Monday, November 15, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၃၆)

ဒီမှာတော့ လက်စွပ်လဲရသတဲ့။ ဘယ်သူတွေကများ စပြီး တီထွင်လိုက်ကြတယ် မသိပါဘူး။
    လက်စွပ်လဲဖို့အတွက်လဲ ချွေးမမှာ ပျာလို့။ ဟိုဘက်က စိန်လက်စွပ်ဆိုတာ စိန်မရှိတဲ့ စိန်ပွဲစား၊ ကျောက်ပွဲစား ချွေးမမှာ နီလာလက်စွပ်လေးတစ်ကွင်း ကြံရဖန်ရတာတော့ တာပေါ့။ ပြီးတော့ တီးဝိုင်း ကိစ္စ တဲ့။ မင်္ဂလာအခါတော် ပေးတဲ့ အဆိုတော်ငှားဖို့၊ ရတုပိုဒ်စုံအပ်ဖို့၊ ဘိသိက်ဆရာငှားဖို့၊ အခမ်းအနားမှူး ငှားဖို့၊ အကုန်ရက်ကြိုချိတ်ရတာတွေတဲ့ဗျား။ ဟိုဘက်က ပိုက်ဆံပဲထုတ်ပေးတာ။ ချွေးမနဲ့ သူ့သူငယ်ချင်း နှစ်ယောက် က လုပ်အားစိုက်ပြီး ပြေးလိုက် လွှားလိုက်ရတဲ့အမျိုး။ အဲ..အဲ.. သတို့သမီးကို မိတ်ကပ်ပြင်ဖို့၊ ဆံထုံး ထုံးဖို့ဆိုတာလဲ ဈေးကြီးပေးငှားရသေးဗျာ။
    အို..ဖိုးဘတင်တို့ခေတ်တုန်းက ဒါလောက် ဇာမချဲ့ခဲ့ပါဘူးဗျာ။

    မင်္ဂလာဆောင်မယ့်ရက် မတိုင်ခင် အ၀င်နေ့ပေါ့။ အ၀င်နေ့မှာ မဏ္ဍပ်ကနားဆင်၊ နောက်နေ့နံနက် မင်္ဂလာဆောင်လာမယ့်လူတွေကမ်းဖို့ သပြေနဲ့ ရွှေပန်း၊ ငွေပန်းရောပြီါ် အောင်ပန်းစည်းတဲ့အလုပ်ကို အပျိုတွေကလုပ်။ အဲ..ချက်တဲ့ ပြုတ်တဲ့လူတွေက ချက်ပြုတ်ကြပေါ့။ ထမင်းကျွေးလေ။ ထမင်းကျွေး ဆောင်ကြတာပဲ။ ဖိုးဘတင်တို့တုန်းကတော့ ထမင်းစားပြီးမှ လက်ဖက်ရည်ကြမ်းနဲ့ ကွမ်း၊ ဆေး၊ လက်ဖက် ပေါ့။ စားဖို့ သောက်ဖို့ကို ဟောဒီလိုလဲ ငုတ်တုတ်ကြီး အဆာခံပြီး ထိုင်စောင့်နေရာမလိုပါဘူးဗျာ။ နံနက် ခြောက်နာရီ လောက်စပြီး ဧည့်ပရိတ်သတ်လာတာနဲ့ ထမင်း တန်းကျွေး တာပဲ။ ကြိုက်သလောက် အ၀စား၊ ပြီးတော့မှ လက်ဖက်ရည်ကြမ်းဝိုင်း အေးအေးဆေးဆေးထိုင်ရုံပဲ။

    သတို့သား၊ သတို့သမီးလဲ တော်ရုံသင့်ရုံ ပြင်ဆင်ဝတ်စားပြီး မဏ္ဍပ်ထဲ သင့်တော်ရာ ထိုင်နေတာပါပဲ။ မင်္ဂလာစင်မြင့် တွေ ဘာတွေလဲ မရှိပါဘူး။ နေ့လယ် နာရီပြန် နှစ်ချက်လောက် ဧည့်သည်ကုန်မှ လူကြီးစုံရာ သို့ ကန်တော့ပြီး ဘိသိက်ဆရာက လက်ထပ်ပေးတာတို့၊ ဆုံးမစကားပြောတာတို့လုပ်တာ။

    ဒီမှာတော့ဗျာ၊ ဒီဟိုတယ်ခန်းထဲရောက်ကတည်းက သတို့သား၊ သတို့သမီးစောင့်ရတာ အလုပ်တစ်ခု။ သူတို့ထွက်လာပြန်တော့ သူတို့ကို ပန်းကုံးစွပ်၊ သူတို့အကြောင်း စာစပ်တာတွေကိုဆို၊ ဘိသိက်ဆရာက လေရှည်ရှည်နဲ့ပြော။ သူတို့လုပ်ချင်ရာလုပ်နေတဲ့ အချိန်မှာ ဧည့်ပရိတ်သက်က ကြောင်တောင်တောင်ကြီး ထိုင်နေရတာ။ စားပွဲပေါ်မှာ ဘာကွမ်း၊ ဆေး၊ လက်ဖက်မှမရှိဘူး။ ပြီးတော့ ဘယ်လောက်ရိုင်းသလဲဆိုတော့ ကျွေးမယ့် မွေးမယ့် မုန့်တွေကို စားပွဲပေါ်တင်ပြီး အ၀တ်တွေနဲ့အုပ်ထားတာ။ မစားရသေးဘူးတဲ့။
    သူတို့စားခိုင်းမှ စားရမှာတဲ့။ တော်တော်ရိုင်းတဲ့အစီအစဉ်ပါဗျာ။ ဖိုးဘတင် ဘယ်လိုမှ သဘောမကျဘူး။

    ချွေးမခိုင်းလို့ ၀တ်ထားရတဲ့ သားနဲ့ဆင်တူ ယောပိုးပုဆိုးဆိုတာကြီးကလဲ လေးပြီး ယားယံနေသလိုပဲ။ သူတို့အစီအစဉ်ကလဲ မပြီးနိုင်သေးဘူး။ ဖိုးဘတင်က ဆာတာတာနဲ့ ရင်ထဲ ကတုန်ကယင်ကြီးဖြစ်နေပြီ။ နံနက်က လက်ဖက်ရည်ကြမ်းလေး တစ်ခွက်နှစ်ခွက်ပဲ သောက်ခဲ့ရတာ။ မင်္ဂလာအချိန်က ကိုးနာရီဆိုတော့ ဖိုးဘတင် ကို ဘယ်သူမှလဲ ပဲပြုတ်ဝယ်မပေးနိုင်ကြဘူး။ သူတို့အစီအစဉ်တွေနဲ့ သူတို့ မောနေကြတာ ဆိုတော့ ကိုယ့်မယ် ငြိမ်နေရတာပေါ့။

    ဖိုးဘတင် ဧည့်ပရိတ်သတ်ဘက်ကို အသာလျှောက်ကြည့်တယ်။ ကိုယ့်တိုက်ကလူတွေ တွေ့လို တွေ့ငြား ပေါ့ော…အလျင်ဆုံး တွေ့တဲ့လူကတော့ ဟိုးအောက်ဆုံး ထပ်က မြေပိုင်ရှင် မေရီဆိုတဲ့ မိန်းမ၀၀ဗျား။ သူက ဖိုးဘတင် ကို မမြင်ဘူး။ မျက်နှာတမော့်မော့်နဲ့ မင်္ဂလာစင်မြင့်ဆီပဲ လှမ်းကြည့်နေတယ်။ ဖြူပြာတို့၊ ကြည်ပြာ တို့ အပြောကတော့ ဒီမိန်းမဟာ အင်မတန်စပ်စုသတဲ့။ အင်း..သူ့ဝါသနာနဲ့ သူပေါ့လေ။ အဲ…ဆန်နီ… ဆန်နီ။ သူ့သား ဆန်နီလေး မမြင်ပါလား။ ဒီကောင် ဘယ်နားမှာ ဘာတွေ လုပ်ပေး နေရှာပါလိမ့်။ မင်္ဂလာဆောင်မတိုင်ခင်ကတည်းက အိမ်မှာလာပြီး မင်္ဂလာဆောင်နဲ့ ဆိုင်တာရော၊ မဆိုင်တာ ရော လာလုပ်ပေးနေရှာတာ။ အလျင်ဘ၀ကံလေး မကောင်းရှာလို့သာ ဒီဘ၀မှာတော့ အလွန် စိတ်ကောင်း ရှိတဲ့ကလေး။

    အဲမာ…အံမာ၊ ဟိုစားပွဲမှာ ငါ့လူမောင်ဝင်းအောင်တို့ မိသားစုပါလား။ တနင်္ဂနွေဆိုတော့ မိန်းမတွေရော၊ ကလေး တွေရော ခေါ်လာတယ်နဲ့တူတယ်။ ငါ့လူကိုတော့ သဘောကျသဟေ့၊ စာသင်သွားသွားနေတဲ့ အ၀တ်အစား လေးနဲ့ပဲ။ သူဝတ်နေကျ တိုက်ပုံ မီးခိုးရောင်လေးပဲ။ ထူးထွေဝတ်စားမလာပါဘူး။ အဲဒီတော့ နေရ ထိုင်ရတာ ဘယ်လောက်ပေါ့ပါးလား၊ သူ့မိန်းမလေးကလဲ ရိုးရိုးလေးပဲ။ ဟိုမိန်းမ၀၀ ဆန်နီ့ အမေ လိုတောင် မိတ်ကပ်ရဲရဲကြီးတွေ ဘာတွေမလိမ်းဘူး။ အင်း…ငါ့လူ မောင်ဝင်းအောင်လဲ ကွမ်းချည်း ဖိဝါး နေပုံ ထောက် တော့ ဆာနေပြီထင်တယ်။ ဟုတ်တာပေါ့ ဆာမှာပေါ့။ ကလေးတွေခမျာလဲ ဆာကြမှာပေါ့။

    အဲ…နေဦး၊ နေဦး။ အပျိုကြီးရော…ဟိုအပျိုကြီး မမြင်ပါလား၊ ဟိုတလောက တူမယောက်ျား နောက်လိုက်ပြေးလိုက တူမစိတ်နဲ့ အိပ်ရာထဲ လဲသွားရှာသေးတာ။ နေတော့ ကောင်းပါပြီ။ ဈေးတွေဘာတွေ သွားတာ ပြန်တာ မြင်ပါတယ်၊ ဘာလို့ မလာပါလိမ့်၊ အင်း… တန်တော့ ဒီပွဲမျိုးတွေကို မြင်ရင် သူ့တူမကို သတိရမှာစိုးလို့ထင်တယ်။ ခမျာမလဲ ပစ်တိုင်းထောင်ရုပ်ကြိုးရှုပ်မိတော့ ဒုက္ခ ခံနေရ ရှာပြီ။

    ဟို..မလတ်နဲ့ ဆရာကြီးတို့ လင်မယားကတော့ မနေ့ညက လက်ဖွဲ့လာပေးပြီး တောင်းပန်သွားတယ်။ သူတို့က တနင်္ဂနွေဆို  ဘယ်သာရေးနာရေးမှ သွားလို့မရလို့ပါတဲ့။ တနင်္ဂနွေမှာ ကျူရှင်တွေ တနေကုန် အချိန်ပြည့်မို့ပါတဲ့။ ဟုတ်တာပေါ့လေ၊ ကိုယ့်ကိစ္စနဲ့ကိုယ် အချိန်ပြည့် ရုန်းကန်နေကြရတာကိုး၊
    'ယခုအချိန်ကစပြီး မင်္ဂလာမောင်နှံက ဧည့်ခံကျွေါ်မွေးတဲ့ မင်္ဂလာစားသောက်ဖွယ်ရာများကို ပျော်ရွှင်စာ သုံးဆောင် နိုင်ကြပါပြီခင်ဗျား'

    ဟော…စားလို့ရကြော်ငး ကြေညာပြီ။ ကြေညာသံတောင် မဆုံးသေးဘူး၊ ခုနက တုတ်တုတ်မျှမလှုပ် ငြိမ်သက်နေတဲ့ ခန်းမကြီးထဲမှာ ဇွန်းသံ၊ ပန်းကံသံတွေ ပွက်ပွက်ကို ညံသွားတာပါပဲလား။
    သားလုပ်သူက ပန်းကန်တွေပေါ် အုပ်ထားတဲ့ အ၀တ်ပါးလေးတွေ ဆွဲဖယ်လိုက်တယ်။ ကဲ… ကြည့်ရအောင်၊ မင်္ဂလာ စားသောက်ဖွယ်ရာဆိုတာ ဘယ်လိုဟာတွေပါလိမ့်။
    'အဖေ..ရော့..စား'

    သားလုပ်က ပေါင်မုန့် ထောင့်ချွန်လေး တစ်ခုယူပေးတယ်။ ဘာများလဲ၊ စားစမ်းမယ်။ သြော်…ကြားထဲမှာ အသား နဲ့ တူပါရဲ့။ ငန်ငြိ ငန်ငြိနဲ့ တယ်မကောင်းလှပါဘူး။ ပေါင်မုန့်က ပါးလိုက်တာဆိုတာ နှစ်ခု ထပ်ထား တယ် လို့တောင် မထင်ရဘူး။
    'အဖေ…ကော်ဖီသောက်မယ်မဟုတ်လား'
    'အေး…အေး'
    သားလုပ်တဲ့သူက ကော်ဖီကို ချက်ချင်းထည့်ပေးလိုက်မရဘူး၊ စားပွဲပေါ်က ခွက်တွေထဲက သကြားတွေ နွားနို့တွေ အဖိုးကြီးပေးပြီး၊ ငှားထားရပြီးတော့  ကော်ဖီကို ကိုယ့်ဟာကိုယ် ဖျော်သောက်ရတဲ့၊ ဟုတ်သေး ပါဘူး။

    သားလုပ်တဲ့သူ အဖျော်ညံ့လို့နဲ့တူပါရဲ့။ ကော်ဖီကလဲ ပေါ့ရွှတ်ရွှတ် ကျဲတဲတဲနဲ့၊ အိမ်က ချွေးမ ကော်ဖီ ထက်တောင် ဆိုးသေးတယ်။
    သားလုပ်သူက မုန့်တစ်ခုပေးပြန်တယ်။ ဘာလဲဆိုတော့ အသားအစာသွတ်မုန့်ပဲ။ ဒါကတော့ မုန့်ခြောက် ထဲ ထည့်သွတ်ထားတာ။ ဖိုးဘတင် မကြိုက်လှဘူး။ မုန့်က နုလိုက်တာ မုန့်စမုန့်နတွေ အကန်ုကြေပြီ ရင်ဘတ်ပေါ် ကျကုန်တယ်။

    'ဒါကိတ့်မုန့်လား၊ ငါကိတ် မုန့်စားမယ်ကွာ'
    ဖိုးဘတင် မနေနိုင်တော့ဘူး၊ ပန်ကန်တစ်ခုထဲမှာ ကိန်မုန့်အ၀ိုင်းတစ်ခုမြင်တာနဲ့ သားကို ပြောတော့ သားက ကိတ်မုန့်အ၀ိုင်းကို ဓားနဲ့လှီးပေးတယ်။ အင်း..ဒါတစ်ခုတော့ မဆိုးပါဘူး ခပ်ချိုချိုကလေး။ ဖိုးဘတင် စားလို့ ရတယ်။

    ကိတ်မုန့်လေးတစ်ကိုက်၊ ကော်ဖီလေး တစ်ကျိုက်နဲ့ စားလို့မှမဆုံးခင် စားပွဲထိုးတွေ ရောက်လာပြီ ခုနက နို့ခွက်တွေ သကြားခွက်တွေ၊ ကော်ဖီခွက်တွေ လာချသလိုမျိုး ဝေါ်ခနဲ၊ ဝေါခနဲနဲ့ လာချကုန်တယ်။
    ဗုဒ္ဓေါ…ဘယ်လိုလဲဟ၊ အပူနဲ့အအေး နှစ်ခုတွဲကျွေးတာ ဖိုးဘတင် ဒီတစ်ခါ ကြုံဖူးသေး စားတတ်ပေါင်ဗျာ။

    'အဖေ…ရေခဲမုန့်စားလိုက်ဦး ပျော်ကုန်လိမ့်မယ်'
    သားလုပ်သူကို စကားပြန်မလို့ရှိသေး မျက်စိထဲ မီးရောင် ၀င်းခနဲ လက်သွားတာကြောင့် ဖိုးဘတင် မျက်လုံးတွေ ပြားသွားတယ်။ ရင်ထဲလဲ ထိတ်ခနဲဖြစ်ပြီး မီးရောင်ကို လက်ကာလိုက်တော့ 'အဖေ လက်ချ လေ၊ ဗွီဒီယို ရိုက်နေတယ်'တဲ့။ သားလုပ်သူရဲ့ အရေးတကြီး အမိန့်တွေကြောင့် ဘာရယ်မသိဘဲ ဖိုးဘတင် လက်ချ လိုက်ရတယ်။

    မီးရောင်တွေက ဖိုးဘတင်တို့ စားပွဲကြီး တစ်ခုလုံး ထိန်ထိန်လင်းလို့။ မီးရောင် ပျောက်သွားမှ သားလုပ်သူ ကို ဖိုးဘတင် တိုးတိုးကပ်မေးရတယ်။ ဘာလဲလို့။
    ဗွီဒီယိုရိုက်တာပေါ့အဖေရာ။ အင်း…တီဗွီရိုက်တာပေါ့။ ဒီအခမ်းအနားကို တီဗွီမှာ ပြန်ကြည့်လို့၇အောင် ရိုက်တာလေ'
    'ဟေ…တယ်ဟုတ်ပါလားကွ၊ ဓာတ်ပုံရိုက်စရာ မလိုပါဘူးပေါ့၊ ဟုတ်လား'
    'ဓာတ်ပုံလဲရိုက်တာပါပဲ၊ ဟိုမှာလေ၊ ပြီးရင် ကျွန်တော်တို့ ရိုက်ရဦးမှာပေါ့'
    'ပိုက်ဆံကုန်အောင်ကွာ၊ တစ်ခုတော်ရောပေါ့'

    ကြံဖန်ပြီး ပိုက်ဆံအကုန်ကို ရှာနေကြတာပါပဲ၊ ဖိုးဘတင်တို့ မင်္ဂလာဆောင်တုန်းကများ ဓာတ်ပုံရိုက်တာကို ခေတ်မစားသေးဘူး။ ဓာတ်ပုံရိုက်ခံရမှာ ရှက်လို့ မရိုက်ကြဘူး။ ဓာတ်ပုံရိုက်တဲ့ အလုပ် ဟာ လော်လည်တဲ့ အလုပ်လိုလို၊ ရှက်စရာ အလုပ်လိုလိုပဲ။

    ဖိုးဘတင်တို့ဆို အိမ်ထောင်ကျပြီး သံးလေးနှစ်ရှိမှ ဓာတ်ပုံတိုက်ထောင်တဲ့ သူငယ်ချင်းက ဇွတ်ခေါ်လို့ သွားရိုက် ပါတယ်။ လင်မယားနှစ်ယောက် လူသိမှာစိုးလို့ ဓာတ်ပုံတိုက်ထဲ လူမမြင်အောင် ၀င်ရတယ်။ ရိုက်တော့ လဲ ရှက်လိုက်တာ။ ဓာတ်ပုံရလာတော့ တော်တော်နဲ့ သူများတွေ မပြ၀ံ့ဘူး။ အင်းဒီခေတ်နဲ့တော့ ကွာကုန်ပြီ၊ ကွာကုန်ပြီ။
    'ကဲ…ဖေကြီး၊ လာ-လာ၊ အပေါက်ဝသွားစို့ ဧည့်သည်တွေ ထွက်ကုန်ပြီ'

    ချွေးမနဲ့ ဟိုဘက်က ခမည်းခမက်တွေ ပျာယာပျာယာထကုန်တော့မှ ဖိုးဘတင် ပရိတ်သက်ကို ကြည့်မိတယ်။ ဟင်..ဟုတ်သားပါလား။ ပြန်ကုန်ပြီဗျ ဧည့်သည်တွေက နြပ်လာမှ ဒရောသောပါး ထပြန်ကြတာ။ အေးအေးဆေးဆေးလဲ မစားမသောက်ကြနဲ့။ ဘယ်လိုဟာတွေရယ် မသိပါဘူး။
    'အဖေ ဒီမှာထိုင်နေခဲ့နော်၊ ဧည့်သည်တွေ ကျွန်တော်တို့ သွားနှုတ်ရဦးမယ်'

    ဖိုးဘတင် ခေါင်းညိတ်ပြပြီး နေရစ်ခဲ့ရတယ်။ ဧည့်သည်တွေ ပြန်တာကို အပေါက်ဝက နှုတ်ဆက်ရမတဲ့။ အင်း..ကိုယ့်ဓလေ့နဲ့ ကိုယ်ပေါ့လေကွာ။
    ဟောဟိုမှာ ဆန်နီပါလား ဒီကောင်ဘာလုပ်တာလဲ။ ကြွပ်ကြွပ်အိတ်တစ်လုံးနဲ့ စားပွဲပေါ်က ကျန်တဲ့ မုန့်တွေ လိုက်ထည့်နေပါလား၊ ထည့်တာမှ အပြန်။ တစ်စားပွဲပြီး တစ်စားပွဲ ကူးပြီး အမြန်ထည့်နေတာ ဆန်နီတစ်ယောက်တည်းလဲ မဟုတ်ဘူး၊ ချွေးမဘက်က တူလေးတွေ၊ တူမလေးတွေရော ကြွပ်ကြွပ်အိတ် တစ်လုံးစီနဲ့၊ မုန့်တွေ လိုက်ထည့်နေကြတာပဲ။
    အဲ…သူတို့က အိတ်တွေထဲ ထည့်နေတဲ့ အချိန်မှာ စားပွဲထိုးတွေကလဲ နောက်က ကျားလိုက်သလို စားပွဲ ပေါ် က မုန့်ပန်းကန် အကျန်တွေကို သိမ်းကြသဗျား။
    သြော်…ဟုတ်ပြီ၊ ဟုတ်ပြီ။ ဖိုးဘတင်သီပြီ။ မင်္ဂလာဆောင် မတိုင်ခင် တစ်ရက်က ဆန်နီတို့၊ သူ့တူ တူမ တွေ တို့ကို ချွေးမ သင်တန်းပေးနေသံ တစ်စွန်းတစ်စ ကြားလိုက်ရတာ အပြီးသက်တော့ ဒါကိုး။

    မဟုတ်သေးပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရုတ်ပျက်ဆင်းပျက်နိုင်လိုက်တာဗျာ။
    တစ်ခဏချင်းမှာ ဧည့်သည်တွေ ရှင်းသွားတယ်။ ဧည့်သည်တွေကုန်တာနဲ့ သတို့သား သတိုးသား သတို့သမီး ရော နှစ်ဖက်မိဘရော မင်္ဂလာစင်မြင့်ဆီ ပျာယီးပျာယာ ပြေးလာကြပြန်တယ်။
    'နေပါဦး၊ နေပါဦး၊ ခဏလေး အဲဒီစာလုံးတွေ မဖြုတ်ပါနဲ့ဦါ်'
    ချွေးမက အသံစူးစူးနဲ့ မင်္ဂလာစင်မြင့်ဆီ လှမ်းအော်တယ်။ ဟုတ်သားပဲ မင်္ဂလာစင်မြင့်နောက်က အာကာ တို့ နာမည်တွေကို ဟိုတယ်အမှုထမ်းက ဖြုတ်နေပြီ။
    'မြန်မြန် လုပ်ပေးပါနော်၊ ကျွန်တော်တို့ကလဲ နောက်မင်္ဂလာပွဲတစ်ပွဲအတွက် ပြင်ရမှာ ရှိသေးတယ်'

    သြော်…ဒီလိုလား၊ ဖြစ်မှစြဖ်ရလေကွာ။ ကသုတ်ကရက် ရှိလိုက်တာ။ ဒီခန်းမသုံးခွင့်ကို နှစ်နာရီ ပဲ ရှိတာကိုး။ သူ့စည်းကမ်းနဲ့သူဆိုတော့လဲ ဟုတ်တာပေါ့လေ။ ကြည့်ပါလား။ မင်္ဂလာစင်မြင့်နောက်က အာကာ တို့ နာမည်တွေ ဖြုပြီ။ တခြားစုံတွဲနာမည်တပ်ဖို့လုပ်တဲ့ အမှုထမ်းက လုပ်နေသလို၊ စားပွဲတွေကို ပြန်ပြင် တဲ့ အလုပ်ကို လုပ်တဲ့ အမှုထမ်းတွေကလဲ လုပ်ကုန်နေကြပြီလေ။ အင်း…သူတို့ကတော့ ရိုးနေပြီ ရှိမှာပေါ့။

    မြေးအာကာတို့ စုံတွဲနဲ့ သားမိသားစုနဲ့ ဖိုးဘတင်နဲ့ ဓာတ်ပုံ တစ်ပုံရိုက်ကြသေးတယ်။ ဖိုးဘတင်မှာ မဆီမဆိုင် ချွေးမအမေ မင်းကတော် ဘုရားအမကြီးကို သတိသွားရမိတယ်။ သူလဲ မြေးကလေးပဲ။ ဒီပွဲကို သူလာချင် မှာပေါ့။ ချွေးမနဲ့ မောင်နှမ ညီအမတွေက တညီတညွှတ်တည်း စည်းဝေးတိုင်ပင်ပြီး မလာ စေရတဲ့။ သားသမီးများ မသေခင်ကတည်းက မွေးကျေးဇူးကို ဆပ်ကြတယ်။ အင်း…ဖိုးဘတင်လဲ စိတ်ကော လူရော ကျန်းမာနေတဲ့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ရသေးတယ်။ ဖိုးဘတင်သာ မင်းကတော်ကြီးလိုဆိုလဲ သူတို့ အိမ်မှာ ချောင်ထိုးပစ်ခဲ့ကြမှာပါ။ မြေးကလေးပွဲကို ဖိုးဘတင် တက်ခွင့်ရမှာမဟုတ်ဘူး။

    'ကဲ…ကဲ လာလာ၊ သွားကြမယ်၊ သမီးတို့ ဘိုးဘိုးနဲ့ ဆန်နီတို့နဲ့ တစ်ကား အိမ်ပြန်နှင့်နော် ဖေကြီးနဲ့ မေကြီးက ကိုအာကာကို လိုက်ပို့လိုက်ဦးမယ်၊ ပြီးမှ ပြန်ခဲ့မယ် ဟုတ်လား'
    ချွေးမလုပ်သူရဲ့ လောလော လောလောနဲ့ စီစဉ်သံကို ဖိုးဘတင်ကြားရတယ်။ အာကာ့ကို လိုက်ပို့ မယ်တဲ့။ ဖိုးဘတင် ရင်ထဲမှာ လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က ရန်ကုန်ဘူတာကြီးမှာ ခံစားရတဲ့ ခံစားမှုမျိုး ပြန်ပေါ် လာတယ်။ အဲဒီတုန်းကတော့ မင်္ဂလာဆောင်ပြီးစ သားလုပ်သူကို ဘူတာရုံမှာ ထားပစ်ခဲ့ရတယ်။ အမယ်ကြီး က မျက်နှာ တဘက်အုပ်ငိုပေမယ့် ဖိုးဘတင်ကတော့ ခဏခဏ မြင်ခွင့်မရနိုင်တော့တဲ့ သားမျက်နှာ ကို တ၀ကြီးကြည့်ပြီး နှုတ်ဆက်ခဲ့တယ်။

    ခုလဲဖိုးဘတင် မြေးကလေးကို နှုတ်ဆက်ချင်သေးတယ်။
    စားပွဲကုလားထိုင်တွေ ကြားထဲကနေ ဖိုးဘတင် မြေးလုပ်သူဆီ သွားတယ်။
    နေပါဦး…မြေးရယ်။ အဘိုးဆီက ပဲပြုတ်ညာညာစားတတ်တဲ့ မြေးကလေး မျက်နှာကို အဘိုးဝအောင် ကြည့်ပြီး နှုတ်ဆက်ပါရစေဦး။
    ဇူလိုက်လရဲ့ မိုးရေစက်တွေအောက်မှာ မြစိမ်းပြာသုံးထပ်တိုက်က တဖြည်းဖြည်းနဲ့ အရုပ်ဆိုး အကျည်းတန် လာခဲ့သည်။
    ဆောင်း နဲ့ နွေတုန်းက ကြည့်ပျော်ရှုပျော်ရှိခဲ့တဲ့ ဖြစ်ကတက်ဆန်း ဆေးရောင်လေးတွေကို ဇူလိုင် မိုးက တိုက်စား ပစ် လိုက်တယ်။

    တိုက်အရောင်က တဖြည်းဖြည်းမည်းလာတယ်။ မိုးပက်ခံရတဲ့ ၀ရန်တာသစ်သားတိုင် ရောင်စုံ လေး တွေလဲ ဆေးရောင်စုံ ကွာကျကုန်ခဲ့တယ်။
    ဇူလိုင်မိုးနဲ့ အတူ သုံးထပ်တိုက်မှာ လူသားလေးတစ်ယောက် တိုးလာခဲ့ပြီ။
    ကိုဝင်းအောင် ယောက်ဖ ဖိုးကျော်ရဲ့ဝေေ၀က သမီးဦး ကလေးကိုမွေးဖွားခဲ့တယ်။

    ခုနစ်လနဲ့ဖွားတဲ့ ကလေးလှီလှီလေးရဲ့ အူဝဲသံက အန်တီခင်လေးရဲ့ ကြောင်ပေါက်စလေးတွေ အော်သံ နဲ့ တူလှတယ်။
    'ကြောင်မလေးရေ၊ နင့်ကို အပေါ်လွှာက အပျိုကြီးဆီ ပို့ပစ်မယ်နော်'
    ကိုဝင်းအောင်က သူ့တူမပေါက်စကလေး ငိုတိုင်း အော်လေ့ရှိတယ်။ သမီးတွေကတော့ ကစားစရာ အရုပ် ကလေး ရသလို အနားကမခွာတော့ဘူး။ ဟိုကောင် သုတ ဗန္ဓုကတော့ ကြောက်လို့တဲ့။ ကလေးလေးငိုရင် ကြောက်ပြီး သူပါလိုက်ငိုတတ်တယ်။

    ယောက္ခမကြီးကလဲ မြေးပေါက်စလေးကို ချစ်တယ်။ မယ်အေးကလဲ တူမပေါက်စလေးကိုချစ်တယ်။ အင်း… ကိုဝင်းအောင်လဲ ချစ်ပါတယ်။ ရင်ထဲမှာ လေးနေအောင် ချစ်ပါတယ်။ ရင်မလေးဘဲ နေနိုင် ရိုးလားနော်။ ယောက်ဖမိန်းမ ထမင်းမချက်နိုင်ခြင်း၊ ကလေးအား နို့ဘူး ကူရခြင်းကြောင့် ယောက်ဖ၀င်ငွေ ထိခိုက်မိခြင်း တို့ကြောင့် ယောက်ဖလင်မယားကို ကိုဝင်းအောင်တို့ထဲ စားအိုးပေါင်းလိုက်ရပြီလေ။

    ဤရှစ်ယောက် စားအိုးကြီးအား ချီမ, ရမည့် သူသည် မောင်ဝင်းအောင်ဖြစ်သတည်း။ ဟုတ်ကပြီ။ အသင်မောင်ဝင်းအောင် မည်သို့ ချီမ,မည်နည်း။ စာသင်ခြင်းမှ တစ်ပါး မောင်ဝင်းအောင်မှာ တခြား အလုပ် မရှိ။ စာသင်ခြင်းအလုပ်မှာလဲ ဆယ်တန်းအောင်စာရင်းတွေ မထွက်သေးသောကြောင့် ၀ိုင်းတစ်ဝိုင်းသာ ရသေးသည်။ ၀ိုင်းကား ဆယ့်ငါးယောက်ဝိုင်း။ တစ်လလျှင် မောင်ဝင်းအောင်တစ်ထောင့် ငါးရာမျှသော အသပြာ ကိုသာ ရချေသည်။ မောင်ဝင်းအောင် ရှစ်ယောက်ထမင်းအိုးကြီးကို ချီမ, ဖို့အရေး ရင်မလေးဘဲ ခံနိုင်ပါမည်လော။ ဆယ်တန်းအောင်စာရင်းထွက်တဲ့အခါ ၀ိဇ္ဇာတွဲများ ဂုဏ်ထူးတွေ အများကြီးနဲ့အောင်ပြီး သိပ္ပံတွဲ တွေ ကျပါစေလို့ နာသုံးနာအရင်းခံတဲ့ ကျောင်းဆရာစိတ်ဓာတ်အပြည့်အားနဲ့ ဆုတောင်းရုံ မှ တစ်ပါး အခြားမရှိပြီ။ အဲ…သူငယ်ချင်းများ၏ ဧပြီကြွေးမြီများကား နေဦးလော့။ စောင့်ကြဦးလော့။ မင်္ဂလာစုံတွဲ ပေါက်တဲ့ထိ စောင့်ကြဦးလော။

    တခြားအလုပ်လဲ ဘာမှမလုပ်တတ်တော့ ကိုဝင်းအောင်တစ်ယောက် စိတ်ထွေထွေနဲ့ သူငယ်ချင်းရဲ့ မင်္ဂလာဈေးထဲက အထည်ဆိုင်မှာ သွားထိုင်နေတတ်တယ်။ ကိုဝင်းအောင် အဟောအပြောနဲ့ ဈေးရောင်း တာကို ဈေးဝယ်သူတွေ သဘောကျတော့ ဈေးရောင်းစားရမလားတောင် ကိုဝင်းအောင် စိတ်ကူး မိတယ်။ စိတ်ကူးတာပါ၊ စိတ်ကူးတာ ပိုက်ဆံပေးရတာမှတ်လို့။ ဈေးသည်ဆိုတာ ပါးစပ်က လုပ်လို့မရ။ အရင်းအနှီး ရှိမှ လုပ်လို့ရတယ် ဆိုတာလဲသိသားပေါ့။

    ကိုဝင်းအောင်တို့အောက်လွှာက ကလေးပေါက်စလေးရဲ့ စီစီလောင်လောင် ငိုသံဟာ မိုးတိတ်နေတဲ့အချိန်ဆိုရင် အန်တီခင်လေးအပေါ်လွှာက အမြဲကြားရတယ်။ ကြားရတိုင်း အန်တီခင်လေး စိတ်တွေ က လွှင့်ပျံ့မြဲ။ ကြေကွဲဝမ်းနည်းလာမြဲ။
    ဟိုကာင်မ ငယ်ငယ်တုန်းက အသံဟာလဲ ဒီလိုပဲပေါ့။ အဲဒီတုန်းကတော့ သမီးလေးဆိုပြီး အပျိုတန်မဲ့နဲ့ ဒုက္ခခံ မွေးခဲ့ရတယ်။ ချစ်ခဲ့ရတယ်။
    အသက်သုံးဆယ့်ခုနစ်နှစ်အထိ အဒေါ်ကို အယုံသွင်း လိမ်ညာခဲ့တာပေါ့လေ။ ကြီးမေတစ်သက် မွန်ဘယ်တော့မှ အိမ်ထောင်မပြုဘူးတဲ့။ ကြီးမေနဲ့ပဲ သေတစ်ပန် သက်တစ်ဆုံး တူတူနေမယ်တဲ့။
    ခုတော့ကြီးမေထက် ပိုချစ်ရမယ့်သူကို ရှာတွေ့သွားခဲ့ပြီးပေါ့မွန်..ဟုတ်လား။

    ညည်းထားပစ်ခဲ့တဲ့ အခန်းထဲမှာ ကြီးမေရယ်၊ ကြောင်လေးတွေရယ်။
    ကြီးမေ ခြောက်အိပ်မက်တွေ မက်တော့လဲ ဘယ်သူမှ လာနိုးမယ့်လူမရှိပါဘူး။ ကြီးမေ အသက်ရှူမ၀ဖြစ်တော့လဲ ဘယ်သူမှ တံခါးထဖွင့်မယ့်လူမရှိပါဘူး။ အသက်ကို ရှိုက်ရှိုက်ရှူနေတဲ့ ကြီးမေကို ကြီးမေ သားသမီးလေးတွေက မျက်လုံး ပြူးကြောင်ကြောင်လေးတွေနဲ့ ကြည့်ကြရှာတယ်။ တိရစ္ဆာန် တွေဟာ လူတွေထက် ပိုသစ္စာရှိကြတယ်။

    ဟိုတလောကလည်း ညည်းအဖေလာတယ်။ ညည်းကို လိုက်ရှာပေးမယ်တဲ့။ မရှာနဲ့၊ တွေဲ့လဲ မခေါ်ခဲ့ပါနဲ့ လို့ ပြောလိုက်တယ်။ ကြီးမေနှစ်ယောက်လုံးကို မတွေ့ချင်ဘူး။ ညည်းကို ခွင့်မလွှတ်နိုင်ဘူး။ အင်း… ကြီးမေကိုယ်ကိုလဲ ခွင့်မလွှတ်နိုင်တာရှိတယ်။

    နတ်ပွဲကို သွား ခဲ့မိတဲ့အတွက်လေ။ ညည်းဒီကောင်လေးနဲ့ နတ်ပွဲမှာ တွေ့ခဲ့တာမဟတ်ုလား။ အဲဒီ အတွက် ကြီးမေ ကိုယ်ကို ခွင့်မလွှတ်နိုင်ဘူး။
    ကြီးမေသိတယ်။ ကြီးမေကိုယ်တော်ကြီး ကိုယ်တော်လေးနဲ့ ဖေကြီးကျော်တို့ ဒဏ်ခတ်တာ၊ အပြစ် ပေးတာ။ ကြီးမေတို့ တူဝရီးနှစ်ယောက်လုံးကို ကိုယ်တော်ကြီးကိုယ်တော်လေး နဲ့ ဖေကြီးကျော်က ကောက်တော် မူတုန်းက နတ် နဲ့လက်ထပ်ရမှာ၊ ဘာညာတွေကို ညည်းကြောက်ပြီး တောင်းပန် ထားခဲ့ မိတယ်။ အဲဒီအတွက် ညည်းဒီလိုဖြစ်ရတာပေါ့မွန်။

ဆက်ရန်
.

No comments: