မောင်တို့လို တာဝန်အလျောက် နယ်ပြောင်းလာခဲ့သော အရာရှိ မိသားစုအိမ်ဝင် ဖြစ်ပါသည်။ တစ်ကိုယ်ရေ တစ်ကာယ ဖြစ်နေသော မောင့်ကို စာနာစိတ်ဖြင့် ထမင်းကျွေးနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သည်အိမ် မှာ ဆယ်နှစ်အရွယ် သမီးကလေး ရှိသည်။ မိန်းကလေးက လှသည်လေ။ ရဲတင်းလှသည် လေ။ သည်တော့လည်း ဇင် စိတ်မချချင်ဘူး ဆိုသည်မှာ အဆိုး မဆိုသာပါ။
ဇင် ပြန်တော့မည်ဆို၍ လေယာဉ်သို့ လိုက်ပို့သောအခါ လေဆိပ်မှာ သည်အကြောင်းကို စကားစ ဖြတ် သည်။ မောင်ကတော့ ရယ်စရာမောစရာ အနေနှင့် ဇင့်သံသယကို ချေဖျက်ပစ်ခဲ့သည်။
ဇင်ကလည်း မောင့်ကို မယုံကြည်၍တော့ မဟုတ်ပါ။
မောင်သည် ဇနီးကိုချစ်သည်လည်း အမှန်။ သမီးနှင့်သားကို ချစ်သည်လည်း အမှန်။
သို့တိုင်အောင် ဇင် စစ်တွေမှ ပြန်လာသောအခါ မောင့်အတွက် နောက်ဆံတင်းမိသည်လည်း အမှန်ပါပင်။
"မေမေက ဇင့်အတွက် အိမ်ဖော်မိန်းကလေးတစ်ယောက် ရှာပေးသည်။
ဆွေမျိုးသားချင်း ထဲ မှပင် ဖြစ်ပါသည်။ ထမင်းကျွေး အ၀တ်အစား ဆင်ရုံလောက်ပင်။
သည်မှာ ဇင် အတွေးတစ်ခု ပေါက်လာသည်။
မေမေ့အိမ်မှာနေရင်း အိမ်နီးနားချင်း ကလေးများကို စာပြပေးသည်။ ဇင်က သင်္ချာ တော်သည်လေ။ သည်အကြောင်း သိတော့ စာမေးပွဲ နီးကပ်လာသော ကာလများတွင်စာ သင်ပေးဖို့ ပူဆာကြသည်။
အကယ်၍သာ ဇင်သာ ဆန္ဒရှိမည်ဆိုလျှင် မြို့တွင်ပင် ကျူရှင်ကလေးတစ်ခု ဖွင့်နိုင်သည်။ သို့ပေမယ့် ဇင့် မှာက မပြတ်သေးဘူး မဟုတ်လား။ ရန်ကုန်တွင် အိမ်ခန်းကို သော့ပိတ်ထားရသည်။ မောင်ကလည်း တစ်နေ့သော အခါ ရန်ကုန်ပြန်ပြောင်းရမည်။ ဇင်သည် ဇာတိမြို့၌ ဧည့်သည်သာ ဖြစ်သည်။ အခြေစိုက်၍ မရနိုင်။ မောင့်ကို မြို့သို့ ပြောင်းခိုင်းဖို့ကလည်း မောင်တို့ဌာနသည် မြို့တွင် မရှိပေ။
ဇင် နားလည်လာမိသည်မှာ ဇင် အလုပ်လုပ်၍ ရနိုင်သည်။ ငွေရှာနိုင်သေးသည်ဟူ၍ပင် ဖြစ်သည်။
မေအေးနှင့် တွေ့ရသည်ကလည်း တစ်ခုတော့ ကျေးဇူးရှိသည်။ ဇင်သည် အိမ်ထောင်တာဝန်မှ အပ ဖြစ်သော အပြင်လောကကို မျှော်ကြည့်ခွင့်ရလာခြင်း ဖြစ်သည်။
ကြည့်လေ။ အပြင်လောကမှာ ဇင်တို့လို ကလေးမအေတွေပဲ ရုံးတွေမှာ၊ စက်ရုံတွေမှာ၊ ကျောင်းတွေမှာ၊ ဈေးတွေမှာ၊ နေရာတကာမှာ အလုပ်လုပ်နေကြသည်။ အချို့က ကိုယ့်ဝမ်းစာ ကိုယ်ရှာကာ ကိုယ့်ဝမ်းကိုယ်ကျောင်း နေကြသည်။ အချို့က မိသားစုကို ထောက်ပံ့နေကြသည်။
တန်ဖိုးကြီးမားသော တက္ကသိုလ်ပညာကို သင်ယူထားခဲ့ခြင်းသည် ကလေးပုခက်နှင့် မီးဖိုချောင် အတွက် မဟုတ်ကြောင်း ဇင် သဘောပေါက်လာသည်။
မောင့်ထံ ဇင် အလုပ်လုပ်ချင်ကြောင်း စာရေးတော့၊ မောင်က မောင်တော့ သဘာမတူနိုင်ဘူး ဇင်၊ ဇင့်ကို မောင် လုပ်ကျွေး နိုင်ပါတယ်" ပြန်ရေးသည်။
မေမေနှင့် တိုင်ပင်တော့၊ မေမေက "သမီးသဘောပဲလေ၊ သမီးလဲ ငယ်တော့တာမှ မဟုတ်ပဲ ချင့်ချိန် လုပ်ပေါ့" ဆိုသည်။
တစ်ခုကောင်းသည်က သမီးဥမ္မာသည် မအေထက် အဘွားကို ပိုပြီးခင်သည်။ အဘွားက လက်သာသည်ကိုး။ အဘွားနှင့် အတူ မြို့မှာပင် ထားခဲ့၍ ရမည်။
ဇင်ရယ်၊ သားရယ်၊ အိမ်ဖော်ရယ်ဆိုတော့၊ ဇင်တို့မှာ အချိန်အားတွေ များစွာ ရနိုင်သည်။
မောင် ဘာပြောပြော ဇင် အလုပ်ထွက်လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။
ဇင်သည် ဖေဖေလုပ်ခဲ့ဖူးသော ရုံးသို့ သွားသည်။ အဆက်အသွယ် ရှာသည်။ ဖေဖေ့ အထက် အရာရှိ တစ်ဦး ၏ ဆက်သွယ်ပေးမှုဖြင့် ရုံးချုပ်မှ အရာရှိတစ်ဦးနှင့် အဆက်အသွယ်ရသည်။
ဇင်နှင့် ပထမအကြိမ် တွေ့ကြသောအခါ … "အန်ကယ် အစွမ်းကုန်ကြိုးစားပေးမယ်၊ စိတ်ချသာ ပြန်" ဟု နှစ်သိမ့် သည်။
စာမေးပွဲ ဖြေရသည်။ အထက်တန်းစာရေး တစ်နေရာအတွက် ဖြေရသည့် လူက နှစ်ဆယ်ကျော်။ သည်အထဲ မှာ ဇင်သည် နံပါတ်တစ်ချိတ်အောင် ဖြေဆိုနိုင်ခဲ့သည်။
မောင့် လခရယ်၊ ဇင့်လခရယ် ပေါင်းလိုက်တော့ အခြေအနေက မဆိုးလှ။ အခါတိုင်းကလို လကုန်ခါ နီး ရက်တွေမှာ ခေါင်းခဲရသည့်အဖြစ်နှင့် စာလျှင်တော့ တော်သေးသည်။
ဇင်သာ ခြစ်ခြစ်ချုတ်ချုပ် သုံးစွဲနိုင်မည်ဆိုလျှင် အ၀တ်အစားဖိုး ပိုထွက်လာနိုင်သည်။ မေမေ့ကိုလည်း ဖဲ့၍ ထောက်ပံ့ နိုင်ဦးမည်။
ဇင်သည် မိမိဘ၀ို တစ်စတစ်စ အဓိပ္ပာယ် ပြည့်ဝလာပြီးဟု အထင်ရောက်လာသည်။ ဇင်သည် အခါတိုင်း ကလို လူပိုမဟုတ်တော့။ အလုပ်ကြီး အကိုင်ကြီးနှင့် ဇင် ဖြစ်လာပါပကော။
ဇင်အလုပ်ဝင်၍ သုံးလအကြာမှာ မောင်ခွင့်နှင့် ရန်ကုန်သို့ ပြန်လာသည်။
မောင်သည် ပြောင်းလဲနေသော ဇင့်ကို တွေ့ရသည်။
တက်ကြွနေသာ ဇင်၊ ရွှင်လန်းနေသော ဇင်။
တစ်နေ့မှာ မောင်သည် အ၀တ်လဲနေသည်ကို ခုတင်တွင် လှဲလျောင်းရင်း ကြည့်နေသည်။
"သိပ်အလှပြင်နေပါလား ဇင်"
"လူထဲသူထဲ သွားနေရတာပဲ မောင်ရဲ့၊ လူနဲ့သူနဲ့ ထိုက်တန်အောင်တော့ ၀တ်ရမှာပေါ့" ဇင်သည် မောင့်အပါး သို့ ကပ်သွားသည်။ ကျီစယ်သည့်ဟန်ဖြင့် မောင့်မျက်နှာအနီးသို့ ပါးကို တိုးပေးလိုက် ရင်း "ဇင်လှ နေတာကိုမောင်က မနာလိုဘူးလား"
ဇင်၏ ပါးတစ်ဖက်မှာ ဖြန်းခနဲ အရိုက်ခံလိုက်ရသည်။ ဇင် ချာလည်လည် သွားသည်။ ယိမ်းယိုင်ပြီး ခုတင်ပေါ် သို့ ထိုင်ကျသွားသည်။
ဇင်သည် အံ့အားသင့်သွားမိသည်။ မောင့်ကို နားမလည်နိုင်သလို ကြည့်နေမိသည်။
"မင်းအလှပြင် နေတာ ငါ့အတွက် ဟုတ်လို့လား၊ မင်းအသစ် တွေ့နေပြီလား"
မောင့် အမေးစကားသည် ဇင့် နားအတွင်း ခါးသီးစွာ ၀င်ရောက်လာသည်။
ဇင် ဘာမျှ ပြန်မပြောမိ။
မောင့်ကိုသာ စိမ်းစိမ်းကြီး ပြန်ကြည့်နေမိသည်။
ရင်ထဲမှာတော့ ဒေါသဂယက်ထန်နေသည်။ ဇင့်မျက်ဝန်းများသည် ပြောင်လက်နေသည်။ နောက်တော့ မျက်ရည်ပေါက် များသည် မျက်လုံးအိမ်မှ စီးကျလာသည်။
ဇင့် တစ်သက်တာတွင် မောင်၏ အရိုက်အနှက်ကို ပထမဆုံးအကြိမ် ခံရဖူးခြင်း ဖြစ်သည်။
မောင်သည် ပြုပြီးမှ သူ့အမှားကို သတိရလိုက်မိပုံပေါ်သည်။
"ဆောရီးပဲ ဇင်"
သူက ဇင့်လက်ကို ဖမ်းကိုင်ရာ ဇင် ခါထုတ်ပင်လိုက်သည်။
သည်တစ်ခေါက် မောင်ပြန်တော့ ဇင်သည် လေယာဉ်ဆိပ်သို့ပင် လိုက်မပို့ဖြစ်ခဲ့ချေ။
ဇင့်မှာ နားမလည်နိုင်အောင် ရှိရသည်။
မောင်သည် ဇင့်ကို အိမ်အလုပ်တွေ၊ လင့်ဝတ္တရားတွေ၊ ကလေးကိစ္စတွေနှင့်သာ အချိန်ကုန်စေချင် သလား။ လူတစ်ယောက် ကို လက်ထပ်လိုက်ခြင်း ဆိုသည်မှာ စင်စစ် မိမိဘ၀ကို သည်အရာ တွေအကြားမှာ စတေး လိုက်ဖို့လား။
မိန်းမနှင့် ယောက်ျားယှဉ်လျှင် မိန်းမသည်သာ အဘက်ဘက်က တန်ဖိုးအချခံထားရသည်။ ကမ္ဘာဦး အစတုန်း ကလည်း အတူတူပင် ဖွားမြောက်လာကြသည်။ အကယ်၍ ဘုရားသခင်က ဖန်ဆင်းထားသည် ဆိုပါစို့။ တူညီ တူမျှ ဖန်ဆင်းခဲ့မည်သာ ဖြစ်သည်။ ဘုရားသခင်သည် ဘယ်သူက သာစေ ဘယ်သူက နာစေ ဟု သဘောထားလိမ့်မည် မထင်ပါ။ မြေမှုန့်ကလာသည် ဆိုလျှင်လည်း မြေမှုန့်ချင်း အတူတူသာ ဖြစ်မည်။
အနောက်နိုင်ငံတွေမှာ မိန်းမတို့ အခွင့်အရေးတိုက်ပွဲ ၀င်နေသည်ဆိုခြင်းကို အစက ဇင်နားမလည် ခဲ့ပါ။ ဘာကြောင့် တိုက်ပွဲဝင်နေတာလဲ၊ ဘာကို တိုက်စရာ ရှိလို့လဲ ထင်ခဲ့သည်။ မိန်းမသားတို့၏ လွတ်လပ်ခွင့်ကို တောင်းဆို နေသည် ဆိုရာတွင်လည်း မိမိအပါအ၀င် မိန်းမသားထု တစ်ရပ်လုံး အတွက်ဟု မထင်မှတ်ခဲ့။
ခုတော့ကြည့် မိန်းမနှင့် ယောက်ျား အတူတကွ ရုံးမှာ လုပ်ကြသည့် အလုပ်သမားတွေ ဆိုပါတော့။ မိန်းမလုပ်သည် မနက်စာအတွက် အိပ်ရာမှ စောထရသည်။ ယောက်ျားလုပ်သူက သတင်းစာ တစ်စောင်နှင့် ပက်လက် ကုလားထိုင် မှာ ဇိမ်ယူကေင်းနေတုန်း ဖတ်သီလိုက်အောင် ချက်ရပြုတ်ရ သည်။ ရုံးဆင်းချိန် ကျပြန်တော့ မိန်းမလုပ်သူက စောပြန်ကာ ဈေးဝင်၊ နောက်တစ်နေ့အတွက် ကြိုတင် ပြင်ဆင်ရပြန်သည်။ ပုရိသ အပေါင်း သူတော်ကောင်းတို့ကတော့ ဘောလုံးပွဲရောက်ချင် ရောက်မည်၊ အရက်ဝိုင်း ရောက်ချင် ရောက်မည်။ ရုပ်ရှင်ကြည့်ချင် ကြည့်နေမည်။ မိန်းမကို စာစာ နာနာနှင့် အိမ်စောစောပြန်သည့် ယောက်ျား ဘယ်နှစ်ယောက် ရှိပါသလဲ။
ထား …။
စနေ၊ တနင်္ဂနွေလို အားရက်ကလေးတွေကျတော့ တပတ်လုံး ၀တ်လာသည့် အ၀တ်တွေ၊ အောင်းထား အ၀တ်ကြွေးတွေ လျှော်ရာဖွတ်ရာကျတော့ကော ဘယ်မင်းယောက်ျားကို ခြင်ထောင် ရေညှစ်ခိုင်း၍ ရပါ သလဲ။
နှစ်ဆယ်ရာခုနှစ်အထိ ခေတ်အဆက်ဆက် ပြဌာန်းခဲ့သည့် ယေဘုယျ ဥပဒေသများ ယောက်ျားတို့ ဘက်က အသာ ချည်းသာ ဖြစ်သည်။
စာအရေးကျဲလာသည်။ တစ်လနှစ်စောင်ပင် ပုံမှန်မလာချင်။
မောင့်ရင်ထဲ မှာ ဘာတွေဖြစ်နေမည်ကို ဇင် သိပါသည်။
မောင်သည် ဇင့်အတွက် နောက်ဆံတင်းကောင်း တင်းနေမည်။ သားမယားနှင့် ခွဲနေရသည့်အတွက် လွမ်းဆွေး နေကောင်းနေမည်။
ဇင်ကိုယ်တိုင်လည်း တစ်ခါတစ်ရံတော့ သည်ခံစားချက်မျိုးတွေနှင့် မောင့်ကို မျှော်မိသည်အမှန်ပင်။
ဇင် ပြောဖူးပါသည်။
"ရန်ကုန်ကို ပြောင်းရအောင် ကြိုးစားပါလား မောင်ရယ်"
"ပြန်ပြောင်းရင်တော့ ဖြစ်ပါတယ်၊ ဒါပေမယ့် မောင် အနည်းအပါးဆိုသလို အနစ်နာခံလိုက်ရင် ပရိုးမိုးရှင်းက ကျိန်းသေနေတယ်။ ဒါကြောင့်ပါ ဇင့်"
မောင့် ရာထူးအတွက်က စိတ်မချရသေးသော်လည်း၊ ဇင့်အတွက်မူ ရေကန်အသင့်ကြာအသင့်လို ဖြစ်နေသည်။ ရုံးတွင်း စာမေးပွဲများ၌ အမှတ်များများရခြင်းဖြင့် ဇင်သည် အဆင့်မြင့်မြင့် တက်လာခဲ့ သည်။
သည်ကတည်း က ဇင် ကျောင်းဆက်တက်ချင်သည်။ ဘွဲ့တစ်ခုခု ယူချင်သည်။
သို့ပေမယ့် သားက ရှိသေးသည်။ သားကို အဖော်နှင့်ချည်း မထားရက်သည် အမှန်။
သမီးဥမ္မာသည် မူလတန်ကြိုသို့ စတင် တက်ရောက်နေပြီ။
ယခင် အိမ်မှုကိစ္စတွေချည်း ကုန်းရုန်းလုပ်နေစဉ်က ကမ္ဘာကို ထိတွေ့ခွင့်ရပြီဆိုသောအခါ တစ်နေ့တာသည် ဘယ်ပုံဘယ်နည်း ကုန်းဆုံးသွားမှန်းပင် မသိလိုက်ချေ။
မောင့်ထံမှ စာလာသည်။ သည်လကုန်တွင် ခွင့်နှင့် ပြန်လာမည်ဟု ဆိုသည်။ မောင့်စာမှာ ထူးခြား သည်က အိမ်သား အားလုံးကို တွေ့ဆုံချင်သည်ဟု ဆိုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာတော့ သမီးဥမ္မာကိုပါ ရှိနေစေ ချင်သည့် သဘောဖြစ်သည်။ တစ်ခါတစ်ရံ မောင်ပြန်လာခိုက်တွင် သမီးနှင့် ဆုံချင်မှ ဆုံကြသည်။
မောင့်ဆန္ဒ အတိုင်း သမီးဥမ္မာကို ခေါ်ယူထားခဲ့သည်။
လကုန်ရက်တွင် မောင်ပြန်လာသည်။
မောင့်အမူအရာတွေ ထူးခြားနေသည်။ မောင်သည် အခါတိုင်းကလို ရွှင်ရွှင်ပြပြ မရှိလှ။ မောင့် ပြုံးဟန် ရယ်ဟန်တွေက အသက်မပါ။ မောင့်မျက်ဝန်းသည် တစ်စုံတစ်ရာဖြင့် မှိုင်းရီနေသလို ရှိ သည်။
မောင်သည် ရန်ကုန်မှာ တစ်ပတ်နေသည်။ ဇင်နှင့် ကလေးတွေကို အခါတိုင်းထက် ဂရုစိုက်သည်။ ဘုရားကို ခေါ်သည်။ တိရစ္ဆာန်ရုံသို့ သွားသည်။ ဟိုတယ်တွေမှာ ညစာစားကြသည်။ သို့တိုင် မောင့်အသွင် အပြင် တွေက အေးတိအေးစက်နှင့်။ ထုံထုံထိုင်းထိုင်းနှင့်။
ဇင့်ရင်ထဲမှာ တော့ ထိတ်နေသည်။
တစ်ခုခု ပဲတော့ ထင်သည်။ ဘာတစ်ခုခုလဲ ဆိုသည်ကို မသိခြင်းက ခက်နေသည်။ သို့သော်လည်း ဘာမျှမပြောဘဲ မောင့်နောက်သို့ ကြည်ကြည်သာသာပင် လျှောက်လိုက်ခဲ့သည်။
တစ်ပတ်ပြည့်သောနေ့။
ကလေးတွေ အိပ်စက်ကုန်ကြလေပြီ။
မောင်သည် အိမ်ရှေ့ခန်းမှာ ငူငူကြီး ထိုင်နေသည်။ ဇင်သည်လည်း သူ့အပါးမှ ဆိတ်ငြိမ်လျက်နှင့် ပင်။
ခဏအကြာ တွင် မောင် မီးဖိုးခန်းသို့ ၀င်သည်။ ဇင် နောက်က လိုက်ခဲ့သည်။
မောင် သည် အရက်ပုလင်းထဲမှ အရက်ကို ငှဲ့နေကြောင်း တွေ့ရသည်။
"မောင် ထပ်သောက်ဦးမလို့လား"
"အင်း"
"အရင်က ထမင်းစားပြီးရင် မောင်မသောက်ပါဘူး"
အမှန်ပင်၊ မောင်ဘယ်လောက် အရက်ကြိုက်သည် ဆိုဆို ညစာထမင်း စားအပြီးမှာ သောက်လေ့သောက်ထ မရှိခဲ့။
"ထိုင်ပါလား ဇင်"
မောင်က ထမင်းစား စားပွဲမှ ကုလားထိုင်တစ်လုံးကို ညွှန်ပြသ်ည။
ဇင် ၀င်ထိုင်လိုက်ရသည်။
မောင့်တွင် ပြောစရာစကားတွေ ရှိနေသည်ကို ဇင် သိသည်။ မောင် အပြောရခက်နေသည်ကိုလည်း ဇင် ရိပ်မိသည်။
မောင်သည် ဇင်နှင့် မျက်နှာချင်းဆိုင် ကုလားထိုင်၌ ၀င်ထိုင်သည်။ အရက်ကိုကား မသောက်ဖြစ် သေး။ ဖန်ခွက်ကို လှည့်နေသည်။ ခေါင်းငုံ့ကာ ဖန်ခွက်အတွင်း စိုက်ကြည့်နေသည်။
အတော်ကြီးကြာမှ မောင့်အသံကို ကြားရသည်။
"ဇင်"
ဇင်က ပြန်မထူးဘဲ မောင့်မျက်နှာကို မော့ကြည့်သည်။
"မောင့်က ဇင့်ကို ပြောစရာစကားတွေ ရှိတယ်"
"ဇင် သိပါတယ်"
"မောင် မှားမိခဲ့တယ်၊ အဓိက တရားခံကတော့ အရက်ပေါ့လေ" မောင်သည် သက်ပြင်းကို လေးကန်စွာ ချသည်။ "နောက်တစ်ခုကလဲ ဟိုဘက်က အနေအထိုင် မတတ်တာ၊ လိုက်လျော လွန်းတာတွေလဲ ပါတယ်"
ဇင့်ရင်ထဲတွင် ပြင်းစွာ လှုပ်ရှားနေသော်လည်း ဇင်သည် မျက်နှာပျက်မသွားအောင် ကြိုးစား ထိန်းချုပ် နေလိုက်သည်။
"မောင့်မှာ သိပ် အကျဉ်းအကျပ် တွေ့နေရတယ် ဇင်"
ဇင်သည် သက်ပြင်းတစ်ချက်ကို ကျိတ်ရှိုက်လိုက်သည်။
"သူပဲ မဟုတ်လား၊ ဇင်တွေ့ခဲ့တဲ့ ကလေးမကလေးပဲ မဟုတ်လား"
မောင်က နှုတ်ဖြင့်မဖြေဘဲ ခေါင်းညိတ်ပြသည်။
"ဇင် သတိပေးခဲ့သားပဲ"
"မောင် မှားပါတယ်၊ သိပ်ကို မှားပါတယ်"
မောင့်မျက်ဝန်းသည် မျက်ရည်ကျတော့မတတ် အရည်လည်နေသည်။ မောင့်နှုတ်ခမ်းသည် တဆတ်ဆတ် တုန်လေတတော့မလား ထင်ရသည်။
"မောင် ရန်ကုန်ကို ပြန်ပြောင်းခဲ့ရင် ကောင်းမယ်လို့ ဇင်ထင်တယ်"
ဇင်က စကားထောက်ပေးသည့်တိုင် မောင့်အသံသည် တော်တော်နှင့် ပေါ်ထွက်မလာခဲ့။
အတော်ကြီးကြာမှ မောင်က ခေါင်းကိုရမ်းခါ ပြလိုက်သည်။
ဆက်ရန်
.

5 comments:
ဟင်း..
အဲဒီလို တကွဲတပြားစီနေရတဲ့ အိမ်ထောင်သည်တွေအတွက် စိတ်မောမိတယ်..။
တကယ်ပဲ..
စိတ်ချရလည်းအခက်..စိတ်မချဘူးပြောပြန်တော့လည်း စိတ်ဆိုးကြပြန်ရော..
ကဲ..
ခုကြည့်ပါအုံး..
ဘာဆက်လုပ်ကြမလဲ...
“မှားသွားပါတယ်.”ဆိုယုံနဲ့ ပြီးရောလား..။
နောက်ဆုံးတော့ မိန်းမချင်း ကိုယ်ချင်းစာစိတ်နဲ့ပဲ နားလည်မှုယူလိုက်ကြရတာပဲမဟုတ်လား..။
ဆယ်နှစ်ရွယ်သမီး..နဲ့မှားတာလား..စာရိုက်တာမှားသွား
တာလား...အဲဒီအရွယ်နဲ့သာဆိုရင်တော့..ဒီယောက်ျား
မျိုးဆယ်ခါပြန်သွားပါစေ၊မလွမ်းလောက်ဘူးထင်တယ်..။
မူရင်း စာအုပ်ထဲမှာ ကို ၁ဝနှစ်သမီး လို့ပါနေတယ် စာအုပ်တိုက်က မှားတာထင်တယ် ၁ဝနှစ်သမီး တော့ မဖြစ်နိုင်ဘူး
ကျေးဇူးပါ
ရွှေစင်ဦး
ခက်တယ်..ခက်တယ်...
ဒါမျိုးတွေ ခက်တယ်...ဘယ်သူ့ကိုမှ မကြုံစေချင်ဘူးကွယ်။
ထင်ထားတဲ့အတိုင်းပါပဲလား... မိန်းမနဲ့ ဝေးသွားရင် ဖြစ်နေကျ ယောက်ျားအများစု(အများစု... အားလုံးလို့ မဆိုလိုပါ။ သူများတွေ ဆော်ပလော် မလာခင် ကြိုရေးထားတာ မမ) ရဲ့ လမ်းဟောင်းချည်းပါပဲလား...:(
မမရေ
ပူးတေ တပတ်လောက်ပျောက်ဦးမယ်...ဒီထက်ပိုကြာရင်လဲကြာမလားပဲ။ ရန်ကုန်ပြန်မလို့... မန်းလေးတော့ မလာဖြစ်တော့ဘူးထင်တယ်...နောက်တခေါက်မှ တွေ့ကြတာပေါ့နော်..
ပြန်လာမှ အကြွေးတွေ လာပြန်ဖတ်မယ်နော်
Post a Comment