Monday, November 15, 2010

သော်တာဆွေ ၏ ဘွန္တောကြက်သူခိုး အပိုင်း (၈)

'ဟင် ... ကျွန်တော့် အင်္ကျီတောင် ပါမလာဘူး'
ဦးကြီးဖြိုး 'ဒီတစ်မတ်တော့ မင်းအရီးချစ်စုဆီ တောင်ပေးလိုက်ကွာ'
'အရီးချစ်စု ရှိသလား'
'ရှိတယ် ... အိမ်ပေါ်မှာ ချည်ဟပ်နေတယ်'
ကျွန်တော် အိမ်ပေါ်သို့ လှမ်း၍ ...
'ဗျို့ ... အရီးချစ်စု'
'ဝေ'
'ပိုက်ဆံတစ်မတ်လောက် ချေးစမ်းဗျာ'
'ဘာသုံးဖို့လဲ'
'ဟောဒီမှာ စုံထောက်ကြီးပေးဖို့'
'ဟေ ... ဒီနှာခေါင်းကျိုးကြီးဖြင့်' ကျွန်တော်တို့  စုံထောက်ကြီးအား အချို့ကလည်း ဤသို့ လေးလေးစားစား ခေါ်ကြ၏။
'ငါသူ့ဆိုင်မှာ ပိုက်ဆံသုံးမူတစ်ပဲ ရစရာ ရှိတယ်၊ အဲဒီထဲက နှိမ်လိုက်'
ဦးဂန်ဂျားက သူ့မျက်ခမ်းစပ် မျက်မှေးကလေး ဖြဲ၍
'အမယ်နေး ... နှုတ်ပါနဲ့ဦး ... ချစ်စုရာ၊ အခု အတုန်းနို့လို့ပါ'
ကျုပ်တို့ စုံထောက်ကြီးမှာ ငွေရေး ကြေးရေး၌လည်း ဤမျှ တောင့်တင်း၏။
'ဟဲ့ ... ငါ့ကြွေးက နင့်ဆီ နှစ်လကျော်နေပြီ'
'အိမ်က မိတဲကြီး ချနွမ်းတစ်ပေါ်တော့ ချယူဟာ'
'ဟဲ့ ... ငါက နင့်မိန်းမ နနွင်းချည်း သုံးမူးတစ်ပဲဖိုးတောင် ယူရမှာလား၊ ဘာသုံးဖို့လဲဟ'
'နင် တော်ကြာ နောက်တောင်နောက်မှာ မဟုတ်ဘူး၊ တစ်ကိုယ်နှုံး နိမ့်းရတဲ့ကိန်း မကြာခင် ချိုက်ဦးမှာပါဟ'
အရီးချစ်စု ရှက်သွားကာ ...
'ဟဲ့ ... စောက်ကဇကောင်ကြီး'
ဤတွင် ဦးကြီးဖြိုးက ...
'ပေးလိုက်စမ်းပါ ... ချစ်စုရာ'
ယင်းမှ အိမ်ပေါ်က ကြမ်းခြေနင်းသံ ကြားရပြီးနောက် ...
'ဟဲ့ ... သောက်ပလုပ်တုပ်တုပ်၊ ဘုရင်းရင် တန်ခိုးတော်ဟဲ့'
'ဘာလဲ ... အရီးချစ်စုရဲ့၊ သောက်ပလုပ်တုပ်တုပ် ဘုရားရယ်လဲ မကြားဖူးသေးပါလား'
'ဟယ် ... ငတက်ပုရယ်၊ ကြွက်လျှောက်ပေါ် တင်ထားတဲ့ ပိုက်ဆံ စမ်းလိုက်ရင်း အိမ်မြှောင်ဟေ့ ... အိမ်မြှောင်ဟဲ့၊ အင့် ... ရော့ ... ငါပစ်ချလိုက်မယ်၊ နှာခေါင်းကျိုးကြီး ခေါင်းပေါ် ကျရော့လဟယ်'
စုံထောက်တို့၏ သွက်လက်ဖျတ်လတ်ခြင်းဖြင့် လျင်မြန်စွာ ရှောင်လိုက်ရာ ငယ်ထိပ်ပေါ်သို့ ဒေါင်ခနဲ မှန်လေ၏။ နို့ပြီး စုံထောက်၏ မျက်စိကလည်း ရှင်ရကား သူ့ခြေမရှေ့ ကျနေသော မတ်စေ့ကို မမြင်၍ ကျွန်တော် ကောက်ပေးလိုက်ရ၏။
'စောက်ပါကြီး ... သူ့ကို စုံထောက်ကြီးရယ်လို့ မြှောက်ပေးထားတာနဲ့ စကားရရင် စစ်စစ် ပေါက်ပေါက် လျှောက်မေး၊ မိန်းမတွေ အတင်းအဖျင်းပြောရင် အိမ်အောက်က လေးဖက်ထောက် နားထောင်၊ ကလေးတွေ ချော့ပေါင်း၊ ဒါနဲ့ သူကြာခိုတဲ့ မျောက်မွေးတဲ့ သဲလွန်စတွေ ရတာကွ၊ လူက မျက်စိကလဲ မကောင်း၊ ခြေလက်အင်္ဂါ ကလဲ မသန်တော့ ဒီ့ပြင် အလုပ် လုပ်မစားနိုင်တော့ ဒါပဲ လုံးပန်းနေတော့ သူ့ဟာနဲ့ သူလဲ ဟုတ်တဲ့ နေရာမှာ ဟုတ်နေတာကွ၊ အခု မင်းကိစ္စလဲ သူ မရမနေ စုံစမ်းမှာပဲ၊ ဒီအတွင်းမှာ မင်းက ယောက္ခမ အားရအောင် အများ အထင်သေးစရာ ဖြစ်အောင် မှိုင်မှိုင် မနေစမ်းပါနဲ့ကွ၊ ရွှင်ရွှင်လန်းလန်း နေစမ်းပါ'
'ဟာ ... ဦးကြီးရ ကျွန်တော် တကယ် စိတ်ညစ်နေတာပဲဗျ'
'ယောက်ျားပဲ၊ အဲဒီစိတ်ညစ်တာကို ပျော်ဟန်ဆောင်နိုင်ရမယ်ကွ'
'ဘယ်လို ဆောင်နိုင်ရမလဲ'
'ဘာခက်သလဲ၊ ရွာထဲ သီချင်းပါ လျှောက်ဆိုပေါ့ကွာ'
'ကျွန်တော်က ခုကာလပေါ် သီချင်းတွေ မရဘူး ဦးကြီးရ'
'ဘာလဲ ... ရှေးသီချင်းကြီးထဲကလား'
'အင်း ... ရှေးသီချင်းကြီးထဲကပဲ ဆိုရမှာပေါ့လေ၊ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပေါ်တာ၊ လာပါ ... လာပါ ... မကြည့်ရဲတို့၊ စံဖဲအကြောင်း မပါရင်တို့၊ ဆရာစံ ဂဠုန်အပေါင်းဆောင် သူပုန် ခေါင်းဆောင်တို့ အဲဒီသုံးပုဒ်ပဲ ရတယ်'
'အဲဒါတွေပဲ လျှောက်ဆိုပေါ့ကွာ'
'ဟာ ... ဆိုလို့ ကျွန်တော်က အသံလဲမကောင်း၊ အဆိုကလဲ မကျတော့ စိတ်မရဲဘူး ... ဦးကြီးရ'
'ဒါဖြင့် ပလွေမှုတ်ကွာ၊ ပလွေတော့ မှုတ်တတ်သား ... မဟုတ်လား'
'အင်း ... ငယ်ငယ်တုန်းကတော့ တွယ်ဖူးတာပဲဗျာ၊ ဒါပေမယ့် ခု ပလွေ မရှိဘူး ... ဦးကြီးရဲ့'
'ငါ့အိမ်မှာ ရှိပါတယ်ကွာ၊ ဟေ့ ... စံနဂုတ်'
ကောင်လေး ရေခပ်ရာမှ ပြန်ရောက်နေပြီ။
ဗုဒ္ဓ၀င် ဇာတ်တော်တွင် သိဒ္ဓတ္ထမင်းသား လေးတင်မပြမီက သူ့ယောက္ခမဘက် ဆွေမျိုးများက ဘုရားလောင်း အား 'အလကား ... ဒီမင်းသား ဘာအသုံးကျသလဲ၊ ကျေးသားတောက်နဲ့ ဂျင်ပေါ က် သာ တတ်တာပဲ' ဟု ကဲ့ရဲ့သင်္ဂြိုဟ် စကားတင်းဆိုသည်ဟု ရေးသားသောကြောင့် (ကြည်ကြည့် ယောက္ခမမျိုးဟာ ဘုရား မပွင့်မီ ကတည်းက မကောင်းဘူးဆိုတာ သတိပြုကြပါတော့) ခင်ဗျားတို့ မြို့ကြီးသားအခေါ်ဖြင့် ကျေးသား' ဟု ဆိုကြပေမည်။ ကျွန်တော်တို့ တောအခေါ်ကတော့ ကျစ်လစ်ဆံ ခင်ဗျာ့။ အဲ ... စံနဂုတ်သည် ၀င်းထောင့် မန်ကျည်းပင် အောက်မှ တစ်ယောက်တည်း ကျစ်လစ်ဆံ တောက်နေရာမှ ဦးကြီးဖြိုး ခေါ်လိုက်သောအခါ၌ သူ့ ကို ရေထမ်းခိုင်းဦးမည် ထင်သော ကြောင့် ...
'ဘာလဲဗျ၊ နောက်တစ်ခေါက်ကတော့ မထမ်းနိုင်တော့ဘူးဗျ ... '
'အေ၊ မင့်လဲ ငါမထမ်းခိုင်းပါဘူးကွ၊ ဒီမှာ ခဏလာပါဦး၊ ဟိုနေ့က မင်းပလွေလုပ်နေတာ မြင်ပါတယ်၊ ပြီးပလား'
စံနဂုတ် အနီးရောက်လာကာ ...
'အပေါက်တော့ ဖောက်ပြီးပြီဗျ၊ အဲဒါ အခင်လုပ်ဖို့ ဖယောင်းမရှိလို့'
'မင့် ကိုလေးတက်ပု ရှာထည့်ပါလိမ့်မယ်ကွာ၊ သူ့ ခဏငှားလိုက်ပါ'
'ယူလေ'
ပလေမှာ ပျားဖယောင်း စစ်စစ်ကို အခင်တပ်နိုင်မှ ကောင်းသည်။ ကျွန်တော်သည် စံနဂုတ်ယူပေး သော ၀ါးပလွေကို ကိုင်ကာ ...
'ငါ့ချီး ဖယောင်းက ဘယ်မှာရပါ့မလဲကွာ'
'ကျွန်တော် ခုခြံကြိုခြံကြားမှာ ပျားအုံ လိုက်ရှာနေတာပဲဗျ၊ တစ်ခုတော့ တွေ့ထားတယ်၊ ဒေါ်ဂျမ်းဘုံ ကြီး၊ အိမ်ခေါင်းရင်း သရက်ပင်မှာ၊ အဲဒါ ခိုးဖွပ်မှ ဖြစ်မှာ။ ကျွန်တော် ကောင်းကောင်း မဖွပ်တတ်လို့ ကိုးလေးတက်ပု တက်ဖွပ်ဗျာ ညကျ ကျွန်တော်နဲ့ သွားမယ်'
'ဟာ ... ဖြစ်ပါ့မလားကွ၊ ဒီမိန်းမကြီးက အပေါက်က ဆိုးနဲ့'
'မသိအောင်ပေါ့ဗျ၊ ညအိပ်ချိန် သွားမှာပဲ၊ သူတို့အိမ်ယောက်ျားလဲ ရှိတာ မဟုတ်ဘူး။ သူ့သမီး ပေါတာမကြီးနဲ့ သူပဲ ရှိတာပဲ'
ဦးကြီးဖြိုး 'ဟုတ်သားကွာ၊ ဟေ့ ... တို့ ပျားလဲ စားရအောင်'
 
