အင်ပါယာ ဆိုတာ…. အဲ…..အင်ပါယာပေါ့ကွ“
ဦးလေးပု သည် သူ့အဖြေကိုသူ လုံလောက်သည် ထင်ဟန်ရှိ၏။ ကြမ်း၌ဆောင့်၍ ကွဲအက် ခဲ့သည့် ဥသျှစ်သီး အခွံ များ ကိုသာ တစ်ခုပြီးတစ်ခု ခွာနေသည်။ ဆက်၍မဖြေ။
ဦးလေးပု သည် တစ်ကြိမ်က ကျွန်တော်တို့နယ်၌ သစ်တောဒီဝီဇံများကို ကြည့်ရှုရသော နယ်တောအုပ်ကြီး ဖြစ်ခဲ့ဖူး၏။ ဦးလေးပုသည် ဗိုလ်ကျောင်းမှ (၁၀)တန်းအောင်သည်ဆို၏။ ကျွန်တော်တို့ နယ်တွင် တောအုပ်ကြီး လုပ်ရင်း တောလန့် ၍ ရူးသွားသည် ဆိုကြသည်။
ယခု ဦးလေးပုသည် ဤ ကျောင်းပျက်ကြီး ကို အေးချမ်းစွာ အပိုင်စားနေ၏။ ဦးလေးပု၌ အလွန်ကျေပွန်သော ၀တ္တရား တစ်ခု ရှိခဲ့ဖူးသည်။
ကျွန်တော်တို့ရွာနှင့် ပေါင်းတလည်မြို့သည် (၇)မိုင်ကျော်ဝေးသည်။ ဤခရီးကို ဦးလေးပုသည် နေ့စဉ်မှန်စွာ အသွား အပြန် လျှောက်လေ့ ရှိသည်။ ပေါင်းတလည်မြို့၏ ကြံသကာနှင့်ဖျော်သော လက်ဖက်ရည်ဆိုင် တို့ တွင် ထိုင်ရင်း သူ့သတင်းစာဟောင်းများ ကို ထုတ်ဖတ်ကာ ဗြိတိသျှအင်ပါယာကြီး ကြီးကျယ်ကြောင်း အော်ကျယ် အော်ကျယ် ပြောလေ့ရှိ၏။
အမြတ်ကား….ဂျပန်ကင်ပေတိုင်တို့ ဦးလေးပုအားဖမ်း၍ အချုပ်တွင်း ၌ (၇) ရက်ထားသည်။ ရွာသို့ ဦးလေးပု ပြန်လာသော အခါ ခြေသည်းလက်သည်း တို့ မပါတော့..။ သူ့ဗြိတိသျှအင်ပါယာကြီး အကြောင်းလည်း မပြောတော့။ ဤသည်တို့ အစား တောမြောင်ချောက်ကြား တို့ကို လည်ပတ်၍ ဥသျှစ်သီးကိုသာ ရှာတော့ သည်။
ဦးလေးပု ဥသျှစ်သီးကိုလည်း ကျွန်တော် စားပါ့မယ်၊ မယဉ်နွယ် ကိုလည်း ပေးပါ့မယ်၊ ကျွန်တော်ကိုလည်း ဗိုလ်စာ သင်ပေးဦးပေါ့ဗျာ….။
မင်းက ဘာလို့ ဗိုလ်စာသင်ချင်ရတာလဲ။
ကျုပ်….သူကြီးဖြစ်ချင်လို့ဗျ….။
သူကြီးဖြစ်ချင်ရင်…. သူကြီးသမီးယူပေါ့ကွ၊ ဟား…..ဟား… မင်းဗြိတိသျှအင်ပါယာ အကြောင်း သူတကာ လျှောက်မပြောရင် တော့ ငါဗိုလ်စာသင်ပေးမယ်ပေါ့ကွာ။
ဤသို့ဖြင့် ဦးလေးပုနှင့် ကျွန်တော်သည် နားလည်မှုယူကာ သူပိုင်ရာကျောင်းပျက် မှ ဥသျှစ်သီး နှစ်လုံးကို ကိုင်၍ ကျွန်တော်ဆင်းခဲ့သည်။ ကျောင်းပျက်မှ တော်တော်ဝေးဝေး ရောက်သောအခါ ကျွန်တော်သည် ပထမဦးဆုံး တွေ့ရသော ချုံပုတ်များအတွင်းသို့ ဥသျှစ်သီးများကို လွှင့်ပစ်သည်။ ကျိကျိချွဲချွဲ ပြောင်ပြောင် လက်လက် အစေးတို့ဖြင့် ပြူးကြောင်ကြောင်အစေ့တို့ ရှိအပ်သော ဤပူပြင်းသည့် ဥသျှစ်သီးကို ကျွန်တော် မမက်မော။ ကျွန်တော်မမက်မောလျှင် မယဉ်နွယ်အတွက်မက်ရန် သာ၍ဝေးသည်။
