တောရိုင်းမြေမှ အိမ်ကလေး
ကျွန်မနှင့် ကက်နက် ရ၀မ်ဒါကို ရောက်သည့်အချိန်တွင် အစိုးရက စိုက်ပျိုးမြေတွေကို နိုင်ငံခြားသားများအား အရောင်း ပိတ်လိုက်ပြီဟု သိရသည်။ သည်တော့ ကက်နက်က သတ္တုရှာဖွေရေးလိုင်စင်ရဖို့ အာဏာပိုင်တွေ ဆီ ချဉ်းကပ်သည်။ မအောင်မြင်ပါ။
၆ လလောက်ကြာတော့ ကျွန်မတို့တွင် ပါလာသမျှ ပိုက်ဆံကလေး တက်တက်ပြောင်တော့မည်။ နှစ်ယောက်သား လက်မြှောက်အရှုံးပေးလုဆဲဆဲတွင်မှ ကံကောင်းထောက်မစွာ အီတလီစိုက်ပျိုးရေး လုပ်ငန်း ရှင်ကြီး ဂျီနိုအီမာရီနှင့် အဆက်အသွယ်ရသည်။ ဂျီနိုသည် စိတ်ကောင်းနှလုံးကောင်းရှိသူဖြစ်ပြီး ဧရာမခြံကြီး နှစ်ခြံကို ပိုင်ထားသူဖြစ်သည်။
တစ်ခြံတွင် မန်နေဂျာလုပ်ဖို့ ကက်နက်ကို အလုပ်ပေးသည်။ မှန်းချက်မကိုက်သဖြင့် စိတ်ဓာတ်ကျနေသော် လည်း အခြားရွေးစရာလမ်းမရှိတော့သဖြင့် ကျွန်မတို့ လက်ခံလိုက်ရတော့သည်။
၁၉၅၀ ပြည့်နှစ်တွင် ကျွန်မနှင့် ကက်နက်တို့နှစ်ယောက် ဘန်နီယိုပြောင်းလာခဲ့ကြရသည်။ ဟက်တာ ၅၀၀ ကျယ်ဝန်း သည့် ဆေးဂန္ဓမာစိုက်ခင်းကြီးဖြစ်သည်။ ဆေးဂန္ဓာမာမှာ မျိုးစုဝင်ပန်းဖြစ်၏။ အဖြူရောင်များပြီး ဒေစီ နှင့် ဆင်သည်။ ပန်းပွင့်မှ အလွန်အားပြင်းသည့် ပိုးသတ်ဆေးထုတ်ယူနိုင်၏။ နို့တိုက် သတ္တ၀ါ များအတွက် အန္တရာယ်မရှိသည့် ပိုးသတ်ဆေးမျိုးဖြစ်သည်။
ပန်းတွေ ပွင့်လာပြီဆိုလျှင် ခူးပြီး သွပ်စကာများဖြင့် အရိပ်ထဲတွင် အခြောက်လှန်းရ၏။ အခြောက်လှန်းဖို့ ဂိုဒေါင်ကြီး တွေရှိသည်။ ပန်းပွင့်တွေ ခြောက်ပြီဆိုလျှင် စက်ရုံသို့ ပို့ပြီး ပိုးသတ်ဆေးလုပ်မည့် ဆေးဂန္ဓမာ တွေ ကို ထုတ်ယူရ၏။
သည်လုပ်ငန်းအတွက် " ကရာနီ "ခေါ် စာရေးတစ်ယောက် ထားပေးသည်။ သူက စာရင်းကိုင်လည်း လုပ် သည်၊ ထုတ်လုပ်မှုအတွက် အလုပ်ကတ်ပြားများဖွင့်ကာ ပစ္စည်းထိန်းလည်းလုပ်သည်။ အလုပ်သမားများကို လည်း ကြီးကြပ်ပေးသည်။
စာရေးကြီး ၏ အမည်မှာ ကလီယိုဖတ်စ် မူဆာဖာရီဖြစ်၏။ မုတ်ဆိတ်ကျင်စွယ်ကို သေသေ သပ်သပ် ရိတ်ထား သည့် လူဝကြီးဖြစ်သည်။ ဘန်နီယိုတွင် သူ့လုပ်သက်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ သူ့ကို အလုပ်သမား တွေက လူမျိုးစု ခေါင်းဆောင် နီးပါး သဘောထားကြ၏။
ချမ်းမြေ့ရိပ်မြုံကလေးဖြစ်ပြီ ဟူသည့် ကျွန်မ၏ မျှော်လင့်ချက်တို့သည် စလယ်ဝင်ဖင်မမည်းခင်က သဲထဲရေ သွန် ဖြစ်ကုန်တော့၏။
ကက်နက် သည် ထိုရက်များတွင် ကျွန်မကို အိမ်တွင် တစ်ယောက်တည်းထားခဲ့ပြီး အမဲလိုက်ထွက်ချင်ထွက်၊ မထွက် လျှင် လုပ်ကွက်ကောင်းကောင်း ထပ်ရှာမည်ဆိုကာ အပြင်သို့ ထွက်နေ၏။ တစ်ခါ တစ်ခါ ရက်ပေါင်း များစွာ ကြာသည်။
ပထမတော့ သည်လိုနေရာတွင် တစ်ယောက်တည်းနေရသည့် အဖြစ်ကို ကျွန်မကြောက်သည်။ အထီးကျန် နိုင်လွန်းသည် ဟုလည်းထင်၏။ နောက်တော့် ကျွန်မ ဆုံးဖြတ်ချက်ချလိုက်သည်။
သည်နေရာ နှင့် ကျွန်မ ခွင်ကျအောင်နေမည်။ သည်ဒေသအကြောင်း ကျွန်မလေ့လာမည်။ ကမ္ဘာသစ်ထဲကို ကျွန်မ တိုးဝင်မည်။
နောက်ပိုင်း တွင် ကလီယိုဖတ်စ်နှင့် လုပ်ငန်းခွင်ထဲကို နေ့စဉ်လိုက်သွားသည်။ တဖြည်းဖြည်းနှင့် သူ့လုပ်ငန်း ကို ကျွန်မ နားလည်လာသည်။
လုပ်ငန်းသဘောကို နားလည်လာသလို မမျှော်လင့်တာတွေ ဖြစ်လာလျှင် ရင်ဆိုင်ပုံရင်ဆိုင်နည်းများကိုပါ ကျွန်မ သိလာ၏။
တစ်ညတွင် ကျွန်မတစ်ယောက်တည်းရှိစဉ် တံခါးထုသံကြားသဖြင့် လန့်နိုးလာသည်။ အလုပ်သမား တစ်ယောက် ကို အထိတ်တလန့်ပုံစံဖြင့် ကျွန်မ တွေ့ရသည်။ ပြင်သစ်စကား မတောက်တခေါက်ဖြင့် သူ့ မိန်းမ အပြင်းအထန်နေမကောင်းဖြစ်နေကြောင်း၊ အသက်ကယ်ပေးပါမည့် မတောက်တခေါက်ဖြင့် သူ့မိန်းမ အပြင်းအထန် နေမကောင်းဖြစ်နေကြောင်၊ အသက်ကယ်ပေးပါမည့်အကြောင်းး ကျွန်မကို ရှိခိုးဦးတင် အကူအညီ တောင်းနေသည်။
ကျွန်မလည်း အထိတ်တလန့်ဖြစ်ကာ ဆေးသေတ္တာဆီ ပြေးသွား၍ အက်စ်ပရင် ဆေးပြား တချို့ နှင့် အရက်ပြန် ပုလင်း ကို ယူလိုက်သည်။ ပြီးတော့ အဒေါ်တွေထည့်ပေးလိုက်သည့် အမိုးနီးယား ရှူဘူးတောင့် ကလေး လည်း ယူခဲ့၏
ဘယ်လို အဖြစ်မျိုးနဲ့များ ရင်ဆိုင်ရမှာပါလိမ့်ဆိုပြီး သူ့နောက်ကို ကြောက်ကြောက်နှင့် လိုက်သွားရပါသည်။ ရေနံဆီ မှန်အိမ်ကလေး မှိတ်တုတ်မှိတ်တုတ်နှင့် ကွင်းထဲကို ဖြတ်လျှောက်သွားကြသည်။ ဟိုယိုင် သည်ယိမ်းဖြင့်။
မိးခိုး တွေ မှောင်နေသည့် တဲတစ်လုံးထဲကို ကျွန်မ ငုံ့ဝင်လိုက်သည်။ ဖျာတစ်ချပ်ပေါ်တွင် မိန်းမတစ်ယောက် မျက်စိမှိတ် ပြီး တအင်းအင်း ညည်းညူနေ၏။ နံဘေးတွင် အိမ်သားတွေ ၀ိုင်းစောင့်နေကြ၏။ ကြက်တွေ၊ ဆိတ်တွေ နှင့် အရောရော အနှောနှော။
အားလုံး၏ မျက်လုံးများ ကျွန်မဆီတွင် စိုက်နေကြ၏။ လူဖြူအမျိုးသမီး တစ်ယောက်ပြမည့် မှော် အတတ်ပညာ ကို သူတို့ မျှော်လင့်နေကြပုံရ၏။
ဘာလုပ်ရမှန်း မသိသဖြင့် အမိုးနီးယားနှာရှူဘူးကို လူနာ၏ နှာခေါင်းဝတွင်တေ့ပြီး အဖုံးကို ဖွင့်ပေးလိုက် သည်။ စူးရှသည့် အနံ့ဖြင့် အငွေ့တွေ တဲတစ်ခုလုံး ပျံ့သွားသည်။ လူတွေရော၊ တိရစ္ဆာန်တွေပါ အလန့် တကြား အော်ဟစ်ကာ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
လူနာ သည် ငေါက်ခနဲထထိုင်ပြီး ချောင်းတဟွတ်ဟွတ် ဆိုးနေ၏။ အသက်ကို မနည်းရှူနေ၏။
ကျွန်မလည်း ဘာဆက်လုပ်ရမှန်းမသိသဖြင့် အိမ်ဘက်ကို ပြန်ပြေးချလာပြီး အိပ်ရာထဲပြန်ဝင်လိုက်သည်။ ထိုအမျိုးသမီး မသေပါစေ နှင့် ဟု တတွတ်တွတ်ဆုတောင်းနေမိ၏။
မနက်အစောကြီး ယောက်ျားလုပ်သူ အိမ်နောက်ဖေးတံခါးဝသို့ ရောက်လာသည်။ အားရပါးရပြုံးပြီး
" ကျွန်တော့် မိန်းမကိုပေးတဲ့ မဒမ်ရဲ့ဆေးဟာ အစွမ်းထက်လှပါတယ်ခင်ဗျာ၊ သူကောင်းကောင်းနေကောင်း သွားပါပြီ၊ အရမ်းကျေးဇူးတင်ပါတယ် " ဟု ဆိုလာသည်။
ဤသို့ဖြင့် ပဉ္စလက် နှာရှူဘူး ကလေး အကြောင်း တစ်ကွင်းလုံး ပျံ့သွားသည်။ နောင်တွင် ကွင်းထဲက အလုပ် သမားမိသားစုတွေ တစ်ခုခုဖြစ်လျှင် ကျွန်မဆီပြေးလာကြတော့၏။ သွားကိုက်လျှင်လည်းလာ၏။ အအေးမိ လျှင်လည်းလာ၏။ ရေနွေးပူလောင်လျှင်လည်းလာ၏။
ဤသို့ဖြင့် လပေါင်းများစွာ ကုန်သွားသည်။ ဘန်နီယိုသည် ကျွန်မအတွက် စိတ်ဝင်စားစရာတွေ ရင်ခုန်ချင် စရာ စွန့်စားခန်း တွေနှင့် ပျော်စရာကြီးဖြစ်နေ၏။ သည်မြေနှင့် သည်မြေပေါ်က လူတွေကို ကျွန်မ သံယောဇဉ် တွယ်စပြုလာပြီ။
သို့သော် ကက်နက် နှင့် ကျွန်မမှာ ပို၍ ပို၍ ကင်းကွာလာပြီး မီးဝေးချိပ်ပမာ ဖြစ်လာခဲ့တော့သည်။
ကျွန်မ တို့ အိမ်ထောင်ရေး တွင် အဆိုးဆုံးအဖြစ်မှာ ကလေးမရခြင်းဖြစ်၏။ ကျွန်မက ကလေးကို အသေအလဲ လိုချင်သည်။ ကက်နက်က လုံးဝ စိတ်မ၀င်စား။ ကျွန်မ၏ အိပ်မက်တွေကို မျှဝေခံစားဖော်မရ။
၁၉၅၃ ခုနှစ်တွင် ဂျီနို က ဥရောပကို ၇ လပြန်အနားယူမည်။
သူ၏ " မူဂွန်ဂို" ခြံအတွက် ကြီးကြပ်ပေးမည့်သူ တစ်ယောက် ရှာနေကြောင်း ကြားရသည်။ " မူဂွန်ဂို" ခြံ သည်လည်း ဘန်နီယိုခြံလိုပင် ဆေးဂန္ဓမာ စိုက်ခင်း ပင်ဖြစ်၏။ ကျွန်မ လုပ်မည်ဟု ကမ်းလှမ်းလိုက်သည်။ ဂျီနို က ၀မ်းသာအားရလက်ခံ၏။ ကက်နက်ဒေါသူပုန်ထပါလေတော့သည်။ သို့သော် ကျွန်မ ဆုံးဖြတ် ပြီးနေပြီ။ ကျွန်မတို့ နှစ်ယောက် အတွက် ရံခါတွင် တခြားစီနေခြင်းက ပိုအကျိုးရှိနိုင်မည် ထင်သည်ဟု ကျွန်မ သူ့ကို အကြောင်းပြခဲ့၏။
------------------------------
ကိုယ့်ခြေထောက်ပေါ်မှကိုယ်
အာဖရိကသည် လွတ်လပ်သောအမျိုးသမီးများ၊ ခွန်အားကြီးမားသည့် အမျိုးသမီး များထွက်သည့် ဒေသ အဖြစ် သမိုင်းအစဉ်အလာ ကြီးခဲ့ပါသည်။ သို့သော် ယင်းတို့အထဲတွင် ကျွန်မ ပါလိမ့်မည်မထင်ပါ။
ဒါလောက် ကြီးမား သည့် လုပ်ငန်းကြီးကို ကျွန်မ တစ်ယောက်တည်း နိုင်ပါမလား။ အလုပ်သမား တွေက ကော အမျိုးသမီးမန်နေဂျာကို လက်ခံကြပါ့မလား။
အလုပ် ကို လက်ခံပြီးသည်အထိ ကျွန်မ ကိုယ်ကျွန်မ စိတ်မချနိုင်သေးပါ။ မူဂွန်ဂိုနှင့် ဘန်နီယို ခြံနှစ်ခြံသည် စိုက်ပျိုးပင်ချင်း တူသော်လည်း သဘာဝချင်းခြားနားသည်။ ဘန်နီယိုက ဝေးလံသီခေါင် ချောင်ကျသော အရပ်ဖြစ်၏။ မူဂွန်ဂိုက ရ၀မ်ဒါ အနောက်မြောက်ပိုင်း၊ လူစည်ကားရာဒေသတွင်ဖြစ်သည်။
လပေါင်းများစွာ ကြာတော့ အလုပ်ခွင်တွင် ကျွန်မ အထာကျသွားသည်။ ကက်နက်က တစ်ခါတလေ လာ လည် ဖော်ရပါ၏။ သို့သော် ကျွန်မတွင် အမြဲအလုပ်ရှုပ်နေသဖြင့် အထီးကျန်ချိန်မရပါ။
ဂျီနို ပြန်ရောက်လာတော့ ကျွန်မ လက်ရာတွေကို ကြည့်ပြီး သဘောကျနေသည်။ သို့သော် သူ ပြန်ရောက် လာ သဖြင့် ကျွန်မလည်း မန်နေဂျာ ဆက်မလုပ်ရတော့ပါ။ အလုပ်ခွင်တွင် ပျော်နေချိန်မှာ ရပ်လိုက်ရသဖြင့် ကျွန်မ စိတ်ပျက်နေမိပါသည်။
၁၉၅၄ ခုနှစ်တွင် ၀မ်းသာစရာသတင်းတစ်ခုကြားရသည်။ ဂျီနို တစ်ယောက် အီတလီ မှာ ပြန်အနားယူတော့ မည်တဲ့။ သူပိုင်မြေ တွေ၊ ခြံတွေအားလုံး ရောင်းခဲ့မည်တဲ့။ ကျွန်မ ယူလျှင် မူဂွန်ဂိုကို သုံးချိုးတစ်ချိုး တန်ဖိုးပဲ ယူမည်တဲ့။
လျှော့ဈေးသည်ပင် ဒေါ်လာ ၁၆၆၀၀ ဖြစ်နေ၍ ကျွန်မ မတတ်နိုင်ကြောင်းပြောတော့ " ၃၅၀၀ ပဲ ကြိုးပေးထား။ ကျန်တာအမြတ်ထဲက ဖဲ့ပေး " ဟု သူက ထပ်လျှော့ပေးပြန်သည်။ စာချုပ်ထဲတွင် ဂျီနိုသည် သုံးပုံတစ်ပုံ ပိုင်ဆိုင်သူ အဖြစ် ထည့်ချုပ်ရသည်။ ကျွန်မ၏ အခြားသော အစုစပ်ကတော့ ကက်နက်ပဲ ဖြစ် ရမည်ပေါ့။ သူလက်ခံပါသည်။ သူ့သဘောကို ကျွန်မ ရိပ်မိပါသည်။ သူနှင့်ကျွန်မသည် တကွဲစီနေကြ သော်လည်း သူကျွန်မကို ဂရုစိုက်နေမြဲပါ။ ကျွန်မကို စောင့်ရှောက်နေမြဲပါဟုသည့်သဘော။
ကျွန်မသည် အစုစပ်ပိုင်ဆိုင်သူ၏ တာဝန်အပြင် စီမံခန့်ခွဲရေးကိုပါ လုံးဝတာဝန်ယူထားရသည်။ ကျွန်မ နစ်နာ သည်မထင်ပါ။ ကျွန်မအတွက် ကျွန်မကိုယ်ပိုင်အလုပ်ရပြီလေ။
ထိုစဉ်က မူဂွန်ဂိုသည် ဟက်တာ ၃၆၀၀ မျှ ကျယ်ဝန်း၏။ တစ်ဝက်လောက်ကို ဂန္ဓမာဝိုင်းချည်းချထား၏။ ကျွန်မ ၏ အလုပ်ချိန်မှာ မနက်မိုးလင်းမှ ညနေမိုးစုပ်စုပ်ချုပ်သည်အထိ ဖြစ်သည်။
မူဂွန်ဂို တွင် ကျွန်မ ရင်ဆိုင်ရသည့် ပထမဆုံးပြဿနာမှာ အနီးအနား တစ်ဝိုက်မှ ဧရာမဆင်အုပ်ကြီးဖြစ်၏။ သူတို့သည် မကြာခဏ တောနက်ထဲမှ ထွက်လာပြီး စိုက်ခင်းသီးနှံများကို စားသောက်လေ့ရှိကြ၏။ ပဲမျိုးစုံ၊ ကန်ဇွန်း နှင့် ပြောင်းဖူးမှာ သူတို့ အကြိုက်ဆုံးသီးနှံများဖြစ်ကြ၏။
ကျွန်မအတွက် ပြဿနာဆိုသည်မှာ အခြားမဟုတ်ပါ။ ဆေးဂန္ဓမာအမြစ်သည် ဘယ်အသီးအနှံနှင့်မျှမတူ အောင် သူတို့အတွက် အရသာရှိနေခြင်းဖြစ်၏။ ဆင်အုပ်ကြီးသည် ကျွန်မ စိုက်ခင်းတွေထဲကို ညစဉ် ပျော်ပွဲ စား ၀င်နေတော့သည်။
အခင်းပတ်ပတ်လည်မြောင်းတူးပြီး စိုက်ကွင်းနှင့် တောစပ်ကိုစည်းတားထားဖို့ ကက်နက်က အကြံပေးသည်။ ၂ မီတာ အနက် ၊ ၁ မီတာခွဲ အကျယ်၊ ၁ ကီလိုမီတာခွဲအရှည် ကျင်းတူးရသည်မှာ လွယ်သည့် ကိစ္စမဟုတ်ပါ။ လပေါင်းများစွာ ကြာအောင် ကျွန်မ လုပ်ယူရသည်။ တူးမြောင်းပတ်ပတ်လည် တွင် ခြံစည်းရိုး အခိုင်အခန့် ကာထားသေး၏။ ပြီးတော့ သံဆူးကြိုး နှစ်ထပ် ကာလိုက်သေးသည်။
သည့်ထက် ခိုင်ခန့်သည့် စည်းရိုးမျိုးမရှိနိုင်တော့ပြီ။ သို့သော် လုံးဝအလုပ်မဖြစ်ပါ။ ဆင်ဆိုသည့် သတ္တ၀ါ အတွက် ကျွန်မ၏ ခြံစည်းရိုးသည် ရယ်စရာဖြစ်နေပါလိမ့်မည်။
တူးမြောင်းကို သူတို့က ထပ်တူးသည်။ ပြီးတော့ လျှိုဝင်သည်။ ပြီးတော့ ကုန်းထသည်။ ပြီးတော့ ၂ မီတာ အနက် ကို ဖက်တက်သည်။
ကျွန်မ အားမလျှော့ပါ။ တောစပ်နှင့် အနီးဆုံးနေရာများတွင် လင့်စင်တွေထိုးပြီး ညစောင့်တွေချလိုက်သည်။
အမြီး တယမ်းယမ်း နှင့် ဆင်အုပ် သည် တစ်နေ့တခြား အတင့်ရဲကာ မနက်မိုးလင်းသည်နှင့် စိုက်ခင်းထဲသို့ အတင်း တိုးဝင်ကြတော့သည်။
သေသေချာချာလေ့လာချင်သဖြင့် တစ်ညတွင် အစောင့်တဲ တစ်လုံးဆီကို ကျွန်မရောက်သွားသည်။ အစောင့် တွေ အားလုံး အံ့သြနေကြ၏။
အစောင့် တဲ များထဲမှ သံပုံးတီးသံတွေ တပြိုင်တည်း ဆူဆူညံညံထွက်ပေါ်လာသည်။ အတော်ညဥ့်နက်တော့ ညစောင့် ခေါင်းဆောင် ကျွန်မရှိရာကို ရောက်လာပြီး မောကြီးပန်းကြီးပြောသည်။
" မဒမ် သူတို့ အထဲရောက်နေပြီခင်ဗျ၊ မြန်မြန် မြန်မြန် လာကြည့်ပါ "
ရင်တထိတ်ထိတ်ဖြင့် ကျွန်မတို့ နှစ်ယောက် လေတင်ဘက်က တိတ်တိတ်ကလေးလျှောက်သွားကြသည်။ ဆင်နှစ်ကောင် သည် ဆေးဂန္ဓမာ တွေကို အားရပါးရလွေးနေကြ၏။
အစောင့် တစ်ယောက် က ဆီပုံးခွံကြီးကို တအားထုပြီး တစ်ယောက်က သေနတ်ကို ထိပ်ဖူးမပါသည့် ယမ်းတောင့် ဖြင့် မိုးပေါ်ထောင်ပစ်သည်။
ဤတွင်မှ ဆင်နှစ်ကောင် လန့်ပြီး ကွင်းထဲဖြတ်ပြေးကာ မြောင်းထဲဆင်းသွာားကသည်။ သူတို့ ထွက်သွားပုံ မှာ မျက်စိနှင့် မြင်၍သာ ယုံနိုင်ခြင်းဖြစ်ပါ၏။ မြောင်းသည်ဘက်အစပ်မှ ဟိုဘက်အစပ်ကို တက်ပြီး သံဆူးကြိုး တွေအောက်ကို လျှိုဝင်သွားပုံမှာ သူတို့ ခန္ဓာကိုယ်ကြီးတွေနှင့် မလိုက်အောင် ပျော့ပျောင်းလှ သည်။ မြန်ဆန်လှသည်။ ပြီးတော့ ဖြုတ်ခနဲတောထဲသို့ ၀င်ရောက်ပျောက်ကွယ်သွား၏။
သူတို့ နှင့် တိုက်ပွဲတွင် ကမန်မဘယ်တော့မှ မနိုင်နိုင်ပါ။ အမှန်အတိုင်း ၀န်ခံရလျှင် အခြားနည်းလည်း ကျွန်မ မစဉ်းစား တတ်ပါ။
ဝမ်းနည်းစရာကောင်းသည်မှာ တဖြည်းဖြည်း တိုးချဲ့လာနေသော စိုက်ပျိုးမြေတွေ၊ စားကျက်မြေများအတွက် သစ်တောများကို ခုတ်လှဲနေကြခြင်းဖြစ်၏။ ၁၉၇၅ ခုနှစ် ၀န်းကျင်တွင် တရားမ၀င် အမဲလိုက်မုဆိုးများ တိုးပွား လာသည့်အပြင် ဆင်တွေ အိမ်နီးနားချင်း ဇိုင်ယာနိုင်ငံဘက်ကို ကူးသွားကြသဖြင့် ၁၉၈၀ ပြည့် နှစ်ပိုင်းတွင် ဆင်ဆိုသော သတ္တ၀ါသည် ရ၀မ်ဒါတွင် ရှားပါးပစ္စည်းဖြစ်သွား တော့သည်။
-------------------------------
ဆက်ရန်
.
1 comment:
စိတ်ဝင်စားဖို့တော်တော်ကောင်းတယ်
ဒီထဲက အမျိုးသမီးကို အားကျတယ်..
Post a Comment