Tuesday, November 16, 2010

သော်တာဆွေ ၏ ဘွန္တောကြက်သူခိုး အပိုင်း (၉)

အခန်း(၆)

လာပါ၊ လာပါ မကြည် ရဲ့ တို့၊
တကယ်စောင့်တဲ့အချိန်
မလွယ်ပေါက်နဲ့အိမ်၊
ဝင်တော်မူပါ၊ ကလိန် ကလိန်၊
ကြိမ်ကြိမ်ကြည်ကြည် ပြောမယ်၊
ဘကြီးသားသဘောက၊
စောစောဝင်ကာ မချိန် မချိန်
မကြည် က ချစ်လျက်နဲ့၊
တပင် အ တဲ့ နုတဲ့ ကလိန်၊
မစားနိုင် တပိန်ပိန်
မသောက်နိုင် တလိန်လိန်
ကိုကလိန် ဦးတော်ချလို့နှိမ်၊

ကျွန်တော်တို့ ပုဆိုး လည်ပင်းရောက် အရွယ်တုန်းက သိပ်ခေတ်စားခဲ့တဲ့ သီချင်းပေါ့၊ ဓာတ်ပြားရှိ တော့ တစ်ပြည်လုံး ကလေးလူကြီး ဆိုကြတယ်၊ မူရင်းက အငြိမ့်မင်းသမီး ဗလကြည် ကာလသား တွေ သွားရည်ကျ သပေါ့။
'ကိုကလိန်' ဆိုတာက ဗလကြည်က သူ့ချစ်သူ ရည်းစားကို ချစ်စနိုး ခေါ်တာ ခင်ဗျာ၊ ခုခေတ် ကလိမ်ပဲ၊ ဘာပဲ ညာပဲ ဆိုတာလို နှိမ့်ချတဲ့စကား မဟုတ်ဘူးဗျ၊ သူ့ခေတ်နဲ့သူတော့ 'လူရည်လည်၊ လူရည်တတ်' လို့ ခေါ်မှာ ထင်ပါ့ဗျာ။

ဦးကလိန်ရေ၊
ယခုအချိန်မလေ၊
ပြုချိန် နုချိန်၊
ကိုကိုတို့ရဲ့၊
မောင်မောင်တို့ရဲ့၊
ဆိုတာတောင်၊
ရိုးသားလှသကွယ့်၊
မောင်တော် ဦးကလိန် ...
'ကလိန်' ဆိုတဲ့ စကား ဘယ်လောက် အသားပေးထားသလဲဆိုတာ အဲသည် သီးချင်းမှာပဲ သိနိုင်ပါ တယ်။

အဲသည် အချိန်တုန်းက ကျွန်တော် မောင်တက်ပုတို့များ 'မောင်ကလိန်' လို့ 'ကိုကလိန်'လို့ အခေါ်ခံ ချင်လိုက် တာလေ၊ နန့်နန့်တက်လို့၊ ဒါပေမယ့် ရွှေပန်းငေါက်တောက် အရွယ်မရောက်သေးတဲ့ အကောင်ဆိုတော့ အခေါ်မခံခဲ့ရပါဘူး၊ အဲ ... ဦးကြီးဖြိုးတို့က သည်အခါမှာ လူပျိုကိုး၊ လူကလည်း လူရည်သန့် လူခန့်ထဲက အငြိမ့်စင် ထောင့်ကကြည့်ရင်း ဗလကြည်က သူ့ဘက်မျက်စလလေး ပစ်လိုက်ပြီး 'ဦးကလိန်ရေ ယခု အချိန်မလေ' လို့ ဆိုလိုက်မှဖြင့် ဘသားချောကြီး သဘောကျ လွန်လွန်းလို့ နောက်က လူရိုက် သွားတာ တောင် မသိလိုက်ဘူးတဲ့။

စံဖဲအကြောင်းမပါရင်၊
ဒေါသနဲ့အပြစ်တင်၊
မေးရင်ဖြင့် ဘယ်မှာ၊
ဂျာနယ်တွင်၊
ဒီလိုပါ မာမီရယ်၊
သာစည်နယ်အတွင်း၊
ဘုန်းတော်ကြီး မယ်တော်ပျံတွင်၊
ကိုစံဖဲ၊ မောင်စံဖဲ၊
ပွဲကြည့်လာတာမြင်၊

