Saturday, December 25, 2010

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁၄)

ပီလွန်သည် ကြမ်းပြင်ပေါ်တွင် ၀င်ထိုင်ပြီး ဖယောင်းတိုင်ကို သူ့ရှေ့တည့်တည့် မြေကြီးပေါ်၌ ချထား၍ ထွန်း သည်၊ ပင်လယ်ဓားပြ၏ မျက်လုံးများက ဘာကိစ္စဘာတာလဲဟု မေးလျက်ရှိသည်။ ပီလွန်ကတော့ စကားချက် ချင်းမဖြေ၊ ပင်လယ်ဓားပြ၏ဦးခေါင်းထဲတွင် မေးခွန်းပေါင်း အမြောက်အမြား ပေါ်လာအောင် ငြိမ်ဆိတ် စွာ စောင့်နေသည်။ နောက်ဆုံးကျမှ " မင်းသူငယ်ချင်းတွေအတွက် စိတ်မပူဘူးလား" ဟု မေးသည်။

ပင်လယ်ဓားပြ၏ မျက်လုံးများသည် အံ့အားသင့်ခြင်းကို ဖော်ပြလျက် ရှိသည်။ " ကျုပ်က ဟုတ်လား၊ ကျုပ်သူ ငယ်ချင်း တွေ အတွက်တဲ့၊ ဘာ သူငယ်ချင်းလဲ "

ပီလွန်က လေသံအေးအေးပျော့ပျော့ဖြင့် ပြောသည်။ " မင်းကို သတိရနေတဲ့ သူငယ်ချင်းတွေ မင်းမှာ အများကြီး ရှိတယ်၊ မင်းကို သူတို့လာမတွေ့ကြတာက တခြားကြောင့် မဟုတ်ဘူး၊ မင်းက မာနကြီးလို့၊ မင်းအခု လို အ၀တ် တွေ စုတ်စုတ်ပြတ်ပြတ်နဲ့ အစားကြွင်း အစားကျန်တွေကို ခွေးတွေနဲ့ ဝေမျှစားပြီး ဒီကြက်တဲ ထဲမှာ နေရတဲ့အဖြစ်ကို သူတို့မြင်ရင် မင်း အရှက်ရသွားမှာလည်း သူတို့က စိုးရိမ်တယ်ကွ၊ ဒါပေမယ့် သူတို့က မင်း အခုလို တောက်လျှောက်ကြီး နေသွားရင်လည်း ဒုက္ခရောက်သွားမှာကို တွေးပြီး ပူနေကြတယ် "

ပင်လယ်ဓားပြသည် ပီလွန်၏ စကားများကို နားထောင်ရင်း အသက်မှ ဖြောင့်ဖြောင့်တန်းတန်း မရှူနိုင် လောက် အောင် အံ့အားသင့်လျက် ရှိသည်။ သူ ကြားနေရသည့် စကားများမှာ အသစ်အဆန်းများ ဖြစ်၏။ ဤစကားများ ၏ အဓိပ္ပာယ်ကို သူ့ဦးနှောက်က လိုက်၍မမီ၊ မီအောင် ကြိုးစားပါသော်လည်းမရ၊ ပီလွန်၏ စကား များ အပေါ်တွင် သံသယဖြစ်ခြင်းတော့ မရှိ၊ " ကျုပ်မှာ အဲသလို သူငယ်ချင်းတွေ ရှိနေသလား " ဟု တအံ့တသြ ရေရွတ်သည်။ 

