Tuesday, December 7, 2010

ရည်ရော်မှန်း အိုင်စမ်းရေပြာ အပိုင်း (၁၈)

(၁၄)

ကိုစိန်းမောင်သည် စမ်းမြိုင်ခြံကြီး ကျေးဇူးကြောင့် သူ့တစ်ဘ၀တာမှာ ပူစရာမရှိအောင် တောလိုက် ဘာဝ ပြည့်စုံနေသော်လည်း မေ့မေ့လျော့လျော့ဖြင့် ဖြစ်သည့်အခြေအနေမှာ တင်းတိမ်နေသည့် စိတ်မရှိချေ။
ခြံကြီး၏ တစ်ဖက်စောင်း ကောနေပြီဖြစ်သည့် ချောင်းငယ်နေရာသည် အချည်းနှီး ပစ်ထားရမည့် အစား တစ်ရွာလုံး၏ ကောင်းကျိုးဖြစ်စေရန် စိုက်ပျိုးကွက်အဖြစ် အသုံးချသင့်ကြောင်း တစ်နေ့သော အခါက မခင်ရွှေ ပြောဖူးသည့် စကားကို အကောင်အထည်ဖော်ရန် ကြိုးစားနေသူ ဖြစ်သည်။

ပြည့်လျှံအောင် ထွက်နေပြီဖြစ်သည့် စမ်းအိုင်က ရေတွေကို ကောနေသည့် ချိုင့်ဝှမ်းနေရာကို ရေရစေရန် မြောင်းသွယ် ဖောက်ချမည်။ ရေ တခြားကို စီးထွက်မသွားစေရန် လက်ကွက်ကို တမံတုပ်မည်။ ရေရရှိပြီး စိုပြည် လာသော ထိုနေရာကို နွေ-မိုး-ဆောင်း အလှည့်ကျ အသီးအနှံများ စိုက်မည်။ ထိုစိုက်ခင်းမှ ဖြစ်လာသည့် ငွေကြေးကို ဆင်းတုတော်ကြီး ကိန်းဝပ်ရာ ဓမ္မာရုံကို ခိုင်ခံ့လုံ ခြုံအောင် ပြုပြင်ရန် လိုအပ်သည့် အရေး မှာ အသုံးချမည်။ ထိုနေရာကို စိုက်ပျိုးရန်မှာ ရွာရှိ လူငယ် လူရွယ်များက အလှည့်ကျ တာဝန် ယူရမည်။ ထိုကိစ္စအတွက် ကိုစိန်းမောင်နှင့် မခင်ရွှေတို့က ကြီးကြပ်ရမည်ဖြစ်သည်။
ထိုစီမံကိန်း ကို တစ်ရွာလုံးက သဘောတူကြသည်။ အားပေးထောက်ခံကြသည်။ စိတ်ရောကိုယ်ပါ အားတက် သရော ကူညီကြသည်။ အမြော်အမြင်ရှိသော မခင်ရွှေကို ဆတက်ထမ်းပိုးတိုးပြီး ကြည်ညို ကြသည်။

မခင်ရွှေသည် ထိုကိစ္စအတွက်ကြောင့် တိမ်ကောနေသည့် ချောင်းမြေနေရာကို လာသည့်အခါတိုင်း မှာ ကိုစိန်းမောင် ၏ ခြံကြီးထဲကို မည်သည့်အခါမျှ မ၀င်ပေ။ အပြင်လမ်းကသာ ကွေ့ရှောင်သွားသည်။ လာသည့် အခါ မှာလည်း တစ်ယောက်တည်းမလာ တပည့်တွေ ခြံရံလာသည့်အခါ လာသည်။ သူ့ကျောင်းက ဆရာမ တွေကို အဖော်ခေါ်လာသည့်အခါလာသည်။ ရွာသူရွာသားတွေနှင့် လာသည့်အခါ လာသည်။

ခြံကြီးအပြင်ဘက် အလှည့်ကျသော လူငယ်လူရွယ်တွေက ခြံကြီးအပြင်ဘက်ရှိ ချောင်းကောနေရာ ကိုပြုပြင်ရာသို့ ကိုစိန်းမောင်နှင့် မခင်ရွှေတို့က ကြီးကြပ်သည်ဆိုသော်လည်း မည်သည့်အခါမျှ နှစ်ယောက်ပြိုင် မသွားကြချေ။ အပြောအဆို လွတ်အောင် မခင်ရွှေက ရှောင်သလို ကိုစိန်းမောင်ကလည်း မခင်ရွှေ ၏ နာမည်ဂုဏ်သိက္ခာကို တန်ဖိုးထားကာ သတိထားရှောင်သည်။

ထို့ကြောင့် နှစ်ယောက်သဘောတူ နေ့ရက်သတ်မှတ်ကာ မခင်ရွှေက ကျောင်းပိတ်သည့်ရက်မှာသာ လာရောက်ကြည့်ရှုသည်။ ထိုနေ့မှာ ကိုစိန်းမောင် မလာ၊ ကြားရက် တွေမှာ ကိုစိန်းမောင် ကြည့်ရှုသည်။ ထိုအချိန် မှာ မခင်ရွှေ လုံးဝမလာ၊ ဤအတွင်းမှာ ပြောရေးဆိုခွင့် ပေါ်လာလျှင် ကိုစိန်းမောင်က မခင်ရွှေ အိမ်ကို သွားသည်။ ဘွားရွှေအိမ်တို့ သားအမိကို ရှေ့မှာထားပြီး ပြောစရာရှိသည်ကိုသာ ပြောခဲ့သည်။
ကိုစိန်းမောင်က ချောင်းကောမြေနေရာကို ကြည့်ရှုစီမံနေချိန်မှာ ကြင်ကြင်က စမ်းမြိုင်ခြံကြီးထဲသို့ ရောက်လာသည်။ ကြိုတင်စီစဉ် ချိန်းချက်ထားသည့်အတိုင်း ကြင်ကြင်က ကိုစိန်းမောင် မရှိသည့်အချိန် ရောက်လာပြီး ချောင်းကောမြေနေရာကို မလိုက်သွားဘဲ ကိုစိန်းမောင်၏ အိမ်မှာသာကိုမျိုးနှစ်နှင့် တွေ့ဆုံ စကားပြောရင်း မခင်ရွှေကို မည်သို့ ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်ရမည်ကို တိုင်ပင်နေကြသည်။

ထို့ကြောင့် ရေပြာအိုင်မှ ဘိုးစဉ်ဘောင်ဆက် အမြတ်တနိုး သိမ်းဆည်းထားသည့် ရှေးဟောင်းအဖိုး တန်ပစ္စည်း မျိုး မရှိဘူးလားဟု ကိုမျိုးနှစ် မေးမြန်းခဲ့စဉ်က ကိုစိန်းမောင် ပြန်ရောက်လာသည့်အတွက် ကြင်ကြင် က ပြောပြရန် အချိန်မရှိခဲ့ချေ။
ယခုမှ ကြင်ကြင်က ထိုစကားကို ပြန်ဆက်ပြောပြသည်။

" ကြင်ကြင်တို့ ရွာဦးကျောင်း ဓမ္မာရုံကြီးမှာ ပူဇော်ထားတဲ့ ... ရှေးဟောင်း ဆင်းတုတော်ရဲ့ မျက်လုံး တော်ကို ကိုမျိုး မြင်ဖူးလား"
ကိုမျိုးနှစ် က မမြင်ဘူးကြောင်း၊ ထိုဓမ္မာရုံကိုလည်း တစ်ခေါက်မျှ မရောက်ဘူးကြောင်း ပြန်လည် ဖြေ ကြားလိုက်သည်။
" တစ်ခေါက်လောက် ဘုရားဖူးရအောင် လာခဲ့ပါလား၊ ဘုရားဖူးဖို့ဆိုရင် ဘယ်သူမှ မကန့်ကွက်ပါဘူး"

ကြင်ကြင်က စေတနာအပြည့်ဖြင့် ဖိတ်ခေါ်သည်။ သို့သော် ကိုမျိုးနှစ်က ချစ်စရာကောင်းသော အပြုံး မျက်နှာဖြင့် ဦးခေါင်းညိတ်ကာ -
" အဆင်ပြေရင် ရောက်မှာပေါ့ ကြင်ရယ်၊ ကဲ ပြောစမ်းပါဦး။ ဆရာမ မခင်ရွှေကို ဘယ်လို စီရင်ရမယ် ဆိုတာ
ဟု မေးသောအခါ ကြင်ကြင်က ပြောပြသည်။

ဓမ္မာရုံထဲမှာ ရှိနေသော ဆင်းတုတော်ကား ကြင်ကြင်တို့ မိဘတွေ လူမဖြစ်ခင်ကပင် ရေပြာအိုင်ရွာမှ အစဉ် အဆက် ကိုးကွယ်ခဲ့သည့် ဆင်းတုတော်ဖြစ်သည်။ ဥာဏ်တော် တစ်ပေရှိသော ရွှေသားအစစ်တင်ပျဉ်ခွေ ဆင်းတုတော် ဖြစ်သည်။ ဆင်းတုတော်၏ ဦးခေါင်းတော်နှင့် သင်္ကန်းတော် အနားပတ်တွေမှာ ကျောက်မျက် ရတနာတွေ စီခြယ်ထားသည်။ သို့သော် ထိုကျောက်မျက်ရတနာတွေကား တန်ဖိုးမနည်း ဆိုသော်လည်း မြင်ရသူ သွားရည်ယိုစရာ မဖြစ်၊ မြင်ရသူသွားရည်ယိုစရာကောင်းသော ရတနာကား သုံးခုသာရှိသည်။

ထိုသုံးခုကား မျက်မှောင်တော် နှစ်ခုအကြားမှာ သွင်းမြှုပ်ထားသည့် ရတီနှစ်ဆယ် အနည်းဆုံးရှိသော စိန်ကြီး တစ်လုံး၊ မျက်လုံးတော်နေရာတွင် သွင်းမြှုပ်ထားသည့် အလားတူ ရတီ နှစ်ဆယ် အနည်းဆုံးရှိသည့် မြရတနာကြီး နှစ်လုံးဖြစ်သည်။ ဆင်းတုတော် ပမာဏနှင့် နှိုင်းစာလျှင် စိန်နှင့်မြ နှစ်လုံး၏ အရွယ်ပမာဏက ကြီးမား နေသည်။

ဆင်းတုတော် ကိမ်းဝပ်တော်မူရာ ဓမ္မာရုံသည် ခိုင်ခံ့လုံခြုံသော အုတ်တိုက်ဖြစ်သည်။ ထွက်ဝင်သည့် ကျယ်ဝန်းသော တံခါးပေါက်ကြီး တစ်ပေါက်သာ ရှိသည်။ ထိုတံခါးပေါက်ကြီးကိုလည်း ထုထည် ကြီးမား ခိုင်ခံ့ သည့် ကျွန်းသားတံခါး တစ်ထပ်၊ သံဆန်ကာတံခါး တစ်ထပ်၊ ကျပ်လုံးသံတိုင်ကြီးများဖြင့် သံပေါင်တွေ ကွပ်ထား သည့် သံတံခါး တစ်ထပ်၊ တံခါးသုံးထပ် အရံအတား လုပ်ထားသည်။
ထိုဆင်းတုတော် ကြီး မှ စိန်နှင့်မြ ရတနာသုံးလုံးကို တိတ်တဆိတ် ယူထုတ်ကာ မခင်ရွှေ ခိုးယူသည့် ဇာတ်ခင်း လိုက်လျှင် သူတို့အကြံ အထမြောက်နိုင်သည်ဟူသောစကားများကို ကြင်ကြင်က ပြော သောအခါ ကိုမျိုးနှစ် သည် ကြင်ကြင်မျက်နှာကို မျက်တောင်မခတ် စိုက်ကြည့်နေရာမှမေးလိုက်သည်။

" ကြင်ကြင်ပြောတဲ့ အတိုင်းဆိုရင် စိန်စစ်မြစစ် ဆိုရင်တော့ ဒီရတနာသုံးလုံးကို ဘယ်လောက်တန် တယ်ဆိုတာ ခန့်မှန်းဖို့တောင် ကြောက်စရာကောင်းနေတာပဲ။ တကယ် ပိုင်ဆိုင်ရတဲ့လူတော့ တစ်သက်တာ စည်းစိမ်ရှိရှိ ထိုင်စားနေနိုင်ပြီ ကြင်၊ ဒီရတနာသုံးလုံးကို ဘယ်လို ယူနိုင်မလဲ၊ ကိုမျိုးက ဧည့်သည်ဆိုတော့ ကြင်ကြင်ပြောပြလို့သာ ကြားရတာ အနေအထားကို မခန့်မှန်းနိုင်ဘူး လေ"
" ကိုမျိုးပြောတဲ့အတိုင်း အဖိုးတန်တာက ပြောစရာတောင် မလိုပါဘူး။

စိန်ကြီးကအဖိုးဖြတ်နိုင် တယ်ထားဦး၊ မြကြီးနှစ်လုံးကို ဘယ်လိုမှ အဖိုးမဖြတ်နိုင်ဘူး ကိုမျိုး။ ဘာကြောင့်လဲ ဆိုရင် ဆင်းတု တော်ကြီးက အနောက်ဘက်ကို မျက်နှာတော် လှည့်ထားတယ်။ ညနေအချိန် သစ်သားတံခါး ကို ဖွင့်ထားတဲ့အခါ သံတံခါးတွေက နေရောင်ဟာ ဆင်းတုတော် မျက်နှာတော်ကို ရောက်လာပြီဆိုရင် စိန်ရောင် တောက်တာက တော်တော်ရယ်၊ မြကြီးနှစ်လုံးက နေရောင်ဟပ်ပြီး ထွက်လာတဲ့ အစိမ်း ရောင် ဟာလေ နေရောင် ကိုတောင် ဖုံးသွားတယ်။ ဓမ္မာရုံ တစ်ခုလုံးမှာ စိမ်းပြီး မြင်ရတဲ့လူ မျက်လုံး ထဲမျာ အေး လိုက်တာလေ။ သံတံခါးတွေ အပေါက်က အေးမြတဲ့ အစိမ်းရောင်ကြီးဟာ အတန်းလိုက် ထွက်လာသလိုပဲ ထင်ရတယ် "

ကြင်ကြင် ပြောနေသည့် စကားတွေကို နားထောင်နေသော ကိုမျိုးနှစ်သည် စိတ်ဝင်စားလွန်းနေ သည်မှာ အသက် ပင် ရှူမိပါရဲ့လားဟု ထင်စရာပင်ဖြစ်နေသည်။
ကြင်ကြင် က ဆက်ပြောသည်။

" မခင်ရွှေကို တစ်ရွာလုံးက သိပ်ယုံကြည်ကြတယ်။ တစ်ရပ်တစ်ရွာက ရောက်လာတဲ့ ဧည့်သည်ဆို ရင် ဆင်းတုတော် ကို ဖူးခွင့်ပြုဖို့ သိပ်ခဲယဉ်းတယ်။ ကိုယ့်ရွာသားတောင်မှ တစ်ခါတလေ သစ်သား တံခါးတစ်ချပ် ပဲ ဖွင့်ပေးတယ်။ သံတံခါးကို မဖွင့်ပေးဘူး။ အပြင်ဘက်ကပဲ ဖူးရတယ်။ မခင်ရွှေ အရင်တစ်ကြိမ် ရေပြာအိုင် ရွာမှာ နေစဉ်က ဒီ ဆင်းတုတော်ကြီးကို အပြင်ဘက်ကသာ ဖူးခွင့်ပြုခဲ့ တယ်"
" အခု ဒုတိယအကြိမ် ပြန်ရောက်လာတော့ ဟို ကိုစိန်းမောင် အမျိုး ဒုက္ခိတမလေး ပြောလိုက်တဲ့ စကားတွေ၊ ရေပြာအိုင် ရွာနောက်ကြောင်း ရာဇ၀င်တွေကို သိရတယ်ဆိုပြီး သိပ်လိုလားသွားကြ တယ်။

နောက်ပြီး ရပ်ရွာအတွက် ဆောင်ရွက်ချက်တွေကိုလည်း ကျေးဇူးတင်လှချည်ရဲ့ဆိုပြီး သိပ် ကြည်ညို နေကြခိုက် မှာ ဆင်းတုတော်ကြီး ကိန်းဝပ်ရာ ဓမ္မာရုံကို ခိုင်ခံ့အောင် ပြုပြင်ဖို့ လိုတယ်ဆိုတဲ့ စကားတွေကို မခင်ရွှေ က ပြောလာရာ၊ ဆင်းတုတော်ကြီးနေရာ တစ်ကွက်ထဲကိုသာ ဒီလို လုံခြုံရေး လုပ်ထားလို့ စိတ်မချ ရဘူး။ ဓမ္မာရုံကိုပါ ခိုင်ခံ့လုံခြုံတဲ့ အုတ်တိုက် လုပ်သင့်ကြောင်း၊ ဒီလိုလုပ်မှသာ လျှင် လူဆိုးတွေအနေနဲ့ ကြံစည် ချင်ရင် ဓမ္မာရုံလုံခြုံမှု တစ်ထပ်၊ ဂန္ဓကုဋိတိုက်လုံခြုံမှု တစ်ထပ် ဖြစ် နေလို့၊ ကြံစည်ရာမှာ ခဲယဉ်း သွားမယ် ဆိုတာတွေပြော။ ဒီကိစ္စအတွက် ငွေရအောင် ချောင်းကောမြေ စီမံကိန်းကြီး ဆွဲလိုက်တော့ တစ်ရွာ လုံး က မခင်ရွှေကို သိပ်ကြည်ညိုပြီး ဆင်းတု တော်ကိန်းဝပ်ရာ အုတ်တိုက်ကိုပါ ဖွင့်ပြတဲ့ အခြေ အနေ ရောက်သွားတာပေါ့ ကိုမျိုး "
ရှည်လျား သော စကားတွေကို ပြောလိုက်ရသဖြင့် မောသွားဟန်ဖြင့် ကြင်ကြင်က ပင့်သက်ရှူပြီး နား လိုက်သည်။

ကိုမျိုးနှစ်က ကပျာကသီထသါားပြီး ရေတစ်ခွက် ခပ်လာသည်။
..... ကဲ ဖန်ပြာခွက်နဲ့ ကျောက်စက်ရေလေးကို အမောပြေအောင် သောက်လိုက်ပါဦး ကြင်ရယ် "
ဟု တယုတယပြောကာ သူကိုယ်တိုင်တိုက်ရန် မသင့်လျော်လွန်းသဖြင့်၊ တစ်ပါးသူတွေ မတော်တဆ မြင်တွေ့ သွားမည်ကို စိုးရိမ်သဖြင့် ကြင်ကြင်၏ လက်ထဲကိုသာ ထည့်ပေးလိုက်သည်။
ကိုမျိုးနှစ် ၏ ယုယကြင်နာမှုကို ကြင်ကြင်သည် များစွာ ကြည်နူးသွားသည်။

" ကိုမျိုးက လှပတဲ့ ကြင့်နှုတ်ခမ်းလေးနားကို ဖန်ခွက်တေ့ပြီး ကိုယ်တိုင် တိုက်လိုက်ချင်ပါတယ် ကြင်၊ သူများမြင်မှာစိုးလို့ ဆင်ခြင်လိုက်ရတာ စိတ်ထဲမှာ မချင့်မရဲ ရှိလိုက်တာ "
ကိုမျိုးနှစ်က ကြင်ကြင့်လက်ထဲက ရေသောက်ပြီးသော ဖန်ခွက်ကို ပြန်ယူပြီး သိမ်မွေ့ညင်သာ ချစ်ခင် မြတ်နိုးစွာ ပြောလိုက်သည်။
" ကိုမျိုး မေတ္တာကို ကြင်သိပါတယ် ကိုမျိုးရယ် " ကြင်ကြင်က ကျေနပ်နှစ်သိမ့်စွာ ပြန်ပြောလိုက်၏။

ကိုမျိုးနှစ် က ဖန်ခွက်ကို အနားမှာရှိသော စားပွဲလေးတစ်ခုပေါ်သို့ တင်လိုက်ပြီး .....
" ကဲ ဆက်ပြောပါဦး ကြင်၊ ဆောင်ရွက်စရာ ရှိသမျှကို ကြင်က အားလုံးညွှန်ပြ ကိုမျိုးက ကြင်စီမံချက်ကို မငြင်းမဆန် နာခံပါ့မယ်။ အခုကတည်းက ကြင့်သြဇာကို ကိုမျိုး နာခံနေပြီနော်။ လက်ထပ်ပြီးတဲ့အခါ ကိုမျိုးနှစ် စကားမဆုံးမီ ...
" ဘာလဲ လက်ထပ်ပြီးတဲ့အခါကျတော့ ကြင့်ကို တော်ရာချောင်ထဲမှာ ပစ်ထားမလို့လား "
ဟု စိတ်ဆိုးသံ မပါဘဲ နောက်သံဖြင့် ပြောလိုက်သည်။

" အမယ်လေး ကြင်၊ အဲဒီလို ထင်လိုက်တာကိုက ကိုမျိုးရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းမသိဘူး ကြင်၊ ကိုမျိုးဆိုလိုတာက လက်ထပ်ပြီးတဲ့အခါကျတော့ ကြင့်ခြေရင်းမှာ ကိုမျိုးက ကျိုးနွံစွာ ၀င်စင်း ပါ့မယ်လို့ ပြောမလို့ပါ ကြင်ရယ်၊ ကိုစိန်းမောင်ကြောင့် ကြင်စိတ်မချမ်းမသာ ဖြစ်ရတာတွေကိုလေ ကိုမျိုးက ကြင် စိတ်ချမ်းသာ ရအောင် အတိုးချပြီး ယုယကြင်နာမှာပါ "
ကိုမျိုးနှစ်က ကြင်ကြင်၏ အရှိုက်ကိုထိအောင် စကားတစ်လုံး ပစ်သွင်းလိုက်သောအခါ ကြင်ကြင် သည် မသိမသာ နှုတ်ခမ်းကို ကိုက်လိုက်သည်။ စိတ်ထဲတွင် မခင်ရွှေ ပျက်စီးစေလိုသော စေတနာ သည် တိုးပွား သည်ထက် တိုးပွား လာသည်။

" ကဲ ဆောင်ရွက်ရမျာတွေကို ဆက်ပြောပါဦး "
ကိုမျိုးနျစ်က ဆက်လိုက်သည်။
" ဒီရတနာသုံးလုံးကို အားလုံးယူလို့ ရရင်လည်းရ။ တစ်ခု နှစ်ခုလောက်ရလည်း ဖြစ်တာပါပဲ။ ဓမ္မာရုံ နဲ့ အုတ်တိုက် အနေအထားကို ကြည့်ရအောင် တစ်ခါလောက် ကိုမျိုးလာပါလား။ ဥပုသ်နေ့ကို လာလေ။ ဓမ္မာရုံက အုတ်ဇရပ်ကြီးပါပဲ။ အခင်းနဲ့ အမိုးပဲ ရှိတယ်။ ဓမ္မာရုံရဲ့ ဦးဘက်က ဆင်းတုတော်ကြီး ကိန်းဝပ်ရာ အုတ်တိုက်က ထီးထီးကြီး ရှိနေတယ်။ ဥပုသ်နေ့ဆိုရင် သစ်သားတံခါး ဖွင့်တယ်။ တခြားနေ့တွေမှာ တံခါး သုံးထပ်လုံး ပိတ်ထားတယ် "

ကိုမျိုးနှစ်က ဦးခေါင်းခါလိုက်သည်။
" ကိုမျိုးနှစ်က ဦးခေါင်းခါလိုက်သည်။
" ကိုမျိုးက ဧည့်သည်၊ သူစိမ်းတစ်ယောက်ပဲ ကြင်၊ ဒီလူ သဘောတစ်မျိုးနဲ့ လာကြည့်သလား၊ ဘာကိုလာပြီး စပ်စု နေတာလဲဆိုတဲ့ အထင်မျိုးခံရရင် မကောင်းဘူး "
" ဒါလည်း ဟုတ်တာပဲ ..

ကြင်ကြင်က ချစ်သူကို အထင်မှား၊ အမြင်မှား မခံလိုပေ။ ထို့ကြောင့် အကြံထုတ်ဟန်ဖြင့် နှုတ်ဆိတ် နေသည်။
စမ်းမြိုင်ခြံကြီး အပြင်ဘက် ချောင်းကောမြေတွင် လုပ်အားပေးနေကြသော လူငယ်လူရွယ်များ၏ အားတက် ပျော်ရွှင်စွာ ဟစ်အော်ကြွေးကြော် ပြောဆိုနေကြသော အသံတွေသည် လေသင့်ရာ တစ် ချက်တစ်ချက် ကြားနေ ရသည်။

ဧည့်ခန်း အပြင်ဘက်တွင် သစ္စာရှိသော တပည့်ကျော် မောင်တင့်ကား သတိမလစ်စေဘဲ တံခါး စောင့်တာဝန် ကို မငြိုမငြင် ထမ်းဆောင်နေသည်။
" ကိုမျိုး ပေးတဲ့ အကြံကို ကြင် လက်ခံနိုင်မလား "
ငြိမ်နေသော ကြင်ကြင်ကို အကဲခတ်ပြီး ကိုမျိုးနှစ်က မေးသည်။

" ပြောသာပြောပါ ကိုမျိုး "
ကြင်ကြင် က လိုလားစွာ တုန့်ပြန်သည်။

ဆက်ရန်
.

1 comment:

ငွေစန္ဒာ said...

မရေ လာဖတ်သွားပါတယ်။