မြန်မာပြည်မှာ ဈေးဦးပေါက် အင်္ဂလိပ်အစိုးရကို တောခိုပြီး ဆိုးနေတဲ့၊ တောပုန်းကြီး စံဖဲသီချင်းပေါ့။ (ရွှေကြီးညို လာရင် ... ခေါင်းပေါင်းစ ဘေးတင်၊ မေးရင်ဖြင့် လူပျို' ဆိုသော သီချင်းအလိုက်ကို ယူရေးခြင်း ဖြစ်သော်လည်း ကိုစံဖဲကြီး တန်ခိုးကြောင့် သူ့မူင်း သီချင်းထက်ပင် ခေတ်စားပါသည်။)

ခုနှယ်ခါ ဆုငွေငါးထောင်၊
မကြုံဖူးပါဘူးမောင်၊
ဂုဏ်ထူးတဲ့မောင်၊
ဆရာစံ ကမ္ဘာဥာဏ်၊
ဂဠုန်အပေါင်းဆောင်၊
သူ့ပုန်ခေါင်းဆောင်၊
ဖမ်းနိုင်သူ ပြေရွာအတွင်းက၊
ချက်ချင်းယူလှည့်မောင်၊
ငါးထောင် ... ငါးထောင် ... ငါးထောင်၊

ကျွန်တော်သည် ဤသီချင်းခံ သီချင်းကြီးသုံးပုဒ်ကို တလှည့်စီ ပလွေမှုတ်ကာ ရွာရိုးတွင် ကျူကျူဝေ တော့လေ သည်။ နေ့ရောမှုတ်၊ ညရောမှုတ် အခေါက်ခေါက်အခါခါ၊ မယားရှိနေတဲ့ ယောက္ခမကြီး အိမ်ရှေ့ မှာ ပို၍ လျှောက်၏။

ဘယ့်နှယ်လဲ 'လင်မယားကွဲတဲ့အခါမှာ တမှိုင်မှိုင် တွေတွေ လုပ်နေရင် မယားက အထင်သေးပြီး ငါ ဒီကောင် မျိုး ပြန်လိုချင်ရင် ဘယ်အချိန်မဆို ရနိုင်တဲ့ ပဲလို့ မာနတက် အေးစက်စကနဲ့ ၀မ်းသာနေ တတ်တယ်၊ အဲ ... ယောက်ျားက ၀တ်ကောင်း စားလှနဲ့ ပျော်ရွှင်နေတာမြင်တော့ သူတို့စိတ်ထဲ တစ်မျိုးပဲ၊ မခံချိမခံသာ ဖြစ်လာပြီး ဒီလင်ကို ပြန်မက်မောလာတယ်၊ ဒီပြင့် မိန်းမနဲ့ ယူသွားမှာ မနာလို ဖြစ်လာတယ်'လို့ ဦးကြီးဖြိုးက သြ၀ါဒ ပေးသွားတာကိုး။

'ဒါနဲ့ ကျွန်တော့်မှာ မချိလို့ ဖြဲတဲ့သွား ရယ်နေတယ်ထင်ရအောင် ရှပ်အင်္ကျီ လျှော်ပြီးသားကလေး ၀တ်၊ ပုဆိုး လတ်လတ်ကလေး စည်း၊ သဘက်ဖြူဖြူကလေး ခေါင်းပေါင်းပြီး စလေအညာက ပလွေ ဆရာ လုပ်ရ တော့တယ်။
'လာပါ ... လာပါ ... မကြည့်ရဲ့' တစ်လှည့်၊ 'စံဖဲအကြောင်းမပါရင်' တစ်ကြိမ်၊ 'ဆရာစံ' တစ်ကျော့နဲ့ ရွာတစ်ရိုး မှာ ဟိုးဟိုးကျော်သွားအေင် ညမှောင်လည်းမှုတ်၊ နေပူလည်းမှု၊ မိုးရွာလည်း နီးရာအိမ် ခပ်သုတ်သုတ် ကလေး ၀င်ပြီး မှုတ်၏'။

သုံးရက်အကြာ သူကြီးအိမ်မှာ ဟိုမိန်းမကြီးနဲ့ အမှုဆိုင်တဲ့ တစ်နေ့သာ တော်တော်ကြာလေး နားခဲ့ တယ်။ ဤနေ့ ၌ သူကြီးမင်းက ကောက်ချက်ချလေသည်။

