Sunday, December 12, 2010

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁)

မြန်မာပြန်သူ၏ အမှာ

ဤ၀တ္ထု "တော်တီလာဖလက်" (Tortilla Flats) သို့မဟုတ် "တို့ဘ၀တို့ကမ္ဘာ" ကို ပထမအကြိမ် ပုံနှိပ် ထုတ်ဝေ ခဲ့သည် မှာ နှစ်ကာလအားဖြင့် ခုနစ်နှစ်ပါးမျှ ရှိခဲ့ပြီဖြစ်ပါသည်။ ဤမျှလောက်သော အချိန်ကာလ အတွင်း တွင် ဤစာအုပ် ကို ဒုတိယအကြိမ် ပုံနှိပ် ထုတ်ဝေရန် စိတ်အားထက်သန် နေကြသော ထုတ်ဝေသူ များ နှင့် တွေ့ရသည် မှာ ကျွန်တော့်အဖို့ ၀မ်းသာအားတက်စရာ ဖြစ်ခဲ့ရ သည် သာမက စိတ်ကြည်နူး ချမ်းသာခြင်းလည်း ဖြစ်ခဲ့ရပါသည်။ ထိုမျှသာမကပါ။ ကျွန်တော် ဤစာအုပ်ကို မြန်မာပြန်စဉ်က ကျွန်တော့် စိတ်ထဲ ၌ ဖြစ်ပေါ်ခဲ့ရသည့် "ခံစားမှုများ" ကိုပါ ပြန်ပြောင်း သတိရမိခဲ့ပါ၏။

ကျွန်တော် ဤ၀တ္ထုကို မြန်မာပြန်ခဲ့သည်မှာ ကြိုက်လွန်း၍ ဖြစ်သည်။ အထူးသဖြင့် ဇာတ်လမ်း ဇာတ်ကွက် ဟူ၍ မည်မည်ရရ တခမ်းတနားမရှိဘဲ ဇာတ်ကောင်များကို ပီပြင်စွာ အသက်သွင်းထား နိုင်သည့် မူရင်း စာရေးဆရာ ၏ စာရေးခြင်း အတတ်ပညာကို ကြိုက်သည်။ ပြုံးသည့်အခါ ပြုံးရပြီး ရယ်သည့်အခါ ရယ် ရသည့် အထေ့အငေါ့များ၊ သရော်သံများဖြင့် ပြည့်နေသည့် အရေးအသားများ ကို နှစ်သက်သည်။ ထို့ကြောင့် လည်း ကျွန်တော်တို့ မြန်မာစာဖတ် ပရိတ်သတ်ထံ သို့ ပေးချင်သော ဆန္ဒ ပြင်းပြခဲ့ပါသည်။ ထို့ အတွက် ကြောင့်လည်း ဤ၀တ္ထုကို ကျွန်တော်ပြန်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်လည်း ဤ၀တ္ထု၏ အခန်းငါးခန်းပြန်အပြီးတွင် "မိမိကိုယ်ကိုယ် မိမိမယုံကြည်သောစိတ်" ၀င်လာသည်။ တစ်နည်းအားဖြင့် ပြောရလျှင် သို့မဟုတ် အမှန်အတိုင်းဝန်ခံရလျှင် "ကိုယ့်စာဖတ် ပရိသတ် ပေါ်ကို မယုံကြည်သောစိတ်" ၀င်လာခြင်း ဖြစ်ပါသည်။ ဤစိတ် ၀င်လာရခြင်းမှာ လည်း အကြောင်းမဲ့ မဟုတ်ပါ။

ဤ၀တ္ထု သည် ဇာတ်လမ်း ဇာတ်ကွက် ဟူ၍ မည်မည်ရရ မရှိသောဝတ္ထုဖြစ်သည်။ ပရိသတ်အများ စု ကြိုက်တတ် သည့် အထိုးအကြိတ် အပစ်အခတ် နှင့် အသတ်အဖြတ် ဟူ၍ လုံးဝမပါသော ၀တ္ထုဖြစ် နေသည်။ လွမ်းစရာ၊ ဆွေးစရာနှင့် ရင်နွေးစရာ အချစ်ဇာတ်လမ်းဟူ၍လည်း လုံးဝမပါသော ၀တ္ထု ဖြစ်နေသည်။

ဤအကြောင်းများ ကြောင့်လည်း ကျွန်တော့စိတ်တွင် ဤစာအုပ်ကို စာဖတ်ပရိသတ်က နှစ်သက် လက်ခံနိုင် ကြပါ့မလား ဟူသော သံသယ ၀င်လာခြင်း ဖြစ်သည်။ ယင်းသံသယ ၏ ခြောက်လှန့်မှု သည် ကြီးမား လှသည်ဖြစ်ရာ ကျွန်တော်သည် ပြန်လက်စ ဤစာအုပ်ကို ဆက်၍မပြန်တော့ဘဲ ရပ်ထား ခဲ့မိပါသည်။ ဤစာအုပ်ကို ဆက်မပြန်ဘဲ ရပ်ထားသည့် တစ်နှစ်နီးပါး ကာလ အတွင်း အခြားစာအုပ်သုံးအုပ် ဆက်တိုက် ပြန်ဖြစ်ခဲ့ပါသည်။

တစ်ရက်တွင်မှု ကျွန်တော်သည် ဤ ၀တ္ထုစာမူကို အပျင်းပြေ သဘောဖြင့် ပြန်၍ ဖတ်မိသည်။ ထိုအခါ-
"ပထမ အချုပ်ထဲ ရောက်စ တွင် ကြမ်းပိုးများက သူ့အားအနှောင့်အယှက် ပြုခဲ့ကြ၏။ သို့သော်လည်း ကြမ်းပိုး များ ကသူ့အရသာကို ကောင်းစွာ သိသွားကြပြီး သူကိုယ်တိုင်ကလည်း သူတို့၏ ကိုက်ခဲမှုများကို မဖြုံ တော့သည့် အခြေအနေသို့ ဆိုက်ရောက်လာသည့်အခါ သူတို့သည် နှစ်ဦးနှစ်ဖက် ငြိမ်ချမ်းစွာ အတူ တွဲ၍ နေထိုင် နိုင်ခဲ့ကြလေသည်" ဟူသော အရေးအသားမျိုး။
"လူတစ်ယောက် ဟာ ဆင်းရဲနေတဲ့အခါမှာ တွေးတတ်တယ်ကွ၊ တကယ် လို့ ငါ့မှာပိုက်ဆံရှိလာရင် ငါ့သူငယ်ချင်း တွေ နဲ့ ဝေမျှသုံးမယ်ပေါ့၊ ဒါပေမယ့် ပိုက်ဆံလည်း ရလာရော စေတနာလည်း ဝေးရာကို ပြေးပါလေရော" ဟူသော စာပိုဒ်မျိုး။

"အမြင့်မြတ်ဆုံးသော သုစရိုက် များကို ပြုနိုင်စွမ်းရှိသည့် စိတ်သည် အယုတ်အညံ့ဆုံးသော ဒုစရိုက်မှု များ ကိုလည်း ပြုနိုင်စွမ်းရှိသည်" ဟူသော စာပိုဒ်မျိုး နှင့် တွေ့ရသည့် အခါ ပြုံးမရယ်မိပြန် ပါသည်။ ထိုအခါ ဤ၀တ္ထု ကို စာဖတ်ပရိသတ်ထံ ပို့ပေးလိုစိတ် သည် တစ်ဖန်ပြန်ပေါ် လာပြန်သည်။ ဤသို့ဖြင့် ကျွန်တော် ဤ၀တ္ထု ကို မြန်မာပြန် ဖြစ်ခဲ့ပါသည်။

ဤ၀တ္ထု "တို့ဘ၀ တိုကမ္ဘာ" သည် ၁၉၆၂ခုနှစ် စာပေနိုဘယ် ဆုရ ကမ္ဘာကျော် အမေရိကန် စာရေး ဆရာကြီး "ဂျွန်စတိန်းဘက်"၏ လက်ရာဖြစ်သည်။ သူ၏ "ဒေါသမာန်" (The Grapes of Wrath)၊ "တို့ပိုင်တဲ့မြေ" (Or Mice and Men) နှင့် "ပုလဲ" (The Pearl) စသော ၀တ္ထုများကဲ့သို့ ပင် ပြောစမှတ် ပြုရ လောက်အောင် ထူးခြားသည့် ၀တ္ထုတစ်ပုဒ်ပင် ဖြစ်သည်။ "ဒေါသမာန်"သည် စနစ်တစ်ခု၏ပြောင်းလဲမှုနှင့် လူလူချင်း ကိုယ်ချင်းစာတရား ကင်းမဲ့မှုတို့ကြောင့် ဖရိဖရဲပြိုကွဲကာ အခြေပျက်အနေပျက် ဖြစ်သွားရသော လူ့အဖွဲ့အစည်း တစ်ခု၏ ဘ၀ကို ကြီးကျယ်ခမ်းနားလာ အောင် ရေးဖွဲ့ထားသည့် ၀တ္ထုကြီးဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် လူ့အဖွဲ့အစည်းတစ် ခု၏"လူမှုအနိဋ္ဌရုံ"များကို မီးမောင်းထိုးပြထားသည့် ၀တ္ထုကြီး ဖြစ်၏။

"တို့ပိုင်တဲ့မြေ"သည် လယ်ယာလုပ်သားဘ၀ မှ မြေမဲ့ယာမဲ့ဖြစ်ကာ အခြေအနေမဲ့သွားရသော လူနှစ်ယောက် ၏ ထူးခြားသော သံယောဇဉ် နှင့် ကြေကွဲဖွယ်ရာ အဖြစ်ကို ခြယ်မှုန်းပြသထားသည့် ၀တ္ထု ဖြစ်သည်။ "ပုလဲ" သည် တန်ဖိုး မဖြတ်နိုင်လောက်အောင် အဖိုးထိုက်တန်သည့် ပုလဲကြီးတစ် လုံးကို ရသဖြင့် ပတ်ဝန်းကျင် တွင် လောဘ၊ ဒေါသ၊ မောဟတရားများ ဖုံးလွှမ်းရိုက်ခတ်ကာ ကိုယ်စိတ်နှစ်ပါးကြီးစွာ ဆင်းရဲ သွားရ ရှာသည့် တံငါသည် မိသားစုတစ်ခု ၏ ဒုက္ခ ကို ရေးဖွဲ့ထားသော ၀တ္ထုဖြစ်သည်။

ဤ၀တ္ထု "တို့ဘ၀တို့ကမ္ဘာ"မှာ မှု စပိန်၊ ရက်အင်ဒီးယန်း၊ မက္ကဆီကန်နှင့် ကော့ကေစီယန် လူမျိုး သွေးချင်း နှော၍ ပေါက်ဖွားလာသည့် "ပီဆာနိုး" ဟုခေါ်သော လူမျိုးစုတစ်စု ၏ ဘ၀ကို ဖွဲ့ဆိုထား ခြင်းဖြစ်လေသည်။

ဂျွန်စတိန်းဘက် သည် မိခင်ကျောင်းဆရာမ ၏ ပြုစုပျိုးထောင်ပေးမှုကြောင့် ငယ်စဉ်ကတည်းက စာကောင်း ပေကောင်း များ ဖတ်ခြင်းတွင် ၀ါသနာထုံခဲ့သူ ဖြစ်သည်။ ထိုစာအုပ်များ ကို ဖတ်ခြင်းအားဖြင့် ငယ်စဉ် ကတည်းက စာရေးဆရာ ဖြစ်ချင်စိတ် ပြင်းပြခဲ့သူဖြစ်သည်။ သူ၏ မွေးရပ်ဇာတိ ဆလိုင်းနတ်စ်မြို့ အထက်တန်း ကျောင်း မှာ ပညာသင်ကြားနေစဉ် ကတည်းက သူသည် ကျောင်းမဂ္ဂဇင်း ၌ ဆောင်းပါးများ ရေးခဲ့သည်။

စတင်းဖိုဒ် တက္ကသိုလ်သို့ ရောက်သွားသည့် အခါတွင်လည်း တက္ကသိုလ်မှ ထုတ်ဝေသမျှ စာစောင် များနှင့် မဂ္ဂဇင်းများ ၌ သိပ္ပံဆောင်းပါးများ၊ ကဗျာများနှင့် သရော်စာများကို အဆက်မပြတ် ရေးခဲ့သည်။ တက္ကသိုလ် မှ ထွက်၍ အပြင်လောက သို့ ရောက်သည့်အခါ ဂျွန်စတိန်းဘက်သည် သူကျောင်းသားဘ၀က ရေးထား ခဲ့သည့် ၀တ္ထုတို များကို ထုတ်ဝေနိုင်ရန် အားထုတ်သည်။ သို့သော်လည်း သူ့ဝတ္ထုတို များ အပေါ် စိတ်ဝင်စား သည့် ထုတ်ဝေသူတစ်ဦးမျှမတွေ့။

ကံအားလျော်စွာ ၁၉၂၉ခုနှစ်တွင် သူ၏ "ရွှေဖလား" အမည်ရှိ လုံးချင်းဝတ္ထုကို ထုတ်ဝေနိုင်ခဲ့သည်။ ထိုဝတ္ထု မှာ သူတက္ကသိုလ်ကျောင်းသားဘ၀က စတင်ရေးသားခဲ့သော ၀တ္ထုဖြစ်၍ ခြောက်ကြိမ်တိတိ ပြန်လည် ပြင်ဆင် ရေးသားထားသော ၀တ္ထုဖြစ်၏။ ၁၇ရာစု အတွင်းက ကျော်ကြးခဲ့သော အင်္ဂလိပ် လူမျိုး ပင်လယ်ဓားပြကြီး "ဟင်နရီမော်ဂန်" (နောင်အခါတွင် ဂျမေကာကျွန်း၏ ဘုရင်ခံဖြစ်လာသူ) ၏အကြောင်း ကို နောက်ခံထား ၍ ဇာတ်အိမ် တည်ထားသော ၀တ္ထုဖြစ်သည်။

စိတ်ကူးယဉ် မှု့ အများအပြားဖြင့် မွမ်းမံရေးဖွဲ့ထားသော ဤ၀တ္ထုကို လူကြိုက်များလိမ့်မည်ဟု ဂျွန်းစတိန်းဘက် က မျှော်လင့်ခဲ့၏။ သို့သော်လည်း သူမျှော်လင့်သလို ဖြစ်မလာဘဲ စိတ်ဝင်စားသူ မရှိ သလောက် အဖြစ် မျိုးနှင့်သာ ရင်ဆိုင်ခဲ့ရ၏။ ထို့နောက် "မသိမသာ ဘုရားသခင်သို့"၀တ္ထုနှင့် "ကောင်းကင်ဘုံ နှင့်  စားကျက်မြေများ" ၀တ္ထုထွက်ခဲ့ပြန်သည်။ ထိုနှစ်အုပ်မှာလည်း ပရိသတ် မကြိုက်သဖြင့် အောင်မြင်မှု့ နှင့် ဝေးခဲ့ ရုန်းကန် ခဲ့ ရ၏။ ဤသို့ဖြင့် သူ၏ လေးအုပ်မြောက် ဖြစ်သော "တော်တီလာ ဖလက်တ်" သို့မဟုတ် "တို့ဘ၀ တို့ကမ္ဘာ" ၀တ္ထုစာမူ သည် ထုတ်ဝေသူမရှိတော့ဘဲ သူ့လက်ထဲ၌ သောင်တင် နေခဲ့ရလေတော့၏။

ယင်းသို့ သောင်မတင် ရေမကျ ဖြစ်နေခိုက်တွင် ဂျွန်စတိန်းဘက် အား အထောက်အကူ ပြုသည့် ဖြစ်ရပ် တခု သည် မမျှော်လင့် ဘဲ ပေါ်ပေါက် လာသည်။ နယူးယောက်မြို့မှ အယ်ဒီတာ တစ်ဦး ဖြစ်သော မတ်စကယ်ကိုဗွီစီ သည် ရိုကာရို မြို့သို့ အလည် သွားရ၏။  စာအုပ်ဆိုင် တဆိုင် သို့ ဝင်ရာမှ ဂျွန်စတိန်းဘက်  အား အလားလာရှိနေသည့် စာရေးဆရာတစ်ယောက်ဟု မြင်လာသည်။ 

စာပေ၀န်ဖန်ရေး ဆရာ "၀ီလျံရိုးစ်ဘက်နက်" က "တို့ဘ၀ တို့ကမ္ဘာ" မှ ဇာတ်ကောင်များသည် ကလေးဆိုး များနှင့် တူသည်။ သူတို့သည် မည်သည့် အရာကို မှ အလေးအနက်မပြုကြ။ အရာရာတိုင်းကို ပေါ့ပေါ့ တန်တန် သဘောထားကြသည်။ သူတို့သည် ကိုယ်ကြိုက်သလိုနေပြီး ကိုယ်ကောင်းသည် ထင်ရာကို လုပ်နေကြ သော "ပျော်ပျော်နေသေခဲ ၀ါဒ သမားများ" ဖြစ်ကြသည်။ ဤလူစုကိုပင်လျှင် ဂျွန်စတိန်းဘက် က ကိုယ်ချင်းစာနာစိတ်၊ သနားကြင်နာစိတ် တို့ဖြင့် ရေးဖွဲ့ခဲ့သည်။ အထူးသဖြင့် သူ၏ ကရုဏာ မကင်းသော သရော်မှု့ကလေး များကို သိမ်မွေ့စွာ ဖွဲ့ဆိုထားသည်ကို တွေ့ရသည် ဟု ဆိုခဲ့သည်။ 

စာပေပညာရှင် "အလန်ထရက်ခ်ျတင်းဘာ့ဂ်နှင့် ဘင်ဂျာမင်ဒီမော့"တို့ကမူ "ဂျွန်းစတိန်းဘက် ၏ တို့ဘ၀ တို့ကမ္ဘာ သည် ဇာတ်လမ်း ကို အသားပေးသည့် ၀တ္ထုမဟုတ်၊ ဇာတ်ကောင်စရိုက်ကို အလေးအနက် ပြုသည့် "စရိုက်ဖော်ဝတ္ထု" ဖြစ်သည်။ စရိုက်ဖော်ရင်း မှပင် ဘ၀၏ အမြင်များကို သုံးသပ်တင်ပြသွားသည် ဖြစ်ရာ ယင်းသုံးသပ် တင်ပြချက်များကို မြင်အောင် ကြည့်နိုင်ကြဖို့ လိုပေသည်"ဟု ဝေဖန်ခဲ့ကြသည်။

ဤ၀တ္ထု "တို့ဘ၀ တို့ကမ္ဘာ"ကို မြန်မာပြန်စဉ်က ကျွန်တော့်တွင် ဖြစ်ပေါ်ခဲ့သည့် "မ၀ံ့မရဲစိတ်"ကို အထက် တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း ဤစာအုပ်ထွက်လာသည့်အခါ စာဖတ်ပရိသတ်က နှစ်သက်လက်ခံသည့် စာအုပ်တစ်အုပ ဖြစ်လာခဲ့ရပါသည်။ ဤစာအုပ်ကို နှစ်သက်လက်ခံကြောင်း ဝေဖန်ပြောဆိုသံများကိုလည်း ကြားခဲ့သိခဲ့ရပါသည်။ ထိုအခါ "ကိုယ့်စာဖတ် ပရိသတ်ပေါ် ကိုယ် မယုံကြည် သော စိတ်" ၀င်ခဲ့မိခြင်း၏ အပြစ်ကို ကျွန်တော်မြင်လာခဲ့ပါသည်။ ဤအပြစ်အတွက် စာဖတ်ပရိသတ်က ကျွန်တော့် အား ခွှင့်လွှတ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
 
မောင်ထွန်းသူ
၁၉၉၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်
.

ဂျွန်စတိန်းဘက် ဝတ္ထု တွေထဲ က အကြိုက်ဆုံး တပုဒ် ဖြစ်တဲ့ Tortilla Flats (တို့ဘဝ တို့ကမ္ဘာ) ကို အရင် တင်ပေးလိုက် ပါတယ်... နောက်တပုဒ် The Grapes of Wrath (ဒေါသမာန်) ကို လည်း ဆက်တင်ပေးပါမယ်

မူရင်း စာရေးသူ  နှင့် ဘာသာပြန်ဆိုသူ ဆရာမောင်ထွန်းသူ တို့အား လေးစားစွာဖြင့်

ရွှေစင်ဦး
.

5 comments:

lulay said...

ကျေးဇူးတင်ပါတယ်။အရမ်းကြိုက်တဲ့စာအုပ်တွေထဲကတအုပ်ပါ။လူတိုင်းကိုစာအုပ်ကောင်းလေးတွေဖတ်စေချင်တဲ့
စေတနာကိုအရမ်းလေးစားပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ချင်လှပြီ
စာအုပ်ကောင်းတွေကို တကုးတက ရှာစရာမလိုဘဲ အလွယ်တကူဖတ်ခွင့်ရတာ သိပ်ကိုကျေးဇူးတင်ပါတယ်အစ်မရယ်

မြစ်ကျိုးအင်း said...

ဂျွန်စတိန်းဘတ် ဝတ္ထုကို ပထမဆုံး စဖတ်ဖူးတာက ဒေါသမာန် ပါပဲ။ အဲဒီစာအုပ်မှာ တအားကြိုက်သွားပြီး တို့ပိုင်တဲ့မြေ ၊ တို့ဘဝ တို့ကမ္ဘာ ပုလဲ စတာတွေကိုပါ ဆက်ဖတ်ဖြစ်သွားတယ်။ ကျနော် အကြိုက်ဆုံး စာရေးဆရာပါပဲ။ ဒေါသမာန်ထဲက အမှာစာ မှာ ခုထိမှတ်မိနေတာက အဲဒီစာအုပ်ကို အမေရိကန်မှာ အပိတ်ခံရတဲ့ အထိ ဂယက် ရိုက်ခတ်ခဲ့တယ်တဲ့။ ဒေါသမာန် တင်ပေးဖို့ တောင်းဆိုဖို့ တွေးဖူးတယ်။ စာအုပ်က အရမ်းထူလွန်းတော့ အာနာနေတာ။ အခုဒီဝတ္ထုလေး တင်ပေးတာ အရမ်းကျေးဇူး တင်တယ်။
သဘောကျတဲ့ ဝတ္ထုမို့လို့ ကျေးဇူးတင်ကြောင်း ပြောပါတယ် အစ်မ။

ကိုဇော် said...

စပြီး ဖတ်ပါတယ်...။

mun said...

wishing all going well and happy....
ဆက်တင်ပေးမဲ့ The Grapes of Wrath (ဒေါသမာန်) ကို လည်း
with love waiting....