ကျွန်တော်နှင့် အိုးဝေ ဦးညိုမြ
စာရေးသူ - ကာတွန်းဖေသိန်း
စာရေးသူ - ကာတွန်းဖေသိန်း
လွန်ခဲ့သော လေးငါးလခန့်က ကျွန်တော်သည် မမျှော်လင့်ဘဲ အလွန်ဟောင်းနွမ်းနေသော ဆောင်းပါး ဟောင်း တစ်စောင် ကို ဖတ်မိပါသည်။ ဆောင်းပါးအမည်က.....
'ဗိုလ်ချုပ်နှင့် ကျွန်တော်’
ရေးသူ- ညိုမြ (ခေါ်) မောင်သုမန။
ရေးသူ- ညိုမြ (ခေါ်) မောင်သုမန။
ထိုဆောင်းပါး မှာ အိုးဝေမဂဇင်း (၁၉) တွင် ပါရှိသော သမိုင်းဝင်မည့် ဆောင်းပါဖြစ်သောကြောင့် စိတ်ပါ ၀င်စားစွာ ဖတ်မိပါသည်။ ဤသို့ ဖတ်မိသည်နှင့် 'ကျွန်တော်နှင့် ဦးညိုမြ' အကြောင်း ရေးလိုက်ခြင်း ဖြစ်ပါ သည်။
'ဗိုလ်ချုပ်နှင့် ကျွန်တော်' ဆောင်းပါးမှာ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် သတင်းစာ ဆရာကြီ၊ စာရေးဆရာကြီးအဖြစ် ထင်ရှားကျော်ကြားခဲ့သည့် ဦးညိုမြ(ခေါ်) မောင်သုမနတို့ အကြောင်း ပင် ဖြစ်ပါသည်။ ဤနိုင်ငံခေါင်းဆောင်ကြီးနှင့် နိုင်ငံ့စာဆိုတော် အကျော်အမော်ကြီးတို့ကြားတွင် ယခု ကျွန်တော် ၏ ဆောင်းပါးမှာ ဆွမ်းဆန်ထဲ ကြွက်ချေးရောမိ လေပြီ။
သို့သော် ကျွန်တော်ရေးလိုသည်မှာ ကာတွန်းဆရာတစ်ယောက် ဖြစ်လာမည့် ကျွန်တော်နှင့် ဦးညိုမြတို့ ဆုံဆည်း မိပုံကလေးပင် ဖြစ်ပါသည်။ ထိုဆုံဆည်း မိပုံကလေး ပင် ကျွန်တော်၏ ကာတွန်းဆရာ ဘ၀ ပဋိသန္ဓေ တည်ရာ ဖြစ်တော့သည်။
၁၉၄၆ခုနှစ်၊ ကျွန်တော် ရန်ကုန်တက္ကသိုလ်သို့ ရောက်စ။
တစ်နေ့တွင် ကျောင်းနံရံ၌ ကပ်ထားသော ပိုစတာမှာ ကျွန်တော်အား နေမထိထိုင်မထိ ဖြစ်စေ ပါသည်။ ပိုစတာ ကတော့ ...
'ယနေ့ညနေ (၄)နာရီ၊
အမေရိကန်ပြည် သတင်းစာဆရာ ဦးညိုမြ ၏ သတင်းစာပညာ ဟောပြောပွဲ'
ကျွန်တော်သည် တက္ကသိုလ် မရောက်မီ အထက်တန်း ကျောင်းသားဘ၀ (သပိတ်မှောက် ကျောင်းသား ဘ၀) ကပင် ညိုမြရေးခဲ့သော 'နမ့်ကြာညို'၊ 'နွားနှင့်သပိတ်' စသော ဆောင်းပါးများကို အကြိုက် တွေ့သူ ဖြစ်၏။ ထို့ပြင် သူ၏ 'ငရဲခွေးကြီး' ဆောင်းပါးတို့ကြောင့်လည်း တိုင်းပြည် တုန်လှုပ်သွားစေသည်။ 'ငရဲခွေးကြီး' ဆောင်းပါး မှာ အင်္ဂလိပ်လို ရေးထားသောကြောင့် ကျောင်းသားလေး အရွယ်မျှသာဖြစ်သော ကျွန်တော် လုံးဝနားမလည်။ သို့သော် 'ညိုမြ'ကို ကျွန်တော်သည် ကျောင်းသားအရွယ်ကပင် ကြည်ညိုနေသူ ဖြစ်၏။ ထို့ကြောင့် ဦးညိုမြ၏ ဟောပြောပွဲကို ၀မ်းပန်းတသာ တက်မိပါသည်။
ဟောပြောပွဲလုပ်သည့်အခန်းကား ကျဉ်းလှသည်။ ထိုစဉ်က စစ်ပြီးစဖြစ်သောကြောင့် ပင်မ တက္ကသိုလ်ကြီး ကို အင်္ဂလိပ်စစ်များက ဆေးရုံကြီးအဖြစ် လုပ်ထားကာ အဆောင်များကိုလည်း စစ်သားများ တပ်စွဲ ထားလေသည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်ကို ယာယီ ဘီအိုစီကောလိပ် အဆောက်အအုံနှင့် တဲများ ထိုး၍ ပညာသင်ကြားရသည်။ ဟောပြောပွဲကို ထိုဘီအိုစီ အဆောက် အအုံရှိ အခန်းတစ်ခန်းတွင် ကျင်းပရာ အခန်း က ကျဉ်းလှသည်။ 'အမေရိကန်ပြန် သတင်းစာဆရာ ဦးညိုမြ' ဆိုသည်နှင့် ဆရာများရော ကျောင်းသား များပါ ခန်းလုံးပြည့်သွားသည်။ ကျွန်တော်ကား နေရာမရ၊ နောက်ဆုံးမှ မတ်တတ်။
ဟောပြောပွဲစပါပြီ။ အခန်းအနားမှူးမှာ ဆရာဦးဘသောင်း (မောင်သုတ)၊ အခမ်းအနားမှူးက ပရိသတ်ကို ဦးညိုမြ နှင့် မိတ်ဆက်ပေးပြီး ဦးညိုမြကို ပွဲထုတ်လိုက်ပါတော့သည်။ ဦးညိုမြကား စာရေးကောင်းသလောက် စကားပြော လေးသူ ဖြစ်ပါသည်။ ဟောပြောပွဲတွင် အသံချဲ့စက်က လည်း မရှိသေးသောကြောင့် သူ့အသံမှာ တိုးလည်းတိုး၊ အပြောက နှေးလည်းနှေး။ အင်း ... အဲ ... အဲ ... နင့်ပင်ပြီးသွားသည်။ ကျွန်တော် အပါအ၀င် ပရိသတ်ကား အားမလို အားမရ။
သို့သော် ဦးညိုမြက
'အင်း ... အဲ ... ကျွန်တော်ကတော့ စကားမပြောတတ်ဘူး၊ ခင်ဗျားတို့ သိလိုတာ မရှင်းလင်းတာ ရှိရင် မေးကြပါ။ ကျွန်တော် ဖြေပါ့မယ်'
ထိုအခါ ကျွန်တော်သည် အလွန်ဝမ်းသာသွားကာ 'မေးခွန်း' တစ်ခု မေးရန် ဆုံးဖြတ်လိုက်ပါသည်။
တစ်ယောက် ထမေးလိုက်၊ ဦးညိုမြက ဖြေလိုက်၊ နောက်တစ်ယောက် ထမေးလိုက်၊ သူက ဖြေလိုက်နှင့် ကျွန်တော် မေးရန် ကြိုးစားသော်လည်း ကျွန်တော့်အလှည့်ပင် မရောက်။ ကျွန်တော် က ထမေးရန် မလို။ နောက်ဆုံး မှ အသင့်ရပ်၍ နေရသူ ဖြစ်ပါ သည်။ ရှေ့ဆုံးမှ လူများ တစ်ဦးပြ တစ်ဦး တစ်ယောက်ပြီး တစ်ယောက် မေးနေကြသည်။ ဖြေကြားသူ ဦးညိုမြမှာလည်း အေးအေးနှင့် လေးလေးကြီး ဖြေနေတော့ သည်။ တစ်ဦးမေး၍ ဖြေကြားအပြီးတွင် ကျွန်တော်မေးရန် အားယူ လိုက်စဉ် အခမ်းအနားမှူးလုပ်သူ ဆရာ ဦးဘသောင်း က ...
'ပရိသတ်လည်း အတော်ငြီးငွေ့သွားပါပြီ၊ ဦးညိုမြ အမေရိကန်ပြန် သတင်းစာဆရာဖြစ်သလို ကျွန်တော် လည်း ဂျပန်ပြန် သတင်းစာဆရာပါပဲ' စသည်ဖြင့် သူ့အတွ့အကြုံနှင့် ဦးညိုမြ ဟောပြော ချက်ကို ကိုးကားပြီး ပြောကြား သွားလေသည်။ နိဂုံးချုပ်သော် ဦးညိုမြ ၏ ဟောပြောပွဲမှာ ဆရာ ဦးဘသောင်း၏ ဟောပြောပွဲပင် ဖြစ်သွား လေသည်။ မကြာမီပင် ဟောပြောပွဲ ပြီးသွားတော့သည်။
ဟောပြောပွဲ ပြီးသွားပြီဖြစ်သောကြောင့် ကျွန်တော်မှာ မေးလိုသော မေးခွန်းတစ်ခုကို မမေးလိုက် ရဘဲ ခဲလေ သမျှ သဲရေကျသွားပါပြီ။ သို့သော် ကျွန်တော် မေးလိုသော မေးခွန်းကို ဟောပြောပွဲမှာ လူလယ်ခေါင် ထ၍ မေးမိပါ က ကျွန်တော်ဘ၀သည် တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်သည်။
ကျွန်တော်သည် ဟောပြောပွဲခန်းမမှ စိတ်ပျက်စွာ ထွက်လာခဲ့သည်။ မကြာမီ ခပ်လှမ်းလှမ်း ဆင်ဝင် အောက် တွင် ဦးညိုမြ တစ်ယောက်တည်း တစ်စုံတစ်ဦးကို စောင့်နေဟန် တူသည်။ ထိုအခါ သူ စောင့် နေသော တစ်စုံတစ်ဦးမှာ မည်သူဖြစ်သည်ကို ကျွန်တော် ချက်ချင်း အတပ်သိလိုက်လေ သည်။ သူ စောင့်နေသူ မှာ ကျွန်တော်နှင့် တစ်တန်းတည်း တက်နေသူ ခင်သန်းနွယ် (မယ်တက္ကသိုလ်တတိယ) ဖြစ်၏။ သူတို့ မကြာမီ လက်ထပ်ကြတော့မည်ဆိုသော သတင်းကား တက္ကသိုလ်အနှံ့ ပျံ့နေပါပြီ။
ကျွန်တော်သည် ဆင်ဝင်အောက်တွင်ရှိသော ဦးညိုမြထံ တန်းသွားမိပါသည်။ အနားရောက်သော် ...
'ကျွန်တော်အခုန ဆရာ့ဟောပြောပွဲကို တက်ခဲ့ပါတယ်၊ မသိတာရှိရင် မေးပါဆိုလို့ မေးမလို့ပဲ၊ အချိန် မရတာ နဲ့ မမေးလိုက်ရတော့ဘူး'
'မောင်ရင် က ဘာမေးချင်လို့လဲ'
'ကာတွန်း နဲ့ ရေးဆွဲသူ ကာတွန်းဆရာ ကို အရေးယူနိုင်ပါသလား၊ တရားစွဲနိုင်ပါသလား'
ကျွန်တော် မေးလိုက်သည် နှင့် ကျွန်တော့်ကို သေသေချာချာ ကြည့်ပြီး ဆန်းသလိုလို ဖြစ်နေဟန် တူသည်။
သူ၏ ဟောပြောပွဲတွင် မေးကြသော မေးခွန်းများမှာ သတင်း၊ ပင်တိုင်ဆောင်းပါး၊ ခေါင်းကြီးပိုင်း၊ ကြော်ငြာ တည်းဖြတ်ခြင်း၊ စာစီများ၊ ပုံနှိပ်ခြင်း စသည်တို့သာ ဖြစ်သည်။ ယခု ကျွန်တော်မေးလိုက် သော မေးခွန်းမှာ ကာတွန်း ဖြစ်နေသောကြောင့် အဆန်း ဖြစ်နေသည်။ ထိုအခါ သူသည် ပြုံးစိစိ ကြီးလုပ်ကာ ...
'မောင်ရင် က ကာတွန်းဝါသနာပါလို့လား၊ ကာတွန်းဆရာလား'
'ကျွန်တော် ကာတွန်းဝါသနာပါလို့ပါ'
'သတင်းစာပညာ မှာ ကာတွန်းဟာ အလွတ်လပ်ဆုံးပေါ့၊ တရားစွဲလို့ မရဘူး။ အရေးယူလို့ မရဘူး၊ အရေးယူ လို့ မရဘူး။ ကာတွန်းကို ဆပ်ကပ်လူပြက်လို သဘောထားကြတယ်။ ကာတွန်းနဲ့ဖက်ပြီး ဒေါသဖြစ်တဲ့လူဟာ အရည်အချင်း မပြည့်တဲ့လူဘဲလို့ ယူဆကြတယ်'
ဦးညိုမြ သည် နှေးနှေးနှင့် လေးလေးကြီး ပြောပြနေပါသည်။
'အင်း ... ဒါပေမယ့် ... တချို့ နိုင်ငံတွေမှာတော့ ကာတွန်းဆရာတွင် မဟုတ်ဘူး။ သတင်းစာဆရာ ရော စာရေးဆရာ ရော ဘယ်သူ မှ မသက်သာဘူး'
'ဟုတ်ကဲ့ ... အခုလို ရှင်းပြတာ ကျေးဇူးတင်ပါတယ်'
'ဒါနဲ့ မောင်ရင် က ကာတွန်းဆွဲနေလို့လား'
'ဟုတ်ကဲ့၊ ကျွန်တော် လက်စမ်းတုန်းပါ။ လက်ရေးတစ်စောင်တို့၊ နံရံကပ်စာစောင် နံရံကပ်ပိုစတာ တွေမှာ တော့ ဆွဲပါတယ်'
'ဒီလိုဆို မောင်ရင့်ကို 'အိုးဝေ'က ဖိတ်ခေါ်ပါတယ်၊ ရေးပို့ပေါ့ဗျာ'
ဟုတ်ပါသည်။ 'အိုးဝေ' သည် ဦးညိုမြ၏ အနှစ်သက်ဆုံး နာမည် ဖြစ်ပါသည်။ ကမ္ဘာစစ်ကြီး ပြီးသည်နှင့် အမေရိကန် မှ မြန်မာပြည်သို့ ပြန်ရောက်လာသောအခါ အမေရိကန်ပြန်ကြားရေးဌာန တွင် ဒါရိုက်တာ အဖြစ် ခဏသာ အမှုထမ်းသည်။ အလုပ်မှထွက်၍ အိုးဝေသတင်းစာကို တည်ထောင်လိုက်လေသည်။ 'အိုးဝေ' အမည် မှာ ကမ္ဘာစစ်ကြီး မဖြစ်မီ ကျောင်းသားများသမဂ္ဂမှ ထုတ်ဝေသော 'သမဂ္ဂမဂ္ဂဇင်း' အမည်ကို မကြိုက် ၍ ဦးညို မြကပင်' 'အိုးဝေမဂ္ဂဇင်း' ဟူ ကင်ပွန်း တပ်ကာ ထင်ရှားကျော်ကြားသွားသော အမည်ပင် ဖြစ်သည်။ အိုးဝေအမည်မှာ ဦးညိုမြ အပိုင် ဖြစ်သောကြောင့် သတင်းစာထုတ်သောအခါ၌လည်း အိုးဝေ အမည် ကို ယူလိုက်လေသည်။
ထို့ကြောင့် ဦးညိုမြ (သို့မဟုတ်) မောင်သုမနေဟု ခေါ်ဆိုသည်ထက် အိုးဝေဦးညိုမြဆိုလျှင် တိုင်းသိပြည်သိ နိုင်ငံသိ ဖြစ်နေပါသည်။
မကြာမီမှာပင် ဦးညိုမြ ဖိတ်ခေါ်ချက်အရ အိုးဝေသတင်းစာသို့ ကာတွန်းတစ်ပုံ ရေးဆွဲပေးပို့လိုက် ၏ ထိုအချိန် က အိုးဝေသတင်းစာတိုက်မှာ ဗဟန်းစာတိုက်နှင့် ယှဉ်လျက်ရှိသော ကုန်းမြင့်ပေါ်မှ ဦးစိုးတင့် (အိုင်စီအက်စ်) ဦးညိုမြ အစ်ကို၏ တိုက်အောက်ထပ်တွင် ယာယီဖွင့်ထားသည်။ ထိုစဉ်က နာမည် အကြီးဆုံး သတင်းစာမှာ 'ဗမာ့ခေတ်' ဖြစ်၏။ ဗမာ့ခေတ် အယ်ဒီတာအဖွဲ့ဝင် ပင်တိုင် ဆောင်းပါးရှင်များက (ဦးအုန်းခင်၊ ဦးအုန်းမြင့် ဇ၀န) သူတို့ကိုယ်သူတို့ နွားသိုးကြီးများဟုဆိုကာ အစိုးရကို ထိကပါးရိကပါး ရေးသားကြ လေသည်။
ထိုအချိန် ထိုအခါက စစ်ပြီးခေတ် မြန်မာနိုင်ငံ၌ လယ်ယာစိုက်ပျိုးရေးကို အင်တိုက်အားတိုက် လုံ့လ စိုက်နေချိန် ဖြစ်၍ နွားမသတ်ရ အမိန့်ထုတ် ထားလေသည်။ မကြာမီ ဦးအုန်းခင်နှင့် ဦးအုန်းမြင့်တို့အား ပုဒ်မငါး နှင့် အဖမ်းခံရသော သတင်းပါ လာသည်နှင့် ကျွန်တော် ကာတွန်း ရေးဆွဲလိုက်ခြင်း ဖြစ်သည်။ ကျွန်တော် ရေးဆွဲလိုက်သော ကာတွန်းကား 'အစိုးရက နွားမသတ်ရ ဟု နွားများကို ဘေးမဲ့ ပေးထား သော်လည်း ဗမာ့ခေတ် နွားသိုး များကား သားသတ်ရုံ အပို့ခံရလေပြီ' ဟူသော ကာတွန်း ဖြစ်၏။ ဤ ကာတွန်း ကား သတင်း စာတွင် ပထမဦးဆုံး ဖော်ပြခံရသော ကျွန်တော်၏ ကာတွန်း (၁၉၄၇) ပင် ဖြစ်သည်။ ထိုအချိန် မှ စ၍ ဦးညိုမြ ၏ မြေတောင်မြှောက်ပေးမှုကြောင့် ကျွန်တော်သည် ကာတွန်းဆရာ တစ်ယောက် ဖြစ်လာ ရလေသည်။ ဦးညိုမြ၏ ကျေးဇူးကြီးမားပုံကို ဘယ်အခါမျှ မမေ့ပါ။ ဦးညိုမြနှင့် သူ၏ စာကိုလည်း အစဉ် လေးစား လျက် ရှိပါသည်။
ဦးညိုမြ ကွယ်လွန်ပြီး ခြောက်လလောက်တွင် ကျွန်တော့်ဇနီး 'နွယ်သည် ရပ်ကွက်ဈေးမှ ပြန်လာကာ -
'ဟောဒီမှာ အစ်ကိုရေ၊ အစ်ကို့ ဦးညိုမြရဲ့ ဆောင်းပါး၊ ကုန်စုံဆိုင်က ဖြဲပြီး ကုန်ထုတ်မယ့်ဆဲဆဲ အတင်း တောင်းယူ လာခဲ့တယ်'
ကျွန်တော်သည် နွယ်ပေးသော စာရွက်ကို လှမ်းယူကာ ဖတ်မိလိုက်သည်တွင် တုန်လှုပ်ခြင်း၊ ၀မ်းသာခြင်း တို့ကို တစ်ပြိုင်တည်း ခံစားလိုက်ရသည်။
သည်လိုစာကောင်းပေကောင်းတွေ စွန့်ပစ်ပစ္စည်းဘ၀မှ ကယ်တင်လိုက်ခြင်းခံရသောကြောင့် တုန်လှုပ် မိသည်၊ ၀မ်းသာမိသည်။ ယခု ရပ်ကွက်တိုင်း''သတင်းစာစက္ကူတွေတယ်၊ မဂ္ဂဇင်းဝတ္ထု အဟောင်း တွေ ၀ယ်တယ်'ဟူသောအော်သံများ ယောက်ယက်ခတ် နေချိန် စက္ကူများ ဈေးကောင်း နေချိန်တွင် စာကောင်း ပေကောင်း တို့သည် ကုန်ထုပ်စက္ကူဖြစ်ကြရသည်။ ပျော့ဖတ်ဖြစ်ကြရသည်။ မီးသဂြိုလ်ခံကြရသည်။
လူတို့အမှုမဲ့အမှတ်မဲ့ စွန့်ပစ်တော့မည်ဆဲဆဲမှ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် နိုင်ငံကျော် စာရေးဆရာ သတင်းစာဆရာကြီး ဦးညိုမြတို့ ဖြတ်သန်းလာခဲ့သော မြန်မာ လွတ်လပ်ရေး သမိုင်းဝင် ဆောင်းပါး ကို ၀မ်းပန်းတသာ ဖတ်ရှုလိုက်ရသဖြင့် ဤ 'ကျွန်တော် နှင့် ညိုမြ' ဆောင်းပါးကို ရေးနိုင်ခဲ့ခြင်း ဖြစ်ရုံ မျှမက ကျွန်တော် လေးစားကြည်ညိုသော ပုဂ္ဂိုလ် နှစ်ဦး၏ ရုပ်ပုံကားချပ်များကို စာဖတ်သူများ ပြန်လည် သတိရစိမ့်သောငှာ မူရင်းဆောင်းပါးကို ပန်ရုပ်စုံ မဂ္ဂဇင်းသို့ ပူးတွဲတင်ပို့လိုက်ပါသည်။
[ ဦးညိုမြကား ၁၉၈၅ခု စက်တင်ဘာလ ၂၉ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။ ]
ဆရာဦးဖေသိန်း၏ ဆောင်းပါးနှင့်အတူ ပူးတွဲလက်ခံရရှိသော 'ဗိုလ်ချုပ်နှင့် ကျွန်တော်' ဆောင်းပါးကို ပန်းရုပ်စုံ မဂ္ဂဇင်းတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ကျောင်းသားဘ၀ ရုပ်ပုံလွှာ တစ်ချပ် ကို ပြန်လည်ကြည့်ရှု ကြည်နူးနိုင်ရန် မူရင်းအတိုင်း တစ်ဖက်စာမျက်နှာတွင် ပြန်လည် ဖော်ပြ လိုက် ပါသည်။
ဆက်လက်ဖော်ပြပေးပါမယ်။
နိုဝင်ဘာလ ၁၉၈၆။
ပန်ရုပ်စုံမဂ္ဂဇင်း။
.
No comments:
Post a Comment