ယခု သီတင်းပတ် သုံးပတ်မျှ ကျောင်းတက်ပြီးချိန်တွင် သည်ကလေးသည် စာရေးစားပွဲမှာ ခါးမတ်မတ်ဖြင့် ထိုင်နေပြီ။ သူ့နာမည်ကို သူရေးနေပြီ။ သူသည် သူ့အတန်းသို့ သွားပြီး စာသင်ရတာကို စိတ်ဝင်စား နေသည် ဟု သူ့မိခင်က ပြောသည်။ ဘာကြောင့်ဆို အိမ်သို့ ပြန်ရောက်ပြီး ညစဉ်ညတိုင်းပင် ကျောင်းမှာ ဘာတွေ သင်ခဲ့ရကြောင်း၊ သူဘာတွေ တက်နေပြီဖြစ်ကြောင်း သူ့မိခင်အား ပြောဆိုပြ၊ ပြန်ရေးပြ နေသောကြောင့် ဖြစ်၏။
မြို့နယ်ပညာရေးမှူးရုံး မှ လာသည့် အမျိုးသမီး က စာအုပ်ကြီးသမားတစ်ဦး ဖြစ်၏။ သူ့အမြင်အရတော့ သည် အနေအထား မနှစ်မြို့ဖွယ် အနေအထားတစ်ရပ် ဖြစ်နေသည်။ လယ်ရီသည် အတန်းထဲသို့ ရောက်နေစရာ အကြောင်းမရှိ။ သည်ကလေးနှင့် သည်အခန်း ဘာမျှမဆိုင်။ သူ့ကို စမ်းသပ်စစ်ဆေးပြီး လေ့ကျင့် ပေးနိုင်သော ဥာဏ်လေးသူအဖြစ်သာ သတ်မှတ်ရမည်။
"ကလေး ကို ကြည့်ပါဦး။ ဆာရာလေ့ကျင့်ပေးထားလို့ ကလေးဟာ မတ်မတ်ထိုင်ပြီး မတ်မတ် လမ်းလျှောက် နေပြီ။ သူဟာ ခဲတံကိုကိုင်ပြီး စာရေးနေပြီ။ လွန်ခဲ့တဲ့ သုံးပတ်ကျောင်းဖွင့်စကဆို ခုပြောခဲ့တာတွေ တစ်ခုမှ သူမလုပ်နိုင်ခဲ့ဘူး။ ဒီကလေးဟာ လေ့ကျင့်ပေးနိုင်တဲ့ ဥာဏ်လေးသူတစ်ယောက်မဟုတ်ပါဘူး"
ကျွန်မက ပညာရေးမှူးအား ရှင်းပြသည်။
"ဒီမယ် မစ္စစ်ကတ်ရိုက်၊ စည်းမျဉ်းစည်းကမ်းတွေက ဘယ်လိုဆိုတာကို ကျွန်မသိတယ်။ ဒီကလေးတွေကို ရှင် စိတ်ရူးပေါက် တိုင်း ဟိုအတန်းပို့ ဒီအတန်းပို့လုပ်လို့ မရဘူးရှင့်"
ပညာရေးမှူးက ပြောသည်။
"ကောင်းပြီလေ၊ ဒါဆို လယ်ရီကို ပြန်လည်အကဲဖြတ်ရမယ့် ကျောင်းသားစာရင်းထဲမှာ တစ်ဆိတ်လောက် ထည့်ပေးနိုင်မလားရှင်"
"အဲဒါကို ကျွန်မ လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ တခြားကလေးတွေလို သူ့အလှည့်ကျအောင် စောင့်ရ လိမ့်မယ်"
ပညာရေးမှူး မမ က ပြောပြီးသည်နှင့် လယ်ရီ့လက်ကို ဆွဲပြီး အခန်းနံပါတ် ၂၀၇သို့ ခေါ်သွားတော့၏။ အခန်း၂၀၇မှာ ဥာဏ်လေးသူများအတွက် သတ်မှတ်ထားသည့် သီးသန့်ပညာသင်ပေးရေးအခန်း။
ထိုအမျိုးသမီး ပြန်သွားသည်နှင့် ကျွန်မက ကျောင်းအပေါ်ထပ်သို့ ပြန်တက်သွားသည်။ လယ်ရီကို ထိုအတန်းထဲ မှ ခေါ်ထုတ်သည်။ ပြီးတော့ ဆရာအတန်းထဲသိုက ပြန်ခေါ်ခဲ့သည်။
ဆာရာက လယ်ရီ့လက်ကို ဖမ်းဆွဲသည်။ ပြီးတော့ ရင်ခွင်မှာ ပွေ့ဖက်ထားသည်။ ထို့နောက် ဆာရာက ကျွန်မ ကို ပွေ့ဖက်သည်။ လယ်ရီ့မိခင်ကို ပွေ့ဖက်သည်။ ကျွန်မတို့အားလုံး၏ ပါးပြင်များပေါ်မှာတော့ မျက်ရည် ပေါက်ကြီးတွေ။
လယ်ရီကို ဆာရာ့အတန်းမှာပင် ဇန်န၀ါရီလအထိ ဆက်ထားသည်။ ထိုလတွင် သူ့ကို ပြန်လည် အကဲဖြတ်ပြီး ပညာသင်ပေးနိုင်သည့် ဥာဏ်လေးသူအဖြစ် တိုးမြှင့်သတ်မှတ်လိုက်ကြသည်။ သူသည် နောက်ထပ် ငါးနှစ်လုံးလုံး ဘလိန်းမှာပင် ဆက်ပြီး ပညာသင်သည်။ နောက်ပြီး ဘလိန်းကျောင်းတွင် လူချစ် လူခင် အများဆုံး ကျောင်းသားတစ်ဦးဖြစ်လာသည်။
'ဘရိတ်ဒန့်စ်' ကခုန်နည်း ခေတ်စားလာချိန်တွင် လယ်ရီက ဇာတ်ခုံပေါ် တက်ပြီး လက်ခုပ်သြဘာသံတွေ မိုးခြိမ်းသံ လို မြည်ဟိန်းသွားအောင် ကပြ အသုံးတော်ခံခဲ့သည်။ ပန်းကလေး တစ်ပွင့် ဖူးပွင့်လာအောင် ပြုစု ယုယ သလို ဆာရာ မြေတောင်မြှောက်ပေးခဲ့သည့် ကလေးငယ်၏ ကိုယ်ခန္ဓာလေးသည် စင်မြင့်ပေါ်တွင် လေဆင်နှာမောင်း တိုက်သည့်နှယ် မွှတ်နေအောင် ချလပတ်လည်နေခဲ့လေသည်။
ကျွန်မကတော့ ကျွန်မတို့ကလေးတွေကို ဟိုဟာလုပ်ခွင့်မရှိဘူး။ သည်ဟာလုပ်ခွင့်မရှိဘူးဟု တပြောတည်း ပြောနေသူ တွေ အကြောင်းသာ တွေးနေမိပါသည်။

လက်နက်မချနဲ့ မယ်ဒယ်လင်း
ကျွန်မတို့ကျောင်း စာသင်ခန်းတွေထဲတွင် ဥာဏ်ရည်ကွာခြားမှုကို ရှင်းလင်းပြတ်သားစွာ တိုင်းထွာနိုင်သည့် နည်းစနစ် ကို သုံးစွဲကြမည်ဟု ကျွန်မက ဆရာ၊ ဆရာမများကို ပြောကြားထား၏။ ထို့နောက် ထိုနှစ် မကုန်ဆုံး မီမှာပင် သူတို့မျက်ကလူးဆန်ပျာ ဖြစ်သွားစေမည့် အစီအစဉ်တစ်ခုကို ချပြလိုက်၏။ ကျွန်မ တို့ကျောင်းတွင် လက်ရှိကျင့်သုံးနေသည့် စာမေးပွဲစနစ်ကို ပြင်ဆင်ပစ်မည်ဟု ချပြလိုက်ခြင်း။
ကျွန်မ ချပြသည့်နည်းမှာ ကယ်လီဖိုးနီးယားပြည်တယ်တွင် ကျင့်သုံးနေသည့် စာမေးပွဲစစ်နည်း။ ထိုနည်းမှာ စာသင်သား များ၏ စာဖတ်နိုင်စွမ်းနှင့် သင်္ချာအရည်အသွေးကို တိုင်းထွာနိုင်သည့် အထုံစစ်ဆေးနည်းဖြစ်၏။ ဖီလဒဲလ်ဖီးယား ရှိ ပြည်သူပိုင်ကျောင်းများတွင် တရားဝင်ကျင့်သုံးနေသည့် စာမေးပွဲစစ်နည်း ဖြစ်ပါသည်။ သည်နည်း ကို သုံးစွဲခြင်းဖြင့် ကလေးတွေ အောင်ချက်ကောင်းနေသည်မှာ နှစ်အတန်ကြာနေပြီ။ တစ်နှစ်ပြီး တစ်နှစ် အောင်ချက် ကောင်းလာသည့်အတွက် ကယ်လီဖိုးနီးယား ပြည်နယ်မှ စီမံခန့်ခွဲရေးမှူးများသည် လက်ခမောင်း ခတ်ပြီးရင်းခတ်နေကြသည်။
ကယ်လီဖိုးနီးယား စာစစ်နည်းအရဆိုလျှင် ဘလိန်းကျောင်းမှ ပထမတန်း ကျောင်းသားတစ်ဝက်ကျော်၏ ရမှတ်များမှာ အတော်ကောင်းနေသည်။တစ်နိုင်ငံလုံး အတိုင်းအတာမှာပင် ကောင်းနေသော ရမှတ် များသည် မြို့နယ်အလိုက်ယှဉ်လိုက်သောအခါ ပို၍ကောင်းနေသည်။ မြို့နယ်အတွင်းရှိ အကောင်းဆုံး ကျောင်းများ ထက် အောင်ချက်ပိုကောင်းနေသည်ကို တွေ့ရ၏။
သည်အချက်ကို ကျွန်မက မယုံ။ မဖြစ်နိုင်ဟုထင်သည်။ သည်တော့ ကျွန်မ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည်။ ဖိုင်တွဲတွေတစ်တွဲပြီး တစ်တွဲ ပြန်လှန်ကြည့်သည်။ ပထမတန်းတွင် ပျှမ်းမျှရမှတ် ၉၀ရှိသော ကျောင်းသား တစ်ဦးသည် ဒုတိယတန်းသို့ရောက်သောအခါ ပျမ်းမျှ ရမှတ် ၅၀သာ ရှိ၏။ တစ်ဖန် တိတယတန်း တွင် ပျမ်းမျှ ရမှတ် ၈၀ဖြစ်နေပြန်သည်။
ဘယ်လိုဖြစ်ပြီး သည်လို အတက်အကျဖြစ်နေရသလဲ။ ကျွန်မသံသယဖြစ်တာ မှန်ကန်သည်ဟု ဆရာနှစ်ဦး က ထောက်ခံသည်။ စာမေးပွဲများ စစ်ဆေးချိန်တွင် ထိုကလေးတွေကို ဆရာ၊ ဆရာမများက အနီးကပ် သီးသန့် သင်ပြပေးသည်ဟု ထိုဆရာနှစ်ဦးက ပြောပြသည်။ ထိုသို့ ပြုလုပ်ခြင်းမှာလည်း ကိုယ့်ကျောင်း မျက်နှာပန်း လှစေရန် ပြုလုပ်ခြင်းဖြစ်လေသည်။ တချို့ဆရာတွေက တချို့ဆရာတွေထက် ပိုပြီး အသင်အပြ ကောင်းသည် မဟုတ်ပါလား။
တခြားကျောင်းများတွင် ထိုသို့သော နည်းများကို ဆက်လက်၍ကျင့်သုံးနေကြောင်း ကျွန်မတွေ့ရသည်။ ဥပမာဆိုလျှင် ဆရာ၊ ဆရာမတွေက စာမေးပွဲဖြေသည့် ကျောင်းသားများအား အချိန်ပိုပေးကြသည်။ မိနစ်၂၀ မေးခွန်းလွှာကို တစ်နာရီ ဖြေခွင့်ပြုကြသည်။ တချို့ဆရာ ဆရာမတွေဆိုလျှင် စာမေးပွဲ ဖြေနေသည် ကို စောင့်ကြပ်ရင်း အဖြေမှားနေသည်များကို ထောက်ပြပြီး ပြန်ပြင်စေကြကြောင်း သိရသည်။
သည်တော့ စာမေးပွဲတွေမှာ ဘာမျှ အဓိပ္ပာယ်မရှိတော့။ မိမိတို့ကျောင်း ဂုဏ်တက်ရေး၊ ကျောင်းအတွက် လိုအပ်ချက် များ ပြည့်ဝရေးကို ဦးစားပေးပြီး သူတို့သည် စာသင်သားများကို နစ်မွန်းအောင် လုပ်နေကြ သည်။ သည်လိုလုပ်ခြင်းသည် လိမ်လည်လှည့်ဖြားခြင်းသာဖြစ်သည်။ အယောင်ဆောင်ခြင်းသာဖြစ်သည်။ ထို့ကြောင့် ထိုလုပ်ရပ်များကို ရပ့်တန်းက ရပ်ကြရမည်ဟု ကျွန်မက ဆရာဆရာမများအား ထောက်ပြသည်။
ထိုကိစ္စတွင် ကျောင်းသားမိဘများကိုပါ ဆွဲထည့်ဖို့ ကျွန်မဆုံးဖြတ်လိုက်သည်။ အစည်းအဝေး တက်လာ သည့် ကျောင်းသားမိဘ ဦးရေမှာ များပြားနေဆဲပင်။ ကျောင်းသားမိဘများက ကျွန်မ၏ တင်ပြချက်ကို ထောက်ခံ ကြသည်။
၁၉၈၀ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ဘလိန်းကျောင်း၌ ကယ်လီဖိုးနီးယား စာမေးပွဲစနစ်ကို စတင် ကျင့်သုံး သည်။ မသမာမှုများ မဖြစ်ပေါ်စေရန် စာမေးပွဲစစ်နေသည့် အခန်းတိုင်းတွင် ကျောင်းသားမိဘ ကိုယ်စားလှယ် များပါ စောင့်ကြပ်စေသည်။
ကျွန်မက ကျွန်မတို့ ကျောင်းမှဆရာ၊ ဆရာမများအား ဘာမျှ စိုးရိမ်စိတ် မပွားဖို့ လပေါင်းများစွာ ကြိုတင်ပြီး ကြိုတင်ပြီး ရှင်းပြထားသည်။ ကျွန်မတို့ ကျင့်သုံးသည့်နည်းမှာ စာမေးပွဲစစ်ခြင်း၏ အနှစ်သာရကို ပေါ်လွင်အောင် လုပ်နေခြင်းဖြစ်သည်။သင်ကြားလိုက်သော သင်ခန်းစာများကိုကလေးတွေ အမှန်တကယ် နားလည် မလည်၊ အမှန်တကယ် တတ်မတတ် စစ်ဆေးခြင်းဖြစ်သည်။ ကျောင်းနာမည်ရစေရန်၊ စာမေးပွဲ အောင်ချက်များ ကို ဘယ်သူမျှ သံသယရှိမည်မဟုတ်တော့။ ဘယ်သူကမျှ မေးခွန်းထုတ်မည်မဟုတ်တော့။
အဖြေလွှာများ ပြန်ရောက်လာသောအခါ ကြိုတင်ထွက်ဆထားသည့်အတိုင်းပင် ဘလိန်းကျောင်း၏ ယခုနှစ် အောင်ချက်သည် ပြီးခဲ့သည့်နှစ် အောင်ချက်ထက် သိသိသာသာ ထိုးကျသွားသည်။ ထိုအခါ မြို့နယ် ပညာရေးမှူးရုံး မှ ပုဂ္ဂိုလ်တစ်ဦး ရောက်လာသည်။ သူ့လက်ထဲတွင် စာရင်းတွေကိုကိုင်လျက်။
"မယ်ဒယ်လင်း တခြားကျောင်းအုပ်တွေကလည်း ခင်ဗျားလုပ်သလို လိုက်လုပ်ကြတော့မှာပဲ။ အဲဒီလို လုပ်လာကြရင် ကျွန်တော်တို့ရဲ့ ရန်ပုံငွေကို ထိခိုက်နိုင်တယ်ဗျ"
"ရန်ပုံငွေကိစ္စကို ကျွန်မမသိဘူး။ ဒါပေမဲ့ ဒီစာမေးပွဲစစ်နည်းဟာ စာသင်သားရဲ့ အောင်မြင်မှု အစစ်အမှန် ကို တိုင်းတာနိုင်တယ်ဆိုတာတော့ ကျွန်မသိတယ်။ စာမေးပွဲဆိုတာ အကဲဖြတ်ခြင်းဆိုင်ရာ ကိရိယာတစ်ခုပဲ။ နိုင်ငံရေး ဆိုင်ရာ ကိရိယာ မဟုတ်သလို လိမ်လည်လှည့်ဖြားဖို့ အကြံအဖန်လုပ်ထားတဲ့ ကြော်ငြာ ဆိုင်းဘုတ် လည်း မဟုတ်ဘူးရှင့်"
ထိုနေ့ မွန်းလွဲပိုင်းတွင် စာစစ်ဌာန ညွှန်ကြားရေးမှူးက ကျွနမထံ တယ်လီဖုန်းဆက်သည်။
"မစ္စကတ်ရိုက်ရေ…ခင်ဗျာ့ကျောင်းရဲ့ စာမေးပွဲအောင်မှတ်တွေ အကြောင်းတွေတော့ ဒီမှာ အတော်ကြီး ပြောဆို ငြင်းခုံနေပြီဗျ"
သိထားတယ်လေ အပြစ်တွေ ပြောတော့မယ်မဟုတ်လားဟု ကျွန်မတွေးသည်။
"ခင်ဗျားကို ကျွန်တော်ပြောချင်တာက ခင်ဗျားရဲ့ လုပ်ဆောင်ချက်မျိုး ဒီမြို့မှာရှိတဲ့ တခြားကျောင်းတွေပါ လုပ်သင့် တာကြပြီဗျ"
ကျွန်မနားကြားများ မှားသွားသလား။ ကိုယ့်နားကိုယ်ပင်မယုံနိုင်။
"သချာင်္နဲ့စာဖတ်စွမ်းရည် အစစ်အမှန်တွေ ပေါ်တာဒီတစ်ခါပဲ ရှိသေးတယ်ဗျ"
ညွှန်ကြားရေးမှူးက ပြောသည်။ ပြီးတော့ ကျွန်မကို သတိပေးသည်။
"လက်နက် တော့ မချလိုက်လေနဲ့ မယ်ဒယ်လင်းရေ့"
သူကကျွန်မကို အားပေးအားမြှောက် ပြုလုပ်သည့်တိုင် တခြားလူတွေက ကျွန်မကို အသေ သတ်ဖို့လိုက်လာကြတော့မည်ဖြစ်ကြောင်း ကျွန်မသိနေသည်။
ရှေ့ပြေးလေယာဉ်မှူးများ
အင်း…ထင်ထားသည့်အတိုင်း သူတို့ ကျွန်မကိုဝိုင်းပြီး ဝေဖန်ကြပါသည်။ အပြစ်တင်ကြပါသည်။ အမြင်ကောင်းခြင်း နှင့် ပြည်သူ့ဆက်ဆံရေး လုပ်ဆောင်ချက်များသည် ကျော်းများအတွက် အရေးကြီးသလို နိုင်ငံရေးသမား များအတွက်လည်း အရေးကြီးနေသည့် ခေတ်ကြီးတွင် ကျွန်မ၏လုပ်ဆောင်ချက်များမှာ သစ္စာ ဖောက်သည့်သဘော သက်ရောက်နေပါသည်။ ထိုအကြောင်းကို ကျွန်မသိစေရန်အတွက် အုပ်ချုပ်ရေးပိုင်း ၏ အာဘော်များကို ကျွန်မနားထဲရောက်အောင် ပို့ပေးကြ၏။ သူတို့အာဘော်များကို ဂရုတစိုက် ရွေးချယ်သုံးနှုန်းထားသည့် စကားလုံးများဖြင့် ဖွဲ့စည်းထားကြ၏။
သို့သော် ကျွန်မက ကျွန်မ၏ ယုံကြည်ချက်ကို နှစ်နှစ်ကာကာ ယုံကြည်သက်ဝင်စွာ ဆက်လက် စွဲကိုင် ထားသည်။ ကျွန်မတို့ဆင်းရဲသားရပ်ကွက်ကျောင်းများမှ စာသင်သားများသည်လည်း မြို့စွန်မြို့ဖျားရှိ ကြေးရတတ် ကျောင်းများမှ စာသင်သားများလိုပင် သင်ကြားမှုကို နာယူနိုင်စွမ်းရှိပါသ်ည။ တခြား စာသင်သား များလိုပင် ထူးချွတ်တတ်မြောက်နိုင်ကြပါသည်။ သူတို့ သည်လို ထူးချွန်အောင်မြင်ရေးအတွက် သူတို့ ကိုယ်စား ဘယ်သူကမျှ လိမ်ညာပေးနေစရာမလို။ ဘယ်သူကမျှ လှည့်ဖြားပေးနေစရာမလို သူတို့ ကလေး တွေ နည်းမှန်လမ်းမှန် အစွမ်းပြခွင့်ရဖို့ပဲလိုသည်။
ကယ်လီဖိုးနီးယား စာစစ်နည်းကို ကျင့်သုံးပြီးနောက် တစ်နှစ်အကြာတွင် ကျွန်မက တမြည့်မြည့် လောင်မြိုက် နေသည့်မီးကို ယပ်ခတ်ပေးလိုက်မိပြန်၏။ မြို့နယ်ပညာရေးဌာနက မွေးထုတ်လိုက်သည့် 'ပိုင်နိုင် ကျွမ်းကျင်စွာ တတ်မြောက်ရေး' စမ်းသပ်စီမံကိန်းကို ကျွန်မက လက်မခံဘဲ ပယ်ချလိုက်ခြင်းဖြစ်၏။
သည်စီမံကိန်းမှာ တစ်မျိုးပြီးတစ်မျိုး မဆုံးနိုင်အောင် တန်းစီထွက်ပေါ်လာသည့် စမ်းသပ် စီမံကိန်း တွေထဲမှ တစ်ခုဖြစ်၏။ မြို့နယ်ပညာရေးဌာနမှ စီမံခန့်ခွဲရေးမှူးများက မြို့နယ်အတွင်းရှိ ကျောင်းများအတွက် သူတို့ တစ်စုံတစ်ရာ လုပ်ဆောင်နေပါသည်ဟု ပြသရန် ဖန်တီးလိုက်သည့် အစီအစဉ်တစ်ခုပင်။
ထိုသို့သော စမ်းသပ်အစီအစဉ်များသည် ၁၉၆၀ပြည့်နှစ် တစ်ဝိုက်ကတည်းက စတင်ပေါ်ပေါက်ခဲ့သည်။ ပညာသင်ကြားရေးစနစ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ဖို့ အလျင်အမြန် လိုအပ်နေပြီဟု ကျောင်းများက အသံမြည် နေသည့် ကာလဖြစ်သည်။ ထိုအခါ ပေါ်ပေါက်လာသော အခွင့်အလမ်းကို အသုံးချပြီး ကျောင်းသုံး စာအုပ်ထုတ်ဝေသူများကလည်း အမြတ်ထုတ် ငွေရှာခဲ့ကြသည်။ ထိုကာလအတောအတွင်းတွင် စမ်းသပ် အသုံးချကျောင်းသုံးစာအုပ်တွေ တစ်မျိုးပြီးတစ်မျိုး တန်းစီ ထွက်ပေါ်လာသည်ကို ကျွန်မတို့ ကြုံခဲ့ရ၏။
စမ်းသပ်ပြီးသား၊ ခိုင်မာပြီးသား သင်ကြားနည်းစနစ်များကို စွန့်ပယ်ပြီး အဆိုပါ စမ်းသပ်သင်ကြားနည်း စနစ် များကို ကျင့်သုါံ်ရမည်ဆိုသောအခါ အသင်အပြကောင်းပြီး အောင်မြင်နေသော ဆရာဆရာမအချို့မှာ စိတ်ဓာတ် ကျကြတော့၏။ နည်းစနစ်အသစ်များကို မလွှဲသာ မရှောင်သာ စွဲကိုင်ကျင့်သုံးကြရတော့၏။ သူတို့သည် သင်သာသင်နေရသည်။ စိတ်ပါဝင်စားမှု နည်းနေသည်။ စိတ်ရောကိုယ်ပါ မရှိကြတော့။ ထိုအခါ မလွှဲသာ မရှောင်သာ ပေါ်ထါက်လာသည့် အကျိုးဆက်မှာ ကျောင်းသားတွေ အောင်ချက် ထိုးကျ သွားခြင်းပင် ဖြစ်တော့၏။
တကယ်တော့ 'ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်ရေး' အစီအစဉ်မှာ ဘာမျှပြောစရာမရှိ။ သို့သော် ဘလိန်း တွင် လက်ရှိ သင်ကြားနေသည့် စနစ်က အလုပ်ဖြစ်နေသည်။ ကောင်းနေသည်။ ဆရာ၊ ဆရာမများ အစည်းအဝေး တွင် စနစ်သစ်အကြောင်း တင်ပြရင်း ကျွန်မတို့ လက်ရှိကျင့်သုံးနေသည့် စနစ်သည်လည်း ကောင်းနေကြောင်းလောက်တော့ ပြောပြမည်ဟု ကျွန်မရည်ရွယ်သည်။
အစည်းအဝေး တွင် ကျွန်မဘာတစ်ခွန်းမျှ မပြောနိုင်မီ သူငယ်တန်းပြ ဆရာမတစ်ဦးက မတ်တတ် ရပ်လိုက်သည်။
"သူတို့ ရဲ့ စီမံကိန်းတွေ အတွက် ကျွန်မတို့ကို ဓာတ်ခွဲခန်းထဲက အစမ်းသပ်ခံ သားကောင်ကလေးတွေလို အသုံးချ ခံနေရတာ ကျွန်မတို့စိတ်ပျက်လာပြီ။ နှစ်စဉ်နှစ်တိုင်း ဟိုပဲ့ကိုင် စီမံကိန်း၊ ဒီပဲ့ကိုင် စီမံကိန်း နဲ့ပဲ့ကိုင် စီမံကိန်းတွေပဲ တသောသော ၀င်လာနေတယ်။ ကျွန်မတို့မှာလည်း အလကားနေရင်း ပဲ့ကိုင် နေရတယ်။ သူတို့ ကျွန်မတို့ကို လေယာဉ် ပဲ့ကိုင် (ပိုင်းလော့)တွေ ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေတောင် ပေးသင့် နေပြီ။ သူတို့ဘာဖြစ်လို့ ကျွန်မတို့ဘာသာ ကျွန်မတို့ စိတ်အေးချမ်းသာ စာသင်ခွင့် မပေးကြ တာလဲ"
ဆက်ရန်
.
2 comments:
သြော်. . .
အဲဒီလို စိတ်ဓါတ်ခိုင်မာ ပြတ်သားတဲ့ ခေါင်းဆောင် (ဆရာမ) လက်အောက်မှာ အလုပ်လုပ်ရသူတွေအတွက်တော့ တကယ့်ကို ပညာလည်းရ၊ စိတ်လည်းချမ်းသာ... ကောင်းလိုက်တာ။
Post a Comment