အခန်း(၅)

သုံးရက် လကွေးသည် ရေးရေးမျှ ပေါ်လျက် ရှိသည်။ ခုည မိုးသားမိုးတိမ် ကင်းစင်ရကား ကြယ်ကလေးတွေသည် ပြုတ်စီပြုတ်စီနှင့် ဖွာရရာကြဲနေသည်။ ညဥ့်ဦးလေချိုကလည်း နေညို ကတည်း ကပင် စတင်ပက်ဖျန်းခဲ့ရာ ခုခါမဖြင့် အအေးဘက် သက်လျက် ရှိပြီ။ သာတောင့် သာယာ ရှိလှပါသည်။

လျှပ်စစ်မီးရှိန် ထိန်ထိန်ညီးနေသော မြို့ကြီးသူမြို့ကြီးသားများဖြင့် ဤအရသာကို ခံစားရရှာမည် မဟုတ်ပါချေ။ သူတို့သည် ပြက္ခဒိန်မကြည့်က လဆန်း၊ လဆုတ်မျှ မသိကြချေ။
ကျွန်တော် သည် အိမ်ရှေ့ဝင်းကို ကျောမှီကာ သုံးရက်လကွေးကို ငေးလျက် ရှိသည်။ 'သုံးရက်လ၊ ခုံးမျက်စနဲ့ မငွေမြိုင်ကြီး ရယ်' ဟု ကျွန်တော့်မယားကို ချစ်ကျီစယ်ခဲ့ဖူးပါသည်။
ကျွန်တော် တို့ သမီးရည်းစားဘ၀က ဤသို့ လသာသာ ရေစပ်က ခြံကြီးထဲ ချိန်းတွေ့၊ သစ်ရိပ် အောက်မှာ သူ့ကို ပွေ့ထားပြီဆိုမှဖြင့် သူကလေ လဖွေးဖွေး ငေးကြည့်ရောက ...
'ကျွန်မလေ ... ဒီလို လသာပြီး လေတိုက်နေမှဖြင့် သိပ်ပျော်ပိုက်တာပဲကွယ်၊ ဟင် ... လကြီးက ရေထဲမှာ တစ်ခု နော်'
မှတ်မိသေးလားဟယ် ... မင်းအခုတော့ ငါ့ကို စိမ်းရက်တယ်ကွယ် ...။