သားနံရည် ဒိစကြိတ်၊ စုစပ်မြို့အပိုင်၊ လှည်းဝင်ရိုးပင်ရွာ ဓားပိုင် သေနတ်ကိုင် အမိန့်တော်ရ၊ လယ်ပျက်၊ စားကျက် တစ်ခု အပိုင် စားရသော 'ငါသူကြီးမင်း အမိန့်တော် ချမှတ်လိုက်သည်။
လှည်းဝင်ရိုးပင် ရွာ သိပ်ပျက်ထပ်ပြင် ဒကာ မောင်ဖုအင်း၏သား မောင်တက်ပုအား ၄င်းရွာနေ ဆန်ကွဲ ဖွဲနုသယ် မဂျမ်းပုံကြီးက သူ့သမီးဖွတ်ကြီးကို ယင်းငတက်ပုက ညအချိန်မတော် သန်းခေါင်ကျော်၌ အချောင်နှံ ရန် ကြံစည်သည်ဟု စွပ်စွဲသောအမှုတွင် ငါသူကြီးမင်း၏ အမိန့်တော် ရကျေးရွာစံထောက်ကြီး ဦးဂန်ဂျား ၏ စုံထောက်ချက်မှာ.....

(၁) မောင်တက်ပုက သရက်ပင်ပေါ်၌ ပျားတက်ဖွပ်တာပါဟု ထုချေသည်ကို ဂျမ်းပုံကြီးက အစဖျောက်ရန် လက်ကျန်သရက် ကိုင်းငုတ် အရင်းက ထပ်ခုတ်ပြီး ရွှံ့နှင့်သုတ်ထားကြောင်း မျက်မြင်သက်သေနှင့် ပြနိုင်၏။

(၂) ၄င်းသရက်ကိုင်းကိုလည်း ရအောင်ရှာ၍ မောင်တက်ပု၏ ပျားအုံအကိုင်းတံနှင့် တစ်ကိုင်းတည်း ဖြစ်ကြောင်း ပြနိုင်သည်။

(၃) စင်စစ်ဧကန် မောင်တက်ပုက သူ့သမီးဖွတ်ကြီးကို ကြံချင်ရိုးမှန်လျှင် သရက်ပင်ပေါ်မှတစ်ဆင့် ကူးရန် မဟုတ်၊ ဖွတ်ကြီးခေါင်းရင်းက ဖွင့်ထားသော ပြတင်းပေါက် အောက်နှုတ်ခမ်းမှာ မြေမှ လက်လှမ်း မီသောကြောင့် တံခါးပေါက်ဆွဲ၍ ထရံခြေကန်ပြီးတက်ဖို့သာ ရှိကြောင်း၊ ငါသူကြီးမင်းကို နည်းပေးလမ်း အကြံပေး သလိုပင် ခေါ်ပြသဖြင့် ငါလည်း ၀ါသနာပါပါနှင့် လိုက်ကြည့်ရာ ဟုတ်နေ၏။

ထို့ကြောင့် ဂျမ်းဘုံကြီး၏ စွပ်စွဲချက်သည် မဟုတ်မမှန် သူ့သမီးပေါတာကြီး အစွံထုတ်ချင်၍ လုပ်ကြံ ကြောင်း ထင်ရှားသည်။ မောင်တက်ပု တရားသေလွတ်စေ။
မောင်တက်ပု ပျားခိုးဖွပ်ကြောင်း ပေါ်သော်လည်း ဂျမ်းဘုံကြီးက သူ့သရက်ပင် ပျားမစွဲကြောင်းနှင့် လီစယ် လုပ်ကြံ၍ အမှုစွဲသောကြောင့် သူ့ပျားအုံဖိုးလဲ မပေးနဲ့တော့။ ဦးဂန်ဂျားစုံထောက်ခ ငါးမူးနဲ့ ငါတရားစီရင်ခ ခြောက်မူး ကို မောင်တက်ပု ပေးစေ။

'အင်း.... သူကတောင် တစ်မူးပိုလိုက်သေး'
သို့သော် ဤတစ်ကျပ်တစ်မူးနှင့် ကိစ္စပြီးသားတာပဲ ကျွန်တော်အဖို့ တော်လှပါပြီ။ နို့မဟုတ်လျှင် ဒီပေါတောမ ဖွတ်ကြီး ကို ကျွန်တော်ယူရ၍ ကျွန်တော့်မယားအလှ မနငွေမြိုင်ကြီး လက်လွှတ်ရပေ တော့မည်။ မငွေမြိုင် ရယ်... မြိုင်ရယ် ခုတော့ မျှော်လင့်ချက် ရှိသေးတယ် မှုတ်လားကွယ်။

စုံထောက်ကြီး ဦးဂန်ဂျားပဲ အားကိုးရပေတော့မည်။ ယခုအမှု၌ သူစုံထောက်ပုံမှာ ကျွန်တော်၏ ပျားအုံလက်တံနှင့် သက်ရက်ကိုင်းလက်ကျန် ဆက်ပြနိုင်မှ ပျားဖွတ်ကြောင်း မည်ရည်မည် ဖြစ်သောကြောင့် ကျွန်တော်တို့ သူကြီးအိမ်နေချိန်၌ သူသည်ပျားအုံကိုင်းတံကိုယူ၍ ၄င်းသက်ရက် ပင်ပေါ် သွားရောက် ဆက်ကြည့်ရာ ပထမ၌ သရက်ကိုင်း အစအနရာမတွေ့သောကြောင့် သူ့နှုတ်ခမ်းစပ် မျက်လုံးကလေး ပြူးသွား ချေသည်။

နောက်စုံထောက်တို့၏ စူးစမ်းခြင်းဖြင့် သေသေချာချာ ကြည့်တော့မှ တစ်နေရာတွင် ရွှံ့သုတ်ထား သည်ကို တွေ့ ၍ အစပေါ်လေသည်။
သို့တိုင် မဂျမ်းဘုံ ဤမနက် သရက်ကိုင်းခုတ်ကြောင်း သက်သေပြနိုင်ရန်နှင့် ၄င်းသရက်ကိုင်းကို သူကြီးရှေ့ ပြဖို့က လိုနေပေသေးသည်။

ပထမအချက်ကား မဂျမ်းဘုံအိမ် ခေါင်းရင်းဘက်က မဖွားမြင့် ချည်ဘုံပေးပေးသော တရုတ်ကလေး နှင့် ညားသွားသည်ကို (သူလည်း ဤတရုတ်ကလေးအား သမက်ဖမ်းရန် မှန်းခဲ့သောကြောင့်) မနာလိုဖြစ်ကာ 'ဒီတရုတ်မျက်မှေးလေးနှယ်တော်၊ ငါ့သမီးတော့ မကြိုက်ဘူး၊ ဒီကျောက်ပေါက်မာ နဲ့ဟာမှ ယူရသလား' ဟု စကားဆိုဖူးသောကြောင့်' မဖွားမြင့်ကရန်ငြိုးထားသည်။ ထို့ကြောင့် မဖွားမြင့်က ဤမနက် မဂျမ်းဘုံကြီး သရက်ကိုင်း ချိုးတာ မြင်ကြောင်း သက်သေလိုက်လေသည်။

ဒုတိယအချက်၌ကား ကျွန်တော်တို့ စုံထောက်ကြီးတော်တော်ပင် စွန့်စွန့်စားစား ပြုလိုက်ရသည်။
မဂျမ်းဘုံခုတ်သော ၄င်းသရက်ကိုင်းမှာ သူတို့ထင်းစင်တွင် ရှိနေမည်ဟု တွက်ဆသည်။ ထင်းစင်းမှာ အိမ်ခြေရင်း ဘက် တွင်ရှိသည်။ ထင်းစင်နှင့်အိမ်အကြားမှာ မောင်းဆုံရှိသည်။ မောင်းဦးသည် အိမ်ဘက်သို့ လှည့်သည်။

ဦးဂန်ဂျားသည် ပေါတောမကြီးတော့ ဂရုစိုက်သည် မဟုတ်၍ ဒေါ်ဂျမ်းဘုံမရိုခိုက် အိမ်ခြေရင်းဘက် စောင်ရင်းအောက် မှ လေးဘက်ထောက် ၀င်ခဲ့သောအခါ၌ ဖွတ်ကြီးသည် ထင်းစင်ကိုကျောခိုင်းကာ ဆန်ဖွတ် လျက်ရှိသည်။ ထင်းစင်မှာ ရင်ဘတ်လောက်သာ မြင့်၍ အတန်းဖြစ်ရာ၊ ဦးဂန်ဂျားသည် ကုန်းကုန်း ကုန်းကုန်း နှင့် လျှောက်ကာ သရက်ကိုင်းကို ရှာလိုက်၊ တစ်ချက်တစ်ချက်၌ ဖွတ်ကြီး၏ အရိပ်အခြည်ကို ကြည့်လိုက် လုပ်နေ၏။

ဖွတ်ကြီးကား ထဘီရင်လျားနှင့် နိမ့်တုံမြင့်တုံ သူ့တင်ပါးဆုံကြီးနှင့်သာ မောင်းနင်းနေသည်။ နောက်ကို ပြန်၍ လှည့်မကြည့်ချေ။
ထို့ကြောင့် နောက်ဆုံး၌ ဦးဂန်ဂျားသည် မိမိလိုချင်သော သရက်ကိုင်းကို အောင်မြင်စွာ ရရှိလေသည်။ သို့သော် လူတို့၏ လုပ်ငန်းတို့မှာ များသောအားဖြင့် အေးအေးဆေးဆေး မပြီးတတ်လေရကား၊ မိမိ လိုချင် သော ပစ္စည်းလကထဲရောက်မှပင် နောက်က ဒေါ်ဂျမ်းဘုံကြီး၏ တစ်ဟုန်တည်း ဆဲသံကိုကြားရ၍ ခွေးပြေး ပြေးပြီး ၀င်းခြံက သစ်ပင်ကြက်ဆူပင်တို့ အကြားမှ နွားတိုးတိုး၍ ထွက်ကာသူကြီးအိမ်သို့ ကဆုန်စိုင်းခဲ့ရ၏။

သူ နားသောတဆင်ခဲ့ရသည်များကား......
'ဟဲ့...... သေချင်ဆိုးကြီးရဲ့၊ နှာခေါင်းကျိုးကြီးရဲ့၊ ကာလနာကြီးရဲ့၊ နင့်နဲ့ ငါ့သမီးနဲ့ တန်သလားဟဲ့၊ အမဲရိးနယ် ဟင်းအိုး မှအားမနာတော်... ဘုရင့်စားတော်ပွဲ ကျီးဝဲလို့ရမလားဟဲ့၊ နင့်လိုကောင်က သဲကြီးလို, မိကျေးတို့လို ခွေးပေး လို့ ၀တ်မစားတဲ့ ဟာမကြီးတွေမှ ရမယ်မှတ်လိုက်ပါ၊ ငါ့သမီး က အပျိုစစ် တစ်တစ်ရစ်ရစ်ကြီးဟဲ့၊ ဘယ်နှစ်တော် ..... ကျုပ်သမီး နေ့ကြံတဲ့လူကကြံ၊ ညကြံတဲ့လူကကြံ ရန်များလှချေလား အရပ်ကတို့ရဲ့၊ ကျုပ်သမီး နားက တစ်ဖ၀ါးခွာလို့မှ မဖြစ်တော့ပါလား၊ သမ္မာဒေ၀နတ်ကောင်းနတ်မြတ် များက ကြည့်နေကြ တော့မှာလား'

ရွာကျော်အောင် အော်လိုက်၏။ ဖွတ်ကြီးမူကား နားလေးသူဖြစ်၍ သူ့အမေအသံကို သဲ့သဲ့မျှာသာ ကြား သဖြင့်  ဆန်ပြာနေရာမှ ဆန်ကော ခဏရပ်ကာ...
'အမေ့....ဘာလဲ'
'ဟဲ့....ညည်းကို နှာခေါင်းကျိုးက ဟိုထင်းပုံကွယ်က ချောင်းပြီး နောက်ကနေကြံနေတယ်၊ ညည်း ဘာမှမသိဘူး၊ ညည်းကို ဟိုလူကြံ, ဒီလူကြံ ကြံနေကြပြီ၊ ညည်းသတိထား'
သို့သော် ဖွတ်ကြီးကား အေးစက်စက်ပင်။

'ကြံကြံတော် ....ဒါကကိုယ့်သဘောပါ၊ ကိုယ်ပါမှ သူတို့ရမှာပါ' ဆိုပြီး ဆက်၍ပြာ၏။
အအေကား မနေသေးချေ။ သူကြီးအိမ် ချက်ချင်းသွားပြီး...
'နှာခေါင်းကျိုး သက်ကျားအိုကြီးက သူ့သမီးပျိုအား နေ့ကြောင်တောင် နောက်ကနေကြံစည်နေတာ သူ့မျက်မြင် မိနေကြောင်း' တိုင်ကြားလေ၏။
ဤအချိန် ၌ ဦးဂန်ဂျားမှာ သူကြီးအိမ် အရင်ရောက်နှင့်ကာ လက်ထဲတွင် ဟိုသရက်ကိုင်းစ ပြနိုင်လို့သာပ၊ နို့မဟုတ် ဒုက္ခ။

ဆက်ရန်
.

1 comment:

ကိုဇော် said...

ဖတ်စ်....
မျှော်....