မာလို လုံးလုံးဖြစ်နေပြီ။
    အဲဒီအဖိုးကြီး ဟာဆိုရင် ၀ါသနာကြီးလှတဲ့ မောင်ကြီးတို့ အဖိုးနဲ့ ပဆစ်ပစ်ဘက်တဲ့။ ပဆစ်ပစ်တိုင်းလဲ သူတို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ကြွေစီတယ်၊ ညစ်ပတ်တယ် နဲ့ အမြဲတမ်း ငြင်းကြ ခုန်ကြတာ ဆူဆူညံနေတာပဲဆိုတယ်။ မောင်ကြီးတို့ အဖိုးဟာ ကြွေပစ် ကောင်းတဲ့။ သူ့ပါးစပ်က "လာလဟဲ့ ပါပုပုလေး" လို့ အော်ပြီး ပစ်လိုက်ရင် တကယ်ပဲ "ပါ" ကျတာ ပဲတဲ့။

    အဲဒီ ဟိန္ဒူအဖိုကြီးက ကြွေအခေါ်တွေနဲ့ ပတ်သက်ပြီး ပြောသွားတာတွေဟာ လက်ခံနိုင် စရာရှိတယ်လို့ အဖိုး က ပြောတယ်။ တစ်ဗာယာ တို့ တစ်ခြောက် တို့ ဆိုတဲ့ ပဆစ်ကစားတဲ့ အတွေး အခေါ်ဟာဆိုရင် သူတို့ ဟိန္ဒူစကားက ဆင်းသက် လာတာတွေ ဖြစ်တယ်တဲ့ ဘာဖြစ်လို့လဲဆို တော့ ဟိန္ဒူစကားမှာ တစ်ဆယ့်နှစ် ကို "ဗားရား" လို့ ခေါ်ကြပြီး ခြောက်ကို "ချဲ့" လို့ ခေါ်သတဲ့။
    အခုလဲ ကြွေခြောက်ပွင့်လုံး မှောက်ရင် တစ်ခြောက်(တခြောက်)လို့ ခေါ်ပြီး ခြောက်ပွင့်လုံး လန်နေရင် တစ်ဗာယာ(တဗာယာ)လို့ ခေါ်ကြတယ်။ တစ်ခြောက်ဆိုရင် ပဆစ်ကွက် ခြောက်ကွက် ရွှေ့ရပြီး တစ်ဗာယာ ရရင် ပဆစ်ကွက် ဆယ့်နှစ်ကွက် ရွှေ့နိုင်တယ်။

    သူတို့မှာလဲ ကြွေခုနှစ်လုံးကစားတဲ့ ကစားနည်းရှိသတဲ့။ အဲဒီကစားနည်းကို "ပစိသိ" လို့ ခေါ်ပြီး ပစိသိရဲ့ အဓိပ္ပါယ် က ၂၅ တဲ့။ အဲဒီ ပစိသိ ကနေ ပဆစ်လို့ ရွှေ့လျားလာဟန်တူတယ်။
    ပြီးတော့ ပဆစ်အိမ်ကို ဖွဲ့စည်းထားပုံကလဲ ပဆစ်ကွက်တွေဟာ အလယ်က အစပ်ကြီးနဲ့ ဆက်ရင် တစ်ဘက် တစ်ဘက် မှာ အစပ်ကလေးပေါင်း ၂၅ ကွက်စီ ရှိနေတာဖြစ်လို့ သူ့အယူအဆ လက်ခံ နိုင်စရာ ရှိတယ် လို့ အဖိုးက ထောက်ခံခဲ့တာပဲ။

    ကြွေမှာ သုံးပွင့်လန်ရင် တစ်သုံး၊ နှစ်ပွင့်လန်ရင် "ပါ" လို့ ခေါ်တယ်နော်။ လူတစ်ယောက် ဟာ ဘာတစ်ခု မှ သုံးစရာ၊ စားစရာမရှိအောင် အကြံဥာဏ် တုံနေတဲ့ ဘ၀မျိုးဆိုရင် "သုံးစားပါကျ" ဖြစ်နေပြီလို့ ပြောတတ် ကြတယ်။ ဒါ ပဆစ်စကားပဲ။ တစ်ဦးနဲ့တစ်ဦးဟာ ဥာဏ်ရည်သာရင် သာသလို ကစားရတဲ့ ကစား နည်းမျိုး ဖြစ်လို့ မောင်ကြီးဖြင့် ပဆစ်ကစားနည်း တိမ်ကောပျောက်ပျက် သွားမှာကို သိပ်စိုးရိမ်တာပဲ။

    ကြည်ဦး၏
    မြန်မာ့ရိုးရာစကားထာများစာအုပ်မှ
    ကောက်နှုတ်ချက်

    ပဆစ်ဝိုင်းကို မြင်ဖူးကြပါသလား။ ပဆစ်ကို ကစားဖူးကြပါသလား။
    အနည်းဆုံး ကျားနှင့် စစ်တုရင်လောက်တော့ ကစားဖူးကြပါလိမ့်မည်ထင်သည်။ မကစား ဖူးဘူးထား၊ ဘေးကတော့ ရပ်ကြည့်ဖူးမည်အမှန်။
    ပဆစ်သည် ကျား၊ စစ်တုရင် စသော ကစားနည်းများနှင့် ဆင်ဆင်တူသော ကစားနည်း တစ်ရပ် ဖြစ်သည်။ လူနှစ်ယောက်ရှိလျှင် ကစားနိုင်သည်။ လေးယောက် ကစားလျှင်ပို၍ မြိုင်သည်။
    ပဆစ်ကွက်ကို ပိတ်စဖြင့် ချုပ်သည်။ ယူရ ငင်ရ လွယ်ကူအောင် အခေါက်အသိမ်း လွယ်ကူအောင် ဖြစ်မည်။ အပိုင်းပိုင်း အစစ အစပ်စပ် အဖာဖာနှင့်မို့ စပ်စောင်သဖွယ် ထင်ရသည်။ အဖာအထေးတွေ တင်းကြမ်းပြည့် နေသည်ဟု အောက်မေ့ရသည်။

    စင်စစ်သွားရမည့် ကျားကွက်များပေတည်း။
    ပဆစ်အိမ်မှာ ကြက်ခြေသဏ္ဍန် လက်ယှက်တည်ရှိကာ လမ်းတွေကို ဖောက်သွယ်ထား သည်။ ကျားတစ်ကောင်၏ ပြေးကွက်မှာ ရှစ်ဆယ်ရှိသည်။ အကွက်ရှစ်ဆယ် ပြေးပြီးနောက် အိမ် သို့ ၀င်သည်။ 'ပြီး' သည်။

    ကျားမှာ တစ်ဘက်ကို ရှစ်ကောင်ထားရသည်။ အားလုံးပေါင်း တစ်ဆယ့်ခြောက်ကောင်။
    ကြွေက ခြောက်စေ့ရှိသည်။ ခရုတစ်မျိုးဖြစ်သည်။ တစ်ဘက်က စင်းလုံးချောနေသည်။ တစ်ဘက် မှာတော့ ပါးစပ်ဟနေသည့်ပမာ ချိုင့်ခွက်ရာပါသည်။
    ကြွေစေ့ ကို ၀ိုင်းလယ်ရှိ ကြွေပန်ကန်မှာ တစ်ပြိုင်နက် ပစ်ရသည်။

    ခြောက်စေ့လုံးမှောက်လျှင် 'တစ်ခြောက်'။
    ခြောက်ကွက်ပြေး။
    ငါးစေ့မှောက် တစ်လုံးလန် 'တစ်ဆယ်'။
    ဆယ်ကွက်။
    လေးစေ့မှောက် နှစ်လုံးလန် 'တစ်ပါ'။
    နှစ်ကွက်သာ။
    သုံစေ့မှောက် သုံးလုံးလန် 'တစ်သုံး'။
    သုံးကွက်။
    နှစ်စေ့မှောက် လေးလုံးလန် 'တစ်လေး'။
    လေးကွက်။
    တစ်စေ့မှောက် ငါးလုံးလန် 'တစ်စိတ်'။
    ပြေးကွက်က အကွက်အစိတ်အထိ။
    ခြောက်စေ့လုံးလန်လျှင် 'တစ်ဘာယာ'။
    ဆယ့်နှစ်ကွက်ပြေး။
    သည် ကစားနည်းတွင် 'တစ်စိတ်' က အင်အားအရှိဆုံး။

    တစ်စိတ်၊ တစ်ဘာယာ၊ တစ်ဆယ်၊ တစ်ခြောက်ပစ်နိုင်မှ 'ကြွေနိုး' သည်။ 'ကြွေနိုး' သည် ဆိုခြင်းမှာ စတင်ပြေးခွင့်၊ စတင်ကစားခွင့် ရရှိခြင်းပင်။ သို့သော် ကြွေသုံးခါ ဆက်တိုက် နိုးပြန် တော့ တစ်မှတ်မှ မရ။ 'ကန်း' လေသည်။ 'သေ' လေသည်။

