ဖိုးဘတင် ကြည့်နေတာကြာပြီ အကျင့်၊ အကျင့်၊ ထမင်းကျွေးရမှာကြောက်တဲ့အကျင့်ဟာ သူတို့အကျင့်ပဲ။ အိမ်လာတဲ့ ဧည့်သည်တွေထဲမှာ ညအိပ်ဧည့်သည်နဲ့ ထမင်းကျွေးရမယ့်ဧည့်သည်ဆို ဘယ်လို ကြောက်ကြမှန်း မသိဘူး။ ဘယ်လို ၀န်လေးကြမှန်းမသိဘူး။ ဒါဟာ ရန်ကုန်ထုံးစံ၊ မြို့ကြီးပြကြီး ထုံးစံသာ ဆိုရင်တော့ ဒီထုံးစံ ဒီအလေ့အကျင့်တွေကြားမှာ ဖိုးဘတင် မပျော်ပိုက်လိုက်တာ။ သြော်..ဖိုးဘတင်တို့ အညာ မှာတော့လဲ အိမ်ဧည့်သည်လာရင် ဘယ်လို ထမင်းကျွေးချင်မှန်းမသိဘူး။ ဘယ်လို အိပ်စေချင်မှန်း မသိဘူး။ ကွာပေတယ်၊ ကွာပေတယ်။
'အင်း မင်းတို့ သဘောပေါ့လေ၊ အတင်းလိုက်ရမယ် အဖေမခေါ်ပါဘူး၊ အလုပ်အကိုင်ဆိုတာကလဲ တကယ် တော့ ဒီလောက် ပူစရာမရှိပါဘူး၊ အဖေအလျင်ကလုပ်တဲ့ ပဲလှောင်၊ ဂျုံလှောင်လုပ်ရင်ကို တို့ တောစားစရိတ် က အသာလေး ရပါတယ်၊ ပြီးတော့ အဖေပြောချင်တာက တစ်ခုလဲရှိသေးတယ်၊ မင်းတို့ လင်မယား က အသက်ရလာပြီ၊ အသက်ရလာတဲ့အချိန်မှာ ကျန်းမာရေး အတွက် လေကောင်းလေသန့် ရတဲ့နေရာ၊ စိတ်လက်ကျယ်ဝန်း မယ့် နေရာမျိုးလေးမှာ နေနိုင်ရင် ပိုကောင်းတာပေါ့၊ အဖေ မင်းတို့ကို ခေါ်တာ အဲဒီအချက် အများကြီးပါတယ်၊ ဒီမှာနေရတာ အဖေနေကြည့်တော့ သိပြီကွာ'
'ဖေကြီးတို့အညာမှာလဲ မြေဈေးတွေ တက်နေမှာပေါ့နော်၊ ဒီမှာတောင် ဒါလောက် တက်နေတာနော်၊ မြေ က အကျယ်ကြီးဆို ကောင်းမှာပဲ'
'ဖေကြီးတော့မသိဘူး'
'သမီးတို့ကတော့ နေခြင်းနေရင် ကိုအာကာတို့အိမ်မှာပဲ နေမယ်၊ သူတို့အိမ်မှာ ဒက်ခ်လဲရှိတယ်၊ ကားလဲ ရှိတယ်'
'အေးလေ အဲဒါကို သမီးတို့ဖေကြီးက တစ်ခါတည်းဖြစ်နေလိုက်တာ'
'ဖေကြီး ဟိုမှာဆို ဖေကြီးနေ့တိုင်း ဘီယာသောက်ရမှာနော် မနေချင်ဘူးလား'
'သမီးတို့ ကလဲကွာ၊ ကဲသမီးတို့ မေကြီးကိုလဲ မေးကြည့်ပါဦး၊ သူ့ခမည်းခမက်တွေက ခေါ်မှာလားလို့ ဒီမိသားစုကြီး ကို၊ ကဲ'
'အို..ခေါ်ပါတယ်ရှင့်၊ အဲလိုမပြောပါနဲ့'
'ကြည့်သေးတာပေါ့ကွာ'
'သြော်...ဖေကြီးရယ်၊ ဖေကြီးနဲ့တော့ ခက်သေးတယ် ဒီကိစ္စတွေ'
ဖိုးဘတင်ရင်ထဲမှာ ၀မ်းနည်းနာကျင်လာတယ်။ အရေးတစ်ခုလုပ်ပြီး စကားလေးများ ပြန်ကြပါဦးလို့၊ ဖိုးဘတင် အော်လိုက်ချင်တယ်။ ဖိုးဘတင်ကို အနားမှာ ရှိလေရဲ့လို့ မအောက်မေ့ဘဲ သူတို့ပြောချင်ရာတွေ ပြောနေ လိုက်ကြတာ။ ဒီအဘိုးကြီး ဟာ ဘာမှ အသုံးမ၀င်တော့တဲ့ အဘိုးကြီး၊ ဘာမှ မစွမ်းဆောင်နိုင်တဲ့ အဘိုးကြီး၊ အဓိပ္ပာယ်မရှိတဲ့ စကားတွေကိုပဲ ပြောတတ်တဲ့ အဘိုးကြီး၊ အလကားအဘိုးကြီးပေါ့၊ တော်ပြီပေါ့၊ ချောင်ထိုး ထားလိုက်ကြပေါ့ ကြောင်ကြီးက အိုပြီပဲ။
ဖိုးဘတင် စိပ်ပုတီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်တယ်၊ ချောင်းတစ်ချက်ဟန့်လိုက်တယ်။
'မင်း တို့ ခမည်းခမက်အိမ်မှာ သွားနေရင် အဖေ့ကို အညာပြန်ပို့၊ အေး..အညာက လက်မခံရင်လဲ အဖေလူအိုရုံ ကို သွားမယ်'
တုန်ယင်ပြီး ခပ်ဆတ်ဆတ်နိုင်တဲ့ ဖိုးဘတင်အသံကြောင့် မိသားစု စကားတွေ ရပ်သွားတယ်။ ငြိမ်သွား တယ်။ သားလုပ်တဲ့သူရဲ့ သက်ပြင်းချသံကို ကြားရတယ်။
'အဖေ ကလဲ မဟုတ်တာတွေ လျှောက်ပြောမနေပါနဲ့၊ သေချာသေးတာလဲ မဟုတ်ဘူး၊ အဖေအညာ ပြန်စရာလဲ မလိုဘူး၊ လူအိုရုံသွားစရာလဲ မလိုဘူး'
'ဟုတ်သားပဲ အဘိုးကလဲ၊ အသနားခံစာ တင်မှာပါတဲ့ ဆိုနေမှနော့...မေကြီးရာ'
'မသိပါဘူး ပြောတာပဲ၊ ကိုယ့်အခန်းလေးက ကိုယ်ဘယ်မှမပြေးရင် ကောင်းတာပဲ၊ ဘယ်သူ ဆီမှ မပြောင်း ရင် ကောင်းတာပဲ'
ချွေးမစိတ်ရှုပ်သံနဲ့ ခပ်ဆောင့်ဆောင့်ပြောရင်း အိပ်ခန်းထဲ ထသွားတယ်။ သမီးနှစ်ယောက် မအေ နောက် လိုက်သွားတယ်။
သားလုပ်သူက စိတ်အိုက် လက်အိုက်ပုံနဲ့ ၀ရန်တာဘက် ထွက်သွားတယ်။
ဖိုးဘတင် က စိပ်ပုတီးဆုပ်ထားတဲ့ လက်နှစ်ဖက်နဲ့ ဘုရားစင်ကို လက်အုက်ချီလိုက်တယ်။
'ဆန်နီ ရပ်တဲ့ ၀ရန်တာပြိုမကျဘဲ တပည့်တော်အမြဲထိုင်နေတဲ့ ၀ရန်တာ ပြိုကျပါတော့ဘုရား၊ တပည့် တော် ၀ဋ်ကျွတ်ချင်ပြီ'
ဖိုးအောင် ရဲ့မယ်အေးတစ်ယောက်ကလဲ ဦးရဲ့ လတ်လိုပဲ မေးခွန်းတစ်ခုကို ထပ်တလဲလဲ မေးတယ်။
'ဖိုးအောင်... မယ်အေး မေးတိုင်း စိတ်ညစ်ရင်ပိုပြီး ပြုံးဖြဲဖြဲ ဖြစ်လာပြီး ပိုပြီး စကားများလာတတ်တဲ့ ဖိုးအောင် အကျင့် အတိုင်း မျက်နှာပျက်နေလျက် က ဖိုးအောင် ပြုံးဖြဲဖြဲ ပိုဖြစ်လာတယ်။
'ဟင် ဖိုးအောင်၊ မယ်အေးတိုက ဘယ်ကို ပြေးကြမလဲဟင်'
'အိုလံပစ် ကိုပေါ့ကွ'
'ဖိုးအောင်ရယ်...မယ်အေး အရမ်းစိတ်ညစ်နေတယ် သိရဲ့လား'
'အို... အတူတူပါပဲကွယ်၊ ဖိုးအောင်လဲ အရမ်းအရမ်းကို စိတ်ညစ်တာပါပဲ'
'အန်တီမေရီ ဘာပြောသေးလဲဟင်'
'ဟ...သူလဲ အရမ်းကို၊ အရမ်းကို စိတ်ညစ်တဲ့အကြောင်း ပြောတာပေါ့၊ သူ့အလွှာတစ်လွှာကို ဆန်နီ့ သနားပြီး မရောင်းခဲ့ဘဲ အသုံးအစွဲခြိုးခြံခဲ့ရတာတဲ့၊ မရောင်းလိုက်ရတော့ ခုတကယ်လို့ တိုက်ဖျက်ရရင်သူ တစ်ပြား မှ မရဘဲ ဆုံးမှာတဲ့၊ အောက်ထပ်ဆိုတော့ ငါးသိန်းလဲဟုတ်တဲ့၊ ဒါကြောင့် အသနားခံစာတင်မယ်တဲ့၊ ဒါပဲ'
'သူက တော်ပါသေးတယ် ဖိုးအောင်ရယ် မြေပိုင်တာပဲ နေစရာမပျောက်ပါဘူး'
'ဟ... နေစရာမပျောက်ပေမယ့် ငွေလေးငါးဆယ်သိန်းပျောက်တာလဲ နည်းလား၊ လုပ်မနေနဲ့ ဒီတိုက်ပေါ် က ဆင်းပြေးရမယ့်လူတွေထဲမှာ တို့က အတော်ဆုံးဗျနော်၊ ဆင်းပြေးရတာချင်းအတူတူ တခြားလူတွေက ငွေလေးငါးသိန်း ပါ ထားပစ်ခဲ့ရတာ၊ ဟဲဟဲ တို့က ထားပစ်ခဲ့ရ တစ်သောင်းနှစ်သောင်းပဲ မယ်အေးရ'