ဆွမ်းစားပြီးချိန်၌ တစ်နာရီခန့် ကျွန်တော်တို့အားသည်။
ကျွန်တော်တို့ ကျောင်းသင်ရိုးအရ နံနက်ပိုင်း၌ မင်္ဂလသုတ်၊ အတွင်းအောင်ခြင်း၊ အပြေင်အောင်ခြင်း၊ နာမကာယ၊ ပရိကြီးစသည်တို့ကို သင်သည်။ နေ့ခင်းတစ်နာရီကျော် မှစ၍ လောကီစာဖြစ်သည်။ လက်ရေးလှ စာသင်ရ၏။ လက်ရေးလှသည်မှာ လောကီစာဖြစ် သည်။ လက်ရေးလှလှဖြင့် လိုက်ကူးရ၏။
ဦးလေးပု ထံမှ ကျွန်တော် ပြန်လာသောအခါ စက်နာရီ (၁)နာရီထိုးနေသည်။
ထို့ကြောင့် ကျကျနနချေပြီးသော ကျွန်တော့်သင်ပုန်းကိုယူလျက် တောင်ကျောင်းလေး အောက်ထပ်သို့ ကျွန်တော် ထွက်ခဲ့သည်။ ကျောင်းသားအားလုံး လည်း စုံနေပြီ။ ဦးဇင်း ဦးကောဝိဒသည် ကျွန်တော်တို့ သင်ပုန်းများ ထက်၌ အလွန်လှသော လက်ရေးများဖြင့် ကံ့ကူဆံကိုသုံးကာ ရေးပေးသည်။ သူ ဘာစာရေးပေးသည် မှာ ကျွန်တော်တို့၏ ပညာအဆင့်အတန်းအလိုက် ဖြစ်သည်။
ဦးဇင်းရေးပေးပြီးသော အခါ ကျွန်တော်တို့က ဦးဇင်းကို ဦးသုံးကြိမ်ချရှိခိုး၍ နားထောင်ရသည်။ ဦးဇင်းက စိတ်ရှည် လက်ရှည် ရေးထားသောစာ ကို သုံကြိမ်တိတိချပေး သည်။ ကျွန်တော်တို့က လက်အုပ်ချီရင်း လိုက် အံရသည်။ မှန်မှန်ကန်ကန် မအံနိုင်သော် ဦးဇင်းသည် ဖနောင့်နှင့် ပေါက်တတ်၏။ ဦးဇင်းကျေနပ်မှ ကျွန်တော်တို့ အားလုံး အပေါ်ထပ်သို့ တက်၍ ကြမ်းပြင် တွင် သင်ပုန်းများကိုချလျက် ပုဆစ်တုပ် မှောက်ဝပ်ရင်း အသံကုန်ဖြဲ၍ စာကိုကျေအောင် အံကြရသည်။
ဦးဇင်းသည် ထိုအခါမျိုး၌ ပက်လက်ကုလားထိုင်တစ်လုံးထက် လဲလျောင်းကာ ကြိမ်လုံးတစ်လုံးကို လက်လှမ်း တစ်မီ၌ထား၍ ဒဂုန်မဂ္ဂဇင်း အဟောင်းကြီးတစ်ခုကို ဖတ်ရင်းစံပယ်နေတတ်၏။
ကျောင်းသား များက တစ်ယောက်တစ်ပေါက်နှင့် ကိုယ်စာကိုယ်ဆွဲဆွဲငင်ငင် အံကြရသည်။ ထမင်းစားပြီးစ ဖြစ်၍ အားလုံး က အိပ်ချင်နေကြသည်။ အိပ်ချင်သော်လည်း ဦးဇင်း ကြိမ်တုတ် ကိုကြောက်၍ ငိုက်ငိုက် ညည်းညည်း ဖြင့် အံတော့အံကြရသည်။
