တော်ဘုရားကလေး ၏ နိဂုံး
မောင်သန်းဆွေ (ထားဝယ်)
(၁၈.၆.၀၆) ရက်နေ့ မနက်ပိုင်းက စာရေးသူအိမ်တွင် မရှိပါ။ အလှူတစ်ခုသို့ ရောက်နေပါသည်။ မွန်းတည့် (၁၂) နာရီ အိမ်ပြန်ရောက်လာသောအခါ ဇနီးဖြစ်သူက-
ရန်ကုန် က ဖုန်းလာတယ်၊ တော်တော်ဆုံးပြီးတဲ့
ဟင်.....ဘယ်သူက ဆက်တာတုံး
ငြိမ်းငြိမ်း(ကျိုင်းတုံ) က ဆက်လိုက်တာ၊ ဒီမနက်(၈)နာရီက ဆုံးတယ်လို့ ပြောတယ်။
ဒီသတင်း မကြားချင်သော်လည်း တစ်နေ့ကြားရလိမ့်မည်ဟု စိတ်ထဲတွင်တထင့်ထင့် ဖြစ်နေသည် ကို တကယ် ကြားရပေပြီ။ လွန်ခဲ့သည့် အပတ်ကပင် တော်တော်ဆေးရုံတက်နေသည်ဟု ကြားရ၍ လှမ်း ဖုန်း ဆက်လိုက်ရာ တော့်တော့်သမီး ဒေ၀ီက-
ဆီးဆေးစားပေမယ့် ဆီးမသွားနိုင်ဖြစ်နေတာ။ ဇွန် (၆)ရက်နေ့ညက ချွဲတွေကျပ်လာတယ် ဆရာ။ အသက်ရှူ လည်း ကျပ်လာတယ်။ ချွေးစေးတွေ ပြန်ပြီးသွေးဆုတ်သွားလို့ တစ်ကိုယ်လုံး ဖြူဖွေးအေးစက်နေတာပဲ။ မနက် တစ်နာရီခွဲ လောက်မှာပေါ့။ မဖြစ်တော့ဘူးဆိုပြီး ဆရာဝန်ကို ဖုန်းဆက်ရတယ်။ ဆရာဝန် ရောက်လာတော့ ချက်ချင်းပဲ အထွေထွေရောဂါကု ဆေးရုံကြီးကို တင်လိုက်ရတယ်။ ရောက်တာနဲ့ သွေး(၄)ပုလင်း ဆက်တိုက်သွင်းရတယ်ဆရာ။ ဒါပေမဲ့ စိတ်တော့ မချရသေးဘူး။
ဟုပြောပါသည်။ ထိုစဉ်ကတည်းက တော်တော့်အတွက် စိတ်ပူနေမိခြင်းဖြစ်သည်။ ဒီတောင်မှ ကျော်နိုင် ပါ့မည်လား။
၂၀၀၅ခုနှစ်၊ နိုဝင်ဘာလထဲမှာ မန္တလေးကဒေါ်ဒေါ့်မွေးနေ့ အသက်(၉ဝ)ပြည့်ကို သွားရန်တိုင်ပင် ကြသည်။ ဒီကတည်း က တော်တော့်ကျန်းမာရေးသည် ခပ်ယိုင်ယိုင် ဖြစ်၏။ ဒေါ်လေးမေကလည်း စိုးရိမ်နေသည်။ သို့သော် တော်တော့် ကို မသွားပါနှင့်ဟုလည်း ထား၍ရမည်မဟုတ်။ သို့နှင့်ပင် တော်တော့်တို့ ဇနီးမောင်နှံ နှင့် သမီး ဒေ၀ီ၊ ဆရာမဒေါ်သန်းသန်းတင် နှင့် စာရေးသူတို့ (၅)ယောက် သွားဖြစ်ကြသည်။ နိုဝင်ဘာလ (၂၇)ရက် နေ့ည ရထားနှင့် ဖြစ်၏။