'ဒါပေမယ့် ဖိုးအောင်ရယ်၊ သူများတွေက မယ်အေးတို့ထက် ပိုက်ဆံရှိတာပဲ၊ ထပ်ဝယ်ချင်လဲရတယ်၊ ငှားနေချင်လဲ ရတယ်၊ မယ်အေးတို့သာ'
မယ်အေး မျက်တောင်လေး ပုတ်ကလတ်ပုတ်ကလတ်နဲ့လုပ်ရင်းခေါင်းငုံ့ ငြိမ်သက်နေကြရှာတဲ့ မောင်လေး နဲ့ ယောက်မလေးရင်ခွင်ထဲက တူမပေါက်စကလေးကိုမြင်တယ်။ ဘာမှနားမလည်ဘဲ ဆော့ကစား နေတဲ့ကလေး သုံးယောက်ကိုလဲ မြင်တယ်။ သမက် ကွမ်းဘူးအတွက် ကွမ်းပဲ တွင်တွင် ငုံ့ယာ နေရှာ တဲ့ မအေကိုလဲ မြင်တယ်။
'ကလေးကလဲ ငယ်သေးတယ်၊ ဝေကလဲ သိပ်ကျန်းမာသေးတာမဟုတ်ဘူး၊ ကလေးတွေ ကျောင်းတက်ဖို့ နဲ့ ဘာနဲ့၊ ဒီနားတစ်ဝိုက်မှာ အိမ်လေးငှားနေနိုင်ရင် ကောင်းမှာနော်'
'ဘာလို့ မငှားနိုင်ရမှာလဲကွ၊ မင်းနှယ်၊ ယောက္ခမကြီး ကွမ်းယာတစ်ယာလောက် ပေးပါဦး'
ယောက္ခမကြီးဆီက ကွမ်းယာတစ်ယာထယူတဲ့ ဖိုးအောင်ကို မယ်အေးက၊ ကဲပြောပါဦး ဆိုတဲ့ အကြည့် နဲ့ ကြည့်တယ်။
'တီဗွီရောင်းပြီးငှားမယ်လေကွာ၊ ကဲ'
ကွမ်းဝါးသံ နဲ့ ဖိုးအောင်အဖြေကြောင့် မယ်အေး ရှုံ့မဲ့သွားတယ်။
'ဟုတ်တယ်၊ ဖိုးအောင် တီဗွီက တစ်သိန်းလောက်တန်တာကိုး'
'ဟ… ရတဲ့ပိုက်ဆံနဲ့ ရတဲ့အိမ်ငှားနေမှာပေါ့ကွ၊ ဘာဖြစ်လဲ'
'အဲလိုဆို မယ်အေးတို့ တောမှာ သွားငှားနေမှပဲ ရမယ်၊ ရန်ကုန်မှာတော့ နေလို့မရဘူး'
'အောင်မယ်ဗျာ ဒေါ်မယ်အေး၊ တောလဲ သွားသင့်သွားရမှာပဲ ခင်ဗျ၊ ဖိုးအောင်ကတော့ ကြိုက်တယ်ဗျာ၊ ခြံနဲ့ မြေနဲ့၊ သစ်ပင်တွေနဲ့၊ သစ်သားအိမ်လေးနဲ့၊ ဘာတိုက်ပြိုကျမှာမှလဲ မကြောက်ရဘူးခင်ဗျာ၊ ဇိမ်ပဲ၊ ဒီမှာ ဆိုရင် ကိုယ်နေတဲ့ နေ့ပြိုမလား၊ ညပြိုမလား တထိတ်ထိတ်နဲ့၊ ဟောခုလို ပြိုကျတော့ပြီးရော၊ ဒါတောင် ၀ရန်တာမို့၊ ဟိုဆောက်လက်စ တိုက်ပြိုသလို တစ်တိုက်လုံးများ ပြိုရင်တော့ ပြီးပါရောဗျာ၊ ဒါကြောင့် ငါမင်းကို ဒီလိုတိုက်မျိုးတွေ ၀ယ်မဝေးတာ မယ်အေးရ၊ သိလား'
'သွားစမ်းပါ'
'ဟဲဟဲ၊ ဟုတ်တယ်ကွ၊ ငါဝယ်ရင် ငါ့နေရာဟာ လွတ်လပ်စွာ၊ ပစ္စည်းလွတ်ချခွင့်၊ လွတ်လပ်စွာ စကား ကျယ်ကျယ် ပြောခွင့်၊ လွတ်လပ်စွာ ငရုတ်သီးထောင်းခွင့်၊ လွတ်လပ်စွာ လင်မယား ရန်ဖြစ်ခွင့်တွေ ရှိတဲ့နေရာမျိုး မှာ ဖြစ်ရမယ်ကွ'
'တောမှာပဲရမယ်'
'ဟဲဟဲ၊ တောမှာပဲ နေပါ့မယ်လို့ဆို၊ ငါ့အဘိုးအဘွားတွေက မြစ်ဝကျွန်းပေါ်ဘက်က တောသားတွေကွ၊ တောမှာ ပွင့်တဲ့ပန်းဟာ တောမှာပဲ လန်းဆန်းတာ ကောင်းတယ်ကွ၊ တွံတေးသီးချင်းတောင် ရှိတယ် လေကွာ၊ တောမှာပွင့်တဲ့ပန်းရယ်၊ တောမှာပဲ လန်းဆန်းစေချင်တယ်တဲ့၊ ဟဲဟဲ'
'ဖိုးအောင်ရယ် တော်ပါတော့၊ ဒီမှာ အသနားခံစာတင်ရင် ဘယ်လောက်ကြာမှာလဲ'
'ဟာ၊ ဒါတော့ ငါလဲ ဘယ်ပြောတတ်မလဲ၊ ဘယ်သိမလဲ "
" ဟိုဟို့၊ တကယ်လို့ကျလာတာနဲ့ချိတ်ပိတ်ဆိုရင် မယ်အေးတို့က ချက်ချင်း ဆင်းရမှာလား "
" အဲဒါလဲ ကျွန်တော်မျိုး ဗိုက်ထဲကပုဏ္ဏားလေး မပါနင်းကီပါဘူး ခင်ဗျ"
မယ်အေး က ဘာပြောရမှန်း မသိဘဲ ငြိမ်သွားရှာတယ်။ အမေက မယ်အေးကို ကြည့်တယ်။
" ဖြစ်သမျှပေါ့သမီးရယ်၊ ဘယ်တတ်နိုင်မှာလဲ၊ အမေကတော့ စဉ်းစားထားတယ်၊ မသကာ အမေ့မောင် ၀မ်းကွဲ ရှိတဲ့ မှော်ဘီခြံဖြစ်ဖြစ် သွားမယ်လို့ "
" မဖြစ်ပါဘူး အမေရယ် "
" ဖြစ်တာပေါ့ကွ၊ ဘာလို့မဖြစ်ရမှာလဲ၊ ယောက္ခမကြီးကလဲ စောစောကတော့ မပြောဘူး၊ အမွေလေး ဘာလေး ခွဲရအောင် "
မယ်အေး မျက်စောင်းက တဟဲဟဲ ရယ်နေတဲ့ ကိုဝင်းအောင် ပြာဖြစ်သွားလောက်တယ်။
" ကျွန်တော်တို့ ကတော့လေ အစ်မ၊ တကယ်လို့ ဆင်းရရင် ဝေတို့အိမ် သွားနေမလို့ "
ယောက်ဖ လုပ်သူက အစ်မကို ၀င်ပြောတယ်။ ဟိုကလေးမကလဲ "ဟုတ်တယ် "တဲ့။ ကိုဝင်းအောင်က ကွမ်း ကို ဖိဝါးလိုက်တယ်။
" အိုကွာ၊ ဘာမှလဲ သေချာသေးတာမဟုတ်ပါဘူး၊ အလကား ကြိုစိတ်ညစ်မနေနဲ့၊ သွား၊ ဖြစ်လာတော့မှ ရင်ဆိုင်၊ လူ့သက်တမ်း နေရသခိုက်လေး ပျော်ပျော် နေပါရစေကွာ၊ တော်ကြာ ဆန်နီလို ဗြုန်းဒိုင်းဆိုပြီး သင်းမေ နောက် အပြေးအလွှားလိုက်သွားရရင် "
" ဖိုးအောင်ကလဲ ဘယ်လိုဖြစ်နေလဲ၊ ဖွ ... မပြောကောင်း မဆိုကောင်း"
" ကဲ - ပြောကောင်း ဆိုကောင်းအောင် သတ်သတ်လွတ် ပေါင်းခံရည်လေးမှီဝဲလိုက်ဦးမယ်၊ ဟဲဟဲ"
" ဟင်၊ နောက်ဆုံးကျ ဒါပဲ၊ ဒီတစ်ခါကျ ယူပြီး သွန်ကိုပစ်ထားဦးမယ် "
" မလုပ်နဲ့နော် မယ်အေး၊ အဲဒါတော့ ငါတကယ်စိတ်ဆိုးမှာ၊ ဆရာသော်တာဆွေ သူ့မိန်းမကို စိတ်ဆိုး နည်း မျိုးလေ၊ ပုလင်းလေးကလှလို့ အရက်တွေသွန်ပစ်ပြီး ငံပြာရည်ထည့်ထားလိုက်သတဲ့၊ အဲဒီ ဆရာ သော်တာဆွေ ရဲ့ စာဖတ်ပြီး သူ့မိန်းမကို ဆရာ သော်တာဆွေ ထက်တောင် ငါ စိတ်ဆိုးသေးတယ် သိလား၊ ဟဲဟဲ ငါ့ပုလင်းကတော့ မလှဘူးနော် မယ်အေး "
" သွားပါ "
ခဏနေတော့ မီးဖိုခန်းထဲကနေ ကိုဝင်းအောင် ပြန်ထွက်လာတယ်။
" သမီးတို့ရေ၊ လာကြဟေ့ တီဗွီဖွင့်မယ်၊ တို့ကတော့ ပျော်ပျော်ပဲဟေ့၊ နော်ကွာ၊ ငါ့သားကြီးရာ၊ အင်း .. ဆန်နီ ဆန်နီ၊ ဒီတိုက်မှာ မင်းမရှိတာနဲ့ တို့ကိုလဲ မနေစေချင်တော့ဘူးပေါ့လေ၊ ဒါ ဆန်နီလုပ်တာကွ "
" ကဲ တောင်းပန် ပါတယ် ဖိုးအောင်ရာ၊ မယ်အေး စိတ်ညစ်လို့ပါဆိုမှ၊ အမေ၊ စိပ်ပုတီး ခဏပေးစမ်းပါ "
မျက်စိစုံမှိတ်ပြီး ပုတီးစိပ်တဲ့ မယ်အေးကို ကြည့်ပြီး ကိုဝင်းအောင်ကတော့ တဟားဟားရယ်လို့သာ နေပေမယ့် သူ့ရင်ထဲမှာ လေးလံနေတယ်။
တစ်ခန်းလုံး မှာ တစ်ယောက်တည်းပဲ ရှိကြတော့တဲ့ အန်တီခင်လေးနဲ့ အန်တီမေရီတို့ နှစ်ယောက်မှာတော့ တစ်ယောက် က အိပ်ရာပေါ်မှာ ပုံလျက်သားလေး၊ တစ်ယောက်ကတော့ နှစ်ယောက်ထိုင် ဆက်တီပေါ်မှာ ခွေခွေ ကလေး။
ဖေကြီးကျော်နဲ့ သုံးဆယ့်ခုနစ်မင်းကိုမှန်းပြီး ယပ်တောင်လေးတစ်ချောင်းနဲ့ ယပ်သွင်းတယ်။
" ကိုယ်တော်ကြီး ကိုယ်တော်လေး၊ အမေပုပ္ပါး၊ ဖေကြီးကျော်၊ အနောက် အမေသခင်နဲ့ မငွေတောင်၊ အမေဂျမ်း၊ နံကရိုင်းမယ်တော်ဖုရား၊ သုံးဆယ့်ခုနစ်ပါး မင်းတို့၊ ဤတိုက်ကြီးကို စောင့်ရှောက်တော်မူပါ၊ ကြည့်ရှု တော်မူပါ၊ သမီးတော်တို့ဘက် ပါအောင်ဆွဲပေးတော်မူပါ၊ အေးယပ်များလဲဆက်သွင်းပါတယ်၊ အရှင် အေးသလို သမီးတော်တို့ စိတ်နှလုံးများလဲ အေးချမ်းရပါစေ၊ ငြိမ်းချမ်းရပါစေ"
ယပ်သွင်းဆုတောင်းနေတဲ့ အန်တီခင်လေးကို ကြောင်တွေကဘေးကနေ ငြိမ်ငြိမ်ကလေးထိုင်ကြည့်နေ တတ်ကြတယ်။ ကြောင်လေးတစ်ကောင်က အန်တီခင်လေး ရင်ဘတ်ပေါ် တက်ခွေရင်တော့ အန်တီခင် လေး စကားပြောပြီ။
" နင်တို့ပဲကောင်းတယ်၊ နင်တို့ပဲကောင်းတယ်၊ ဘာမှ မသိဘူး၊ နင်တို့ ဒီတိုက်ပေါ်ကနေ ဆင်းရတော့ မယ် ဆိုတာ နင်တို့သိသလားဟင်၊ နင်တို့အစ်မ မရှိတော့ဘူး ဆိုတာ နင်တို့ သိသလားဟင်၊ အေး .. မသိတာပဲ ကောင်းတယ်၊ တိုက်ပြိုကျတုန်းကတော့ နင်တို့သိပါတယ်၊ တစ်ခါတည်း မီးဖိုထဲမှာ တညောင် ညောင်နဲ့ အော်လိုက် ကြတာမှ ...
" ကြီးမေ ဒါကြောင့်မို့ ပြောတာပေါ၊ ကြီးမေအိပ်မက်က သိပ်စင်းတာနော်၊ ငလျင်တွေလှုပ်ပြီး တိုက်တွေ ပြိုတာ၊ ဒါကတော့ ငလျင်မလှုပ်ဘဲနဲ့ပြိုတာ၊ ဘုရား ... ဘုရား ငလျင်များ လှုပ်ရင်တော့ ဒီတိုက်ကြီးတစ် ခုလုံး မြေကြီး ပေါ် ပြားကပ်သွားမှာ၊ ကန်ထရိုက်မင်းတို့ရယ်၊ ကျုပ်အခန်း ၀ရန်တာကျမှ ဘာလို့စေတနာ နည်းသွား ရတာလဲ၊ ကံဆိုးလိုက်တာနော်၊ ကြီးမေအခန်း မှ ဖြစ်ရတယ် "
သူ့ကြောင်တွေ နဲ့ စကားပြောဝရင်တော့ တစ်ခါ ယပ်တောင်လေးပြန်ကိုင်ပြီး ကိုယ်တော်ကြီး ကိုယ်တော် လေးနဲ့ စကားပြောပြန်တယ်။
" နှမတော်ကြီးမှာ အထုပ်ကလေးတော့ ရှိတာပေါ့ဘုရား၊ ဒါပေမယ့် ဒီအထုပ်လေးက နှမတော်ကြီး အိုစာနာ ဘုရား၊ ဒီတိုက်ပေါ်က ဆင်းရလို့ ဒါလေးထုခွဲပြီး အခန်းဝယ်လို့လဲ မရဘူးဘုရား၊ အိမ်ငှားနေ ပြန် တော့လဲ တစ်ယောက်တည်း နေရမှာ၊ မောင်တွေ အစ်ကိုတွေအိမ်လဲ မကပ်ချင်ဘူးဘုရာ့၊ သူတို့က ဒီအ ထုပ်ကလေး ၀ိုင်း မျက်စောင်းထိုး နေကြတာ၊ ဒီအထုပ်ရတာနဲ့ နှမတော်ကို ကန်ချမှာဘုရား၊ ဒီအထုပ်ကြောင့် နှမတော်ကြီး ဒီအခန်းနေရတာ ကြောက်တာ တောင်မှ ဇွတ်မှိတ်နေတယ်ဘုရား။
" သူတို့ လာခေါ်ပေမယ့် မလိုက်ဘူး၊ ကိုယ် ပိုင်ပြီးသား ကိုယ့်အခန်းလေးကိုယ်ပဲ နေချင်ပါတယ်ဘုရား၊ ၀ရန်တာ ကိုလဲ ကုန်ချင်ကုန်ပါစေ၊ ခိုင်ခံ့အောင် နှမတော်ကြီး ပြင်မှာပါ၊ ကိုယ်တော်ကြီးတို့ကသာ ဒီတိုက် ကြီး ကို နှမတော်ကြီးတို့ဘက်ပါအောင် ဆွဲပေးပါဘုရာ့"
အန်တီခင်လေး ထမင်းလဲမစားနိုင်ဘူး၊ အိပ်လဲမပျော်ဘူး၊ ဆန်ပြုတ်ကလေးပဲကျိုထားပြီး ကြောင်တွေလဲ တိုက်၊ ကိုယ်လဲသောက်ပေါ့။
အန်တီမေရီ ကတော့ နှစ်ယောက်ထိုင် ဆက်တီပေါ်မှာ တခွေခွေနဲ့။ လက်ကလဲ စီးကရက် မပြတ်ညှပ်ပြီး လိပ် ချင်းဆက်သောက်တော့တယ်။
စီးကရက် မိးခိုးတွေကြားမှာပဲ သူ့အတွေးတွေကို လွင့်မျောစေတယ်။ ကန်ထရိုက်ဆီလဲ ရောက်တယ်။ စိတ်ချရ တဲ့ ကန်ထရိုက်ဆိုပြီး ဆက်သွယ်ပေးတဲ့ မြတ်မြတ်ဆီလဲ ရောက်တယ်။ အသနားခံစာတင်ဖို့ လူကြီးတွေဆီလဲ ရောက်တယ်။ သွားလေသူ ချစ်လင်နဲ့ ဆန်နီ့ဆီကိုလဲ ရောက်တယ်။ အဲလို အခါမျိုးမှာ တော့ ပါးစပ်ကနေ "ဆန်ဘွိုင်"လို့ အသံထွက်ခေါ်မိတတ်တယ်။ သြော် အလျင်တုန်းကတော့ သူ ကြား ကြား၊ မကြားကြား အဲလိုခေါ်လိုက်မိရင် အားရှိသွားသလိုပဲ။ သားဆိုတဲ့ အသိနဲ့ အားကိုးအားထား ပြုမိ တာပဲ။ အခုတော့ မခေါ်နိုင်တော့ပြီ။ သူ့ သိပ်စွဲလမ်းတဲ့ တိုက်အကြောင်းကို သူများသိရင် ဘယ်လောက် များ နှမြော လိုက်မလဲ။ ၀မ်းနည်းလိုက်မယ်ဆိုတာ။ သားရယ် ... မာမီမတွေးချင်ဘူး။
ဒီတိုက်ကြီးကို တကယ်လို့သာ ချိတ်ပိတ်ပြီး ဖြိုချပစ်မယ် ဆိုရင်တော့ ဒီမြေပေါ်မှာ အန်တီမေရီမနေတော့ပြီ။ တိုက် လဲ ထပ်မဆောက်တော့ပြီ။ ဒီမြေကြီးကို အပြတ်ရောင်းပြီး တရားရိပ်သာ တစ်ခုကို သွားတော့မယ်။ ဘယ်သမီး အိမ်မှ လဲ သမက်မျက်နှာကြည့်ပြီး လိုက်မနေနိုင်ပါဘူး။ လိုက်ခြင်း လိုက်ရင် မာတင်နဲ့ ဆန်နီ တို့ နောက်ကိုပဲ လိုက်မယ်။ ခုချိန်ဆို သူတို့သားအဖနှစ်ယောက် တွေ့နေကြ ရောပေါ့။
အန်တီမေရီ စီးကရက်တစ်လိပ်ကို လိပ်ချင်းဆက် မီးကူးပြန်တယ်။
စီးကရက်သောက်ရင်း လက်ဖက်ရည်က ဆာလာပြန်တယ်။
ဆန်နီ မရှိတော့ဘူး။ လက်ဖက်ရည်ဝယ်ပေးတဲ့ ဆန်နီဘွိုင်လေး မရှိတော့ဘူး။
အန်တီမေရီ နှစ်ယောက်ထိုင် ဆက်တီပေါ်က လူးလဲထတယ်။
လက်ဖက်ရည်ဆိုင်သွားသောက်ရင်း တိုက်ကိစ္စစနည်းနာရရင် မကောင်းဘူးလား။
ဘာပဲဖြစ်ဖြစ် ကိုယ့်တိုက်ကလေးကို ဘယ်သူ အခြေပျက်ချင်မှာလဲ။ အခန်းတွေက တစ်လတစ်ရာနဲ့ ဖုန်း ခေါ်ခ ကလဲရတယ်။ ပြီးတော့ မရောင်းရသေးတဲ့ အလွှာတစ်လွှာက ဆယ်သိန်းလောက်တောင် တန် နေပြီ တဲ့။
အဲလိုအတွေး ၀င်လာရင်တော့ အန်တီမေရီ အခန်းတံခါးကို သော့ပိတ်ပြီး မြစိမ်းပြာလမ်းလယ်က လက်ဖက်ရည် ဆိုင်လေးဆီကို စီးကရက်တဖွာဖွာနဲ့ သွက်သွက်လက်လက် ထွက်သွားတတ်တယ်။
စုပေါင်း အသနားခံစာနဲ့အတူ အန်တီမေရီ တစ်ယောက် အခေါက်ပေါင်းများစွာ သွားလာ လှုပ်`ရှားပြီးတဲ့ အခါ မှာတော့ တိုက်တွင်းနေထိုင်သူများကို ထောက်ထားစာနာသောအားဖြင့် " တိုက်ကိုချိတ်မပိတ်တော့" တဲ့။
ဒါပေမယ့် " ၀မ်နင် " တဲ့။
လက်ရှိအဆောက်အအုံကို ခိုင်ခံ့အောင် ပြုပြင်ပြင်ဆင်၍ နေရမည်တဲ့။
အကယ်၍ နောက်တစ်ခါ ထပ်မံပြိုကျခဲ့လျှင်တော့ တိုက်ကို ချိတ်ပိတ်ပြီး လူနေထိုင်ရန် မသင့်သော ကြောင့် တိုက် ကို ဖြိုချရလိမ့်မည်တဲ့။
နောက်တစ်နေ့ နံနက်ခင်းမှာတော့ ဦး တစ်ယောက် သူ့ ၀ရန်တာ ပန်းဥယျာဉ်လေးကို သူကိုယ်တိုင် ဖြိုဖျက် လို့ ပန်းအိုးတွေကို မ ပြီး အိမ်ထဲသွင်းနေတာကို မြင်ကြရတယ်။
လတ် က အိမ်ထဲမှာ အလေးချိန်ညီမျှအောင် စဉ်းစားကြံဆပြီး နေရာချတယ်။
လတ် နေရာချသမျှ ဦးခေါင်းညိတ်ပေတော့။ အနုပညာမျက်စိနဲ့ ဦး နေရာချလို့ မရတော့ပြီ။
လေးပင်တဲ့ ပစ္စည်းမှန်သမျှကိုတောင် သူငယ်ချင်းအိမ်ရွှေ့ပြောင်းဖို့ ဦး စဉ်းစားပြီးပြီ။
အန်တီခင်လေး ၀ရန်တာမှာတော့ လက်သမား၊ ပန်းရန်သမားတွေ အလုပ်ရှုပ်နေကြပြီ။ ကုန်ချင် သလောက် ကုန်၊ အခိုင်ခံ့ဆုံးဖြစ်အောင် လုပ်မှာပေမယ့် အန်တီ ခင်လေး အဲဒီဝရန်တာမှာ ဘယ်တော့မှ ထွက်မရပ်။ အသက်ရှူကျပ် လို့ သေချင်သေပေစေ။ ပစ္စည်းလေး တစ်ခုတလေ တောင်မှ အဲဒီဝရန်တာမှာ မထားပါဘူး လို့ ကျိန်တွယ်ပြီးပြီ။
ကိုဝင်းအောင် ကတော့ ယောက္ခမကြီးနဲ့ သားအငယ်ကောင် မြေးအဘွားနှစ်ယောက်ကို အိမ်မှာနေတုန်း ၀ရန်တာ ဘက်ထွက်ပြီး ထမင်းကျွေး၊ အ၀တ်လှန်းလုပ်တဲ့ အလုပ်ကို လုံးဝမလုပ်ရလို့ ပိတ်ပင်လိုက်တဲ့ပြင် သမီး နှစ်ယောက် အား အခန်းထဲနဲ့ ၀၇န်တာတွင် လုံးဝပြေးလွှားခြင်းမပြုရတဲ့။
ဖိုးဘတင် တစ်ယောက်လဲ သူ့ရဲ့ အပန်းဖြေရာ လွတ်လပ်ဝရန်တာ နယ်မြေကလေးကို ဆုံးရှုံးလိုက်ရပြီ။ ပက်လက် ကုလားထိုင် တစ်လုံး၊ လူအိုတစ်ယောက်နဲ့ လက်ဖက်ရည်ကရားလေး တစ်လုံးရဲ့ အလေးချိန်ကို တောင် မှ ချွေးမ က ၀ရန်တာမှာ မထားရတဲ့။
နောက်ဆိုရင် အညာ ကို မျှော်မှန်းလွမ်းရာ၊ ဖျော်ဖြေရေး အစီအစဉ်တွေကို စောင့်မျှော်ရာ ၀ရန်တာ လေး မှာ ပက်လက်ကုလားထိုင်လေးတစ်လုံး၊ လက်ဖက်ရည်ကြမ်း တစ်ကရားနဲ့ အဘိုးအိုတစ်ယောက်ကို မတွေ့နိုင် ကြတော့ဘူးပေါ့။
အန်တီမေရီရဲ့ အောက်ဆုံးလွှာမှာတော့ ဆိုင်းဘုတ်ကလေးတစ်ခု အလျင်အမြန် ချိတ်ဆွဲလိုက်တယ်။
" တိုက်ခန်းရောင်းရန် "တဲ့။
နံနက်လေးနာရီ မှာ မြစိမ်းပြာသုံးထပ်တိုက်ရဲ့ မီးလုံးဝါလေးတွေ တဖျပ်ဖျပ် လင်းလာခဲ့ကြတယ်။
တတိယထပ် ဘယ်ဘက်ခြမ်း အပေါ်လွှာက လတ်လတ်ရဲ့ လေလို လျင်မြန်ခြင်းနဲ့ လှုပ်ရှားသံကြား ရတယ်။
တတိယထပ် ဘယ်ဘက်ခြမ်း အောက်လွှာက ဖိုးဘတင်ရဲ့ ပုတီးတချောက်ချောက် အသံနဲ့ မြေးမတွေကို နှိုးသံ ကြားရတယ်။
ဒုတိယထပ် ဘယ်ဘက်ခြမ်း အပေါ်လွှာ၊ အောက်လွှာနဲ့ ဒုတိယထပ် ညာဘက်ခြမ်း အပေါ်လွှာ၊ အောက်လွှာ တို့ ကတော့ လူသစ်တွေရဲ့ ဆွေမျိုးပေါက်ဖော်သံ ၀ဲဝဲတွေကို ကြားရတယ်။
မြေညီထပ် ဘယ်ဘက်ခြမ်းအပေါ်လွှာနဲ့ အောက်လွှာက စားသောက်ဆိုင် စားပွဲထိုးတွေရဲ့ လှုပ်ရှားသံကိုလဲ ကြား ရတယ်။
မြေညီထပ် ညာဘက်ခြမ်း အပေါ်လွှာက အန်တီမေရီရဲ့ စီးကရက်မိးညှိလှုပ်ရှားသံကိုလဲ ကြားရတယ်။ အန်တီမေရီ ရောင်းလိုက်တဲ့ အောက်လွှာက ကုမ္ပဏီရုံးခန်းကတော့ မီးလင်းနေပေမယ့် လှုပ်ရှားသံ မကြားရဘူး။
ဝရန်တာလေး တွေအားလုံး တညီတညွတ်တည်း ရှင်းလင်းနေကြတဲ့ သုံးထပ်တိုက်ရဲ့ တစ်ခုသော အခန်း ကတော့ မီးမှောင်နေတယ်။
တတိယထပ် ညာဘက်ခြမ်း အပေါ်လွှာက အန်တီခင်လေးရဲ့ အခန်းပေါ့။
လမ်းမီးရောင် နဲ့ သေချာကြည့်မယ်ဆိုရင် ၀ရန်တာ တံခါးမျာ ဆိုင်းဘုတ်လေးတစ်ခု မြင်နိုင်တယ်။ "တိုက်ခန်းရောင်းရန်" တဲ့။
အန်တီခင်လေး တစ်ယောက် တူမ မွန် နဲ့ အဆင်ပြေပြီး မြေးထိန်းဖို့ ကြောင်တွေနဲ့ အတူ တူမအိမ်ကို လိုက် သွားခဲ့ပြီ။
အန်တီခင်လေး အောက်ထပ်၊ တတိယထပ် ညာဘက်ခြမ်း အောက်လွှာက တရှဲရှဲကြော်ချက်သံတွေနဲ့ အတူ ထွက် ပေါ်လာတဲ့ အသံကတော့ သောတရှင်များ သိတော်မူကြတဲ့ အဆိုတော် ကိုဝင်းအောင်ရဲ့ မူ ပိုင် သီချင်းသံလေ။
ထုံးစံအတိုင်း ခုနစ်နာရီမထိုးမချင်း ထပ်တလဲလဲ ထွက်ပေါ်နေတတ်တဲ့ သီချင်းသံပေါ့။
" မနက်မိုးလင်းရင် ... ခိုကလေးများတို့ရယ် ... "
" ခိုကလေးများတို့ရယ် ... မနက်ခင်းမိုးလင်းရင် ... " တဲ့။
ပြီးပါပြီ
.

3 comments:
ကျေးဇူးတင်ပါတယ်။ဒါမျိုးလေးတွေမဖတ်ရတာတော်တော် ကြာပြီ။နောက်ကိုလဲဒီလိုအနစ်သာရရှိတဲ့စာတွေတင်ပေးပါ အုံးလို.တောင်းဆိုပါတယ်။
ပြီးသွားပါရောလား..
လာလိုက် ၃ ပိုဒ်လောက် ဖတ်လိုက် ထွက်သွားလိုက်နဲ့
အတော်ကို ဖတ်လိုက်ရတယ်။ ဒီရက်ပိုင်းမှာ အလုပ်ရှုပ်နေတာနဲ့ အခန်းဆက်တွေတော့ လွတ်ကုန်ပါပြီရော။
တော်ပါသေးရဲ့နော်။ တိုက်ကြီး ချိတ်ပိတ် မခံရလို့။ ဒီဝတ္ထုလေးမှာ ရုန်းကန်လှုပ်ရှား ရရှာတဲ့ လူတန်းစားတွေရဲ့ နေထိုင်မှု စရိုက်ကို အပီပြင်ဆုံး တွေ့မြင်ခံစားနိုင်တယ်။ ဆရာမ နုနုရည် (အင်းဝ)က စာအရေးအသား ကောင်းလိုက်တာ။ ဖတ်ပြီး စွဲသွားတာပဲ။
မမရွှေစင်နှင့် အဖွဲ့သားများ အခုလို စာတွေ ရိုက်တင်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ မြစိမ်းပြာ ကမာရွတ် အပိုင်း (၁) ကနေ အပိုင်း (၄၀)ထိ အစအဆုံး ဖတ်သွားတယ်။ ကျေးဇူး အစ်မ။
Post a Comment