"မောင်"
"ဟင်"
"ဇင့်ကို ချစ်သလား"
"ဘယ့်နှယ်ပြောပါလိမ့်"
"မချစ်ဖူးလား"
"သိပ်ချစ်တာပေါ့ ဇင်ရယ်"
"ဇင် ကလေးအမေဖြစ်ရင်ကော ချစ်မှာလား"
"အင်းပေါ့"
"ပေါ့ကြီးကို ဖြုတ်ထားလိုက်စမ်းပါ၊ အလေးအနက် ပြောစမ်းပါ "
"အလေးအနက်ပြောတာပါ၊ ချစ်မယ်"
"အသားအရေတွေ လျော့ပါးပြီး နို့ပျဉ်းကျကြီးနဲ့ ဗိုက်ခေါက်ထူးကြီးနဲ့ ဆိုရင်ကော"
"ချစ်မှာပါပဲ"
"မောင်ရယ်"
"ဇင်"
"ဇင် စိုးရိမ်နေမိတယ်"
"ဘာကိုလဲ"
"မောင် မချစ်တော့မှာကို"
"ဆံဖြူသွားကြိုး ပါးရေ နားရေ တွန့်တဲ့အထိ ချစ်မှာပါ ဇင်ရယ်"
"တကယ်လား"
"တကယ်"
"ဇင့်ကို ပစ်ပြီး အချစ်သစ် မရှာရဘူးနော်"
"ယုံပါကွယ်"
ဇင်တို့ ချစ်ကြပြန်သည်။
ထိုနေ့ည ဖျာအခင်းပေါ်ဝယ် တစ်ယောက်လက်မောင်း တစ်ယောက်ခေါင်းအုံးကာ အိပ်မော ကျရသည့်အဖြစ်ကို ဇင့်တစ်သက် မမေ့နိုင်ခဲ့။
အိမ်ထောင်ရှင်ဘ၀၏ ပထမနေ့ရက်များမှာ တကယ်တမ်း လွတ်လပ်သည်။ ပျော်ရွှင်ဖွယ် ဖြစ်သည်။ နှစ်ယောက်သားအချိန်ရှိသရွေ့ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်တွယ်မှီကာနှင့်။ စကား လက်ဆုံ ပြော၍မကုန်အောင်လည်း ဖြစ်သည်။ ပြောကြသည့် စကားများမှာ နောက်ပိုင်းက ချစ်ခဲ့ရ သည့် နေ့ရက်များအကြောင်းလည်း ပါသည်။ ရှေ့တွင် ကြုံကြရမည့် ရှေ့ရေးအကြောင်းတွေလည်း ပါသည်။ စီမံကိန်းတွေ ချကြသည်။ သားသမီးရလျှင် ဘယ်လိုပြုစုမည်။ ဘယ်ပုံစံသွင်းမည်။ ဘယ်ကျောင်းထားမည်။ ဆရာဝန်တွေ၊ စစ်ဗိုလ်တွေ၊ ကျောင်းဆရာတွေ၊ အင်ဂျင်နီယာတွေ လုပ်ခိုင်းမည် စသည်ဖြင့် ဖြစ်သည်။
အိမ်ထောင်ဦး ရက်လများသည် အိမ်မက်ဆန်သော စိတ်ကူးယဉ်မှုများနှင့် ပြည့်လျှမ်းနေသည် အမှန်ပင်။
ဇင်တို့သည် တစ်ခါတစ်ရံ အိမ်တွင်း စားသောက်ဖွယ် အဆန်းတကြယ်များ လုပ်စားကြသည်။ ဇင်က ပူတင်း အဖုတ်တော်သည်။ မလေးရှားခေါက်ဆွဲ အကြော် ကောင်းသည်။ ကျောင်းမှာ ကတည်းက သည်ပညာတွေ တတ်ခဲ့တာ အခန်းနီးနားချင်းများ၏ အံ့သြချီးမွမ်းခြင်းကို ခံခဲ့ရသည်။
ရံခါတွင်တော့ အိမ်မှာ မီးခိုးတိတ်ထားသော လေဟာပြင်လို၊ စားသောက်ဆိုင်တစ်ခုခုလို နေရာမျိုး မှာ စားသောက်ကြသည်။ အထူးသဖြင့် လခထုတ်ရက်မှာ ဖြစ်သည်။
ရုပ်ရှင်ကြည့်ကြသည်။ အိမ်မှာ ထိုင်နေရင်း ပျင်းပါတယ်ဆိုကာ ညဥ့်နက်ပိုင်း ရုပ်ရှင်ပွဲများကို သွားကြည့်ကြသည်။
တနင်္ဂနွေတစ်ပတ်တိုင်းမှာတော့ မေမေ့ထံ သွားကြမြဲ၊ နောက်တော့လည်း စရိတ်စကကို ငဲ့ကာ လခထုတ်ရက်နှင့် စနေနေ့ တိုကဆိုင်သည့်နေ့များမှာ သွားကြသည်။ မေမေ့ကိုလည်း ထိုက်သင့် သလောက် ထောက်ပံ့နိုင်ခဲ့ကြသည်။ မောင့်မိဘတွေနှင့်မူ သူစိမ်းပြင်ပြင်ပင်။
ဆံစတွေ ခြောက်သည်။ ရင်သည် မို့ယမ်းလာသည်။ ရက်ကျော်လာသည်။ အချဉ်မှတစ်ပါး အခြားအစားအစာကို စားချင်စိတ်မရှိ။ ပျို့ချင် အန်ချင်သည်။
သည်သို့ဖြင့် ဇင်သည် ပဋိသန္ဓေ ရှိလာပြီဆိုသည့်အဖြစ်ကို သိလာရသည်။
သိကျွမ်းနားလည်သော အမျိုးသမီးကြီးတစ်ယောက်က ဇင်သည် သုံးလကျော်လေးလအတွင်း ရောက်ရှိလာပြီဖြစ်ကြောင်း သတိပေးသည်။ ရှောင်ရန် ဆောင်ရန် ကိစ္စတွေကို သင်ကြားသည်။
အမှန်ပင် ဇင်သည် ပျော်ရွှင်နေသည်။
မေမေ့ကို ပြောပြတော့ မေမေကလည်း ၀မ်းသာသည်။
မေမေ့အဖို့ မြေးဦးတော့မှာပါကလား။
ဘာရယ်လို့ တိတိပပ သိရချိန်မှာ မောင်သည် တာဝန်ဖြင့် ခရီးထွက်နေရသည်။ အဝေးသို့ ရောက်နေသည်။
ဇင်သည် မောင်ထံ တယ်လီဖုန်းဆက်ရန် ကြိုးစားသည်။
စင်စစ် တယ်လီဖုန်းကို ရုံးကိစ္စနှင့်တစ်ပါး အသုံးမပြုရဟု ကန့်သတ်ထားသည်။ သည်အကြားမှ ဇင် ကြိုးစား ပမ်းစား ဆက်ခဲ့ခြင်း ဖြစ်သည်။
မိန်းမသားတို့သည် သည်အချိန်မှာ လင်သား ဖြစ်သူကို အားအကိုးဆုံး၊ အတောင့်တဆုံး အချိန် ဖြစ်သည် ဟူသော စကား မှန်လေမည် ထင်သည်။
မောင့်အသံကို ကြားရသောအခါ ဇင့်မှာ အင်အား ပြည့်သွားသလို ခံစားရသည်။
"ဇင် နေကောင်းလား ဟင်"
"နေကောင်းပါတယ်"
"မောင် မရှိတော့ ဇင် သိပ် အထီးကျန် ဆံနေသလား ဟင်"
"ဟင့်အင်း … အခုတော့ ဇင် အထီးကျန် မဆံတော့ဘူးမောင် ဇင့်မှာ အဖော်ရှိနေပြီလေ"
"အဖော်"
"ဟုတ်တယ် မောင်၊ ဇင့်မှာ အဖော်ရနေလေပြီ၊ ဇင်လေ … ဇင်လေ"
"အို ဇင်ရယ် … တစ်ကယ်လား၊ တစ်ကယ်ပဲလား ဟင်"
"တကယ်ပေါ့၊ မောင် မ၀မ်းသာဘူးလား"
"၀မ်းသာပါတယ် ဇင်၊ အို … ၀မ်းသားလွန်းလို့ ဘာပြောရမှန်းတောင် မသိအောင်ပဲကွယ်"
သို့ဖြင့် … တာဝန်ပြီးဆုံး၍ ပြန်လာသော မောင့်ကို ဇင်မျက်နှာပန်းလှစွာ ကြိုဆိုနိုင်ခဲ့သည်။
ဇင်နှင့် မောင်တို့သည် ယုယစွာ ပိုက်ထွေးထားရင်း …
"မောင် သားသားကလေး ယူချင်လား၊ မီးမီးလေး ယူချင်လား"
"ဘာပဲဖြစ်ဖြစ်ပေါ့ ဇင်။ သားသားလေးဆိုရင် မောင့်အတွက် အကူအညီရတယ်၊ မီးမီးလေးဆိုရင် ဇင့်အတွက် အားကိုရမယ်၊ ဘာလို့ မေးတာလဲ ဟင်"
"သြော် … တချို့က သားဦးဆိုရင် ယောက်ျားကလေးသာ ဖြစ်စေချင်ကြလို့ပါ"
"မောင့်မှာ အဲဒီအစွဲ မရှိပါဘူး၊ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အရေးမကြီးပါဘူး"
ကိုယ်ဝန် ဆောင်ထားရသော ရက်များတွင် မောင်သည် ဇင့်ကို အငြင်သာဆုံး ဆက်ဆံသည်။ ယုယမှု ပေးသည်။
လရင်လာပြီး ကလေးဆံပင်ပေါက်၍ ၀မ်းရေယားယံသည်မျိုး၊ ကလေး တွန့်ကန်လှုပ်ရှားသော အခါမျိုးတွင် နှစ်ယောက်သား အရေပြားပေါ်မှ စမ်းသပ်ကာ ရယ်မောကြရသေးသည်။
ဇင်သည် သားဖွားနှင့် မီးယပ်ဆိုင်ရာ ဆရာဝန် ချိန်းဆိုသော နေ့များတွင် မပျက်မကွက် သွား ရောက်သည်။ ပေးသောဆေးနှင့် ဓာတ်စာ အာဟာရများကို စားသုံးသည်။ အပတ်စဉ် ပေါင်ချိန် သည်။
ကလေး၏ အခြေအနေနှင့် ပတ်သက်၍ မေးသောအခါ ဆရာဝန်က …
"အမလေး အမေရယ် … ဘာမှ ပူစရာ မရှိပါဘူး။ အမေ့မှာက အင်လားလဲ ရှိတယ်၊ ကျန်းမာရေးလဲ ကောင်းတယ်။ ကလေးရဲ့ အခြေအနေကလဲ သိပ်ကောင်းတယ်။ တစ်ယောက် မဟုတ်ဘူး ဆယ်ယောက်မွေး ဘာမှ မဖြစ်နိုင်ဘူး"
သည်သို့ဖြင့် … ဇင်၏ မိခင်လောင်းဘ၀မှာလည်း အပူပင်အကြောင့်ကြ မရှိခြ့။
သို့ပေမယ့် … နည်းနည်းတော့ ပြောစရာ ရှိသည်။
မောင် စတင် အရက်သောက်လာခြင်း ဖြစ်သည်။
ယခင်ကတော့ အရက်သောက်ခြင်းနှင့် ပတ်သက်၍ ဇင်တို့မှာ သိပ် ထူးထူးခြားခြား ရှိလှသည် မဟုတ်ပေ။
များစွာသော ယောက်ျားတို့ အရက် သောက်ကြသည်။ ဖေဖေလည်း သောက်သည်။
သို့သော် ဖေဖေ အသည်းမာ၍ သေဆုံးရသည်။ စီးပွားရေးအရ အရက်သည် ကောင်းကျိုးမပေးနိုင် ဆိုသည်တို့ကို တွေ့လာရသောအခါ အရက်အတွက် စိုးရိမ် ပူပန်ရခြင်း ဖြစ်လာသည်။
မောင့်ကို မသောက်စေချင်။
သို့ပေမယ့် … မောင်က ဆင်ခြေဆင်လက်ပေးသည်။
"ယောက်ျားတွေရဲ့ ဆိုရှယ်လောကမှာ အရက်အပါလို့ မပြီးဘူး ဇင်။ အရက်ကြောင့် အသိအကျွမ်း များလာတယ်။ နယ်ကျယ်လာတယ်၊ အမြင်ကျယ်လာတယ်။ အရက်မသောက်ရင် ၀ိုင်းမ၀င်ဘူး ကွာ ကြောင်တက်တက်နဲ့၊ လူညံ့စာရင်းဝင် ဖြစ်ရတတ်တယ်"
"ဒါပေမယ့် … ဇင့် ဖေဖေဟာတော့ အရက်ကြောင့် အရွယ်မတိုင်မီ သေခဲ့ရတယ် မောင်"
"မောင်က သိပ် အလျွန်အကျံ သောက်တာ မဟုတ်ပါဘူး ဇင်။ နာမည် ပျက်ရုံတင်ပါ"
မှန်တော့ မှန်သည်။ မောင်သည် တခါဖူးမျှ အလွန်အကျွံ မူးလာသည် ဆိုသည်မျိုး မရှိခဲ့။ ရုပ်ပျက် ဆင်းပျက် မဖြစ်ခဲ့။ အိမ်ပြန်နောက်ကျ၍ မျှော်ရသည်မျိုး၊ လခ ထုတ်ရက်မှာ လစာ အပြည့်အ၀ ပါမလာသည်မျိုးသာ ရှိခဲ့သည်။
အိမ်ထောင်ရှင် သူငယ်ချင်းတစ်ယောက်က ပြောဖူးသည်။
"ယောက်ျားဆိုတာ မကောင်းမှု တစ်ခုမဟုတ် တစ်ခု လုပ်နေရမှ ကျေနပ်တာကွ၊ အရက်သောက်ရင်သောက်၊ ဖဲရိုက်ရင်ရိုက်၊ မိန်းမလိုက်ရင်လိုက်၊ အဲဒီအထဲက တစ်ခုခုကလေးမှ မလုပ်ရဘူး ဆိုတာ ယောက်ျားကောင်း မပီသဘူးလို့ ထင်နေကြသလား မသိပါဘူးကွာ။ တစ်ချို့ကျ တော့လည်း ယောက်ျားကောင်း ပီသအောင် မကောင်းမှန်သမျှ အကုန်လုပ်ကြတော့တာပဲ"
အထိုင်အထ လေးလာသည်။ ၀မ်းရေတွေ တင်းက အကြောများ ပြတ်ကုန်ပြီ ထင်သည်။ တစ်နင့် တစ်ပိုး လွယ်ထားသည်။ သို့ပေမယ့် … သားကလေးလား၊ သမီးကလေးလားဟူသော အတွေး စိတ်ကူးဖြင့် ဇင်တို့ ပျော်နေကြသည်။
သည်ရက်များတွင် မေမေသည် အိမ်မှာ လာစောင့်ပေးသည်။ ကျေးဇူးတင် ရပါသည်။
ရှစ်လလွန်သည်။ ကိုးလအတွင်း ရက်စွန်းလာပြီဆိုသည်နှင့် တပြိုင်နက်မှာပင် ဇင်သည် မွေးဖွားချင် သည့် အရိပ်အယောင် ပြလာသည်။ ဗဟိုအမျိုးသမီးဆေးရုံသို့ ပြေးရသည်။
ဝမ်းနာရသည့် အဖြစ်ကတော့ လင်စိတ်သားစိတ်ကုန်ပါရဲ့ ဆိုသ်ညမျိုး။ ဇင်သည် တစ်နေ့နှင့် တစ်ညတိုင်တိုင် နာရသည်။ သည်အချိန်မှာ အမေ့ကို သတိအရဆုံး။ အမေ့ကို အတရဆုံး။ နံနက် ရှစ်နာရီမှာ သမီးကို မွေးဖွားပေးခဲ့သည်။ သမီးကို မွေးဖွားချိန်၌ ဇင်သည် ကောင်းစွာ သတိရနေ သည်။ ကလေးငိုသံကို ကြားနေရသည်။
ဇင်က ကလေးချီရန် လက်ကမ်းသည်။
ကလေး စစ်ဆေးနေသော ဆရာဝန်မက …
"ဒီအချိန်ဆို ကလေးကို ချီလို့ မဖြစ်သေးဘူးကွယ့်၊ သူ့ကို ပေါင်ချိန်ဖို့၊ မှတ်ပုံတင်ဖို့ ခေါ်သွားရဦး မယ်"
ကလေးကို တစ်ခြားသို့ ယူသွားသည်။ ဇင်သည် ခံပြင်းသလို ဖြစ်မိသေးသည်။ သို့ပေမယ့် ဇင် သည် မကြာမီမှာပင် ၀မ်းမြောက်ကျေနပ်ခဲ့သည်။ သူမက မိန်းမသား တစ်ယောက် မဟုတ်လား။ မိန်းမသားပီသစွာ လောက၏ တာဝန်တစ်ခုကို ထမ်းဆောင်ခဲ့ပြီပြီဟူသော အတွေးကို တွေးမိလာ ကာ ပီတိ ဖြစ်လာမိသည်။
"သိပ်တော်တဲ့ မအေဘဲကွယ်၊ တို့များကို ဘာဒုက္ခမှ မပေးဘူး"
ဆရာဝန်နှင့် သူနာပြု ဆရာမများက ဇင် ရှောရှောရှူရှူ မွေးဖွားခဲ့ခြင်းအတွက် ချီးကျူးကြသည်။ ဇင်သည် ကျန်းမာသန်စွမ်းပြီး မွေးဖွားလွယ်သည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။
အစကတော့ … သည် ချီးကျူးစကားအတွက် ၀မ်းသာလှသည့် ဖြစ်ခြင်းပေါ့။
မောင်က သမီးကလေးဟေ့ ဆိုကတည်းက နာမည်ရှာထားနှင့်ပြီးသား ဖြစ်သည်။ နေ့နံတွေ တွက်ချက်ပြီး ဖြစ်သည်။
"ခင်ဥမ္မာမင်း" … တဲ့။
မောင် ပေးသည့် သမီး၏နာမည်။
စိတ်ပညာစာအုပ်တွင် ဇင် ဖတ်ခဲ့ဖူးသည်။
ပထမဦးဆုံး ကလေးရသောအခါ ဖခင်လုပ်သူသည် ကလေးအပေါ် ၀န်တိုစိတ် မွေးတတ်သည် ဟူ၍ ဖြစ်သည်။
အကြောင်းမူ ကလေးသည် သူနှင့်ဇနီးအကြား၌ အတားအဆီး ဖြစ်နေတတ်သည်။ မိခင်သည် လင်သည်ထက် ကလေးကို ပိုမိုဂရုစိုက်ကာ အိမ်ထောင်ရေးသုခများ ဆိတ်သုဉ်းရတတ်သော ကြောင့် ဟု ဆိုသည်။
မောင်နှင့် ပတ်သက်၍မူ ဇင်သည် ထိုသို့ မခံစားခဲ့ရပေ။
မောင်သည် ဇင့်ကိုလည်း ချစ်သည်။ သမီးကိုလည်း ချစ်သည်။ ဇင်နှင့် သမီး မည်သည်ကို ပိုသည် ဟု ခွဲခြားမရနိုင်စွမ်းသော အချစ်မျိုး ဖြစ်သည်။
ဇင်ကိုယ်တိုင်သည်လည်း သည်သို့သာသ ဖြစ်သည်။ မောင်နှင့် သမီး မည်သူ့ကို ပို၍ ချစ်သည်ဟု မပြောနိုင်ခဲ့။
သို့သော် … မောင့်ထက် သမီးနှင့် ပတ်သက်သော တာဝန်များက ပိုမိုကြီးလေးလာသည်တော့ အမှန်ပင်။
မေမေရှိနေစဉ်က ဆိုလျှင်တော့ ကိစ္စမရှိ
မေမေပြန်သွားပြီး ဆိုသောအခါတွင်ကား ဇင့်မှာ ချက်ရေး ပြုတ်ရေး၊ လျှော်ရေးဖွပ်ရေးနှင့် ကလေးကိစ္စပါ ရောထွေးကာ ဂျင်ဂျီလည်ရတော့သည်။ မနိုင်မနင်း ဖြစ်ရတော့သည်။ ထိုအခါ မောင်နှင့် ပတ်သက်သော ကိစ္စများအပေါ် မလွှဲမကင်းးသော ဥပေက္ခာပြုရတော့သည်။
ခက်သည်မှာတော့ ဇင့်တွင် ကလေးနှင့် ပတ်သက်သော ပြုစု ယုယမှု အတွေ့အကြုံ မရှိ။ စမ်းတ၀ါးဝါးပင်။ သည်တော့ ကလေး ကိုယ်ပူခေါင်းပူ ဖြစ်လျှင်လည်း ဆေးတိုက်၊ လေနာဝမ်းသွား လျှင်လည်း ဆရာဝန်နှင့် ဆေးဖိုးဝါးခကို မနည်းတော့ချေ။
အမေ့ထံ ပို့နေကျ ထောက်ပံ့ကြေးကို ဖြတ်တောက်လိုက်ရသည်။
တော်သေးသ်ညမှာတော့ … ဇင်သည် ကလေးကို နို့ဘူးတိုက်ရန် ငြင်းဆန်လိုက်မိခြင်း ဖြစ်သည်။
မောင်ကတော့ အပြောသား။
"ကလေးကို နို့ဘူးတိုက်ပါလား ဇင်"
"ဘာဖြစ်လို့လဲမောင်"
"ဇင်သက်သာအောင်ပေါ့။ နောက်ပြီး ဇင် အလှမပျက်အောင်လေ"
ဆက်ရန်
.

1 comment:
မွေးကာစ ၆ လအထိ ဒီအတိုင်း သာမာန် မိခင်နို့ကို တိုက်တာ ပိုကောင်းတယ် ကြားဖူးတာပဲ။
( ကိုယ်တွေ့ မဟုတ်ပါ ဟီးဟီး )
Post a Comment