အဖေ နှင့် ကျနော်
အပိုင်း (၂) ဇာတ်သိမ်း
ရထားကြီးက အလာတုန်းကအတိုင်းပါပဲ။ " တဂျုန်းဂျုန်း၊ တဂျတ်ဂျုတ်" နှင့် ခုတ်မောင်းနေသည်။ ကျွန်တော့် နားထဲ မှာတော့ ရထားသံကို မကြား၊ ရထားသံကို ဂရုမစိုက်နိုင်။ အဖေ့ချောင်းဆိုးသံကိုပဲ နားစွင့်နေရသည်။ အဖေ ချောင်းဆိုး တိုင်း ခုံအောက်မှာ ချထားသည့် ထွေးခံကလေးကို ထိုးခံပေးရသည်။
ချောင်းဆိုးပြီး မောသွားတော့ အဖေက ကျွန်တော့် ပခုံးပေါ်မှီပြီး မှိန်းပြီး ထိုင်လိုက်လာသည်။ ကျွန်တော့်မှာ ရထားပြတင်းမှ အပြေင်ဘက် ငေးနေမိသော်လည်း မြင်ကွင်းကို ဂရုမထားနိုင်။ အလာတုန်းက "သောက" တစ်မျိုး၊ ခု အပြန် "သောက" တစ်မျိုးပါပဲလား။
မန္တလေးကို လိုက်ရမည်ဆိုတော့ အဖေ အကြောက်အကန်ငြင်းခဲ့သည်။ မိသားစုအားလုံး၊ တစ်ဆွေလုံး တစ်မျိုးလုံး၊ နောက်ဆုံး တစ်ရွာလုံးနီးနီး ၀ိုင်းတိုက်တွန်းမှ အဖေ ဆုံးဖြတ်ချက်ကို ပြင်သည်။ ကျွန်တော့်မှာ လည်း အဖေ နားဝင်မည့် စကားတွေကို နှစ်ညနှင့် သုံးရက်တိတိ ဖျောင်းဖျပြောယူရသည်။ အဖေက သူ့ကိုယ်သူ ယခုအချိန်အထိ ရောဂါကြီးကြီးကျယ်ကျယ် ဖြစ်နေသည်ဟု လက်မခံ။ သာမန် ချောင်းဆိုးရင် ကျပ်ဖြစ်သည်ဟု ပဲ တစ်ထစ်ချ စွဲနေသည်။
နောက်ဆုံး " အဖေထရာ ... မဟာမြတ်မုနိဘုရားကြီးလည်း ဖူးရင်းပေါ့။ ပြီးတော့ အဖေ့သား ကျွန်တော် ကျောင်းမှာ၊ ဆေးရုံမှာ ဘယ်လိုသွားလာ သင်ကြားရတယ်ဆိုတာ အဖေ မြင်ရတာပေါ့" ဟူသော စကားနှစ်ခွန်းကြောင့်သာ ရှောရှောရှူရှူ လိုက်လာ ခြင်းဖြစ်၏။ ဒါတောင် " မင်း စာမေးပွဲအောင်ပြီးမှ၊ အလုပ်သင်ဆရာဝန်ဖြစ်မှ သွားကြတာပေါ့ကွာ "ဟု ပြောလာသေး၏။" အို ... အဖေကလည်း အလုပ်သင်ဆရာဝန်ဖြစ်ရင် မန္တလေး တာဝန်ကျချင်မှ ကျမှာ။ ပြင်ဦးလွင် စစ်ဆေးရုံရောက်သွားရင် သွားရတာ လွယ်မှာမဟ်ုတ်တော့ဘူး" ဟု အကြောင်းပြ ကောင်းသဖြင့်သာ အပြန်မှာ တစ်ပါတည်း ပါလာခြင်းဖြစ်၏။
တော်ပါသေးရဲ့ အဖေက သိပ်ချုံးကျမသွားသေး။ ထူထူထောင်ထောင် လိုက်လာနိုင်သေးသည်။ ခရီးပန်း သည့်ဒဏ်ကို ခံနိုင်ရည်ရှိနေသိဖြင့် ကျွန်တော်ပင် အံ့သြရသေးတော့၏။ တစ်လလောက်သာ နောက်ကျပါက ခုလို လိုက်နိုင်ချင်မှ လိုက်နိုင်တော့မည်။ ဘာပဲဖြစ်ဖြစ် ဆေးရုံကြီး ရောက်လျှင်တော့ အခြေ အနေအားလုံးကို တိတိကျကျ သိရတော့မည်။ ဖြစ်နိုင်ဖို့ သေချာသလောက်နီးနီး ရှိနေမှန်းသိလျက်က "မဖြစ်ပါစေနှင့်" ဟု ပုထုဇဉ်ပီပီကျိတ်ပြီး ဆုတောင်းမိနေသေးသည်။ ဖြစ်လျှင်လည်း ခွဲလို့စိတ်လို့၊ ကုလို့ သလို့ အချိန်ဆွဲလို့ရသေးတဲ့ အခြေအနေပဲ ဖြစ်ပါစေဟု ဆုတောင်းနေမိပြန်သည်။
ဘူတာကြီးကို ရထားဆိုက်တော့ ဆိုက်ကားတစ်စီးခေါ်လိုက်သည်။ အိုပီဒီ (O-P-D)ခေါ် ဆေးရုံကြီးပြင်ပ လူနာဌာနသို့ တစ်ခါတည်းတန်းသွားရန် ဆုံးဖြတ်လိုက်သည်။ အဖေကတော့ ကျွန်တော် လုပ်သမျှ ဘာမျှ ၀င်မပြော။ " အဖေ တက်လေ လ ဟုတွဲတင်ပေးတော့ အသာလေးဝင်ထိုင်သည်။ ဘယ်သွားမှာလဲ မမေး။ ဘူတာကြီးနှင့် ဆေးရုံက နီးနီးကလေးဖြစ်၏။ တစ်ပြသာသာပဲဝေးသည်။ လမ်းလျှောက်သွားလျှင် ရသော် လည်း အဖေက ပင်ပန်းနေပြီ။ အထုပ်အပိုးတွေက ပါသေးသည်။ ကိုယ့်သားက ဆေးကျောင်းသားကြီးဖြစ် နေသော်လည်း အဖေ့ခမျာ ဆေးရုံကြီးထဲသို့ တစ်ခေါက်မျှ မရောက်ဖူးသေး။ ခုတော့ လူနာအဖြစ်ဖြင့် တက် ရတော့မည်။ ရက် ဘယ်လောက်ကြာကြာ နေရမည်လည်းမသိ။
ပြင်ပလူနာဌာနရောက်တော့ စာအုပ်ဝယ်၊ အဖေ့ကို ဘေးမှာထိုင်ခိုင်းပြီး တာဝန်ကျဆရာဝန်ကို အကျိုးအကြောင်းပြောပြရသည်။ မြို့နယ်ဆရာဝန်ကြီးရေးပေးလိုက်သည့် လွှဲပြောင်းလွှာနှင့် ကုသချက် မှတ်တမ်းကို ပေးလိုက်သည်။ ဆရာဝန်က အဖေ့ကို တစ်ခွန်းနှစ်ခွန်းမေးပြီး ချက်ချင်း ဆေးရုံတက်ရန် ဆေးရုံတက်ခွင့်ပုံစံစာရွက်ကို ရေးဖြေ လက်မှတ်ထိုးပေးသည်။ ခွဲစိတ်ရုံ ( )မှာ တက်ရမည်ဖြစ်၏။
ခုနကဆိုက်ကားဖြင့်ပင် ခွဲစိတ်ရုံဘက်သို့ လာခဲ့ကြသည်။ " ခု ဘယ်သွားမှာလဲ ငါ့သား" ဟု ဆိုက်ကားပေါ် အတက်မှာ အဖေက ပထမဆုံးအကြိမ်မေးသည်။
" ဆေးရုံတက်ရမှာလေ အဖေ။ ဆေးရုံမှာ နားနားနေနေ နေပြီး အဖေ့ရောဂါကို ကုရမှာ " ဟု ပြောတော့ အဖေ ဘာမှပြန်မပြော။ အမြင်ဆန်းနေသော ဆေးရုံ အဆောက်အအုံနှင့် လှုပ်ရှားသွားလာနေကြသည့် လူတွေကို ငေးကြည့်နေလေသည်။
အဖေတက်ရမည့် ခွဲစိတ်ရုံ တံခါးပေါက်အရောက်မှာ ဆိုက်ကားကို ရပ်ခိုင်းလိုက်သည်။ ရောဂါ ပျောက်ကင်း သဖြင့် ဆေးရုံက ဆင်းလာသည့် လူတွေနှင့်၊ ပျော်ရွှင်နေကြသော သူတို့မိသားစုတွေနှင့်၊ စောင်၊ ခြင်ထောင်၊ အသုံးအဆောင်သယ်လာသူတွေနှင့် တံခါးဝမှာ ပြုံးတိုးနေကြသဖြင့် ခဏရပ်စောင့်နေရသေးသည်။
အဖေကော သည်လို ဆင်းခွင့်ကြုံပါဦးမလား။
လက်ထဲမှာ အသင့်ကိုင်ထားသော ဆေးရုံတက်ခွင့် စာရွက်ကလေးကို ပြန်ကြည့်လိုက်မိသည်။ ca.lung မြန်မာလို ဘာသာပြန်ရလျှင် ဆေးရုံတက်ရသည့် အကြောင်းရင်းနှင့် ဖြစ်နိုင်သောရောဂါ "အဆုတ်ကင်ဆာ" တဲ့။
*
အခန်းကလေးက တစ်ယောက်အသက်ရှူသံ တစ်ယောက် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ သည်။ ကျွန်တော့်နားထဲမှာတော့ ကျွန်တော့်နှလုံးခုန်သံ " တဒုန်းဒုန်း"ကို ကြားနေရသည်။
လက်ထောက်ဆရာဝန်က အဖေ့ရင်ဘတ်ကို ရိုက်ထားသည့် ဓာတ်မှန်ဖလင်ကော်ပြားကြီးကို အလင်းရောင် ပြန်မှန်ပုံပေါ်မှာ ကပ်လိုက်သည်။ ကျွန်တော့် မျက်စိများက ဖလင်ပြားကို တမင်ကျော်ပြီး နံရံပေါ်မှာ မှန်ဘောင်သွင်း ချိတ်ဆွဲထားသည့် " ရွှေတိဂုံဘုရား" ပုံတော်ကို မော့ကြည့်နေလိုက်သည်။
" မောင်မျိုးဇော်"၊ သမားတော်ကြီး၏ အသံက တိုးညင်းနူးညံ့လှပါသည်။ ကရုဏာအသံ အပြည့်ပါနေပါသည်။ ခါတိုင်း ဆရာကြီး စာသင်လျှင်၊ ဓာတ်မှန်တွေနှင့် ပတ်သက်ပြီး ရှင်းပြလျှင် ကြည်လင် ပြတ်သားသော၊ တက်ကြွနေတတ်သော ဆရာကြီး။ သည်တစ်ခါတော့ ကျွန်တော်နှင့် မျှဝေခံစား၊ ကျွန်တော့် အားစာနာမှု ကရုဏာ ပွားနေသည်မှာ သိသာလှပါသည်။ ကျွန်တော် ဆရာကြီး၏ စကားကို နားစိုက်နေ လိုက်သည်။
" ဆရာတို့တော့ အပြန်ပြန်အလှန်လှန် စစ်ဆေးပြီးပါပြီ။ မောင်မျိုးဇော်ကို ရှင်းပြချင်လို့ ဓာတ်မှန်အရရော၊ ကျန်တဲ့ (Investigation Result) တွေအရပါ (Bronchogenic Careinoma) ကတော့ သေချာနေပြီ မောင်မျုးဇော်။ ဒီမှာ (Mass)အကျိတ်အဖုက (Recurrent Laryngeal Nerve)ကို ဖိမိနေတော့ (Hoarseness of the voice)ရနေတာပေါ့ "
ဆရာကြီးက ဓာတ်မှန်အဆုတ်ဘယ်ဘက်ခြမ်းမှ ကင်ဆာအကျိတ်၏ အရိပ်ဖြူဖြူလုံးလုံးကို ဘောလ်ပင် ကလေးဖြင့် ထောက်ကာ ထောက်ကာ ရှင်းပြနေပါသည်။ ကျွန်တော့်နားထဲမှာတော့ " အဖေ ရွာပြန်ချင်ပြီ သားရယ်။ မင်းဆရာကြီးတွေကို ပြောပြီး ဆင်းကြစို့။ မင်းလည်း စာမေးပွဲနီးပြီ။ အဖေလည်း လုပ်ငန်းကိုင်ငန်း တွေရှိသေးတယ်" ဟု ပြောနေသော အဖေ၏ အက်ကွဲကွဲ ရှတတ အသံကို ကြားယောင်နေပါသည်။
ဆရာကြီးက ကျွန်တော့်ကို စိတ်ရှည်လက်ရှည် အချိန်ပေးပြီး ရှင်းပြပါသည်။ ရောဂါအကြောင်းသာမက ရောဂါနှင့် ဆက်နွယ်နေသော အကြောင်းများ၊ နောက်ဆုံးပေါ် ကုထုံးများ၊ သုတေသနတွေ့ရှိချက်များ စသည်ဖြင့် ရှည်လျားစွာ ပြောပြနေပါသည်။
ကျွန်တော့် စိတ်ထဲမှာတော့ အဖေ့ရဲ့ အဆုတ်ကင်ဆာဟာ အတော့်ကို ကြီးထွားပျံ့နှံ့နေပြီ။ ခွဲစိတ်ဖြတ်ထုတ်ပစ်လို့ မရတော့ပြီ။ (Radio Therapy)ခေါ် ဓာတ်ကင်ကုသလို့လည်း အကြောင်းမထူးပြီ။ တတ်နိုင်သမျှ သက်သာဖို့ စားဆေးတွေပဲ စားပြီး အိမ်မှာပဲ စိတ်ချမ်းသာအောင် ထားပေတော့။ ကံမီးစာရှိသ ရွေ့ အသက်ရှင်လိမ့်မည်။ လောကဓာတ်ဆေးပညာကတော့ အဖေ့အား သေခြင်းတရား၏ စီရင်ချက်မှ အယူခံဝင်မပေးနိုင်တော့ပြီ။ ပြင်ဆင်မပေးနိုင်တော့ပြီ။ လက်လျှော့လိုက်ပြီ။ ဤသို့ပင် ကျွန်တော် ရှင်းရှင်း လင်းလင်း သိလိုက်ရပါပြီ။
ဆရာကြီး၏ အခန်းကလေးထဲမှ ဓာတ်မှန်ဖလင်လိပ်ကို ကိုင်၊ အဖေ့ခုတင်ဆီ ပြန်သွားတော့ " ဘာတဲ့တုန်း ငါ့သား၊ အဖေတို့ ဆင်းရတော့မှာတဲ့လား" ဟု အဖေက အားတက်သရော မေးသည်။
အဖေ့မျက်နှာမှာ မျှော်လင့်ချက်အရိပ်အယောင်များကိုတွေ့ရသည်။
"ဟုတ်တယ်အဖေ။ အဖေ့ကို ဆင်းခွင့်ပေးလိုက်ပြီ"ဟု ကျွန်တော်က ပြောတော့ အဖေ့မျက်နှာ ၀င်းထိန်သွား သည်။ သြော် ... အဖေ ဘာမှ မသိရှာပါကလား။ အဖေ့မျက်ကွယ်မှာ ချမှတ်လိုက်သည့် သေမင်း၏ စီရင်ချက် ကို အဖေ လုံးဝမသိစေရ။ အို ... မိသားစုအားလုံး၊ တစ်ဆွေလုံး တစ်မျိုးလုံး၊ တစ်ရွာလုံး ဘယ်သူမျှ မသိအောင် ကျွန်တော် လိမ်ညာရမည်။ ကျွန်တော် မျိုသိပ်ထားရမည်။ နောက်ဆုံးထွက်သက်အထိ အဖေ ဟာ စိတ်ချမ်းသာစွာဖြင့်ပဲ နေထိုင်သွားစေရမည်။ ဤသို့ ဆုံးဖြတ်ချက်ချ ပြီး ကျွန်တော့်မျက်နှာကို အတတ်နိုင် ဆုံး ဣနြေ္ဒမပျက်အောင် ပြင်ဆင်ထားလိုက်ပါသည်။
" အဖေ၊ ကျွန်တော်တို့ သန်ဘက်ခါ ပြန်မယ်။ နက်ဖြန် ဘုရားကြီးကို သွားဖူးမယ်။ ရွာမှာ အဖေစားဖို့ သောက်ဆေးတွေကော၊ ထိုးဆေးတွေကော ဆေးရုံက အပြည့်အစုံ ပေးလိုက်လိမ့်မယ်။ ဟိုကျ ကျန်းမာရေး မှူးဆီ ပြန်အပ်ပြီး အဖေ ဆေးမှန်မှန်သောက်လိုက်ရင် ကောင်းသွားမှာပါ "
ကျွန်တော် အသံတုန်မနေအောင် အတတ်နိုင်ဆုံး ထိန်းပြီး ပြောလိုက်ပါသည်။ လိုအပ်လာတော့လည်း အဖေ့အတွက် လင်္ကာချောမည့် မုသားတွေကို ပြောနေရပါလေပြီကော။ အားဆေး၊ စားဆေးများ၏ ယာယီ စွမ်းပကားကြောင့် ချောင်းဆိုးသက်သာပြီး အလာတုန်းကထက် အနည်းငယ် အခြေအနေ ပိုကောင်းလာ သည်ကတော့ သိသာလှပါသည်။ ထို့ကြောင့်လည်းကျွန်တော့်မုသားကို အဖေ သံသယမပွားဘဲ ယုံစားနိုင် ခြင်းဖြစ်လိမ့်မည်။ လိုအပ်သော စားဆေး၊ အားဆေးများ ထုတ်လို့ရတာ ထုတ်၊ ၀ယ်သင့်တာဝယ်၊ မဟာမြတ်မုနိဘုရားကြီးကို ဖူးပြီး အဖေနှင့် ကျွန်တော် ရွာပြန်ခဲ့ကြပါသည်။ ဒါတောင် အဖေက " မင်း နေနှင့်တော့။ မင်းက စာမေးပွဲနီးပြီ။ ငါတစ်ယောက်တည်း ပြန်မယ်။ ရထားပေါ်သာ တင်ပေးလိုက်" ဟု ပြောနေချေသေး၏။ " ဟာ အဖေကလည်း အဖေ့အတွက် ဆေး ဘယ်လိုတိုက်၊ ဘယ်လိုထိုးဆိုတာတွေ ဆေးမှူးကို မှာရဦးမှာ။ ပြီးတော့ အမေတို့၊ ညီမလေးတို့ကလည်း စိတ်ပူနေတာ။ ဘာရောဂါမှမရှိဘူးလို့ ကျွန်တော် လိုက်ပြောဦးမှပေါ့"ဟု ဆိုမှ အဖေက ခေါင်းတညိတ်ညိတ်ဖြင့် လက်ခံသည်။
အပြန်ခရီးမှာလည်း အဖေက ကျွန်တော့်ပခုံးပေါ် ခေါင်းမှီပြီး ထိုင်လိုက်လာသည်။ အဖေနှင့် ကျွန်တော် သည်လို နီးနီးကပ်ကပ်နေရတာ သည်တစ်ခါနောက်ဆုံးလား။ ကျွန်တော်စာမေးပွဲပြီးအောင်အထိ အဖေ ခံပါ့မလား။ ကျွန်တော် ဆရာဝန်ဘွဲ့ယူသည်အထိ အဖေ စောင့်နိုင်ပါ့မလား။ " မင်းဘွဲ့ယူရင် ငါက မောင့် ကျက်သရေခေါင်းပေါင်းကို အကျအန စွပ်မှာမောင်" ဟုပြောဖူးသော အဖေ့စကားတစ်ခွန်းကို သတိရတော့ မျက်ရည်လည်ချင်လာသည်။ အာရုံအပြောင်းအလဲဖြစ်ရန် ရထားပြတင်းမှ ဘေးကို ကြည့်နေလိုက်သည်။
ခုတစ်လော သည်လမ်းကို အခေါက်ခေါက် အခါခါ သွားနေရပါလား။ သည်လမ်းပေါ်မှာ၊ သည်ရထားကြီးပေါ်မှာ တစ်ဘ၀လမ်း ဆုံးတော့မည့် ခရီးသည်တစ်ယောက် ပါပါသည်။ သောက လွှမ်းဖုံး ယူကျုံးမရဖြစ်နေသည့် ခရီးသည်တစ်ယောက် ပါပါသည်။ အဖေ ပြောခဲ့ဖူးသလိုဆို အားလုံးဟာ ကံကြမ္မာ ကိုအဖော်လုပ်ပြီး သွားနေရတဲ့ သံသရာခရီးသည်တွေချည်းပါပဲလေ။ ဟော အဖေ ချောင်းဆိုးလာပြန်ပြီ။ ထွေးခံကလေးကို ထိုးခံပေးလိုက်ရသည်။
*
ရွာကပြန်ရောက်တော့ နောက်ဆုံးနှစ် အပိုင်း(ခ)စာမေးပွဲကြီးက တော်တော်လေး နီးကပ်နေပြီး။ကျွန်တော့် မှာ စာကို ဖြောင့်ဖြောင့်မကျက်နိုင်။ သံကြိုးစာပဲ ရောက်လာမလား။ ရွာက လူတစ်ယောက်ယောက်ပဲ ပေါက် ချလာမလား။ နေ့စဉ် စောင့်မျှော်နေရသည်။ မိုးလင်း မိုးချုပ် ဘာမျှမထူးခြားမှ တစ်ရက်ရင်အေးရသည်။ သက်မကြီး ချလိုက်နိုင်သည်။ ညမှာ အားသွန်ပြီး စာကျက်၊ မနက်လင်းတော့ သောက သံသယက ခေါင်းထဲ ၀င်လာပြန်ရော...။
အဖေ၏ ရောဂါအခြေအနေမှန်ကို ဆရာဝန်ကြီးနှင့် ကျန်းမာရေးမှူးမှ လွဲပြီး ဘယ်သူ့မှ ကျွန်တော် မပြောခဲ့။ သူတို့ကိုလည်း ဘယ်သူ့မျှ ပြောမပြပါရန် တောင်းပန်ခဲ့သည်။ သိလို့လည်း စိတ်ဆင်းရဲရုံကလွဲပြီး သူတို့ ဘာမျှ တတ်နိုင်ကြမည်မဟုတ်။ ခုတော့ ရောဂါကြီးကြီးကျယ်ကျယ်မရှိဟု မုသားသုံးလိုက်သဖြင့် အမေရော၊ ညီမလေးပါ ၀မ်းသာနေကြသည်။ တစ်ရွာလုံးက တကယ်ထင်နေကြသည်။ ၀မ်းသာနေကြသည်။ ဆေးရုံကြီးနှင့် ဆရာဝန်ကြီးတွေကိုလည်း စွမ်းလိုက်တာ၊ တတ်နိုင်လိုက်တာဟု ချီးမွမ်းအံ့သြနေကြသည်။ ကျွန်တော် ဆရာဝန်ဖြစ်လာလျှင်လည်း ချက်ချင်း ရွာပြန်ခဲ့ပါ။ အားကိုးပါရစေဟု ပြောလာကြတော့ မချိုပြုံး လေး ပြုံးမိခဲ့သည်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသည့် ဘ၀ပါကလား။
" ကံ အတိုင်းပဲ ရှိပါစေတော့ " စာကို စိတ်ဒုန်းဒိုန်းချပြီး ကြည့်ရန် သူငယ်ချင်းတွေက အားပေးကြသည်။ ဆရာတွေက အကြံပေးကြသည်။ ဤသို့ဖြင့် စာကြည့်လိုက်၊ ရွာကသတင်း စောင့်မျှော်လိုက်နှင့် စာမေးပွဲကြီး သို့ ရောက်လာပါတော့၏။
နဂိုကပဲ မှန်မှန်ကြိုးစားခဲ့လို့လား၊ ကျွန်တော့်ကုသိုလ်ကံကပဲ ကောင်းနေလို့လား မသိ။ စာမေးပွဲကြီး၏ " ရေးဖြေစာမေးပွဲ"မှာ ဘာသာရပ်တိုင်းလိုလို ကျွန်တော် ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပါသည်။ ရေးဖြေမှာတော့ ကျွန်တော် စာမေးပွဲအောင်မှာ သေချာနေပြီ။
ရေးဖြေနှင့် လူတွေ့နှုတ်ဖြေကြား ရက်အားရနေသည့် နေ့တစ်နေ့မှာ ညီမလေးထံမှ စာရောက်လာပါသည်။ ကျွန်တော် ညီမလေး၏ စာကို ဖွင့်ဖောက်ပြီး မဖတ်ရဲလောက်အောင် ရင်ထိတ်နေပါသည်။ လက်တွေက တုန်ကယင်ဖြစ်နေပါသည်။ စာကိုယူလာသော အခန်းဖော်သူငယ်ချင်း သန်းတင့်အောင်ပင် ကျွန်တော်နှင့် ရောပြီး စိတ်လှုပ်ရှားနေပါသည်။ သူလည်း ကျွန်တော်တို့သားအဖအကြောင်း အစအဆုံးသိထားသူမို့၊ ကျွန်တော့် ကိုလည်း ညီအစ်ကိုအရင်းအချာလို ခင်မင်နေသူမို့ စိတ်လှုပ်ရှားပေလိမ့်မည်။
စာအိတ်ကတော့ အရင်တစ်ခါလိုပဲ ပါးပါးကလေးဖြစ်၏။ သည်တစ်ခါ စာရွက်ပါးပါးကလေး ဖတ်ရမှာ ကျွန်တော် ကြောက်နေပါသည်။ ထို့ကြောင့် အနားမှာရပ်နေသော သူငယ်ချင်း သန်းတင့်အောင်ကို " မင်း ဖတ်ကွာ" ဟု လက်ကမ်းပေးလိုက်ပါသည်။ ကြားထဲက သူငယ်ချင်းပင် စာအိတ်အဖွင့်မှာ လက်တွေ တုန်နေ ပါသည်။ သူ စာဖတ်နေစဉ် ကျွန်တော်က စိတ်ထဲမှ ဘုရားတလျက် အခန်းပြတင်းပေါက်မှ အဝေးသို့ ငေး ကြည့်နေမိပါသည်။
" ဟေ့ မျိုးဇော်၊ မင်းအဖေ တော်တော်လေး သက်သာနေပြီတဲ့ကွ။ ရော့ မင်းဖတ်ကြည့် "ဟု သူငယ်ချင်းက ၀မ်းသာအားရ အော်ပြောလိုက်တော့ ကိုယ့်နားကိုယ်ပင် မယုံချင်။ ချက်ချင်း ဆွဲယူဖတ်ကြည့်လိုက်သည်။ စာထဲမှာ" အဖေသက်သာလာသည့်အကြောင်း၊ ချောင်းဆိုးလည်း သက်သာကြောင်း၊ တစ်ခါတစ်ခါပဲ ဆိုး တော့ကြောင်း၊ ဆေးလိပ်လည်း မသောက်တော့သည့်အကြောင်း၊ အစားအစာလည်း တော်တော်လေး စား နိုင်လာကာ နည်းနည်းပင် ၀လာသည့်အကြောင်း၊ ဆေးများကိုလည်း မှန်မှန်သောက်နေသည့်အကြောင်း၊ ကျွန်တော့်ကိုလည်း အိမ်ကို နောက်ဆံမတင်းဘဲ စာမေးပွဲအောင်အောင် ကြိုးစားဖို့၊ ဖြေပြီးလျှင် ချက်ချင်းရွာ ပြန်လာဖို့ ညီမလေးက ရေးထားပါသည်။ ကျွန်တော့်အတွက် စာမေးပွဲအတွင်းသုံးရန်နှင့် အဖေ့အတွက်ဆေး များဝယ်ခဲ့ရန် စာတိုက်မှ ငွေပို့ပေးလိုက်သည့်အကြောင်းပါရေးထားလေသည်။ သည်တစ်ခါတော့ ညီမလေးက တော်တော်လေး ပြည့်စုံအောင် ရေးနိုင်သားပဲ။
ကျွန်တော် စာရွက်ကလေးကို တယုတယ ခေါက်ပြီး ခေါင်းအုံးအောက်မှာ ထားလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ကျွန်တော် စိတ်ချမ်းသာသွားပါသည်။
*
မဲလိပ်ကလေးကို ဖြန့်ဖတ်၊ ကိုယ် စမ်းသပ်ဖြေဆိုရမည့် လူနာရှိရာ ခုတင်သို့သွာ၊ နည်းနည်းပါးပါး မေးမြန်း စမ်းသပ်ပြီးကတည်းက ကျွန်တော် ကြက်သီးဖျန်းဖျန်းထသွားပါသည်။
" သြော် ... အဖေ ... အဖေ။ ခုချိန်ထိ သားကြီးကို ကျေးဇူးပြုတုန်းပါကလား" ကံတရားက ပြက်ရယ်ပြုလိုက် လေသလား၊ ဖေးမ ကူညီလိုက်တာလား ကျွန်တော် မဝေခွဲတတ်တော့။ ကြည့်ပါ ... ကျွန်တော်မဲပေါက်သည့်၊ ကျွန်တော် စမ်းသပ်ဖြေဆိုရမည့်လူနာက အဖေ့လို အဆုတ်ကင်ဆာဝေဒနာသည် ဖြစ်နေပါရောလား။
စာမေးပွဲဖြေသည့် ဆေးကျောင်းသားတိုင်းအတွက် (Long Case) ခေါ် သည်လို အသေးစိတ်ဖြေရမည့် ရောဂါကြီးတစ်ခုခုကို မဲနှိုက်ရသည်မှာ လွန်စွာ ရင်တုန်ချင်စရာကောင်းလျ၏။ ကိုယ် အသေးစိတ်လေ့လာ ထားသည့် ပိုင်ပိုင်နိုင်နိုင်သိထားသည့် ရောဂါမျိုး မဲပေါက်လျှင် လက်ခမောင်းခတ်ပေရော့။ မေးချင်သလို မေး၊ စမ်းချင်သလိုစမ်း၊ ရနေပြီလေ ...။
ခုလည်းကြည့်၊ ကိုယ့်အဖေကိုယ်တိုင် ဖြစ်နေသည်မို့ သေသေချာချာ လေ့လာထားသည့် ရောဂါ။ မသိချင်ဘဲ သိနေရသည့်ရောဂါ။ သည်ရောဂါရဲ့ အကြောင်းတရား၊ အကျိုးတရားတွေ၊ ကုထုံးတွေ၊ နောက်ဆုံးပေါ် သုတေသနတွေ့ရှိချက်တွေ ဘယ်လိုပင် လှည့်မေးမေး ကျွန်တော်မသိတာ ဘာမျှကျန်တော့မည်မထင်။
လူနာကို မေးမြန်းစမ်းသပ်နေစဉ် တစ်ချက် တစ်ချက် လူနာကို မမြင်။ ကျွန်တော့်အဖေကိုပဲ မြင်နေသည်။ သည်လူနာလည်း အဖေ့လိုပင် အသံတွေဝင်၊ ချောင်း တဟွပ်ဟွပ်ဆိုး၊ ပိန်ချုံးကျလျက်ရှိနေပြီ။ အဖေနှင့် ကွာတာတစ်ခုပဲရှိသည်။ သူက စီးကရက် အလွန်အကျွံသောက်ခဲ့သတဲ့။ အဖေက ပြောင်းဖူးဖက်ဆေးလိပ် သမား။ စီးကရက်က ပိုဆိုးတော့မပေါ့။ လူနာကို ကျွန်တော့်အဖေလို သဘောထားကာ စာနာစိတ်ဖြင့် မေးနေ မိသည်။ အကြင်နာတရားဖြင့် ညင်ညင်သာသာ စမ်းသပ်ပါသည်။ စမ်းသပ်သူနှင့် အစမ်းသပ်ခံလူနာ အဖြစ် ကျွန်တော် သဘောမထားခဲ့ပါ။ ဒါကို လူနာကလည်း ရိပ်မိပုံပေါ်သည်။ ခံစားမိပုံပေါ်သည်။ မျက်ရည် ကလေးကလည် ကလည်ဖြင့် မေးသမျှ ဖြေရှာသည်။ စမ်းသမျှ လိုက်လျောရှာသည်။ စီးကရက်တွေ အလွန် အကျွံ သောက်ခဲ့တာ နောင်တ ရပါပြီဟု တတွတ်တွတ်ပြောနေရှာသည်။
မေးမြန်း၊ စမ်းသပ်၊ ရေးမှတ်ပြီးတော့ ကျွန်တော့်ကို ရန်ကုန်ဆေးတက္ကသိုလ် (၁)မှ သမားတော်ကြီးနှင့် ပြင်ဦးလွင် စစ်ဆေးရုံကြီးမှ ဗိုလ်မှူးသမားတော်ကြီးတို့က စစ်ဆေးမေးမြန်းပါသည်။
အဆုတ်ကင်ဆာဖြစ်ရခြင်း၏ အကြောင်းရင်းဟု ယူဆထားသော အချက်များ၊ အဆုတ်ကင်ဆာအမျိုးအစား များ၊ ရောဂါ စတင်ဖြစ်ပွားလာပုံ၊ ရောဂါလက္ခဏာများ၊ ရောဂါပြန့်ပွားပုံ၊ မေးမြန်းသမျှ ကျွန်တော် ဖြေနိုင်နေ သည်။ ရောဂါ၏ ကုထုံး၊ ကုသရာတွင် သုံးစွဲသည့် ဆေးဝါးများနှင့် ထိုဆေးဝါးများ၏အကျိုးအပြစ်များ၊ မေး သမျှ ကျွန်တော် ဖြေနိုင်နေသည်။ သမားတော်ကြီးနှစ်ယောက်စလုံးက ပြုံးပြုံး ပြုံးပြုံးဖြင့် သဘောကျနေကြ သည်။
ကျွန်တော်ကတော့ မပြုံးနိုင်။ တစ်ခွန်းမေးလိုက်တိုင်း ကျွန်တော့်အဖေကို မျက်စိထဲမှာ မြင်နေသည်။ တစ် ခွန်းမေးလိုက်တိုင်း ကျွန်တော့်အဖေ၏ ဝေဒနာတွေကို ကျွန်တော်ကိုယ်တိုင် ခံစားရသည့်နှယ် ဖြစ်နေသည်။ တစ်ခွန်းမေးလိုက်တိုင်း အဖေ၏ ဓာတ်မှန်၊ စားနေရသည့် ဆေးဝါးတွေ၊ အပြန်မှာ ၀ယ်သွားရဦးမည့် ဆေးဝါးတွေ ကျွန်တော်မြင်နေသည်။
နောက်ဆုံး သမားတော်ကြီးနှစ်ယောက်က ဆေးပညာ ဂျာနယ်တွေထဲက နောက်ဆုံးပေါ် သတင်းတွေ၊ သုတေသနတွေ့ရှိချက်တွေပါ မေးလာကြသည်။ ကျွန်တော်ဖတ်ထားတဲ့ အကြောင်းအရာတွေပဲ။ ကျွန်တော့် ဆရာကြီး၊ အဖေ့ကို တာဝန်ယူ ကုသပေးသည့် သမားတော်ကြီး ပြောပြဖူးသည့် အချက်အလက်တွေပဲ။ ကျွန်တော် ဖြေနိုင်တာပေါ့။ ၀မ်းသာစရာပေါ့။ စိတ်ချမ်းသာစရာပေါ့။
သို့သော် ကျွန်တော် ၀မ်းမသာပါ။ စိတ်မချမ်းသာပါ။ ကိုယ့်အဖေကို ခုတုံးလုပ်သလို ဖြစ်နေရပါလား။ ကိုယ့် အဖေရဲ့ အသက်နဲ့ရင်းနှီးပြီးမှ သိလာရတဲ့ ပညာတွေပါလား။ " အဖေ အဖေ၊ ကျေးဇူးကြီးမားလှပါပေတယ် အဖေရယ်" ဆရာကြီးတွေရှေ့မို့ မျက်ရည်မကျမိအောင် မနည်းထိန်းချုပ်ရသည်။ ဒါတောင် ကျွန်တော့် မျက် လုံးအစုံမှာ မျက်ရည်တွေ ဝေ့နေသည်ကို ဆရာကြီးများ မြင်သွားဟန်တူပါသည်။
ဗိုလ်မှူးဆရာဝန်ကြီးက ကျွန်တော့်ပခုံးကို ဖျစ်ညှစ်လျက်
" ဟကောင်ရ၊ မင်းက မေးသမျှ ဖြေနိုင်နေတာ။ ဒီကေ့စ်မှာတော့ အမှတ်ပြည့်ပဲ။ ကျန်တာတွေပါ ဖြေနိုင်ရင် မင်း ဂုဏ်ထူးထွက်ပြီ။ ဘာလို့ မျက်ရည်လည်နေရတာတုန်း" ဟု ပြုံးပြုံးကြီးမေးပါသည်။
အစကတော့ ကျွန်တော် ဘာမျှ မပြောဘဲ နေလိုက်ရန် စိတ်ကူးမိပါသည်။ သို့သော် ဗိုလ်မှူးက ပခုံးကို ဆုပ် ကိုင်ကာ စိုက်ကြည့်နေသဖြင့် " ကျွန်တော့်အဖေလည်း ဒီလိုရောဂါနဲ့ ဆုံးခါနီးတဲတဲပါဆရာ" ဟု တိုးညင်း တုန်ယင်စွာဖြေလိုက်တော့ " အိုး ... ဂေါ့ဒ်" ဟု အာမေဋိတ်ပြုကာ ဗိုလ်မှူး၏ လက်များ ကျွန်တော့်ပုခုံးမှ ပြုတ်ကျ သွားပါသည်။
*
တစ်ခါတစ်ရံ လူ့လောကတွင် သိပ္ပံပညာဖြင့် မဖြေရှင်းနိုင်သော ကိစ္စများ၊ လက်တွေ့နယ်ပယ်မှာ စိတ်ကူး ယဉ်ဟု ထင်ရသော အဖြစ်အပျက်များ၊ လောကဓာတ်ဆေးပညာပင် မျက်စိလည်သွားရသော အဖြစ်အပျက် များအမှန်တကယ်ပင် ဖြစ်တတ်ပျက်တတ်ပါသည်။ တွေ့ရ၊ ကြုံရတတ်ပါသည်။ ထိုအထဲမှာ ကျွန်တော့် အဖေ၏ အဖြစ်အပျက်က ပြောစမှတ်ပြုရလောက်အောင်ပင် ဆန်းကြယ်လှပါတော့၏။
ကျွန်တော်တို့ ကြိုးစားမှု၊ ကံတရား၏ ဖေးမမှုတို့ကြောင့် စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် ကျွန်တော် အောင်မြင်ခဲ့ပါသည်။ စာမေးပွဲ အောင်စာရင်းထွက်အပြီး မန္တလေးဆေးရုံကြီး၌ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်မထမ်းဆောင်ရမီစပ်ကြားမှာ ကျွန်တော် ရွာပြန်ခဲ့ပါသည်။
စာမေးပွဲအောင်သဖြင့် ခြောက်နှစ်ခွဲကြာ ရုန်းကန်ခဲ့ရသည့် ကျောင်းသားဘ၀မျ လွတ်ကာ ရည်မှန်းချက် ပြည့်မြောက်ပြီ ဟူသော ၀မ်းသာမှုက တစ်ဝက်၊ အဖေ့အတွက် ၀မ်းနည်းမှုက တစ်ဝက်ဖြင့် ရွာပြန်ရသည်မှာ ဘယ်လို ပြောရမှန်းပင် မသိတော့ပါ။ ရထားလမ်းဘေးတစ်လျှောက်မှ လက်ပံပင်၊ ပေါက်ပင်နီနီရဲရဲတွေ၊ မြေခိုးတွေ၊ နွေ တံလျှပ်တွေ၊ ဖုန်လုံးကြီး တွေကိုကြည့်ရင်း ရင်ထဲမှာ လှိုက်ဖိုဖို၊ ဆို့တို့တို့ကြီး ဖြစ်နေပါသည်။
ဘူတာကလေးကို ရထားထိုးဆိုက်တော့ အိတ်ကိုဆွဲကာ အဦးဆုံး ခုန်ဆင်းလိုက်သည်။ ညီမလေးကို ရှာဖွေ ရသည်။ သည်နေ့ သည်ရက် ပြန်လာမည်ဟု ညီမလေးထံ စာကြိုရေးထားပြီးဖြစ်ပါသည်။ ညီမလေး လာကြို မှာသေချာပါသည်။
" ကိုကြီး ဒီမှာ "
ဟော ညီမလေး၏ အသံစူးစူးလေးကို ကြားရပြီ။ လှည့်ာကည့်လိုက်တော့ " ဟာခနဲ " နေအောင် ကျွန်တော် အံ့သြ၀မ်းသာသွားပါသည်။ " အဖေ ... အဖေပါလား " ကျွန်တော့်ကို ပြုံးပြုံးကြီး စိုက်ကြည့်နေတဲ့ ခေါင်း ပေါင်းကြီးနဲ့ အဖေပါလား။
ကျွန်တော် အဖေ့ဆီ အပြေးသွား၊ အိတ်ကိုချ။ အဖေ့လက်ဆွဲယူဆုပ်နယ်ကာ ၀မ်းသာလွန်းသဖြင့် ဘာကစပြီး ပြောရမှန်း မသိလောက်အောင် ဖြစ်နေပါသည်။ နောက်မှ " အဖေ နေကောင်းတယ် မဟုတ်လား"ဟု ကသောကမျော မေးမိသည်။
" ကောင်းပါ့မောင်။ ကောင်းလို့ ငါ့သားကို ဘူတာအထိ လာကြိုတာပေါ့ "
အို ... အဖေ့အသံဟာ ပကတိ ဟိုတုန်းက အသံမျိုးပါကလား။ ရောဂါဖြစ်နေတုန်းက အက်ကွဲကွဲ ရှတတ အသံ မျိုးမဟုတ်တော့။ ကင်ဆာရောဂါသည်ရဲ့ အသံမျိုးမဟုတ်တော့။ လူကလည်း နဂိုကနှင့်စာလျှင် ၀လာ သည်။ ဟိုတစ်ခေါက် ထနောင်းပင်အောက်မှာ ကျွန်တော့်ကို ကံ ကံ၏အကျိုးတရားတွေ ဟောနေတုန်းက အခြေအနေမျိုးအတိုင်းပါကလား။
" လှည်းပါတယ် ကိုကြီးရ၊ မြင်းလှည်းဂိတ်မှာ အပ်ပစ်ခဲ့တာ။ အဖေက ကိုကြီးကို ဘူတာအထိ လိုက်ကြိုချင် တယ်ဆိုလို့ ခေါ်လာရတာ" ညီမလေးလည်း ၀မ်းသာလွန်းသဖြင့် မျက်ရည်များပင် လည်နေသည်။
နောက်တော့ အဖေနှင့် ညီမလေး ပြောသမျှ စကားတွေက ကျွန်တော့်အတွက် အံ့သြကုန်နိုင်ဖွယ်တွေချည်း ဖြစ်နေပါတော့၏။ ဆေး မှန်မှန်သောက်သည့်အကြောင်း၊ ခုတော့ ဆေးကုန်နေသဖြင့် ရပ်ထားရကြောင်း၊ နေ့စဉ် ဥပုသ်သီလ ဆောက်တည်၊ ပုတီးစိပ်၊ မေတ္တာပို့သည့်အကြောင်း၊ ကျွန်တော့်ကိုပါ မေတ္တာပို့သည့် အကြောင်း၊ မဟာမြတ်မုနိဘုရားကြီးအား ရွှေဆိုင်း ကပ်လှူပူဇော်ခဲ့ရသည်ကို ဘုရားအာရုံပြုတိုင်း ပီတိဖြစ်ရ သည့်အကြောင်း၊ ကြည်နူးရသည့်အကြောင်း စုံနေအောင် ပြောပြကြ၏။
ချောင်းလည်း မဆိုးတော့သည့်အကြောင်း။ ထမင်းလည်း စားကောင်းလာသည့်အကြောင်း အဖေက ပြောပါ သည်။ အဲဒါကတော့ ကျွန်တော့်လက်တွေ့ မျက်တွေ့ပင်ဖြစ်၏။ ဟိုးတုန်းကလိုပင် အဖေ့အသားအရေတွေ စိုပြည်နေသည်။ ချောင်းလည်း တစ်ချက်မျှ ဆိုးသံ မကြားရတော့။
မြို့နယ်ဆရာဝန်ကြီးကို ၀င်ပြီး နှုတ်ဆက်။အကျိုးအကြောင်းပြောပြတော့ ဆရာဝန်ကြီးက အလွန်အမင်း အံ့ သြနေသည်။ သူ့တစ်သက်မှာ သည်လို အခြေအနေ ပြန်ကောင်းလာတာ တစ်ခါမျှ မတွေ့ကြုံဖူးခဲ့ပါဟု ၀မ်းသာအားရ ပြောပြပါသည်။ မန္တလေးတစ်ခေါက်ပြန်သွားပြီး အဖေ့အား ကုသပေးခဲ့သည့် သမားတော်ကြီး နှင့်ပြကာ (Check Up) ပြန်လုပ်ကြည့်သင့်ကြောင်း အကြံပေးပါသည်။
ထို့ကြောင့် ကျွန်တော် မန္တလေးပြန်တော့ အဖေ့ကို တစ်ပါတည်း ခေါ်လာခဲ့ပါသည်။ အမေနှင့် ညီမလေးပါ လိုက်ချင်နေကြသည်။ ဘွဲ့ယူမှ တစ်ဆွေလုံးတစ်မျိုးလုံး လိုက်ခဲ့ကြဟု နှစ်သိမ့်လိုက်တော့မှ ကျေကျေ နပ်နပ်ဖြင့် ကျန်ရစ်ခဲ့ကြပါသည်။
ကျွန်တော့်ဆရာ သမားတော်ကြီးသည် အဖေ့ကို သေသေချာချာ စမ်းသပ်ပြီး ဓာတ်မှန်ကို ချက်ချင်းရိုက်ခိုင်း ပါသည်။ ဓာတ်မှန်ရသောအခါ ဟိုးတစ်ခါတုန်းကလိုပင် သူ့အခန်းကျဉ်းကလေးထဲမှာ ကြည့်ကြပြန်ပါသည်။
" မြတ်စွာဘုရား " အာမေဍိတ်ပြုရလောက်အောင်ပင် ဆရာကြီး အံ့သြသွားပါသည်။ အဖေ၏ ဘယ်ဘက် ခြမ်းအဆုတ်က မူလကရှိခဲ့သည့် ကင်ဆာအကျိတ်အခဲ၏ အရိပ်အယောင် လုံးဝမရှိတော့။ ပကတိ ရောဂါ ကင်းစင်သည့် အဆုတ်၏ အရိပ်ကိုပဲ မြင်နေရသည်။ ပထမရိုက်ခဲ့သည့် ဓာတ်မှန်နှင့် ယှဉ်ကြည့်သောအခါ အခြေအနေက ပြောင်းပြန်ပြောင်းလဲသွားပြီ။
" ငါတော့ တစ်ခါမှ မကြုံဖူးဘူးကွာ။ အံ့စရာပဲ "ဟု ဆရာကြီးက ပြောပါသည်။ " အသံ ပြောင်း သွားကတည်းက" ကျူးမာ်း(စ်) " (Tumour Mass)က သေးသွားပြီလို့တော့ ထင်လိုက်သား။ ခု ဓာတ်မှန်မှာ လုံးဝ မတွေ့ရတော့ဘူး။ ငါတော့ ဘယ်လိုမှ ရှင်းမပြတတ်တော့ဘူး"ဟု ပြောပါသည်။
ဆရာကြီးကို ကန်တော့ပြီးပြန်တော့ ဆရာကြီးက သူ့တစ်သက်တာမှာ အံ့သြဖွယ်ရာ အမှတ်တရအဖြစ် အဖေ၏ ရောဂါမှတ်တမ်းနှင့် ဓာတ်မှန်များကို တောင်းယူထားလိုက်ပါသည်။ ဆေးလည်းမစားနှင့်တော့ဟု ပြောပါသည်။ ဆေးလိပ်ကိုတော့ လုံးဝ ပြန်မသောက်တော့ရန် တင်းတင်း ကျပ်ကျပ် သတိပေးလိုက်ပါသည်။
သည်တစ်ခေါက်တော့ အဖေ့အား မဟာမြတ်မုနိဘုရားကြီးသာမက အိမ်တော်ရာ။ သကျသီဟ။ မန္တလေး တောင် စသည်ဖြင့် မန္တလေးရှိ တန်ခိုးကြီး ဘုရားအစုံ လိုက်ပို့ပေးလိုက်ပါသည်။
အဖေ ရွာပြန်တော့ ကျွန်တော် လိုက်မသွားတော့ပါ။ အလုပ်သင် ဆရာဝန်သင်တန်းကလည်း စတင် ထမ်း ဆောင်ရတော့မည်။ အဖေကလည်း ပကတိ ကျန်းကျန်းမာမာမို့ လက်မှတ်ဝယ်ပြီး ရထားပေါ် တင်ပေး လိုက်မည်။ ဘူတာမှာ ညီမလေးတို့ကို လာကြိုဖို့ မှာထားခဲ့ပြီးသား။
အဖေက ရထားပေါ်မှာထိုင်လျက်က အောက်ငုံ့ပြီး စကားတွေ ပြောလို့မဆုံး။ မှာလို့မဆုံး။ ကျွန်တော် ကလည်း ရထားပြတင်းဘောင်ကို လှမ်းကိုင်ပြီး အဖေ့ကို မော့ကြည့်လျက် စကားတွေ ပြောလို့ မဆုံး၊ မှာလို့ မဆုံး။
" ဒေါင် ... ဒေါင် "
ဟော ရထားထွက်ဖို့ သံချောင်းခေါက်ပြီ။
" အဖေ ... "
" သားရေ ... "
ကျွန်တော်တို့သားအဖေနှစ်ယောက် နှုတ်မှ အသံက တစ်ပြိုင်တည်း ထွက်လာခြင်းဖြစ်၏။ နှစ်ယောက်စလုံး ပြိုင်တူ ပြုံးမိကြသည်။
" ပြောလေ ... အဖေ "
" သြော် ... အဖေ ဆေးလိပ်ဖြတ်လိုက်ပြီ။ ဘယ်တော့မှ မသောက်တော့ဘူး။ နောက်ဆို ငါ့သားစကား နားထောင်တော့မယ်လို့ ပြောမလို့ပါကွာ။ ငါ့သားကကော ဘာပြောမလို့တုန်း။ ပြောလေ "
" ဟိုတစ်ခေါက် ထနောင်းပင်ကလေးအောက်မှာဥနှဲသား စဉ်းရင်းနဲ့လေ အဖေ တရားဟောခဲ့တာ မှတ်မိ သေးလား။ ဒီနေ့ကစပြီး ငါးပါးသီလ ကို ကျွန်တော် လုံအောင် ထိန်းပါ့မယ် အဖေ "
" သာဓု ဗျာ သာဓု သာဓု "
ရထား က ငြိမ့်ခနဲ စရွေ့သည်။
အဖေနှင့် ကျွန်တော် အသံထွက်အောင်ပင် ပြိုင်တူရယ်လိုက်ကြပါသည်။
စာရေးသူ - ဂျိုဇော်
ဒဂုန်မဂ္ဂဇင်း။၁၉၈၈၊မတ်
------------------------------------------------

8 comments:
I cried after reading this story.
Thanks Ma Shwe Zin U.
အမရေ....အရမ်းကို နှစ်သက်မိတဲ့ Post လေးပါ။
ရသတွေ ပေါင်းစုံကို ခံစားရင်း ဇာတ်ကောင် မိသားစု
များနှင့်အတူ ဝမ်းသာပျော်ရွှင်မိပါကြောင်း။ :)
...ခင်မင်လေးစားလျှက်..ခင်မာလာအောင်..:)
ဖတ်ရတာ ကြည်နုးလိုက်တာ အစ်မရယ်...
ဒီတစ်ပုဒ် မဖတ်ဖူးဘူး။ ဖတ်သွားပါတယ်။ ကျေးဇူးပါ မရွှေစင်။
ဘွန္တော နဲ့ မြစိမ်းပြာ ကိုလည်း စောင့်မျှော်နေပါတယ်။
လောကကြီးမှာ စိတ်စွမ်းအင်ဟာ တကယ်ကြီးတာပဲ..
ကိုကြီးကျောက် ကင်ဆာအကျိတ်ကို ခုအပြင်က ကနေဆရာဝန်တွေ စမ်းကြည့်လို့မတွေ့တော့ဘူးတဲ့..
ပျော်ပျော်နေသေခဲပါ..ငါ့နှမရယ်..
“ခုတစ်လော သည်လမ်းကို အခေါက်ခေါက် အခါခါ သွားနေရပါလား။ သည်လမ်းပေါ်မှာ၊ သည်ရထားကြီးပေါ်မှာ တစ်ဘ၀လမ်း ဆုံးတော့မည့် ခရီးသည်တစ်ယောက် ပါပါသည်။ သောက လွှမ်းဖုံး ယူကျုံးမရဖြစ်နေသည့် ခရီးသည်တစ်ယောက် ပါပါသည်။ အဖေ ပြောခဲ့ဖူးသလိုဆို အားလုံးဟာ ကံကြမ္မာ ကိုအဖော်လုပ်ပြီး သွားနေရတဲ့ သံသရာခရီးသည်တွေချည်းပါပဲလေ။ ” ဆိုတဲ့နေရာမှာ အလိုလို မျက်ရည်ကျမိတယ်။
နောက်ဆုံးမှာ ရောဂါပျောက်သွားလို့ စိတ်သက်သာသွားတယ်။
ဒီလိုဇာတ်လမ်းကောင်းလေးတွေကို ဂရုစိုက်ရွေးချယ်ပြီး တင်ပေးတဲ့ မမရွှေစင်၊ စစနဲ့ စာရိုက်ပေးသူ ညီမလေးအားလုံးကို ကျေးဇူးတင်ပါတယ်။
အစ်မရွှေစင်... ဒီ ၀တ္ထုလေးကို ဟိုးအရင် မဂ္ဂဇင်းမှာ ပါကတဲက ဖတ်ဖူးတယ်။ နှစ်တွေ ဘယ်လောက်ကြာကြာ ဆရာဂျိုဇော်ရဲ့ ဒီဝတ္ထုလေးကို မမေ့သေးဘူး။ ဘာလို့ဆို အဲဒီဝတ္ထုလေးကို ဖတ်ပြီး ၀မ်းနည်းဝမ်းသာ ငိုခဲ့ရဖူးလို့။ အခုလဲ မမရွှေ့စင် ဘလော့မှာ လာဖတ်ပြီး မျက်ရည်ဝဲနေရတယ်...
စာကောင်းလေးတွေ ပြန်လည်ဝေမျှတဲ့အတွက် ကျေးဇူးပါ အစ်မ...
ဘဝ သံသယာ ကြီးကို ခရီးရှည်သွားနေတဲ့ 
မီးရထားကြီးနဲ့  တင်စားရေးဖွဲ့ လိုက်တာကို
အကြိုက်ဆုံးပဲ ..၊
တစ်ယောက်ဆင်း တစ်ယောက်တက် ...။
Post a Comment