'အဲဒီ သူတော်ကောင်း သူမြတ်လောင်းကြီးကပေါ့ရှင် ... ဟောဒီ ဘွားအေက သူ့မြေးကို ခမဲပေး ထားတဲ့ကြက်မ ကို ခိုးပြီး ဒရပ်ပျက်မနဲ့ ပျော်ပါးရသတဲ့၊ မချမ်းမြတို့ အိမ်နောက်ဖေးက သရက်ပင် ကြီး အမြစ်ဆုံ ပေါ်မှာ တော်တော်ပဲ အီလိုက် ဆိမ့်လိုက်ပဲ'
ကျွန်တော် နားရှက်ကာ ...
'ဟဲ့ ... မနော် ... တော်ဟယ်'
'မတော်နိုင်ဘူးရှင့် ... မတော်နိုင်ဘူး၊ ပြောစရာရှိတာ ပြောရဦးမယ်၊ ကိုယ့်လင်မို့ 'ကိုယ်သိပါရဲ့'
ဟယ် ... အထုပ်ဖြေမဟဲ့။
ကျွန်တော် ဒေါသထွက်ကာ ...
'ဟဲ့ ... မိနော်၊ တော်ဆိုနေတာကို'
'ဟဲ့ ... မတော်နိုင်ဘူးဟဲ့ ငပုတက်ရဲ့'
'အမယ် ... နင်ကများ ငါ့ကို ငပုတက်လေး ဘာလေးနဲ့၊ နောင့်နဲ့ ပေါက်လိုက်လို့ ထစ်အောင့် လောက်မေ့ သွားရော့မယ်'
'အမယ် ... နင်က ငါ့သမီးများ ... ထိကြည့်စမ်း'
ဟောဗျာ ... ယောက္ခမကြီး ၀င်ပြီ၊ သူ ခါးထောက်ကာ ဗိုက်စူစူကြီးက ကျွန်တော့် မျက်နှာရှေ့ဝဲလာ သည်။ အင်း သူ ဒါကြောင့် တစ်ထောင့်က ဆေးပေါ့လိပ်ကြီး တစောင်ခဲ့ပြီး စောင့်နေတာကိုး၊ ဒီနေရာ က သူ့ အကွက်။ သို့သော် ကျွန်တော်က လက်လျှော့လိုက်တော့ ငနဲမကြီး ပြန်လှည့် သွားတယ်။ သည်တော့ သူ့ သမီး က တအားတက်ပြီး ဆက်တာပေါ့။
'မေ့ လို့ရှိမှ လိပ်ပတ်လည်အောင် ပြောရဦးမယ်၊ ဥပုပ်နေ့မနက် အရုဏ်တက်မှာ ထူးမြတ်နဲ့ နတ်သြဇာ မှီဝဲ လိုက်လို့ လူနုံးချည့်ပြီး နေထွက်တော့မှ ယိုင်တိုင်ယတိုင်တိုင်နဲ့ အိမ်ပြန်လာတော်မူ တယ်'
'ဟယ် ... ငါ ငါပြန်လာတာ ယိုင်တိုင် ယိုင်တိုင်လဲ မဟုတ်ဘူး ဟယ်'
ကျွန်တော်က ၀င်ဖောက်လိုက်ရာ ဤမှ သူက ပို၍ အကွက်ကောင်းရပြီး ...
