Thursday, December 9, 2010

ပဆစ်အိမ် အပိုင်း (၂)

ပဆစ်အိမ်

ယခု တော့လည်း မသက်ဇင်သည် မိမိကိယ်မိမိ ပဆစ်ဝိုင်းမှာ ပါဝင်လာမိပြီ ဟု ထင်သည်။ ကစားရမည့် လက်ရွေးစင် လေးယောက် ထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်လာရပြီ အောက် မေ့သည်။
မိမိရယ်၊ ဦးတင်မောင်သန့်ရယ်၊ ဒေါ်ခင်မေမြိုင်ရယ်၊ ညိုမာသန့်ရယ်......။
သည်လေးယောက် သည် ကစားကွက်၏ တစ်ဘက်တစ်ချက်မှာ ထိုင်မကြပြီ။ နေရာယူမိကြပြီ။

သည်တော့......
ပဆစ်ကစားသမားထုံးကို နှလုံးမူရတော့မည်။
သနားစိတ်ကို ဖျောက်ရမည်။
ညှာတာခြင်းတွေ၊ ကြင်နာခြင်းတွေကို ဥပေက္ခာပြုရတော့မည်။
ကရုဏာတရားကိုကျောခိုင်းရတော့မည်။

ပဆစ်ကစားသမား၏ အသည်းနှလုံးအတိုင်း ကျင့်သုံးရတော့မည်။ မသင်ဇင် ၏ လက်ထဲမှ တယ်လီဖုန်း စကားပြောခွက် သည် ရှိရင်းစွဲ အလေးချိန်ထက် လေးလံလာသည် ထင်ရသည်။ လက်မှာ ချွေးစေးပြန်ကာ စကားပြောခွက် သည် လျောထွက်သွားလေမလား ထင်ပြီး ပိုမိုတင်းကျပ် စွာဆုပ်ကိုင်ထားမိသည်။
တယ်လီဖုန်း လူခေါ်ခေါင်းလောင်းသည် တစ်ဘက်တွင် ကြာမြင့်တွင် မြည်နေရာမှ တစ်စုံ တစ်ယောက်က ကောက်ယူ လိုက်ဟန်ဖြင့် အသံတိတ်သွားသည်။
'ဟယ်လို....... ဟူသော ထူးသံမှာ မိန်းမသံ။'

'ဒေါ်ခင်မေမြိုင် ပါလား' ကြိုးစားထိန်းချုပ်ထားသည့် အကြားမှပင် မသက်ဇင် ၏ အသံသည် တုန်ချင် လာသည်။
'ဟုတ်ပါတယ်.......။ ဘယ်သူပါလဲ'

'ကျွန်မ ××××× ကျွန်မနာမည် မသက်ဇင်ပါ ×××× အစ်မကြီးနဲ့ တိုက်ရိုက်တွေ့ရတာ ၀မ်းသာ ပါတယ်×××× ကျွန်မ မှာ ပြောစရာ စကားတစ်ချို့ရှိပါတယ်×××× အစ်မကြီးရဲ့ ခင်ပွန်း ဦးတင်မောင်သန့်နဲ့ ပတ်သက် လို့ပါပဲ××× သူအခု ကျွန်မနဲ့အတူ ရှိနေပါတယ်..... သူကပဲ တယ်လီဖုန်း အဆက်ခိုင်းတာပါ......' မသက်ဇင် သည် အတန်ကြာ ဆိုင်းသွားသည်။ ညည်းညူ သလို၊ သက်ပြင်းရှိုက်သလို အသံအနေအထားနှင့် ပြော လိုက်သည်။ 'သူ.....သူက အစ်မကြီးကို ကွာရှင်းပြတ်စဲ ချင်ပါတယ်တဲ့ ×××× ပြီးရင် ကျွန်မ.......နဲ့....လက်ထပ်ချင်ပါတယ်တဲ့ ×××'
မသက်ဇင်သည် 'ပဒေသရာဇာစာပေလုပ်ငန်း' အတွင်းသို့ ၀င်လာခါစက ဇာတ်လမ်းတစ်ပုဒ်ကို အစပျိုး ခဲ့မိပြီ ဖြစ်ကြောင်း ရိပ်စားမိခြင်း မရှိသေးချေ။

သူမသည် ကုမ္ပဏီများ၊ လီမိတက်များ၊ လုပ်ငန်းကိုင်ငန်း ကြီးများကို စိတ်ဝင်စားသူ ဖြစ်သည်။ ယင်းတို့ကို ကိုင်တွယ် အုပ်ချုပ် နေသောပိုင်ရှင်၊ မန်နေဂျာ၊ အုပ်ချုပ်ရေးမှူး စသည် တို့ကို လေးစားသူ ဖြစ်သည်။ သူတို့မှာ အာဏာ ရှိသည်၊ ပညာရှိသည်၊ ငွေရှိသည်၊ ထက်မြက် တက်ကြွသည်။

လောက တွင် လူတစ်ယောက်, အထူးသဖြင့် ယောကျာ်း တစ်ယောက်မှာ အာဏာရယ်၊ ပညာရယ်၊ ငွေရယ် ရှိဖို့လိုသည်ဟုလည်း မသက်ဇင် အလေးအနက် ခံယူထားသည်။ ယခု မသက်ဇင်၏ တွေ့ဆုံရမည့် 'ဦးတင်မောင်သန့်' ဆိုသူမှာ 'ပဒေသရာဇာ စာပေလုပ်ငန်း'၏ ပိုင်ရှင်ဖြစ်သည်။ အုပ်ချုပ်ရေးမှူးလည်း ဖြစ်သည်။ ထို့ကြောင့် မဆုံခင်က အထင်ကြီးနှင့်သည်။
မသက်ဇင် သည် '၀ါဏီဇ္စ' အဖွဲ့၏ ဒုတိယ ခေါင်းဆောင်ဖြစ်သည်။ ၀ါဏိဇ္ဇ ဘွဲ့ရများ စုစည်းထား သောအဖွဲ့ ဖြစ်သည်။ သမ၀ါယမ ဆံသော ပုဂ္ဂလိက အဖွဲ့စည်းတစ်ခု ဖြစ်သည်။ ပုဂ္ဂလိက ပိုင် လုပ်ငန်းများကို စာရင်း ကိုပေးသည်၊ စာရင်းစစ်ပေးသည်။ စာရင်းပြုစုပေးသည်။ အမြတ်ခွန်၊ ရောင်းခွန်၊ ရောင်းခွန် စသောအခွန် ဘဏ္ဍာ နှင့် ပတ်သက်သည့် အခက်အခဲများကို ကူညီဖြေရှင်း ပေးသည်။ အခကြေးငွေအဖြစ် မြိုးမြိုးမြက်မြက် ယူသည်။

'ပဒေသရာဇာ' သို့မသက်ဇင် ရောက်လာရသည်မှာ နှစ်ပေါင်း မြောက်မြားစွာက ပစ်ပယ်ထားသော စာရင်း များကို ပြုစုပေးဖို့ ဖြစ်သည်။
မသက်ဇင် သည် 'ပဒေသရာဇာ' ဧည့်ခန်းတွင် ထိုင်းရင်းလုပ်ငန်းအခြေအနေကို အကဲခတ်သည်။ အခန်း၏ အတွင်းပိုင်း ၌ ပုံနှိပ်စက်များ ရှိပုံရသည်။ တစ်ခါတစ်ရံစက် သံများ ထွက်လာတတ်သည်။ စက်ရိုက်၊ စာစီ၊ စာပြင် စသော လူအချို့ လှုပ်ရှားသွားလာမှု့ကို မြင်နေရသည်။

နံရံတွင် မက်ရပ်ဗီရိုကြီးများ ရှိသည်။ စနစ်တကျမဟုတ်ဘဲ ပြန့်ကျဲသော ပုံစံဖြင့် စာအုပ်စာတမ်း တွေ ဗီရို ထဲမှာ ရှိနေသည်။ နံရံတွင် မူရင်းပန်းချီ ဒီဇိုင်းပုံများကို ဘောင်သွင်း ချိတ်ဆွဲထားသည်။
ဦးတင်မောင်သန့်၏ အခန်းမှာ သီးသန့်တည်ရှိသည်။ ပေါ်လစ်ရောင် ပြောင်လက်နေသည့် သုံးထပ်သား ခန်းဆီး နှင့် မှန်နောက်ပြတင်းများ တပ်ထားသည့် အခန်းဖြစ်သည်။
နေ့လယ် ဆယ့်နှစ်နာရီရှိပြီ။

နေပူကိုယ် ဖြတ်သန်းလာခဲ့ရ၍ မသက်ဇင်မှာ ပူလောင်အိုက်စပ်နေသည်။ ချွေးပြန်နေသည်။ လက်ကိုင်ပုဝါ ကလေးဖြင့် ပင် ယပ်ခပ်နေမိသည်။
သည်စဉ်တွင် ဦးတင်မောင်သန့်၏ အခန်းတံခါးပွင့်လာသည်။
စောစောက မသက်ဇင်အား ခေတ္တစောင့်ပါဟု ဆိုခဲ့သော စာရေးဖြစ်ဟန်တူသည့် သူ၏ ကိုယ်တစ် ပိုင်း ပေါ်လာ သည်။ တံခါးကို ဟ ပေးထားရင်း....
'ဦးတင်မောင်သန့်ကို ၀င်တွေ့နိုင်ပါပြီ ဒေါ်သက်ဇင်'

မသက်ဇင်သည် မိမိ၏ 'အတက်ချီကေ့စ်' ကို ကောက်ယူလိုက်သည်။ စာရွက်စတမ်းအများအပြား ကို သယ်ယူ နေကျဖြစ်သဖြင့် မသက်ဇင်သည် စလင်းဘက်လို၊ လက်ပွေ့အိတ်လို ပစ္စည်းမျိုးကို မကိုင်နိုင်ခဲ့ပေ။ 'အတက်ချီကေ့စ်' ခေါ် လက်ဆွဲသေတ္တပြားကလေးကို သယ်ယူနေရသည်။
အခန်းအတွင်း သို့ ၀င်လိုက်သောအခါ မသက်ဇင် ဦးစွာသတိပြုမိသည်မှာ အေးသွားခြင်း ဖြစ်သည်။ လေးအေးစက် တပ်ထားကြောင်း သတိပြုမိသည်။

မိမိနှင့်တူရှုရှိ ကြီးမားသော ဖော်မီကာခင်း စားပွဲကြီးတစ်လုံး၏ နောက်တွင် လူတစ်ယောက်ထိုင်နေ ကာ သူ့အနီး တွင် လူတစ်ယောက်က ရပ်လျက်ရှိသည်။ ထိုင်နေသူမှာ ဦးတင်မောင်သန့်ဖြစ်မည် ဟု မသက်ဇင် မှတ်ချက် ချသည်။
'ဆရာ...၀ါဏိဇ္ဇက ဒေါ်သက်ဇင်ပါ' စာရေးလုပ်သူက မိတ်ဆက်ပေးပြီး တစ်ဆက်တည်းမှာပင် မသက်ဇင် ဘက်သို့ လှည့်၍
'ဒေါ်သက်ဇင်...ဒါ ဦးတင်မောင်သန့်ပါ'

မသက်ဇင် အကဲခတ် မမှားပါ။
ထိုင်နေထူမှာ ဦးတင်မောင်သန့် ဖြစ်သည်။
ဦးတင်မောင်သန့်သည် ထူထဲသော မျက်မှန်ကိုင်းပေါ်မှ ကျော်ကာ မသက်ဇင်ကို ဖျတ်ခနဲ ကြည့် သည်။
'သြော်... ဟုတ်ကဲ့...ထိုင်ပါ...ဒေါ်သက်ဇင်'
ကုလားထိုင် တစ်လုံး ကို ညွှန်ပြသည်။ ထိုနောက် အကြည့်သည် စားပွဲပေါ်သို့ ပြန်ရောက်သွား သည်။

မသက်ဇင် သည် စားပွဲရှေ့ရှိ ကုလားထိုင်တွင် ၀င်ထိုင်လိုက်သည်။
စားပွဲပေါ်တွင် လုပ်ကိုင်လက်စ အလုပ်အချို့ရှိသည်။ စားရွက်စာတမ်းများ ပြန့်ကျဲနေသည်။ စာရွက် များပေါ်တွင် ဒီဇိုင်းပုံတစ်ပုံရှိသည်။ ဦးတင်မောင်သန့်သည် ပုံကို ကြည့်နေသည်။ အာရုံဝင် စားနေပုံရသည်။
မသက်ဇင် သည် အခန်းကို အကဲခတ်သလို လိုက်ကြည့်နေမိသည်။

အခန်းနံရံကို မီးခိုးရောင်ဖျော့ဖျော့ သုတ်ထားသည်။ နံရံတွင် အဖိုးတန် ပန်းချီကားအချို့ ရှိသည်။ အခန်း ထောင့် တစ်နေရာတွင် စားပွဲတစ်လုံး။ စားပွဲပေါ်မှာ လက်နှိပ်စက်။ အခန်းကြမ်းပြင်ကို အမွေးပွ ကော်ဇော ခင်းထားသည်။ မတ်ရပ်ဗီရိုများ၊ စာအုပ်စင်များရှိသည်။ အများဆုံး တွေ့မြင်နေရ သည်မှာတော့ အသုံးပြုပြီး ဖြစ်ဟန်တူသော မူရင်းဒီဇိုင်းပုံများဖြစ်သည်။
မသက်ဇင် သည် ဦးတင်မောင်သန့်ဘက်သို့ လှည့်လိုက်သည်။

သူသည် အံ့သြစရာကောင်အောင် ငယ်ရွယ်နေသေးကြောင်း တွေ့ရသည်။ အစကတော့ သည့် ထက် အသက် အရွယ် ပိုကြီးလိမ့်မည်ဟု ထင်ခဲ့သည်။
ဆံပင်တော့ အနည်းငယ် ကျိုးကျဲစ ပြုပြီ။ သေသပ်စွာ ဖြီထားသော ဆံပင်မှာ အသက်လေးဆယ် ရှိနေပြီ ဖြစ်သော လူတစ်ယောက်အဖို့ ရှည်သင့်သည်ထက် ပို၍ရှည်သည် ဆိုရမည်။
အသား လတ်လတ်၊ မျက်နှာက ခတ်သွယ်သွယ်၊ နှာတံပေါ်သည်။ နှုတ်ခမ်းသား ခပ်ပါးပါး၊ တင်းကျပ် စေ့စပ်သည်။ မုတ်ဆိတ်ကျင်စွယ်ကို ကောင်းစွာ ရိတ်ပယ်ထားသည်။
မသက်ဇင် နှင့် ဦးတင်မောင်သန့်တို့ အကြည့်ချင်း ဆုံသည်။ ပထမဆုံးအကြိမ်အဖြစ် ဦးတင်မောင်သန့်၏ အပြုံး ကို မြင်ရသည်။ မသက်ဇင်အား အသိအမှတ်ပြုသည့်အပြုံး။ ဖော်ရွေစွာ နှုတ်ဆက်လာသည့် အပြုံး။

'ဦးမျိုးဆွေက မသက်ဇင် လာမယ့်ကြောင်း ကြိုပြီးဖုန်းဆက်ထားတယ်'
'ဟုတ်ကဲ့'
ဦးမျိုးဆွေမှာ မသက်ဇင်၏ အကြီးအကဲအဖြစ်သည်။ '၀ါဏိဇ္ဇ'၏ ပထမခေါင်းဆောင်။
'သြော်... မိတ်ဆက် ပေးရဦးမယ်။ ဒီက ကိုနန္ဒ။ ပန်းချီဆရာပါ'

ပန်းချီဆရာ ကိုနန္ဒမှာ အသားဖြူဖြူ အရပ်ရှည်ရှည် ဖြစ်သည်။ အသက်သုံးဆယ်ဝန်းကျင်။ ထိုပန်းချီဆရာ၏ လက်ရာ ကို ၀တ္ထုစာအုပ် မျက်နှာဖုံးအချို့၌ မသက်ဇင် မြင်ဖူးသည်။
'တွေ့ရတာ ၀မ်းသာပါတယ်'
မသက်ဇင် ပြုံးပြီး ပြောလိုက်သည်။ ကိုနန္ဒက 'ဟုတ်ကဲ့' သာဆိုသည်။
'ဒီဟာ သူ့လက်ရာပေါ့' ဆိုကာ ဦးတင်မောင်သန့်က ဒီဇိုင်းကို မသက်ဇင်ရှေ့သို့ တိုပေးသည်။ မသက်ဇင် ယူကြည့်လိုက်ရသည်။
'သင့်အတွက် လက်တွေ့ ယောဂကျင့်စဉ်များ' တဲ့။

မွန်ရည်သားနားသော ယောကျာင်္းကြီးတစ်ဦး မျက်လွှာချကာ တင်ပလင်ခွေ ထိုင်နေသည့်ပုံ။ တရားကျင့် နေသည့်ပုံ။
'ဘယ်လိုသဘောရသလဲ မသက်ဇင်'
'ရှင်'
ဦးတင်မောင်သန့်၏ အမေး ကို မသက်ဇင် နားမလည်လိုက်။
'ပုံ ကို ဘယ်လိုသဘောရလဲလို့ပါ'
'ကျွန်မ မသိပါဘူး'
ဒီဇိုင်းကို ပြန်ချထားလိုက်သည်။

သည်မှာ ဦးတင်မောင်သန့်၏ စူးရှသော အကြည့်ဖြင့် ရင်ဆိုင်ရသည်။
'ထင်မြင်ချက် မပေးနိုင်ဘူလား'
'ဟုတ်ကဲ့၊ ကျွန်မ အနုပညာအကြောင်း ကောင်းကောင်း နားမလည်ပါဘူး'
မသက်ဇင်သည် ခေါင်းကိုယမ်းခါကာ ပြုံးလျက်က ၀န်ခံလိုက်ရသည်။

စင်စစ် ဒီဇိုင်းကိစ္စမှာ ဦးတင်မောင်သန့်နှင့် ကိုနန္ဒတို့ ကိစ္စသာ ဖြစ်သည်။ မသက်ဇင်နှင့် မဆီလေး ရယ်တဲ့ အိုမဆိုင် ဖြစ်သည်။ ထို့ကြောင့် မသိကြောင်း ၀န်ခံလိုက်ရသည့်အတွက် မသက်ဇင် ၀မ်းမနည်းမိ။ စိတ် မသက်မသာ မဖြစ်မိ။
မသက်ဇင်တွင် မိမိနှင့် မဆိုင်သော ကိစ္စများကို စိတ်မ၀င်စာဖြစ်အောင် အားထုတ်သော အလေ့အကျင့် ရှိနေခဲ့ပြီ။
ပစ္စက္ခတွင် မသက်ဇင် စိတ်ဝင်စားသည်မှာ 'ပဒေသရာဇာ' ဖြစ်သည်။

'ပဒေသရာဇာ စာပေလုပ်ငန်း' သည် လွန်ခဲ့သော ဆယ်နှစ်က တည်ထောင်ခဲ့သည်။ ခေတ်ပေါ်ဝတ္ထု များနှင့် အတူ 'ဆယ့်ငါးရက်အတွင်း ဆေးလိပ်ဖြတ်နည်း'၊ 'စိတ်တန်ခိုးဖြင့် သောကဝေးအောင် ကုနည်း'၊ 'ပျိုမေတို့ အတွက် အလှတိုးစေသော နည်းငါးဆယ်' စသည့် ပျင်းရိဖွယ်ကောင်းသော ခြောင်သွေ့သည့် စာပေ အမျိုးအစား များကိုလည်း ထုတ်ဝေသည်။
စာရင်းအင်း စနစ်တကျမထားရှိခဲ့သည်မှာ လုပ်ငန်းစတင်ကတည်းက ဖြစ်သည်။ ယခုတော့ မှန်းခြေဖြင့် အခွန်အထုတ်စည်းကြပ်ခြင်းခံရသည်။ နစ်နာနေသည်။ ထို့ကြောင့် ၀ါဏိဇ္ဇနှင့် ဆက်သွယ်လာသည်။ ဤသည်ကိုသာ မသက်ဇင် သိထားပြီး ဤသည်ကိုသာ မသက်ဇင် စိတ်ဝင် စားသည်။

ဦးတင်မောင်သန့်က စိတ်ဆုံဖြတ်သလို သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
'ကောင်းပြီလေ ကိုနန္ဒ၊ ဒီပုံကို သုံမယ်။ ဒီဇိုင်းခ ရှေ့မှာ ငွေထုတ်သွားပေါ့၊ ဟုတ်ပြီလား'
ကိုနန္ဒ က ခေါင်းညိတ်ပြသည်။
စကားနည်းဟန် တူသော ပန်းချီဆရာသည် မသက်ဇင်ကို ခပ်တိုတို နှုတ်ဆက်ကာ အခန်းထဲမှ ထွက် သွားသည်။
အခန်းထဲ မှာ မသက်ဇင်နှင့် ဦးတင်မောင်သန့်သာ ကျန်ခဲ့သည်။

ဦးတင်မောင်သန့်က စီးကရက်ဘူးကို ထုတ်ယူသည်။ မသက်ဇင်ထံ ကမ်းပေးသည်။
မသက်ဇင် ခေါင်းခါလိုက်သည်။
'ကျွန်မ မသောက်တတ်ပါဘူး' တစ်ဆက်တည်းမှာလည်း နံရံမှ ဒီဇိုင်းဟောင်းတစ်ခုကို တွေ့ရကာ 'ဆယ့်ငါးရက်အတွင်း ဆေးလိပ်ဖြတ်နည်း ဆိုတဲ့ စာအုပ်ကို ပဒေသရာဇာက ထုတ်ဝေတာ ထင်ပါ ရဲ့' ပြုံးလျက် ပြောလိုက်သည်။
ဦးတင်မောင်သန့်က မသက်ဇင်၏ ဟာသကို ရိပ်စားမိပုံပေါ်သည်။

'ဟုတ်တယ်လေ၊ ပဒေသရာဇာက ထုတ်ဝေတာပေါ့။ ကျွန်တော် ကိုယ်တိုင် ထုတ်တာပေါ့။ ဒါပေမယ့် ဒီနည်းတွေကို တစ်ခုမှ ကျွန်တော်က မလိုက်နာဘူးလေ။ ဆေးလိပ်နဲ့ ကျန်းမာရေး ကြိုက်ရာရွေးဆိုတာ ဆေးလိပ် ကိုပဲ ရွေးလိုက်တယ်'
ရယ်လိုက်သောအခါ ဦးတင်မောင်သန့်သည် ပို၍ နုပျိုသွားသည်ဟု ထင်ရသည်။ သူ၏ သွားများမှာ ဖြူဖွေး ညီညာပြီး ရယ်ဟန်က ပွင့်လင်းလွတ်လပ်သည်။ သူ၏ မျက်လုံးများသည် အံ့သြစရာ ကောင်းလောက်အောင် တောက်တောက် ပပ ရှိနေသည်။

သို့ပေမယ်... သည်စဉ်က တကယ်ပဲ မသက်ဇင်၏ စိတ်မှာ သန့်ပြန့် လုံခြုံနေသည်။
'ပဒေသရာဇာ' ကို လေ့လာပြီးဖြစ်သလို ဦးတင်မောင်သန့်အကြောင်းကို မသက်ဇင် လေ့လာပြီး နေပြီ။ အသက်လေးဆယ့်တစ်နှစ်။ ဇနီးရှိသည်။ ချစ်လှစွာသော သမီးကလေးတစ်ယောက် ရှိသည်။
မသက်ဇင် ကိုယ်တိုင်ကလည်း လက်ထပ်ဖူးသည်။ တစ်ခုလပ်ဖြစ်သည်။ ကလေးနှစ်ယောက် ရှိသည်။ အသက်က သုံးဆယ်နှစ်။
သည်တော့ လိပ်ပြာ မသန့်စရာ မရှိ။ ရင်ခုန်စရာမရှိ။

'အလုပ်သည် အလုပ်သာ ဖြစ်သည်' ဟူသော စကားလို မသက်ဇင်သည် အလုပ်အတွက် လူတစ် ယောက်ကို ဆက်ဆံ နေခြင်းဟူ၍သာ သဘောထားသည်။
'ကဲ.... ဒေါ်သက်ဇင်'
'မသက်ဇင်လို့ပဲ ခေါ်နိုင်ပါတယ်'
'ဟုတ်ကဲ့ မသက်ဇင်။ ၀ါဏိဇ္ဇက ကျွန်တော့်ကို ဘယ်လိုကူညီနိုင်မလဲ'
သည်တော့မှ အလုပ်အကြောင်း စရသည်။ မသက်ဇင်သည် မျက်မှန်ကို တပ်လိုက်သည်။ မျက်မှန်က ဒီဂရီ မများလှပေမယ့် မသက်ဇင်၏ အသက်ကိုမူ ရှိရင်းစွဲထက် ရင့်သွားစေသည်။
အတက်ချီကေ့စ်ကို ယူရသည်။ စာရွက်စာတမ်းတွေ ထုတ်ရသည်။ မိမိ ပြင်ဆင်လာခဲ့သော စာရင်းဇယား ပုံစံများ၊ တကယ်တမ်းသုံရမည့် ငွေသွင်းငွေထုတ် ပုံစံများကို ပြကာ မိနစ်နှစ်ဆယ် ခန့် ရှင်းပြရသည်။

ဦးတင်မောင်သန့်သည် ဘာတစ်ခွန်းမျှ မပြော။ စီးကရက်သောက်ရင်း နာထောင်နေသည်။ တစ်ခါတစ်ရံ ခေါင်းညိတ်ပြသည်။
ရှင်းပြပြီးသောအခါ မသက်ဇင်မှာ မောနေတော့သည်။
'ဒါတွေကို ကျွန်မတို့အဖွဲ့က နှစ်လခွဲလောက်နဲ့ ပြီးအောင်လုပ်နိုင်ပါလိမ့်မယ်'
'ကောင်းပြီလေ မသက်ဇင်တို့အဖွဲ့ကို ကျွန်တော် လက်ခံလိုက်ပြီ ဆိုပါတော့'
'ကျွန်မ ရှင်းပြတာတွေကို နားလည်ပါရဲ့လားရှင်'

ဆက်ရန်
.

3 comments:

အဖြူရောင်နတ်သမီး said...

ဖတ်သွားတယ်..မကြီးရေ..

ဧပရယ်လ်ပူး@ပူးတေ said...

မမရွှေစင် ဒီဟာလေးလဲ စိတ်ဝင်စားလို့ ဖတ်နေတယ်

မမရေ အဆင်ပြေရင် ဆရာမ မစန္ဒာနဲ့ ဆရာမောင်သာရ တို့ရဲ့ မစပ်သောငရုတ် ငရုတ်သီးမှန်လျင် စပ်ရမည် ဆိုတာလေးကို တင်ပေးပါလား။ အလျင်မလိုပါဘူး မမရေ... အဆင်ပြေရင် ဖတ်ချင်လို့ပါ.... မမရွှေစင် ကျန်းမာပျော်ရွှင်ပါစေ... ရန်ကုန်ပြန်လာဖို့ရှိပေမယ့် ရက်က ခဏလေးမို့ မန်းလေးတော့ မတက်ဖြစ်တော့ဘူးထင်တယ် မမရယ်... နောက်နှစ်ဒီဇင်ဘာဆို မန်းလေးလာဖြစ်မယ်ထင်တယ်... အဲကျမှ တွေ့ကြတာပေါ့နော်... မမရွှေစင်ကိုရော မမစည်းစိမ်ကိုရော မမရွှေစင်ရဲ့ သူရငါရ ချစ်ချစ်ကြီးကိုရော စာဝိုင်းရိုက်ပေးကြတဲ့ အစ်မတွေ ညီမတွေရယ်ကိုပါ တွေ့ချင်နေပါတယ်... နောက်တခေါက်ပေါ့နော်... ဒီတခေါက်က ခွင့်ရက် မကျန်တဲ့ကြားထဲက အတင်းပြန်လာရတာမို့ တပတ်ပဲရတယ်... :(

ခင်မင်စွာဖြင့်
ချစ်ညီမ ပူးတေ

ကိုဇော် said...

အပိုင်း ၂ ကို ရောက်ပြီဗျို့..