အခန်း (၁၇)
ဤနေ့တွင် ကျောင်းဆရာမ မခင်ရွှေက အထူးကိစ္စတစ်ရပ်ကို ပြောဆိုလိုသည့်အတွက် ဆက်ဆက်ကြွှလာကြ ပါရန် ဖိတ်ကြားချက်အရ ကြင်ကြင်၏ မိဘနှစ်ပါးနှင့် မောင်စိန်းမောင်တို့၊ ဘွားရွှေအိမ် သားအမိ နေအိမ်သို့ ရောက်လာကြသည်။
ငါးရံ့ခြောက် မီးဖုတ်ဆီးဆမ်း၊ ပေါက်ပေါက်ဆုပ်၊ ငါးကြော်၊ လက်ဖက်ရည်ကြမ်းဝိုင်းကို မခင်ရွှေက စားချင် စဖွယ် ပြင်ဆင်ပြီးဧည့်ဝတ်တည်ခင်းသည်။
မောင်စိန်းမောင်၏ မျက်နှာကမူ လာနေကျအတိုင်း မည်သို့မျှ မထူးခြားသော်လည်း မခင်ရွှေက မခင်ရွှေက ပြောစရာ အထူးရှိပါသည်ဆိုသော ကိစ္စကို အလွန်အမင်း သိချင်နေသည်။
ကြင်ကြင်၏ မိဘနှစ်ပါးကို ဖိတ်ကြားထားသောကြောင့် ထိုပြောစရာအထူးသည် သူတို့သုံးပွင့်ဆိုင် ဇာတ်လမ်း အကြောင်းပင် ဖြစ်ပေလိမ့်မည်ဟု တွေးသည်။
ကြင်ကြင်၏ မိဘနှစ်ပါးကမူ မခင်ရွှေကို သမီးကြင်ကြင်၊ မောင်စိန်းမောင်တို့နှင့် ပတ်သက်လာသည့် အချိန် ကစပြီး မျက်နှာထားတင်းမာလာခဲ့သည့်အတိုင်း ယခုလည်း တင်းမာလျက်ပင် ဖြစ်သည်။
တို့ကြောင့် ဖိတ်ကြားချက်ကို မလာ၍ မကောင်းသည့်အတွက်သာ လာသည်။ မခင်ရွှေကို စတင်မေးမြန်းခြင်း မပြုဘဲ ဘွားရွှေအိမ်သို့ သားအမိကိုသာ မေးမြန်းပြေးဆိုနေကြသည်။
''ပြောစရာကိစ္စကို ဆရာမက ပြောမှာပါ။ ငါ့ကိုမေးတော့ ငါကဘာပြောတတ်မှာလဲ''
မခင်ရွှေ ကို ဆက်ဆံသည့် ကြင်ကြင့် မိဘနှစ်ပါး မျက်နှာထားနှင့် လေသံကို မကြိုက်သော ဘွားရွှေအိမ်က စကားကို ပိတ်ပြောလိုက်သည့် အတွက် ကြင်ကြင့် မိဘနှစ်ပါးသည် မျက်နှာထား တင်းတင်း၊ နှုတ်ဆိတ်ဆိပ် ဖြင့် မခင်ရွှေ စတင်ပြောအံ့သည်ကို နားစင့်နေကြသည်။
မခင်ရွှေက လက်ဖက်ရည်သောက်ကြရန် ဧည့်ဝတ်ပြုပြီး စကားစတင်ပြောလို၏။
''ကိုစိန်းမောင် ခြံကြီးထဲကို အလည်ရောက်နေတဲ့ သူစိမ်း ဧည့်သသည်အကြောင်းကို ကိုစိန်းမောင် ဘယ်လောက်စုံစုံလင်လင် သိပါသလဲ''
မဆိုင်သည့် အကြောင်းကို မေးသည်ဟု ကြင်ကြင့် မိဘနှစ်ပါးက ထင်လိုက်သည်။ စမ်းမြိုင်ခြံကြီး ထဲကို ရောက်နေသည့် ဧည့်သည်သူစိမ်းနဲ့ တို့နဲ့ ဘာဆိုင်လို့ တို့ကို အထူးတလည် ဖိတ်ကြားပြော ရတာလဲဟု တွေးလိုက်မိကြသည်။
မောင်စိန်းမောင်ကမူ မခင်ရွှေ မေးခွန်းကို လေးလေးစားစားပင် ဖြေသည်။
'' ဆရာမကိုကျွန်တော် ပြောခဲ့တဲ့အတိုင်း မိဘတွေ လက်ထက်ကတည်းက သူ့မိဘတွေနဲ့ ကျွန်တော့်မိဘတွေ ခင်လာခဲ့ကြတယ်၊ သူနဲ့ ကျွန်တော်လည်း ခင်ခဲ့ကြတယ်။ ဒါကြောင့် အလည်လာတာကို ကျွန်တော် ဧည့်ခံထားခဲ့တာပါ ''
'' ဒီဧည့်သည် ရောက်လာစဉ်က ကိုစိန်းမောင် ဧည့်စာရင်းတိုင်ခဲ့တယ် မဟုတ်လား။ အဲဒီလို ဧည့်စာရင်း တိုင်စဉ် က ကိုစိန်းမောင်ရဲ့ ဧည့်သည်ကို ဘာကြောင့် လူမျိုးကွဲ၊ ဘာသာကွဲလို့ ထည့် မတိုင်လဲ ''
မခင်ရွှေ ပြောဆိုမေးမြန်းနေဟန်သည် မောင်စိန်းမောင်ကို ချစ်ခင်ကြင်နာသည့် ဟန်မျိုးမပါဘဲ သူ စာသင်ပေး နေသည့် တပည့်လေးတစ်ယောက်ကို ဆုံးမရန် အကြောင်းရှိနေသည့်အတွက် အပြစ်ကို ထောက်ပြ မေးမြန်းနေသည့်ဟန်မျိုး ဖြစ်နေသည်။
ကြင်ကြင်၏ မိဘနျစ်ပါးသည် မခင်ရွှေက မောင်စိန်းမောင်ကို ဆွဲဆောင်သည့် ဟန်မူရာမျိုးဖြင့် စကားပြောလိမ့်မည်ဟု ယူဆခဲ့ကြသည်။
ယခု မခင်ရွှေ တည်ငြိမ်လေးနက်သော မျက်နှာ၊ အသံဖြင့် မေးမြန်းပြောဆိုနေသည်ကို တွေ့မြင်ရ သည် တစ်ကြောင်း၊ မေးမြန်းပြောဆိုနေသည့် အကြောင်းအရာကိုလည်း စိတ်ဝင်စားလာသည် တစ်ကြောင်း တို့ကြောင့် ငြိမ်သက်စွာ နားစိုက်ထောင်နေကြသည်။
မခင်ရွှေ အမေးကို မောင်စိန်းမောင်က ဖြေသည်။
'' ကျွန်တော်လည်း အဲဒီအချက်ကို ထည့်မပြောခဲ့မိဘူး ဆရာမ၊ အရေးကြီးတယ်လို့ မထင်လို့ပါ။ နောက်ပြီး ကျွန်တော် နဲ့ ခင်မင်လာခဲ့တဲ့ မိတ်ဟောင်းဆွေဟောင်းဆိုတော့ ဒီ အမျိုးဘာသာ မတူတာနဲ့ ကျွန်တော် တို့ ရွာကို ဘယ်လိုမှ ထိခိုက်မယ် မထင်မိလို့ပါပဲ ''
'' ဒီလူမျိုးကွဲ ဧည့်သည်ဟာ သူရောက်လေရာ နေရာမှာ ထိခိုက်အောင် လုပ်နေတာကို မသိကြလို့ ပေါ့ပေါ့တန်တန် သဘောထားပြီး ဒီလောက် ရက်ရှည်ကြီးကို ကိုစိန်းမောင် လက်ခံထားတာ အများ ကြီး မှားနေပြီ။ ဒီဧည့်သည်ကြောင့် ရေပြာအိုင်ရွာဟာ အမျိုးဘာသာကို ထိခိုက်တော့မယ်ဆိုတာကို ဘယ်သူမှ မသိကြသေးဘူး ''
မခင်ရွှေသည် ထိုစကားကို အကြောင်းမဲ့သက်သက် ပြောခြင်းမဟုတ်ကြောင်း ကိုစိန်းမောင်က ရိပ်မိ လိုက်သည်။ ကြင်ကြင်၏ မိဘနှစ်ပါးကား မခင်ရွှေ စကားတွေ လေးနက်ကြောင်းကို သဘောမပေါက်နိုင်သေးချေ။
'' ပြောပါ ဆရာမ၊ ရွာကို ထိခိုက်စေမယ့် ကိစ္စဆိုရင် ကျွန်တော် လိုက်နာပါ့မယ် ''
ကိုစိန်းမောင် ပြောသည်။ ထိုအခါ မခင်ရွှေက ရေပြာအိုင်ရွာကို ဒုတိယအကြိမ် မလာမီ သူအမှုထမ်း ခဲ့သည့်မြို့ မှ မြွေနိုင်ဆရာကြီး ဘသာပေါ်၏ ညီနှင့်ညီမဖြစ်သော အဘိုးကြီး၊ အဘွားကြီးတို့နှင့် မြစ်မလေး တို့ကို သူ မည်သို့ ကူညီကယ်တင်ခဲ့ကြောင်းကို ပြန်လည်ပြောပြပြီး ...
'' အဲဒီ အချိန်က ကျွန်မ ကယ်တင်ကူညီလိုက်တဲ့ မိန်းကလေးကို လက်လွတ်သွားရလို့ ကျွန်မကို ရန်သူလို လာရောက်လည်ပတ်နေတဲ့ ကိုမျိုးနှစ်ဆိုတဲ့ လူပါပဲ ကိုစိန်းမောင်''
ဒုတိယအကြိမ် မခင်ရွှေ ပြန်ရောက်လာပြီး ဘသာပေါ်တို့ အကြောင်းကို ပြောပြစဉ်က သူ့ကိုယ်ကိုသူ ကိုယ်ရည်သွေးသည်ဟု ထင်မည်ဆိုးသောကြောင့် မြစ်မလေးကို ကယ်တင်ခဲ့သည့် အကြောင်း မပြောခဲ့ဘဲ ယခုမှ အကြောင်းတိုက်ဆိုင်လာသည့်အတွက် ထုတ်ပြောလိုက်ခြင်းဖြစ်သည်။
မောင်စိန်းမောင်သည် တစ်ခုသော အကြောင်းကို တွေးမိဟန်ဖြင့် ဦးခေါင်းငုံ့နေသည်။ ကြင်ကြင်၏ မိဘနှစ်ပါး ကမူ တင်းနေခဲ့သည် မျက်နှာတွေကို လျှော့ချလိုက်ကြသည်။ မခင်ရွှေကို လေးစား ကြည်ညို သောစိတ် မသိမသာ ပေါ်လာကြသည်။ မခင်ရွှေက ဆက်ပြောလိုက်၏။
'' ဒီလိုလူမျိုးကို ကိုစိန်းမောင်က မိတ်ကောင်းဆွေကောင်းဆိုပြီး လက်ခံထားတာကိုတော့ အခုချိန်ကစပြီး ပြတ်ပြတ်သားသား ရုပ်သိမ်းလိုက်ဖို့ ကောင်းပါတယ်။ ဟို ... ဘသာပေါ်ရဲ့ မြစ်မလေးကို ၀ါးမျိုးမယ့်အကြံ၊ ကျွန်မ ကြောင့် မအောင်မြင်တော့ အခု ဒီရေပြာအိုင်ရွာမှာ ဒီအကြံမျိုးကို ကြိုးစားပြန်ပြီ။ အောင်မြင် နေတာ ကို သိရတော့ ကျွန်မ တော်တော် စိတ်ဆင်းရဲမိပါ တယ်''
ဦးခေါင်းငုံ့နေသော ကိုစိန်းမောင်သည် မျက်နှာ ပျက်ပျက်ဖြင့် ပြောလိုက်သည်။
'' ဆရာမ အချိန်မီ သတိပေးတာကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီအကောင် ဒါလောက် ယုတ်မာ လိမ့်မယ် လို့ မထင်လို့ ကျွန်တော် ဖုံးထားခဲ့တဲ့ အချက်တစ်ခု ရှိနေပါသေးတယ်။ ကျွန်တော် ဖွင့်ပြီး ၀န်ခံ ပါရစေ။ ဆရာမ ပေးသမျှအပြစ်ကို ကျွန်တော် ခံပါ့မယ် ''
အားလုံးသော လူတွေသည် ကိုစိန်းမောင်ကို ကြည့်လိုက်ကြသည်။
ကိုစိန်းမောင်က ဆက်ပြော၏။
'' စမ်းမြိုင်ခြံကြီးကို ၀ယ်ပြီး သူတို့ ဘာသာရေးကျောင်းဆောက်မယ်။ သူတို့ မိသားစုဆွေမျိုးစုတွေ ပြောင်းလာပြီး နေမယ် ဆိုတုန်းက၊ ဆရာမ သူကြီးမင်း ဦးရွှေဇင် အကြောင်းကို ပြောပြီး တားမြစ်ခဲ့ တယ်၊ ကူညီ ခဲ့တယ်။ အဲဒီတုန်းက စမ်းမြိုင်ခြံကြီးကို ၀ယ်မယ်ဆိုတဲ့ လူဟာ အခု ကျွန်တော့် ဧည့်သည် ကိုမျိုးနှစ်ပါပဲ ''
မခင်ရွှေ သည် အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
'' တော်တော်ကို ခြေလှမ်းကျယ်ကြ၊ ခြေလှမ်းသွက်ကြတဲ့ လူမျိုးပါလား ''
ကိုစိန်းမောင်က ဆက်ပြောလိုက်သည်။
'' စမ်းမြိုင်ခြံကြီးကို သူ့လက်ထဲ မရောက်စေတော့ဘဲ ကျွန်တော် ပြန်လုပ်ကိုင်နေရာက အခု သူ အလည် ရောက်လာတော့ ရပ်ရွာအရေး ငွေရေးကြေးရေး ဘာမှ မပြောတော့ဘဲ သူ့မိဘတွေ ဆုံးကုန်လို့ စိတ်ပြေ လက်ပျောက် ခင်မင်ရာ မိတ်ဆွေထံ အလည်ရောက်လာတာပါဆိုတော့ ကျွန်တော်လည်း စိုတဲ့လက် မခြောက်စကောင်း လို့ သဘောထားပြီး ဧည့်ခံပြုစုနေတာပါ ဆရာမ''
'' မြန်မာလူမျိုးတွေဟာ အဲဒီ အားနာတယ်၊ စိုတဲ့လက် မခြောက်စကောင်း ဆိုတဲ့ သဘောထားကို ထားသင့်တဲ့လူအပေါ်မှာသာ ထားသင့်ပါတယ်။ မထားသင့်တဲ့လူအပေါ်မှာ မစူးစမ်းဘဲ ထားနေတာ သိပ်ခက် တာပဲ။ အဲဒီ ကိုမျိုးနှစ်ဆိုတဲ့လူက အခုတင်က ကျွန်မ ပြောသွားခဲ့တြ့အတိုင်း ဘသာပေါ်ရဲ့ မြစ်မလေး ကို မဖျက်ဆီးရတော့ ကျွန်မကို အငြိုးထားပြီး ရေပြာအိုင်ရွာကို ရောက်လာတာပဲ ဖြစ်ရမယ်။ ကိုစိန်းမောင် ဧည့်သည် ဘယ်သူဆိုတာ ကျွန်မ မသိခဲ့လို့ ဒီအချက်ကို မစဉ်းစားခဲ့မိဘူး။ အခုတော့ ကျွန်မကို ရန်မူ ဖို့ရာ မလွယ်ကြောင်း စဉ်းစားမိဟန် တူတယ်။ ဒါကြောင့် နာစရာ အချက်ရှိနေတဲ့လူကို အယုံသွင်း ပူးသတ် လိုက်တာလို့ ကျွန်မ ထင်တာပဲ ''
မခင်ရွှေ စကားကို ကြားရသောအခါမှ မောင်စိန်းမောင် စဉ်းစားလိုက်မိတော့သည်။ ကိုမျိုးနှစ်သည် ရေပြာအိုင် ကို ရောက်လာသည်ဆိုလျှင်ပင် ရွာက စာသင်ကျောင်းအကြောင်းကို မေးသလိုလို၊ ရွာ ကလေး တွေ ပညာရေးကို မေးသလိုလိုနှင့် မခင်ရွှေ အကြောင်းတွေကို ကြည်ညိုဟန် လေးစားဟန် ထားပြီး စုံစုံ စေ့စေ့ မေးမြန်းခဲ့သည်။ မောင်စိမ်းမောင်ကလည်း သူ အသက်တမျှ မြတ်နိုးနေသူဖြစ် သည့် မခင်ရွှေကို တစ်ရွာလုံး က အစ ၀ိုင်းအုံကြမည်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ထို့ကြောင့် မခင်ရွှေ တွေးသလိုပင် ကိုမျိုးနှစ် သည် မခင်ရွှေကို ရန်မူရန်မလွယ်ကြောင်း စဉ်းစားမိပေလိမ့်မည်။
ကိုစိန်းမောင် က မခင်ရွှေ အကြောင်း ကိုမျိုးနှစ် မေးမြန်းပုံတွေကို ပြန်ပြောပြီး ...
'' အခု ဆရာမပြောမှ ကျွန်တော် ကွင်းဆက်ကို တွေးမိတယ်။ ဆရာမ အကြောင်း သူ စုံစုံစေ့စေ့မေး တော့ ကျွန်တော် က ရိုးရိုးမေးတယ် ထင်ပြီး ဆရာမကို စိတ်ဝင်စားရင် ကျွန်တော် မိတ်ဆက်ပေးမယ်။ အဘွားရွှေ အိမ် တို့အိမ်ကို လိုက်ခဲ့ပါလားဆိုတာကို သူ လက်မခံဘူး။ နောက်ပြီး ရွာထဲကို သူ မထွက်ဘဲနေတာ။ အခုမှ ကျွန်တော် သဘောပေါက်တယ်။ ဆရာမနဲ့ ဆုံမိ နေမှာစိုးလို့ ရှောင်တဲ့သဘောပဲ ''
'' ဒီအတိုင်း ပဲ ဖြစ်ရမယ်...
ဘွားရွှေအိမ်က ၀င်ထောက်သောအခါ ကြင်ကြင်၏ မိဘတွေကလည်း ထိုအချက်ကို သဘောတူ ထောက်ခံကြသည်။ ကြင်ကြင်၏ မိဘတွေသည် မခင်ရွှေကို သမီးဖြစ်သူကြင်ကြင်နှင့် ပတ်သက်သည့် အကြောင်း ကြောင့်သာ မလိုလား မကြည်ဖြူကြသော်လည်း ရေပြာအိုင်ရွာ ဇာတိ ချက်မြှုပ် တွေဖြစ်သည့် အလျောက် ရေပြာအိုင်ရွာကို စောင့်ရှောက်သည့် အစဉ်အလာကို ထိန်းသိမ်း သူတွေသာဖြစ်သည်။ မခင်ရွှေ ကို မလိုလားသော်လည်း ရေပြာအိုင်ရွာနှင့် ပတ်သက်ပြီး မခင်ရွှေ ဆောင်ရွက်ချက်တွေကိုမူ စိတ်ထဲက လေးစားမှု ရှိနေကြသည်။
ထို့ကြောင့် ကိုစိန်းမောင် အိမ်မှာရှိနေသည့် ဧည့်သည်ကိုမျိုးနှစ်ဆိုသူကို စက်ဆုပ်ရွံရှာသည့်စိတ် ပေါ် နေကြသည်။ ထိုဧည့်သည်ကို အမြန်ဆုံး နှင်ထုတ်သင့်ကြောင်း ကြင်ကြင်၏ မိဘနှစ်ဦးက ပြော ကြသည်။
ကိုစိန်းမောင်ကလည်း အိမ်ရောက်လျှင် အမြန်ဆုံး ထွက်ခွာစေမည် ဖြစ်ကြောင်း ကတိပေးသည်။
'' ဒီဧည့်သည် က နာစရာအချက်တွေရှိနေတဲ့လူကို ပူးသတ်တယ်ဆိုတာနဲ့ ဆရာကြီး ဘသာပေါ် မြစ်မလေး ကို ကြံစည်တဲ့အကြံမျိုး၊ ရေပြာအိုင်ရွာမှာ ကြံနေတာ အောင်မြင်နေတယ်ဆိုတာကို ရှင်းပြပါဦး ဆရာမ''
ကြင်ကြင်၏ မိဘတွေက မေးကြသည်။ ကြင်ကြင်၏ မိဘတွေသည် မခင်ရွှေကို ယခင်က နီးနီးကပ်ကပ် မျက်နှာချင်းဆိုင် စကားပြောခြင်းမျိုး တစ်ကြိမ်မျှ မကြုံကြိုက်ခဲ့ကြချေ။ သမီးဖြစ်သူ နှင့် ပတ်သက်၍လည်း ကြည်ဖြူမှု ကင်းသည့်အတွက် ရပ်ရွာအတွက် မခင်ရွှေ၏ ဆောင်ရွက်ချက် တွေကို စိတ်ထဲက လေးစားမှု ရှိ နေသော်လည်း စကားမပြောချင်သည့်အတွက် နှုတ်ဆက်ခြင်း၊ ခေါ်ပြောခြင်းမပြုခဲ့ကြ။
ယခု မခင်ရွှေက အထူးတလည် ဖိတ်ကြားသည့်အတွက် မလာမကောင်း၍ လာကြရသော အခါ မခင်ရွှေ၏ တည်ငြိမ်ရင့်ကျက်သည့် မျက်နှာထား၊ အေးအေး ပြတ်သားသည့် ပြောဆိုဟန်၊ လေးနက်သော အကြောင်းအရာတွေကို နီးနီးကပ်ကပ် မြင်ရကြားရသောအခါ လေးစားမှုရှိရာတွင် ကြည်ညိုစဖွယ် အရည်အသွေး ပြည့်သော ဆရာမတစ်ယောက်ပင်ဟု စိတ်ထဲမှာ စွဲမြဲသွားကြ သည်။
ကြင်ကြင် မိဘတွေ၏ မေးမြန်းချက်ကို မခင်ရွှေက ပြန်မဖြေသေးပေ။
'' ဘဘနဲ့ ကြီးကြီးတို့ မလွဲမသွေ သိကြမယ့် အကြောင်းပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို မဖြေခင်မှာ ဘွားဘွား ရွှေအိမ်တို့ သားအမိ၊ ဘဘနဲ့ ကြီးကြီးတို့နှစ်ယောက်၊ စုံညီရှေ့မှာ ကိုစိန်းမောင်ကို ကျွန်မ တောင်းပန်ချင်တဲ့ အကြောင်း တစ်ခု ရှိနေပါတယ်။ ကိုစိန်းမောင်ကလည်း လိုက်လျောမယ်လို့ မျှော်လင့်ပါတယ် ''
နားထောင်ချင် နေသူတွေ စိတ်မှာ ဆန်းသလို ဖြစ်သွားကြသည်။ ဆရာမ မခင်ရွှေကို ကိုစိန်းမောင်က အရူးအမူးဖြစ်နေကြောင်း တစ်ရွာလုံး သိသလို ဘွားရွှေအိမ်တို့ သားအမိနှင့် ကြင်ကြင်၏ မိဘတွေကလည်း သိနေခဲ့သည်။
ယခု မခင်ရွှေ တောင်းပန်မည်ဆိုသော အကြောင်းသည် ကိုစိန်းမောင်က သူ့ကို လက်ထပ်ဖို့ တောင်းပန်မှာလား၊ နောက်ဆုတ်သွားဖို့ တောင်းပန်မှာလား။ ကြင်ကြင်၏ မိဘတွေစိတ်ကမူ သူတို့ရှေ့မှာ ကိုစိန်းမောင်သည် ကြင်ကြင်ကို လက်ထပ်မည်လား၊ မခင်ရွှေကို လက်ထပ်မည်လား ဟူသော ပြတ်သားသည့် စကားမျိုးပြောရန် တောင်းဆိုလိမ့်မည်ဟု ထင်နေကြသည်။
ဘွားရွှေအိမ်တို့ သားအမိကမူ မခင်ရွှေ၏ စင်ကြယ်သော သဘောထားကို အသေအချာ သိထားကြ ပြီးဖြစ်သည့် အတွက် ထိုစကားမျိုးကို လုံးဝ ပြောမည်မဟုတ်ကြောင်း အတပ်သိကြသည်။ မခင်ရွှေ မည်သည့် အကြောင်းကို ပြောမည်လဲဟု ဘွားရွှေအိမ်တို့ သားအမိက စိတ်စောနေကြသည်။
'' ပြောပါ ဆရာမ။ ဆရာမ စိတ်ချမ်းသာသလို ဖြစ်စေရပါ့မယ်''
သူ အသက်တမျှ ချစ်မြတ်နိုးသော မခင်ရွှေ စိတ်တိုင်းကျ ဖြစ်မည်ဆိုလျှင်၊ မခင်ရွှေ စိတ်ရောကိုယ်ပါ လွတ်လပ်ပေါ့ပါးမည့် ကိစ္စဆိုလျှင် သူ မည်မျှပင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ပါ စေ၊ လိုက်လျောမည်ဟူသော စိတ်ကို ကိုစိန်းမောင်က ခိုင်မာစွာ ဆုံးဖြတ်ထားပြီးဖြစ်သည်။
တပည့် တစ်ယောက်ကို သွန်သင်ညွှန်ကြားသည့်အခါ ကြည့်သည့် မျက်နှာထားမျိုးဖြင့် မခင်ရွှေက ကိုစိန်းမောင် မျက်နှာကို ကြည့်ကာ သူ ပြောလိုသည့်စကားကို ပြတ်သားစွာ ပြောလိုက်သည်။
'' ကိုယ့်တိုင်းရင်းသား ကို ချစ်မြတ်နိုးလွန်းလို့ သမီးရင်း တစ်ယောက်လုံးကို သွေးအေးအေးနဲ့ အသေခံခဲ့တဲ့ သူကြီးမင်း ဦးရွှေဇင် ပြောခဲ့တဲ့စကားကို ဘွားဘွားရွှေအိမ်ကတစ်ဆင့် ကျွန်မ ကြားခဲ့ ရတာ တစ်သက်ပန်လုံး ယူကျုံး မှတ်ပိုက် အောက်မေ့ထိုက်တဲ့ စကားပါ။ ဒီစကားကတော့ တောကောင် မြို့ထဲဝင်လာရင် မြို့ရွာ ပျက်တတ်တယ်၊ ဒို့တိုင်းရင်းသား သွေးထဲကို လူမျိုးခြားသွေး ရောက်လာရင် တိုင်းရင်းသားလူမျိုး ပျက်တတ်တယ် ဆိုတဲ့စကားရယ်၊ သူတစ်ပါး အချစ်ကို ဖြိုခွဲ တာဟာ ၀ဋ်လိုက်တတ်တယ်ဆိုတာကို ဗုဒ္ဓဘာသာပီပီ သိတယ်။ သို့သော် ကိုယ့်တိုင်းရင်းသား လူမျိုး မတိမ်ကောအောင် သစ္စာစောင့်ရလို့ ၀ဋ်လိုက်တာမျိုးတော့ ဆယ်ပြန်လိုက်ပါစေ၊ ခါးစည်းပြီး ခံမယ်လို့ ပြောခဲ့တဲ့ စကားပါပဲ''
မခင်ရွှေ သည် စကားကို အခိုက်အတန့် ဖြတ်ထားလိုက်ပြီး အားလုံးသော မျက်နှာတွေကို ကြည့် လိုက်သည်။
ကြင်ကြင်၏ မိဘနှစ်ပါးက သူကြီးမင်း ဦးရွှေဇင် အကြောင်းကိုတော့ ကြားဖူးခဲ့သည်။ ယခု မခင်ရွှေ ပြောပြ သလို၊ အဖိုးတန်သည့် စကားတွေ ပြောသွားသည်ကို ဂဃနဏ မသိခဲ့ချေ။ မခင်ရွှေ ပြောပြ၍ ကြားရ သောအခါ ...
'' ဟုတ်တယ်၊ တို့တိုင်းရင်းသာား လူမျိုးပျက်ဖို့ ဖြစ်လာရင်တော့ မကောင်းဘူးကွယ် ''
ဟု လှိုက်လှဲသော အသံဖြင့် ထောက်ခံပြောလိုက်သည်။
'' ဆရာမ ဘာကိုဆိုလိုတယ် ဆိုတာကို ဆက်ပြောပါ ဆရာမ ''
ကိုစိန်းမောင်က တိုက်တွန်းလိုက်သည်။
ထိုအခါ မခင်ရွှေက ဆက်ပြောသည်မှာ ...
'' ကိုစိန်းမောင်လည်း ဒီစကားကို အကြွင်းမဲ့ ထောက်ခံတယ်ဆိုရင် ရေပြာအိုင်ရွာသူရွာသားတွေ နှစ်ရှည်လများ စောင့်ထိန်းလာခဲ့တဲ့ အစဉ်အလာကို မပျက်စေချင်ရင် ကြင်ကြင်ကို အမြန်ဆုံး လက်ထပ်ပါ။ ဖြစ်နိုင်ရင် အခုတစ်ပတ်အတွင်းမှာ လက်ထပ်လိုက်ပါ။ ကိုစိန်းမောင်အိမ်က ဧည့်သည် ကိုမျိုးနှစ်ကိုတော့ ချက်ချင်း ရွာကထွက်ပါစေ။ ဒီဧည့်သည်ရွာကမထွက်ခွာမီ အချိန်။ ကိုစန်းမောင်နဲ့ ကြင်ကြင် လက်မထပ်မီ အချိန် မှာ ဘဘနဲ့ ကြီးကြီးတို့ ကြင်ကြင်ကို အထူးဂရုစိုက်ပြီး အိမ်ထဲမှာ လှောင်ထားဖို့ ကျွန်မ ပန်ကြား ပါတယ် ''
အရိပ်ပြ အကောင်ထင်လိုက်သော မခင်ရွှေ စကားကြောင့် ကြင်ကြင် မိဘနှစ်ပါးက ဦးခေါင်းငိုက်ကျ သွားကြသည်။ ကိုစိန်းမောင်က မခင်ရွှေ မျက်နှာကို မျက်တောင်မခတ် ကြည့်နေမိ သည်။
မည်သူမျှ စကားအသံ မထွက်နိုင်အောင် အတန်ကြာ တိတ်ဆိတ်နေကြပြီးမှ ကြင်ကြင်၏ မိဘတွေ အသံထွက်လာသည်။
'' သေချာလို့လား ဆရာမရယ်၊ ကျုပ်တို့ သမီး ဒါလောက်မိုက်ပါ့မလား၊ မောင်စိန်းမောင်၊ မင်းကို အင်မတန် မြတ်နိုး နေတဲ့ သမီးက ဇာစ်မြစ် ဘာမှန်းမသိရတဲ့ ဧည့်သည်ကို ...
ကြင်ကြင် ၏ မိခင်သည် စကားပြောရင်း အသံတိမ်သွားသည်။ မခင်ရွှေကို ရန်စွယ်ငေါငေါဖြင့် ပြော၍ မဖြစ်ကြောင်း၊ မခင်ရွှေသည် မခိုင်လုံဘဲ၊ မသေချာဘဲ မည်သည့်နည်းနှင့်မျှ ဤသို့ ဖိတ်ခေါ် ပြောမည် မဟုတ်ကြောင်း၊ သမီးအတွက် ရှက်ရမ်းရမ်းပြီး မခင်ရွှေကို ရန်စကားတွေ ပြောလိုက်လျှင် ဤကိစ္စကို တစ်ရွာလုံး သိသွားပြီး အရှက်ကွဲတော့မည် ဖြစ်ကြောင်းကို စဉ်းစားလိုက်မိကြသည်။
နောက်တစ်ချက်ကလည်း မခင်ရွှေ၏ စေတနာနှင့် သစ္စာတရားကို သိထားလိုက်ပြီး ဖြစ်သည့်အတွက် မခင်ရွှေ ကို စိတ်ဆိုးလိုသည့် ဆန္ဒ မရှိကြတော့ဘဲ ဖြစ်နေသည်။
ကြင်ကြင် ၏ မိခင်သည် အားယူပြောရသည့် အသံဖြင့် ဆက်ပြောလိုက်သည်။
'' ဖြစ်နိုင်ပါ့မလား ဆရာမရယ်၊ ဘယ်သူတွေက ပြောတာလဲ ''
'' သူများ ပြောစကားကို ကျွန်မ မယုံတတ်ပါဘူးကြီးကြီး၊ ဒါကြောင့် ကျွန်မကိုယ်တိုင် ရုပ်ဖျက်ပြီး ကိုစိန်းမောင် မရှိတဲ့အချိန်မှာ ဈေးဝယ်ဟန်ဆောင်ပြီး သွားကြည့်ခဲ့ပါတယ်။ ဧည့်သည်ရဲ့ တပည့်က အပေါက်စောင့် တာဝန်ကို ယူတာလည်း တွေ့ခဲ့ရပါတယ်။ ကိုစိန်းမောင်ရှိနေရင် သူတို့ ရိုးရိုး ဆက်ဆံသလို ဟန်မျိုး၊ ကိုစိန်းမောင် မရှိတဲ့အခါ ကြင်ကြင် သါားလေ့ရှိပါတယ်။ အခု ကိုစိန်းမောင် ဒီမှာ ရောက်နေပါတယ်။ ကြီးကြီး တို့ အိမ်မှာ ကြင်ကြင် ရှိနေပါသလား..
မခင်ရွှေ စကားကြောင့် ကြင်ကြင်၏ မိဘနှစ်ပါးသည် ဆက်ခနဲ တုန်သွားကြသည်။ ဘွားရွှေအိမ်တို့ အိမ်မှာ ပြောစရာကိစ္စ အထူးရှိသည်ကြောင့် ကြင်ကြင်၏ မိဘနှစ်ပါးနှင့် ကိုစိန်းမောင်ကို ဖိတ်ကြား ထားသည်ဟူသော စကားကို ကြင်ကြင် သိခဲ့သည်။ ထို့ကြောင့် ယခုအချိန်မှာ ကိုစိန်းမောင်၏ ခြံကြီးထဲကို ရောက်နေလေသလားဟူသော အတွေးကို နှစ်ယောက်စလုံး တွေးမိကာ တုန်သွားကြ ခြင်းဖြစ်သည်။
လူဆိုသည်မှာ မသိလျှင် ကြောက်ရကောင်းမှန်း၊ စိုးရိမ်ရကောင်းမှန်းမသိ၊ သိပြီ ဆိုသောအခါမှ ကြောက်ာက စိုးရိမ်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
'' အိမ်ပြန်ကြည့်စမ်း ''
ကြင်ကြင်၏ ဖခင်ကပြောသည်။
ဘွားရွှေအိမ်က ...
'' အိမ်ပြန်ကြည့်တာ မသေချာဘူး၊ စမ်းမြိုင်ခြံကြီးကို လိုက်ကြည့်တာ သေချာတယ် ''
ဟု ၀င်ပြောလိုက်သည်။
'' ကိုမျိုးနှစ်ထံ ရောက်နေပြီဆိုတာ ကျွန်မ တပည့်လေး တစ်ယောက်က လာပြောသွားပါပြီ။ ဒါကြောင့် အခု အပူတပြင်း လိုက်ကြည့်လို့ မသင့်တော်ပါဘူး။ ဟန်မပျက်နေဖို့ အရေးကြီးပါတယ်။ ကျွန်မ စုံစမ်းလို့ သိရသလောက် ကြင်ကြင်စိတ်ဟာ အရွဲ့တိုက်တော့မယ်လို့ ဆုံးဖြတ်ထားဟန် တူ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုစိန်းမောင်ကို သူ သိပ်မြတ်နိုးပါတယ်။ သူမြတ်နိုးသလို ကိုစိန်းမောင်ထံက အတုံ့အပြန်ကို မရတော့ စိတ်နာနေခိုက်မှာ ရုပ်ချော အပြောချိုပြီး ဆွဲဆောင်ရာမှာ ကျင်လည်တဲ့ မျိုးနှစ်စက်ကွင်း မိသွား တာပါပဲ။
သူတို့နှစ်ယောက် လက်လွန်ခြေလွန် ဖြစ်သွားပြီးရင် ကြီးကြီးနဲ့ ဘဘက သမီးကို မပြတ်နိုင်တော့ သမက်ကိုပါ လက်ခံရတော့မယ်။ သူကြီးမင်း ဦးရွှေဇင် ပြောခဲ့သလို ပထမဆုံး ကြီးကြီးတို့ အိမ်သားအားလုံးကို သိမ်းသွင်းမယ်။ နောက် သူ့ဆွေမျိုးတွေ အသိုက်အ၀န်းတွေ ရောက်လာမယ်။ သမက်မျက်နှာကြောင့် ကြီးကြီးတို့က လက်ခံလိုက်ရတဲ့အခါ ရွာထဲမှာ ခြေကုပ်ယူမယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ သူတို့ရွာဖြစ်အောင် စီးပွားရေးရော၊ လူမှုရေးတွေရော လက်ဝါးကြီး အုပ်ကြတော့မှာပေါ့။
ကြင်ကြင်က ပေါက်ဖွားလာမယ့် သွေးရင်းသားရင်းတွေဟာ ဖခင်ဘက်ကို လိုက်ကြတော့မှာ သေချာတော့ ကျွန်မ တို့ တိုင်းရင်းသူတစ်ယောက်က ပေါက်ဖွားမယ့် တိုင်းရင်းသား သွေးရင်းသားရင်းတွေ ဘယ်လောက် ဆုံးရှုံးကုန်မယ်ဆိုတာ တွေးကြည့်ရင် ရင်နာစရာ အလွန်ကောင်းပါတယ် ကိုစိန်းမောင်။ ဒီ ဘေးဒုက္ခကြီး ကို ကာကွယ်တဲ့ မျိုးချစ်စိတ်ထားပြီး ကြင်ကြင်ကို လက်ထပ်ပါ။ သူ အင်မတန် မြတ်နိုးခဲ့တဲ့ ကိုစိန်းမောင် ကို ပိုင်ဆိုင်ရရင် ကြင်ကြင်ဟာ လမ်းလွဲကိုလိုက်မယ်မဟုတ်တော့ပါဘူး။ အင်မတန် အပြစ်ကင်း စင်ကြယ်တဲ့ ရေပြာအိုင်ရွာ အစဉ်အလာကို မပျက်အောင် စောင့်ရှောက်ဖို့ကိစ္စဟာ အခု အခြေအနေဆိုရင် ကိုစိန်းမောင် အပေါ်မှာ လုံးဝ မူတည်နေပါတယ် ''
မခင်ရွှေက ရေလည်အောင်ပြောပြီး သူ့စကားအောင်မြင်ပါမည်လားဟူသော စိတ်ဖြင့် ကိုစိန်းမောင် မျက်နှာကို အကဲခတ်ကြည့်နေသည်။
ကြင်ကြင် ၏ မိဘနှစ်ပါးကမူ ဘာစကားမျှ မပြောကြတော့ချေ။ သမီးမိုက်အတွက် ရင်ကွဲပက်လက် ဖြစ်နေသည့် အမူအရာ သိသိသာသာပေါ်နေသည်။ ဖခင်က အံကြိတ်ထားသည်။ မိခင်က မျက်ရည်တွေတွေ ကျနေသည်။
ကိုစိန်းမောင်သည် မခင်ရွှေကို တစ်ချက် စိုက်ကြည့်လိုက်၏။ ကိုစိန်းမောင် မျက်လုံးတွေ ကံကြမ္မာ အလှည့်သင့်သည့် တစ်နေ့သော အခါဝယ် မခင်ရွှေကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်လေမည်လားဟူသော မျှော်လင့်ချက်ထားသည့် အရိပ်အယောင်တွေ မှေးမှိန်သွားသည့် သဏ္ဍာန်ကို တွေ့ရသည်။
'' ကျွန်မ စိတ်ချမ်းသာသလို ဖြစ်စေရပါ့မယ်လို့ ကိုစိန်းမောင်ပေးခဲ့တဲ့ ကတိကို ကတိသစ္စာတည်တဲ့ ယောက်ျားကောင်း တစ်ယောက်ပီပီ၊ ကိုယ့်တိုင်းရင်းသားကို သစ္စာစောင့်သိတဲ့ ယောက်ျားကောင်း တစ်ယောက် ပီပီ ထိန်းသိမ်းပါလို့ ကျွန်မ ထပ်လောင်း တောင်းပန်ပါတယ် ကိုစိန်းမောင် ''
မခင်ရွှေ စကားကို ကြားကြရသော ကြင်ကြင်၏ မိဘနှစ်ပါးသည် မခင်ရွှေ၏ စိတ်သဘောထားကို အလွန်အမင်း ကြည်ညိုလိုက်မိကြသည်။
ဤမျှလောက် စိတ်စေတနာ ကောင်းသော မိန်းမမြတ် တစ်ယောက်ကို ငါတို့နှင့်တကွ ငါတို့ဆွေမျိုး တစ်သိုက်သည် အထင်အမြင်လွဲမှားစွာဖြင့် ရန်လိုခဲ့ကြမိသည်မှာ မှားလေစွဟူသော နောင်တစိတ် သည် ကြီးမားစွာ ပေါ်ထွက်လာသည်။
'' ဒီမှာ ဆရာမ ''
ကြင်ကြင် ၏ ဖခင်အသံ ထွက်လာသည်။ အသံက တုန်ရီခြင်းမရှိ၊ တည်ငြိမ် တင်းမာသည်။
အားလုံးသော လူတွေက ကြင်ကြင်၏ ဖခင်ကို ကြည့်လိုက်ကြသည်။
'' ကျုပ်တို့ အသက်အရွယ်တွေက ဆရာမထက် ကြီးပေမယ့် ပညာညာဏ် အမြော်အမြင်မှာ ဆရာမထက် သေးငယ်ပါတယ်။ ကျုပ်တို့ရွာနဲ့ ရွာသူရွာသားတွေ အပေါ်မှာ ဆရာမထားတဲ့ စိတ် သဘောစေတနာကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့် မောင်စိန်းမောင်လည်း စိတ်ဆင်းရဲ မခံပါ စေနဲ့တော့။ သူ့ဘ၀ ကြင်ဖော် အတွက် သူမြတ်နိုးသူကိုသာ ရည်မှန်းပါစေ။ ကျုပ်တို့ သမီးမိုက်ကို သူကြီးမင်း ဦးရွှေဇင်ထုံး နှလုံးမူပြီး တင်းတင်း ပြတ်ပြတ် စီစဉ်ပါ့မယ်...
ကြင်ကြင်၏ ဖခင်သည် ပြောရင်း စိတ်ထိခိုက်လွန်းသဖြင့် ယောက်ျားကြီးတန်မဲ့နှင့် မျက်ရည်တွေ တွေကျရှာသည်။
'' ကဲ ကိုစိန်းမောင်၊ အားလုံး စိတ်ချမ်းသာမှုရအောင် ကျွန်မကို ပေးထားတဲ့ကတိ ထိန်းဖို့ အချိန် တန်ပါပြီ''
မခင်ရွှေ ထပ်မံ ပြောကြားလိုက်သောအခါ ကိုစိန်းမောင်သည် မခင်ရွှေကို မကြည့်တော့ဘဲ ဦးခေါင်း ငိုက်စိုက် ကြနေပြီး ...
ဘွားဘွား ရွှေအိမ်တို့ သားအမိနဲ့ ကြင်ကြင် မိဘနှစ်ပါးကို ကျွန်တော် ရိုသေပါတယ်။ ဆရာမရဲ့ စိတ်စေတနာ ကိုလည်း အလေးအမြတ်ထားပါတယ်။
ဒါကြောင့် ကျွန်တော်တို့ သွေးရင်း မိန်းကလေးတစ်ယောက်ကို အမျိုးအနွယ် ပျက်စီးတော့မယ့် ဘေးအန္တရာယ် က ကျွန်တော် တာဝန်ရှိတဲ့အတိုင်း ကာကွယ်ပါ့မယ်။ ဆရာမကို ပေးထားတြ့ကတိကို ခိုင်ခိုင် လုံလုံ ထိန်းသိမ်းသောအားဖြင့် ကြင်ကြင်ကို ကျွန်တော် လက်ထပ်ပါတော့မယ်။ လက်ထပ်ရေးကိစ္စကို ကြင်ကြင် ရဲ့ မိဘနှစ်ပါး သဘောကျသလို စီစဉ်ပါ။ မင်္ဂလာကိစ္စ ကုန်ကျသမျှကို အားလုံး ကျွန်တော် တာဝန် ယူပါ့မယ် ''
ဆက်ရန်
.
1 comment:
အမရေ
ဆက်ရန်ကိုမျှော်နေပါမယ်။
Post a Comment