ဒေါ်လေးမေသည် သူ့မောင်တော်ကို ပြုစုရန်အတွက် အပြည့်သယ်လာသည်။ တစ်လမ်းလုံး ရေပူရေချမ်း ကမ်းလှမ်း ပြုစုလာရသည်။ ဆေးချိန်တန်ဆေး၊ ကျွေးချိန်တန်ကျွေး၊ ရေနွေးကုန်သွား၍ ရေအေးနှင့် ဖျော်လိုက် ရသည်ကိုပင် ကြေး(ချေး) မများရန် ရွှေနားတော် သွင်းရသေးသည်။ တော်တော် ၏ ကရိကထကို ဒေါ်လေးမေ မို့သာ ခံနိုင်ပါသည်။ သို့ကြောင့် 'မောင်သွားလေရာ လိုက် ပါစမြဲလေ' ဆိုသည့် သီချင်း ကဲ့သို့ တော်တော် သွားလေရာ (နိုင်ငံခြားခရီးများ မှ အပ) ဒေါ်လေးမေ လိုက်ပါရစမြဲ ဖြစ်ပါသည်။ ဒေါ်လေးမေ မပါလျှင် တော်တော် ၏ ဝေယျာဝစ္စကို စိတ်ရှည်ရှည်နှင့် လုပ်ပေးသူမှာ ရှေ့နေကြီး ဦးထွန်းတင်ဖြစ်သည်။ သို့ကြောင့် ရှေ့နေကြီး ဦးထွန်းတင် က-
'ကျွန်တော်မျိုး က ငယ်ကျွန်တော် မဟုတ်ပါဘူးဘုရား၊ ကြီးမှ ကျွန်ခံရ လို့ ကြီးကျွန်တော်ပါ ဘုရား' ဟု ပြောတတ်သည် ဆိုပါသည်။ သူတိှု့နှစ်ယောက်သည် နိုင်ငံရေးလုပ်ဘက်၊ ငြိမ်းချမ်းရေးလုပ်ဘက်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းမှာလည်း အတူလုပ်ဘက် ဖြစ်ကြသည်။ ထို့ကြောင့် တော်တော်နှင့် ဦးထွန်းတင် တို့ တစ်ယောက်ကို တစ်ယောက် အလွန်ချစ်ခင်ကြပါသည်။
တော်တော်ဆုံးသည် သတင်းကို ကြားသည်နှင့် ရန်ကုန်သို့ ချက်ချင်းဖုန်းပြန်ဆက်ရသည်။ တော်တော့် မြေးအငယ်ဆုံး အောင်သပြေ နှင့် အဆက်အသွယ် ရ၏။ (၂၀)ရက်နေ့၊ ထိန်ပင်တွင် သဂြိုဟ်မည်ဟု ပြော သဖြင့် (၁၉)ရက်နေ့တွင် လေယာဉ်ဖြင့် ရန်ကုန်သို့ သွားရသည်။ ထိုနေ့က ထားဝယ်-ရန်ကုန် ခရီးစဉ် မရှိသဖြင့် မြိတ်-ကော့သောင်းမှပတ်၍ ရန်ကုန်သို့ လိုက်ခဲ့ရသည်။ ရန်ကုန်ရောက်သည့်နေ့တွင်ပင် အသုဘ အိမ်သို့ သွားရပါသည်။
ဒေါ်လေးမေက-
'ဒီလောက် အဝေးကြီးကတောင် လာရတာ၊ တော်တော့်ကို ရှင်သိပ်ချစ်တာပဲလား'
ဟု မျက်ရည်တစမ်းစမ်း နှင့် မေးရှာသည်။ ဒေ၀ီကိုမည်ကဲ့သို့ ဖြစ်သွားသည်နည်းဟု မေးကြည့်ရာ-
'နောက်ပိုင်း ဆိုဒီယန်တွေ လျော့လာတယ် ဆရာ။ သွေးချိုတွေ ၀င်လာတယ်။ အောက်ဆီဂျင် ကလည်း စက်တစ်လုံး ကနေ နှစ်လုံးဖြစ်လာတာတောင် နောက်ဆုံးအချိန်မှာ စက်နှစ်လုံးက မနိုင်ဘူး ဖြစ်လာတော့ လည်ပင်း ကနေ အပေါက်ဖောက်ရမယ်။ မေ့ဆေးတင်ရမယ်။ မိသားစုစဉ်းစားပါဆိုပြီး ဖြစ်လာတယ်။ ဒီတော့ ဆရာဝန် ကို ပြန်မေးရတော့တာပေါ့။ ဒီလိုလုပ်လို့ quality of life ရနိုင်မလားဆိုတော့ အသက်ကြီးနေပြီ ဖြစ် တဲ့ အတွက် အားမခံနိုင်ဘူးတဲ့။ ဒါနဲ့မိသားစုက အလုပ်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ရတယ် ဆရာ' ဟု ပြောပြ ပါသည်။
ကျွန်တော်သည် တော်တော်၏ ဘ၀နိဂုံးနောက်ဆုံးအချိန်တွင် ဆေးရုံပေါ်၌ အောက်ဆီဂျင်ပိုက် နှစ်လုံး နှင့် အသက်ရှူ နေရပုံ၊ နှာခေါင်းအစာပိုက်၊ ဆီးပိုက်များနှင့် လုံးထွေးနေရပုံတို့ကို မျက်စိထဲ မြင်လာသည်။ အမှန် မှာ တော်တော်သည် ငယ်စဉ် ကတည်းကပင် အဆုတ်မကောင်းဟု ဆိုပါသည်။ ၁၉၆၀ပြည့်နှစ် က အဆုတ် အောက်ပိုင်း ကို ဖြတ်ပစ်ရမည်။ သို့သော်ကောင်း၊ မကောင်း အာမမခံနိုင်ဟု ဆိုသည်နှင့် မခွဲစိတ် ဖြစ်တော့ပါ။ ထိုစဉ်ကသွေးအန်သည်မှာ ထွေးခံတစ်လုံးပင် ရသည်ဟု ဆိုပါသည်။ သွေးအန်၍ တီဘီ လားဟု ဆိုသော်လည်း မဟုတ်ပါ။
မကောင်းသည့် အဆုတ်အပိုင်းအစမှ အရိုအရွဲများဟု ဆရာဝန်က ပြောပါသည်။ ထိုစဉ်ကတည်းက pen-V ဆေး ပေးသည်။ သွေးအန်သည့် အခါတွင်မူ ပဋိဇီဝဆေးများ သောက်ရသည်။ အဆုတ်မကောင်းသဖြင့် နှလုံး က ၀န်ပိုလာပြီး မကောင်းဖြစ်လာပြန်သည်။ ဒီကြားထဲနရသိန်တွင် နေစဉ်က အိပ်သည့်အခါ သမံတလင်း ပေါ်တွင် အိပ်ရသဖြင့် ရောဂါအါခြေအနေ ပို၍ ပို၍ ဆိုးလာသည်။ အသက် (၇၈)နှစ် ကျော် သည့် အခါ တော်တော့် ရောဂါသည် စီအေ ဖြစ်နေသည်ဟု သိရသည်။ တော်တော့်ကို ကြည့်ရသည်မှာ မည်သို့မျှ မတုန်လှုပ်ပါ။ သူ့ရောဂါကို အားဆေး များ စား၍ ထိန်းသွားပြီးနေလျှင် နောက်ထပ် နှစ်နှစ်ခန့် နေရဦးမည်။ သို့ဆိုက အသက်(၈၀)ရောက်ပြီး။ သေလျှင် သေပါစေတော့ဟု ပြောပြပါသည်။
ဒေါ်လေးမေက ကျွန်တော့်ကို ပြောပြပါသည်။
'ကိုသန်းဆွေကို ပြောပြရဦးမယ်။ မဆုံးခင်တစ်ရက်မှာတော့ ဆေးရုံဆရာမတွေက ဒေါ်လေးမေကို ပြပြီး ဒါ ဘယ်သူလဲ သိလား လို့၊ တော်တော်ကို စတဲ့သဘောနဲ့ မေးကြတယ်။ သူကမျက်လုံးပိတ်ပြီး မှိန်းနေတာ များတော့ မျက်လုံးဖွင့်တုန်း မေးရတာ ကိုး။ ဒီတော့သူကစကား ကျယ်ကျယ်မပြောနိုင်လို့ အားယူပြီး my…my Queen လို့အကျယ်ကြီး ပြောလိုက်တယ်'
ဒေါ်လေးမေသည် တော်တော် က သူ့အား နောက်ဆုံးအချိန်တွင် 'ကျွန်ုပ်၏ မိဖုရား' ဟုအင်္ဂလိပ်လို ပြောလိုက်သည် ကို ကျေနပ်သွားပုံရပါသည်။ စာရေးသူက-
''ကျွန်တော်ရေးတဲ့စာတွေထဲမှာ ဒေါ်လေးမေကို မြောက်သားတော်လို့ သုံးနှုန်းခဲ့တာ မကြိုက်ဘူး မဟုတ်လား။ ခုတော့ မိဖုရားလို့ နောက်ဆုံး ခေါ်သွားတာကို သဘောကျနေလား ဒေါ်လေးမေ''
ဟု မေးလိုက်ရာ ဒေါ်လေးမေ သည် မျက်ရည်စမ်းစမ်းနှင့် ပြုံး၍ ကျွန်တော့်ပခုံးကို သူ့လက်နှင့် ပုတ်လိုက် ရှာပါသည်။ အမှန်မှာ ဒေါ်လေးမေသည် တော်တော့်အတွက် မိဖုရားတစ်ပါး။ မဟေသီတစ်ပါး အမှန်ပင် ဖြစ်ပါသည်။ သို့သော် သလွန်ညောင်စောင်း ပန်းမွေ့ရာ ရွှေကော်ဇောထက်က မိဖုရား မဟုတ်ရရှာပါ။
တော်တော်၏ အသုဘအတွက် အိမ်တွင်ပင် ဧည့်ခံပါသည်။ အလောင်းမှာ ထိန်ပင်အအေးခန်းသို့ ရောက်ပေပြီ။ အစ်မတော် ထိပ်စုဘုရားစင်အောက်ရှိ စားပွဲပေါ် တွင်တော်တော့်ဓာတ်ပုံနှင့် ပန်းအိုး ထားသည့် ဘေး၌ သက်ပျောက်လုံချည်ကို ထားပေးသည်။ ထမင်းချိန် ထမင်း၊ ကော်ဖီချိန် ကော်ဖီ အစာများ ကိုလည်း ထားပေးသည်။ ဒေါ်လေးမေနှင့် ဒေ၀ီတို့က မလွှဲသာ၍သာ ကြည့်နေကြေသည်။ ကြိုက်ပုံမရပါ။ သူတို့ သားအမိ သည် မြန်မာအသုဘဓလေ့ထုံးစံများကို နားမလည်ရှာပါ။ အတွေ့အကြုံမရှိ၍လည်း ဖြစ်ပုံရသည်။ ဒီကြားထဲတွင် စာရေးသူက-
''အသုဘ မင်းဆွေးမင်းမျိုး အဆောင်အယောင် အခမ်းအနား လုပ်ဦးမှာလား''
ဟုဒေါ်လေးမေ အား မေးမိသည်။ ဤကဲ့သို့ မေးရခြင်းမှာ အခြားဆွေတော်မျိုးတော်များက စာရေးသူအား မေးခိုင်း ၍ မေးပေးရခြင်း ဖြစ်ပါသည်။
''အမလေး မလုပ်ပါနဲ့ ကိုသန်းဆွေရယ်။ တော်တော့်အကြောင်းလည်း ရှင်အသိပဲ။ သူကဒါတွေ လုံးဝ မကြိုက်ဘူး။ ပန်းတောင်စံပယ်ပန်းပဲ ကြိုက်သတဲ့။ စံပယ်ပန်းဟာ မြေနဲ့နီးလို့ ကြိုက်တာတဲ့''
ဟု ဒေါ်လေးမေ ပြောပြနေစဉ်ပင် အမျိုးသမီးတစ်ဦး စံပယ်ပန်းများ လာပို့သည်ကို တွေ့ရ၏။ ဒေါ်လေးမေက-
''ဒါ…. သဇင် ရဲ့သမီးလေ'' ဟုစာရေးသူနှင့် မိတ်ဆက်ပေးပါသည်။
''ကိုသန်းဆွေကို ဒေါ်လေးမေ တစ်ခုမေးချင်တယ်''
''မေးလေ ဒေါ်လေးမေ''
''တော်တော် က လေ သူ့အသက်ကို စက်အကူနဲ့ ရှုနေရပေမယ့် သူ့မှာ ခက်ခက်ခဲခဲ အပန်းတကြီး ရှု နေရတယ်။ ဒေါ်လေးမေကို မော့ကြည့်ပြီး သူ့ကိုသွားခွင့်ပေးပါတဲ့။ ပထမတော့ ဒေါ်လေးမေက သွားခွင့် မပြုဘူး။ တစ်သက်လုံး အရာရာကို အရှုံးမပေးဘဲ ရုန်းကန်တိုက်ပွဲဝင်လာတာ။ ခုမှလျှော့ရတော့မှာလားပေါ့။ နောက်တော့ တော်တော့် ကို ကြည်ရတာ သိပ်ပင်ပန်းရှာတယ် ကိုသန်းဆွေရယ်။ ဒါနဲ့နောက်ဆုံး တော်တော် သွားချင်ရာကို လွတ်လွတ်လပ်လပ် သွားပါလို့ ခွင့်ပြုလိုက်ပါတယ်။ ဒေါ်လေးမေ ဆုံးဖြတ်တာ မှား သလား''
ဟုမေး၏။ သူ၏ မွေးခွန်းကို စာရေးသူက-
''မမှားပါဘူး ဒေါ်လေးမေရယ်။ ဒါကို စိတ်ထဲစွဲမထားပါနဲ့။ ယူဂိုဆလားဗီးယားက မာရှယ်တီးတိုး ဟာ အခု တော်တော့်လိုပဲ ပိုက်ပေါင်းစုံ နဲ့ ဘ၀ရဲ့ နိဂုံးအချိန်လေးမှာ ရုန်းကန်နေရရှာတာ။ (၇)လတောင် ကြာသတဲ့။ တိုင်းပြည် ခေါင်းဆောင်ကြီး ဆိုတော့ ဆရာဝန် တွေကလည်း ဘယ်လက်လျှော့လိုက် တယ်လို့ရှိမလဲ။ မာရှယ်တီးတိုး အနေနဲ့ကြည့်ရင် တော်တော့်လိုပဲ ခံစားနေရမှာပေါ့။ ဒါတွေကို သိနေတဲ့ အီရန် က ရှားဘုရင် ဟာ သူ့ရဲ့ကင်ဆာရောဂါ ကို ကုသတဲ့အခါမှာ တကယ်လို့များ သူ့နောက်ဆုံးအချိန်ရောက်ရင် သူ့ကို မာရှယ်တီးတိုး လို ပိုက်တွေနဲ့ အသက်ဆက်မထားပါနဲ့လို့ မှာခဲ့သတဲ့။ ဒါကြောင့် ဒေါ်လေးမေ ဆုံးဖြတ်တာ မမှားပါဘူး။ မဟုတ်ရင် တော်တော့်ကို ဇွာတ်ညှဉ်းပန်းထားတာမျိုး ဖြစ်နေမှာပေါ့'' ဟုပြန်နှစ်သိမ့်၍ ပြောရ ပါသည်။
အသုဘချသည့်နေ့ နံနက်တွင် တော်တော့်အိမ်သို့ပင် အရင်သွားလိုက်သည်။ အိမ်သို့ ပို့ထားသည့် လွမ်းသူ ပန်းခွေ နှင့် ပန်းခြင်း များကို ကားနှင့် သယ်နေသည့်ကျန်သည့် ပန်းခြင်းနှစ်ခြင်းနှင့် လိုက်ပါမည့်သူများကို တင်ပြီး စာရေးသူ ကားဖြင့် ထိန်ပင်သို့ သွားခဲ့သည်။ နံနက်(၉)နာရီ ထိန်ပင်ရောက်သွားသောအခါ မည်သူမျှ မရှိသေးပါ။ အလောင်းကိုမူ နာရေးကူညီမှုအသင်းက အမျိုးသားများ ပြင်ဆင်နေကြပါသည်။ တော်တော့် အစ်မတော် ထိပ်စုဖုရားကြီး၏သမီး ဒေ၀ီခင်သည် နာရေးကူညီမှုအသင်းတွင် အမှုဆောင်ဖြစ်သည့် ဆရာမသန်းမြင့်အောင် နှင့် သူတို့နှစ်ဦးပင် ဦးဆောင်ပြီး အသုဘအတွက် စီစဉ်နေကြသည်။
အလောင်းကို မှန်စီရွှေချမှန်ခေါင်း ထဲထည့်ပြီး ဖဲအဖြူနှင့် အ၀ါလိုက်ထားသည့် အလောင်းစင်ပေါ်တွင် တင်ပေးထားသည်။ မှန်ခေါင်းထဲမှ အလောင်းပေါ်တွင် စံပယ်ပန်းများ ကြဲထားပြီး နှင်းဆီနီကလေးများ ဟိုတစ်ပွင့်၊ ဒီတစ်ပွင့် တွေ့ရသည်။ ရွှေထီးလေးလက်မိုးပေးထားသည်။ အလောင်းပြင်ဆင်မှုကို စာရေးသူ၏ စိတ်ထဲတွင် ကျိတ်၍ သဘောကျနေပါသည်။ ဘုရင့်မြေးတော် အရင်းကြီးတစ်ယောက်ပင် မဟုတ်ပါလား။ ဒီ လောက်တော့ လုပ်သင့်ပါသည်။
သို့သော် ဒေါ်လေးမေလာလျှင် မည်သို့ပြောလေ မည်မသိဟု စိတ်ပူနေမိသည်။ များလှစွာသော ပန်းခွေ၊ ပန်းခြင်း ထဲတွင် နီနီရဲရဲ သစ္စာပန်းခြင်း တစ်ခြင်းကို မြင်၍ ကြည့်လိုက်သောအခါ မိသားစု၏ ပန်းခြင်း ဖြစ်နေပါသည်။ တမင်ပင် အနီရောင် သုံးထားလေသည်လားဟု တွေးမိသည်။ စောစောစီးစီး ရောက်လာ ကြသည့် သီပေါမင်းတရား၏ ညီမတော် မိတ္ထီလာ စုဘုရားကလေး၏ မြစ်တော်များက စာရေးသူအားလား၍ နှုတ်ဆက် ကြပါ သည်။ ထိုစဉ်တွင်ပင် ဒေါ်လေးမေတို့ ရောက်လာသည်။ ထင်သည့်အတိုင်းပင် ဖြစ်ပါ၏။ ဒေါ်လေးမေ သည် အလောင်းပြင်ထားသည်ကို မြင်သည်နှင့်-
''ဒါ…..ရှင့်အစီအစဉ် မဟုတ်လား''
ဟုစွပ်စွဲပါတော့သည်။ မဟုတ်ရပါကြောင်း၊ နာရေးကူညီမှုအသင်းက လုပ်ထားခြင်းသာ ဖြစ်ပါသည်ဟု ရှင်းပြ ရပါသည်။ ဆရာမသန်းမြင့်အောင် ပြောသည် က မှန်စီရွှေချ မှန်ခေါင်းနှင့် ရွှေထီးများသည် သူတို့ နာရေး ကူညီမှု အသင်းပိုင်ဖြစ်ကြောင်း၊ ပထမဆုံး အသုံးပြုရသူမှာ စာရေးဆရာကြီး ဦးသုခဖြစ်ကြောင်း၊ ယခု တော်တော် သည် ဒုတိယ အသုံးပြုရသူဖြစ်ကြောင်း၊ လူတိုင်းအားအသုံးပြုခွင့်မပေးကြောင်း၊ ပေးသင့် ပေးထိုက်သူ ကိုမှ အသုံးပြုစေပါကြောင်းဟု ဖြစ်ပါသည်။ တော်တော်၏ အသုဘတွင် အလွှာစုံကို တွေ့ရ သည်။ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားဟောင်းကြီးများ၊ ကွယ်လွန်သွားပြီဖြစ်သည့် နိုင်ငံရေးသမားများ၏ သားမယား များ၊ မင်းဆွေမင်းမျိုးများ၊ စာရေးဆရာများ၊ သတင်းစာဆရာများ၊ မဂ္ဂဇင်းတိုက်ပိုင်ရှင်များ၊ ဂျာနယ်လစ် များ စသည်တို့ ဖြစ်ပါသည်။
(၁၁)နာရီထိုးသောအခါ အလောင်းကို မီးသဂြိုဟ်ရာသို့ ယူသွားပြီး သဂြိုဟ်လိုက်ရပါတော့သည်။ (၂၃-၆-၀၆)နေ့မှ အရိုးပြာရ၏။ သူ၏ဘွားတော် အရှင်နန်းမတော်စုဘုရားလတ်၏ အုတ်နန်း ပြာဿဒ် ရှိ အုတ်ခုံပလ္လင်ပေါ်တွင် သွင်း၍ မြှုပ်နှံထားပါသည်။ တော်တော့်ဘ၀ကို ပြန်တွေးကြည်လျှင် ဘုရင့်မြေးတော်ဆို၍ ရွှေဇွန်းကိုက်ပြီး မမွေးလာရသော်လည်း ငွေဇွန်းကိုက်ပြီး မွေးလာရသူ ဖြစ်ပါသည်။ နယ်ချဲ့အစိုးရသည် သီပေါမင်းအနွယ်တော်များကို အခွင့်အရေး အထောက်အပံ့ ပို၍ပေးခဲ့သော်လည်း အခြား မင်းဆွေ မင်းမျိုးများထက် ချုပ်ချယ်ခဲ့သည်။ တော်တော်တို့ မောင်နှမများသည် ငယ်စဉ်က အထက်တန်း ကျကျ ကြီးပြင်းခဲ့ရသော်လည်း တစ်ဖက်၌ အနှိမ်ခံရသည်များ ရှိ၏။
တော်တော်အရွယ်ရောက်လာသောအခါ ဂျပန်ခေတ်နှင့် ကြုံရပြန်သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် သဘောတရား ရေးသင်တန်း တက်ခဲ့ပြီး မြစ်ဝကျွန်း ပေါ်မှ အာရှလူငယ်ရဲဘော်များနှင့် လက်တွဲ၍ တော်လှန်ရေး အတွက် လှုပ်ရှားခဲ့သည်။ ဒီအချိန်တွင် နောင်တော်ဖြစ်သည့် တော်ဘုရားကြီးမှာ ဂျပန်အစိုးရ ၏ ဘုရင်လောင်းဘ၀သို့ ရောက်နေပြီ။ တော်တော်၏ မြေအောက်လှုပ်ရှားမှုများအတွက် ဂျပန် ကင်ပေတိုင် က အရေးယူတော့မည် ဖြစ်၍ နောင်တော်က ကယ်ခဲ့ရသည်။
ဂျပန်ခေတ်တွင် တော်ဘုရားကြီး 'သြဆာမား' ဟု ခေါ်သည်။ အဓိပါယ်မှာ ဘုရင်မင်းမြတ်ဖြစ်၏။ တော်တော့် ကိုမူ 'ဟရီးသြဆာမား' ဟုခေါ်သည်။ အဓိပါယ်မှာ အိမ်ရှေ့မင်းသားဖြစ်၏။ ဂျပန်တစ်ခေတ်ပြီး၍ ဗြိတိသျှ လက်အောက် ပြန်ရောက်သောအခါ နောင်တော် တော်ဘုရားကြီးက ကိုယ်လက်ကြံ့ခိုင်ရေး အားကစား ဘက်သို့ ရောက်သွားပြီး တော်တော်က နိုင်ငံရေးထဲသို့ ရောက်သွားရပြန်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့တွင် ဇောက်ချပြီး လုပ်ခဲ့၏။
ဖဆပလခေတ်တွင် သူကျင်လည်ခဲ့ရသည့် နိုင်ငံရေး၊ စီးပွးရေး၊ လူမှုရေး၊ ဘ၀အတွေ့အကြုံများကို ကလျာမဂ္ဂဇင်း တွင် 'အုတ်တစ်ချပ် သဲတစ်ပွင့်' အမည်ဖြင့် အခန်းဆက် ဆောင်းပါးရေးနေသည်။ သူပေးဆပ် ခဲ့ရသမျှသည် တိုင်းပြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပမာသာ ဆိုသည့် အဓိပါယ်နှင့် သူ့အတွေ့အကြုံ များကို ရေးပြနေခြင်း ဖြစ်ပါသည်။ သူဆုံးသွားသောအချိန်တွင် အခန်း (၁၄)သို့သာ ရောက်သေးသည်။ မွေးရာပါ ဘုရင်မြေးတော်မင်းသား၊ ဂျပန်ခေတ်က အိမ်ရှေ့စံလောင်းလျာ၊ ငြိမ်းချမ်းရေးကို လိုလား၍ နိုင်ငံရေး ကိုသာ တစ်သက်တာ လုပ်ဆောင်သွားခဲ့သူ၊ သူ့ယုံကြည်မှုအတွက် အရာရာကို စွန့်လွှတ် စွန့်စား ခဲ့သူ။ စာရေးသူဆရာ၊ သမိုင်းသုတေသီဆိုသည့် ဂုဏ်ထူးဝိသေသများ ရှိသော်လည်း သူ့ကိုယ်သူ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဟုသာ နှိမ့်ချခဲ့သည့် တော်တော်သည် ယခုမူ ပြာဖြစ်သွားရလေပြီ။
သို့သော် တော်တော်သည် ရှင်ခြင်း၊ သေခြင်းထက်၊ သူ့ကို ချစ်သူများ ရင်တွင်း၌ အမြဲရှင်သန်၍သာ ရှိနေ ပါလိမ့်မည်။
ပြီးပါပြီ
.
မောင်သန်းဆွေ (ထားဝယ်)
ဇန်နဝါရီ (၂ဝ၁၁) ၊ ရုပ်ရှင်တေးကဗျာ
.
2 comments:
မရွှေစင်တင်ပေးမှပဲ နောက်ဆုံးထွက် မဂ္ဂဇင်းထဲက စာတွေ ဖတ်ရတော့တယ်။ ကျေးဇူးပဲ အမရေ ... ။
ဒါနဲ့ တတိယစာပိုဒ်မှာ "မန္တလေးက ဒေါ်ဒေါ့်မွေးနေ့ အသက် (၆၀) ပြည့်" ဖြစ်နေလို့ ဘယ်က ဒေါ်ဒေါ်ပါလိမ့်တွေးနေမိတာ။ နိုဝင်ဘာရယ် မန္တလေးရယ် ဒေါ်ဒေါ် ဆိုတဲ့ အသုံးအနှုန်းရယ်ကို ကြည့်ပြီး လူထုဒေါ်အမာပဲ ဖြစ်ရမယ်လို့ ထင်ပါတယ်။ လူထုဒေါ်အမာက ၂၀၀၅ မှာ အသက် ၉၀ ပြည့်တာပါ။
ဧကန္တ မရွှေစင် သမီးတွေ ၆-နဲ့ ၉ မှားရိုက်မိပုံပဲ။ :)
မမေဓါဝီ ရေ
၂၀၀၅ မှာ လူထုဒေါ်အမာ ၉ဝ ပြည့် မှန်ပါတယ် ပြင်ထားပေးပါမယ် ကျေးဇူးပါ
ရွှေစင်ဦး
Post a Comment