ကျွန်တော့်လက်ယာဘက် ၌ အိပ်ချင်မူးတူးနှင့် နက်ကျောသည် စာကိုကုန်း၍ အံနေသည်။
''ပါးစပ် က ၀င်သွားမိလျှင် ကိုယ်တွင်းဘေးကြီးရ''
သူ့ဘေးမှ သောင်းဟန်ကြီးသည် သူ့အတွက်စာကို သူရွက်၏။
''ရွက်ရင့်ကြွေပြောင်း တပေါင်းတန်ခူး ရွှင်မြူးပစ္စုန် လကဆုန်နေတုံမဇ္စိုမ .... ''
သူ့ဘေး မှ တိမ်တစ်လုံးသည် တစ်ခုတည်းသာ အသုံး၍ရသော မျက်လုံးကိုမှေးလျက် သူ့အပိုက် သူ ရွတ်သည်။
''ဗေးဒင် စကား နတ်နဂါး ခေါင်းထားမှတ်ကုန်ကြ''
သူတို့ ရွတ်နေသည်ကို သာမန်လူတို့တော့ နားမလည်နိုင်။ အမှန်ကား နဂါးခေါင်းလှည့်ခြင်း လင်္ကာကို ရွတ် နေကြခြင်းပေတည်း။
သူတို့ထက်မြင့်သော ကျွန်တော်ကမူ ဆရာတော်ဦးဗုဓ်၏ ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာယူနည်းမှာ မူကျမ်းလာ လို့မှတ်လေ၊ အနောဓိသပုဂ္ဂလ သည် ပဉ္စငါးယောက်နေရှင့်၊ ထူးတစ်ထွေရည်မှတ်သား၊ သြဓိသ မှာ၊ ပုဂ္ဂလာသည်၊ မှန်စွာ (၇)ပါးတည်း.... ''
ဤသို့လျှင် တစ်ယောက်တစ်ပေါက်နှင့် ကျွန်တော်တို့က အိပိငိုက်ရင်း ရွတ်ကြသည်။ မှော်ဆရာမှတ်တမ်း နှင့် ပိုးနက် ၏ စွန့်စားခန်းများကို မြိန်ရေရှက်ရေ ဖတ်နေသော ဦးဇင်းသည် သူ့ဟာသူ မိန်းမောနေ၏။ ထိုအခါ ကျွန်တော်တို့ ကလည်း ငိုက်ကြသည်။
ကျွန်တော် တို့ အသံများကျဲ၍ ဝေါဝေါ၀ုံဝုံ မြည်သံစုံသောအခါ ဦးဇင်းသည် ဒဂုန်မဂ္ဂဇင်းကို ဘေးချ၍ အနီးမှ ကြိမ်လုံး ဖြင့် ကြမ်းပြင်ကို တဖြန်းဖြန်းချခံရစဉ် အံနိုင်သူတို့ ပျော်တပြုံးပြုံး ဖြင့် သင်ပုန်းကိုပိုက်ကာ မီးဖိုချောင် ကို ထွက်လာခဲ့ကြသည်။
အကြောင်းမှာ နောက်တစ်နာရီကြာလျှင် မပျက်သော ၀တ္တရားဖြစ်သည့် ရေခပ်ပန်းခူးသည် လာလိမ့်ဦးမည်။
ဤတစ်နာရီ အတွင်း သင်ပုန်းကိုချေပြီးပါ မှ နောက်တစ်နေ့နံနက် လောကုတ္တရာ စာကူးရန် အစစ အဆင်သင့် နေမည်။
ကျွန်တော် သည် သင်ပုန်းကို ရေနှင့်ပက်၍ ထင်းမီးသွေးဖြင့် ပွတ်တိုက်လေသည်။ သင်ပုန်းစင် သွားသော အခါ ထမင်းပျော့ပျော့ ကို သင်ပုန်းထက်တင်၍ ထင်းမီးသွေးဖြင့် ထပ်တိုက်ရ၏။ သင်ပုန်းညက်ကျေမှ ခြောက်ရန် နေရာ၌ လှန်းရသည်။
ကျွန်တော် သင်ပုန်းချေဆဲ ကိုရင်သာခွေးသည် ဆိုက်ရောက်လာ၏။
''ဟေ့ကောင် သန့်ဇင် မနက် က မင်းင့ါနှမမယဉ်နွယ် နဲ့ ဘာစကားပြောတာလဲ''
''ကိုရင်နှမ နဲ့ ကျုပ်နဲ့ စကားပြောတာ ကိုရင် နဲ့ ဘာဆိုင်လို့လဲ''
ဤသည်ကို ကိုရင်သာခွေးနှင့် အတူပါလာသော ကိုရင်လောစံက တက်ခုပ်လက်ဝါးတီး၍ ရယ်သည်။
''ဟား.... ဟား...သာခွေးရာ နင့်နှမနဲ့ သူနဲ့စကားပြောတာ နင်နဲ့မဆိုင်ဘူးတဲ့ ...ဟာ..ဟ''
ဤ သရော်ချက်ကြောင့် ဒေါထွက်ခဲ့သော ကိုရင်သာခွေးသည် သူ၏သင်းပိုင်ကြားမှာ ဓားမြှောင် ကို ဆွဲထုတ် ၍ ကျွန်တော့်အားချိန်သည်။
''ခွေးမသားလေး နင့်ကိုငါသတ်မယ်''
ကိုရင်သာခွေး သည် ရှေ့သို့တိုးလာ၏။ ကျွန်တော်က တောင်းပန်သည်။
''ကိုရင် ကျွန်တော့်မှာ ဘာအပြစ် မှ မရှိဘူး.... ''
သို့သော်... ကိုရင်သည် ''နင်လား အပြစ်မရှိတာ'' ဟုဆိုရင်း ကျွန်တော့်အား ဓားမြှောင်ဖြင့် လှမ်းထိုးသည်။
ကြောက်လန့် တကြားဖြင့် ကျွန်တော်သည် ဘေးသို့ရှောင်လိုက်ပြီး သင်ပုန်းနှင့်လည်း ကိုရင့်ခေါင်းဆီသို့ ရိုက်ချ လိုက်မိသည်။
ကိုရင်သာခွေးခေါင်း ၌ သွေးတို့ ချင်းချင်းနီရဲ၍ မြေသို့ခွေလဲကျသွား၏။ ကျွန်တော်ကြောင် နေခိုက် ကိုရင်လောစံသည် အပြင်ဘက် ထွက်ပြေး၍ ဟစ်သည်။
''ဆရာတော်ဘုရား...ဆရာတော်ဘုရား၊ သန့်ဇင် ပုန်ကန်နေပါသည်ဘုရား၊ ကိုရင့် ကို သင်ပုန်းနဲ့ ရိုက်ပါသည် ဘုရား''
ဤအခါ မှ ကျွန်တော်သည် မည်မျှကြီးကျယ်သော အမှုကို ပြုလုပ်မိမှန်း သိရတော့သည်။
ဘုရားအရေတော်ဝတ် ကိုရင်ကို လက်ထိလက်ရောက် စော်ကားမိခဲ့လေပြီတည်း....။
ကျွန်တော် သည် ကိုရင်အား ဦးသုံးကြိမ်ချသည်။ ထိုအခိုက်တွင်ပင် ကျောင်းသားများက ကျွန်တော်အပေါ် ခုန်စီး ၍ ဖမ်းချုပ်ကြသည်။ ကျောင်းဝင်းတစ်ခုလုံး၌လည်း ကမ္ဘာပျက်တာမျှ ဆူညံသွားသည်။ ကျောင်းသား နှင့် ကိုရင်ကို ၀ိုင်းချုပ်အပ်သော ကျွန်တော်သည် ဆရာတော်၏ ရှေ့မှောက်သို့ ရောက်ခဲ့ရသည်။
ဆရာတော် သည် ကြိမ်တုတ်ကိုင်၍ ကျွန်တော့်အားကြည့်သည်။
''ငသန့်ဇင် နင်ကိုရင့်ကို ဘာကြောင့်ရိုက်ရသလဲ''
ကျွန်တော်သည် ပြည့်ဝင်းသော ဆရာတော်၏မျက်နှာသို့ မော်ကြည့်သည်။ ဆရာတော်ကို ကျွန်တော် မလိမ်ရဲ.....။
''တပည့်တော် မှားပါတယ်ဘုရား ...အရှင်ဘုရားဆုံးမသမျှ ခံပါ့မယ်''
ဆရာတော်ဘုရား သည် ကျွန်တော့်အား တစ်ချက်ကြည်၍ ငိုင်သွားသည်။ မည်သို့မျှ စကားဆက် မဆိုတော့ဘဲ ကြိမ်တုတ်ကို လွှဲ၍ ဘုရားခန်းဆီ ကြွသွားတော်မူသည်။
ဆရာတော် ချသွားသော ကြိမ်တုတ်ကို ဦးဇင်းက ကောက်ကိုင်သည်။ ကျောင်းသားနှင့် ကိုရင်တို့က ကျွန်တော့် အား ဖိထားခိုက်၊ ဦးဇင်း သည် အားကုန်လွှဲ၍ ကြိမ်ဖြင့် ကျွန်တော့်တင်ပါးကို ချသည်။
''တစ်ချက်-နှစ်ချက်-သုံးချက်-လေးချက်-ငါးချက်-ခြောက်ချက်.... ''
ကြိမ်ချက်များ မည်မျှကျသည်ကို ကျွန်တော်မသိ။ နာကျင်၍ လူးလှိမ့်နေရသောကိုယ်သည် မလှုပ်နိုင်အောင် ဖြစ်နေသည်။ မျက်လုံးများလည်း ပြာလာ၏။ ခဏ၌ပင် တစ်လောကလုံးသည် မှောင်အတိ ကျသွား တော့သည်။
မည်မျှအချိန်ကြာကြာ မေ့သွားသည်ကို ကျွန်တော်မသိ။ ကျွန်တော်သတိရ၍ မျက်လုံး ဖွင့်ကြည့်သောအခါ ကျွန်တော့် ပါးစပ်အတွင်းသို့ ရေစက်တို့ကျနေသည်။ ရီဝေသော ကျွန်တော့်မျက်လုံးများ လင်းလျှင်လင်းခြင်း နှုတ်ခမ်းမွေး၊ မှုတ်ဆိတ်မွေးတို့ဖြင့် တန်ဆာ ဆင်အပ်သော ဦးလေးပု၏ မျက်နှာကြီး ကျွန်တော်မြင်ရသည်။ ဦးလေးပု သည် ကျွန်တော့် ပါးစပ်အတွင်းသို့ ရေစက်များ ချပေးနေသည်။
ကျွန်တော့်အပေါ် စီးမိုး၍ ရပ်နေသူ၏ မျက်နှာကိုလည်း ကျွန်တော်မြင်ရသည်။ ဤအခိုက်အတွင်ပင် ကျွန်တော့် မျက်နှာထက်သို့ အေးမြသော ရေစက်တို့ကျလာ၏။ ဤရေစက်တို့သည် ကျွန်တော့် ပါးစပ်ထဲ သို့ မကျဘဲ အဘယ်ကြောင့် ပါးထက်သို့ ကျရသနည်း။
သတိကောင်းစွာ လည်ခဲ့ပြီးဖြစ်သော ကျွန်တော်သည် ဤရေစက်တို့ ကျရာဆီသို့ မော့ကြည့်မိသည်။
မျက်တောင်ကော့ တို့ဝယ် မျက်ရည်များခိုတွဲလျက် ဖြူဝင်းသော မယဉ်နွယ်၏ မျက်နှာလေး ကကျွန်တော့်ကို ငုံ့ကြည့် နေသည်။
သြော်.... ကျွန်တော်ထင်ခဲ့သော ရေစက်တို့သည် မျက်ရည်သာတည်း....။ ဤမျက်ရည်တို့ သည် အနောတက်ရေစင် သို့ပမာ အေးချမ်းပေသည်တကား....။
ဆက်ရန်
.

1 comment:
ဘာဖတ်ရမှန်းမသိတာနဲ့ တက္ကသိုလ်ဘုန်းနိုင်ပဲ အရင်ဖတ်တော့တယ် အမရွှေစင်ရေ ...
အဆက်မျှော်နေပါတယ်။
ရွှေမန်းမြို့ရဲ့ ခေတ်သစ် ဆောင်းဘွဲ့လေးရေးဖို့လဲ တိုက်တွန်းထားသေးတယ်နော်။
Post a Comment