Tuesday, December 28, 2010

ပဆစ်အိမ် အပိုင်း (၂ဝ)

သည်နှစ် နွေ သည် ရူးချင်စရာကောင်းသည့် နွေဖြစ်သည်။ ပြောစမှတ်တွင်စရာ ကောင်းလောက် အောင် ပူပြင်းသည့် နွေဖြစ်သည်။
နေကလည်း ပူသည်။ လေကလည်း ပူသည်။
အရာရာ သည် ရုတ်တရက်ထ၍ လောင်ကျွမ်းသွားတော့မလို ကြွပ်ရွနေသည်။

ဝါဏိဇ္ဇ အလုပ်ခန်းမှ လှမ်းကြည့်လေလျှင် လမ်းတစ်ဘက်မှ ထုံးရောင် ဖွေးနေသည့် တိုက်တစ်လုံး ကို မြင်နိုင် သည်။ နေရောင်သည် ထုံးဖွေးဖွေးပေါ်မှာ ကျရောက်ပြီး ပူပြင်းသည့် အလင်းရောင်များ ကို ထုတ်လွှတ် နေဘိသည်သို့ ရှိသည်။ ပြတင်းမှန်တံခါးမှ ရောင်ပြန်များ လျှံထွက်လာသည်။ မျက်စိကို ကျိန်းစပ် စေသည် သာမက နေဆယ်စင်း ထွန်းလင်းပေးထားသလို ပူစေသည်။ ကတ္တရာ လမ်းတွင် တံလျှပ် တို့ တရှိန်ရှိန်ထ နေသည်။

ထိုသို့ ပူပြင်းတောက်ပလှသည့် နေရောင်အောက်တွင် အဆောင်အကာမပါပဲ လမ်းလျှောက်လာ သော ဦးတင်မောင်သန့်ကို မြင်လိုက်ရသောအခါ ဇင် အံ့သြနေမိတော့သည်။
သူ့ကို လမ်းဖြတ်ကူလာကာစကပင် လှမ်းမြင်နေရသည်။
မောပန်း နေပုံလည်း ရသည်။ နွမ်းနယ်နေပုံလည်းရသည်။
သည်လို မြင်လိုက်ရတော့လည်း ကြင်နာမိသလို ရှိသည်။

ဦးတင်မောင်သန့်သည် ဇင်ထံသို့ လာခဲ့ခြင်းပင် ဖြစ်ပါသည်။
မန္တလေး သို့ ထွက်ခွာသွားဖို့ လေဆိပ်တွင် ဆုံခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဆုံခဲ့ခြင်းပင် ဖြစ်ပင် ဖြစ်ပါ သည်။
ဇင် က အပြုံးဖြင့် ကြိုလိုက်မိသည်။
မိမိ စားပွဲ ရှေ့ ကုလားထိုင်တွင် နေရာပေးလိုက်သည်။

"ဇင် အံ့သြသွားမိတယ်၊ အခါတိုင်းက ဦးတင်မောင်သန့်ကား နဲ့လာနေကျ မဟုတ်လား၊ အခုလို ပူပူ လောင်လောင်ကြီး မှာ လမ်းလျှောက်လာတာ မြင်ရတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ"
အအေးဓာတ် ရစေရန် ပန်ကာကို အရှိန်မြင့် ပေးလိုက်သည်။

ဦးတင်မောင်သန့် သည် ရေထဲမှ ငါးကို ကုန်းပေါ်သို့ ဆယ်တင်ထားသလို ဖြစ်သည်။ အပူဒဏ် ကြောင့် နေမထိ သလို ရှိနေသည်။ နှာခေါင်းနှင့်သာမက ပါးစပ်ကပါ အသက်ရှူနေသည်။
"အအေးသောက် ပါလားဟင်"
ဇင့် ဖိတ်ခေါ်မှု ကို သူက ခေါင်းညိတ်လက်ခံလိုက်သည်။

ဇင်သည် ရုံးလုလင်ကို လိမ္မော်ရည်နှစ်ပုလင်းနှင့် စမူဆာ များ အမှာခိုင်းလိုက်ရသည်။
ဇင့် ဘက်က ပထမဆုံး ပြုစုခြင်းပင် ဖြစ်တော့သည်။
"မော်တော်ကားကော"
"ကားကို သွားမယူဖြစ်သေးဘူး"
"ကားပျက်နေသလား၊ ၀ပ်ရှော့မှာလား"