    ကျားကို 'ပို' ဟူ၍လည်း ခေါ်သေးသည်။ 'ကြွေနိုး' မှ 'ပို' တင်ခွင့်ရှိသည်။

    ကျားရှစ်ကောင်လုံးနိုးပြီးနောက် တစ်ပါ၊ တစ်စိတ်၊ တစ်ဘာယာ၊ တစ်ဆယ် ကျလျှင် တစ်ကွက် ပိုပြေးခွင့်ရသည်။ ဤသည်ကို 'ပိုတို့သည်' ဟု ခေါ်သည်။
    ပြေးလမ်း တစ်ခုတိုင်း၌ 'အထိုင်' အိမ်တစ်အိမ်စီ ရှိတတ်မြဲ။ အထိုင်အိမ်မှ ကျားကို သတ်၍မရ။ အထိုင်မှ လွတ်နေသော ကျားကို 'ကျစ' ဟုခေါ်သည်။
    'ကျစ' ဘ၀သည် အန္တရာယ်အများဆုံး၊ ဘေးဥပဒ် အရှိဆုံး။ ထို့ကြောင့် ငယ်ရွယ်သူတို့ကို 'ကျစမထောင်နှင့်' ဟု လူကြီးသူမတို့က ဆုံးမတတ်ကြသည်။

    ပဆစ် ကစားနည်း တွင် ကျား၊ စစ်တုရင်တို့နှင့် ကွာခြားချက်မှာ ကျားတစ်ကောင် 'သေ'လျှင် တစ်မြုံလုံး သေသည်။ ကျားတစ်ကောင်ကျလျှင် ကျားအားလုံး ကစားကွက်ပေါ်မှ ဆင်းပေးရသည်။ ကျနု (ကျားနု = စတင် ပြေးခွင့် ရသောကျား) များ ဖြစ်လာရန်...
    ကြွေကို 'နှိုး' ပေးဦး။
    မိမိကျား အထိုင်အိမ်မှာမြဲဖို့ ကျစ မထောင်မိဖို့ အရေးကြီးသည်။ သည်ထက်အရေးကြီး သည်မှာ တစ်ဘက်ကျားကို သတ်ဖို့ပင်။
    သည်ကစားနည်းမှက မိမိကိုယ်တိုင် ပြေးဖို့ထက် တစ်ဘက်ကျားကို 'သတ်ဖို့' အရေးကြီး ဆုံးဖြစ်သည်။ ဤသည်က ပညာခန်းဖြစ်သည်။
    ပဆစ်ဝိုင်းမှာ မျက်နှာချင်းဆိုင်မိပြီဆိုလျှင် ဘယ်လောက်ချစ်သူ၊ ဘယ်လောက်ခင်သူကို မဆို ရန်သူ အဖြစ်သာ သတ်မှတ်လိုက်ပေတော့။ ကြိုးဝိုင်းထဲမှာ ဆုံကြသည့် လက်ဝှေ့သမား စိတ်ထားသာ ထားပေ ရော့။

    ကိုယ်က မသတ်လျှင် သူက သတ်ပေရော့မည်။
    ကိုယ်က မထိုးလျှင် သူက ထိုးပေရော့မည်။
    သည်ကစားနည်း ကစားရင်း မင်းနှစ်ပါး ရန်ထဖြစ်ကာ စစ်ပွဲပင် ဖြစ်ပွားခဲ့ရဖူးသည်။ ပုဂံခေတ်က ဖြစ်သည်။ အနော်ရထာမင်း၏ သာတော် စောလူးမင်းနှင့် ဥဿပဲခူးစာ ခရမန်ကန်းတို့ ဖြစ်သည်။

    ပဆစ်ကစားနည်းမှာ အနိုင်ဟုထင်နေလျက်က ရှုံးရသည်မျိုးရှိသည်။
    ကျားတွေ ပန်းတိုင်ဝမှာ စုပြုံနေပြီး 'ကျကန်း' တွေ ဖြစ်ကာ ရှုံးရသည်မျိုးလည်း ရှိသည်။
    'ကျနု' မချန်မိ၍ သားကောင် မြင်ပါလျက် ကျည်မဲ့သည့် မုဆိုး၏ အဖြစ်မျိုးနှင့် ကြုံရသည် လည်း ရှိတတ်သေးသည်။
    သို့ပေမယ့် ဒါတွေကိုထား....။

    အဓိက ကတော့ တစ်ဘက်ကို အနိုင်အထက် 'သတ်' ဖို့ပင်။
    ပဆစ်ဝိုင်းမှာ..
    ကြင်နာ၍မရ။
    သနား၍မရ။
    ညာ၍မရ။
    ကရုဏာထား၍ မရ။
    ကိုယ်က သတ်နိုင်လျှင် သတ်။
    မသတ်နိုင်လျှင်တော့...ကိုယ်အသေ...၊ ကိုယ်အရှုံး...။
    ဒါက...
    ပဆစ်၏ သဘော။
    ပဆစ်၏ သဘာဝ။

ဆက်ရန်
.   

7 comments:

ညိမ်းနိုင် said...

အစ်မရာ....ပဆစ်အိမ်ကို ပြန်ဖတ်ချင်နေတာကြာပြီ..။
ဖတ်ခဲ့တုန်းက ငယ်သေးတော့ ခုချိန်မှာ ဘာမှကို မမှတ်မိ
တောဘူး...။ကျေးဇူးတင်လိုက်တာဗျာ....။

ယောနက်သန် said...

နောက် အပိုင်းတွေ မျှော်နေပါတယ်။

ဂျစ်တူး ( မုံရွာ ) said...

ရွှေစင်ဦး---ရေ
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
သူကရေးနိုင်သူဆိုတော့အများကြီးဘဲဖတ်ရတာ-
ဒီမှာက လေးလုံး ဗျ-စာသိပ့်မရေးနိုင်ဘူး-
နဲနဲစီတော့တင်ပေးပါမယ်-လာပြီးဖတ်-မှတ်ချက်ကလေး
တွေရေးပေးတော့အားရှိတာအမှန်ပါ။
ရွှေစင်ဦးကိုအကူအညီတစ်ခုလောက်တောင်းချင်
တယ်ဗျ-
မုန့် ပေါင်း လုပ်စားချင်လို့  မုန့်ပေါင်း လုပ်နည်းကလေးများ
ရေးပြီးတင်ပေးပါလားဗျာ-အခုအချိန်ဆိုလုပ်ရောင်းနေ
လောက်ပါပြီ။အတော်ကိုစားချင်လို့ အကူအညီတောင်း
လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ-
ကျေးဇူးတင်စွာဖြင့်
ဂျစ်တူး(မုံရွာ)

အဖြူရောင်နတ်သမီး said...

“ပဆစ်အိမ်”..အကြောင်း ဗဟုသုတယူသွားပါတယ်မကြီးရေ...
အခုမှ ကြွေအံကစားနည်းနဲ့ပဆစ်အိမ်ရဲ့အဓိပ္ပါယ်ကို သိရတာ..။

“ အဓိက ကတော့ တစ်ဘက်ကို အနိုင်အထက် 'သတ်' ဖို့ပင်။
ပဆစ်ဝိုင်းမှာ..
ကြင်နာ၍မရ။
သနား၍မရ။
ညာ၍မရ။
ကရုဏာထား၍ မရ။
ကိုယ်က သတ်နိုင်လျှင် သတ်။
မသတ်နိုင်လျှင်တော့...ကိုယ်အသေ...၊ ကိုယ်အရှုံး...။
ဒါက...
ပဆစ်၏ သဘော။
ပဆစ်၏ သဘာဝ။”...ဆိုတာလေး..သဘောပေါက်သွားတယ်..။

ကိုဇော် said...

အခုမှ လာပြီး စဖတ်ပါသည်။

မျိုးမင်းစိုး said...

ကျွန်တော်လဲအစကနေ အဆုံးထိ ဖတ်အုန်းမည် အမြဲအားပေးလျက်

Kyaw Htoo Aung said...

ကျေးဇူးပဲဗျာ။ ပဆစ် ကစားချင်စိတ်တောင် ပေါက်သွားပြီ။ ကြွေသီးလေးတွေ အိမ်က မှာမှပဲ။ ငယ်ငယ်တုန်းကတော့ ကတ်ထူစက္ကူမှာ အကွက်လေးတွေ ဆွဲပြီး ကစားဖူးတယ်။ အဲဒီ အကွက်တွေရဲ့ ဓာတ်ပုံလေး ရရင်ကောင်းမယ်ဗျာ။