ဘွန္တောကြက်သူခိုး
စာရေးသူ - သော်တာဆွေ
ခင်မျိုးချစ်၏ အမှာစာ
ဝတ္ထုရေးသူအဖို့ အရေးကြီးသော ပစ္စည်းနှစ်ရပ်မှာ ဇာတ်လမ်းနှင့် ဇာတ်ကောင် ဖြစ်သည်။ ၀တ္ထု ဖတ်သူ များ၏ စိတ်တွင် ထိုးဇာတ်မှန်းသိလျက်နှင့် "တကယ့်အဖြစ်အပျက်များလေလား" ဟု ထင်ယောင်ထင်မှား ဖြစ်သွား စေနိုင်သည်။ ၀တ္ထုဇာတ်လမ်းကိုပင် တကယ့်အဖြစ်အပျက်ပမာ စာဖတ်သူ၏ စိတ်တွင်းဝယ် ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း၊ ဒေါသဖြစ်ခြင်း ဖြစ်ပေါ်လာအောင် ဆွဲဆောင်သွားစေနိုင်သည်။ ၀တ္ထုရေးသူ လက်စွမ်း ထက်လျှင် ထက်သလို ဇာတ်ကောင်များသည် ၀တ္ထုရေးဆရာ၏ စိတ်ကူး အရိပ်အယောင် မျှသာ မဟုတ်ဘဲ တကယ့်လူတွေကဲ့သို့ ထင်မြင်စေနိုင် သည်။ ၀တ္ထုတစ်ပုဒ်ကို ဖတ်ပြီးလျှင် "ဒီလိုလူမျိုးတွေ တကယ် မရှိပါဘူးကွာ၊ ၀တ္ထုထဲသာ စာရေး ဆရာရဲ့ စိတ်ကူးနဲ့ လုပ်ထားလို့သာ ဖတ်နေရတာပါ" ဟု စာဖတ်သူ၏ စိတ်၌ ဖြစ်သွားလျှင် ၀တ္ထု ရေးဆရာသည် သူ၏ဇာတ်ကောင်ကို တကယ့်လူနှင့်တူအောင် အသက်မသွင်းနိုင်ဟု ဆိုရပေမည်။ ၀တ္ထုတစ်ပုဒ်၏ ကောင်းခြင်းလက္ခဏာမှာ ဇာတ်ကောင်ပေါ်တွင် များစွာ တည်နေ သည်။
သော်တာဆွေ၏ "ဘွန္တောကြက်သူခိုး" ၀တ္ထုကို ၀တ္ထုကောင်ကို ရှိအပ်သော အင်္ဂါများနှင့် ပြည့်စုံသည် မပြည့်စုံသည် ကို စံချိန်ထိုး၍ ကြည့်ရန် လိုပေသည်။ ဘယ်လို စံချိန် ထိုးမည်နည်း။ မမီ လို့ ရှုံးကာမှ ရှုံးစေတော့၊ ကမ္ဘာံစာပေတွင် ယခုကောင်းဟု ထင်ရှား အသိအမှတ် ပြုထားသော ၀တ္ထု ကြီးများနှင့် နှိုင်းကြည့် ရတော့မည်။ (မကျော်ရ ပြန်ရုံပေါ့ သော်တာဆွေရယ်၊ ယှဉ်မည့်ယှ် ထိပ်တန်း နှင့်ယှဉ်ကြရအောင်။
ကမ္ဘာ့ စာပေကောင်း စာရင်းဝင် ရှားလော့ဟုမ်းစံထောက် ၀တ္ထုများမှာ ဇာတ်လမ်း အချိတ်အဆက် သည် တွက်မည် လှသည်။ စာဖတ်သူများ၏ စိတ်၌ကား ရှုပ်ထွေးဆန်းကြယ်သော ၀တ္ထု ဇာတ်လမ်း ကို သေချာ စေ့ငုံစွာ မှတ်မိကျန်ရစ်ခဲ့ရန် ခဲယဉ်းပေသည်။ သို့သော် ဆေးတံကြီး ခဲနေသည် နှာခေါင်း ချွန်ချွန်၊ စူးရှသော မျက်လုံးရှိသော စုံထောက်ကြီး ရှားလော့ဟုမ်း (မြန်မာလို ဦးစံရှား)ကိုကား စာဖတ်သူ၏ စိတ်တွင် စွဲကျန် ခဲ့သည်။ စာရေးဆရာကြီး ဆာကွန်ရန်ဒွိုင်းသည် သူ၏ ဇာတ်ကောင် ရှားလော့ဟုမ်းကို အသက်သွင်း နိုင်ခဲ့သည်။
ရှားလော့ဟုမ်းသည် စာဖတ်သူတို့၏ စိတ်တွင် တကယ့် လူကဲ့သို့ မည်မျှစွဲသည်ကို သာဓကတစ်ခု က သက်သေခံသည်။ တစ်ရံခါသော် ပြင်သစ်ပြည်မှ ကျောင်းသားကလေးများ အင်္ဂလန်သို့ အလည် အပတ် လာကြရာ ခေါင်းဆောင်ဆရာဖြစ်သူက မင်းတို့ ဘယ်ကို အရင်ဆုံးသွားကြည့်ချင်ကြသလဲ၊ ၀က်စမင်စတာ ဘုရားရှိခိုးကျောင်းသား၊ ဘတ်ကင်ဟမ်နန်းတော်ကြီးလား" ဟု မေးရာ ကျောင်းသားကလေးများက "ဘေကာလမ်းက ရှားလော့ဟုမ်းနေတဲ့ အိမ်ခန်းကို သွားကြည့်ချင်ပါ တယ်" ဟု ဖြေကြသော ဟူသည်။
ကြက်သူခိုးဝတ္ထုဇာတ်ကောင်များ ဖြစ်ကြသော ကိုတက်ပု ဇနီးမောင်နှံနှင့် သားကလေး တစ်ကလုံး တို့ကို ရှုမ၀ မဂ္ဂဇင်း "ဖြူပြာမူလကျီ" ၀တ္ထုတွင် စတင်တွေ့ခဲ့ရသည်၊ "ဦးကြီးမူ" ၀တ္ထုတွင် သူတို့ မိသားစု တစ်စု သာမက ဦးကြီးဖြိုး၊ အရီးချစ်စုတို့နှင့် မိတ်ဆက်ခဲ့ရပြန်သည်။ ထန်းရေကလေး တမြမြနှင့် ကိုတက်ပု၊ ကြက်ခိုး တွင် ၀ိဇ္ဇာဘွဲ့ရ ကိုတက်ပု၊ မြကလေးတွေနှင့် နန့်တက်သည့် ကိုတက်ပု၊ မကောင်း ဟူသမျှကို စုံအောင် နည်းနည်းခင်ျး ၀ါသနာကလေး ပါတတ်သော ကိုတက်ပု၊ မယားနှင့် ယောက္ခမသာမက သားတော်မောင် ဟစ်တဲလုံး ကုမ္မာကိုပါ ကြောက်ရသည့် ကိုတက်ပုသည် စာဖတ်သူကို ရယ်ချင်အောင်၊ သူ့ကို တစ်ခါတစ်ခါ အမြင်ကတ်လာအောင်၊ တစ်ခါ တစ်ခါ သနားလာအောင် ဆွဲဆောင်နိုင်လေသည်။
သူ့ဇနီး မငွေမြိုင်ခေါ် မနော်ကလည်း ကြက်သူခိုးကတော် ပီသပါပေသည်။ ဖြူပြာမူလကျီဝတ္ထုတွင် လင်ကကြက်ခိုးသွားတယ်ဆိုလျှင် အိမ်မှုန်စုံမွှားနှင့် ထ၍ ငရုတ်သီးထောင်းနေပြီး ဖြစ်သည်။ လက်ညှိုးတွင် ဓားခုတ်ရာတွေ ဗရပွေနှင့် မှင်စာကလေး လိုလို သွားကျိုးလေး ဟစ်တစ်လုံး ကုမ္မာမှာလည်း စကား တတ်လှသည့် အတွက် ချစ်စရာကောင်းဖို့ နေနေသာသာ ဖင်ကလေးကို စပ်စပ် ရိုက်ချင်စရာ ကောင်းလှသည်။ သူတို့ တစ်တွေမှာ ကောလိပ်ကျောင်းသား သူဌေးသား ဇာတ်လိုက်တွေ၊ ခေတ်အပျိုချော ဇာတ်လိုက် တွေ၊ ရုပ်စုံတိုဘရယ်ကိုးကလေးကို အင်္ကျီ၊ ဘောင်းဘီ ချုပ်ဝတ်ပေးထားသည့် ချမ်းသာ၏ ကလေးများ ကဲ့သို့ နှစ်သက်စရာ၊ မက်စရာ တကွက်မှ မရှိချေ။ သို့သော် သူတို့တစ်တွေ၏ ထူးခြား ချက်က တကယ့် ကျေးတောသူ၊ ကျေးတောသားနှင့် တူလှသည်။ သရုပ်ပါလှသည်။ အသက်ဝင် သည်။
မြန်မာပြည် ကျေးတောရွာကလေးများ ရောက်သည့်အခါ ကလေးခါးထစ်ခွင်၍ ခေါင်းစုတ်ဖွားနှင့် ထွက်လာ သော မိန်းမမှာ မငွေမြိုင်နှင့် ဟစ်တလုံးလေလား။ မျက်နှာသုတ်ခါ ခေါင်းပေါင်း၍ ဓားမကို ခါးညှပ်၍ ထွက်လာသော အသားမှာ ကိုတက်ပုများလား။ အင်္ကျီမပါ ကျောပြောင်ကြီးနှင့် တဲအိမ် ခေါင်းပန်းတွင် ထိုင် ဆေးလိပ် သောက်နေသည့် သူကြီးကား ဦးကြီးဖြိုးများလေလား စသည်ဖြင့် စိတ်ကူး စားချင်စရာ ဖြစ်တော့သည်။
ဤ၀တ္ထု ဇာတ်လိုက် ကိုတက်ပုသည် တကယ့်လူနှင့် တူသည်။ အသက်ဝင်သည်။ ကျေးတောသား တစ်ယောက်ကို မြင်လိုက်တိုင်း ကိုတက်ပုကို သတိရသည်။ စာဖတ်သူအဖို့ ကိုတက်ပုသည် သော်တာဆွေ၏ စိတ်ကူး ထဲက ဖန်ဆင်းလိုက်သော ကိုတက်ပု မဟုတ်တော့ဘဲ မြန်မာကျေးတော သားအစစ် ကိုတက်ပု ဖြစ်နေသည်။
ဇာတ်လိုက် ကိုတက်ပုကဖြင့် အသက်ဝင်ပါပြီ။ ဇာတ်ဖြည့် ဇာတ်ရံများကို တစ်ဖန်ကြည့်ပြန်ရာ ဦးကြီးဖြိုး၊ အရီးချစ်စု တို့အပြင် တစ်ခါတစ်လေမှ ပေါ်လာတတ်သော ဆန်သည်မ ကလေးဖွား သက်ပင်လျှင် စာဖတ်ရသူ စိတ်ထဲတွင် တကယ့် လူကဲ့သို့ မှတ်မိနေသည်။ ထန်းရေ၀ိုင်းတွင် တောသားတစ်စု နွားမတမ်းမ တင်ပဆုံသား အရသာရှိပုံ ပြောနေကြသည်။ စိတ်ဝင်စားစရာ ကောင်းသလောက် တစ်ခါတစ်ခါ သိပ်ရိုင်း ပါလား၊ တယ်ရက်စက်ပါလားဟု ဖတ်ရသူ စိတ်ထဲတွင် ရွံ့သလို တွန့်သွားမိသည်။
တောသူတောင်သားများမှာ မြို့ကြီးသားများကဲ့သို့ ကာမဂုဏ် စည်းစိမ် ခံစရာတွေ များများ မရှိရှာကြ။ သူတို့ ဘာသာဘာဝ အရသာ ယူရှာကြပေသည်တကားဟု သူတို့ အလုပ်ကို မကဲ့ရဲ့ မထောက်ခံဘဲ လျစ်လျူရှု လိုက်ခြင်းပင်လျှင် ဤ၀တ္ထု၏ အနုပညာဂုဏ်မြောက် သည်ဟု ဆိုချင်ပါသည်။ တောင်သူလယ်သမား ကျောမွဲတွေဘက်က ရှေ့နေလိုက်ခြင်း၊ အသနားခံ ခြင်းမပါ။ သူတို့၏ အခြေအနေကို "အရင်းအတိုင်း" ပြနိုင်ခြင်းမှာ ဤ၀တ္ထု၏ ထူးခြားချက် ဖြစ်ပေ သည်။ ကိုတက်ပုသည် သူရဲကောင်း ဇာတ်လိုက်ကြီး၊ ဘုရားလောင်း ဇာတ်လိုက်ကြီးများလို ထည်ဝါခန့်ညားခြင်း မရှိ။ သာမန်လူဖြစ်၍ သူများနည်းတူ ကောင်းသည့်အခါကောင်း၊ ဆိုးသည့်အခါ ဆိုး၊ သူလိုငါလိုလူ ဖြစ်သည်။
အခုလို ထန်းရေသောက်သောက်၊ ကြက်ခိုးခိုး ဥပုသ်ဟာ အနည်းဆုံး တစ်လတစ်ခါ ဟန်လုပ်လို့ဖြစ် ဖြစ် စောင့်ယူသည်။ ရှပ်အင်္ကျီ လျှော်ပြီးသားကလေးနှင့် ရွာရက်ဝတ်ထည် ခါတိုင်းလို အင်္ကျီမပါ ပုဆိုးညစ်နှင့် အလုပ် ပင်ပင်ပန်းပန်း မလုပ်ရဘဲ အားအားယားယားဟန်မျိုး ဖမ်းသည်။ မယား လုပ်သူက ဆန်နို့ဆီဘူး သုံးလုံးခန့် ကို ပန်ကန်ပြားထဲမှာ ခပ်မောက်မောင်ကလေး ထည့်ပြီး စံပယ်ကုံးကလေး ရစ်ခွေလို့၊ အဲဒါလေး လက်က ကိုင်ပြီး ဘုန်းကြီးကျောင်းသွားဖို့ ပြင်ရှာသည်။ ထိုခဏတွင် ကြက်သူခိုး ထန်းရေသမား ကိုတက်ပု နှင့် ခုနှစ်အိမ်ကြား ရှစ်အိမ်ခြား ရသတ္တ အနတ္တ တွေ အော်ဆဲတတ်သော မငွေမြိုင်တို့ ၏ ရိုးတွင်ခြင်ဆီ၌ စွဲနေသည့် ဗုဒ္ဓဘာသာ မြန်မာ၏ ယဉ်ကျေးမှုကလေးများနှင့် မကင်းကွာကြောင်း တွေ့ရပေသည်။
ကိုတက်ပုသည် မြို့သို့ ရောက်သောအခါ၌ ပတ်ဝန်းကျင်အခြေအနေ၏ တွန်းကန် နှိပ်စက်မှု ကြောင့် တစ်မျိုး တစ်ဖုံ ပြောင်းလဲရရှာပြန်သည်။ ဖြူပြာမူလကျီဝတ္ထုတွင် ဟစ်တလုံး ရပ်ပြစ်ရှစ်ပါး ပုံပြင် လက်သစ်ဖြင့် ချောခဲ့သည့် ပစ္စည်းများသည် ဆရာမကလေး အရီနှင့် တွေကသောအခါ အာဘော်များ အဖြစ် သို့ တစ်ဆင့်တက်လာခဲ့၏။ နိုင်ငံရေးတရားများ ပြောဆိုပုံမှာ ၀တ္ထုထဲသို့ နိုင်ငံ အရေးအသား အတင်းပစ်သွင်းသည်နှင့် မတူဘဲ အာလာပသလ္လာပ ပြောရင်းက ကိုတက်ပု သွားချေး ထူသည်ကို စကားစပ်မိ သွားသည်။ ထိုမှ တစ်ဖန် တောသူတောင်သားများ၏ မသိနားမလည်မှုကို ရောက်သွားရာ နိုင်ငံရေး စကားအဖြစ် ပြောင်းသွားပုံမှာ ယဉ်လှသည်။ ကိုတက်ပုနှင့်အရီ စကားလက်ဆုံကျနေစဉ် ဖွားသက် ရောက်လာ လိုက်၊ နွားရောင်းမည့် သူ ရောက်လာလိုက်နှင့် ဖြစ်သွားပုံမှာ အရီ၏ စကားများကို လက်တွေ့ ထောက်ခံ နေသည်။
အရီ၏ နိုင်ငံရေးတရားကို ကိုတက်ပုသာမက စာဖတ်သူပါ စိတ်ပါသွားရသည်။
အရီသည် သော်တာဆွေ၏ ဇာတ်ကောင်များကို စိတ်ကူးယဉ် ဖန်ဆင်းထားသော သူတစ်ဦး ဖြစ်သည်။ စာရေးဆရာက ဖြစ်စေချင်သည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ ကိုတက်ပုတို့ ကဲ့သို့ သူလိုငါလို အရောင်အဆင်း မရှိ မွဲခြောက်ခြောက် ဇာတ်ကောင်တွေ ကြားထဲတွင် သူက အရောင်တောက်နေသည်။ တစ်ဇာတ်လုံး ယောက်ျားတွေက ထန်းရေသမား၊ ကြက်သူခိုး၊ မိန်းမတွေကလဲ ပါးစပ်က အယုတ်တမာ တွေဆဲ၊ လူတစ်ဖက်သား ကောက်ကျစ် ညှဉ်းဆဲနေသူတွေ ချည်းဆိုလျှင် အဘယ်မှာ ကောင်းနိုင် ပါတော့ မည်နည်း။ အရီဝင်လာလိုက်ပုံမှာ အကုသိုလ်တွေ ဗရပွေနေသည့် အမှောင်ထုထဲတွင် အားယူ၍ မှိတ်တုတ်မှိတ်တုတ် နေရှာသော ကြက်ကလေးနှင့် တူပေသည်။ နောက်ဆုံးတွင် ထိုကြယ်ကလေး၏ အလင်းရောင်သည် အမှောင်ထုကို လွှမ်းမိုး အောင်မြင်သွားပုံမှာ စာဖတ်သူ ဘ၀င်ကျပီတိဖြစ်ဖွယ် ကောင်းပါ ပေသည်။
မနှစ်မြို့စရာ အနိဋ္ဌာရုံတွေကို မူတည် ဇာတ်အိမ်ဖွဲ့ရေးရင် အရီကဲ့သို့ အလင်းရောင်ပေးသည့် ဇာတ်ကောင် တစ်ဦး ၀င်အောင် သွင်းလာပုံမှာ အမှတ်မဲ့ ကြည့်လျှင် သာမန်လက်ရာဟု ထင်စရာ ရှိသည်။ သို့သော် ထိုလက်ရာ မှာ ပညာသည်၏ လက်ရာဖြစ်ကြောင်းကို သက်သေပြလိုက်သည်။ (ခွေးကောင်လေး ... မင်း သိပ်သွေးကြီး မသွားနဲ့ဦး၊ ဘုန်းပိလို့ဝမ်းကျလဲ ငါမတတ်နိုင်ဘူး ...)။
လူ့လောကတွင် ကြောက်ဖွယ်လိလိ အကုသိုလ်များ မိုးမွှန်သည့် ဇာတ်လမ်းများကို ဇာတ်ကွက် ဆင်၍ ရေးရာတွင် ရှိတ်စပီးယားသည် အလွန် ရက်ရက်စက်စက် နိုင်လှသည်။ မိဘကို ပြစ်မှား နှိပ်စက်သူ၊ ကျေးဇူးရှင်ကို ရက်ရက်စက်စက် သတ်၍ မင်းလုပ်သူ၊ တစ်ဇာတ်လုံး ပျောက်မ ထား၊ လင်သတ် မကောင်းကြံအစရှိသည်ဖြင့် အမျိုးမျိုးသော အနိဋ္ဌာရုံများဖြင့် တင်းကြမ်းပြည့် ဇာတ်များ ကို ရေးရာတွင် စာဖတ်သူ ၏စိတ်တွင် လောကကြီးဟာ အကုသိုလ်တရားတွေ ပြည့်နေတာပဲ၊ ဆောက်တည်ရာမရနိုင်တဲ့ အမှောင်ထုကြီး ပဲဟု စွဲမသွားစေရန် အလင်းရောင်ပေးသည့် ဇာတ်ကောင်တစ်ကောင် ထည့်ရေး တတ်သည်။ ထိုဇာတ်ကောင်သည် တစ်လောကလုံး ရူးသွပ်၍ ဖြစ်ချင်ရာ ဖြစ်နေသော်လည်း ကျောက်တောင် ပမာ တည်တံ့၍ နောက်ဆုံးအားလုံး သေကျေ ပျက်စီးသောအခါ သူ့လက်ထဲတွင် အလင်းရောင် မီးပွားကလေး ကျန်နေခဲ့သည်။ ထိုမီးပွားကလေး သည် နောင်ခါ မီးရှူးမီးတိုင်ဖြစ်ကာ လူ့လောက ကို အလင်းရောင်ပေးစေရန် ဖြစ်သည်။
သော်တာဆွေသည် ရှိပ်စပီးယားကို မဖတ်ဘူးဟု ထင်သည်။ ဤသို့ ရေးလိုက်ခြင်းမှာ သော်တာဆွေ၏ လက်ရာ သည် ပညာသည်တို့၏ လက်ရာဖြစ်ကြောင်းကိုသာ ထင်ရှားစေခြင်း ဖြစ် သည်။ သူ အမှတ်မထင် ဆွဲလိုက်သော ကလောင်ချက်သည် ပညာသည်၏ လက်ရာဖြစ်ကြောင်း သူ့ဘာသာ သိချင်မှလည်း သိမည်။ ထိုလက်ရာမျိုး ကို အကဲခတ်သူက ကြည့်၍ ၀တ္ထုကို ဝေဖန် ရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ဤဘွန္တောကြက်သူခိုး ၀တ္ထုမှာ ၀တ္ထုကောင်းတို့၏ အင်္ဂါနှင့် ပြည့်စုံပါသည်ဟု ထင်မြင် ယူဆမိပါကြောင်း။
ခင်မျိုးချစ်
.
6 comments:
အင်း...
ကျွန်တော်ကတော့  ဆရာသော်တာဆွေ ရဲ့ 
ကွ်ျတော့် ဘဝ ဇာတ်ကြောင်း ကို တော်တော်
ကြိုက်ခဲ့ မိပါတယ်။ ပညာသည် တစ်ယောက်ဖြစ်ဖို့ က
ကိုယ်တိုင် ပညာရှိမှ ရမှာ ဆိုတော့  မလွယ်ပါဘူးနော်။
အမှာစာနဲ့တင် စိတ်ဝင်စားဖို့ ကောင်းနေပြီ။
ဒီတစ်ပုဒ်တော့ ရအောင် စောင့်ဖတ်မယ် အစ်မ။
(မြစ်ကျိုးအင်း)
ဖတ်တော့ ဖတ်ဖူးတယ် အစ်မ။
ထပ်ဖတ်မယ်။
ဒေါ်ခင်မျိုးချစ်ရဲ့ ကွန်မန့်နဲ့တင် တော်တော် စိတ်ဝင်စားဖို့ကောင်းနေတယ် မမရွှေစင်... ဒါမျိုး ကျေးလက်သဘာဝနောကခံ ဇာတ်လန်းလေးတွေဆို စိတ်ဝင်စားတယ်... စောင့်ဖတ်မယ်နော် မမ... မြစိမ်းပြာ ကမာရွတ်လဲဖတ်တယ်... ဖြူပြာမူလကျီဝတ္ထုဆိုတာ ဘွန္တောကြက်သူခိုးနဲ့ အတူတူပဲလား မမ... နောက်တပုဒ်လား...အဆက်အစပ်ရှိတယ်ဆိုရင် ဖြူပြာမူလကျီဝတ္ထုကိုပါ ဖတ်ချင်သေးတယ်... ဟိ ဟိ လောဘကကြီးသေးတယ်...
စာကောင်းပေကောင်းလေးတွေ ဝေမျှပေးနေတဲ့ မမရွှေစင်ကို ကျေးဇူးအများကြီးတင်ပါတယ်...
ဖြူပာမူလကျီကိုဖတ်ဘူးတယ်..သူများကြက်ကိုခိုးချက်
စားပြီး...အရေးကြီးသက်သေအဖြူရောင်အမွေးတွေကိုမဲနယ်ဆိုးပြီးအပြာရောင်လုပ်ပစ်လိုက်တာလေ..
အရမ်းရီရတယ်...အခုလိုရှားပါးတဲ့စာကောင်းတွေကို
အပင်ပန်းခြံပီးမျှဝေပေးတဲ့မရွှေစင်ကိုကျေးဇူးအထူး...
တင်ရှိပါကြောင်း....။
အန်တီရွှေစင်ရေ ကွန်နက်ရှင်မကောင်းတဲ့ကြားက အမောတကောလာဖတ်တယ်နော်
Post a Comment