ထိုအခိုက် မောင်စိန်းမောင် ပြန်လာသည့်အတွက် နှစ်ယောက်စလုံး စကားပြတ်သွားကြသည်။
" သြော် ... ကြင်ကြင် ရောက်နေသလား၊ ကျွန်တော်လည်း ကိစ္စတစ်ခုကြောင့် အိမ်က ထွက်သွားခဲ့တာ အခု မှ ပြန်ရောက်လာတယ် "
ခရီး ရောက်မဆိုက် ကိုစိန်းမောင်က ကြင်ကြင်ကို နှုတ်ဆက်လိုက်သည်။ ထို နှုတ်ဆက်လိုက်သည့် စကား ကပင် ကြင်ကြင်ကို ကြီးစွာသော မကျေနပ်ခြင်းဖြစ်လိုက်သည်။
တကယ်ဆိုလျှင် မောင်စိန်းမောင်သည် လူကြီးတွေ သဘောတူပြီးသည် ဇနီးလောင်းကို နှုတ်ဆက် စကား ပြောရာ မှာ ကြင်နာယုယသည့် အမူအရာကို ပြည့်ဝစွာ ပြသင့်သည်။ သုံးနှုန်းသည့် စကားလုံးကလည်း သူစိမ်း မဆန်သင့်။
ယခုမူ မောင်စိန်းမောင် နှုတ်ဆက်လိုက်သည့် အမူအရာသည် သူမရှိခိုက် ရောက်လာသည့် သာမန် ဧည့်သည် ရိုးရိုး ကို နှုတ်ဆက်သည့် အမူအရာသာ ဖြစ်သည်။ သုံးနှုန်းသည့် စကားလုံးကိုလည်း ကြည့်ပါဦး။ ကြင်ကြင် တဲ့၊ ကျွန်တော် တဲ့။ ကြင်ကြင် သုံးစေချင်သည့် စကားလုံးနှင့် အပြောအဆိုက -
" ကြင် ရောက်နေတာ ကြာပြီလား၊ ကိုယ်လည်း မြန်မြန် ပြန်မယ်လို့ပဲ ကြင်ရယ်၊ ကြင်လာမယ်မှန်း မသိလို့။ သိရင် ကိုယ်မသွားဘဲ စောင့်နေမှာ ကြင်ရဲ့ "
ဤ အတိုင်း ဖြစ်စေချင်သည်။ သို့သော် မဖြစ်။
ထို့အပြင် မောင်စိန်းမောင်သည် သူ ဘယ်ကို ဘာကိစ္စကြောင့် သွားသည်ကို မပြော။
" ဟုတ်ကဲ့ ကြင်ကြင် ရောက်နေတာ ကြာပါပြီ။ အိမ်ရှင်များက စကားမပြောချင်လို့ ရှောင်ထွက် သွားတော့ ဧည့်သည် အချင်းချင်း ပဲ စကားပြောလိုက်ရတာပေါ့ ကိုစိန်းမောင်ရယ် "
ကြင်ကြင်က ထေ့သံ၊ ငေါ့သံဖြင့် ပြန်ကြားလိုက်သည်။
ကိုမျိုးနှစ်ကမူ နှစ်လိုဖွယ်သော အပြုံးဖြင့် ...