"ဟင့်အင်း … ဇင် ပိုပြီး အံ့အားသင့်သွားအောင် ပြောရရင် ကိုယ်အခုပဲ လေဆိပ်က လာတာ၊ အိမ်ကို မရောက် သေးဘူး၊  အလုပ်တိုက် မှာ လက်ဆွဲအိတ် ထားပြီး ဇင့်ဆီ အရင်၀၀်လာခဲ့တာ"
ဇင် သည် စိတ်ထဲမှ 'သြော် ...ဦးတင်မောင်သန့်ရယ်' ဟုညည်းလိုက်မိသည်။

'ကိုယ့်စိတ်ထဲမှတော့် သိပ်ကိုပြင်းပြင်းထန်ထန် ဖြစ်နေမိပြီဇင်။ ကိုယ်မန္တလေးမှာလည်း နေလို့မထိခဲ့ဘူး၊ တာဝန် အလျောက်သာ သည်းခံနေခဲ့ရတာ၊ ကိုယ်လေဆိပ် မှာ ပြောခဲ့တာနဲ့ ပတ်သတ်ပြီး ဇင် ဘယ်လို သဘောရလဲ ဆိုတာ သိချင်နေမိတယ်'
ဇင်သည် အသားတွေ ညိုလာကာ အနည်းငယ် ပိန်သွားသလိုရှိသော သူ့မျက်နှာကို ကရုဏာသက်သလို စူးစိုက် ကြည့်နေလိုမိသည်။

''ဇင် ဘယ်လိုသဘောရသလဲ ဟင်''
''ဇင် ဘယ်လိုမှ သဘောမရသေးပါဘူး၊ နားပါဦးလား ဦးတင်မောင်သန့်ရယ်၊ နေကလည်း သိပ်ပူလွန်း ပါတယ်၊ ဒီအချိန်မှာ ဒီလို ပူပူလောင်လောင် အကြောင်းတွေ ခဏမေ့ထားကြရ အောင်ပါ''
''ကိုယ်ကတော့ ဇင့်ဆီက အဖြေစကား ကြားရအောင် မိုင်သုံးရာကျော် အဝေးက ပြေးလာခဲ့ရတာပါ''
''ဇင့်အနေ နဲ့ အဖြေပေးဖို့ သိပ်စောလွန်းနေပါသေးတယ်''
''ဇင်...ရယ်''

ဦးတင်မောင်သန့်သည် စိတ်ပျက်သွားရခြင်းကို ဖုံးကွယ်မရသည်။ ယင်းစကားစုသည် လည်ချောင်းဝတွင် အသင့် ရှိနေသည်။ သို့စဉ်လျက် တစ်ဆို့နေသည်။ မပြောဖြစ်နိုင်ခဲ့၊ ဇင့်ရဲ့ အင်းအားတွေဘယ်ရောက်ကုန်ပြီ မသိ။
''ကိုယ်ရှိ မနေတဲ့ ရက်တွေမှာ ဇင်စဉ်စားမထားဘူးလား''
''စဉ်းစား ပါတယ်၊ စဉ်းစားရလွန်းလို့ ခေါင်းတွေလဲ ပူနေပြီ၊ ဦးနှောက်တွေလဲ ခန်းခြောက်ရ တော့မတတ်ပါပဲ''
''ခုထိ ဆုံးဖြတ်ချက် မချနိုင်သေးဘူးလား ဇင်''

''ဆိုပါတော့၊ ပြီးတော့..ဇင့်မှာ မရှင်းတာရှိတယ်၊ ဇင့်ကိုမှဘာလို့ ချစ်ချင်ရတာလဲ၊ ဘာလို့ လက်ထပ်ချင် ရတာလဲ၊ ဇင်ဟာ... ''
''ဇင်ဟာ ဘာလဲလို့ ကိုယ်အစောကြီးကတည်းက ကြိုသိခဲ့ပါတယ်၊ ဇင့်ကိုချစ်တာ လက်ထပ်ချင်လို့ ဖြစ် မှာပေါ့၊ လက်ထပ်ချင်တာကတော့ ချစ်လို့ဖြစ်မှာပေါ့''
''သိပ်ကို တိကျမှန်ကန်တဲ့ အဖြေပါပဲကလားနော်၊ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်ဆို တာမျိုးပဲ''
ပြောရင်း ဇင်မရယ်ချင့်ရယ်ချင် ရယ်လိုက်သည်။

သည်တော့ သူကလည်း ပြုံးလာသည်။
မှာထားသော လိမ္မော်ရည်များ ရောက်လာသည်။
စကားကို လွှဲပြောင်းပြီး မန္တလေးမျာ ဆုံးပါးခဲ့သည့် သူ့အဒေါ်အကြောင်းကို ပြောပြနေသည်။
လိမ္မော်ရည် တစ်ပုလင်း ကုန်သွားသည်။

''ကိုယ်ပြန်ဦးမယ် ဇင်၊ ညနေကျရင် ထပ်တွေ့ကြရအောင်ပါ။ အဲဒီအခါမှာတော့ ဇင့်ဆီက တိကျပြတ်သားတဲ့ အဖြေ ကို ရလိမ့်မယ်လို့ ကိုယ်မျှော်လင့် ပါတယ်၊ ဇင်အဆောင် ကပဲ စောင့် နေပါ၊ ကိုယ်လာခေါ်မယ်''
''ဇင်...ဇင်.. ''
''ကိုယ်ဆက်ဆက်လာခေါ်မယ်၊ ဆက်ဆက်စောင့်ပါ။
ပြောပြီးနော် ဇင့်စကား ကို မစောင့်တော့ဘဲ ထိုင်ရာမှ ရုတ်တရက် ထသည်။ နှုတ်မဆက်ဘဲ ထွက်သွား သည်။

နေပူရှိန်အောက်မှာ၊ တံလျှပ်တွေအကြားမှာ လျှောက်သွားသော သူ့ ကျောပြင်ကိုကြည့်ရင်း ဇင်သည် ခေါင်း ကို ရမ်းခါ ပစ်လိုက်မိသည်။
ခက်တော့ တာပဲနော်။
ဇင် ရူးချင်လာပြီ။
တကယ့် ကို ရူးချင်နေပြီ။
သည်အချိန်မှာ ရူးသွားခဲ့ရင် ဘယ်လောက်များ ကောင်းမလဲ။

ဇင်သာ အရူးမ တစ်ယောက်ဆိုလျှင် ဘယ်သူကမှလည်း ချစ်မှာမဟုတ်။ သူချစ်နေသည်ကိုလည်း ဇင်က သိနိုင်မည် မဟုတ်။ ဘယ်လောက်များ ကောင်းလေမလဲ။ သူပြောလာသမျှစကားတွေကို ရယ်လို့ချည်း နေနိုင်မှာပေါ့။ ခုတော့ ဇင်၏ စိတ်ထားက အကောင်းပကတိပင်။
ဇင်သည် မိမိကိုယ်မိမိ ဒုက္ခသည် တစ်ယောက်လို တွေးထင်မိသည်။ ဦးတင်မောင်သန့် ကိုယ်တိုင် သည်လည်း စင်စစ် ဒုက္ခသည်ပါပင်။
ကိုယ့်နည်း ကိုယ့်ဟန်နှင့် ဒုက္ခသည်ချည်း ဖြစ်နေကြသည်။

အဆောင်ပြန်ရောက်တော့ ဇင် အထူးအထွေ ပြင်ဆင်မနေတော့ပါ။ ရေတစ်ဝ ချိုးလိုက်သည်။ ဆံပင် ကို သာမန်ပင် ထုံးဖွဲ့သည်။ မျက်နှာကို သနပ်ခါးရေကျဲသာ လူးသည်။ ရေမွှေးကိုလည်း အနည်းငယ်သာ သုံးသည်။ အပြာရောင် ဖျော့ဖျော့ အ၀တ်တစ် စုံ ကို ရွေး ၀တ်လိုက်သည်။
ဦးတင်မောင်သန့် ရောက်လာသည်။

အထီး တည်း မဟုတ်။ အပါးမှာ မိန်းကလေးတစ်ယောက်ပါလာသည်။ မြင်ရုံနှင့်ပင် ညိုမာသန့် ဟု သိသာ သည်။ အကြောင်းမူ ရုပ်ချင်းက ဆင်လှ၍ ဖြစ်သည်။
ဇင်၏ စိတ်ဝယ် မောင်နှင့်အတူ မောင်တို့မြို့သို့ရောက်ရှိသွားရစဉ်က ယောက္ခလောင်းနှင့် ရင်ဆိုင်ရမည့် ထိတ်လန့် ပူပန်မှုမျိုး ပေါ်ပေါက်လာသည်။
ကားအနီး သို့ ချဉ်းကပ်သွားစဉ် ခြေလှမ်းတို့ တုံ့ဆိုင်းနေကာ ရင်သည် ခုန်နွေးနေလေသည်။

''ဒါ...ကိုယ့်သမီးပဲ၊ ညိုမာသန့် ဆိုတာသူပဲ''
ဦးတင်မောင်သန့် က မိတ်ဆက်ပေးလိုက်သည်။
''သမီး...ဒါ မသက်ဇင်လေ''
ရုတ်တရက် အကြည့်တွင် ဦးတင်မောင်သန့်၏ မျက်နှာကျပုံနှင့် ဆင်လှသော မိန်းကလေးက ပေါ့ပါးစွာ ပြုံးလိုက်သည်။ ပြုံးပုံချင်းလည်း ဆင်တူလှသည်။
''ဟုတ်ကဲ့၊ တွေ့ရတာ ၀မ်းသာပါတယ်''
ညိုမာသန့် က ဆိုလိုက်သည်။ ဇင်ကတော့ ဘာမျှမပြောနိုင်။

''လာလေ ဇင်၊ ကားပေါ်တက်ပါ။ သမီးက လမ်းကြုံလိုက်လာတာပါ၊ သူ့သူငယ်ချင်း တစ်ယောက် အိမ်မှာ ဆင်း နေရစ်မှာပါ''
ဇင်သည် မလုံမလဲစွာဖြင့် ကားအတွင်း ၀င်ပြီး ထိုင်လိုက်ရသည်။
ညိုမာသန့် နှင့် ဆုံလိုက်ရသဖြင့် ဇင်ပို၍ ရူးချင်သည်။ စိတ်ထဲမှာလည်း ကျဉ်းကျပ်နေသည်။ မလုံမလဲလည်း ရှိနေမိသည်။ ဇင့်မျက်နှာသည် ထူအမ်းနေသည်။
''ဒေါ်သက်ဇင် က စာရင်းကိုင်နော်''
သွက်လက် ချက်ချာဟန်တူသော ညိုမာသန့်က ကားထွက်အလာတွင် မေးသည်။

''ဟုတ်ပါတယ်၊ ၀ါဏိဇ္ဇအဖွဲ့မှာ လုပ်ပါတယ်''
''ညိုမာ တော့လေ ကိန်းဂဏန်းတွေကို သိပ်မုန်းတာပဲ၊ သင်္ချာဆိုရင် သိပ်ကြောက်တာပဲ။ ကမ္ဘာကြီးမှာ တစ်နှစ်သုံးလေး ဆိုတဲ့ အရေအတွက်တွေ၊ လတ္တီတွဒ်တို့၊ လောင်ဂျီတွဒ်တို့၊ တစ်နှစ်မှာ သုံးရာ့ ခြောက်ဆယ့် ငါးရက် ရှိတာတို့၊ တစ်နေ့မှာ နှစ်ဆယ့်လေးနာရီ ရှိတာတို့ကို စိတ်ညစ်နေမိတယ်။ နာရီအပိုင်းအခြားတို့ ကွန်ပျူတာ တို့ မရှိရင် သိပ်ကောင်းမှာပဲလို့ ထင်တယ်''
''ညိုမာ ကလဲ ဖအေတူပဲ ဇင်ရဲ့၊ သင်္ချာကြောက်တဲ့ အနုပညာသမားပဲ''

''ဇင်ကတော့ သင်္ချာသမားမို့လား မသိဘူး၊ ကဏန်းသင်္ချာတွေသာ မရှိရင် လူတွေဟာ ကျောက်ခေတ်ကနေ ဘာတစ်ခု မှ တိုးတက်လာမှာ မဟုတ်ဘူးလို့ ထင်တယ်။ ဈေးဝယ်ရာ ကအစ အာကာသတက်တဲ့ အထိ သင်္ချာ ရှိနေတယ်''
ဇင် က မိမိဘက်မှ ကာကွယ်မိသည်။

''ဟုတ်မှာပါ၊ ဒါပေမယ့် ညိုမာက ကိုယ်ဝါသနာမပါတဲ့ အကြောင်းကိုသာ ပြောတာပါ ဒေါ်သက်ဇင်။ ညိုမာ့ကို စိတ်မဆိုး နဲ့နော်''
''အို … ဘာလို့ စိတ်ဆိုးရမှာလဲကွယ်''
''ညိုမာ ဆိုလိုတာက လောကကြီးမှာ ကန့်သတ်ချက်တွေ၊ ပညတ်တွေ၊ ဥပဒေတွေ မရှိရင် လူတွေဟာ ပိုပြီး လွတ်လပ်ကြမလား လို့ပါ။ သင်္ချာဆိုတာ လူတွေက ပညတ်တဲ့ ဘာသာရပ် တစ်ခု မဟုတ်လား ဟင်''

''မဟုတ်ပါဘူး၊ သဘာဝက ပညတ်ထားတာပါ၊ ဥပမာ ဒီကနေ့ကစပြီး နေထွက်ချိန်က နောက်တစ်နေ့ နေထွက်ချိန် ဆိုရင် ရက်တစ်ရက် တဲ့၊ ဆယ့်နှစ်ရီ အချိန်တိုင်းမှာ နေဟာ အမြဲ မွန်းတည့်တယ်၊ မုတ်သုန်ဟာ နှစ်စဉ် ကျရောက်ချိန်တိုင်းမှာ ကျရောက်တယ်၊ လရဲ့ ဆွဲငင်အားဟာ ဒီရေ အတက်အကျကို ဖန်တီးတယ်၊ ကောင်းကင် က နက္ခတ်တာရာတွေ ဟာ အမှန်အကန်အတိုင်း လှည့်လည်သွားလာနေကြတယ်၊ ကွဲလွဲမှု အနည်းအပါး ရှိပေမယ့် တစ်ပတ်လည်တဲ့အခါမှာ ပုံမှန်ပြန်ဖြစ်သွားတယ်။ သဘာဝတရားရဲ့ တိကျတဲ့ ဖြစ်ပျက် ပြောင်းလဲမှုတွေဟာ လူတွေကို သင်္ချာအတတ် သင်ပေးခဲ့တာပဲ''

''ဒေါ်သက်ဇင် ပြောတာ သိပ်လေးနက်တာပဲ၊ အမှန်ပြောရရင်တော့ ညိုမာ အဲဒီလောက် အထိ နားမလည် ပါဘူး၊ သဘောမပေါက်ပါဘူး''
''ညိုမာ နုပါသေးတယ်ကွာ''
ဦးတင်မောင်သန့် က ၀င်ပြောသည်။

''ညိုမာ ၀န်ခံပါတယ် ဒယ်ဒီ၊ လောကကြီး မှာ ညိုမာ သိစရာတွေ အများကြီး ရှိသေးတယ် နော်''
''ဒါပေါ့ကွယ်၊ ဒါပေါ့၊ ဒီလိုပဲ တစ်စတစ်စနဲ့ သိလာရမှာပေါ့''
''ဟော … ရှေ့ကဟာ ရူဘီတို့ တိုက်ပဲ၊ ညိုမာ ဆင်းနေရစ်တော့မယ်''
ခမ်းနား ထယ်ဝါသော တိုက်တစ်လုံးရှေ့မှာ ကားထိုးရပ်သွားသည်။

ဆက်ရန်
.

4 comments:

ဖိုးတာတီး said...

ကောင်းလွန်းမကထက်ပိုပြီး ကောင်းလွန်းပါလားမမရွေုဇင်ရေ....အားပေးနေပါတယ်နော်....

ကိုဇော် said...

လာပီ...လာပီ ...ဟီးဟီး

မေဓာဝီ said...

ညိုမာ့လိုပဲ ကိန်းဂဏန်းတွေကို မုန်းပါတယ်ဆိုမှ ဒီဂဏန်းသံသရာထဲက မထွက်နိုင်ဘူးးးးးး

Thinzar said...

ဇာတ်လမ်းက တော်တော်ကောင်းလာပြီ.. =)