အမယ်လေး ... ဟုတ်ပါတယ် ... ဟုတ်ပါတယ် ... ကျွန်တော် စကားပြောမှန်းသွားပါတယ်၊ ကိုတက်ပု မယိုင်ပါဘူး၊ သူ၏ ဒါမျိုးမှာ အင်မတန် ဥာဏဗလ ကာယဗလကောင်းတဲ့ ရှင့် ... မကြိတ်ဆုံရဲ့'
ဟင် ... ကြည့်စမ်း ... ကြည့်စမ်း၊ ဒါမျိုးက ကိုယ့်လင်ကိုယ်သိ သိုသိုသပ်သပ်နဲ့ တိတ်တိတ်နေရ မယ့် ကိစ္စမျိုး မဟုတ်ပါလား။
'ဟဲ့ ... မနော်၊ မအေးစိန် လေသံမျိုးတွေ ထွက်လာပါလား'
ကျွန်တော်တို့ ရွာတောင်ပိုင်း ပန်းပဲသမား မယား မအေးစိန်ဆိုတာလည်း သူ့လင်နှင့် ရန်ဖြစ်လျှင် ဤသို့ ပြောတတ်ပါသည်။
'ဟုတ်တယ်ရှင့် ... ရှင့်လိုလူကို မအေးစိန် လေသံမျိုးပဲ ပြောရမယ်၊ ရှင်က သူ့လင် ကိုတောက်တဲ့နဲ့ ဘာ ထူးသေး သလဲ၊ ရှင်တို့နှစ်ယောက် သောက်ဖော်သောက်ဖက်၊ စားဖော်စားဖက်၊ ကြံဖော် ကြံဖက်တွေ မဟုတ်လား'
'ဟဲ့ ... မဆိုင်တဲ့လူကို ဆွဲမထည့်နဲ့'
'ရှင့် လူထိလို့ နာသလား၊ ဆွဲထည့်တော့ ဘာဖြစ်သလဲ ကြည့်စမ်းပါဦး မကြိတ်ဆုံရယ်၊ ကိုယ့်ကိစ္စ အောင်မြင်မှ အေးအေးဆေးဆေး မပြီးသေးဘူး၊ ကျွန်မတို့ သားအမိ နှစ်ယောက်ကို ဒုက္ခပေးခဲ့ သေးတယ်၊ သူဥပုသ် စောင့် သွားခါနီးမှာ ဒီနေ့မနက် ရွာထဲ ဘယ်အိမ် ကြက်သားချက်သလဲ လျှောက်စုံစမ်းတဲ့၊ တွေ့ရင် ခြေထောက်ရိုးတောင်းကြည့်တဲ့ ဘယ်လို အမှတ်အသားပါတယ် ဘာညာနဲ့၊ ဒါနဲ့ ကျွန်မတို့ သားအမိမှာ သူ့စကား အဟုတ်ကြီး လုပ်ပြီး ရွာထဲ လျှောက် အနံ့ခံပြီး မေးမြန်းရတယ်။ ကိုချစ်ရာကြီးအိမ်မှာ အားလဲနာပါရဲ့၊ ကြက်သားဟင်းချက်တယ်ဆိုလို့ မလှတင် ဆီ ခြေထောက်ရိုး တောင်းကြည့်ခဲ့ရသေးတယ်၊ အဲဒါဟေ့ ... ဒီကျွန်မသား သရဲကလေး ဟစ်တလုံးကလဲ 'ဒီကြက်ခြေထောက်ဟာ ဟုတ်တော့ မဟုတ် ပါဘူးဗျာ၊ ဒါပေမယ့် ပြန်မယူပါနဲ့ တော့၊ ကျွန်တော် ခြားပစ်လိုက်တော့မယ်' ဆိုပြီး ပြောပြောဆိုဆိုနဲ့ ဂျွတ်ဂျွတ် မြည်အောင် ၀ါးစား ပစ်လိုက်မယ်လို့ မလှတင်သား ဒုံးပေနဲ့ လိုက်လုရင်း ရန်ဖြစ်မယ် လုပ်ကြ သေးတယ်'
'ဖအေ့သား ... ဖအေလိုပဲ သရဲကိုအေ'
ယောက္ခမကြီးက ၀င်နှောက်သည်။ ကျွန်တော် ခေါင်းငုံ့လိုက်သည်။ ကျွန်တော့် မယားက ခေါင်းငုံ့ လိုက်သည်။ ကျွန်တော်မယားက စကားဆက်သည်။
