'နွားမ တင်ပါးသား ဆိုတာက ဘယ်သင်း ပြောတာအောက်မေ့လဲ၊ ပေါင်သား မဟုတ်ဘူးကွ၊ နောက်တင်ပါး ဆုံနှစ်ခုမှာ အရစ်လိုင်းကလေး နဲ့ အသား အတန်းတန်းရှည်ရှည် ကလေးရှိပါရောလား၊ အဲ့ဒါလေးကို မြှောင်းလိုက် လှီးယူထားတာ၊ နွားမ တစ်ကိုယ်လုံးမှာ အဲဒီနေရာက အသားဟာ အနုဆုံး အထွက်ဆုံးပဲ၊ နွားမကလဲ မတမ်းပေါက်စကလေးကိုးကွ။
ကျွန်တော်က သူ့ပြောစကားနှင့် သွားရည်တကျကျဖြစ်နေရာမှ.......
'ဟင်... အပျိုကလေးတင်ပါးလို နေမှာပဲနော်၊ ဟီ...ဟီ မဆီမဆိုင် ဟို ဥသ်နေ့က ဦးမြတ်ချမ်းတို့နဲ့ မြို့ကလိုက်လာတဲ့ နားသံသီးမကလေးကို သွားသတိရမိတယ်၊ သူ့နာမည်က ရီရီ တဲ့၊ စကားပြောမှဖြင့် သူ့ကိုယ်သူ ရီကလေ ရီကလေ နဲ့....ဟီး....ဟီး။
ကျွှန်တော် နည်းနည်းမှုး၍ နေပါပြီ၊ ဦးကြီးဖြိုးက ကျွန်တော့် စကားကိုဖြတ်၍...
'တော်စမ်းကွာ.... မင်းဟာ ဒီဘက် တယ် ဏှာကြောကြွတယ်၊ မင့်မယား ဟိုနေ့က ပြောမယ်ဆိုလဲ ပြောစရာပဲ၊ ဦးဖက်ထုပ် စကားဆက်ပါစေဦး၊ သူ့စကား မဆုံးသေးဘူး။
'ဘယ်ဆုံးဦးမလဲကွာ၊ ငါပြောမယ်၊ အမဲသားမကောင်းဘူး ကောင်းတယ် ဆိုတာက နွားအရွယ်တင် မဟုတ် သေးဘူး၊ အမွေးလဲ လိုက်သေးတယ်၊ နွားမှာ မွေးစတိုရမယ်၊ အဲ...နွားမွေးရှည်များတော့ သွားမစားလေနဲ့၊ အရွယ်ချင်း တူရင် ညံ့ပြီးသားပဲ မှတ်ပေတော့၊ အဲဒီ နွားမကလေးတုန်း က စံပယ်ဖြူ မွေးစတိုကလေး လတ်လတ်ဆတ်ဆတ် ရှိလိုက်တာ လဲ မပြောနဲ့၊ အရွယ်ကလဲ ဂေါရီအရွယ်ကလေး၊ တို့ စားရတာက လဲ အသည်းနှလုံး သရက်ရွက် သရွင်းတိုင် မိုးခိုသားရင်နူး၊ တင်ပါးဆုံသား၊ ချက်တာကလဲ လတ်လတ်ဆတ်ဆတ် ရေမဆေးဘဲ သူ့သွေးနဲ့သူ ပထမရေလုံးတာ ဆိုတော့ လောကမှာ ဒီလောက် ကောင်း တဲ့ ဟင်းမျိုးတော့ ကြုံကြိုက်ခဲလှပဟဲ့ လို့ အောက်မေ့လိုက်တာ တကယ်တော့ ဘယ်ဟုတ်ဦး မလဲကွာ၊ တောက်...ခုတောင် ပြန်တွေး တရေးရေးပေါ်လာတော့တယ်။
အဘိုးကြီးက ပြောရင်မှ ထန်းရည် သူ့အလှည့်ကျ၍ ခဏ စကားရပ်နေသည်ပင် ကျွန်တော်က အားမရ နိုင်ဘဲ သူခွက် ချွတ်လျှင် ချွတ်လိုက်ချင်း.....
'ကဲ....ဆက်ဗျာ ဘာများလဲဗျ၊ တရေးရေးပေါ်တာက...
အဲ... ဟိုထန်းပင်ပေါ်က ထန်းရည် ကျည်တောက်ထဲ တည့်ဝှက်တားရတဲ့ အမဲသားပေါ့ကွာ၊ ခွေးမသားတွေက နောက်နေ့တောင်မှ ပြန်မသွားသေးလို့ ထန်းပင်ပေါ်က တက်မချရသေးဘူး၊ အဲ... သူ့တို့ ညနေ ပြန်သွားမှ တို့ချရတာ တစ်ည နဲ့ တစ်နေ့ ကျည်တောက်ထဲ ကြာခဲ့တာပေါ့၊ အောက် ရောက်တော့ ဆားမပါဘာမပါနဲ့ ထွေးသိပ်ထားရတာမို့ ပုပ်များနေမလားလို့ တို့နမ်းကြည့်တယ်၊ မနံ ဘူးဟ၊ ထန်းရည်နံ့ ကလေး သင်းနေတယ်၊ ဒါနဲ့ ပုပ်တော့မပုပ်သေးဘူး ဟေ့၊ တော်သေးတာ့ပဲ၊ တို့ ခုည တစ်တွဲစားကြမယ်ဆိုပြီး တစ်အိုးချက်တယ်၊ အဲဒီဟင်း ကျက်လို့ ခွက်ထဲထည့်ပြီး တစ်ယောက်တစ်ဖက်စီ စားမိ သေးတယ်၊
ဟေ့... ဟိုကျန်တဲ့လေးတွဲမရောင်းနဲ့ တော့လို့ သံပြိုင် အော်မိကြတယ်၊ တကယ်တဲ ဇာတ်တိုက်ထားတဲ့ အတိုင်း ပဲကွာ၊ တို့တွေမှာ တစ်ယောက်တစ်ယောက်ကြည့်ပြီးလဲ အံသြမိကြသေးတယ်၊ တကတဲ ကောင်းလိုက် တဲ့ ဟင်းကွာ ဟိုညက ၀မ်းတွင်းသားနဲ့တင်ပါးသားလေး ကောင်းလှတယ်လို့ ထင်မိတဲ့ ကိုယ်စိတ် တောင် ကိုယ်ရှက်မိပါသေးတယ်၊ ဘုရားစူးပါရစေရဲ့၊ ကျန်တဲ့လေးတွဲ လဲ အကုန်လုံးချက်ပြီး လူခြောက်ယောက် စားတာကွာ ဟင်းသာ ကုန်ရော မ၀ဘူး၊ အာသားမပြေဘူးဟေ့၊ ငါတော့ တစ်သက်မှ တစ်ခါ ဒီလောက်ကောင်း တဲ့ ဟင်း အခုထိ တစ်ခါမှ မစားဘူးတော့ကွာ
သူ့ အတိတ် ကို အတော်ပင် လွမ်းဆွတ်ဟန်နှင့် အဆုံးသတ်လိုက်၏။
သူ့ဒေသနာ အဆုံး ၌ အားလုံးပင် အနုမောဒနာပြုကြကာ ဦးကြီးဖြိုးက...
'ခင်ဗျား ဟာက အမဲသား ကို ထန်းရည်ချိုး စိမ်ထားတဲ့ သဘောပေါ့။
'မဟုတ်သေးဘူးက၊ အဲဒါက ငါစမ်းကြည့်ပြီးပြီ၊ ကောင်းသင့်သလောက်တော့ ကောင်းပါရဲ့၊ ဟိုသင်းကို မမီသေးဘူးဟေ့၊ ဟိုသင်းက ကျည်တောက်ထဲမှာ အောက်ခံချိုးနဲ့ အပြင် အပေါ်က ထန်းစအချိုရည်ကလဲ တစ်စက် တစ်စက် ကျနေတာ။
'ဒါဖြင့် အဲဒီအတိုင်းပဲ လုပ်ကြည့်မှပဲ၊ ကဲ...စကားလဲပြောကောင်းရဲ့၊ ခက်တာက ထန်းရည်လဲကုန် ပြီဗျ
နောက်ဆုံးခွက်ငှဲ့ပြီး ကျည်တောက်ကို တုံးလုံးလှဲလိုက်၏ မည်သူ မျှ အာသာမပြေကြသေး။ ဦးဖက်ထုပ် သည် သူ့အိတ်ထဲ နှိုက်လိုက်ပြီး....
'တောက်..... ထီစာအုပ်က တစ်အုပ်မှ ၂ ကျပ်မြတ်တာ၊ ဟောဒီတစ်ကျပ် က ထီစာအုပ်ဝယ်ပေး တဲ့ သူငယ်မလေး ကို ပေးရမှာကွ ဟု ဆိုရင်း အိတ်ထဲက ကျပ်တန်ကလေးကိုထုတ်လိုက်ရာ ယခုအပတ်နှင့် အရောင် မတူသော ထီလက်မှတ်အဟောင်းကလေး ကပ်ပါလာသည်ကို မြင်ရသည်၌ ဦြးုကီးဖြိုးက.....
'ဒီလက်မှတ်က ဘယ်တုံးကဟာလဲ'
'လွန်ခဲ့တဲ့အပတ်ကဟာကွ၊ ငါ ခုမနက် ဂျမ်းဘုံကြီးအိမ်ရောက်သွားရင် 'ဟဲ့ ... ဂျမ်းဘုံကြီး၊ ထီတစ်စောင် လောက် ထိုးစမ်းပါဦး' ဆိုတော့ ကောင်မကြီးက အောက်သိုးသိုးနဲ့ ဘာဖြစ်နေတယ် မသိပါဘူးကွာ၊ 'တော်ကြီး ဆီ ထိုးတာ တစ်ခါမှလဲ မပေါက်ဘူး၊ ရော့ ... ရှင့် အရင်တစ်ပတ်က လက်မှတ်တောင် ပြန်လိုချင် ယူသွားဦး' ဆိုပြီး အိတ်ထဲထည့် ပေးလိုက်တာကွ'
ဦးကြီးဖြိုးက ၎င်းလက်မှတ်ကို ယူပြီး ...
'ဟန်ကျပြီဟေ့ ... သွား တက်ကလေး မင့်အရီး ခေါင်းအုံးအောက်မှာ သူ့သား စံနဂုတ် ကို လုံချည် ၀ယ်ပေးဖို့ တဲ့ စုထား တဲ့ ခြောက်ကျပ်လား ခုနှစ်ကျပ်လား ရှိတယ်'
'တော်ကြာ အရီးချစ်စု ဆူနေပါဦးမယ်ဗျာ'
'ငါ့မှာ မဆူတဲ့နည်း ရှိပါတယ်ကွာ၊ သွားယူမှာသာ သွားယူစမ်းပါ'
သူ့စကားအတိုင်း ကျွန်တော် ငွေ၂ကျပ် ယူလာသောအခါ၌ ...
'ကဲ ... ဖင်ကြားကြီးရေ ... အကျယ်က ဗိုက်ပြည့်တယ်ကွာ၊ အကျဉ်းပဲ လုပ်ကြစိုရဲ့၊ ဟောဒီ ငွေ၂ကျပ်ယူပြီး မြမယ် အိမ်သွား၊ အရက်တစ်လုံးဆွဲ၊ နို့ပြီး မောင်မြင့်ကြီး အိမ်က ငါးပုပ်ခြောက် ငါးမူးဖိုးဝယ်၊ မီးဖုတ်ပြီး သံပရာရည်ညှစ်လိုက် ရင် အင်မတန် အရက်နဲ့မြည်းလို့ကောင်းတယ်၊ ဟေ့ ... အရက်လဲ ငါက မှာလိုက်တယ် မြမယ် ကိုပြော ပွဲတော်ကျပေးလို့'
အကြောင်းမှာ မမြမယ်သည် မြို့ဘုံဆိုင်မှ အရက်ကို လိုင်စင်လက်မှတ်နှင့် ယူ၍ ရောင်းသည်။ ၀ယ်ဈေးမှာ ၁၂ပုလင်းကို ငွေတစ်ဆယ်ဖြစ်၍ တစ်ပုလင်းတစ်ကျပ် ရောင်းသည်၌ အမြတ်ပို၍ ထွက်အောင် ရေရောတတ်၏။ သို့သော် အသောက်အစား လောင်းကစားပြုမှု အစုစု အကုသိုလ် လုပ်ငန်းတို့၌ အကူအညီ ပေးနိုင်သည် ဟု ဆိုသော နတ်ဆိုးကြီး ဦးမင်းကျော်ကို နေ့စဉ် တင်ဆက် သည်၌ မရောဝံရှာပေ။ ထို့ကြောင့် ဦးကြီးဖြိုး က ပွဲတော်ကျကို မှာခြင်း ဖြစ်သည်။
တောက် ... ခုခေတ်များဖြင့် တောရွာ အရက်သောက်တာမှ ကောင်းကောင်း မသောက်ရပါ။ မြို့က ဆန်အရက် နှက်နေရ၏။ ရှေ့ အင်္ဂလိပ်မင်းလက်ထက်ကဆိုလျှင် ဘဇာ ဒီလို ဟုတ်လိမ့်အံ့နည်း။ ရွာက်နောက်ဖေး ၌ တိတ်တိတ်ပုန်း ခိုးချက်ရသော ထန်းလျက်အရက် စင်စစ်ကို တွယ်ရ၏။
အခု ဆဋ္ဌမ သင်္ဂါယနာ တင်မယ့် အစိုးရလက်ထက်ကျမှပဲ တောရွာတွေ တရုတ်ဘုံဆိုင်ကတစ်ဆင့် ရောင်းခွင့်လက်မှတ် ပေးလေတော့ ကျုပ်တို့ တောသားတွေလည်း အလွယ်လိုက်ကုန်ရော၊ ဘယ်သူမှ ခဲခဲယဉ်းယဉ်း ခိုးမချက်ကြတော့ဘူး။ တကယ်လို ကိုယ့်ဟာကိုယ် ကောင်းကောင်းလေး သောက်ချင်လို့ တစ်ပေါင်း နှစ်ပေါင်းလောက် ကြိတ်မယ် စိတ်ကူးမိပြန်လဲ မမြမယ် လို ဟာပဲ ကြောက်နေရတယ်။ သူ က ဘုံဆိုင်ကို ပြောနိုင်တယ်။ သည်တော့ ဘုံဆိုင်တရုတ်က ယစ်မျိုးဘက် က ပုလိပ်တွေကို ကျွန်တော်တို့ ရွာနောက်ဖေးက ခြံစောင့်ရင်း ကြိုစောင်ရင်းကြား မောင်းလွှတ် လိုက်ကရော။ သည်တော့ တရုတ် တိုက်ကျွေးထား တဲ့ နာနာဂီရိ တို့က ကျွန်တော်တို့ တောသားများ ညှဉ်းပန်းပါရောဗျာ။ အဲဒါ အရင်းအမြစ် ဘယ်ကလဲ ဆိုတာ အကြောင်းအကျိုးတွေးရှု ၍ သာဓု အနုမောဒနာသာ ပြုကြပါတော့၊ ဘွန္တော ... သပုရိသ အပေါင်း သူတော်ကောင်းတို့။

အခန်း (၉)
ဟော ... ကျွန်တော်တို့ ခြေမြန်တော် စုံထောက်ကြီး ပြန်လာပြီးဗျား ... လာပုံက လှတယ်။ အသွား တုန်းက ခေါင်းပေါင်းသွားတဲ့ ပုဆိုးကိုး။ အခု လည်ပင်းစည်းပြီး ကျောမှာ ခြုံခဲ့လို့။ ခေါင်းနေပူခံပြီး ခြုံရမှာ ပေါ့ဗျ။ ခါး မှာ အရက်ပုလင်း ထိုးခဲ့တာကိုး။ ကျုပ်တို့တောက ခင်ဗျားတို့ မြို့လို လွယ်အိတ်နဲ့ ဘာနဲ့ လုပ်မနေဘူးဗျ။
ဟုတ်သဗျို့ ... ဦးကြီးဖြိုး ပြောတာ၊ ငါးပုပ်ခြောက် ကို မီးဖုတ် ဆီဆမ်း၊ သံပရာရည် ဖျန်းပြီး အရက်နဲ့ မြည်းတာ တယ်မိပါလာ။ နို့ပြီး ချက်အရက် သောက်တာမှာလည်း အုန်းမှုတ်ခွက်နဲ့ မဟုတ်၊ ဖန်ခွက်နဲ့ မဟုတ် လက်ဖက်ရည်ကြမ်း ပန်းကန်နဲ့ဗျ။ သူ့နေရာနှင့်သူ။ သူ့သဘာဝနဲ့ သူပေါ့ဗျာ။ ခင်ဗျားတို့ မြို့မှာတော့ ၀ီစကီ အလန်ဒီခေါ်တဲ့ အရက်တွေကို ဖန်ခွက်နဲ့ ထည့်သောက်ကြဆို။ နို့ပြီး ဆော်ဒါနဲ့ ရောသေးသတဲ့။
'အတွင်းတောင် လက်ဖက်ဆီ အသွေးလိုပ၊
ပယင်းရောင် ခွက်ကြည်ကလေးနဲ့တော့၊
အရက်ဝီစကီကလေးကလဲ မွှေးလိုက်ပါဘိ
သောက်ချင်စရာ'
ဆိုလား ကျွန်တော် ကြားဖူးတယ်။ တစ်ခါလောက် ခင်ဗျားတို့ သောက်တာမျိုး ကျွန်တော် သောက်ကြည့်ချင်တယ်ဗျာ။
နို့ပြီး ခင်ဗျားတို့ သောက်ဝိုင်းမှာလည်း လူတိုင်းစေ့ ကိုယ့်ဖန်ခွက်နဲ့ ကိုယ်ဆို။ ကျွန်တော်တို့ ချက်အရက်ဝိုင်းကတော့ လက်ဖက်ရည် ပန်းကန်တစ်လုံး တစ်ယောက်တစ်လှည့်။
'ဟေ့ ... တက်ကလေး၊ မင်းအလှည့်ကွ ... ငေးလှချည်လား၊ မင်းမလဲ ဒီသားမယား လွမ်းတဲ့စိတ်နဲ့ ပဲ ... '
'သား တွေတော့ ဒီလောက် မလွမ်းပါဘူး ဦးကြီးရာ'
'အင်း ... ဖြစ်ရမယ်၊ သောက်မှာ သောက်စမ်းပါဦးကွာ၊ လင်မယားဆိုတာ ကွဲခဏ ... နောက်ပြန်ရမှာပဲ'
ကျွန်တော် အရက်ကို ကျိုက်ချလိုက်ပြီး ငါးပုပ်ခြောက် အငန် သံပရာအချဉ်ကလေးနှင့် ခံတွင်းကို ဖြေကာ ...
'ဘယ်တော့ ပြန်ရမှာလဲဗျ၊ ခု ခုနှစ်ရက်တောင် ရှိသွားပြီး ဦးကြီး ပြောတဲ့အတိုင်း ပလွေလျှောက် မှုတ်လို့လဲ ပလွေကျော်ဇော အလုပ်ခံရပြီ၊ ဒါ ယောက္ခမကြီးစနက် ဖြစ်မှာပါပဲဗျာ၊ ကျွန်တော့် ပလွေသံ ကောင်းလျက်သားနဲ့သူ အရပ်နဲ့လှည့်တိုက်တာ ဖြစ်ရမယ်ဗျာ၊ ယောက္ခမကြီး မြန်မြန် သေပါစေဗျာ'
'ဟဲ့ ... သူ့ကိုချည်း ဒါလောက် အပြစ်တင်မနေနဲ့ဦး၊ မင့် ပလွေသံကလဲ ဆိုးတယ်'
ဦးကြီးကပါ ဤသို့ ပြောသဖြင့် ကျွန်တော် မျက်ခုံးရှုံ့ကာ ...
'ဗျာ ... ကျွန်တော့် ပလွေသံ ဆိုးတယ်'
'ဟုတ်တယ်၊ အရပ် နားမခံနိုင်အောင် ဆိုးတာအမှန်ပဲ'
'ဟင် ... ဒါဖြင့် ဒီအမှု သူကြီးအိမ် ရောက်အောင်ပဲ စောင့်နေရသလား၊ ဦးကြီးကပဲ မတော် မတော်ဘူး ပြောရော ပေါ့ဗျာ'
'အေး ... ငါကလဲ ငါခိုင်းတဲ့ အလုပ်ဆိုတော့ ပြန်မဖျက်ချင်ဘူး၊ အရပ်က ကြည့်စီမံလိမ့်မယ်ဆိုပြီး လွှတ်ထားလိုက်တာပဲ'
'တယ်တော်တဲ့ ဦးကြီး၊ ကဲ ... ခုတော့ ပိုက်ဆံ သုံးပဲသုံးပြီး ကုန်တာနဲ့ နာမည်ဆိုး အဖတ်တင်တာ ပေါ့ဗျ၊ မိန်းမလဲ ပြန်မရဘူး၊ ဟစ်တလုံးက သူတို့အိမ်ရှေ့ ရောက်ရင် ခဲနဲ့ဆီးဆီး ပေါက်တာလဲ ခံလိုက်ရသေး'
'ဟေ ... မင့်သားက မင့်ခဲနဲ့ ပေါက်သလား'
ဦးဖက်ထုပ်က ဖြတ်၍ မေးသဖြင့် ...
ဆက်ရန်
.
1 comment:
နွားမလေးကို ခိုးပြီး သတ်စားတဲ့အကြောင်း ဖတ်ရတာ ရင်ထဲ တစ်မျိုးကြီးပဲနော်။ ကိုယ်သတ်တဲ့ နွားရဲ့ အသွေးအသားတွေ ကလီစာတွေ ဘယ်နေရာ ဘယ်လိုစားကောင်းတာဆိုပြီး သေချာ ရေးထားတော့။
ဒါတောင် ကျွန်တော်က အမဲသား စားတဲ့လူ။
Post a Comment