Tuesday, December 14, 2010

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၃)

အခန်း (၁)

ဒင်နီ စစ်ပွဲမှပြန်လာခြင်း၊ သူ အမွေစား အမွေခံတစ်ဦး ဖြစ်နေသည်ကို တွေ့ရခြင်း နှင့် အားကိုးရာမဲ့များအား ကာကွယ်ရန် သစ္စာပြုခြင်း

ဒင်နီစစ်တပ် မှ ထွက်၍ အိမ်သို့ပြန်လာသောအခါ သူသည် အမွေစား အမွေခံ တစ်ဦးဖြစ်နေပြီး ပစ္စည်းပိုင်ရှင် တစ်ဦးဘ၀ သို့ ရောက်နေသည်ကို တွေ့ရလေ၏။ သူ့အဘိုးသည် ဒင်နီအတွက် တော်တီလာဖလက် ရပ်ကွက် အတွင်း ၌ အိမ်ငယ်နှစ်လုံးထားကာ ကွယ်လွန်သွားခဲ့လေသည်။

ထိုသတင်း ကို ကြားရသောအခါ ဒင်နီသည် ပစ္စည်းပိုင်ရှင်ဘ၀ဖြင့် ပစ္စည်းထိန်းရမည့် တာဝန်အတွက် ရင်လေးလျက် ရှိသည်။ သူသည် သူ့ပစ္စည်းကိုသွား၍ မကြည့်သေးမီ ၀ိုင်တစ်ဂါလန်ဝယ်ကာ တစ်ယောက် တည်း ကုန်အောင်သောက်သည်။ ထိုအခါ စိတ်ထဲတွင် လေးနေသော တာဝန်ကြီးသည် သူ့ထံမှ ထွက်ပြေးပြီး သူ၏ အလွန်ဆိုးရွားသော စိတ်ရိုင်းစိတ်မိုက်များသည် အပြင်သို့ အန်ထွက်လာကြသည်။ သူသည် သံကုန် ဟစ်၍ အော်သည်။ အယ်လ်ဗာရေးနိုးလမ်းပေါ်ရှိ ဘီလိယက်ခုံထဲမှ ကုလားထိုင်တချို့ကို ကိုင်ပေါက် ကာ ချိုးပစ်သည်။

တစ်ခဏမျှသာကြာပြီး သူ့ဘက်က အနိုင်ရသော ရန်ပွဲနှစ်ပွဲဆက်တိုက်ဖြစ်သည်။ ဒင်နီကို ဂရုစိုက်သူ တစ်ဦးမျှ မရှိ။ နောက်ဆုံးတွင် လေးကိုင်း သဖွယ် ခွင်နေသော သူ့ခြေထောက်များသည် လေးကွက် သိုင်းနင်းကာ သူ့ခန္ဓာ ကိုယ်ကို သယ်ဆောင်ပြီး သင်္ဘောဆိပ်ဘက်ရှိ ဆိပ်ခံတံတားဆီသို့ ပို့ပေးသည်။ ယခုလို နံနက်စောစောစီးစီးဆို လျှင် အီတလီလူမျိုး ငါးဖမ်းလုပ်သားများသည် ပင်လယ်ပြင်သို့ထွက်ရန် ရာဘာရှူး ဖိနပ်ကြီး များကို စီး၍ သွားလာ လှုပ်ရှားလျက်ရှိကြလေသည်။

လူမျိုးရေး မုန်းတီးမှုသည် ဒင်နီ၏ ကောင်းသောစိတ်ကို လွှမ်းမိုးခြယ်လှယ်သည်။ သူသည် ငါးဖမ်း လုပ်သားများ အား အခြောက်တိုက် ကြိမ်းမောင်းကာရန်စသည်။ " မိမစစ် ဖမစစ် တဲ့ စစ္စလီ ကောင်တွေ" ဟု လှမ်းအော်သည်။ " ထောင်ကျွန်းက အောက်တန်းစားတွေ၊ ခွေးတွေကမွေးတဲ့ ခွေးတွေရဲ့ ခွေးသားတွေ" ဟု ခေါ်သည်။ သူ့နှာခေါင်းကို လက်မနှင့် တွန်းလိုက်ပြီး ခါးကို ကော့ကော့ပြသည်။ ငါးဖမ်း လုပ်သား များက သူ့ကိုကြည့်၍ ပြုံးဖြဲဖြဲ လုပ်နေကြသည်။ လက်တွင်းမှ လှော်တက်များကို ပြောင်း၍ ကိုင်လိုက်ကြပြီး " ဟယ်လို ဒင်နီ၊ မင်းဘယ် တုန်းက အိမ်ပြန်ရောက်သလဲ၊ ကနေ့ည အလည်လာခဲ့ပါလား၊ ငါတို့မှာ ၀ိုင်အရက် တစ်မျိုး ရှိတယ်ကွ"

ဒင်နီသည် ပို၍စော်ကားမော်ကားပြုလာသည်။ သူသည် သံကုန်ဟစ်၍ ယုတ်ယုတ်မာမာ ဆဲရေး တိုင်းထွာ ခြင်း ပြု သည်။
သူတို့ကတော့ လှမ်း၍ နှုတ်ဆက်သည်။ " သွားတော့မယ်ဟေ့ ဒင်နီ၊ ညကျမှ တွေ့ကြတာပေါ့ " သူတို့သည် လှေငယ် များထဲသို့ ဆင်းကာ အင်ဂျင်စက်ကို နှိုးကြသည်။ ပြီးတော့ ပင်လယ်တွင်းသို့ အရှိန်ပြင်းစွာဖြင့် ထွက်သွား ကြလေသည်။

ဒင်နီသည် အစော်ကားခံရသလိုဖြစ်၍ ကျန်ခဲ့သည်။ သူသည် အယ်လ်ဗာရေးဒိုး လမ်းမအတိုင်း ပြန်လျှောက် လာသည်။ ဒုတိယလမ်းထဲ အရောက်တွင် ပုလိပ်တစ်ယောက်က သူ့ကိုဆွဲသည်။ ဥပဒေကို အလွန်အမင်း ရိုသေ လေးစားသော စိတ်ကြောင့် ဒင်နီသည် ပုလိပ်ခေါ်ရာသို့ ကုပ်ကုပ်ကလေး လိုက်ပါသွားသည်။ အကယ်၍သာ ပူပူနွေးနွေး တပ်ထွက်တစ်ယောက်သာ မဟုတ်ခဲ့ပါမူ ထောင်ဒဏ် ခြောက်လတိတိ အပြစ်ပေး ခံရမည် ဖြစ်၏။

ယခုမူ တပ်ထွက် ပူပူနွေးနွေး ဖြစ်နေသဖြင့် တရားသူကြီးက ထောင်ဒဏ် ရက်ပေါင်း သုံးဆယ်မျှသာ အပြစ်ပေး လိုက်သည်။
ထို့ကြောင့် ဒင်နီသည် မွန်ထရေးမြို့တော် အကျဉ်းထောင်ထဲရှိ ခုတင်လေးတစ်လုံးပေါ်၌ တစ်လကြာမျှ နေ ထိုင်ခဲ့ ရသည်။ တစ်ခါတစ်ရံတွင် သူသည် ထောင်နံရံများပေါ်၌ ညစ်တီးညစ်ပတ်ပုံများရေးဆွဲနေတတ်၍ တစ်ခါတရံ တွင်မူ သူ၏ စစ်သားဘ၀ကို ပြန်တွေးနေတတ်သည်။

မြို့တော်ထောင်အတွင်းရှိ အချုပ်ခန်းလေးထဲ၌ နေရသော ဒင်နီအဖို့ အချိန်တွေကုန်ခဲလှသည်။ ပျင်းရိငြီးငွေ့ ဖွယ် ကောင်းလှ၏။ မကြာမကြာဆိုသလို အရက်မူးသမား တစ်ယောက်တလေ တစ်ညတာမျှ ရောက်လာ တတ်သော်လည်းအများအားဖြင့်မူ မွန်ထရေးမြို့အတွင်း၌ ရာဇ၀တ်မှုများ မရှိတော့သည့်နှယ် အကျဉ်းသား သစ်ဟူ၍ တစ်ဦးတလေမျှ ရောက်မလာသဖြင့် ဒင်နီခမှာ အထီးကျန်ဖြစ်နေရရှာသည်။
ပထမ ရောက်စတွင် ကြမ်းပိုးများက သူ့ကို အနှောင့်အယှက်ပြုခဲ့ကြ၏။ သို့သော်လည်း ကြမ်းပိုးများက သူ့ အရသာ ကို ကောင်းစွာသိသွားပြီး သူကလည်း သူတို့၏ ကိုက်ခဲမှုများကို မဖြုံတော့သည့် အခြေအနေသို့ ဆိုက်ရောက် လာသောအခါ သူတို့သည် နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းစွာ အတူတွဲ၍ နေထိုင်နိုင်ခဲ့ကြလေသည်။

ဒင်နီသည် သရော်လှောင်ပြောင်သော နည်းတစ်ခုကို တီထွင်၍ ကစားပြန်သည်။ သူသည် ကြမ်းပိုးကြီးကြီး တစ်ကောင် ကို ဖမ်းကာ နံရံတွင် ကပ်၍ ဖိသတ်လိုက်ပြီး ခံတံတစ်ချောင်းဖြင့် ကြမ်းပိုးအသေကောင်ကို ပတ်၍ စက်ဝိုင်းတစ်ခု ဆွဲသည်။ ပြီးတော့ " မြို့တော်ဝန်ကလောက်" ဟု အမည်ပေးသည်။ ထို့နောက် ကြမ်းပိုး တစ်ကောင်ပြီး တစ်ကောင် ဖမ်းကာ မြို့တော်မြူနီစပယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ နာမည် များကို ပေးသည်။

မကြာမီမှာပင် နံရံတစ်ခုပေါ်၌ ဖိသတ်ပြီး ကပ်ထားသော ကြမ်းပိုးအသေကောင်များဖြင့် ပြည့်လာသည်။ ကြမ်းပိုး တစ်ကောင်ချင်းစီကို မြို့ထဲမှ အရာရှိကြီးများနှင့် သူဌေးကြီးများ၏ အမည်ပေးသည်။ သူသည် ထိုကြမ်းပိုး အသေကောင် များတွင် နားရွက်များနှင့်အမြီးများဆွဲပေးသည်။ နှာခေါင်းကြီးများနှင့် နှုတ်ခမ်းမွှေး ကြီး များတပ်ပေးသည်။

ဒင်နီ လုပ်နေပုံကြောင့် ထောင်စောင့် တီတိုးရပ်ဖ်မှာ များစွာ စိတ်အနှောက်အယှက်ဖြစ်ရ၏။ သို့သော်လည်း သူသည် ဒင်နီကို အပြစ်ရှာကခင်းမပြု၊ အဘယ်ကြောင့်ဆိုသော် ဒင်နီသည် ရပ်ရွာအေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးအတွက် သူ့ကို ထောင်ဒဏ်အပြစ်ပေးခဲ့သော တရားသူကြီးနှင့် သူ့ကို ဖမ်းဆီး အရေးယူ ခဲ့သည့် ပုလိပ် အဖွဲ့တို့ကို သရော်ခြင်း၊ ရှုတ်ချခြင်း မပြုသောကြောင့်ပေတည်း။ တကယ်တော့ ဒင်နီသည် ဥပဒေ ကို အလွန်ရို သေစိတ်ရှိနေသည် မဟုတ်ပါလား။

တစ်ညတွင် ထောင်သည် တိတ်ဆိတ်ငြိမ်သက်ကာ အထီးကျန်နိုင်လျက်ရှိသည်။ တီတိုးရပ်ဖ်သည် ၀ိုင်နှစ်လုံး ဆွဲ ကာဒင်နီ၏ အခန်းထဲသို့ ၀င်လာသည်။ နောက်တစ်နာရီခန့် အကြာတွင် သူသည် နောက်ထပ် ၀ိုင် ထပ်ယူရန် အပြင်သို့ထွက်ပြန်၏။ ထိုအခါ ဒင်နီသည် သူနှင့်အတူ လိုက်သွားလေသည်။ ထောင်သည် တိတ်ဆိတ် ခြောက် သွေ့ကာ ငြီးငွေ့ဖွယ်ရာဖြစ်သွားသည်။ သူတို့နှစ်ယောက်သည် သူတို့ အရက်ဝယ်ရန် သွားသည့် တော်ရဲလီး၏ ဆိုင်ထဲမှာပင် ထိုင်၍ သောက်ကြရာ ဆိုင်ရှင်တော်ရဲလီးက ကန်ထုတ်လိုက်သည့် အချိန်ကျ မှ အသောက်ရပ်ကြ သည်။ ထို့နောက်တွင် ဒင်နီသည် သူနှင့်အတူ ထင်းရှူးတောအတွင်းသို့ ၀င်ကာ အိပ်ပျော်သွားသည်။ တီတိုးရပ်ဖ် ကတော့ ထောင်သို့ ဒယီးဒယိုင် ပြန်သွားပြီး ဒင်နီ ထောင် မှ ထွက်ပြေးပြီ ဟု သတင်းပို့လေသည်။

နောက်တစ်နေ့လယ် မွန်းတည့်ချိန်လောက်တွင် နေရောင်ထိုး၍ နိုးလာသော ဒင်နီသည် လိုက်လံ ဖမ်းဆီးသူများ လက်မှ လွတ်မြောက်ရန် တစ်နေရာရာသို့သွား၍ တစ်နေ့လုံး ပုန်းနေတော့မည်ဟု ဆုံးဖြတ် လိုက်၏။ သူသည် အိပ်နေသောနေရာမှ ထွက်ပြေးခဲ့ပြီး ချုံများနောက်တွင် ၀င်ပုန်းသည်။ မုဆိုးလိုက်ခံ နေရသည့် မြေခွေးတစ်ကောင်သဖွယ် ချုံများထဲမှ အပြင်သို့ ချောင်း၍ ချောင်း၍ ကြည့်နေသည်။ ညမိုးချုပ် သောအခါ သူ သည် ချူံများ နောက်မှ ထွက်လာခဲ့ပြီး သူ လုပ်စရာရှိသည့် အလုပ်ကို လုပ်သည်။

ဒင်နီ၏ လုပ်ငန်းမှာ ရိုးရိုးရှင်းရှင်းကလေး ဖြစ်၏။ သူသည် စားသောက်ဆိုင်၏ နောက်ဖေးပေါက်သို့သွား၍  ကျုပ်ခွေးကျွေး ဖို့ ပေါင်မုန့် ကျန်ကလေးများမရှိဘူးလား" ဟု သူက ထမင်းချက်ကို မေးသည်။ အလိမ်ခံလွယ် သော ထမင်းချက် အစားအစာများ ထုပ်နေခိုက်တွင် ဒင်နီသည် ၀က်ပေါင်ခြောက်နှစ်ခု၊ ကြက်ဥ က လေးလုံး၊ သိုးသား စင်းကော လက်တစ်ဆုပ်စာ နှင့် ယင်ရိုက်တံတစ်ချောင်းကို ခိုးယူပြီးခဲ့လေပြီ။

" နောက် ကြုံတဲ့အခါကျတော့ ပိုက်ဆံပေးပါမယ်"ဟု ဒင်နီက ပြောသည်။
" ဒီ အစအန အကြွင်းအကျန်တွေ အတွက် ပိုက်ဆံပေးစရာ မလိုပါဘူးဗျာ၊ ခင်ဗျားမယူလည်း ကျွန်တော်က လွှင့် ပစ်မှာပဲဟာ "
ထိုအခါ ဒင်နီသည် သူကျူးလွန်ထားသော ခိုးမှုအတွက် အတော်ကြီး စိတ်သက်သာရာ ရသွားသည်။ အကယ်၍ သာ ပစ္စည်းရှင်များက အပေါ်ယံကြည့်ပြီး ယခုကဲ့သို့ လွှင့်ပစ်မည့် ပစ္စည်းများဟု ယူဆ ကြမည် ဆိုပါက သူ့တွင် အပြစ်မဖြစ်နိုင်။ သူသည် တော်ရဲလီ၏ ဆိုင်သို့သွားပြီး သူခိုးလာသည့် ကြက်ဥလေးလုံး၊ သိုးသား စင်းကော နှင့် ယင်ရိုက်တံ များကို သူ့အတွက် လိုအပ်နေသည့် ပစ္စည်းများနှင့် အလဲအလှယ် လုပ်သည်။ ထို့နောက် ညစာချက် ပြုတ်စားသောက်ရန် တောအုပ်ဆီသို့ ပြန်လာခဲ့လေသည်။

ညသည် မှောင်မိုက်ကာ စွတ်စိုထိုင်းမှိုင်းလျက်ရှိ၏။ ဆီးနှင်းများသည် ဇာပ၀ါ ပါးပါးများဖြင့် လွှမ်းခြုံကာဆီး ပေး ထားသည့်နှယ် မွန်ထရေးမြို့ ဆင်ခြေဖုံးနှင့် နယ်နိမိတ် သတ်မှတ်ထားသော ထင်းရှူးပင် မည်းမည်းများ ကြားတွင် ကျရောက် ပိတ်ဖုံးလျက်ရှိကြလေသည်။

ဒင်နီသည် ခေါင်းကို ငိုက်စိုက်ချကာ တောအုပ်၏ အကာအကွယ်အောက်သို့ အမြန်ဆုံး ရောက်လိုဇောဖြင့် ခပ်သုတ်သုတ် လျှောက်သွားလျက်ရှိ၏။ သူ့ရှေ့တည့်တည့်မှ သူ့လိုပင် တက်သုတ်ရိုက်သွားနေသော လူသဏ္ဍာန် တစ်ခု ကို သူသတိထားမိသည်။ ထိုပုံသဏ္ဍာန်နှင့် မလှမ်းမကမ်းသို့ ရောက်လာသောအခါ သုတ်သီး သုတ်ပျာ သွားနေသူမှာ သူ့သူငယ်ချင်း ပီလွန်ဖြစ်နေသည်ကို သိလာသည်။ တကယ်တော့ ဒင်နီ သည် ရက်ရော သူတစ်ဦးဖြစ်ပါ၏။ သို့သော်လည်း သူသည် ၀က်ပေါင်ခြောက် နှစ်ခုနှင့် ပေါင်မုန့် အစအန တစ်ထုပ် မှ တစ်ပါး အခြားအစားအစာများကို ရောင်းပစ်ခဲ့ပြီးဖြစ်၏။

" ပီလွန် ကို မမြင်ဟန်ဆောင်ပြီး ကျော်သွားမယ်" ဟု ဒင်နီက ဆုံးဖြတ်သည်။ " သူ လျှောက်သွား နေပုံ ကတော့ ကြက်ဆင်သားကြော် အ၀အလံစားထားရတဲ့ လူတစ်ယောက်လိုပါလား "
ထို့နောက် ချက်ချင်း ထူးခြားမှုတစ်ခုကို သူသတိထားမိသည်။ ပီလွန်သည် ကုတ်အင်္ကျီစများကို စုဆွဲပြီး သူ့ဝမ်း ဗိုက် ကို ဖုံးထားသည် မဟုတ်ပါလား။
" ဟေ့ ပီလွန် သူငယ်ချင်း" ဒင်နီက အော်၍နှုတ်ဆက်သည်။

ပီလွန် က သုတ်ခြေတင်ပြေးသည်။ ဒင်နီက နောက်မှ အပြေးအလွှားလိုက်သည်။ "ဟေ့ကောင် ပီလွန် သူငယ်ချင်း၊ ဘယ်သွားမှာ မို့ ဒီလောက်အပြေးအလွှား သွားနေရတာလဲကွ"
မလွတ်နိုင်မှန်း သိသွားသောအခါ ပီလွန်သည် ဆက်မပြေးတော့ဘဲ ရပ်စောင့်နေသည်။ ဒင်နီသည် မောကြီး ပန်းကြီး ဖြင့် ပီလွန်အနီးသို့ ရောက်သွားသည်။ သို့သော်လည်း သူ့အသံက စိတ်အားထက်သန် တက်ကြွ သော လေသံပင် ဖြစ်သည်။

" ငါ မင်းကို လိုက်ရှာနေတာ သူငယ်ချင်းရေ၊ ဟောဒီမှာ မြင်လား၊ ကြည့်စမ်း၊ ဘုရားသခင်က ပေးသနား လိုက်တဲ့ ၀က်သားကြော် နှစ်တုံး နဲ့ ပေါင်မုန့်ချိုချိုလေး နှစ်အိတ်၊ ငါ့မှာရှိတာလေးကို တို့နှစ်ယောက် ဝေမျှ စားကြရအောင် "

ပီလွန်က သူ့ပခုံးများကို တွန့်သည်။ " အေး မင်းပြောတာ ကောင်းသားပဲ"ဟု ရေရွတ်သည်။ သူတို့သည် အတူ တွဲ၍ တောအုပ်တွင်း သို့ ၀င်ခဲ့ကြသည်။ ပီလွန်သည် နားဝေတိမ်တောင် ဖြစ်လျက်ရှိသည်။ သူသည် တစ်စုံ တစ်ရာ ကို မဝေခွဲနိုင်သည့် ပုံမျိုးဖြစ်နေသည်။ နောက်ဆုံးတွင် သူသည် ဖျတ်ခနဲရပ်လိုက်ပြီး သူ့သူငယ်ချင်း နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ " ဒင်နီ" ဟု စိတ်ထိခိုက်နေသံဖြင့် စကားစသည်။ " ငါ့ ကုတ်အင်္ကျီအောက် မှာ ဘရန်ဒီတစ်ပုလင်း ၀ှက်ပြီး ယူလာတယ်ဆိုတာ မင်း ဘယ်လိုလုပ်သိသလဲဟင် "

" ဘရန်ဒီ ဟုတ်လား "ဒင်နီက အော်ကြီးဟစ်ကျယ် ရေရွတ်သည်။ " မင်းမှာ ဘရန်ဒီရှိသလား။ သြော် - ဒါဆိုရင် နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေတဲ့ မင်း အမေကြီးဖို့ ဖြစ်ချင်ဖြစ်မှာပေါ့ " ဟု အလွန် ရိုးသား ဖြူစင် သည့် လေသံဖြင့် ပြောသည်။ " ဒါမှမဟုတ်လည်း ငါတို့ဘုရားသခင် နောက်တစ်ကြိမ် လာတဲ့အခါမှာ ဧည့်ခံဖို့  အတွက် မင်းသိမ်းထားတာ ဖြစ်ချင်လည်း ဖြစ်ပေမပေါ့၊ ငါဘယ်သူလဲ သိတယ်မဟုတ်လား၊ မင်းမှာ ဘရန်ဒီ ပုလင်း ရှိတယ် ဆိုတာ ငါတကယ်မသိပါဘူးကွာ၊ ပြီးတော့လည်း ငါရေမငတ်ပါဘူး ဒီဘရန်ဒီ ပုလင်း ကို ငါက လက်ဖျားနဲ့တောင် မတို့ပါဘူး ယုံပါ၊ ငါ့မှာရှိတဲ့ ၀က်သားကြော်ကို အတူတူစားကြဖို့ ငါက ဖိတ်ပါ တယ်ကွ၊ ဒါပေ မယ့် ဘရန်ဒီပုလင်းကတော့ မင်းပိုင်တဲ့ ပစ္စည်းပဲ"

ပီလွန် က လေသံခပ်ပြင်းပြင်းဖြင့် ပြန်ပြောသည်။ " ဒီမယ် ဒင်နီ၊ ငါ့ဘရန်ဒီ ကို တစ်ယောက်တစ်ဝက် အညီအမျှ သောက်ကြမယ်ဆိုရင်တော့ မင်းနဲ့ အတူ တူသောက်ကြဖို့ ၀န်မလေးပါဘူး။

ဆက်ရန်
.

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

လာဖတ်သွားပါပြီ အစ်မရေ...