ကျွန်တော် ငေးလျက် ရှိသည်။ တွေးလျက် ရှိသည်။ ဆွေးလျက် ရှိသည်။
ငွေစင် သုံးရက်လကလေး၊
ဝေဟင် ကုန်းထက်ကပြေး၊
သူငယ် အိပ်ဆိတ်၊ လင်မယား နှစ်သိမ့်ချိန်ရောက်၊
ထိုနောက် သက်ကြီးခေါင်းချ၊ ကာလသားကြက်ခိုးချိန်ကျတော့ ...
'ဗျို့ ... ကိုလေးတက်ပု'
စံနဂုတ်ရယ်၊ ကျွန်တော်နဲ့ ပျားခိုးဖွပ်ဖို့ သွားရအောင် လာပြီ။

'ဟေ့ ... မင်း ဆေးပြင်းလိပ် ပါခဲ့လား'
'အမေ့ လိပ်ပေးခိုင်းတယ်၊ ဟော့ဒီမှာ'
ပျားအုံကို ဆေးပြင်းလိပ်ငွေ့ မှုတ်ကာ မှုတ်ကာ ဖွပ်ရသည်။ ပျားတွေမူးပြီး တ၀ီးဝီး ထပြန်ပြေးကြ တော့မှ သစ်ကိုင်း ကို ချိုးပြီး ယူရသည်။
ကျွန်တော်သည် ဓားမတိုလေးကို ခါးမှာထိုးပြီး ပုဆိုးတစ်ထည်စည်း တစ်ထည်ခြုံဖြင့် စံနဂုတ် ယူလာသော ဆေးရွက်ကြီးလိပ်ကို ဖွာလျက် ဒေါ်ဂျမ်းဘုံကြီးတို့ အိမ်ဆီသို့ လျှောက်ခဲ့ကြသည်။
အားလုံးလူခြေတိတ်ပါပြီ၊ ဒီမိန်းမကြီးသားအမိ အိပ်လောက်ပါပြီ၊ ဟော ... သူတို့ အိမ်ခေါင်းရင်း ဘက် ရောက်ခဲ့ ပါပြီ။

အခြေအနေကို ညနေကတည်းက ကြည့်ရှုထားသည်။ သရက်ပင်မှာ ခြံဝင်းအတွင်းဘက်က ကပ်ပေါက်လျက် ရှိသည်။ ဤမှတက်သွားပြီး သူတို့အိမ်ဘက် ထိုးသွားသော အကိုင်းမှာ ပျားအုံ ရှိသည်။
ကျွန်တော် ပုဆိုးကို ခါးတောင်းကျိုက်၍ ခြုံခဲ့သော တစ်ထည်ကို စလွယ်သိုင်းလျက် တက်ခဲ့သည်။ ဆေးပြင်းလိပ်ကို ဖွာဖွာကြည့်ခဲ့၍ ပျားအုံအနီးရောက်သည်၌ သစ်ကိုင်းမှာ ကိုယ်နေကိုယ်ထား ကျအောင် တွယ်လိုက်ပြီး စလွယ်သိုင်း ပိုဆိုးကို ခေါင်းမြီးခြုံလိုက်သည်။ မျက်စိနှင့်ပါးစပ် ပေါက်သာ ဖော်ထားသည်။ ပျားထိုး မှာ စိုးရသကိုး။
ကျွန်တော်သည် ပျားအုံကို စတင် ဆေးလိပ်ငွေ့မမှုတ်မီ သူတို့အိမ်ဘက် လှမ်းကြည့်လိုက်သည်။ ကျွန်တော် နေသော သစ်ကိုင်းတည့်တည့် ပြတင်းပေါ က်က ပွင့်လို့၊ အထဲမီးရောင်နဲ့။
ဟယ် ... ဒေါ်ဂျမ်းဘုံသမီး 'ဖွတ်ကြီး' အိပ်ခန်းပါလား။

အမယ်လလေး ... ပေါတာမကြီး၊ အအိပ်ကလဲ ဆိုးလိုက်တာဟယ်။
'ဗျို့ ... ကိုလေးတက် ... ဖွပ်ဗျ၊ ခင်ဗျားအပေါ်ရောက်နေတာ ကြာပြီ၊ ဆေးလိပ်ဖွာတာ မမြင်သေး ဘူး၊ ဘာလုပ်နေတာလဲ'
ဤမှ ကျွန်တော့်ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး ကိုယ့်အလုပ်ကို သတိရပါတော့သည်။

ထောင်ပေါက်ဟဲ့ ... ထောင်ပေါက်၊ နင့်မိန်းမ နင်ပြန်ရဖို့ ပလွေမှုတ်ဖို့ ဖယောင်းရအောင် ပျားသာ ဖွပ်တဲ့၊ နင်ဒီဘက်ငမ်း လို့ပဲ နင့်မိန်းမနဲ့နင် ကွဲနေတာ မဟုတ်လား။
ကိုယ့်ကိုယ်ကို ဆုံးမပြီး အလုပ်စရပါတော့သည်။ သစ်ကိုင်းပေါ် ပေါင်နှစ်ချောင်းခွ၍ ၀မ်းလျား မှောက် ၀ပ်ကာ လက်တစ်ဖက်က  ပုဆိုးခေါင်းမြီးခြုံ လုံအောင်ကိုင်ပြီး ဆေးပြင်းလိပ်ကို တအား ရှိုက်ဖွာပြီး ပျားအုံကို ဖူးခနဲ ဖူးခနဲမှုတ် နှစ်ဖွာသုံးဖွာကျရင်ပဲ ပျားတွေ အိပ်ရာက လန့်နိုးပြီး တ၀ီးဝီး ထပြန်ကြ၊ နားတဲ့ပျားတွေလား အထဲ မှာ သူတို့သားလေတွေကလဲ သောင်းခြောက်ထောင် အတောင်မပေါက်သေး၊ ဖွေးဖွေး နုနု ကလေး တွေ၊ ဒါလေးတွေကိုပဲ လူတွေက သူတို့အိမ်ဖြစ်တဲ့ ပျားသလက်နဲ့ရောထွေး၊ သူတို့ အစာဖြစ်တဲ့ ပျားရည် နဲ့ နယ်စားကြတယ်။

ပျားဖွပ်သားထိုး မယားခိုး၊ တောမီးတစ်ကွက်၊ မုဆိုးတစ်သက်၊ လူဖြစ်ရှုံးတဲ့။ ပုံးသမားလို့ ဆိုစကား ရှိတယ်။ ပုံးသမားသည် ငါးစာပြုရန် ပုံးထဲ၌ ခြအုံများကို ထည့်ရသည်။ ခြတစ်အုံသည် ပျားတစ်အုံ ထက် အကောင် များသေး၏။

ကျုပ်တို့ ဗုဒ္ဓဘာသာ တောသားတွေ ဒီစကားတွေ အကုန်သိပါရဲ့၊ ဒါပေမယ့် ဆင်းရဲသားတွေဆို တော့ 'အသိခေါက်ခက် အ၀င်နက်' ကြကုန်၏။
ကျွန်တော်၏ ဆေးလိပ်မီးခိုးဖြင့် နောက်ဆုံး ပျားများအားလုံး ထပျံကြသည်၌ ကျွန်တော်သည် ပျားအုံ ကိုင်း ကို ခုတ်ရန် ခါးကဓားကို အနုတ်လိုက် မျက်နှာ အ၀တ် လစ်သွားသဖြင့် အမယ်လေး ... လေးငါးချက်တော့ ၀င်ထိုး သွားပဟေ့။

ဟင် ... သူ့ဟာ စားချင် ဒါလောက်တော့ ခံရမပေါ့ကွာ၊ ယောက်ျားဖြုံရိုးလာ၊ သစ်ကိုင်းတစ်ချက် ဒေါက်ခနဲ ခုတ်လိုက်ပြီး ဖြောင်းခနဲ ချိုးယူလိုက်တယ်။
'ရော့ဟေ့ ... စံနဂုတ်'
အောက်ကကောင်ကကေးက ဆီးဖမ်း၊ ကိုယ့်ကိစ္စပြီးတာတောင် ကျွန်တော် နွားလဲမဟုတ်၊ ရဟန္တာလဲ မဟုတ်တဲ့ ကြားက ခွစာ သတ္တ၀ါ ဟိုသင်းကြီး သတိရတာနဲ့ တော်တော်နဲ့ ပြန်မဆင်း သေး။ အဲသည့် ဟာကြောင့် ကျွန်တော် ဒုက္ခရောက်တော့တာပေါ့။ ဘဇာလဲဆိုတော့ ...

'ကိုလေးတက်ပု ဘာလို့ မဆင်းသေးလဲဗျ၊ ဟိုမှာ မိန်းမကြီး မီးခွက်ကြီးနဲ့ ဆင်းလာပြီ၊ ကျွန်တော့် တော့ ပြေးပြီ'
ပြောသံကြားမှ ကျွန်တော် ကမူးရှူးထိုး လျှောချ၊ အောက်လဲကျရော ဒေါ်ဂျမ်းဘုံကြီးနဲ့ ပက်ပင်းပါ တိုးနေရာ ...
'ဟင် ... မောင်တက်ပု'
သူ မီးခွက် နဲ့ မြှောက်အကြည့် ကျွန်တော် ကြက်သေသေနေ ...

'ခဏအတွင်း ကျွန်တော် ကြက်သေသေနေရာမှ မျက်ဖြူလန်သွားရသည်ကား မိန်းမကြီးသည် ရယ်သွမ်း သွေး လိုက်ပြီး ...
'မိနေမှဖြင့် မထူးပါဘူးကွာ ... ကြောက်မနေပါနဲ့၊ မင်းလဲ မင်းမိန်းမနဲ့ ကွာနေတာ ငါသိပါတယ်၊ ယောက်ျား ဘယ် နေနိုင်မလဲ၊ ငါးသမီးဖွတ်ကြီး က ပေါတောတောကြီးပေမယ့် သဘောကောင်းပါ တယ်၊ မင်္ဂလာဆောင် ယူလိုက်ပါ' အမယ်လေးဗျာ။

ကျွန်တော် ထခုန်မိမတတ်ဖြစ်ကာ ...
'မ ... မ ... မဟုတ်တာဗျ'
'ဘာ ... မဟုတ်တာလဲကွယ့်၊ ဒီလို အတည်မကြံဘဲနဲ့ အချာင်ကျောရုံလောက်တော့ ဘယ်တရား မလဲကွယ်'
'အမယ်လေး ... ဘယ်လိုမှ မကြံရပါဘူးဗျာ'
'လုပ်မနေ စမ်းပါနဲ့ မောင်တက်ပုရယ်၊ ငါလဲ ငယ်ရာက ကြီးလာတာပါ၊ မင်း ဒီသရက်ကိုင်းကနေပြီး ငါ့သမီးအိပ်ခန်းထဲ ၀င်တော့မလို့ မဟုတ်လား၊ ငါဆင်းလာတာ မင်းအောက်စောင့်က ပြေလို့ အကြံ အထ မမြောက်တာ မဟုတ်လား'

ကဲ ... ချောက်ပေါက်တော့ ၀င်ပြီကာ ကျွန်တော်နှင့်သူနှင့် စကားအရှည် ပြောမနေလိုတော့ဘဲ ...
'ခင်ဗျားကြီး မဟုတ်တွေဗျာ'
ဆိုပြီး တစ်ခါတည်း သုတ်ခြေတင်ခဲ့တော့၏။
'အေး ... မင်းသိစေမပေါ့ကွာ'
သူ့ကြိမ်းဝါးသံကို ကြားခဲ့ရသေ၏။

အလိုလေး ...
နောက်တစ်နေ့၌ ကျွန်တော့်ကို သူကြီးအိမ်က ဆင့်ခေါ်တော့သည်။ ဒေါ်ဂျမ်းဘုံကြီးက ရောက်နှင့် နေပြီ။ သူကြီး ရှေ့မှောက် မှာ ဆေးပေါ့လိပ်ကြီးဖွာလို့။
တရားလို၊ တရားခံ၊ တရားသူကြီး။ အိမ်ဆင့်ဖျာပေါ်၌ သုံးယောက် ဖိုခုံလောက်ဆိုင် ထိုင်မိကြသော အခါတွင် သူကြီး ...
'ကဲ ... မောင်တက်ပု၊ မင်း ဘယ်လို ထုချေမလဲ'
'ဘာကိုလဲ သူကြီးမင်းရဲ့'
'ဟောဒီ ဒေါ်ဂျမ်းဘုံက မင်း သူ့သမီး ဖွတ်ကြီး ကို    ညအချိန်မတော် ကြံပါတယ် လို့ တိုင်ချက် ရှိတယ်'

'ကျွန်တော် မကြံရပါဘူး'
'ကဲ ... ဒေါ်ဂျမ်းဘုံ၊ ခင်ဗျာ့ စွဲချက်ကိုတင်'

'ကျွန်မ တရေးနိုးမှာ ဖွတ်ကြီးအိပ်ခန်း ခေါင်းရင်းဘက်က လူသံသလိုလို ကြားတာနဲ့ ဖွတ်ကြီး အိပ်ခန်းဘက် ထ လာတော့ ဖွတ်ကြီးဟာ ညက ဘုတ်အုပ်ဖတ်ရင်း မီးခွက်မမှုတ်မိဘဲ ပိုးစိုး ပက်စက် အိပ်နေတာ တွေ့ရတယ်၊ ခေါင်းရင်း ပြတင်းပေါက်ကလဲ ပွင့်လို့၊ အဲဒီက ဆေးပြင်းလိပ် နံ့ရတာနဲ့ အင်း ကောင် တစ်ကောင်ကောင် လာချောင်းတာပဲ'ဆိုပြီး ကျွန်မ မီးခွက်နဲ့ အောက်ဆင်း ခဲ့တော့ သရက်ပင်အောက် အရောက် မှာ သင်း သရက်ပင်ပေါ်က ဆင်းလာတာနဲ့ ပက်ပင်းပါတိုး နေတယ်၊ သင်းအဖော် အောက်စောင့် ကတော့ ကျွန်မ အိမ်ပေါ်က ဆင်းလာတာ မြင်တာနဲ့ သင်းကို ပြောပြီး တစ်ခါတည်း ထွက်ပြေးပါတယ်၊ အဲဒီ သရက်ပင်အကိုင်းကဆိုရင် ကျွန်မသမီး ဖွတ်ကြီး အိပ်တဲ့ အိပ်ခန်းကို ပြတင်းပေါက်က လွယ်ကူစွာ ဆင်းနိုင် ပါတယ်။ မယုံရင် သူကြီးမင်း လိုက်ကြည့် ပါ၊ မဖြစ်ဘူး ခုညတော့ ဖွတ်ကြီး အခန်းပြောင်းအိပ်ခိုင်းမှပဲ'

သူကြီး 'ခင်ဗျားသမီး အခန်း ပြောင်းအိပ် ခိုင်းတာ ဒီပြောမနေစမ်းနဲ့၊ နေစမ်းပါဦး သရက်ပင်ပေါ်က ဆင်းလာတာ မောင်တက်ပုရယ်လို့ ခင်ဗျား ဘယ့်နှယ်ကြောင့် အတပ်စွဲနိုင်သလဲ'
'ကျွန်မ မှာ မီးပုံးနဲ့ မီးခွက် ပါပါတယ်။ သူ့မျက်နှာကို သေသေချာချာ မြင်ရပါတယ်။ ကျွန်မ သူနဲ့ တောင် စကားပြောလိုက်ရပါသေးတယ်။
သူကြီး 'ဘာပြောလိုက်သလဲ'

'မင်း ငါ့သမီးကို အတည်ယူကွာလို့ ဒီလို အချောင်ကြံရုံ ဖြစ်ပြီးပဲ၊ တိုင်ချက်ကို ပြန်ရုပ်သိမ်းပါတယ်။ ကျွန်မမှာ ဒီသမီးတစ်ယောက်ရှိတာ သူ့အိုးအိမ်ချပြီးရင်ဖြင့် စိတ်အေးရပါပြီ၊ ခုတော့ သူ့နောင်ရေးပဲ တွေးတွေး ပူနေရတာ သူကြီးမင်းလဲ သိတဲ့အတိုင်း ဖွတ်ကြီးဟာ ပေါတောတောပေမယ့် အင်မတန် သဘော ကောင်းပါတယ်၊ အလုပ်အကိုင်ဘက်က ဆိုရင်လဲ ရေအိုးနှစ်လုံးလောက် ဆင့်ရွက်ပြလိုက် ရဦးမလား၊ ကောက်ရိတ် တာများ ယောက်ျားကြီးတွေနဲ့ ရင်ပေါင်တန်း ...'

သူကြီးနားငြီးကာ ...
'နေစမ်းပါဦး ... ခင်ဗျားသမီး ခင်ဗျားချည်း ချီးမွှမ်း မနေစမ်းပါနဲ့၊ ဒီကတစ်ဖက်လူ မေးပါရစေဦး' ဆိုပြီး ...
'ဘယ်နှယ် သဘောရသလဲ မောင်တက်ပု'
ကျွန်တော် က နဝေတိမ်တောင်နှင့်
'ဘာကိုလဲ သူကြီးမင်းရဲ'
'ဖွတ်ကြီးကို ယူဖို့လေ'
'ဟာ ... ကြံကြံဖန်ဖန်ဗျာ'

'ဘာကြံကြံဖန်ဖန်လဲ မင်းဒါဖြင့် ဒေါ်ဂျမ်းဘုံ စွပ်စွဲချက်အတိုင်း အချောင်ကြံတာ သက်သက်ပေါ့'
'ဟာ ... ဘယ်လိုမှ မကြံရပါဘူးဗျာ'
'နို့ ... မင်းညက အချိန်မတော် သရက်ပင်ပေါ်က ဆင်းအလာ သူနဲ့တွေ့နေတယ်ဆိုတာ ငြင်းနိုင် သလား'
'မငြင်း နိုင်ပါဘူး၊ ကျွန်တော် ရှင်းရှင်းပဲ ဖွင့်ပြောတော့မယ် ခုမှဖြင့် မထူးတော့ဘူး'
'ဘာထူးတော့မလဲကွာ၊ ကွယ်မှ မကွယ်နိုင်တော့တာကိုး ဒီလိုချည်း ဘယ်နှစ်ခါ ရှိပြီလဲ'

'ဟာ ... နေစမ်းပါဦး သူကြီးမင်းရ ကျွန်တော် သရက်ပင်ပေါ်တက်တာက သူ့သမီးနဲ့ ဘာမှ မဆိုင်ဘူးဗျို့၊ ပျားတက်ဖွပ်တာဗျ၊ ပျား ... ပျား၊ ဟော ... ခု ကျွန်တော့်မျက်နှာကြည့်ဦး ညက ပျားထိုးလို့ ဖူးရောင်နေတာ'
အမှန်ပင် ကျွန်တော့် မျက်လံးတစ်ဖိတ်ပိတ်၍ ပါးတစ်ခြမ်း ရောင်နေပါသည်။

ဒေါ်ဂျမ်းဘုံ ဒါမဟုတ်နိုင်ပါဘူး သူကြီးမင်း၊ သူ လီစယ်တာပါ၊ ကျွန်မ သရက်ပင်မှာ ဘယ်တုန်းက ပျားမစွဲ ခဲ့ပါဘူး၊ ပျားစွဲလို့ရှိရင် ကျွန်မတို့ အရင်မြင်မှာပါ'
ကျွန်တော် 'ခင်ဗျားကြီး ကျွန်တော်တို့အိမ်မှာ ပျားအုံက သစ်ကိုင်းရိုးတောင် ရှိပါသေးတယ်'
သူကြီးမင်း 'ဟေ့ ... တရားခံနဲ့ တရားလိုက တစ်ယောက် တစ်ယောက် တိုက်ရိုက်မပြောရဘူးလေ၊ ငါ့ကို တစ်ဆင့် ပြောရမယ်'
ဤမှ ကျွန်တော်က ...

'ဟုတ်ပါတယ် သူကြီးမင်း ပျားအုံက သစ်ကိုင်းရိုး ရှိပါသေးတယ်'
ဒေါ်ဂျမ်းဘုံ 'တခြားအပင်က သစ်ကိုင်းရိုးလဲ ဖြစ်နိုင်ပါတယ် သူကြီးမင်း'
သူကြီး 'မောင်တက်ပု ပျားအုံတံ သရက်ကိုင်းက ဘယ်လောက်ကြီးသလဲ'
'လက်မ လောက် ရှိပါတယ်'
'မင်းချိုးတော့ အငုတ်ကျန်ခဲ့ဦးမှာပေါ့'

'ကျန်ခဲ့ပါတယ်'
'ဒါဖြင့် ဒီအငုတ်တံ ဆက်ကြည့်ရမယ်'
ဤအခိုက်တွင်  သူငယ်လေးတစ်ယောက် သူကြီးမင်းအား စာတစ်စောင် လာပေးသဖြင့် သူကြီးမင်း က သူ ပထမ ဖတ်ပြီးနောက် ကျွန်တော်တို့နှစ်ယောက် ခေါင်းပြန်မော့လိုက်ကာ ...
'အင်း ... စုံထောက်ဦးဂန်ဂျားဆီက စာရောက်လာတယ်' ဟု ဆိုပြီး ဖတ်ပြ၏။
သူကြီးမင်း ဤအမှုတွင် မရှင်းမရှင်း ဖြစ်နေပါက ကျွန်တော်မျိုး စုံထောက်ပေးလိုပါသည်။

ပုံ ဂန်ဂျား။

သူကြီးသည် ဖတ်ပြပြီးနော်
'အေး ... အေး၊ ဒီလိုဆိုတော့ ငါအလုပ် သက်သာတာပေါ့ကွာ၊ စုံထောက်ပေစေ ... စုံထောက်ပစေ ... ကဲ ... အမှု ရွှေ့ဆိုင်းလိုက်တယ်၊ ပြန်ကြဦး၊ ပြန်ကြဦး'
ဒေါ်ဂျမ်းဘုံ သည် ဦးဂန်ဂျားအား သေချင်းဆိုးကြီး၊ နှာခေါင်းကျိုးကြီး၊ ကာလနာကြီး၊ မသာကြီး၊ ခွေးတိရစ္ဆာန် ကြီး စသည်ဖြင့် ပါးစပ်က ဗျစ်တောက် ဗျစ်တောက်နှင့် ကောင်းချီးသြဘာပြုကာ သူကြီးအိမ်မှ ထွက်ခွာ သွား၏။

ကျွန်တော်မူကား ညက ပျားစားရာတွင် ဦးဂန်ဂျားလည်း ပါသဖြင့် ၀မ်းသာ၏။ ဖြစ်ပျက်ပုံလည်း သူ့ကို ပြောပြီး ဖြစ်၏။

ဆက်ရန်
.

No comments: