Monday, November 8, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၂၉)

ရေဘေးဒုက္ခသည်အားလုံးပဲ။ နံနက်ရေချိုးခြင်းလိုသည်းခံပြီး ညနေကျမှ ချိုးတော့မယ်ဆိုတဲ့ အစီအစဉ် တွေ နဲ့သွားစရာ ရှိတာတွေကို အသီးသီးထွက်ခွာကြရတယ်။
ဒါပေမယ့် ညနေထိ မီးကပြန်မလာသေးဘူး။
ညနေခြောက်နာရီမှာတော့ ဘာကြောင့် မီးမလာသလဲဆိုတဲ့ အဖြေကို တစ်နေကုန် အပြင်း အထန်လိုက်လံ စုံစမ်း နေတဲ့ဆန်နီတစ်ယောက် မောကြီးပန်းကြီး ပြန်ရောက်လာတယ်။
မြေအောက် လိုင်းပေါက်သွားလို့ မြစိမ်းပြာလမ်းသွယ်နဲ့ တခြားလမ်းသွယ်လေးငါးခု မီးသုံးရက် ပျက်တယ် တဲ့။

ရန်ကုန်မြို့ ကမာရွက်မြို့နယ်ရဲ့ မြစိမ်းပြာလမ်းသွယ် ညဟာ တောရွာလေးတွေရဲ့ညလိုပဲ မီးေ၇ာင်လေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ မှောင်မည်း တိတ်ဆိတ်လို့နေတယ်။
မြစိမ်းပြာလမ်းသွယ်ရဲ့ သုံးထပ်တိုက်ပေါ်က လူသားများကတော့ ၀ရန်တာလေးတွေမှာ ယပ်တောင် လေးတွေ ကိုယ်စီနဲ့ ကြယ်ရောင်ကို အဖော်ပြုလို့မီးပျက်ညကို ဖြတ်သန်းကြ တယ်။
ဦးနဲ့လတ် တို့ရဲ့ ၀ရန်တာမှာ တစ်နေကုန် ရေမချိုးရလို့ ကသိကအောက်ဖြစ်နေတဲ့ဦးက သူ့လက်စွဲ ဓာတ်ခဲ ရေဒီယိုလေး ကိုင်ပြီး လေးဆယ့်ငါးပေအရှည် ကိုဒေါသနဲ့ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်တယ်။ ဒေါသ ခြေသံကြီးက ပြင်းထန်လို့အောက်လွှာက တက်လာမယ့်အချိန်ကို လတ်မျှော်လင့်နေရပြီ။ ကွန်ကရစ်ပေမယ့် နှစ်လွှာကိုခြားထားတဲ့ ကန်ထရိုက်ကွန်ကရစ်လေးက  ပါးပါးလေးရယ်။ ပျဉ်ပဲခြားတဲ့ အလွှာများဆို ဦးနဲ့ခက်သေးတယ်။ မလတ်လတ်ထွေးတို့ကတော့ တစ်နေ့ကို သုံးလေးခါလောက် ထဘီစွန်တောင်ဆွဲရလိမ့်မယ်ထင်တယ်။

ဦးတစ်ယောက် လမ်းလျှောက်ရင်း ရေဒီယိုကိုပိတ်လိုက်၊ ဖွင့်လိုက် တောက်ခေါက်လိုက်နဲ့ သူ့ဟာသူ အလုပ်ရှုပ် နေတာကို လတ်အသာလေးထားလိုက်ပြီး ယပ်တောင်တဖျပ်ဖျပ်ခတ်ရင်း ဟိုဘက်ဝရန်တာက အပျိုကြီး တူဝရီး နှစ်ယောက်ရဲ့ စကားသံကို လတ်နားစွန့်နေလိုက်တယ်။

နံကရိုင်းမယ်တော် နတ်ကွန်းလေးကို မီးပူဇော်ထားတဲ့ ဖယောင်းတိုင် အလင်းရောင်အောက်မှာ ရေမိုး ချိုးထား ရတဲ့ အပျိုကြီးတူဝရီးနှစ်ယောက်က သနပ်ခါးအဖွေးသားနဲ့ စကားအေးအေးလူလူ ပြောနေကြတယ်။
"နေပါဦး၊ ဒီနေ့ဈေးလာဝယ်တဲ့ ကောင်လေးက ကြီးမေတို့နဲ့ ဘယ်တုန်းကသိတာလဲ" "ကြီးမေကလဲ ဟိုနတ်ပွဲ လေ မေရီဂျိန်း တို့ ဟိုတလောက ရန်ကုန်ပွဲမှာပေါ့၊ မွန်တို့ကိုယ် တော်ကြီး ကိုယ်တော်လေးချော့နေတုန်း လားပြီး အဖွာတော်ဆက်တဲ့သူလေ။

"ဟင်.....ဟုတ်သား၊ ကြီးမေကိုရော အဖွာတော်ဆက် "အဲ...ဆက်ပါတယ်၊ကြီးမေမမှတ်မိလို့ပါ ကြီးမေအဲဒီိတုန်းက မူးနေလို့" ဟဲ့..တိုးတိုး၊ ဘယ်တုန်းကမူးရမှာလဲ ကြီးမေတို့ အဲဒီတုန်းက သောက်မှ မသောက်တာ" မသိပါဘူး မွန်မမှတ်မိတော့ဘူး ကောင်လေးကြည့်ရတာ ပိုက်ဆံချမ်းသာပုံတော့ရတယ်နော် ကြီးမေဒီနေ့မွန်တို့ဆီက သူဝယ်တာ ရှပ်စချည်းသုံးစ တောင် ပုဆိုးကနှစ်ထည်"
"အိုအေ လူပေါ်ကြော့လေးနဲ့ တူပါတယ်၊ လက်ကြော မတင်းမယ့်ပုံပါ" ဒီဘက်ဝရန်တာက လတ်လတ် တို့ နားကလေး တွေ ပိုပြီးစွင့်ကား လာကြတယ်။လူပေါ်ကော့တဲ့ မူးနေလို့တဲ့ ကောင်လေး တဲ့ အပျိုကြီးတွေ စကား က စိတ်ဝင်စားစရာ အသံကလဲ အတော်တိုးနိုင်တဲ့ အပျိုကြီးတွေ။

"ဒေါ်ချတ်လစ်ရေ ခုနေများ မြစ်ထဲမှာ သင်္ဘောလေးတစ်စင်းနဲ့ရောက်နေရင် ဘယ်လောက်များ ကောင်းမလဲဗျာ " အိုး...ဦးကလဲ ရေနစ်တော့ ဘယ့်နှယ့်လုပ်မလဲ ကြောက်ပါတယ်။ ဘယ့်နှယ့်ကြောက်ရှာလဲ သတ္တိ ကတော့ကွာ ဟားဟား သင်္ဘောလေးပေါ်မှာ မြစ်လေလေးက တဖြူးဖြူးနဲ့" လကလေးကသာလို့၊ လှိုင်းကလေး တွေနဲ့ ဘဲရီးနိုက်စ်နေဦး ခုချိန်မှာ သင်္ဘောနဲ့သွားရတဲ့ ဘုရားပွဲ တစ်ပွဲ ရှိတယ်နော်၊ ပုသိမ် ဘက် မှာလေ၊ ဘာတဲ့ အင်္ဂလိပ်နာမည်နဲ့ ဘုရားဗျာနေပါဦး။

"အင်္ဂလိပ်နာမည်နဲ့ဘုရား၊ ဟုတ်လား" ဦးကတော့လေ၊ ဟိုဘက်ဝရန်တာက အပျိုကြီးနှစ်ယောက် အသံကျယ်လာလို့ နားစွန့်နေပါတယ်ဆိုနေမှနော်" နေပါဦးဗျာ ကျုပ်ပါးစပ်ဖျားလေးတင် ပုသိမ်ဘက်မှာလေ၊ အဲ သိပြီ မာတင်(martin) လေ" ဟာ...မော်တင်စွန်းပါ ဘယ်ကမာတင်ရမှာလဲ ဦးကလဲ"
အို... မဟုတ်ပါဘူး၊ ခင်ဗျားတို့က မြန်မာမှုပြုခေါ်နေတာဥစ္စာ၊ အဲဒီ ဘုရားတည်ထားတဲ့ အငူအစွန်းက မစ္စတာမာတင် ဆိုတဲ့လူကို အစွဲပြုမှည့်ထားတာ၊ မာတင်စွန်း၊ အဲဒီပေါ်မှာ တည်ထားတဲ့ ဘုရားက မာတင်စွန်း ဘုရားပေါ့"

ဟောတော်၊ မာတင်စွန်းဘုရားတဲ့ ဦး လက်ထက်ကျမှပဲ လတ်ကြားဖူးတော့တယ်။ လတ်မှတ် ထားမယ်။ နောက်တစ်ခါ ဦးရှေ့မှာ မော်တင်စွန်းလို့ ထွက်မိရင် အငေါက်မခံရအောင်လို့လေ။ အိုအေ... ရှုပ်ရှုပ်ယှက်ယှက်၊ ဘာကိစ္စအိမ်လည်ခေါ်ရမှာလဲ" အလိုဝရန်တာက အပျိုကြီး အန်တီခင်လေးရဲ့ ညှောင်ညိညိ အသံက ဒေါသတွေဘာတွေနဲ့ သွားပါပြီ၊ ဦးကြောင့်လတ်ဘာမှ မသိလိုက်ရတော့ဘူး နားရွက်လေး တွေကို လတ်သေသေချာချာ အလုပ်ပေးလိုက်တယ်။

ကြီးမေကို မွန်ဘာကတိပေးထာလဲ ကြီးမေဟာမွန်အတွက် "အို...ကြီးမေကလဲ ဘာတွေ လျှောက်ပြော နေတာလဲ၊ မဆိုင်တာတွေ မွန်ဘာဖြစ်နေလို့လဲ" ဘာဖြစ်ရမှာလဲ တစ်ခါတည်းဈေးမှာ ကတည်းက ဒီကောင်လေး အကြောင်း"
"ဒီကောင်လေး ဆိုပါလား" အပျိုကြီး အန်တီခင်လေးတစ်ချက်လဲ ရှိုက်လိုက်သလိုပါပဲ။ မီးပျက်ညရဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးတစ်ပုဒ် အကြောင်းကို လတ်ပြည့်ပြည့် စုံစုံသိချင်တယ်။ ခန္ဓာကိုယ်ကိုပါ ဟိုဘက် ကပ်သွားအောင်လတ်ယိမ်းလိုက်တယ်။

"ညမှောင်မှောင် လရောင်ကြယ်သော်မလင်းတဲ့" ကဲ...ကောင်းကြရော။ ကျယ်လောင်လှတဲ့ သီချင်းဆိုသံ အက်ကွဲကွဲကြီးက အပျိုကြီးရဲ့ စကားတွေကို ဖုံးအုပ်ပစ်လိုက်တယ်။ ဘယ်သူရရှိမှာလဲ။ အပျိုကြီးတို့ အောက်လွှာ က အားမနာတတ်တဲ့ လူပြောင်ဝိုင်းဆရာလေ။
"ချိန်ခဲ့တဲ့ ညတုန်းကပေါ့ကွယ်...ကိုယ်တစ်ယောက်တည်း မြကန်သာမြက်ခင်းလေးမှာ"

"ဟာ...ဖေကြီး၊ အဲတာမဆိုနဲ့၊ မဆိုနဲ့" ဆိုမှာပဲကွာ၊တွံတေးသိန်းတန် သီချင်းတွေကောင်းတယ်.. ချစ်သူလာသောညက ငွေလသာပါတယ်၊ ချစ်သူမလာသောခုည ငွေလဘယ်ဆီရောက်နေ သလဲကွယ် ငွေလဘယ်ဆီပုန်းနေသလဲကွယ်"
ဖေကြီး မဆိုနဲ့ "နားထောင်...နားထောင်၊ ဖေကြီးဆိုပြမယ်၊ မီတွေလာသောညက တို့များပျော်ပါတယ်၊ မီးတွေ မလာသောခုညတို့များ ရေဘယ်လိုချိုးရမလဲကွယ်၊ တို့များတီဗွီမ ကြည့်ရဘူးကွယ်၊ တို့ကိုမုန်းလို့ ချစ်မီး ကို မပေးလေရော့သလားကွယ်"

ကလေးတွေရဲ့ လက်ခုပ်တီးအော်ဟစ်သံ အောက်မှာမယ်အေးရဲ့ ဖိုးအောင်ကလဲ" ဆိုတဲ့ အသံပျောက် သွားတယ်။ ကိုဝင်းအောင်တို့သားအဖတွေရဲ့ ၀ရန်တာစတတ်ရှိုးကြောင့် သုံးထပ်တိုက်က အသက်ဝင် လှုပ်ရှား တယ်။
"ကောင်းတယ်ဟေ့ ကောင်းတယ်ဟ၊ မောင်ဝင်းအောင်တို့ သားအဖတစ်တွေပဲ ကောင်းတယ်၊ အဆိုနဲ့ လက်ခုပ် နဲ့ မြိုင်ဆိုင်နေတာဘဲ။ ဒီဘက်ဝရန်တာကနေ ဖိုးဘတင်က သြဘာပေးရင်း သူ့ဘေးနားမှာ ထူးထူး ခြားခြား အစောကြီးပြန်လာပြီး တိတ်တိတ်ဆိတ် ထိုင်နေတဲ့မြေးလုပ် သူကိုလက်တို့တယ်။

"ဟေ့...လူလေး အာကာ၊ လုပ်လေကွာ မင်းကလဲမင်းဒေါင်ဒင်ဒေါင်ဒင်ကြီးနဲ့ တွယ်လေကွာ" အာကာထူးဆန်းစွာပဲ ခေါင်းခါပြရင်း "မတီးချင်ပါဘူး အဘိုးရာတဲ့ ဖိုးဘတင်က အဲဒီ ကျတော့ မှ မြေးမျက်နှာ ကို ဖယောင်းတိုင်မီးအောက် မှာ သေသေချာချာ မျက်မှောင်ကုတ် ကြည့်တယ်။

"ငါ့မြေးဘာဖြစ်နေတာလဲ၊ ရေမချိုးရ လို့လား၊ ဟင်းမကောင်းလို့လား၊ အင်း---------မင်းက ဟင်းကောင်း ကြိုက်တဲ့ကောင်ဆိုတော့ ဟင်းမကောင်းလို့ပဲဖြစ်မယ်၊ မနက်ကလူလေး သိတဲ့အတိုင်းပဲကွာ၊ မီးမလာတော့ အကုန်ဒုက္ခရောက် ကုန်တာ မင်းတို့ရန်ကုန်ကလူတွေ မီးပြတ်တာနဲ့  ဘာမှမလုပ်တတ်မကိုင်တတ်တွေ အကုန်ဖြစ်ကုန်တာပဲကွ၊ မီးပဲ အားကိုး နေကြရတဲ့လူတွေပဲ၊ မိးမလာတာနဲ့ ရေမချိုးရ၊ ထမင်းမချက်ရ၊ နေ့ခင်းကြောင်တောင် မှောင် ထဲနေရ၊ ပန်ကာမလုပ်လို့ ပူတဲ့ အိုက်တဲ့ ဒဏ်ခံရနဲ့၊ ဂိုက်မကျပါဘူးကွာ"

ဘိုးအေလုပ်သူပြောသမျှကို အာကာတစ်ယောက်ငြိမ်လို့ပဲ နားထာင်နေတယ်၊ ဘယ်လိုမှ မယောင်မလည် နဲ့ ထသွားတာမျိုး တွေဘာတွေ မလုပ်ဘူး၊ အံ့စရာပဲ၊ ဒီကောင် ဘာဖြစ် နေပါလိမ့်။ ခုန ဖအေက မအေ လုပ်သူ ကို လှည်းတန်း ထိပ်သွား ကြိုဖို့ခေါ်တော့လဲ အလျင် ငေါက်ခနဲ ထလိုက်တဲ့ ကောင်က မလိုက်ဘဲ နေခဲ့တယ်။ ဟိုအမြွှာ ညီအစ်မ လှည်းတန်းလမ်း မက သူငယ်ချင်းအိမ် ရေချိုးဖိုက လိုက်ပို့ ခိုင်းတာလဲ လိုက်မပို့ဘူး။ ဖအေက ခေါ်သွားရတယ်၊ ဘာများ ဖြစ်လာတယ်တော့ မသိပါဘူး။
"ငါ့မြေး ကြည့်ရတာ ဒီနေ့ ထူးတယ်ကွ၊ ဘယ့်နှယ်လဲ၊ အဘိုးပြောတာ မှန်တယ် မဟုတ်လား၊ ဟေ..... လူလေး"

အာကာက ဘိုးအေကို ဘာမှပြန်မပြောဘဲ ရုတ်တရက် ဘိုအေနားကို တိုးကပ်လာတယ်၊
'အဘိုး'
'ဟေ'
'အဘိုးမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ'
"ဟေ........အဘိုးမှာလား၊ သုံးရာလောက်တော့ ရှိတာပေါ့ကွ၊ ငါ့မြေးမုန်းဖိုး မရှိတော့ဘူးလား၊ ဟုတ်လား"
"မဟုတ်ပါဘူး၊ သားပြောတာ အဲဒါ ပြောတာမဟုတ်ဘူး အဘိုးရ၊ ဟို........အဘိုး အညာမှာ ပိုက်ဆံတွေ ရှိသေးလားလို့"

"ဟာ.....အညာမှာ အဘိုးပိုက်ဆံ ဘယ်ရှိမလဲ ကွ၊ မင်းအဘွားဆုံးတော့ အဘိုး အိမ်တွေ ဘာတွေ ရောင်းပြီး ငါ့မြေးတို့နဲ့ လိုက်လာခဲ့တာလေ၊ အဘိုးရှိတဲ့ ပိုက်ဆံနဲ့ ဒီတိုက်ခန်းဝယ် တာပေါ့ကွ၊ အညာမှာ အဘိုးတန် ကျန်ခဲ့တာ ဆိုလို့၊ လယ်နှစ်ကွက်ပဲ ကျန်ခဲ့တယ်၊ မင်းအဘွား ဘက်က တူသားနောင်မယ် လေးတွေ လုပ်စား နေကြတာ"
"အဘိုး..........အဲဒီလယ်နှစ်ကွက်ကို ရောင်းရင် ဘယ်လောက် ရမလဲ၊ ငါးသိန်းလောက် ရမလား"

"ငါးသိန်း၊ အိုး.....ပေါက်ပေါက်ရှာရှာ ငါ့မြေးရာ၊ ဘယ်ရမှာလဲ၊ ငါ့မြေးတို့ ရန်ကုန်လိုမှမဟုတ် တာ၊ တောကလယ်ကွက်၊ ဘာရမှာလဲ၊ အင်း.......ခုခေတ် ပေါက်ဈေးနဲ့ရမှ တစ်သိန်းပေါ့၊ တစ်သိန်းခွဲပေါ့၊ နှစ်သိန်း အရးကုန် ပေါ့ကွာ၊ ဒါတောင်အဘိုး လယ်ကွက်က အတော်ကျယ် လို့ကွ"
အာကာ က ဘာမှပြန်မပြောတော့ဘဲ သက်ပြင်းကို ဟင်းခနဲ ချတယ်။
"အဘိုး ရာ သားသူငယ်ချင်း နှစ်ယောက် ဒီနေ့ ဂျပန်ထွက်ကြတယ်"
"ဟုတ်လား၊ ငါ့မြေးက မလိုက်ရသေးဘူးလား၊ ငါ့မြေးအလှည့် မကျသေးဘူး ကွ"

"ဟာ..........အဘိုးကလဲ၊ သားအလှည့်က ဘယ်လိုလုပ် ကျမှာလဲ၊ သားပိုက်ဆံမှမပေးနိုင်တာ၊ သားအလှည့် ဘယ်တော့ မှ ကျမှာမဟုတ်ဘူး"
အလို......ဒီကောင့် အသံတွေတုန်လို့ ပါလား။
ပိုက်ဆံ က ဘယ်လောက်တောင် ပေးရတာလဲကွ၊ အဘိုး ပြောစမ်းပါဦး
'ငါးသိန်း'
'ဟေ.........ငါးသိန်း'
"ဟုတ်တယ်၊ ဒါတောင် အဲဒီလုပ်ပေးမယ့် လူကသားနဲ့ရော၊ မေမေတို့နဲ့ရော ခင်လို့၊ အခုသူများတွေ လုပ်ပေး တဲ့ ဈေးက ခုနစ်သိန်း ဖြစ်နေပြီ"
"ခုနစ်သိန်း၊ ခုနစ်သိန်း ပေးပြီးတော့ သွားတဲ့ လူတွေရှိသလားကွ ဟေ"

"သိပ်ရှိတာပေါ့ အဘိုးရာ၊ သားလဲရှိရင် သိပ်ပေးတာပေါ့၊ ဟိုမှာကျ ခြောက်လ ခုနှစ်လ အလုပ်လုပ်ရုံနဲ့ ဒီပိုက်ဆံကြေ သွားတာ၊ ကျန်တဲ့လတွေ လုပ်လို့ရတဲ့ ပိုက်ဆံအကုန်သဲ့ ယူရုံ ပဲ"
"အဲဒါတော့ အဘိုးလဲမသိဘူးကွာ၊ အဘိုးအလိုသာ ဆိုရင် ပိုက်ဆံ ခုနစ်သိန်းရှိနေမှတော့ ကိုယ့်ဟာကိုယ် ရင်းနှီးစားမှာပေါ့ကွ၊ အင်း........အဘိုးတို့ ငယ်ငယ်တုန်းကဆိုရင် အချမ်းသာ ဆုံး သေဋ္ဌေးက တစ်သိန်း လောက် ရှိတာ၊ အမယ်လေး၊ တစ်သိန်းခင်းလောက်တောင် ချမ်းသာတာလို့ ဘေးကလူတွေက အားကျတာ၊ ဟိုတုန်း ကတော့ ထီတစ်သိန်းဆုဆိုလဲ ကားတစ်စီး တိုက်တစ်လုံး အသာလေးရတယ်၊ ဂျစ်ကားတစ်စီးမှ နှစ်ထောင် သုံးထောင် ရယ်၊

ဂျစ်ကားကို ကထိန်ညှပ်မကြီးမှာတောင် ပဒေသာပင်ထည့်သီနိုင်တယ်ကွ၊ ကထိန် ညှပ်မကြီး ပေါက်တဲ့ ဘုန်းကြီး တွေ လူထွက်ကုန်ကြတာ အများကြီးပေါ့ကွာ......... ဟေ ဟေ၊ ညှပ်မကြီး မှာသီးထားတဲ့ လူ့အသုံး အဆောင် ပစ္စည်းကလဲ အစုံကိုး၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးက စပြီး သားရေ သေတ္တာ အသေး အကြီး၊ ပန်းကန်၊ ခွက်ယောက် အစုံ၊ တဘက်ကြီး၊ တဘက်သေး၊ နာရီကြီး၊ နာရီသေး၊ ထီး၊ ဖိနပ်၊ ဆီဆန်၊ ငရုတ်သီး၊ ကြက်သွန်ကစပြိး ဆေးဝါး ပစ္စည်း အကုန်ပါတော့အဲ....... ညှပ်မကြီးပေါက်တဲ့ ကိုယ်တော်ဟာ ဂျစ်ကား ပေါ် အဲဒီပစ္စည်း တွေ အကုန်တင်ပြီးက ချမောင်းတယ်ရင် မောင်းထွက်သွားရုံပဲ၊ ခုများတော့ ဝေးပါ သေးကွာ"

ဖိုးသဘင် လေကြောတည့်သမျှ ပြောနေတဲ့ စကားတွေကို အာကာနားထဲမှာ တစ်လုံးမှ မ၀င်ဘဲ မကြားတစ်ချက် ကြားတစ်ချက်၊ ဖိုးသတင်ကတော့ ပြောချင်ရာ ပြောနေရလို့ ကျေနပ် ရတယ်။
သုံးထပ် တိုက်ရဲ့ အောက်ဆုံးလွှာ မြေညီထပ်မှာတော့ ဆန်နီတစ်ယောက် ဖယောင်းတိုင် ရှိသမျှနဲ့ သူ့အခန်း ကို ထိန်းလင်းနေအောင် အလှဆင်ထားပြီး၊ မအေလုပ်သူပြန်အလာကို စောင့်နေတယ်။ ဆန်နီ ဘေးက ဖုန်းက တဂွမ်ဂွမ် မြည်းလို့။ ဆန်နှီကတော့နည်းနည်းမှ အရေးမစိုက်ဘဲ နှုတ်ခမ်းလေးတစုစု။း လေကလေး တချွန်ချွန်နဲ့ သူ့အခန်းကိုသူ အရိပ်တကြည့်ကြည့်နဲ့ သန့်ရှင်းရေး လုပ်နေတယ်။
ခဏ နေတော့ ဖုန်းမြည်သံ ပျောက်သွားတယ်။ ဆန်နှီကတော့ ဘာမှမသိလိုက်ဘူး။

နောက်တစ်ခါ ဖုန်းထပ်အမြည်နဲ့ အန်တီမေရီ တံခါးဝရောက်လာတာနဲ့ အကိုက်ဖြစ်လိုက တော်သေးတယ်။
"အိုး.... .ဆန်နီဘွိုင်ရယ်၊ ဖယောင်းတိုင် တွေတော့ ကုန်ပါပြီ၊ ဖုန်းလာနေတာလဲ သူမသိ၊ ခက်တော့တာပဲ"
ဆန်နီ က ဘာမှမသိတဲ့ မအေကို 'အားပါးပါး' နဲ့ဝမ်းသာအားရကြိုတယ်။ မအေ့အိတ်ကိုယူပြီး အိတ်ထဲမှာ စားစရာ ရှာဖွေတယ်။
'ဟဲဟို၊ ပြောပါရှင်'
'.........................'

'ဟုတ်ပါတယ်၊ ဘယ်သူ့.......မယဉ်မွန်၊ မယဉ်မွန်လား၊ ဒေါ်ခင်လေးလား၊ ဘယ်သူ့ကိုခေါ် ပေး ရမှာလဲ၊ ဟုတ်ကဲ့..... ခဏလေး ကိုင်ထားပါ'
မောပန်းနွမ်းလျ လာတဲ့ အန်တီမေရီ စိတ်ဝင်စားမှုနဲ့ နည်းနည်းအမောပြေသွားတယ်၊ အပျိုကြီးမလေး မယဉ်မွန် ကို ဖုန်းခေါ်တဲ့ အသံဟာယောက်ျား လေးသံပဲ။ ဘယ်တုန်းကမှာလဲ မယဉ်မွန်ဖုန်းရယ်လို့ မလာ ဖူးပါဘူး။

ဆက်ရန်
.

2 comments:

ကိုဇော် said...

အပြေးအလွှား ဖတ်သွားပါကြောင်း........
မဲမဲသဲသဲ ဝမ်းနည်းနေရတဲ့ အထိ ကိစ္စက များနေတယ် အစ်မရေ။

ဧပရယ်လ်ပူး@ပူးတေ said...

၇ သိန်းနဲ့ ဂျပန်တဲ့ လယ် ၂ကွက်လောက် ရောင်းမှ တသိန်း တသိန်းခွဲရတာဆိုတော့ အင်းလေ ဘိုးဘတင်ပြောသလိုပဲ ၅ သိန်းလောက်ရှိမှတော့ ကိုယ့်ကိုရင်နှီးလုပ်ကိုင်စားတာပဲ ကောင်းပါတယ်နော်... အဲဒီတုန်းကကို ပြောပါတယ်... ခုခေတ်တော့ ကိုယ့်မှာ အရင်းနှီးရှိလဲ လုပ်စားကိုင်စားရတာ မလွယ်ဘူးလေ... နံပါတ်ဝမ်း အစ် သီ အဘတ်သယ်လော (No 1 is the above the law) ခေတ်လေ...
:)