" အဲဒါကို ကျုပ် မသိဘူးဗျ၊ သူတို့က ကျုပ်အတွက် စိတ်ပူနေကြတယ် ဆိုတာ လည်း မသိပေါင်ဗျာ၊ တကယ်လို့ ကျုပ်သာသိရင်တော့ သူတို့ စိတ်မပူအောင် ကျုပ်ကပြောမှာပါ ပီလွန်ရာ " သူသည် တံတွေးတစ်ချက် မျိုလိုက်သည်။ " ခင်ဗျား မြင်သားပဲ ပီလွန်ရာ၊ ခွေးတွေကလည်း ဒီနေရာမှာ နေရတာ ကြိုက် ကြတယ်။ ကျုပ်ကလည်း သူတို့ ကြိုက်တဲ့နေရာကို သဘောကျတယ်၊ ဒါကြောင့် နေတာ ပါဗျာ။ ကျုပ် အခုလိုနေ လို့ သူငယ်ချင်းတွေ စိတ်မကောင်း ဖြစ်ကုန်လိမ့်မယ်လို့ မတွေးခဲ့မိဘူးဗျ" ပြောနေရင်း မှာပင် ပင်လယ်ဓားပြ၏ မျက်လုံးများတွင် မျက်ရည်များစို့လာသည်။

" အေးပေါ့လေကွာ" ဟု ပီလွန်က ပြောသည်။ " ဒါပေမယ့် သူတို့ကတော့ မင်း နေရထိုင်ရတာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ကြတာပေါ့ "
ပင်လယ်ဓားပြသည် မြေကြီးကို ငုံ့ကြည့်ပြီး ပီလွန်၏ စကားကို ပီပီပြင်ပြင် နားလည်နိုင်ရန် စဉ်းစား တွေးတောသည်။ သို့သော်လည်း စဉ်းစားစရာ ပြဿနာရှိလာ၍ စဉ်းစားသည့်အခါများ၌ ကြုံရတတ်သည့် အတိုင်း သူ့ဦး နှောက်က ရီဝေနောက်ကျိလာသည်။ 

သူလိုချင်သော အကူအညီ ဦးနှောက်ထဲက ထွက်မလာ။ အားကိုးရာ မဲ့ခြင်း တည်းဟူသော ခံစားမှု တစ်ခုသာလျှင် ပေါ်လာသည်။ သူသည် သူ့ခွေးများကို အားကိုး လို စိတ်ဖြင့် လှမ်းကြည့် သည်။ ခွေးများမှာ သူတို့နှင့်ဆိုင်သော အလုပ်မဟုတ်သဖြင့် အိပ်ပျော်နေကြလေပြီ။ ထိုအခါ သူသည် ပီလွန်၏ မျက်နှာကို အားကိုးတကြီးဖြင့် ကြည့်သည်။ " ကျုပ် ဘာလုပ်ရမယ် ဆိုတာ ခင်ဗျား က ပြောပြမှပဲ သိမှာ ပီလွန်၊ ဒါတွေကို ကျုပ်နားမလည်ဘူး"

ပီလွန်အဖို့ကတော့ ဤကိစ္စမှာ အလွန်လွယ်သည်။ အလွန်လွယ်လွန်းသဖြင့် ပီလွန်၏ စိတ်တွင် အနည်းငယ် ရှက် စိတ်ဝင်လိုက်မိသေးသည်။ သူသည် တစ်ခဏမျှ စဉ်းစားကာ နောက်တွန့်လျက်ရှိ၏။ ဤကိစ္စကို မလုပ် တော့ပါဘူးဟု ပင် ဆုံးဖြတ်လုနီးနီးဖြစ်သွားသည်။ သို့သော်လည်း သူ ထိုကဲ့သို့ ဆုံးဖြတ်မိပါက သူ့ကိုယ်သူ အကြီး အကျယ် ဒေါပွမိလိမ့်မည်ဟု ကောင်းကောင်းသိသည်။ " မင်းသူငယ်ချင်းတွေက ဆင်းရဲကြတယ်ကွ" ဟု သူကပြောသည်။ " သူတို့က မင်းကို သိပ်ပြီး ကူညီချင်ကြတယ်။ ဒါပေမယ့် သူတို့မှာ ငွေကမရှိကြဘူး၊ တကယ်လို့ မင်းမှာ ၀ှကထားတဲ့ ငွေကလေး ဘာကလေးများရှိရင် ထုတ်ပါလားကွာ၊ မင်းအတွက် အ၀တ်အစား ၀ယ်ပေါ့၊ အစားအသောက်ကိုလည်း သူများပေးတာတွေ မစားတော့ဘဲ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်ဝယ်စား ပေါ့၊ ၀ှက်ထားတဲ့ငွေကို ထုတ်ပေါ့ ပင်လယ်ဓားပြရာ "

ပီလွန်က သူ စကားပြောနေခိုက်တွင် ပင်လယ်ဓားပြ၏ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်၍ အကဲခတ်သည်။ ပင် လယ်ဓားပြသည် မျက်လွှာများချထားသည်။ သံသယရှိနေသည့်သဘော၊ ထို့နောက် သူ့မျက်နှာသည် မသာမယာ ဖြစ်လာသည်။ နောက်တစ်ခဏအတွင်းမှာပင် ပီလွန်သည် အချက်နှစ်ချက်ကို အသေအချာ သိလာသည်။ ပထမတစ်ချက်မှာ ပင်လယ်ဓားပြတွင် ၀ှက်ထားသည့် ငွေများရှိနေသည်ဟူသော အချက် ဖြစ်၍ ဒုတိယတစ်ချက်မှာ ထိုငွေများကို ရဖို့မှာ ထင်သလောက် ချောင်လိမ့်မည်မဟုတ် ဟူသော အချက် ဖြစ်၏။ သူ့ အနေနှင့်ကတော့ ဒုတိယအချက်ကို ကောင်းစွာ နားလည်လိုက်ရသည့်အတွက် ကျေနပ်သည်။ ပင်လယ်ဓားပြ သည် ပီလွန်အလွန်သဘောကျသည့် ကိုင်ရတွယ်ရ ခက်သော ပြဿနာမျိုး ဖြစ်နေသည် မဟုတ် ပါလော။

ပင်လယ်ဓားပြသည် ပီလွန်ကို ကြည့်နေသည်။ သူ့မျက်လုံးများထဲတွင် ကောက်ကျစ်စဉ်းလဲသော အရိပ် အငွေ့ များရှိနေသည်။ ထိုအရိပ်အငွေ့များနှင့်အတူ ဖြူစင်ဖြောင့်မတ်သော သဘောထားရှိနေပုံကိုလည်း ဖော်ပြ လျက် ရှိ၏။ " ကျုပ်မှာ ၀ှက်ထားတဲ့ငွေ မရှိပါဘူးဗျာ" ဟု ပြောသည်။
" သူငယ်ချင်းရာ၊မင်းနေ့တိုင်း ထင်းထွက်ရောင်းလို့ နှစ်ဆယ့်ငါးဆင့်စေ့ တစ်စေ့ အမြဲရနေတာ ငါ တွေ့နေ တာပဲ။ မင်း အဲဒီငွေကို လုံးဝ မသုံးဘူးဆိုတာလည်း ငါ သိနေပါတယ်ကွာ "

ဤတစ်ကြိမ်တွင်မူ ပင်လယ်ဓားပြ၏ဦးနှောက်က သူ့ကို အကျဉ်းအကျပ်ထဲမှ လွတ်မြောက်အောင် ကယ်တင် သည်။ " ကျုပ်က သိပ်ပြီး ဆင်းရဲတဲ့ အဘွားအိုကြီး တစ်ယောက်ကို အမြဲပေးပစ်တာ " ဟု လေပျော့ ကလေးဖြင့် စကားကို လက်စသတ်သည်။ ဤသို့ဖြင့် သူသည် ထိုအကြောင်းကို နောက်ထပ် မပြော နိုင်အောင် တံခါးကို တင်းကျပ်စွာ ပိတ်လိုက်လေသည်။

" ဒါ ညာတာပဲဖြစ်မယ်လ ဟု ပီလွန်က တွေးသည်။ သူသည် ထိုင်ရာမှ ထလိုက်ပြီး သူ့ဖယောင်းတိုင်ကိုယူ သည်။ " အေးလေ၊ ငါကတော့ မင်းသူငယ်ချင်းတွေက မင်းအတွက် ဘယ်လို စိတ်မကောင်း ဖြစ်နေကြတယ် ဆိုတာ တွေးမိလို့ပါ " ဟု ပြောသည်။ " မင်းအနေနဲ့ ဘာမှမလုပ်နိုင်ဘူး ဆိုတာ ငါကလည်း မင်းအတွက် ဘာမှ လုပ်မပေးနိုင်ဘူး ပေါ့လကွာ "
ပင်လယ်ဓားပြ မျက်နှာသည် ပြန်၍ချိုသာ ပျော့ပျောင်းလာသည်။ " ကျုပ် နေကောင်းပါတယ်လို့ ပြောပြ လိုက်ပါဗျာ " ဟု သူက တောင်းပန်သည်။ " ကျုပ်ဆီကို အလည်လာကြဖို့လည်း ကျုပ်သူငယ်ချင်းတွေကို ပြောပြ ပေး ပါ။ ကျုပ်က မာနရှိတဲ့လူလည်း မဟုတ်ပါဘူး၊ သူတို့လာရင် ကျုပ်က ၀မ်းသာစွာနဲ့ ကြိုဆိုပါမယ်၊ ခင်ဗျား ကျုပ် ကိုယ်စား ပြောပြပေးမယ် မဟုတ်လား ပီလွန် "
" ငါ ပြောပေးမယ်လေ " ဟု ပီလွန်က စိတ်မပါတပါ လေသံဖြင့် ပြောသည်။

" ဒါပေမယ့် မင်းအတွက် သူတို့ စိတ်မကောင်း ဖြစ်နေကြတာကို သက်သာရာရသွားအောင် မင်းက ဘာမှ လုပ်မပေးတော့ သူတို့အနေနဲ့ ကျေနပ်ကြမှာတော့ မဟုတ်ဘူး " ပီလွန်က ဖယောင်းတိုင်မီးကို မှုတ်၍ ငြိမ်းပစ် လိုက်ပြီး အမှောင်ထုအတွင်းသို့ တိုးဝင်သွားသည်။ ပင်လယ်ဓားပြသည် သူ၏ ဥစ္စာသိုက် ဘယ်နေရာ ၌ ၀ှက်ထားသည်ကို ဘယ်တော့မှ ပြောလိမ့်မည်မဟုတ်ကြောင်း ပီလွန်နားလည်သည်။ ခိုးကြောင် ခိုးဝှက် လုပ်ယူမှသာ ဤဥစ္စာသိုက်ကို တွေ့နိုင် ပေတော့မည်။ အတင်းဓမ္မနည်းဖြင့် ယူမှသာ ဤငွေများ ကို ရပေတော့မည်။ အခြားနည်းမရှိတော့။ ဤတစ်နည်း သာလျှင် ရှိတော့၏။

ထိုအချိန် မှ စ၍ ပီလွန်သည် ပင်လယ်ဓားပြ၏ လှုပ်ရှားမှု ဟူသမျှကို မျက်ခြည်မပြတ် မခံတော့ဘဲ စောင့်ကြည့် သည်။ တစ်ခါတစ်ရံ ပင်လယ်ဓားပြထံသွား၍ အချိန်အကြာကြီး စကားပြောသည်။ သူသိလိုသော အရာ တစ်စွန်း တစ်စမှ မသိရ။ ပင်လယ်ဓားပြ၏ ရတနာသိုက်ကို ရှာဖွေတွေ့ဖို့ရဖို့ အရေး ကား ဝေးသည်ထက်သာ ဝေးလျက်ရှိ သည်။ ထို၇တနာသိုက်သည် ကြက်တဲအတွင်း တစ်နေရာ၌ လည်းကောင်း၊ တောအုပ်အတွင်း တစ်နေရာ၌သော် လည်းကောင်း ရှိရမည်။

ပင်လယ်ဓားပြ အနေဖြင့် သူဝှက်ထားသည့် နေရာသို့ ညပိုင်း ညဥ့်နက်မှသာ သွားလိမ့် မည်ဟု ယူဆ ရလေသည်။
အချိန်များစွာ အကုန်ခံပြီး စောင့်သော်လည်း အကြောင်းမထူးဘဲ ဖြစ်နေသည့်အခါ ပီလွန်သည် စိတ်မရှည် နိုင် အောင် ဖြစ်လာသည်။ တစ်စုံတစ်ဦးထံမှ အကူအညီနှင့် အကြံဥာဏ်ရယူဖို့ လိုပြီဟု သူ သဘောပေါက် လာသည်။ သူလိုနေသော အရာကို သူ့ရဲဘော်များဖြစ်သော ဒင်နီ၊ ပက်ဘလိုနှင့် ဂျီးဆပ်စ်မေရီ ယာတို့ထံမှလွဲ၍ အခြားဘယ်သူက ပေးနိုင်ပါမည်နည်း။ ခိုးကြောင်ခိုးဝှက် လုပ်ရမည့် နေရာတွင် သူတို့လောက် တော်သူ မည်သူ ရှိနိုင်ပါအံ့နည်း။ တစ်ဖက်သားကို လှည့်စားသည့် နေရာ၌ သူတို့လောက် ကျွမ်းကျင်သူ မည်သူ ရှိနိုင်ပါအံ့နည်း။ ကရုဏာတရားကို စိတ်အေးနားအေးဖြင့် အရည်ပျော်သွားအောင် လုပ်ရာ ၌ သူတို့လောက် လုပ် ရက်သူ မည်သူ ရှိနိုင်ပါအံ့နည်း။

ပီလွန်သည် သူ၏ လျှို့ဝှက်ချက်ကို သူတို့အား ဖွင့်ပြောပြီး တိုင်ပင်သည်။ ပထမဦးစွာ သူ၏ ကြံစည် စိတ်ကူးထားသမျှ ကို သူတို့နားလည် လက်ခံသွားအောင် ရှင်းပြသည်။ ပင်လယ်ဓားပြ ဆင်းရဲပုံ၊ သူ အားကိုးရာ မဲ့ ဖြစ်နေပုံနှင့် ထိုနှစ်ခုအတွက် သူရှာထားသော အကြံကို ပြောပြသည်။ သူရှာထားသည့် ပြဿနာ၏ အဖြေကို ကြားရသောအခါ သူ့ သူငယ်ချင်းများသည် ပင်လယ်ဓားပြကို သနားကရုဏာဖြစ်ကာ ကူညီလိုစိတ် အရူးအမူး ဖြစ်ပေါ်လာကြ၏။ သူတို့က ပီလွန်၏ စေတနာကို ၀ိုင်း၍ ချီးမွမ်းထောမနာ ပြုကြသည်။ သူတို့၏ မျက်နှာများတွင် ကြင်နာမှု အရိပ်အယောင်များ လွှမ်းလျက်ရှိသည်။ ပက်ဘလိုကတော့ ပင်လယ်ဓားပြ ၏ ရတနာသိုက်သည် ဒေါ်လာငွေ တစ်ရာအထက် ရှိလိမ့်မည်ဟု တွေးလေသည်။

သူတို့၏ ရွှင်လန်းတက်ကြွမှု အနည်ထိုင်သွားသောအခါ လုပ်ငန်းစီမံချက်ကို စဉ်းစားကြံဆကြ၏။
" ငါတို့ သူ့ကို အမြဲ စောင့်ကြည့်ရမယ် " ဟု ပက်ဘလိုက ပြောသည်။
" ငါ စောင့်ကြည့်ခဲ့ပြီးပြီ " ဟု ပီလွန်က ဆိုသည်။ " ညပိုင်းဆိုရင် သူ ထွက်ကြည့်မှာပဲ၊ သူ့နောက်က သိပ်ကပ်ပြီး လိုက်လို့ကလည်း မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ခွေးအုပ်က သရဲတွေလို နောက် က ကပ်လိုက်နေတာ၊ အဲဒီတော့ ဒီကကိစ္စက တယ်ပြီး မချောင်လှဘူးကွ"
" တခြား ဖြစ်နိုင်တဲ့ နည်းလမ်းတွေကော မင်းသုံးကြည့်ပြီးပြီလား " ဟု ဒင်နီက မေးသည်။

" အေး သုံးပြီပြီ "
နောက်ဆုံးတွင် လူတစ်ဖက်သားအပေါ် ညှာတာထောက်ထားတတ်သော ဂျီးဆပ်စ်မေရီယာက နည်းလမ်း တစ်ခု ကိုရှာတွေ့သည်။ " အဲ အဲဒီကြက်ခြံထဲ နေသမျှ ကာလပတ်လုံးတော့ ဒီကိစ္စဟာ ခက်ခဲနေမှာပဲ " သူက ပြော သည်။ " ဒါပေမယ့် သူ ဒီမှာ လာပြီး ငါတို့နဲ့ အတူတူနေမယ် ဆိုကြပါစို့၊ ငါတို့က သူ့ကို သနားကြင်နာမှု ပြတာနဲ့ပဲ သူ့အလိုလို စိတ်ပြောင်းပြီး ထုတ်ပြောချင်ပြောလာလိမ့်မယ်၊ ဒါမှမဟုတ်လည်း ညရောက် လို့ သူအပြင် ထွက်ရင် ငါတို့ လိုက်ချောင်းလို့ လွယ်လိမ့်မယ်"

ဂျီးဆပ်စ်မေရီယာ၏ အကြံကို ကျန်လူစုက အသေအချာ ဆင်ခြင်သုံးသပ်ကြသည်။ " တစ်ခါတလေ စားသောက် ဆိုင်တွေက ရလာတဲ့ အသားတွေဟာ အကောင်းတွေကွ၊ လတ်လတ်ဆတ်ဆတ်ကြီးတွေ၊ သိလား" ဟု ပက်ဘလိုက သူ့စိတ်ကူးနှင့်သူ ပြောသည်။ " သူရလာတဲ့ အသားကြော်တစ်ခုကို ငါ တစ်ခါတုန်း က မြင်ခဲ့ဖူးတယ် အသားနည်းနည်းပါးပါးပဲ လျော့တယ်"
" ငွေက ဒေါ်လာနှစ်ရာတောင် ရှိချင်ရှိမယ်ကွ" ဟု ပီလွန်က ပြောသည်။

ဒင်နီက ကန့်ကွက်ချက် တစ်ချက်တင်ပြသည်။ " ဒါပေမယ့်ကွာ။ ဟိုခွေး တွေက ခွကျတယ်၊ သူ ဒီမှာလာနေရင် သူ့ခွေးတွေ ပါလာမှာ "
" ခွေးတွေ က ခွေးကောင်းတွေကွ" ဟု ပီလွန်က ပြောသည်။ " ခွေးတွေက သူ့စကားကို သိပ် နားထောင်ကြတာ၊ မင်း က ထောင့်တစ်ထောင့်မှာ မျဉ်းတစ်ကြောင်းဆွဲပြီး မင်း ခွေးတွေကို ဒီစည်းထဲက မထွက်စေနဲ့လို့ ပြောထား လိုက်။ သူက သူ့ခွေးတွေကို ပြောထားလိမ့်မယ်၊ ခွေးတွေကလည်း သူ့စကား နားထောင်မှာပဲ "
" တစ်မနက်ခင်း က ငါ ပင်လယ်ဓားပြနဲ့ ဆုံမိခဲ့ဖူးတယ်။ သူ့ လက်ထဲမှာ ကိတ်မုန့်တစ်ပိုင်း ပါလာတယ်၊ ကော်ဖီ ထိ လို့ နည်းနည်းလေးပဲ စိုတယ်ကွ" ဟု ပက်ဘလိုက ၀င်ပြောပြလေသည်။
ပြဿနာ သည် သူ့အလိုလိုပင် ဖြေရှင်းပြီးသား ဖြစ်သွားသည်။ သူတို့အနေဖြင့် ကော်မတီတစ်ရပ်ဖွဲ့လိုက်ပြီး ပင်လယ်ဓားပြ ထံ သွားလည်ကြသည်။

သူတို့အားလုံး ကြက်တဲအတွင်းသို့ ၀င်သွားသောအခါ ပြည့်ကျပ်သွားသည်။ ပင်လယ်ဓားပြက သူ၏ ၀မ်းသာ ပျော်ရွှင်မှုကို မ၇ိပ်မိစေရန် အသံသြကြီးဖြင့် ဆီး၍ နှုတ်ဆက်သည်။
 
" ရာသီဥတုက ဆိုးတယ် " ဟု သူက ပြောသည်။ " ခင်ဗျားတို့ကတော့ ယုံချင်မျယုံမယ်၊ ကျုပ် ရူးဒေါ့ရဲ့ လည်ပင်း က မွှားတစ်ကောင်တွေ့တာ ခိုဥလောက်ကို ကြီးတယ်ဗျ" သူ့အိမ်အကြောင်း ပြောသည့် အခါ တွင်လည်း သူသည် အိမ်ရှင်တစ်ယောက် ပြောသင့်သည့် စကားမျိုးကို ပြောသည်။ " အိမ်က သိပ်ကျဉ်း တယ်ဗျာ၊ သူငယ်ချင်းတွေ လာလည်ဖို့ သင့်တဲ့အိမ်မျိုး မဟုတ်ပါဘူး၊ ဒါပေမယ့်ဗျာ၊ နွေးနွေးထွေးထွေးနဲ့ သပ်သပ် ရပ်ရပ်တော့ ရှိပါတယ်၊ အထူးသဖြင့် ခွေးတွေအတွက်ကတော့ အလွန်အဆင် ပြေတဲ့ နေရာပဲ "

ထို့နောက် ပီလွန်က စကားစပြောသည်။ ပင်လယ်ဓားပြအတွက် သောက ရောက်လွန်းသဖြင့် သူငယ်ချင်း အားလုံး အသက်ပင် ဆုံးရှုံးရတော့မလောက် ဖြစ်နေကြကြောင်း၊ သို့သော်လည်း ပင်လယ်ဓားပြကသာ သူတို့နှင့် အတူ နေမည်ဆိုပါမူ သူတို့အားလုံး အိပ်ပျော်စားဝင်ဖြစ်ပြီး စိတ်လည်း ချမ်းသာကြ ရလိမ့်မည် ဖြစ်ကြောင်း ရှင်းပြ သည်။
 
ဤစကားများသည် ပင်လယ်ဓားပြအဖို့ အကြီးအကျယ် ထိတ်လန့် ချောက်ချားစရာ ဖြစ်သွားသည်။ သူသည် သူ့ လက်များ ကို စိုက်ကြည့်နေသည်။ ပြီးတော့ သူ့ခွေးများကို လှမ်းကြည့်သည်။ သို့သော် ခွေးများက သူ့ကို မကြည့် နိုင်ကြပေ။ နောက်ဆုံးတွင် သူသည် ၀မ်းသာပျော်ရွှင်လွန်း၍ စို့နေသော သူ့မျက်လုံးများထဲမှ မျက်ရည်စ များကို လက်ခုံနှင့်သုတ်သည်။ မျက်ရည်စများ ပေသွားသော သူ့လက်ခုံကို သူ့မုတ်ဆိတ်မွေးကြီး နှင့်ပွတ်၍ သုတ်ပစ်သည်။

" ခွေးတွေကိုရောလား " ဟု ခပ်တိုးတိုးမေးသည်။ " ခင်ဗျားတို့က ခွေးတွေကိုပါ လာပြီး နေစေချင်တာလား၊ ခင်ဗျားတို့အားလုံး ခွေးတွေနဲ့လည်း သူငယ်ချင်းတွေပဲလား"
ပီလွန်က ခေါင်းညိတ်ပြသည်။ " အေးပေါ့၊ ခွေးတွေလည်း ပါရမှာပေါ့၊ ခွေးတွေအတွက် တစ်နေရာ သီးသန့် လုပ် ပေးမယ်လေ "
ပင်လယ်ဓားပြသည် များစွာ ဂုဏ်ယူလျက် ရှိသည်။ သူ့ကိုယ်သူ မထိန်းနိုင် မသိမ်းနိုင် ဖြစ်သွားမည်ကိုပင် စိုးရိမ် ပူပန်လျက်ရှိသည်။ " အခု ခင်ဗျားတို့ ပြန်ကြတော့ဗျာ" ဟု တောင်းပန်သံဖြင့် ပြောသည်။ " အခု ခင်ဗျား တို့ အိမ် ပြန်ကြပါ၊ မနက်ဖြန်ကျတော့ ကျွန်တော် လာခဲ့ပါ့မယ် "

ပင်လယ်ဓားပြ မည်ကဲ့သို့ ခံစားနေရသည်ကို သူတို့အားလုံး နားလည်ကြသည်။ သူတို့သည် ကြက်တဲတံခါးမှ လေးဖက်တွား၍ ပြန်ထွက်လာကြပြီး ပင်လယ်ဓားပြကို တစ်ယောက်တည်းထားကာ ပြန်လာခဲ့ကြလေသည်။
" ငါတို့နဲ့သာ အတူနေလို့ကတော့ ဒီကောင်ကြီး ပျော်သွားမှာပါကွာ" ဟု ဂျီးဆပ်စ်မေရီယာက မှတ်ချက်ချ သည်။
" အလွန် သနားစရာကောင်းလောက်အောင်ကို အထီးကျန်နိုင်တဲ့ လူတစ်ယောက်ပါကွာ" ဟု ဒင်နီက ထောက်ခံသည်။ " တကယ်လို့ စောစောက တည်းကသာ ငါသိရင် သူ့မှာ ငွေရှိရှိ မရှိရှိ ငါခေါ်ပြီးတာ ကြာလှပြီ ပေါ့ကွာ "
သူတို့အားလုံး ပျော်မြူးနေကြလေသည်။

အသစ်ပေါ်ပေါက်လာသော ပေါင်းသင်းဆက်ဆံရေးသည် ချက်ချင်းပင် အဆင်ပြေသွားသည်။ ဒင်နီက ဧည့် ခန်းမ ၏ ထောင့်တစ်နေရာတွင် အပြာရောင် မြေဖြူခဲ တစ်ခဲဖြင့် စက်ဝိုင်းခြမ်းတစ်ခြမ်း ရေးဆွဲပြီး အိမ်ထဲ၌ ရှိနေ ချိန်တွင် ခွေးများနေရမည့်နေရာ သူ သတ်မှတ်ပေးသည်။ ပင်လယ်ဓားပြကိုလည်း ထိုသတ်မှတ် နယ်မြေ အတွင်း ၌ ခွေးများနှင့်အတူ အိပ်ရမည်ဟု နေရာချထားပေးသည်။

လူ ငါးယောက်နှင့် ခွေးငါးကောင်ရှိနေသော အိမ်သည် အနည်းငယ် ကျဉ်းလာသည်။ သို့သော်လည်း ပထမအတူ နေစတွင် သူတို့အမြင်သည် တစ်မျိုးဖြစ်လာသည်။ ပင်လယ်ဓားပြကို အခုလို ဖိတ်ခေါ်၍ အိမ်၌ အတူတူ နေထိုင်ခြင်းသည် သူတို့ကို မကောင်းမှုပြုခြင်းမှ အကာအကွယ် ပေးနေသည့် ကောင်းကင်တမန် နတ်သား ၏ လုံ့ဆော် တိုက်တွန်းမှုကြောင့် ဖြစ်သည်ဟု ဒင်နီနှင့် သူ့အပေါင်းအသင်းများက ယူဆကြ လေသည်။

ဆက်ရန်
.

No comments: