တစ်ပုလင်းလုံး မင်းတစ်ယောက် တည်းသောက်မပစ်အောင် စောင့်ကြည့်မယ့် တာဝန်ကတော့ ငါ့မှာ ရှိလိမ့် မယ်"
ဒင်နီသည် ဘရန်ဒီပုလင်းအကြောင်းကို လုံးဝစကားစပ်၍ မပြောတော့ပေ။ " ဟေ့ ဟောဒီနေရာလေးက ရှင်း တယ်။ ဒီနေရာမှာ ၀က်ပေါင်ခြောက် ကို ငါက ဟင်းချက်မယ်၊ ဒီအိတ်ထဲက သကြားပေါင်မုန့်ကို မင်းက မီးကင်။ မင်းရဲ့ ဘရန်ဒီပုလင်း ကိုတော့ ဟောဒီမှာ ချထားပေါ့ ပီလွန်ရာ၊ ဒီနေရာဟာ အကောင်းဆုံးနေရာပဲ၊ တို့နှစ် ယောက်လုံး မြင်နိုင်တဲ့ နေရာကွ"
သူတို့သည် မီးတစ်ဖို မွှေးလိုက်ကြပြီး ၀က်ပေါင်ခြောက်များကို မီးကင်ကြသည်။ မလတ်ဆတ် တော့သည့် ပေါင် မုန့် ကို စားကြသည်။ ပုလင်းထဲမှ ဘရန်ဒီသည် လျင်မြန်စွာလျော့လာသည်။
စားပြီးကြ သောအခါ သူတို့သည် မီးဖိုနားသို့ တိုးဝှေ့၍ ထိုင်ကြကာ ၀တ်ရည်စုပ်နေသော ပျားများသဖွယ် ပုလင်းထဲ မှ ဘရန်ဒီကို ဖြည်းဖြည်းချင်း သောက်ကြသည်။ ဆီးနှင်းများသည် သူတို့အပေါ်သို့ တဖွဲဖွဲ ကျဆင်း လျက်ရှိရာ သူတို့ ကုတ်အင်္ကျီများမှာ ရွှဲရွှဲစို လျက်ရှိ၏။ သူတို့၏ ဘေးပတ်ပတ်လည်ရှိ ထင်းရှူးပင်များကြားမှ တိုးဝှေ့ တိုက်ခတ် လျက်ရှိသောလေသည် ၀မ်းနည်းကြေကွဲသံနှင့် ညည်းညူလျက်ရှိလေသည်။
တစ်ခဏမျှအကြာတွင် အထီးကျန်နိုင်လှသော စိတ်သည် ဒင်နီနှင့် ပီလွန်တို့အပေါ်ကျရောက်လာသည်။ ဒင်နီ သည် ဆုံးရှုံးသွားခဲ့သော သူငယ်ချင်းများ အကြောင်းကို တွေးနေသည်။
" အာသာမော်ရဲတစ်ယောက် ဘယ်ရောက်သွားပြီလဲ" ဒင်နီက သူ့လက်ဖ၀ါးများကို လှန်လိုက်ပြီး လက်များ ကို ရှေ့သိုဆန့်၍မေးသည်။ " ပြင်သစ်နိုင်ငံထဲမှာ သေသွားခဲ့ပြီ"ဟု လက်ဖ၀ါးများကို မှောက်လိုက်ပြီး စိတ်ပျက်လက် ပျက်အမူအရာဖြင့် လက်များကို ပြန်ချကာ သူ့မေးခွန်း သူပြန်ဖြေသည်။
" သူသေရတာ သူနိုင်ငံ အတွက် နိုင်ငံခြားတိုင်းပြည်တစ်ပြည်မှာသွားပြီး သေရတယ်။ သူနဲ့မသိတဲ့ သူစိမ်းတစ်ရံဆံတွေက သူ့မြေပုံနားမှာ လမ်းလျှောက်နေကြမှာပဲ၊ သူတို့ကတော့ အဲဒီနေရာက မြေကြီးထဲမှာ အာသာမော်ရဲ တစ်ယော် လဲလျောင်းနေတာ ဘယ်သိကြမလဲ" သူသည် လက်များကို ပြန်၍ မြှောက် လိုက်ပြန်သည်။ " ငါတို့ သူငယ်ချင်း ကောင်းမက်ဘလို ကော ဘယ်ရောက်နေလဲ "
" ထောင်ထဲမှာ " ဟု ပီလွန်ကပြောသည်။ " မက်ဘလို က ငန်းတစ်ကောင်ခိုးလာပြီး ချုံတောထဲ ၀င်ပုန်း နေတယ်။ ငန်း က သူ့ကို ဆိတ်တော့ မက်ဘလို က လန့်အော်တယ်။ ဒါနဲ့ပဲ သူ့ကို ဖမ်းမိသွားရော၊ အခုတော့ ထောင်ထဲ ရောက်သွားပြီး ခြောက်လ နေရမယ် "
ဒင်နီက သက်ပြင်းချလိုက်ပြီး ပြောနေသည့်အကြောင်းအရာကို ပြောင်းသည်။ အမှန်တော့ သူငယ်ချင်းတွေ အကြောင်း လျှောက်ပြောနေခြင်းမှာ အထီးကျန်နိုင်လွန်း၍ ပြောစရာမရှိ ပြောစရာရှာပြီး ပြောနေခြင်းဖြစ်၏။ သို့ သော်လည်း အထီးကျန်နိုင်မှုသည် ယခုအထိ ပျောက်မသွား။ သူသည် ထွက်ပေါက်တစ်ခုရှာပြန်သည်။ နောက် ဆုံးတွင် သူက " တို့များ ဒီမှာလာပြီး ထိုင်နေကြတယ် " ဟု စကားစလေသည်။
" ကြေကွဲသော နှလုံးသားနဲ့ကွယ်" ဟု ပီလွန်က နဘေသံဖြင့် ဒင်နီ၏ စကားကို ဆက်ပေးသည်။
" လုပ်မနေစမ်းပါနဲ့၊ ဒါကဗျာတစ်ပုဒ်မှ တဟုတ်ဘဲ" ဟု ဒင်နီက ပြောသည်။ " ငါတို့က ဒီမှာလာပြီး ထိုင်နေ ကြတယ်၊ အိမ်ခြေယာမဲ့ ဖြစ်နေလို့။ ငါတို့ဟာ ငါတို့ တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြသည်။ အခုတော့ ငါတို့ ခေါင်းပေါ်မှာ အမိုးတောင်မရှိဘူး။"
" အံမယ် ... ဘယ်တုန်းကများ ငါတို့ခေါင်းပေါ်မှာ အမိုးရှိခဲ့ဖူးလို့လဲကွာ" ဟု ပီလွန်က လှမ်းပြောသည်။
ဒင်နီက ဘရန်ဒီပုလင်းကို မော့သည်။ ပီလွန်က သူ့တံတောင်ကို တို့၍ သတိပေးပြီး ပုလင်းကို သူ့ လက်ထဲမှ ဆွဲယူကာ မှပင် အမော့ရပ်သည်။ " ဒီအဖြစ်ကြောင့် ဖာအိမ်နှစ်အိမ် ပိုင် တဲ့ လူတစ်ယောက်အကြောင်း ကို ငါ သတ်မိတယ်"ဟု ဒင်နီက ပြောသည်။ ချက်ချင်းပင် သူ့ပါးစပ်သည် ဟသွားသည်။ "ပီလွန်" ဟု ထအော်သည်။ "ဟေ့ ပီလွန်။ ၀၀ကစ်ကစ် ဘဲကလေးတစ်ကောင် တူတဲ့ ငါ့သူငယ်ချင်းရယ်။ ငါ မေ့နေလိုက်တာကွာ၊ ငါ အမွေစား အမွေခံ တစ်ယောက်ဖြစ်နေပြီဟေ့၊ ငါ အိမ်နှစ်လုံး တောင် ပိုင်နေပြီ သိလား"
" ဖာအိမ် တွေလား "ဟု ပီလွန်က မျှော်လင့်ချက်ကြီးစွာဖြင့် မေးသည်။ " မင်းဆိုတဲ့ကောင်ဟာ အမူးသမား လူ ညာ တစ်ယောက် ပဲ"ဟု ဆက်ပြောသည်။
" မဟုတ်ဘူး ပီလွန်၊ ငါအမှုန်ပြောတာ၊ ငါ့အဘိုး သေသွားပြီ။ ငါနဲ့ အဲဒီအဘိုးရဲ့ အမွေခံဖြစ်လာတာ။ ငါက သူ့ ရဲ့ အချစ်ဆုံးမြေး လေကွာ"
မင်း က တစ်သီးတည်း သော မြေးလား "ဟု လက်တွေ့သမား ပီလွန် ပြောသည်။ " အဲဒီ အိမ်နှစ်လုံး က ဘယ် မှာလဲ"
" တော်တီလာဖလက် ရပ်ကွက် ထဲ က အဘိုး ရဲ့ အိမ်ကို မင်းသိတယ်မဟုတ်လား ပီလွန်"
" ဒီမွန်ထရေးမြို့မှာလား "
" ဟုတ်တယ်လေကွာ၊ ဟောဒီတော်တီလာဖလက်ရပ်ကွက်ထဲမှာပေါ့"
" အဲဒီ အိမ်နှစ်လုံး က ကောင်းကော ကောင်းသေးရဲ့လား"
ဒင်နီ သည် စိတ်လှုပ်ရှားလျက်ရှိသဖြင့် အမောတကော ဖြစ်နေသည်။
" ငါလည်း မသိသေးဘူးကွ၊ သူတို့ကို ငါပိုင်တာတောင် မေ့နေတာ
ပီလွန် သည် နှုတ်ဆိတ်သွားကာ တစ်စုံတစ်ရာကို လေးလေးနက်နက် တွေးနေသည်။ သူ့မျက်နှာသည် ပူဆွေး သောကရောက်ခြင်းကို ဖော်ပြနေသည်။ သူသည် ထင်းရှူးသား လက်တစ်ဆုပ်စာကိုယူ၍ မီးဖိုထဲသို့ ပစ်ထည့် လိုက်၏။ တဟုန်းဟုန်းတောက်နေသော မီးတောက်များကို ပြန်ငြိမ်းသွားသည်အထိ ငေးစိုက်ကြည့် နေသည်။ ပြီးတော့ သူသည် သောကမကင်းသည့် မျက်နှာထားဖြင့် ဒင်နီ၏ မျက်နှာကို အချိန်အတော်ကြာမျှ စိုက်ကြည့်နေသည်။ ထို့နောက် သက်ပြင်းကြီးတစ်ချက်ချသည်။
" အခုတော့ ပြီးသွားပါပြီပေါ့ကွာ"ဟု ၀မ်းနည်း သံဖြင့်ပြောသည်။ " အခုတော့ ပျော်စရာအချိန်တွေဟာ ကုန်ဆုံးသွားပြီပေါ့။ မင်းရဲသူငယ်ချင်းတွေကတော့ ၀မ်း နည်းကြမှာပါ၊ ဒါပေမယ့် သူတို့ရဲ့ ၀မ်းနည်းမှုထဲက ဘာတစ်ခုမှ ထွက်လာမှာ မဟုတ်တော့ပါဘူး"
ဒင်နီက လက်ထဲမှ ဘရန်ဒီပုလင်းကို ချထားလိုက်သဖြင့် ပီလွန်က ကောက်ယူပြီး သူ့ရင်ခွင်ထဲသို့ ထည့်ထား လိုက်လေသည်။
" နေပါဦး၊ ညပီးသွားပြီဆိုတာ ဘာလဲကွ" ဟု ဒင်နီက မေးသည်။ " မင်းပြောတဲ့ အဓိပ္ပာယ်က ဘာလဲ"
" အခုဟာ မျိုးနဲ့ကြုံရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူးကွာ" ဟု ပီလွန် က ဆိုသည်။ " လူတစ်ယောက် ဆင်းရဲ နေ တဲ့ အခါ မှာ တွေးတတ်တယ်၊ တကယ်လို့ ငါ့မှာ ပိုက်ဆံရှိလာရင် ငါ့သူငယ်ချင်းတွေ နဲ့ ဝေမျှ သုံးမယ် ပေါ့၊ ဒါပေမယ့် ပိုက်ဆံလည်း ရလာရော စေတနာလည်း ဝေးရာကို ပြေးပါလေရော။ မင်းလည်းပဲ ဒီအတိုင်း ဖြစ်မှာ ပါပဲ သူငယ်ချင်း ရယ်၊ မင်းက မင်းသူငယ်ချင်းထက် မြင့်သွားပြီမဟုတ်လား။ မင်းက ပစ္စည်း ပိုင်ရှင်ကြီး တစ်ယောက်ဖြစ်သွားပြ၊ီလေ၊ ရသမျှ ဝေမျှ ပေးခဲ့တဲ့ မင်းရဲ့ သူငယ်ချင်းတွေကိုလည်း မင်း မေ့သွားမှာပါ။ သူတို့က ခွဲဝေတိုက်ခဲ့တဲ့ ဘရန်ဒီ ကို တောင်မှ သတိရမှာ မဟုတ်တော့ပါဘူး"
ပီလွန်၏ စကားများသည် ဒင်နီ့စိတ်ကို များစွာ ထိခိုက်စေသည်။ ငါ အဲသလိုကောင်စားမဟုတ်ဘူးကွ"ဟု အော် ပြောသည်။ " ငါ မင်းကို ဘယ်တော့ မှ မမေ့ဘူး ပီလွန်"
" အေးပေါ့လေ၊ အခု အချိန်မှာတော့ မင်း အဲသလိုပဲ ထင်မှာပေါ့" ဟု ပီလွန် က အေးတိအေးစက်လေသံဖြင့် ပြောသည်။ ဒါပေမယ့် မင်းမှာ အိပ်စရာ၊ နေစရာ အိမ်နှစ်လုံးရှိလာတဲ့အခါကျတော့ မင်းသိလာ မြင်လာမှာ ပေါ့၊ မင်းက မြို့တော်ဝန်နဲ့ ထမင်းလက်ဆုံ စားချိန် မှာ ပီလွန် ဟာ သာမည အောက်တန်းစား ဆင်းရဲ သား တစ်ယောက် ဖြစ်နေမှာကွ"
ဒင်နီ က ဒယီးဒယိုင်ထရပ်ပြီး သူ့ကိုယ်သူဟန်နိုင်ရန် သစ်ပင်တစ်ပင်ကို မှီလိုက်၏။ " ဒီမှာဟေ့ ပီလွန်၊ ငါ ကျိန်ပြော လိုက်မယ်၊ ငါပိုင်သမျှမင်းပစ္စည်း၊ ငါ့မှာ အိမ်တစ်လုံးရှိရင် မင်းမှာလည်း အိမ်တစ်လုံး ရှိတယ် လို့ သာ မှတ်လိုက်၊ ကဲကွာ ငါ့ကို ဘရန်ဒီတစ်ကျိုက်လောက် ပေးပါဦး"
" မင်းလိုလူစား ကို ယုံရမယ် မယုံရဘူးဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့လေကွာ ဟု ပီလွန် က သိပ်ပြီး အားမရှိသော လေသံဖြင့် ပြောသည်။ တကယ်လို့ မင်းပြောတဲ့အတိုင်း ဖြစ်လာရင်တော့ အံ့သြစရာ သိပ်ကောင်း တဲ့ လောကကြီးတစ်ခု ဖြစ်လာမှာပဲ။ မိုင်ပေါင်း ထောင်ပေါင်းများစွာ ဝေးကွာတဲ့ အရပ်ဒေသက လူ တွေတောင် ဒီအဖြစ်ကို လာပြီးကြည့်ကြလိမ့်မယ်သိလား။ အေး ပြီးတော့ ပုလင်းကတော့ ပြောင်တလင်းခါ သွားပြီကွ"
-----------------------------
ဆက်ရန်
.

2 comments:
ဖတ်ပြီးသွားပြီအမ
အပိုင်း ၅ မျှော်နေပါတယ်။
(မြစ်ကျိုးအင်း)
ဖတ်ပြီးကြောင်းး)
Post a Comment