" ကိုစိန်းမောင်မရှိခိုက် မကြင်ကြင် ရောက်လာတော့ ကျွန်တော်ကပဲ ဧည့်ခံစကားပြောထားပါတယ် ကိုစိန်းမောင် "
ဟု သာယာချေငံစွာ ပြောသည်။ ထိုအခါမှာ မောင်စိန်းမောင်က သူသွားခဲ့ရသည့်ကိစ္စကို ပြောပြ သည်။
" ကျေးဇူးတင်ပါတယ် ကိုမျိုးနှစ်၊ ကျွန်တော်ကလည်း မသွားမဖြစ်တဲ့ ကိစ္စရှိလို့လေ၊ ဟိုဘက်ရွာက တော်တော်လေး အလှမ်းဝေးတော့ နေထိုင်မကောင်းဖြစ်ကြရင် ရုတ်တရက် ဒီရွာကိုလာဖို့ နည်းနည်း ကြာမယ်၊ ဒါကြောင့် သူတို့ရွာမှာ ဆေးကုခန်းလေးတစ်ခု ဖွင့်ချင်တယ်ပြောလို့ ကျွန်တော်နဲ့ ဆရာမ မခင်ရွှေ ကို နှစ်ယောက်စလုံးလာဖို့ ဖိတ်တာပဲ။ ဆရာမက မလိုက်နိုင်လို့ ကျွန်တော် တစ်ယောက်တည်း သွားရတာ၊ အခု ဟိုဘက်ရွာမှာ ဘယ်လို စီစဉ်ခဲ့တယ်ဆိုတာ ဆရာမ မခင်ရွှေကို သွားပြောရဦးမယ်။ ဒီကိစ္စက မြန်မြန်လေး ဆောင်ရွက်မှ သင့်မျာ၊ အသက်အန္တ ရာယ် ကာကွယ်ရေး ဟုတ်လား။ ဆရာမ မခင်ရွှေရဲ့ အကြံဥာဏ် နဲ့ အကူအညီ အများကြီး လိုပါတယ်။ ဒီရွကြိုလည်း သူပဲ စတင်ပျိုးထောင်ခဲ့တာဆိုတော့ ဆရာမ ရဲ့ စီစဉ်ညွှန်ကြားချက်၊ အကြံပေးချက်က အဓိကဖြစ်နေတယ်လေ
မောင်စိန်းမောင်က လေရှည်ကြီး အားရပါးရ ပြောနေသည့် စကားများသည် ကြင်ကြင့်အဖို့ နားထဲမှာ သံတံကျင် သွင်းနေသလို ခံစားရသည်။
အေးစက် တင်းမာနေသော မျက်လုံးဖြင့် မောင်စိန်းမောင်ကို စေ့စေ့ကြည့်နေသည်။ သို့သော် မောင်စိန်းမောင် ကား ကြင်ကြင်ကို စေ့စေ့ကြည့်နေသည် မဟုတ်သောကြောင့် ကြင်ကြင်၏ မျက်လုံးကို သတိ မထားမိ။ ကိုမျိုးနှစ်ကမူ ကောင်းကောင်း သတိထားလိုက်မိသည်... ကိုစိန်းမောင်က ဆက်ပြောသည်။
" တစ်ပတ်အတွင်း ဆေးခန်းဖြစ်ဖို့ ဆောင်ရွက်ပေးရမယ်။ ကြင်ကြင်၊ အဆောက်အအုံ နေရာကတော့ ရှိနေ ပါတယ်။ ပစ္စည်းကိရိယာအတွက် ပြည့်စုံအောင် ကူညီပေးရမှာ။ အခုဆိုရင် လကုန်ဖို့ သုံးရက်လောက်ပဲ လိုတော့တယ်။ ဆရာမ မခင်ရွှေက မြို့ကို အလုပ်ကိစ္စနဲ့ သွားစရာရှိနေတယ်လို့ သိရတယ်။ သူ မြို့အသွား မှာ ကူညီသင့်တဲ့ ကိရိယာပစ္စည်းတွေကို ပြည့်စုံ အောင် တစ်လက်စတည်း ဆောင်ရွက်ရမယ်လေ။ ဒါကြောင့် ဟိုဘက်ရွာ က ရွာလူကြီးနှစ်ဦးနဲ့ ကျွန်တော်က ကျွန်တော့် မော်တော်ကားနဲ့ လိုအပ်တာတွေကို တိုင်ပင် စုဆောင်းဝယ်ခြမ်းရမယ်။ လိုအပ်တဲ့ပစ္စည်းတွေ စာရင်းဇယားလုပ်ဖို့ ဆရာမနဲ့ တိုင်ပင် ရေးမှတ်ရဦးမယ်။ ဒါကြောင့် ဆရာမ မခင်ရွှေဆီကို အခု သွားရဦးမယ်။ ကြင်ကြင်ကော ကျွန်တော်နဲ့ ရွာထဲ ပြန်လိုက်ခဲ့ပါလား"
မောင်စိန်းမောင်က အများကောင်းကျိုး ဆောင်ရွက်ရမည်ကြောင့် အားပါးတရ ပြောနေသည်။ ကိုမျိုးနှစ်က ကြင်ကြင် မျက်နှာကို မသိမသာ လှမ်းကြည့်သည်။ ကြင်ကြင် မျက်နှာထားက တည်နေ သည်။ တင်းနေ သည်။
မောင်စိန်းမောင် က သူ့ကို သူစိမ်းပြင်ပြင် ဆက်ဆံသလို၊ သူကလည်း မောင်စိန်းမောင်ကို လက်စား ချေချင် လာသည်။ ထို့ကြောင့် ...
" မလိုက်ပါဘူးရှင်၊ ရှင့်ဆရာမနဲ့ လွတ်လွတ်ကျွတ်ကျွတ်သာ အားပါးတရ စကားသွားပြောကြပါ။ ကြင်ကြင်နဲ့ တွဲပြီး သွားလာတာ ကို ရှင့်ဆရာမမြင်ရင် ကြင်ကြင့်ကို ရန်မူနေပါဦးမယ် "
ဟု ဒေါသ အလျောက် ပြောလိုက်သောအခါ မောင်စိန်းမောင်မျက်နှာသည် ပန်းသွေးရောင် သန်းသွားသည်။
" ဘယ်လို ပြောလိုက်တာလဲ ကြင်ကြင်ရယ်၊ ဆရာမ မခင်ရွှေ စိတ်စေတနာ ဘယ်လို ဖြူစင်တယ် ဆိုတာကို ကြင်ကြင်သာ မသိတာ၊ တစ်ရွာလုံးသိနေကြပါတယ်၊ ကြင်ကြင်ပြောတဲ့ စကားကို ဆရာမကြားရင် အားနာ စရာ ကောင်းလှပါတယ်"
မောင်စိန်းမောင် အသံက စိတ်ဆိုးသံ ဒေါသသံ မပါသော်လည်း ပြောသည့် စကားအဓိပ္ပာယ်က ကြင်ကြင်ကို အပြစ်တင်သည့် သဘောမျိုးဖြစ်သည်။ ထိုစကားကြောင့်ပင် ကြင်ကြင်က ပိုပြီး နာကြည်းသွားသည်။
" ဟုတ်ကဲ့ ရှင့်ဆရာမ စိတ်သဘောထား အင်မတန် မြင့်မြတ်ဖြူစင်တယ်လို့ပဲ ထားပါတော့၊ ရှင့်စိတ် သဘောထားကကော ဆရာမ အပေါ်မှာ အစွန်းထင်နေတယ် ဟုတ်လား "
ကြင်ကြင်၏ ချက်ကျသော စကားကြောင့် မောင်စိန်းမောင်၏ ပန်းသွေးရောင် ဖျန်းနေသည့် မျက်နှာ သည် ညိုရောင်သန်းသွားသည်။
" ကြင်ကြင်ရယ် အကျယ်အကျယ် မငြိမ်းဖွယ် စကားတွေ မပြောပါနဲ့။ ကျွန်တော်နဲ့ ဆရာမ မခင်ရွှေ တစ်ယောက် နဲ့ တစ်ယောက် သမီးရည်းစားလုံးဝမဖြစ်ဘူး။ ပြောဆိုနေတဲ့ စကားတွေကလည်း ရပ်ရွာ ကောင်းမွန်ရေး ကိစ္စတွေပဲ။ ဒါကို ကြင်ကြင်က မဆင်မခြင်ဘဲ သက်သက်မဲ့ စွပ်စွဲနေတာတော့ မကောင်းဘူး။ မခင်ရွှေဟာ ရေပြာအိုင်တစ်ရွာလုံးကို ကျေးဇူးပြုထားတဲ့ ကျောင်း ဆရာမတစ်ယောက်။ သူ့ရဲ့ မွန်မြတ် ဖြူစင် တဲ့ စေတနာကို လေးစား မြတ်နိုးရမယ်။
သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို နေရာထား ရိုသေရမယ်ဆိုတာကို လူမမည် ကျောင်းသား လေး တွေက အစ သက်ကြီးရွယ်အိုအဆုံး ရေပြာအိုင် တစ်ရွာလုံးရော ရွာနီးချုပ်စပ်ရော အားလုံး သိကြပါတယ်။ ရွာခံဖြစ်တဲ့ ကြင်ကြင်က အခုလို ပုတ်ခတ်ပြောဆိုနေတာဟာ ကြင်ကြင်ရဲ့ အတွင်းသဘော ဘယ်လိုဆိုတာ ဖွင့်ပြသလို ဖြစ်နေပါတယ်။ ကဲ ကျွန်တော်နဲ့ ရွာထဲ ပြန်လိုက်ရင်လိုက်၊ မလိုက်ချင်သေးရင်လည်း ကိုမျိုးနှစ်နဲ့ စကားပြော ရစ်ကြ။ ကျွန်တော်ကတော့ အချိန်ကုန်ခံလို့မဖြစ်ဘူး။ ဆရာမဆီကို ပြောဆို တိုင်ပင်စရာကို သွားပြောရ တိုင်ပင်ရဦးမယ် "
မောင်စိန်းမောင်က ဒေါသအသံမပါအောင် အထူးသတိထားပြီး လေသံ မှန်မှန်အေးအေးဖြင့် ပြောလိုက်သည်။
သို့သော် ထိုစကားတွေက ကြင်ကြင်၏ ခံပြင်းစိတ်၊ ၀န်တိုစိတ်၊ ဒေါသစိတ်တွေကို အမြင့်ဆုံးရောက် အောင် ဆွပေးလိုက်သလို ဖြစ်သွားသည်။
" ရှင် ဘာကိုဆိုလိုတာလဲ ဟင် ...၊ ရှင့်ဆရာမရဲ့ ကျေးဇူးတော် ဂုဏ်တော်အနန္တကို သူငယ်နှပ်စား လေးတွေကတောင် သိပါရက်နဲ့ ကြင်ကြင်က အခုလိုပြောနေတာ ကြင်ကြင် သဘောထားယုတ်တယ်လို့ ဆိုလိုတာ ဟုတ်လား။ ရှင့်ဆရာမကို ထိရင် ဆတ်ဆတ်ခါအောင် နာတဲ့ အခြေအနေကို ရောက်နေပြီလား ကိုစိန်းမောင် "
ကြင်ကြင်က အံကြိတ်ပြီး မောင်စိန်းမောင်ကို ခက်ထန်တင်းမာစွာ ပြောလိုက်သည်။
မောင်စိန်းမောင်သည် ဘာစကားမျှ ဆက်မပြောတော့ချေ။ ဆက်ပြောနေလျှင် ကြင်ကြင်ကို မည်သို့မျှ ထိန်းချုပ်မရတော့ဘဲ ဆိုးသည်ထက် ဆိုးအောင် ပြုလုပ်နေသလို ဖြစ်နေမည်။ နောက် တစ်ချက်ကလည်း တစ်ရပ်တစ်ရွာက ရောက်လာသော သူစိမ်းဧည့်သည် ကိုမျိုးနှစ်ရှေ့မှာ ရန်ဖြစ် နေရမည့် အလုပ်သည် မည်သို့မျှ မသင့်လျော်ကြောင်း စဉ်းစားမိသည်။
ထို့ကြောင့် ဘာမျှမဖြစ်သလို မျက်နှာနှင့် အသံကို ကြည်ကြည်လင်လင်ထားကာ ...
" ကဲ ကျွန်တော် တောင်းပန်ပါတယ် ကြင်ကြင်ရယ်၊ လာ ရွာထဲကို ပြန်ကြစို့ "
ဟု မောင်စိန်းမောင်က တောင်းပန်ပြောလိုက်သည်။
" မလိုက်ဘူး၊ ရှင့်ဘာသာ လွတ်လွတ်လပ်လပ်သွား "
ကြင်ကြင် ခပ်ကျယ်ကျယ် ပြန်အော်လိုက်သည့်အတွက် ...
" သူ့စိတ် အေးချမ်းသွားအောင် စိတ်ပြေအောင် စကားပြောလိုက်ပါဦး ကိုမျိုးနှစ်၊ ဆရာမဆီကို ကျွန်တော် အကျိုးအကြောင်း သွားပြောလိုက်ဦးမယ် "
ဟု ပြောပြောဆိုဆို မောင်စိန်းမောင်က အိမ်မှ ထွက်လာခဲ့သည်။
မောင်စိန်းမောင် ခြံကြီးနယ်နိမိတ် အပြင်ဘက်ကို ရောက်သွားသည်ဆိုလျှင်ပင် ကိုမျိုးနှစ်က ဒေါသ မျက်ရည်ပူတွေ ဖြိုင်ဖြိုင်ကျနေသော ကြင်ကြင်အနားမှာ အသားချင်းထိလုမျှ ကပ်ထိုင်လိုက်သည်။ ထို့နောက် ကြင်ကြင်ကို ယုယကြင်နာစွာ ပြောလိုက်သည်။
" ကိုစိန်းမောင်ကလည်း ခက်တော့တာပဲ မကြင်ကြင်၊ တကယ်ဆို ဒီဆရာမကြောင့် မကြင်ကြင် စိတ်မချမ်းသာ ဖြစ်နေတာကို ဆရာမဆီကို သွားမယ်လို့ ပြောင်ပြောင်ပြောပြီး မကြင်ကြင်ကို လှည့်မကြည့် ဘဲ ထွက်သွားတာတော့ ရက်စက်လွန်းပါတယ်။ ဒီအကြောင်းကို ဆရာမသိရရင် ဘယ်လောက် ၀မ်းသာ လိုက်မလဲနော်"
မီးလောင်ရာလေပင့်လိုက်သော ကိုမျိုးနှစ် စကားကြောင့် ကြင်ကြင်သည် အသံမထွက်ဘဲ မျက်ရည် ကျနေရာမှ အသံထွက်အောင်ပင် ငိုလိုက်သည်။ သူ့အနားမှာ အသားချင်း ထိလုမျှကပ်ထိုင်နေသော ကိုမျိုးနှစ်ကို ရှောင်ဖယ်မသွားဘဲ ထိုင်မြဲထိုင် နေရာမှ ကိုယ်လုံးကို သိမ့်သိမ့် တုန်အောင် ငိုရှိုက်လိုက်သောအခါ ကြင်ကြင်၏ ပခုံးနှင့် ကိုမျိုးနှစ်၏ ကိုယ်လုံးတို့ ထိခိုက်မိသည်။
အလိုက်သိလွန်းသော တပည့်ကျော် မောင်တင့်က ကြင်ကြင်နှင့် ကိုမျိုးနှစ်တို့ရှိနေသည့် ဧည့်ခန်းထဲသို့ မည်သူမျှ ရုတ်တရက် မ၀င်နိုင်အောင် သတရှီစွာဖြင့် တံခါးစောင့်အမှုတော်ကို သစ္စာရှိစွာ ထမ်းဆောင် နေသည်။
ကြင်ကြင်၏ အမူအရာကို အကဲခတ်ပြီး အကင်းပါးလွန်းသော ကိုမျိုးနှစ်သည် ကြင်ကြင်၏ လှပသော မျက်လုံးမှ ပုလဲတစ်လုံး ရွဲတစ်လုံးကျလာသော မျက်ရည်တွေကို သုတ်ပေးလိုက်သည်။
" တိတ်ပါ ကြင်ရယ်၊ ကြင်ငိုနေတာမြင်ရတော့ ကိုယ့်ရင်ထဲမှာ မချိလွန်းလို့ပါ"
ကြင်ကြင်သည် ယုယစွာ မျက်ရည်သုတ်ပေးနေသော ကိုမျိုးနှစ်မျက်နှာကို မော်ကြည့်လိုက်သည်။ သူ အသက်တမျှ ချစ်မြတ်နိုးလွန်းသော ကိုစိန်းမောင်၊ သူ နှစ်ရှည်လများ ကြီးမားသော မျှော်လင့်ချက်ကြီးဖြင့် စောင့်နေခဲ့ရသော ကိုစိန်းမောင်၊ မခင်ရွှေနှင့် သူ့ကို မည်သည့်အခါမျှ နှိုင်းယှဉ်ပြောလိမ့်မည်ဟု မထင် ခဲ့ သော ကိုစိန်းမောင်၊ သူစိတ်ဆိုးလျှင် သူ့ကို ယုယကြင်နာစွာ ချော့မော့ နှစ်သိမ့်လိမ့်မည်ဟု ထင်ခဲ့သော ကိုစိန်းမောင်။
ထို ကိုစိန်းမောင်သည် ယခု သူစိမ်းဧည့်သည် ကိုမျိုးနှစ်ရှေ့မှာ သူ့ကို ပြောင်ပြောင်ကြီး စိမ်းကားစွာ ပြောဆိုကာ ဧည့်သည် သူစိမ်းနှင့်သာထားခဲ့ပြီး ပစ်ပစ်ခါခါ ထွက်ခွာသွားသည့်အတွက် ကြင်ကြင် ရှက်လွန်းနာကြည်းလွန်းသည်။ သူ အသက်တမျှ ချစ်သော ကိုစိန်းမောင်၏ ယုယကြင်နာမှုကို မခံရသောအခါ သူ့ကို ယုယကြင်နာစွာ နှစ်သိမ့်နေသော ကိုမျိုးနှစ်ကို အားကိုးကြည်ညိုသောစိတ်ဖြင့် မော်ကြည့် လိုက်ခြင်းဖြစ်သည်။
ကိုစိန်းမောင်ထက် သာလွန်ချောမောသော ရုပ်ရည်ဖြင့် နှစ်လိုချစ်စဖွယ် ပြောဆိုဆက်ဆံသော ကိုမျိုးနှစ်၊ ကြင်ကြင်ကို တွေ့ဆုံသည့် အခါတိုင်း အကြိုက်ကိုသာ လိုက်လျောပြီး စိတ်ချမ်းသာအောင် ပြောဆိုတတ်သော ကိုမျိုးနှစ်၊ သူ ၀မ်းနည်းအားငယ်နေသည့် အချိန်မှာ သူ့ကို ယုယကြင်နာစွာ နှစ်သိမ့် နေသော ကိုမျိုးနှစ်ကို မော်ကြည့်နေသော ကြင်ကြင်သည် သူ့ကို ရွှန်းလဲ့ တောက်ပသော မျက်လုံးဖြင့် ကြီးမားသော ချစ်ခင်ကြင်နာခြင်းကိုပြကာ စူးစူးစိုက်စိုက် ကြည့်နေသော ကိုမျိုးနှစ်၏ မျက်လုံးအဓိပ္ပာယ်ကို ကြင်ကြင် ကောင်းစွာ သိလိုက်လေပြီ။
ကိုစိန်းမောင်ထံမှ သူလိုချင်သော ယုယကြင်နာမှု၊ ချစ်ခင်မြတ်နိုးမှုတွေသည် ကိုစိန်းမောင်ထံမှ လုံးဝမရဘဲ ချောမောလှပသော ကိုမျိုးနှစ်ထံမှ သူရလေပြီ။ နာကြည်းစိတ်၊ ၀န်တိုစိတ်၊ အရွဲ့တိုက်ချင်စိတ်တို့ ရာနှုန်းပြည့် ဖြစ်နေသော ကြင်ကြင်၏ အမူအရာကို သံသယကင်းစွာ သိလိုက်သော ကိုမျိုးနှစ်ကား ကြင်ကြင် ကို သူ့စက်ကွင်းထဲသို့ ဆွဲသွင်းလိုက်သည့်အရေးသည် လုံးဝ ခက်ခဲထစ်ငေါ့မရှိဘဲ တိုတောင်း လှသော အချိန်လေးအတွင်းမှာ အောင်မြင်သွားလေသည်။
ကြင်ကြင်သည် မောင်စိန်းမောင်ကြောင့် ၀မ်းနည်းပူဆွေးခြင်းမဖြစ်တော့ချေ။ သူ့အသည်းနှလုံးတွင် ကိုစိန်းမောင် မရှိတော့ဘဲ ကိုမျိုးနှစ်က နေရာဝင်ယူလိုက်လေပြီ။ သို့သော် သူ နှစ်ရှည်လများ မြတ်နိုး ချစ်ခင်စွာ စောင့်မျှော်နေသူကို လက်လွတ်ဆုံးရှုံးခံလိုက်ရသည့်အတွက် မခင်ရွှေကို လက်စားချေ လိုသည့် စိတ်ကား လျော့ပါးမသွားဘဲ အငြိုးကြီးမြဲတိုင်းကြီးနေသည်။
ကိုမျိုးနှစ် အကြောင်းကို မေးမြန်းစဉ်က ကိုစိန်းမောင်က ပြောခဲ့ဖူးသည်။
" ကျွန်တော်က ရေပြာအိုင်ကို ပြန်မလာခင်က မေမေ ဖေဖေတို့နဲ့ပါ ကိုမျိုးနှစ်က ခင်လာခဲ့တယ်။ ပစ္စည်းချမ်းသာတယ်။ ပညာက ဘွဲ့တော့မရခဲ့ဘူး။ ဒါပေမယ့် တက္ကသိုလ် ကျောင်းထွက်ပဲ။ သိခဲ့သလောက်တော့ အဲဒီအချိန်က သူ လူပျိုပဲရှိသေးတယ်။ အခုလည်း တပည့်တစ်ယောက်နဲ့ အလည် ရောက်လာတာ၊ အေးအေးဆေးဆေး နေပုံကိုထောက်ပြီး လက်မထပ်သေးဘူးလားလို့ မေးတော့ ကြိုက်တဲ့ မိန်းမ မတွေ့သေးဘူးလို့ ပြောတာပဲ ကြင်ကြင် "
ဟူသော ကိုစိန်းမောင် ပြောခဲ့ဖူးသည့် စကားကို ကြင်ကြင်က သတိရသည်။ ထို့ကြောင့် -
" သူအင်မတန် တန်ဖိုးထားမြတ်နိုးနေတဲ့ မခင်ရွှေကို သူ ကိုယ်တိုင်ရော တစ်ရွာလုံးကရော အော့နှလုံးနာ ရွံရှာ စက်ဆုပ် တဲ့ အဖြစ်မျိုးနဲ့ ရေပြာအိုင်ရွာက မောင်းထုတ်လိုက်မှ သူ နောင်တရမယ်။ ဒီတော့မှ ငါ့ကို လက်ထပ်ဖို့ ပြောလာမယ်။ အဲဒီအချိန်မှာ ငါက သူ့ကို လုံးဝ အရေးမစိုက်ဘဲ ကိုမျိုးနှစ်နဲ့ တင့်တင့်တယ်တယ် ခမ်းခမ်း နားနား လက်ထပ်လိုက်မယ်။ ဒါမှ သူ အသည်းကွဲမှာ၊ ကိုယ်ချင်းစာတတ်သွားမှာ၊ သိကြရောပေါ့ ကိုစိန်းမောင် ရယ်"
ကြင်ကြင် က စိတ်ထဲက ကြိမ်းလိုက်သည်။
ကိုမျိုးနှစ် မေတ္တာကို သူလက်ခံလိုက်ပြီး သူ့ကို မိသားဖသားပီပီ တင့်တယ်စွာ လက်ထပ်ရန် ပြော သောအခါ ကိုမျိုးနှစ်က ...
" စိတ်ချပါ ကြင်ရယ်၊ ကိုယ့်မိဘတွေကို ပြန်ခေါ်လာပြီး ကြင်စိတ်တိုင်းကျ စီစဉ်လက်ထပ်မယ်။ ကိုယ့်မိဘတွေပါ ကိုယ်နဲ့အတူ ဒီရွာမှာပဲ အခြေစိုက်နေကြမယ်။ သားသမီးဆိုလို့ ကိုယ်တစ်ယောက်တည်း ရှိတော့ မိဘတွေကလည်း ကိုယ်နဲ့ မခွဲဘူးလေ။ မိသားစုနှစ်စု စည်းစည်း ရုံးရုံးနဲ့ ဘယ်လောက် ပျော်စရာ ကောင်းလိုက် မလဲ"
ဟူသော ကတိစကားကို ကိုမျိုးနှစ်က အခိုင်အမာ ပေးသည်။ ကြင်ကြင် ၀မ်းသာလိုက်သည်မှာ ပြောဖွယ် မရှိ တော့ချေ။ ကိုစိန်းမောင် ထက်သာသည့် ရုပ်ရည်ချောမောလှပသည့် မြို့ကြီးသားနှင့် အတူ ကိုယ့်ရပ်ရွာမှာ ဥမကွဲ သိုက်မပျက် နေထိုင်ရမည်ဆိုတော့ ကြင်ကြင် ၀မ်းသာသည်မှာ သာထိုက်ပါပေသည်။
ကိုမျိုးနှစ် က ကြင်ကြင်ကို အနူးအညွတ် ပန်ကြား၏။
" ကိုယ်က ကိုစိန်းမောင်တစ်ယောက်နဲ့သာ ကျွမ်းထားတော့ ရွာထဲကို အလာအသွားနည်းတယ် ကြင်။ နောက်ပြီး မခင်ရွှေကိစ္စ မအောင်မြင်ခင်မှာ ကိုယ်နဲ့ ကြင်တို့ကိစ္စကို လူသိမခံစေချင်ဘူး။ အထူးသဖြင့် ကျောင်းဆရာမ မခင်ရွှေ မသိစေဖို့ အရေးကြီးတယ် "
" ဘာကြောင့်လဲ ကိုမျိုး"
ဟု ကြင်ကြင်က ပြန်မေးသည်။
" တစ်ရွာလုံးက ကျောင်းဆရာမ မခင်ရွှေ သြဇာခံနေကြတယ်ဟုတ်လား။ ကိုမျိုး အခြေအနေက ကိုစိန်းမောင်ထက်သာတော့ မခင်ရွှေ မနာလိုစိတ်နဲ့ ကိုယ်တို့ ချစ်သူနှစ်ယောက်ကို ကွဲစေ သဘောမျိုး ထားပြီးတစ်ရွာသားကို ထိမ်းမြားဖို့မသင့်ဘူးတွေ ဘာဖြစ်တယ် ညာဖြစ်တယ် စသည် ဖြင့်ပေါ့လေ၊ ပြောလိုက်ရင် ကိုယ်တို့နှစ်ယောက် ကွဲကြရလိမ့်မယ်။ သူကတော့ ကိုစိန်းမောင်နဲ့ လက်ထပ်ပြီး ပျော်စေ၊ ကြင် ကို အသည်းကွဲစေ စီမံကိန်းမျိုး ချလိုက်ရင် ... "
ကိုမျိုးနှစ်က စကားကို အဆုံးမပြောဘဲ ကြင်ကြင် မျက်နှာကို စိုးရိမ်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
" ဟာ ဟုတ်တယ်ကိုမျိုး၊ အခုမှ ကြင် စဉ်းစားမိတယ်။ စိတ်ချပါ။ ဘယ်သူ့ကိုမှ အသိမပေးပါဘူး"
ကြင်ကြင်က ချစ်သူစိတ်အေးစေရန် ကတိပေးလိုက်သည်။
" မခင်ရွှေ ဒီရွာကထွက်သွားမှ ကိုမျိုးနှစ်တို့နှစ်ယောက် ချစ်တာကို ကြင့်ဘက်က မိဘတွေကို အသိပေး၊ ကိုမျိုး မိဘတွေကို ပြန်ခေါ် ဒီအတွင်းမှာ ကိုစိန်းမောင်ကို ကြင်က ဟန်မပျက် ပြောဆို ဆက်ဆံပါ။ ကိုစိန်းမောင်ကို ရန်မထောင်နဲ့နော်။ ရန်ထောင်လို့ ဒေါသဖြစ်ရင် စိတ်မာန်အလျောက် ပေါက်ကွဲပြီး ကိုယ်တို့နှစ်ယောက် ချစ်တာကို သိသွားလိမ့်မယ်။ နောက်ပြီး ကြင်က ဒီခြံကြီးကို လာမြဲတိုင်းလာ၊ ကိုစိန်းမောင် မရှိတဲ့ အခါဆိုရင် ကိုယ်တို့နှစ်ယောက် လွတ်လွတ်လပ်လပ် စကား ပြောရတာပေါ့ "
ထိုအခိုက် ကိုစိန်းမောင် ပြန်လာသည့်အတွက် တံခါးစောင့်က သတိပေး အချက်ပြလိုက်သည်။
" ဟော ကိုစိန်းမောင်တောင် ပြန်လာနေပြီ၊ ကြင် ဟန်မပျက်နဲ့နော်။ ရွှင်ရွှင်ပြုံးပြုံး နေလိုက်ပါ အချစ်ရယ်။ မခင်ရွှေကိစ္စကို နောက်တစ်ကြိမ် ဒီခြံကြီးကို ကြင်ရောက်လာမှ ပြောကြရအောင် "
ကိုမျိုးနှစ်က သတိပေး မှာကြားလိုက်သည်။
ကိုမျိုးနှစ်ကို အူလှိုက်သည်းလှိုက် ချစ်နေပြီဖြစ်သည့် ကြင်ကြင်သည် ချစ်သူ ကိုမျိုးနှစ် သြဇာကို တစ်သဝေ မသိမ်း နာခံကာ ဘာမျှ မဖြစ်ခဲ့သည့် ဟန်မျိုးဖြင့် ...
" အိမ်ရှင်ထွက်သွားပေမယ့် ဧည့်သည်က မပြန်ရက်လို့ ထိုင်စောင့်နေရပါတယ် ကိုစိန်းမောင်။ ဟိုဘက်ရွာ ဆေးကုခန်း အတွက် စီမံပြီးခဲ့ပြီလား "
ဟု ပြုံးရွှင်ကြည်လင်သည့် မျက်နှာ၊ ချိုအေးသော အသံဖြင့် ဆီးကြိုပြောလိုက်သော ကြင်ကြင်ကို မြင်ရ ကြားရ သော ကိုစိန်းမောင်သည် အမောပင် ပြေသွားသည်။ သူ့မိတ်ဆွေကောင်း ကိုမျိုးနှစ်က မိတ်ဆွေကောင်း ပီပီ တရားချဖျောင်းဖျသည့်အတွက် ကြင်ကြင်၏ ဒေါသတွေ ကြေပျောက်သွား သည်ဟု ယူဆကာ ကိုစိန်းမောင်သည် ကိုမျိုးနှစ်ကို ကျေးဇူးတင်လိုက်လေသည်။
-------------------
ဆက်ရန်

.
3 comments:
စိတ်ဝင်စားလာပီ..အဲ့ဒီကိုမျိုးနှစ်ဆိုသူက ဘယ်သူများဖြစ်မလဲ သိဘူးနော်။
မြတ်နိုး
ဖတ်ပြီးရင်းဆက်ဆက်ဖတ်ချင်ပဲအမရေ
I think..Ko Myo Hnit is the one who lend the money to old couple...because of Ma Khin Swe, he did not get the granddaughter...
Post a Comment