'ဒီရွာစဉ်လျှောက် ဟင်းစုံစမ်းရတဲ့ ဒုက္ခ ဘယ်ကျမှ စခန်းသိမ်းသလဲဆိုတော့ အရီးလေးသဲပွင့် ဈေးက ပြန်လာလို့ စကားစပ်မိတော့မှပဲ ရပ်နားရပါရောရှင်၊ ကောင်မက ကြက်ကလေး ရောင်းတာ နှစ်ကျပ် တစ်မတ် ရသတဲ့၊ အဲဒါ သူ့အိတ်ထဲ ပါခဲ့တာနဲ့ ဖြည့်ပြီးတော့ နိုင်လွန်တစ်ဝတ်စာ ဆယ့်ငါးမူးနဲ့ ၀ယ်သတဲ့၊ သြော် ... ကျွန်မလင်က သူ့ဟာမ နိုင်လွန်ဆင်ကျင်လွန်းလို့ မပြည့်ကာ ဖြည့်ဝယ်ဖို့ အိမ်ကသားကလေး ခမဲ ပေးတဲ့ ကြက်မ ခိုးပေးရတာကိုး၊ တော်ပါပေတယ်ရှင် ... တော်ပါပေတယ်'
'ယောက္ခကြီးသည် တစ်ထောင့် က ထပြန်၏။
ဖြည့်ဝယ်ရတဲ့ ကြက်ဖိုးတင် ဘယ်ဟုတ်မလဲ၊ အရင်က စကားလေးလက်ထဲ ရောက်နေတဲ့ ပိုက်ဆံ ကော သူ ပံ့ပိုး ဒါမျိုး ဖြစ်မှာပေါ့'
ဟုတ်မှာပေါ့ အမေရယ်၊ ဒီအင်္ကျီလောက်တင် ကမယ် မဟုတ်ဘူး၊ ဟော ... အမေ' ကျွန်တော့် မိန်းမ မျက်လုံး မျက်ဖန် တွေ ကျယ်လာကာ ...
'ကျွန်မ သတိရပြီ၊ အရင် ဟောဒီ အမေ့ မြေးမလေး အမေလုပ်ပေးတဲ့ လက်စွပ်ကလေး ပျောက်တာကော'
ဟယ် ... လုပ်ကပြီ။
'အင်း ... သင်း ရှိမှာပေါ့'
ယောက္ခမကြီးက ဆို၏။
ကျွန်တော် ဆတ်ဆတ်ထိဖြစ်ကာ ...
'အမယ်လေး ... ဘုရားစူးပါစေရဲ့ ... မဟုတ်ရပါဘူးဗျာ'
'အလိုလေး ... မောင်တက်ပုရယ်၊ ငါ အသက်ငါးဆယ် ကျော်ပါပြီ၊ ကျွန်တော် ခိုးပါတယ်လို့ ပြောတဲ့သူခိုး တစ်ခါဖူး မှ မတွေ့ခဲ့ဖူးသေးပါဘူး။
ကဲ ... ပိတ်ကရောဟ ငြိမ်သာခံရော့။
သမီး 'ဒါလောက်တောင် ဖြစ်တာမျိုးတော့ ကြား ကြားဖူးပေါင်တော်၊ ကိုယ့်ရင်သွေး ကိုယ့်သားသမီး ပစ္စည်း မှန်း မသိတော့ဘူး'
မအေ 'တိဏှာကိုအေ့ တဏှာ'
သမီး 'သူကတော့ တဏှာမကပါဘူး အမေရယ်၊ နှစ်ဏှာ၊ သုံးဏှာ၊ လေးဏှာ၊ ငါးဏှာ၊ ခြောက်ဏှာ'
မအေ အေးလေ ... သူ့ဟာသူ ဏှာတစ်ရာပဲဖြစ်ဖြစ် ငါလုပ်ပေးတဲ့ ငါ့မြေးပစ္စည်း လာလာထိတာက ခက်လှတယ်၊ ကိုယ့်လုပ်စာနဲ့ ကိုယ်ဏှာဖို့ ကောင်းတယ်'
သမီး အမယ်လေး ... သူ့လုပ်ခကော ဘာရှိလို့ရယ်၊ မ၀တ်ရုံစား မပေါ်ရုံဝတ်နေရတာပဲ' သုံးရ
ဟော ... လုပ်ကပြီဗျ။ ယောက္ခမများ သမီးနဲ့သမက် ရန်ဖြစ်ရင်တော့ ဘယ်တော့မှ ဖျဉ်ဖို့များဖြင့် စိတ်မကူး ကြဘူး။ လင်မယား ခွဲပစ်လိုက်ဖို့လောက်သာ ကြံကြံနေကြတာပဲ။ ဟယ်လို သတ္တ၀ါမကြီး မှန်း မသိပေါင်ဗျာ။ သည်က ကောင်တွေမှာဖြင့် မယားတစ်ယောက်ရဖို့ ရှာလိုက်ရ၊ ကြံလိုက်ရ၊ ဂေါ်လိုက်ရတဲ့ ဖြစ်ခြင်း။ အဆင် မသင့်ရင် ဖိနပ်ရိုက်များတောင် ခံလိုက်ရပါသေတယ်။ သူတို့ဖြင့် သမက်ဆိုတာ မှိုပေါက်သလို အလိုလို ဖြစ်လာတယ် အောက်မေ့ နေကြတယ်။ ညစ်တီးညတ်ပတ် က ပြောလိုက်ကြသေးတယ်။
'ယောက္ခမ နှိမ်နင်းရေးပါတီတို့ မြန်မာပြည်ဆိုတာတော့ ဖွဲ့ဦးမှပါပဲ၊ သမက်ပေါင်းစုံညီလာခံ ခေါ်မယ်ဗျို့'
အင်း ... ကိုယ့်ဆန္ဒပြနေရတာနဲ့ သူ့တို့စကား စတောင် ဘယ်ရောက်သွာပါလိမ့်၊ အဲ ... အဲ ... သူ့သမီးက ...
'ကျွန်မ က သူ့မက်လို့ ပေါင်းနေတာ မဟုတ်ဘူးရှင်။ ဟောဒီသားကလေးတွေ ဖတဆိုး ဖအေကွဲ လေး ဖြစ်နေ မှာ စိုးလို့ပါ'
ဤတွင် ဓားဆိုးမကလေးကိုင်လျက် တိုင်တစ်တိုင် မှီကာ လူကြီးတွေ ပြောစကား ပေ၍ နားထောင် နေသော သားတော်မောင် ဟစ်တလုံးက သူ့အကွက် ၀င်လာသည် ဖြစ်၍ ဟုတ်မှာ
မဟုတ်ဘူး၊ ဒီအဖေမျိုးနဲ့များ ကွဲကွဲဗျာ၊ ကွာတာပစ်လိုက်၊ ဖန်တွေကျ လူ့တဏှာကြီး၊ ဘုန်းကြီး ကျောင်းမှာလဲ ဟိုမြို့ကလာတဲ့ နတံတီး ကောင်မလေးအနား မှာ တွားတချဲချဲနဲ့ နေတာပဲတဲ့၊ မောင်ပုကြီးက ကျောတယ်'
အမယ်လေး ... ကြည့်စမ်း ... ကြည့်စမ်း၊ ကိုယ့်သားကပါ ကိုယ့်ဒီလိုနှိပ်တော့ ကျွန်တော် ဒေါသ ထွက်ကာ ...
'ဟဲ့ကောင်လေး ... ဘာနင်လူကြီးတွေ စကားထဲ ၀င်ပြောရသလဲ၊ နင် သေချင်သလား'
'ခင်ညာကြီး မဟုတ်ဘူးလား၊ ခင်ညားကြီး တေဂျ'
ပြောပြောဆိုဆိုနှင့် ဓားဆိုးမနှင့် လှမ်းပေါက်လိုက်ရာ အမယ်လေး ... ကျွန်တော် ရှောင်လိုက်လို့ တာပေါ့၊ နို့ မဟုတ်ရင် သွေးရဲရဲ သံရဲရဲနှင့် ဖြစ်ရချည့်။
ကျွန်တော် ရှက်လည်းရှက် ဒေါသလည်း ထွက်လာကာ ...
'ကြည့်စမ်း ... ဖအေသတ်မယ့် ဒေ၀ဒတ်ကလေးပါလား'
မယားဒလည်း အနိုင်ခံရ၊ ယောက္ခမလည်း ကြောက်ရဖြစ်နေသော ကျွန်တော်မှာ သားကျမှာပဲ အရှက်ပြေ အစွမ်းပြ ရတော့မည်ဟု ခွေးမသားလေးရိုက်ရန် တစ်ဟုန်တည်း နေရာမှ အထ ယောက္ခမ ကြားဝင် လာတဲ့ ပြီး ...
'ဟေ့ ... ငါ့မြေး လက်ဖျားနဲ့ မထိနဲ့'
လူချင်း မျက်နှာချင်း ဟပ်မိကာ ...
'ကျုပ်သား ကျုပ်ဆုံးမမယ်'
'အမယ် ... နင့်လိုဟာက ဆုံးမမယ် ဆိုတဲ့စကား သုံးရသလား၊ ကလေးက နင့်ပြန်ဆုံးမတာဟဲ့'
'လူကြီး တွေကြားထဲ ဘာဝင်ပြောရတာလဲ'
'သူကပြောတာ ဟုတ်နေလို့ နင်နာတာ မဟုတ်လား'
'ဖယ်ဗျာ ... ကျုပ်သား ကျုပ် ရိုက်မယ်'
'မဖယ်ဘူးဟဲ့ ... မရိုက်ရဘူးဟဲ့'
'ဘယ့်နှယ် ... ဟင်၊ ခင်ဗျားသမီးတုန်းကလဲ ငါ့သမီးမထိနဲ့၊ ကျုပ်သားကျပြန်တော့လဲ ငါ့မြေးမို့လို့၊ ဟင် ... ကျုပ်မှာ ဘုန်းကြီးပျံလဲမမီ၊ ထီးတင်တာလဲမမီ၊ ကြားက မျောက်သစ်ကိုင်းလွတ် ဖြစ်နေပါ ရောလား၊ ခင်ဗျား က ကြားက ခွတုတ်ခလောက်ဆန်မကြီးပါလား'
'အမယ် ... နင်ကများ ငါ့ခလောက်ဆန်မကြီးလေး ဘာလေးနဲ့၊ နင် တော်တော်မိုက်ရိုင်းပါလား'
'မိုက်ရိုင်းတယ်ဗျာ ... ဖယ်'
'မိုက်ရိုင်းတော့ ဒီလိုဆုံးမတယ်ဟယ်'
'ဖြောင်'
ကျွန်တော့် ဇက်ပိုးကို အုပ်လိုက်သည်။
'ဟင် ... ခင်ဗျားကြီးကလား ... ကျွန်တာ့်ကို'
ကျွန်တော် ရုတ်တရက် မွှန်ထွန်သွားကာ ရွှေပွဲလာတို့ ရှေ့မှာ ယောက္ခမအနှက် ခံရတယ်ဆိုတော့ ရှက်လည်းရှက်တာကိုး။ သူ့ကိုယ်ကြီးကို ဆောင့်တွန်းလိုက်မိပါသည်။ အင့်ခနဲ ဖင်ထိုင်ကျသွားရာမှ အလျင် အမြန် ပြန်ထပြီး ...
'ဟင် ... နင် ငါ့ကို လုပ်တယ်ပေါ့'
ပြောပြောဆိုဆို အာဂယောက္ခမ ကျွန်တော့် လည်ပပင်း ၀င်ဖျစ်တော့သည်။
'အမေ ... လုပ် ... လုပ်'
သမီးက ထလာသည်။
'အဘွား ... ချ ... ချ'
သားကပါ ၀င်တွယ်သည်။
ခဏတွင်း၌ ကျွန်တော့်မှာ သုံးယောက်နှင့် တစ်ယောက် သတ်ရတော့သည်။
ကျွန်တော်တို့ ယောက်ျားများက ကိုယ့်ကိုယ်ကို ကာကွယ်ရန်မှတစ်ပါး ကိုယ့်မယား၊ ကိုယ့်သား၊ ကိုယ့်ယောက္ခမကို နာနာကြည်းကြည်း မလုပ်ရက်ကြပါ။ သူတို့ကတော့ တက်အားသမျှ ဆော်ဘိ၏။ မယားက လက်သီးနှင့် တဒုတ်ဒုတ်တေ၏။ ယောက္ခမကြီးက သူချထားတဲ့ ဆေးပေါ့လိပ်ကြီး ပြန်ကောက်ပြီး မီးရဲရဲနှင့် ကျွန်တော့် ကျောပြင်ကို တဖွားဖွား ထိုး၏။
ကြားမကောင်း မြင်မကောင်း၍ အနီးပတ်ဝန်းကျင်က လူများ လာရောက် ဖျဉ်ပြီးသောအခါတွင် ကျွန်တော့် မှာ ဒဏ်ရာဒဏ်ချက်များနှင့် သွေးတွေ ထွက်လို့ပေါ့'
မိန်းမချင်းက သူတို့ကိုတား။ ယောက်ျားပိုင်းက ကျွန်တော့်ကိုဆွဲ။ သည်တော့မှ ကျွန်တော်က ဖိရုန်းရင်း ...
'လွှတ်ကြဗျာ ... လွှတ်ကြဗျာ၊ ဒါတွေ အကုန် သတ်ပစ်မယ်'
ဟာ ... မလုပ်နဲ့ တက်ပု၊ လွန်မယ် ... လွန်မယ်'
နောက်က ဆွဲအားကောင်းလေ ရှေ့က ရုန်းအားကောင်းလေ။
'ဟာ ... လွှတ်ကြဗျာ ... လွှတ်ကြဗျာ၊ ဘာဖြစ်ဖြစ်'
သို့သော် ထုံးစံမို့ ကုန်းသာ ရုန်းနေရသည်။ တကယ် လွှတ်လိုက်မှာလဲ စိုးရိမ်သေး။ တော်ပါသေးရဲ့၊ ဘုရား သိကြား မလို့ မောင်မင်းကြီးသားများ ကျေးဇူးပါပဲ မလွှတ်ကြပါပေဘူး။
ယောက္ခမ ပါတီကလဲ ကျွန်တော် လွတ်လာရင် ထပ်ဆော်ကြဦးမလို့ အင်္ကျီလက်မောင်းတွေ ပင့်လို့ ထဘီ တိုတို တောင်းတောင်း ၀တ်ထားကြလို့။
ကျွန်တော့် အုံမာဒါနီက ...
'ဟဲ့ ... နင့်ကို မပေါင်းဘူးဟဲ့၊ ကွာမယ်'
'ငါကလဲ ကွာမယ်ဟေ့'
အောက်ကျမခံသာ ပြန်ပြောလိုက်ရသည်။ စိတ်ထဲကတော့ ...
ဤအချိန်တွင် ဦးကြီးဖြိုးလည်း ရောက်နေကော ...
'ဟဲ့ ... နင်တို့ဟာက အကွာမြန်လှချေလား၊ ဘယ်လိုဖြစ်ကြတာတုံး'
အုံမာဒါနီက ဟန်ချီချီနှင့် ...
'ကိုယ့်တူပဲ ကိုယ်မေးကြည့်တော့၊ သူ့အပြစ် သူပြောပါစေ၊ ကျွန်မတို့တော့ ပါးစပ်သနလို့ မပြော တော့ဘူး'
'ဟဲ့ ... ကောင်မလေး၊ နင်အပြောက လွန်လှချည်လား'
'ကိုယ့်တူ အပြစ်လွန်ထားတာတော့ မသိသေးဘဲကိုး'
'ငါ ကြားသင့်သလောက် ကြားပြီးပါပြီ၊ နင်တို့ဟာက အဖြစ်က မြန်လှတယ်၊ ဒီနေ့ဆိုတာ အခါကြီး ရက်ကြီး၊ တက်ပု လဲ မနက်က ဥပုသ်စောင့် သွားလို့၊ တကယ်ဆို မနက်ဖြန် သူ ဥပုသ်ပါ ထွက်မှ'
ဦးကြီးဖြိုး စကားမဆုံးမီ မကက်ကက်လန်က ဖြတ်၍ ...
'အမယ်လေးတော် ... သူတို့တူ ဥပုသ်စောင့် သွားတာပဲ အဟုတ်ကြီးမှတ်လို့၊ ဒီမှာ ပြောပါရစေ၊ သူနဲ့ကျွန်မနဲ့ ညားတာ ကလေးနှစ်ယောက် ရပါပြီ၊ ဘုန်းကြီးက ဥပုသ်မစောင့်မနေရဆိုလို့ ကျောင်းသွား သီလယူပေါင်းလဲ များလှပါပြီ၊ အဲဒါ ၀ိကာလဘောဇနာနဲ့ အဗြမ္မစရိယာဆိုတာ ဘာလဲ လို့ သူ့ကို မေးကြည့်ကြစမ်းပါ'
ကျွန်တော် မျက်လုံးပြဲကာ၊ ဟယ် ... ပါတီ နှစ်ခြမ်းကွဲတော့ ပုတ်သင်ဥတွေ ပေါ်ပြီပေါ့။ ပါတီသမား ထုံးစံ အတိုင်းပဲ၊ သူ့ဘက်လည်း ပြန်နှိပ်ဦးမှ ...
'ဟဲ့ ... ငါမသိဘဲ နေပါ့မလား၊ သိတာပေါ့ဟ၊ ၀ိကာလဘောဇနာဆိုတာက နေ့လွဲညစာ စားခြင်းဟ၊ ကဲ ... ငါ ဥပုသ်စောင့်တဲ့နေ့ ညစာစားတော့ ဘယ်သူက ခူးခပ်ပေးသလဲဟ'
'အမယ် ... ဒါက ရှင်က ဆာတယ်ဆိုလို့ ခူးပေးရတာပေါ့'
'အေး ... အဲလိုပဲ မှတ်လိုက်ပါ'
ကျွန်တော် တစ်လုံးချင်း ခပ်ပိုင်ပိုင်ကြီး ပြောချလိုက်ပါသည်။
ငနဲမှ မျက်လုံးဝိုငးဝိုင်းလည်သွားကာ ...
'အမယ် ... ကြည့်စမ်း ... ကြည့်စမ်း၊ စကား တင်စီးသွားလိုက်တာ၊ ဟဲ့ ... သေချင်းဆိုးရဲ့၊ ကာလနာရဲ့၊ မြွေပွေးကိုက် ရဲ့၊ မျက်ပေါက်ကျဉ်းရဲ့'
'ဟဲ့ ... မျက်ပြူးမရဲ့၊ ဇီးကွက်မရဲ့၊ နှာခေါင်းချွန်မရဲ့ ... လင်းကွင်းတစ်ခြမ်းတီးလို့ မမြည်ဘူးဆိုတာ နင့်အမေကို မေးကြည့်ဦးဟဲ့'
'ဟဲ့ ... ငါ့အမေကို နင်စကားထဲ ထည့်မပြောနဲ့ဟဲ့ အယုတ်တမာကောင်ရဲ့၊ ဖုတ်ပြိတ္တာကောင်ရဲ့၊ တိရစ္ဆာန် ကောင်ရဲ့'
'ဟဲ့ ... တစ်တီတူးမရဲ့၊ ပေါင်တံရှည်မရဲ့၊ ခြေသလုံးကြီးမရဲ့၊ ပြော ဘာဖြစ်သလဲဟ'
ကျွန်တော့် ဆွေမျိုးများပါ ရောက်နေ၍၊ အောက်ကျမခံသာ ပြန်ပြောနေရပါသည်။ ကျွန်တော့် စကားတွေ ဘယ်ရောက် လို့ ဘယ်ပေါက်မှန်းတော့ မသိပါ။
'ဟဲ့ ... အကောင်၊ တဏှာ လူယောင်ဆောင်နေတဲ့ အကောင် နင့်ငါမပေါင်ဘူးဟဲ့၊ ကွာမယ်ဟဲ့'
'ကွာဟဲ့၊ ကွာဟဲ့၊ နင်ကတော့ ဘာက လူယောင်ဆောင်နေသလဲ ငါမပြောတတ်ဘူး'
'လာ ... အမေ သူကြီးအိမ် ခုသွားမယ်'
ကံဆိုးချင်တော့ နှစ်ဖက်သော ဆွေမျိုးတွေက ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်ယောက်စလုံးကိုပဲ သောက်မြင်ကတ်ဟန် တူသည်။ ဘယ်သူကမှ တားမယ့်လူမရှိ။
သူကြီး အိမ်ရောက်တော့လည်း သူကြီးမင်းက ...
'ဟဲ့ ... မသင့်တာဟယ်၊ စဉ်းစားပါဦး' ဟု တစ်ခွန်းတည်းသာ ၀တ်ကျေ ၀တ်ကုန်ပြောပြီး ကျွန်တော့်မိန်းမက ...
ကျွန်မတော့ သူနဲ့ ဘယ်နည်းနဲ့မှ မပေါင်နိုင်တော့ဘူး၊ တစ်သက် အပြတ်ပါပဲ' ဟုပြော၍ ကျွန်တော် ကလည်း အောက်ကျ မခံ ...
'ကျွန်တော်ကလဲ နှစ်သက် သုံးသက် ပြတ်ပါတယ်ခင်ဗျာ' ဟုသာ မနည်း ဖျစ်ညှစ်ပြောလိုက်ရပါ တယ်။ သူကြီးမင်း က ဘာမှ ရှေ့မဆက်တော့ဘဲ လင်မယားကွာရှင်းစာ ဖြတ်ပိုင်းသာ ကောက်ရေး တော့တာပဲ၊ ဘယ်လောက်များ ဆိုးတဲ့ သူကြီးလဲလို့၊ တကယ်ဆို နှစ်ခွန်း သုံးခွန်းလောက်တော့ တားပါဦးတဲ့လား။ ကျွန်တော် က သူ့စကားကို နားမထောင်ဘဲ နေမတဲ့လား။ ကျွန်တော်က သူ့စကားကို နားမထောင်ဘဲ နေ မတဲ့လား၊ မိကောင်းဖခင်သားပဲ ဒီလောက်မိုက်ရိုင်းတဲ့လူမှ မဟုတ် ဘဲ။
ခုတော့ ဘယ်တားမလဲလေ၊ သူက ငွေငါးကျပ် အပင်းဆို့ရတာကိုး။
အခန်း (၄) ဆက်ရန်
.

3 comments:
ဆရာသော်တာဆွေ တို့ရေးချက်ကတော့ဗျာ ပိုင်တာနော် အရပ်ပျက်မလေးနာမည်ပေးတာကိုက လှမှလှ ပန်းစုံး)
စာထဲက တောသူတောင်သားတွေ ရန်ဖြစ်ခန်းဖတ်ရတာ အပြင်မှာလဲ အဲဒီလိုဘဲ တကယ်ရန်ဖြစ်ကြတာဘဲ ငါးသည် အသားသည်တွေ ရန်ဖြစ်လည်း ဒီအချိုး ရေးချက်က ပိုင် မျက်လုံးထဲကို တခါထဲ တန်းကနဲမြင်တာ သူကြီး ၀ိုက်တာကလည်း ဟိုးအရင်ခေတ်ကထဲက ကိုးးD စိတ်ထဲရှိတဲ့အတိုင်း အပင်းဆို့ရတာကိုး ။
နောက်အပိုင်းတွေကို မျှော်လျှက်
ဆရာသော်တာဆွေ ရေးထားတာကို အခုနေ ပြန်ဖတ်တော့ ကျနော်တို့ သူငယ်ချင်းတွေ ငယ်ငယ်က ပေါက်ကရ ပြောတာတွေကို အမှတ်ရတယ်ဗျာ။
ဇာတ်ကောင်တိုင်းရဲ့ဆွဲဆောင်မှုက အံ့မခန်းပဲ ဇာတ်ကောင်တစ်ယောက်ပြီးတစ်ယောက် စကားပြောတာကို ကိုယ်တိုင်မနားပဲ ဇာတ်ကောင်အလိုက်ကိုယ်ခွဲပြီးပြောရင်းသရုပ်ဆောင်နေရသလိုပဲ တက်ပုအသံဖြစ်သွားလိုက် မနော်အသံဖြစ်သွါးလိုက် အဘွားကြီးအသံဖြစ်သွားလိုက်နဲ့ တစ်ခါတစ်လေ ဟစ်တလုံးလို စကားမပီပဲကိုယ့်စိတ်ထဲမှာဖတ်ရင်းပြောမိနေပါမပကောလား
Post a Comment